ဝမ်ရှိုကျဲ့ အလွန်ကျေနပ်အားရနေခြင်း
Vol. 6 Ch. 53
တကယ်တမ်းတော့ ဝမ်ရှိုကျဲ့သည် စမ်းသပ်ကြည့်နေခြင်းသာ ဖြစ်သည်။
လောင်းကစားကို စွဲလမ်းခြင်းသည် မမှန်ကန်သော်လည်း ဝမ်လိချီတွင် တကယ်ပင် ထူးဆန်းပြီး နားမလည်နိုင်သော ပါရမီမျိုး ရှိနေခဲ့လျှင် ထိုပါရမီကို အသုံးပြုပြီး ရတနာရှာဖွေခြင်းက မိသားစုအတွက် ရင်းမြစ်များ ဖြည့်ဆည်းရာတွင် မဆိုးလှသော နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။ သူ၏ အရင်ဘဝက ဖတ်ဖူးခဲ့သော "ရွှေရောင်မျက်လုံး" ဝတ္ထုများနှင့် ဆင်တူနေသည်။
ဝမ်မျိုးနွယ်စုက အလွန်ဆင်းရဲသည်။ ဆင်းရဲလွန်းသဖြင့် ဘိုးဘေးလုံယန်သည် သူမ၏ ကိုယ်ပိုင်ဝိညာဉ်ရတနာဖြစ်သော "လိပ်ခွံရတနာဒိုင်း" ကိုပင် ရောင်းချပြီး ရင်းမြစ်များ ရှာဖွေခဲ့ရသည်။ အထူးသဖြင့် တတိယအဆင့် ဝိညာဉ်ဆေးလုံး ဖြစ်သည့် "ဖန်ဆင်းခြင်းဆေးလုံး" သည် ဆေးလုံးတစ်လုံးလျှင် ရွှေတာရာ ၁၀၀၀ ကျသင့်ပြီး တကယ်ပင် ဈေးကြီးလွန်းလှသည်။
ဒီကမ္ဘာတွင် ဆေးဖော်စပ်သူ ဖြစ်ရခြင်းက အမြတ်အစွန်းအများဆုံး အလုပ်အကိုင် ဖြစ်ပုံရသည်။
သို့သော် ဆေးဖော်စပ်သူတစ်ယောက် အနေဖြင့် အောင်မြင်မှုရလိုပါက ပါရမီအတွက် လိုအပ်ချက်မှာ အလွန်မြင့်မားသည်။ ထို့ပြင် ဆေးဖော်စပ်သူတစ်ယောက်ကို လေ့ကျင့်ပျိုးထောင်ရန် အစောပိုင်း ရင်းနှီးမြှုပ်နှံမှုမှာလည်း မိုးထိအောင် မြင့်မားလှသည်။ အကယ်၍ မတော်တဆဖြစ်သွားပါက ရှိသမျှအရာအားလုံး ဆုံးရှုံးသွားနိုင်သည်။
သို့သော် မျိုးနွယ်စုတစ်ခု ကြီးပွားတိုးတက်လိုလျှင် ဆေးဖော်စပ်သူများ မွေးထုတ်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည်။
ထားပါတော့... ဒါတွေကို ခဏဘေးဖယ်ထားလိုက်ကြရအောင်။
ဝမ်ရှိုကျဲ့နှင့် ဘိုးဘေးလုံယန်တို့သည် ကျင့်ကြံခြင်းအခြေအနေသို့ ပြန်ဝင်ရောက်သွားကြသည်။
ညနေစောင်းအချိန် ဝမ်ရှိုကျဲ့ တရားထိုင်ရာမှ ထလိုက်ချိန်တွင် ဝမ်လိချီနှင့် မိသားစုအစေခံများ ပြန်ရောက်နေကြပြီဖြစ်သည်။ ဒီတစ်ခါတွင်တော့ သူတို့သည် လောင်းကစားကျောက် ၃ တုံးကို သယ်မလာဘဲ ဘောလုံးအရွယ်အစားရှိသော ကျောက်တုံးကြီးတစ်တုံးကိုသာ သယ်လာကြသည်။
"စတုတ္ထဦးလေး... တခြား ကျောက်တုံးသေးသေးလေးတွေထဲမှာ စားစရာကောင်းတာ ဘာမှမရှိဘူး... ဒီအတုံးကြီးထဲမှာပဲ စားစရာကောင်းတာ ရှိတယ်"
ဝမ်လိချီသည် ချီးကျူးခံချင်သည့် ပုံစံဖြင့် ကျောက်တုံးကြီးကို ကမ်းပေးလိုက်သည်။ တကယ်ကို ရှုပ်ထွေးစရာ ကောင်းနေပြီ။
"သခင်လေး..."
ဝမ်ကျုံးက ရှင်းပြသည်။
"ကျနော်တို့ မမလေးလိချီနဲ့အတူ ဈေးထဲမှာ နေ့ဝက်လောက် လျှောက်သွားခဲ့ပါတယ်... မမလေးလိချီက ဒီအတုံးကို ရွေးလိုက်တာပါ... ဈေးဆစ်ပြီးတော့ ရွှေတာရာ ၄၅ ပြား ကျပါတယ်... ဝမ်ယုံးနဲ့ ကျနော်တို့က ၁၅ ပြား စိုက်ပေးလိုက်ပါတယ်"
"ကျေးဇူးတင်ပါတယ်ကွာ"
ဝမ်ရှိုကျဲ့သည် အစေခံများ စိုက်ပေးလိုက်သော ရွှေတာရာများကို ပြန်ပေးလိုက်ပြီး ဝမ်ကျုံးကို ကျောက်တုံးခွဲခိုင်းလိုက်သည်။ ဒီတစ်ခါတွင်တော့ ဝမ်ကျုံးသည် ဝိညာဉ်ကျောက်တုံးများ အလေအလွင့် မဖြစ်စေရန် စတီးဖိုင်တစ်ချောင်းကို ယူလာပြီး မျက်နှာပြင်တစ်လျှောက် ဖြည်းညှင်းစွာ တိုက်စားလေသည်။
ဝမ်ရှိုကျဲ့သည် ဘေးမှနေ၍ စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။ ဤပုံစံမကျသော ကျောက်တုံးအကျိုးအပဲ့က ရွှေတာရာ ၄၅ ပြား တန်ကြေးရှိသည်။ အကယ်၍ လောင်းကစားရှုံးသွားလျှင် အားလုံး အလကားဖြစ်သွားပေမည်။
မကြာမီ ဝမ်ကျုံးသည် ၂ စင်တီမီတာ၊ ၃ စင်တီမီတာခန့် ထူသော မျက်နှာပြင်ကို တိုက်စားလိုက်ရာ အတွင်းဘက်တွင် အဖြူရောင် သလင်းကျောက်ကဲ့သို့သော အရာတစ်ခု ပေါ်လာလေသည်။ သူသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။
"ဂုဏ်ယူပါတယ် သခင်လေး... တန်ဖိုးတက်လာပြီ... တန်ဖိုးတက်လာပြီ"
တကယ်ကြီးပါလား...
သူ၏ စိတ်အခြေအနေ မည်သို့ပင် ရှိစေကာမူ ဝမ်ရှိုကျဲ့သည် စိတ်လှုပ်ရှားပြီး ပေါ့ပါးလန်းဆန်းမှုကို မခံစားဘဲ မနေနိုင်ပေ။ လောင်းကစားခြင်းသည် လူများကို များစွာ လှုံ့ဆော်မှုပေးနိုင်ကြောင်း သူဝန်ခံရမည်။ စွဲလမ်းလွယ်ပြီး ဖြတ်ရန်ခက်ခဲသည်မှာ အံ့သြစရာမရှိပေ။
ဒီတစ်ခေါက် ပြန်ရောက်ရင် မိသားစုစည်းမျဉ်းကို ပိုပြီးတင်းကျပ်ရမည်ဟု ထင်ရသည်။ မိသားစု၏ မျိုးဆက်သစ်လူငယ်များသည် လောင်းကစား အလေ့အကျင့်မျိုး လုံးဝ မရှိစေရ။
သို့သော် ဝမ်လိချီ ပိုင်ဆိုင်ထားသည့် ပါရမီက ကြောက်စရာကောင်းလှသည်။ သူမသည် "လောင်းကစား" ဆိုသည့် စကားလုံးကို လုံးဝကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ နားမလည်နိုင်သော "အစားသရဲ" ပါရမီသက်သက်ကိုသာ အားကိုးပြီး ဒီကျောက်တုံးထဲတွင် ဝိညာဉ်ကျောက်တုံး ရှိသည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
ဒါက လောင်းကစားတာနဲ့ လုံးဝမတူဘူး... ပိုက်ဆံကောက်ရသလို ဖြစ်နေပြီ။
ဝမ်ရှိုကျဲ့ပင်လျှင် မနေနိုင်ဘဲ ပြောလိုက်မိသည်... "တကယ်ပဲ စားကောင်းတာပဲ"
နာရီဝက် ကြာပြီးနောက် ဝမ်ကျုံးသည် ကျောက်တုံး၏ မျက်နှာပြင် အားလုံးကို တိုက်စားလိုက်ရာ သူ၏ လက်ထဲတွင် ဝိညာဉ်ကျောက်တုံး အကြီးစားတစ်တုံး ထွက်ပေါ်လာသည်။ သေချာစွာ ဖြတ်တောက်လိုက်ပါက စံချိန်မီ ဝိညာဉ်ကျောက်တုံး ၁၀ တုံးခန့် ရရှိနိုင်ပေသည်။
လူတိုင်း အံ့အားသင့်သွားကြပြီး ဘိုးဘေးလုံယန်ပင် အံ့သြသွားလေသည်။
အစေခံများ၏ ရှင်းပြချက်ကြောင့် ဝိညာဉ်ကျောက်တုံးများကို စား၍မရသော်လည်း ၎င်းတို့သည် ပစ္စည်းကောင်းများဖြစ်ပြီး အရသာရှိသော အစားအစာများစွာဖြင့် လဲလှယ်နိုင်ကြောင်း ဝမ်လိချီ နားလည်သွားသည်။ သူမသည် ရုတ်တရက် အလွန်ပျော်ရွှင်သွားပြီး စတုတ္ထဦးလေးက သူမအား ဆုလာဘ်တစ်ခုခု ပေးမည့်အလား မျှော်လင့်တကြီး ကြည့်နေလေသည်။
ထိုအချိန်တွင် ဝမ်ရှိုကျဲ့သည်လည်း ကြောင်အမ်းအမ်း ဖြစ်နေပြီး ဝမ်လိချီအပေါ် ကြည့်သော အကြည့်များက ထူးဆန်းလာသည်။ ဘာမှမသိနားမလည်သော၊ အစားအသောက်ကိုသာ နှစ်သက်သော ထိုတူမလေးက ဤမျှအထိ လုပ်ဆောင်နိုင်သည်ကို သူအလွန်အံ့သြမိသည်။ သူက သူမကို အတင်းအကျပ် စာသင်ခိုင်းလိုက်လို့ ထူးခြားတဲ့ အလားအလာ တစ်ခုခု နိုးကြားလာတာများလား။
ဒီဖြစ်နိုင်ချေကို လုံးဝပယ်ဖျက်ထားလို့တော့ မရဘူး။
မိသားစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝမ်ရှိုကျဲ့သည် ဝမ်လိချီကို ပိုမို ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရင်းနှီးနေသော မျက်လုံးများ... ရင်းနှီးနေသော အပြုံး...
ဝမ်လိချီသည် ရုတ်တရက် ကောင်းကင်ကြီး ပြိုကျလာသလို၊ ဘဝက အဓိပ္ပါယ်မရှိတော့သလို ခံစားလိုက်ရသည်။ မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာလေသည်။
"ကဲပါ... ကဲပါ... စတာပါကွာ"
ဝမ်ရှိုကျဲ့က ပြုံးလိုက်ပြီး သူမ၏ ဖောင်းကားနေသော ပါးပြင်လေးများကို ဆွဲညှစ်လိုက်သည်။
"တူမကြီးက ဒီတစ်ခါ မိသားစုအတွက် အများကြီး ကောင်းမှုပြုခဲ့တာပဲ... အဲဒါကြောင့် ဘာစားချင်လဲ... စတုတ္ထဦးလေး ဝယ်ကျွေးမယ်"
တကယ်လား။
ဝမ်လိချီသည် အလွန်ဝမ်းသာသွားပြီး သွားရည်များ ကျလာလေသည်။
"သမီး ပေါင်းထားတဲ့ ပုစွန်တုပ်ကြီးတွေ စားချင်တယ်... ၁၀ ကီလိုလောက်ရှိတဲ့ အကောင်ကြီးတွေလေ... ပြီးတော့ ခွက်လောက်ရှိတဲ့ ရေချိုခရုတွေ ၅ ကောင်လောက် တစ်ခါတည်း စားချင်တယ်... ပြီးတော့ ငါးမန်းတောင်..."
"ကောင်းပြီလေ... ကောင်းပြီလေ... စာလေ့လာတဲ့ အကြောင်း အရင်ပြောရအောင်"
ဝမ်ရှိုကျဲ့က ပို၍ပင် ကြင်နာစွာ ပြုံးလိုက်သည်။
"ဟင့်အင်း... စတုတ္ထဦးလေး... ပုစွန်တုပ်အသေးလေးတွေဆိုလည်း ရပါတယ်... ၂ ကီလိုလောက်ဆို လုံလောက်ပါပြီ... ရေချိုခရုကလည်း လက်သီးဆုပ်လောက်ဆို ရပါပြီ..."
နောက်ဆုံးတွင်တော့ ဝမ်ရှိုကျဲ့သည် သူမ မျှော်လင့်ထားသည့်အတိုင်း ကျေနပ်လောက်အောင် ဝယ်ကျွေးခဲ့သည်။
ဒီကမ္ဘာတွင် တိရစ္ဆာန်များနှင့် အပင်များစွာက ပိုမိုကြီးထွားကြပြီး ဝိညာဉ်မျိုးစိတ် မဟုတ်သည့် အရာများမှာ ဈေးမကြီးလှပေ။ ကျွန်းတစ်ရာ အစောင့်တပ်စခန်းတွင် ပစ္စည်းများစွာ လိုအပ်နေသော်လည်း ပင်လယ်စာများကတော့ လက်လှမ်းမီနိုင်သေးသည်။
ဝမ်လိချီသည် စိတ်ရှိလက်ရှိ စားသောက်လိုက်သည်။ မြင်းလှည်းပေါ်မှ ဆင်းပြီးနောက် သူမသည် အခန်းသို့ ပြန်လျှောက်သွားရင်း နံရံကို မှီကာ ဝမ်ရှိုကျဲ့ကို ကျေးဇူးတင်နေမိသည်။
ဟဲ ဟဲ... သူက တကယ့်ကို ရိုးအတာပဲ။
နောက်ပိုင်း အဖြစ်အပျက်များက ချောမွေ့စွာ ပြီးဆုံးသွားသည်။ တာဝန်ခံကျုံးသည် ကတိအတိုင်း စာရင်းပါ ရင်းမြစ်များကို လာရောက်ပို့ဆောင်ပေးရာ စုစုပေါင်းတန်ဖိုး ရွှေတာရာ ၃၁,၃၀၀ ကျသင့်သည်။ တစ်ကြိမ်တည်း အများအပြား ဝယ်ယူမှုကြောင့် တာဝန်ခံကျုံးသည် သူ၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ရွှေတာရာ ၃၀၀ ကို လျှော့ပေးလိုက်ရာ ဝမ်ရှိုကျဲ့သည် စုစုပေါင်း ရွှေတာရာ ၃၁,၀၀၀ သာ သုံးစွဲလိုက်ရသည်။
ဒီစာရင်းထဲတွင် အကြီးမားဆုံး ပစ္စည်းမှာ ဖန်ဆင်းခြင်းဆေးလုံး အလုံး ၂၀ ဖြစ်ပြီး ရွှေတာရာ ၂၄,၀၀၀ ကျသင့်သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် မိသားစုတစ်ခု၏ ဝိညာဉ်စင်မြင့်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ကုန်ကျစရိတ်သည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများထက် များစွာ ပိုမိုကြီးမားကြောင်း သိသာထင်ရှားသည်။ ဆင်းရဲသော မိသားစုတစ်ခုအတွက် ဒဏ်ရာရထားသော ဝိညာဉ်စင်မြင့်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေခြင်းက သူတို့ မတတ်နိုင်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။
သို့သော် ရှောင်ဝူမျိုးနွယ်စုတစ်ခု အတွက် ဝိညာဉ်စင်မြင့်အဆင့် ကျင့်ကြံသူ မရှိလျှင် သူတို့သည် သူများပါးစပ်ထဲက သားကောင် ဖြစ်သွားပေလိမ့်မည်။
ကျုံးရှင်းဝမ် ကို ကျေးဇူးတင်ကြောင်း ပြသရန် ဝမ်ရှိုကျဲ့သည် သူ့အား သီးသန့် ညစာကျွေးမွေးခဲ့သည်။ သို့သော် လုံယန် ရောက်မလာခဲ့သဖြင့် ကျုံးရှင်းဝမ်မှာ အနည်းငယ် စိတ်ပျက်သွားရသည်။ သို့သော် သူသည် သူ၏ စီနီယာအစ်မတော်နှင့် နတ်သမီးလေး၏ မာနကြီးပြီး အေးစက်သော အပြုအမူကို ကျင့်သားရနေပြီ ဖြစ်သည်။ မကြာမီမှာပင် ဝိညာဉ်ဝိုင် ခွက်အနည်းငယ် သောက်ပြီးနောက် ဝမ်ရှိုကျဲ့နှင့် စိတ်ပါလက်ပါ စကားလက်ဆုံ ကျနေတော့သည်။
၎င်းက ဝမ်ရှိုကျဲ့ကို ချွေးပျံစေခဲ့သည်။ ကျုံးရှင်းဝမ်တွင် ဝိညာဉ်စင်မြင့်အဆင့် ဘိုးဘေးတစ်ယောက်၏ အရှိန်အဝါနှင့် စရိုက်လက္ခဏာမျိုး တကယ်ပင် ကင်းမဲ့နေသည်။ သူသည် ဘိုးဘေးလုံယန်ကို ထားလိုက်ဦး၊ ဘိုးဘေးကျိုးရွှမ် ကိုပင် မယှဉ်နိုင်ပေ။
သို့သော် သေချာစဉ်းစားကြည့်လျှင် ဒါက ပုံမှန်ပင် ဖြစ်သည်။ ကျုံးရှင်းဝမ်သည် ကောင်းကင်လူသား အဆင့် မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး သူ၏ မိသားစုတွင် ဝိညာဉ်စင်မြင့်အဆင့် ကျင့်ကြံသူ အရေအတွက်မှာ နည်းပါးမည် မဟုတ်ပေ။ သူသည် မိသားစု၏ ကြီးပွားခြင်း၊ ကျဆင်းခြင်း ဝန်ထုပ်ဝန်ပိုးကို ထမ်းထားစရာ မလိုပေ။
ထို့ပြင် သူသည် ထူးချွန်သော ပါရမီရှင် သို့မဟုတ် ယုံကြည်မှု ရှိသူတစ်ယောက် မဟုတ်ပေ။ သို့မဟုတ်ပါက ခရမ်းရောင်နန်းတော် အကယ်ဒမီ သို့ နောက်ဖေးပေါက်မှတစ်ဆင့် ဝင်ရောက်ရန် မလိုပေ။
ထိုကဲ့သို့သော လူတစ်ယောက်က မာနကြီးပြီး ယုံကြည်မှုရှိကာ စိတ်ကောက်လွယ်သော လုံယန်၏ မျက်လုံးထဲသို့ မည်သို့ ဝင်နိုင်ပါမည်နည်း။ သို့သော် သူ့ကို အထင်မကြီးလျှင်တောင် ဘိုးဘေးလုံယန်နှင့် ပတ်သက်ဆက်နွယ်မှုကြောင့် တာဝန်ခံကျုံးနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဝမ်ရှိုကျဲ့ ကြိုးစားရပေမည်။ ကောင်းကင်လူသားအဆင့် မိသားစုသည် အလွန်ကြီးမားလွန်းပြီး သူတို့၏ စုစုပေါင်း အင်အားမှာ ဝမ်မျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုလေးက ယှဉ်နိုင်သည့် အရာမဟုတ်ပေ။ ထိုကဲ့သို့သော အဆက်အသွယ်မျိုး ရှိထားခြင်းက အနာဂတ်တွင် ကိစ္စရပ်များကို ပိုမိုလွယ်ကူစေလိမ့်မည်။
နောက်ပိုင်းရက်များတွင် အရာအားလုံး တည်ငြိမ်အေးချမ်းနေသည်။
အစ်မကြီးသည် လှည့်လည်ကျင့်ကြံသူ ဈေးကွက်တစ်ခုလုံးကို မွှေနှောက်ရှာဖွေပြီးနောက် လောင်းကစားကျောက် ၂ တုံးသာ ထပ်မံရရှိခဲ့ပြီး ဝိညာဉ်ကျောက်တုံး ၆ တုံး ထွက်ရှိခဲ့သည်။ သူမ စိတ်ဝင်စားသော လောင်းကစားကျောက် နောက်ထပ် ရှာမတွေ့တော့ပေ။
တကယ့် လောင်းကစားကျောက် ဈေးကွက်သည် မည်မျှ လှည့်ဖြားတတ်ကြောင်း ထင်ရှားလှသည်။ ၎င်းမှ ချမ်းသာလာရန် ဆန္ဒရှိခြင်းသည် အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်သည်။
ဝမ်ရှိုကျဲ့နှင့် အဖွဲ့သည် "ကျွင်းယောင်" ကုန်သည်သင်္ဘောကို သိုသိုသိပ်သိပ် စီးနင်းလိုက်ပါပြီး တုန်ကန်သို့ ပြန်လာခဲ့ကြသည်။ ထိုအချိန်တွင် ဆဋ္ဌမဦးလေး ဝမ်တင့်ဟိုင် သည် ကတိအတိုင်း သူ၏ လှေဖြင့် စောင့်ဆိုင်းနေပြီးဖြစ်သည်။
ချန်ဖန်ကျယ် ခရီးထွက်နေသဖြင့် ဝမ်ရှိုကျဲ့သည် ချန်မျိုးနွယ်စုခေါင်းဆောင် ချန်တယ်ဝေ ကို အကျဉ်းချုံး ကျေးဇူးတင်စကား ပြောကြားပြီး ပြန်လာခဲ့သည်။
ကျွန်းတစ်ရာ အစောင့်တပ်စခန်းမှ ဝယ်ယူလာသော ဒေသထွက်ကုန်များနှင့် ပင်လယ်စာများ အပါအဝင် ကိုယ်ပိုင်ပစ္စည်း အချို့ကို ဝမ်တင့်ဟိုင်၏ လှေပေါ်သို့ ပြောင်းရွှေ့တင်ဆောင်လိုက်သည်။ ၎င်းတို့အထဲတွင် ဝမ်ရှိုကျဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိသော "ကမာခွံပြာ" တစ်အိတ်လည်း ပါဝင်သည်။ ပွတ်တိုက်ဆေးပြာ၏ ဈေးနှုန်းမှာ တကယ်ပင် မြင့်မားလှပြီး အစားအစာထက် သိပ်မသက်သာကြောင်း ပြောရမည်။
တူမဖြစ်သူကို တကယ်ချစ်သော ဝမ်ရှိုကျဲ့သည် ကျွန်းတစ်ရာ အစောင့်တပ်စခန်းမှ ထူးခြားသော ရှေးဟောင်းစာအုပ်များနှင့် ကျမ်းစာများကို ဝယ်ယူရန် မမေ့ခဲ့ပေ။ ဝမ်လိချီ၏ ပျော်ရွှင်စိတ်လှုပ်ရှားနေမည့် မျက်နှာကို သူကြိုမြင်ယောင်နေမိသည်။
ဤခရီးစဉ်၏ အကြီးမားဆုံး အကျိုးအမြတ်မှာ ဘိုးဘေးလုံယန်၏ ဒဏ်ရာများကို ကုသရန် နည်းလမ်း ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဘိုးဘေးလုံယန်သည် ယင်မိစ္ဆာချီကို သန့်စင်သည့် နည်းလမ်းကို လုံးဝကျွမ်းကျင်သွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ယင်မိစ္ဆာချီများကို တဖြည်းဖြည်းချင်း စတင်သန့်စင်နေပြီ ဖြစ်သည်။
အရင်က မှုန်မှိုင်းနေသော ဘိုးဘေးလုံယန်၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုနှင့် မစောင့်နိုင် မအောင့်နိုင် ဖြစ်နေမှု အရိပ်အယောင်များကို ဝမ်ရှိုကျဲ့ မြင်တွေ့နေရသည်။ ဘိုးဘေးသည် ကျောက်နှင့် လျို မျိုးနွယ်စု ဘိုးဘေးများကို ကြီးမားသော အံ့အားသင့်မှု ပေးလိမ့်မည်ဟု သူတွေးလိုက်မိသည်။
ဤအတွေးဖြင့် ဝမ်ရှိုကျဲ့၏ စိတ်အခြေအနေမှာ လွန်စွာ ကွာခြားသွားသည်။
တုန်ကန်မှ ဖင်းအန်းမြို့နယ်သို့ ပြန်ရန်အတွက် ဒီရေအချိန်ကို တွက်ချက်ရသည်။ ဤကမ္ဘာ၏ ကောင်းကင်ယံတွင် ကြီးမားသော ဂြိုဟ်ရံ (လ) တစ်ခု ရှိနေသဖြင့် ဒီရေ အတက်အကျ ဖြစ်ပေါ်စေသည်။ ဒီရေ တဖြည်းဖြည်း တက်လာသောအခါ အန်းမြစ်၏ ရေစီးဆင်းမှုမှာ များစွာ ငြိမ်သက်သွားတတ်သည်။
ထိုအချိန်တွင် ရွက်များနှင့် လူအားဖြင့် လှော်ခတ်ရသော လှော်တက်များ လိုအပ်သည်။
လှေလှော်သမားများ၏ လှော်ခတ်ရန် အော်ဟစ်သံများ ထွက်ပေါ်လာသည်နှင့်အမျှ ဝမ်ရှိုကျဲ့သည် အိမ်ပြန်ရန် စိတ်လောနေမိသည်။
သို့သော် ဒီတစ်ခါတွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ကြုံတွေ့လိုက်ရသည်။
ဝမ်ရှိုကျဲ့သည် လှေဝမ်းဗိုက်ခန်းထဲတွင် တရားထိုင်နေစဉ် လှေထွက်ခွာလာသည်မှာ နာရီဝက်ကျော်ခန့်သာ ရှိသေးပြီး ရုတ်တရက် လှေကိုယ်ထည်မှ တစ်စုံတစ်ခုနှင့် တိုက်မိသကဲ့သို့ "ဒိုင်း" ခနဲ အသံမြည်သွားကာ လှေတစ်စင်းလုံး အနည်းငယ် တုန်ခါသွားသည်။
တစ်ချိန်တည်းမှာပင် ဆဋ္ဌမဦးလေး ဝမ်တင့်ဟိုင်၏ ဒေါသတကြီး အော်ဟစ်သံ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
"ရှိုကျဲ့... ထွက်လာပြီး ကူပါဦး... ရေနေ သားရဲကောင်... ဒုတိယအဆင့် ရေနေသားရဲကောင်ဟေ့"
ဒုတိယအဆင့် ရေနေသားရဲကောင် ဟုတ်လား။
ဝမ်ရှိုကျဲ့ ကြောင်အမ်းသွားသော်လည်း မအံ့သြမိပေ။ ဒါက အိမ်ပေါက်ဝအထိ လာပို့ပေးတဲ့ ဝိညာဉ်အစားအစာပဲ။ သူ့မိသားစုထဲက မျိုးနွယ်စုဝင် ဒါဇင်ပေါင်းများစွာ အားလုံးက အစာကျွေးဖို့ စောင့်မျှော်နေကြတာလေ။