ထိပ်သီးပုဂ္ဂိုလ်များ စုစည်းမိခြင်း
Vol. 1 Ch. 311
အားကောင်းလိုက်တာ ...
လူအများသည် စိတ်ထဲမှ ရေရွတ်လိုက်ကြသည်။ ကျူးကော့ချမ်ယွမ်သည် ဝိညာဉ်သားရဲ သင်တန်းကျောင်းထဲမှ မထွက်သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီဖြစ်ပြီး လူများသည် သူ့တည်ရှိမှုကို မေ့လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ ယနေ့တိုက်ပွဲ၏ ရလဒ်မှာ အရေးမကြီးဘဲ သူ့အမည်သည် နယ်မြေတွင် ပြန်လည်ကျော်ကြား လာတော့မည်ဖြစ်သည်။
နှစ်ယောက်နဲ့ တစ်ယောက် ...
နှစ်ယောက်ထဲမှ တစ်ယောက်သည် အတော်ဆုံးသိုင်းသမား ဆယ်ယောက်တွင် နံပါတ်ခြောက်ဖြစ်သည့် ကျင်းရှန်နိုင်ငံ၏ စစ်သေနာပတိချုပ်အိုကြီး ဖြစ်သည်။ ကျူးကော့ချမ်ယွမ်တွင် ဗာဂျရာအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် စတုတ္ထအဆင့် ဝိညာဉ်သားရဲ ရှိသော်လည်း သိုင်းသမား နှစ်ယောက်နှင့် ယှဉ်တိုက်ခြင်းမှာ သူ့အတွက် ရလဒ်ကောင်း မရနိုင်ပေ။
"ကျောင်းအုပ်"
ကျန်းရီသည် သူ့ကိုယ်အား အနားပေးရင်း မူလနေရာတွင်သာ ရပ်နေခဲ့သည်။ သူ့ရင်ဘတ်သည် နာကျင်နေဆဲ ဖြစ်သည်။ သူသည် ကောင်းကင်ထက်မှ အနက်စက်လေးစက်အား မော့ကြည့်လိုက်ပြီး ကျူးကော့ချမ်ယွမ်၏ ရဲရင့်ပြီး သြဇာညောင်းလှသည့် အသံကို နားထောင်နေခဲ့သည်။ သူ့မျက်လုံးထဲတွင် ဝေခွဲမရဖြစ်မှုများ ရှိနေခဲ့သည်။
စိုးရိမ်မှုများ ... ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများ ... ကူကယ်ရာမဲ့မှုတို့နှင့် အငြိုးအတေးများ ...
သူသည် စုလောရွှယ် ကောင်းကင်ဘုံတွင် ကောင်းကောင်း အနားယူနိုင်စေရန် ရှားနိုင်ငံအား အစွမ်းကုန် ကာကွယ်ပေးချင်သော်လည်း သူ့တွင် လုံလောက်သည့် အစွမ်းအစတို့ မရှိချေ။ သူသည် သေရန် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ကျူးကော့ချမ်ယွမ် ပါဝင် ပတ်သက်လာပြီး ဤနေရာတွင်ပင် သေဆုံးသွားနိုင်သော အခါ အပြစ်ရှိသလို ခံစားလာရလေသည်။
ကျူးကော့ချမ်ယွမ် သေသွားလျှင် ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် အင်အားစု အသီးသီး၏ သိမ်းပိုက်ခြင်း ခံရလိမ့်မည်။ သူ့လုပ်ရပ်သည် ကျောင်းအုပ်ချီနှင့် အခြားလူများကိုပါ ပြဿနာထဲ ဆွဲသွင်းမိသလို ဖြစ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူဘာများ လုပ်နိုင်မည်နည်း။ ယခုတိုက်ပွဲသည် သူဝင်ပါနိုင်သည့် အဆင့်အတန်း မဟုတ်ချေ။ ပုံရိပ်သုံးခုနှင့် ရွှေရောင်နဂါးကြီးတို့ ကပ်လိုက် ခွာလိုက် တိုက်ခိုက်နေသည်အား သူကြည့်နေရရုံသာ တတ်နိုင်သည်။
"ဂရား"
ရွှေရောင်နဂါးကြီးသည် ရွှေရောင်အငွေ့များ မှုတ်ထုတ်နေပြီး ရွှေခြေသည်းများဖြင့် ရန်သူနှစ်ယောက်အား ဆက်တိုက် တိုက်ခိုက်နေသည်။ သို့သော် ၎င်း၏ အင်အားမှာ မလုံလောက်၍ ကျင်းရှန်နိုင်ငံမှ စစ်သေနာ ပတိချုပ်ကြီး၏ တောင်ဝှေးဖြင့် အလွယ်တကူ တိုက်ခိုက်ခံနေရပြီး ရွှေအကြေးခွံများ ကွာကျကာ ရွှေမိုးရွာသည့်အလား ဖြစ်နေသည်။
"ကျောင်းအုပ် အန္တရာယ် ရှိနေတယ်"
အောက်မှ စောင့်ကြည့်နေသော ကျန်းရီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ကျူးကော့ချမ်ယွမ်သည် စစ်သေနာ ပတိချုပ်အိုကြီးနှင့် နှစ်ဦးတည်း တိုက်ခိုက်ပါက အနိုင်အရှုံးမှာ မသေချာသော်ပေ။ သို့သော် နှစ်ယောက်တစ်ယောက် တိုက်ပွဲတွင် သူသည် ထိုနှစ်ယောက်အား မယှဉ်နိုင်ပေ။
ရွှေရောင်နဂါးကြီးသည် အရှိန်အဝါတို့ကို ထုတ်ဖော်၍ ကောင်းကင်တွင် ဆက်တိုက်ရွေ့လျား နေခဲ့သည်။ ၎င်းသည် လူသားသိုင်းပညာရှင်နှင့် ယှဉ်လိုက်လျှင် အတော်လေး ကွာခြားနေသည်မှာ စိတ်မကောင်းစရာပင်။ မိန်းမစိုးလင်းတောင် ၎င်းအား အသာလေး ဖိနှိပ်နိုင်၏။
စတုတ္ထအဆင့် ဝိညာဉ်သားရဲသည် စတုတ္ထအဆင့် နတ်ဆိုးသားရဲနှင့် မတူပေ။ လူသားများ၏ ယဉ်ပါးအောင် လုပ်ခြင်း ခံလိုက်ရသောကြောင့် ၎င်းမှာ အင်အားအရာတွင် မတိုးတက်နိုင်တော့ပေ။ ရွှေရောင်နဂါးကြီး၏ ခွန်အားသည် ဗာဂျရာအဆင့် သိုင်းပညာရှင် တစ်ဦးနှင့် ယှဉ်နိုင်သည် ဆိုရုံလောက်သာ ဖြစ်သည်။
"ဘန်း"
နောက်ဆုံးတွင် ရွှေရောင်နဂါးကြီးသည် စစ်သေနာပတိချုပ် အိုကြီး၏ တောင်ဝှေးဖြင့် အရိုက်ခံလိုက်ရပြီး မြေပြင်ပေါ် ကျဆင်းလာခဲ့သည်။ ၎င်းသည် မြေပြင်ပေါ် ကျဆင်းလာသည့်အခါ မြေပြင်သည် ကြီးစွာတုန်ခါသွားပြီး ရှန်မိနိုင်ငံမှ စစ်သည်များအား အရှင်လတ်လတ် လွင့်ထွက်သေကျေ သွားစေသည်။
"ဂရား ... ဂရား"
ရွှေရောင်နဂါးကြီးသည် နှစ်ကြိမ်တိုင်တိုင် ဟိန်းဟောက်လိုက်ပြီး ခြေထောက် ခြောက်ချောင်းကို အသုံးပြု၍ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း မြေပြင်ပေါ် ပြန်ကျသွားခဲ့သည်။ ၎င်း၏ကိုယ်မှ အကြေးခွံ တစ်ဝက်ကျော်သည် ကွာကျသွားခဲ့ပြီ ဖြစ်ပြီး ဒဏ်ရာများမှ ရွှေရောင်သွေးများ စိမ့်ထွက်နေခဲ့သည်။
"ဘန်း"
နောက်ထပ် အသံကျယ်ကြီးတစ်သံ ထွက်လာခဲ့ပြီး အရိပ်တစ်ရိပ် မြေပေါ်ပြုတ်ကျ လာခဲ့သည်။ ပြုတ်ကျနှုန်းသည် အလွန်မြန်ဆန်လှပြီး မည်သူမှ မမြင်လိုက်ကြရပေ။ ထိုသူသည် မြေပြင်ပေါ် တိုက်ရိုက်ကျဆင်း သွားခဲ့ပြီး ချိုင့်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
"အကြီးအကဲလင်း"
ထိုက်ရှစ်ကျန်းသည် အလန့်တကြား ရေရွတ်လိုက်ပြီး ချိုင့်ကြီးဆီ ပျံသန်းသွားကာ သွေးများစိုရွှဲနေသည့် အဘိုးကြီး တစ်ယောက်ကို သယ်လာခဲ့သည်။ လူတိုင်းသည် ဆွံ့အနေကြသည်။ မိန်းမစိုးလင်းသည် နယ်မြေ၏အတော်ဆုံး သူများတွင် နံပါတ်ဆယ့်တစ် ဖြစ်သော်လည်း အလွယ်တကူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။
ဝုန်း ... ဝုန်း ... ဝုန်း
ကောင်းကင်ထက်မှ တိုက်ခိုက်သံများ ပိုမိုကျယ်လောင် လာသည်နှင့်အမျှ လူတိုင်း၏ နှလုံးအိမ်တို့မှာ ပိုမိုတင်းကျပ် လာကြသည်။ ထိုနှစ်ဦး၏ တိုက်ပွဲရလဒ်မှာ စစ်ပွဲ၏ အနိုင်အရှုံးနှင့် ဆက်စပ်နေသည်။
ကျူးကော့ချမ်ယွမ် အနိုင်ရလျှင် သို့မဟုတ် သရေတိုက်လျှင် ကျန်းရီရှိနေသောကြောင့် တပ်ပေါင်းစုကြီးသည် ရှေ့ဆက်တိုးရဲမည် မဟုတ်ပေ။ ကျူးကော့ချမ်ယွမ် ရှုံးလျှင် ကျန်းရီသေ၍ ရှားနိုင်ငံလည်း ပျက်စီးမည်။
"ဟားဟားဟား"
ထိုခဏတွင် မြောက်ဘက်အရပ်မှ ရယ်သံအကျယ်ကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ခေါင်းလောင်းသံပမာ ကြည်လင်ပြတ်သားပြီး တောတောင်များကို ပဲ့တင်ထပ်၍ ထွက်ပေါ်လာသောကြောင့် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
"ဟမ် ...”
ကျန်းရီနှင့် ရှားနိုင်ငံမှ စစ်သူကြီး အိုကြီးတို့သည် တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်နှာများ ပျက်သွားကြသည်။ မြောက်ဘက်အရပ်မှ လူသုံးယောက် ပျံသန်းလာနေခဲ့သည်။ တစ်ယောက်သည် ရွှေရောင်ချပ်ဝတ်၊ ရွှေရောင် ခေါင်းဆောင်းတို့ကို ဆင်မြန်းထားပြီး ရွှေရောင်ဓားရှည်ကို ကိုင်ဆောင်ထား၍ ရွှေရောင်စစ်နတ်ဘုရား အလားပင်။ အခြားတစ်ယောက်သည် စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားပြီး ငှက်မွေးယပ်တောင် တစ်ခုကို ကိုင်ဆောင်ထားပြီး စာပေသမား တစ်ယောက်နှင့် ဆင်တူသည်။ တတိယလူမှာမူ အနက်ရောင် ချပ်ဝတ်ကို ဆင်မြန်းထားပြီး ကြောက်စရာ အရှိန်အဝါများ ထွက်ပေါ်နေသည့် လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားရာ သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။
ဗာဂျရာအဆင့် သိုင်းပညာရှင် သုံးယောက် ဖြစ်သည်။
"မြောက်ဘက်မန့်နိုင်ငံက ရှောင်လုံဝမ်၊ မိုးပြာနဂါး သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ယွိ၊ မြောက်ဘက်လျန်က ရှာတိ"
ရှားနိုင်ငံမှ စစ်သူကြီးအိုကြီးသည် သက်ပြင်းရှည်ကြီး ချရင်း ရေရွတ်လိုက်သည်။ စွမ်းအားမြင့် လူအများကြီး ရောက်ရှိလာရာ ရှားနိုင်ငံအား ဖျက်ဆီးပစ်မည်ဟု ဆုံးဖြတ်ချက် ချထားကြဟန် တူသည်။ အရာရာသည် သတ်မှတ်ပြီးသား ဖြစ်နေချေပြီ။ ကျူးကော့ချမ်ယွမ် ပေါ်လာသည်နှင့် ဗာဂျရာအဆင့် လူများပါ ရောက်ချလာကြသည်။
စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားပြီး ငှက်မွေးယပ်တောင်ကို ကိုင်ထားသော မိုးပြာနဂါး သင်တန်းကျောင်း၏ ကျောင်းအုပ်ယွိသည် မပီမသပြုံးကာ ပြောလာလေ၏။
"ကျူးကော့ချမ်ယွမ် ... ဒီနေ့ မင်းရဲ့ခေါင်းကို အပြင်ထုတ်လာတယ် ဆိုတော့ မင်းရဲ့အင်အားကို နယ်မြေတစ်ခုလုံးမှာ နံပါတ်တစ်လို့ ထင်နေတာလားဟမ် ... ဘာလို့ ငါတို့သုံးယောက်ကို မင်းနဲ့ မကစားခိုင်းတာလဲ"
"ကျွန်မတို့ နှစ်ယောက်ရောပဲ"
ကျူးကော့ချမ်ယွမ်နှင့် မြောက်ဘက်လျန်နှင့် မန့်နိုင်ငံတို့မှ ဗာဂျရာအဆင့် လူနှစ်ယောက် ဘာမှမပြောရ သေးခင်တွင် တောင်ဘက်အရပ်မှ အိုမင်းနေသည့် အမျိုးသမီးတစ်ဦး၏ လေသံ ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ ချိုင်းထောက်နှင့် အဘွားကြီးတစ်ဦး ဖြစ်ပြီး သူမနှင့်အတူ နတ်ဆိုးဧကရီနီးပါး လှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက အဖော်ပြု၍ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ အစောပိုင်းက စကားပြောခဲ့သူ အဘွားကြီးသည် ထပ်မံ အော်ဟစ်လာလေ၏။
"အဘိုးကြီးကျူးကော့ ... ဒီနေ့ ဒီအဘွားကြီးက အတိတ်က ဓားချက်ရဲ့ ရန်ကြွေးကို စာရင်းရှင်းချင်တယ်"
"...”
လူတိုင်းသည် တိတ်ဆိတ်သွားကြ၏။ သူတို့၏ နှလုံးများမှာ မရပ်မနား ခုန်နေကြသည်။ နောက်ထပ်ဗာဂျရာ အဆင့် သိုင်းပညာရှင် နှစ်ယောက် ထပ်ရောက်လာခဲ့သည်။ ယနေ့ နယ်မြေမှ ပုဂ္ဂိုလ်ကြီးများအားလုံး လာရောက်စုဝေး နေကြသည်လော။
ဝုန်း ... ဝုန်း ... ဝုန်း
ကောင်းကင်ထက်တွင် နောက်ထပ်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့ပြီး အရိပ်တစ်ရိပ်မှာ လျင်မြန်စွာ ကျဆင်းလာခဲ့ပြန်သည်။ မဟာမိတ်တပ်ကြီးမှ စစ်သည်များသည် အလျင်အမြန် ကြည့်လိုက်ကြသည်။ ကျင်းရှန်နိုင်ငံမှ စစ်သေနာပတိချုပ် အိုကြီးသည်လည်း ပြုတ်ကျလာခဲ့သည်။ သူသည် မိန်းမစိုးလင်းလောက် အဖြစ်မဆိုးသော်လည်း သူ့တွင်လည်း ဒဏ်ရာဒဏ်ချက်များ ရှိနေသည်။
ကျူးကော့ချမ်ယွမ်၏ ခြေထောက်များ ကျိုးသွားသည်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာပြီ ဖြစ်သော်လည်း သူ့အင်အားမှာ ကြောက်ဖို့ကောင်းနေဆဲသာ ဖြစ်သည်။
"ကျောင်းအုပ်"
အောက်မှ ရှိသော ကျန်းရီသည် အော်ဟစ်လိုက်သည်။
"ကျောင်းအုပ် ... မြန်မြန်သွားပါတော့၊ ကျွန်တော့်ကို စိတ်မပူပါနဲ့"
ကျန်းရီသည် တစ်ခုခုအား အာရုံရနေသည်။ ထိုလူများမှာ ရှားနိုင်ငံကို ချေမှုန်းရန် လာခြင်းထက် သူ့အားသတ်ရန် လာခြင်း ဖြစ်သည်။ ထိုလူများသည် သူ့ကိုကြောက်ကြသည်၊ နတ်ဆိုးဧကရီ၏ နောက်ခံရှိနေသော သူ့အလားအလာကို ကြောက်ကြသည်။ သူသာ ဆက်လက် အင်အားကြီးနေပါက နယ်မြေတွင် ပဋိပက္ခ အမြောက်အမြား ဖြစ်လာနိုင်သည်။ အင်အား ဘက်မညီမျှ ဖြစ်လာလျှင် သူတို့ မထိန်းချုပ်နိုင်တော့မည်ကို ကြောက်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့သည် နတ်ဆိုးဧကရီ ဝင်မပါနိုင်သော လူသားမျိုးနွယ်ကြားမှ အတွင်းရေး ပြဿနာကို အသုံးချ၍ သူ့အား သတ်ဖြတ်ရန် ကြံနေကြသည်။ ကျူးကော့ချမ်ယွမ်သာ သူ့ကို ကာကွယ်ရန် ဆက်နေနေပါက သူလည်း သေရပေလိမ့်မည်။
"ဝှစ်"
ကောင်းကင်ထက်မှ ကျူးကော့ချမ်ယွမ်သည် ဆင်းသက်လာခဲ့ပြီး သူ့လက်မှ ရှေးဟောင်းနတ်ဘုရား လက်စွပ်သည် လင်းလက်လာကာ ကြေးညိုရောင် ဘီးတပ်ကုလားထိုင် တစ်လုံး ထွက်ပေါ်လာခဲ့သည်။ သူသည် လေထဲတွင် မျောနေသော ကုလားထိုင်ပေါ် ပျော်ရွှင်စွာ ထိုင်လိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများသုတ်ကာ ကျန်းရီအား အပြုံးတစ်ခုနှင့် စကားပြောလာခဲ့သည်။
"ကျန်းရီ ... စိတ်မပူနဲ့၊ ဒီနေ့ မင်းမသေပါဘူး ... ဘုန်းကြီးနဲ့ သခင်မ ခင်ဗျားတို့နှစ်ယောက် ထွက်မလာသေးဘူးလား"
"အောမိတဖ"
ဘုရားစာ ရွတ်သံနှင့်အတူ ရွှေရောင်သင်္ကန်း ဆင်မြန်းထားသော ဘုန်းကြီးတစ်ပါးမှာ ရေပြင်ညီအတိုင်း ကြွမြန်းလာခဲ့သည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုင်တစ်ထောင်ခန့် ရောက်သည့်အလား မျက်တောင် တစ်ခတ်စာအတွင်း မဟာမိတ်တပ်ကြီးကို ကျော်လွန်၍ ကျန်းရီအနီး မြေကွက်လပ်သို့ ရောက်လာခဲ့သည်။
မေးရိုးအောက်ထိ ရှည်လျားသော သူ၏ မျက်ခုံးဖြူဖြူ နှစ်ဖက်မှာ ယိမ်းနွဲ့နေသည်။ သူသည် လက်အုပ်ချီ၍ ပြောလာခဲ့သည်။
"ဒကာတို့ ... ဒီဒကာလေးကျန်းက အရင်က ဘုန်းကြီးရဲ့သပိတ်ကို ဖျက်ဆီးခဲ့ဖူးပြီး ဘုန်းကြီးရဲ့ ရေစက်ရှိတယ်။ ဒကာတော်တို့ ဒီဘုန်းကြီးရဲ့ မျက်နှာကို ထောက်ထားပြီး ဇင်ဘုရားကျောင်းက ဒီဒကာလေးကို သုံးနှစ်ကာကွယ်ခွင့် ပေးနိုင်မလား"
"ဝှစ်"
ဘုန်းတော်ကြီး၏ စကားဆုံးသည်နှင့် လေများ၊ တိမ်များ ရွေ့လျားသွားကာ နတ်သမီး အငွေ့အသက်တို့ ရှိသည့် မိန်းမလှတစ်ဦး၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ရွှေယို့လန်မှ တစ်ပါး မည်သူ ဖြစ်ပါဦးမည်နည်း။
ရွှေယို့လန်သည် လေထဲမှ လူများအားလုံးကို ဝေ့ကြည့်လိုက်ပြီး အပြုံးလေးနှင့် စကားဆိုလာ၏။
"ရွှေယွဲ့လျန် မျှော်စင်ကလည်း ကျန်းရီကို သုံးနှစ်တိတိ ကာကွယ်ပေးချင်ပါတယ်၊ ဒီအရေးကြီး ပုဂ္ဂိုလ်တွေက ယို့လန်ကို မျက်နှာသာပေး မလား သိချင်မိပါတယ်"
***