← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 9 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 9 Ch. 107-108

အပိုင်း ၁၀၇

"ရှင် မနေ့ညက.. ကျွန်းကနေ ထွက်သွားဖို့ စီစဉ်နေတယ်လို့ ကျွန်မကို ပြောခဲ့သေးလား။"

စုရှီ နံနက်စောစောတွင် မျက်နှာသစ်နေစဉ် မနေ့ညက အိပ်မပျော်မီလေးတွင် သူမ၏ခင်ပွန်းက သူမအား တစ်စုံတစ်ခု တီးတိုးပြောလိုက်သည်ကို ကြားလိုက်ရသယောင် ရှိခဲ့သည်ဟု ရုတ်တရက် သတိရသွားသည်။

ရှဲ့ကျန်းသည် သူတို့၏ သမီးလေးကို အဘွားထံတွင် သွားပို့ပြီး ပြန်လာခါစမှာ ဇနီးသည်၏ မေးခွန်းကို ကြားလိုက်ရသည်။ သူသည် တံခါးဘောင်ကို ပျင်းရိစွာ မှီလိုက်ပြီးနောက် ညင်သာသော "အင်း" ဟူသည့် အသံဖြင့် ပြန်ဖြေလိုက်ကာ ဆက်ပြောသည်။ "နယ်စပ်တွေက ခုတလော မတည်ငြိမ်ဘူး။ အထက်လူကြီးတွေက ကိုယ့်ကို အဖွဲ့တစ်ဖွဲ့ ဦးဆောင်ပြီး အထူးစစ်ဆင်ရေးတပ်သားတစ်စုကို လေ့ကျင့်ပေးစေချင်နေတယ်။"

စုရှီ မျက်မှောင် အနည်းငယ်ကြုတ်သွားခဲ့သည်။ "အဲ့ဒါကို ဟုန့်ကျွင်း ကျွန်းမှာ လုပ်လို့မရဘူးလား။"

ရှဲ့ကျန်းသည် ဇနီးသည်၏ လက်ထဲမှ သဘက်ကို ယူလိုက်ပြီး သူမ၏ မျက်နှာပေါ်ရှိ ကျန်နေသောရေများကို သုတ်ပေးလိုက်သည်။ "ဟုန့်ကျွင်း ကျွန်းက ဒီနှစ်ပိုင်းတွေမှာ ပိုပြီး ပွင့်လင်းတဲ့ အခြေအနေကို ပြောင်းသွားပြီ။ ကိုယ်တို့က ပိုပြီး သီးသန့် လျှို့ဝှက်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုတယ်။"

"ဒါဆို... ကျွန်မတို့က ရှင်နဲ့အတူ တပ်နောက်ကို လိုက်လို့ရလား။"

ရှဲ့ကျန်းသည် သဘက်ကို ရေပြန်ဆေးကြောပြီး ခေါင်မိုးစွန်းအောက်ရှိ သစ်သားစင်ပေါ်တွင် လှမ်းလိုက်သည်။ သူမ၏ မေးခွန်းကို ကြားသောအခါ သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"အဲ့ဒီမှာ လုံခြုံရေးအဆင့်က အရမ်းမြင့်တယ်။ ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ လိုက်လို့မရဘူး။ ဒါပေမဲ့ စစ်ဘက်ဆေးဝန်ထမ်းအနေနဲ့ ပြောင်းရွှေ့ဖို့ လျှောက်လို့တော့ရတယ်။"

စုရှီ၏ မျက်မှောင်များ အနည်းငယ် ပြေလျော့သွားသည်။

"အဲ့ဒါဆို သေချာသွားပြီလား။ ရှင် ဘယ်တော့ သွားမှာလဲ။ ကျွန်မ ဒုတိယအစ်ကိုရော ရှင်နဲ့ လိုက်မှာလား။ ဒါဆို အစ်ကိုကြီးနဲ့ ကျွန်မလည်း ပြောင်းရွှေ့ဖို့ စပြီး လျှောက်ထားရတော့မှာလား။"

သူမ၏ တရစပ်မေးခွန်းများအတွက် စိတ်ရှည်လက်ရှည် အဖြေများက စောင့်နေခဲ့သည်။ "ဒါက အတည်ဖြစ်ခါနီးပါပြီ။ ခဏနေရင် အမိန့်တွေ ထုတ်ပြန်လိမ့်မယ်။ မင်း ဒုတိယအစ်ကိုလည်း လိုက်မှာ။ သူ ဒုတိယဗိုလ်မှူးကြီး ရာထူး တိုးသွားတာ မကြာသေးဘူး။ သူနဲ့ ကိုယ်က နှစ်ပေါင်းများစွာ တွဲလုပ်လာတဲ့သူတွေဆိုတော့ ကိုယ်က သူ့ကို ထောက်ခံပေးလိုက်တာ။"

သူတို့နှစ်ဦး အိပ်ခန်းထဲသို့ ပြန်လာခဲ့ကြသည်။ စုရှီသည် သူမ၏ မျက်နှာပေါ်တွင် အသားအရေထိန်းသိမ်းသည့် ပစ္စည်းများ လိမ်းနေရင်း ခင်ပွန်းဖြစ်သူ၏ စကားကို ဂရုတစိုက် နားထောင်နေသည်။

ရှဲ့ကျန်းက ဆက်ပြောခဲ့သည်။ "မင်းက မင်း အစ်ကိုတွေရဲ့ အလုပ်အကိုင်အတွက် စိုးရိမ်နေမှန်း ကိုယ်သိပါတယ်။ ဒါပေမဲ့ နေရာတစ်နေရာတည်းမှာ ကြာရှည်နေတာက သူတို့အတွက် မကောင်းဘူး။ ဒါကြောင့် ဒါက အခွင့်အရေးကောင်းတစ်ခုလို့ ကိုယ်ထင်တယ်။ မင်းဒုတိယအစ်ကိုမှာ အရည်အချင်းရှိတယ်။ ပြီးတော့ ပတ်ဝန်းကျင်ပြောင်းလဲမှုက အကျိုးရှိလိမ့်မယ်။ စိတ်မပူပါနဲ့.. ကိုယ်က သူနဲ့တိုင်ပင်ပြီးမှ သူ့ကို ထောက်ခံခဲ့တာပါ။"

စုရှီသည် သူမ လုပ်နေကျ အသားအရေထိန်းသိမ်းမှု ပြီးဆုံးသွားသောအခါ သူမသည် စနိုးခရင်မ်ဗူးအဖုံးကို ပြန်လှည့်ပိတ်လိုက်သည်။ ခင်ပွန်းဖြစ်သူ ပြောသည်ကို ကြားပြီးနောက် သူမ ဘာမျှ ကန့်ကွက်ခြင်း မပြုခဲ့ပေ။ သူပြောသည်မှာ မှန်၏။ အစ်ကိုကြီးနှင့် သူမ၏ဒုတိယအစ်ကိုတို့ နေရာတစ်ခုတည်းတွင် အတူရှိနေသည့်မြင်ကွင်းသည် မကြာမီပင် အတင်းအဖျင်းစကားများကို ဖြစ်ပေါ်စေလိမ့်မည်။

ဤလောကတွင် အမှန်တရားကို မျက်ကွယ်ပြုသူများ များစွာရှိသကဲ့သို့ ရှင်းလင်းစွာ မြင်နိုင်သူများလည်း များစွာရှိသည်။

"ဒါဆို ကျွန်မ လျှောက်လွှာတင်ဖို့ စလုပ်သင့်ပြီလား။" စုရှီသည် မတ်တပ်ရပ်လိုက်ပြီး ခင်ပွန်းဖြစ်သူကို ချစ်ခင်စွာ ဖက်တွယ်ရင်း တကိုယ်လုံးဖြင့် တိုးဝှေ့လိုက်သည်။

ရှဲ့ကျန်းသည် သူ၏လက်ကြီးဖြင့် သူမ၏ သွယ်လျသောခါးကို ပတ်သိုင်းလိုက်ပြီး ကိုယ်ကိုကိုင်းကာ သူ့မေးကို သူမခေါင်းပေါ်တွင် တင်ထားလိုက်သည်။ အနည်းငယ် ပွတ်သပ်လိုက်ပြီးနောက် သူက ပြန်ဖြေခဲ့သည်။

"မလိုပါဘူး။ ကိုယ်က အန်တီ ဟဲရဲ့ ပြောင်းရွှေ့မိန့်ကို တိုက်ရိုက်ထုတ်ပေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်မယ် တစ်နိုင်ငံလုံးမှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ရှားပါးနေတာ။ ဒါကြောင့် မင်းနဲ့ အစ်ကိုကြီး ဟိုကိုသွားတာက ဟိုမှာ လိုအပ်နေတဲ့နေရာကို ဖြည့်ဆည်းပေးရာ ရောက်လိမ့်မယ်။ ဒါပေမဲ့..."

စုရှီ မော့ကြည့်လိုက်သည်။ "ဒါပေမဲ့ ဘာဖြစ်လဲ?"

ရှဲ့ကျန်း သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။ "အဘွားက စစ်ခရိုင်ဝင်းထဲမှာ နေခဲ့ရလိမ့်မယ်။ သူနဲ့ ထောင်ထောင် က ကိုယ်တို့နဲ့ လိုက်လာလို့မရဘူး။"

စုရှီ မှင်သက်သွားသည်။ မိသားစုများ လိုက်ပါခွင့်မရှိသောကြောင့် အဘွားနှင့် ထောင်ထောင်တို့သည်လည်း သဘာဝအတိုင်း သူတို့နှင့် လိုက်ပါနိုင်မည် မဟုတ်ကြောင်း သူမ ယခုမှ သဘောပေါက်သွားသည်။

စုရှီ ရုတ်တရက် စိုးရိမ်ပူပန်လာသည်။ "ဒါပေမဲ့ အဘွားက အသက်ကြီးနေပြီ။ ပြီးတော့ ထောင်ထောင်လည်း ရှိသေးတယ်..."

သူမ စကားကို အဆုံးမသတ်လိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထောင်ထောင်သည် အသက်ငါးနှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း သူမ ကောင်းကောင်း သိသောကြောင့် ဖြစ်သည်။ သူမသည် ကျောင်းစတက်ရန် သူမ၏ ရွယ်တူ ကလေးများနှင့် ဆက်ဆံရန် လိုအပ်ပြီး သူတို့သွားလေရာသို့ လိုက်ပါရန် မဖြစ်နိုင်ပေ။

ရှဲ့ကျန်းသည် ဇနီးသည်၏ နဖူးပြင်ကို နမ်းလိုက်ရာ ရင်းနှီးနေကျ လတ်ဆတ်သောရနံ့က သူမ၏ စိတ်လှုပ်ရှားမှုများကို တဖြည်းဖြည်း ပြေလျော့စေခဲ့သည်။

"အရမ်းကြီး မစိုးရိမ်ပါနဲ့ဦး။ စစ်ခရိုင်ဝင်းက ကိုယ်တို့ စခန်းနဲ့ သိပ်မဝေးပါဘူး။ အများဆုံး ကားမောင်းရင် နှစ်နာရီ သုံးနာရီလောက်ပဲ။ နောက်ပြီး အဘွားကို ကြည့်ရှုစောင့်ရှောက်ဖို့ အန်တီတစ်ယောက် စီစဉ်ပေးဖို့ ကိုယ် နည်းလမ်းရှာလိုက်မယ်။ ဒါမှမဟုတ် အဘွားကို ထောင်ထောင်နဲ့အတူ ကိုယ့်မိဘတွေဆီမှာ သွားနေခိုင်းလို့လည်း ရတယ်။"

စုရှီ အနည်းငယ် မှင်သက်သွားပြီး သူ့ကို ကြောင်ငေးကြည့်နေမိသည်။ ခဏအကြာတွင်မှ သူမ သဘောပေါက်သွားသည်။ "ရှင် ပြောတာက ကျွန်မတို့ J မြို့ကို ပြောင်းရမှာလား။"

ရှဲ့ကျန်း သက်ပြင်းချလိုက်ပြီး သူမကို သူ့လက်မောင်းများထဲသို့ ပြန်ဆွဲသွင်းလိုက်သည်။

"ဆောရီး... ကိုယ် အစောကြီးက ပြောဖို့ မေ့သွားတယ်။ ကိုဘ်တို့ J မြို့ကို ပြန်သွားကြမှာ။"

စုရှီ - …

....

"ရှီရှီ၊ ရှီရှီ လာကြည့်စမ်း။ ပွဲဖြစ်နေတယ်!" ရက်အနည်းငယ်ကြာပြီးနောက် ညနေခင်းတစ်ခုတွင် စုရှီသည် အလုပ်မှ ပြန်ရောက်ခါစဖြစ်ပြီး မီးဖိုချောင်ထဲတွင် အဘွားနှင့်အတူ သူမတို့၏ ပြောင်းရွှေ့ရေး အစီအစဉ်များကို ဆွေးနွေးနေခဲ့သည်။

သူတို့သည် ကျွန်းပေါ်တွင် နှစ်အတော်ကြာ နေထိုင်ခဲ့ကြပြီး ပစ္စည်းပစ္စယများ အတော်အတန် စုဆောင်းမိနေပြီ ဖြစ်သည်။ သူတို့နှစ်ဦးသည် သယ်ယူရန် အဆင်မပြေသည့် မည်သည့်အရာကိုမဆို ပေးပစ်လိုက်ရန် စဉ်းစားနေကြသည်။

ထိုအချိန်တွင် ရှီလင်းလင်းသည် သူမ၏သားကို အလျင်အမြန် ဆွဲခေါ်လာရင်း အခန်းထဲသို့ ပြေးဝင်လာသည်။

ယခု အသက်ခြောက်နှစ်အရွယ်ရှိ ရှောင်ပေါင်းသည် ယန်အန်းနှင့် တစ်ပုံစံတည်း တူလေသည်။ မိခင်ဖြစ်သူ၏ အရှိန်မှာ သူ၏အရှိန်ထက် များစွာမြန်နေပြီး သူ၏ ခါတိုင်း တည်ငြိမ်နေတတ်သော မျက်နှာငယ်လေးတွင် လက်လျှော့အရှုံးပေးထားသည့် အရိပ်အယောင်များ ပေါ်နေသည်။

"ရှောင်ပေါင်း ဒီမှာ မက်မွန်သီးစား။"

သူမ၏ ကိုကိုရှောင်ပေါင်းကို အလွန်ချစ်ခင်သော ထောင်ထောင်သည် ချက်ချင်း အဘွားထံသို့ သွားကာ မက်မွန်သီးကြီးတစ်လုံးကို ယူပြီး သူ့ထံသို့ လက်နှစ်ဖက်ဖြင့် ပေးရန် ပြေးသွားလေသည်။

ရှောင်ပေါင်းသည်လည်း သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် ညီမလေးကို ချစ်ခင်သောကြောင့် လူကြီးများကို အာရုံမစိုက်တော့ဘဲ မက်မွန်သီးကို ကိုင်ကာ သူမနှင့်အတူ ဆော့ကစားရန် ထွက်သွားတော့သည်။

စုရှီသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ရှီလင်းလင်းကို လှမ်းကြည့်လိုက်သည်။ သူမ ရယ်မောလိုက်သည်။ "ဘာပွဲကြီး ဖြစ်နေလို့လဲ။ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။"

ရှီလင်းလင်းက သူမကို တိုက်တွန်းသည်။ "မြန်မြန်လုပ် သွားကြစို့။ မဟုတ်ရင် လွတ်သွားလိမ့်မယ်.. ဟို ဝမ်ယန်နီ လေ။ သူ့မိသားစုက သူ့ကို လာခေါ်တာ။ အခု သူက မိသားစုဝင်းထဲမှာ ပြန်မလိုက်ဘူးဆိုပြီး ရန်လုပ်နေတာ။"

စုရှီက လက်ကာပြရင်း ငြင်းလိုက်သည်။ "တော်ပါပြီ။ ငါမသွားတော့ဘူး။"

"သူ့ဘာသာ ရန်ဖြစ်ပါစေ။ ငါ သွားကြည့်ပြီး အဲ့ဒီဒုက္ခထဲ ဝင်ပါမိမှာ မလိုချင်ဘူး။"

ရှီလင်းလင်းက အလျှော့မပေးသေးပေ။ "ငါတို့ အဝေးကြီးမှာ ပုန်းပြီး အဝေးကနေ ကြည့်ကြရင်ရော။"

"ရှီရှီကို ဒီအထဲ ဆွဲမသွင်းနဲ့တော့။ ဝမ်ယန်နီက သူ့ကို မြင်သွားရင် ဘယ်လို ပြဿနာတွေ ဆက်တက်မလဲ ဘယ်သူသိမှာလဲ။ ငါ နင်နဲ့ လိုက်ခဲ့မယ်။" ထိုအချိန်တွင် ယွမ်ယွမ်သည် သူမ၏သားကို ချီလျက် အခန်းထဲသို့ ဝင်လာပြီး စနောက်၍ ဆူပူသည့် အမူအရာဖြင့် ရှီလင်းလင်းနှင့်အတူ လိုက်သွားရန် ကမ်းလှမ်းလိုက်သည်။

ရှီလင်းလင်းသည် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ သူမသည် စုရှီကို အလွတ်ပေးလိုက်ပြီးနောက် ဖင်းအန်းကို ယွမ်ယွမ်၏ လက်ထဲမှ ချပေးလိုက်သည်။

ထို့နောက် သူမ၏ စိတ်အားထက်သန်မှုကြောင့် ယွမ်ယွမ်ကို ဆွဲကာ အပြင်သို့ ပြေးထွက်သွားသည်မှာ သူတို့ နောက်ကျမှ ရောက်သွားလျှင် ထိုမြင်ကွင်းကို လွတ်သွားမည် စိုးရိမ်နေသည့်အလားပင်။

စုရှီသည် ရယ်ချင်နေသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။ သူမ ရှီလင်းလင်းနှင့် ယွမ်ယွမ်တို့ကို ပထမဆုံး စတွေ့စဉ်က သူတို့နှစ်ဦးစလုံးသည် နူးညံ့သိမ်မွေ့သော စရိုက်များ ရှိကြသော်လည်း ယခုအခါ တစ်နေ့ထက်တစ်နေ့ ပို၍ တက်ကြွလန်းဆန်းကာ ပို၍ စနောက်တတ်လာကြပုံရသည်။

ယွမ်ယွမ်၏ သားငယ်လေး ဖင်းအန်းသည် စုရှီ၏ ခြေထောက်ကို ဖက်လိုက်ပြီး သူမကို မော့ကြည့်လိုက်သည်။ ထိုကလေးငယ်သည် သေးငယ်ပြီး ချစ်စရာကောင်းဆဲဖြစ်ကာ သူ၏ အမည်ပြောင် "ဖင်းအန်း" သည် သူနှင့် လိုက်ဖက်လှသည်။ ယောက်ျားလေးဖြစ်သော်လည်း သူသည် ယွမ်ယွမ်နှင့် အလွန်တူ၏... အသားဖြူဖြူ ချစ်စရာကောင်းပြီး ကြီးလာသောအခါ အလွန် ဆွဲဆောင်မှုရှိသူ ဖြစ်လာမည်မှာ ထင်ရှားစေသည့် သိမ်မွေ့သော ရုပ်သွင်များ ရှိသည်။

"အန်တီ ရှီရှီ ကျွန်တော် ထောင်ထောင်နဲ့ ဆော့ချင်တယ်။"

သို့သော် ယခုအချိန်တွင်မူ ဖင်းအန်းလေးသည် လုံးဝန်းသော ခေါင်းလေး မျက်လုံးပြူးပြူးလေးများဖြင့် အလွန်တန်ဖိုးထားဖွယ် ကလေးငယ်တစ်ဦး ဖြစ်နေသည်။ စုရှီသည် ကိုယ်ကိုကိုင်းကာ သူ့ကို ပွေ့ချီလိုက်ပြီး ညင်သာစွာ ချော့မော့ပြောလိုက်သည်။

"အန်တီ ရှီရှီက သားကို အခု ညီမလေးဆီ လိုက်ပို့ပေးရင်ရော။ ရှောင်ပေါင်းလည်း အဲ့ဒီမှာ ရှိတယ်။ ပြီးတော့ သားတို့အားလုံး အတူတူ ဆော့လို့ရတယ်လေ။ ဟုတ်ပြီလား။"

တိတ်ဆိတ်ပြီး နူးညံ့သိမ်မွေ့သော ကလေးဖြစ်သည့် ဖင်းအန်းသည် သူ၏ ချိုမြိန်ပြီး လိမ္မာယဉ်ကျေးပုံ.. သူ၏ နူးညံ့မှုက ကလေးမလေးတစ်ဦးနှင့်ပင် တူသည့်အလျောက် သူ့မိဘများဖြစ်သော ယွမ်ယွမ်နှင့် ဗိုလ်မှူးကြီး လီတို့ကို အံ့ဩစေလေ့ရှိသည်။ စုရှီ ၏ စကားကို ကြားသောအခါ ဖင်းအန်းသည် ချိုသာသော အပြုံးလေး ပြုံးလိုက်သည်။ "ဟုတ်! အားလုံး အတူတူ ဆော့ကြမယ်။"

ဖင်းအန်းကို ထောင်ထောင်နှင့် ပူးပေါင်းရန် ခေါ်သွားပြီးနောက် စုရှီသည် ချက်ချင်း ထွက်မသွားခဲ့ပေ။ အကြီးဆုံးကလေးမှာ အသက်ခြောက်နှစ်သာ ရှိသေးပြီး အငယ်ဆုံးမှာ လေးနှစ်မပြည့်သေးသောကြောင့် သူမသည် သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် အနီးအနားတွင် ထိုင်နေခဲ့သည်။

ကလေးငယ်များသည် သစ်သားတုံးဆက် အရုပ်များဖြင့် ဆော့ကစားနေကြသည်။ စုရှီသည် ထိုကဲ့သို့သော အတုံးဆက်များကို ဆိုင်များတွင် ရောင်းချနေပြီ ဟုတ်မဟုတ် မသိသော်လည်း ထိုအရုပ်များကို ရှဲ့ကျန်း သို့မဟုတ် သူမ၏ အစ်ကိုတို့ အားလပ်ချိန်ရတိုင်း လက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဤအတုံးဆက်အစုံကို ရှဲ့ကျန်းက ယခုလေးတင် အပြီးသတ်ထားခြင်းဖြစ်ပြီး ကလေးများ၏ နူးညံ့သော အသားအရေကို မထိခိုက်စေရန် အတုံးတစ်ခုစီကို ဂရုတစိုက် ချောမွေ့အောင် သဲစက္ကူဖြင့် တိုက်ထားသည်။

ထိုတုံးဆက်များသည် စိတ်လှုပ်ရှားဖွယ်ဖြစ်လောက်အောင် အသစ်အဆန်း ဖြစ်နေဆဲဖြစ်ပြီး ကလေးသုံးဦးသည် အတူတကွ ထိုင်ကာ အတုံးတို့ကို ဇွဲရှိရှိ ထပ်ဆင့်နေကြပြီး တစ်တုံးချင်းစီ နေရာချရာတွင် အချင်းချင်း ကူညီနေကြသည်။

စုရှီသည် ယခုအခါ ယိမ်းယိုင်နေပြီဖြစ်သော မျှော်စင်ကို တည်ဆောက်နေကြသည့် ကလေးငယ်သုံးဦး၏ အလေးအနက်ထားသော မျက်နှာအမူအရာများကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် ချစ်ခင်နှစ်သက်သော "အန်တီတစ်ယောက်၏ အပြုံး" ပျံ့နှံ့သွားသည်။ သူတို့ အရမ်း ချစ်စရာကောင်းလိုက်တာ။ သူမသာ ကင်မရာတစ်လုံး ရှိခဲ့လျှင်... ကလေးများ ကြီးပြင်းလာသည်နှင့်အမျှ အခိုက်အတန့်များကို ပိုမှတ်တမ်းတင်နိုင်ရန် တစ်လုံးလောက် ရှာပေးနိုင်မလား ကျွင့်ဇီကို မေးကြည့်လို့ရနိုင်သည်။

အနည်းငယ် ဝမ်းနည်းစရာကောင်းသည်မှာ သူမ၏ ထောင်ထောင်လေးသည် အလွန် ကြီးပြင်းလာခဲ့ပြီ ဖြစ်သော်လည်း သူတို့ထံတွင် သူမ၏ ဓာတ်ပုံ အနည်းငယ်သာ ရှိနေသည်။

ထိုစဉ်မှာပင် မျှော်စင်တည်ဆောက်နေသည့် သုံးယောက်တစ်စုသည် တစ်ပတ်ပြည့်သွားပြီး မတည်ငြိမ်ဖြစ်နေပြီးသား တုံးဆက်မျှော်စင်သည် ပို၍ပင် ယိမ်းထိုးလာသည်။ ယခု ဖင်းအန်း၏ အလှည့်ဖြစ်သည်။ ကောင်လေးငယ်သည် လက်လှမ်းလိုက်ပြီး အပေါ်ဆုံးတွင် တုံးတစ်ခုကို တင်ရန် ဂရုတစိုက် ကြိုးစားနေစဉ် သူ၏လက်များ တုန်ယင်နေသည်။

ထိုအချိန်မှာပင် ရှီလင်းလင်း၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ "ရှီရှီ ရှီရှီ မြန်မြန်လာ။ ဝမ်ယန်နီက နင့်ဒုတိယအစ်ကိုနဲ့ သွားတိုးနေပြီ။"

သူမ၏ အော်သံသည် အထူးတလည် ကျယ်လောင်ခြင်း မရှိသော်လည်း အာရုံအပြည့် စူးစိုက်ထားခဲ့သော ဖင်းအန်းကို လန့်သွားစေရန် လုံလောက်ခဲ့သည်။ သူ အနည်းငယ် တုန်သွားပြီး ထိုအခြေအနေနှင့်အတူ ယိမ်းယိုင်နေသော မျှော်စင်သည် ပြိုကျသွားတော့သည်။

အတုံးဆက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သော ဖင်းအန်း လေးသည် ရုတ်တရက် အပြောင်းအလဲကြောင့် ထိတ်လန့်သွားပုံရပြီး သူ၏ မျက်လုံးဝိုင်းကြီးများတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။

သူ မည်မျှ စိတ်ထိခိုက်သွားသည်ကို မြင်သောအခါ စုရှီသည် သူ့ကို ချက်ချင်း ပွေ့ချီပြီး နှစ်သိမ့်လိုက်သည်။ "မငိုပါနဲ့ ဖင်းအန်း။ ကြည့်စမ်း မင်းအစ်ကိုနဲ့ ညီမလေး မငိုဘူးလေ။ ဟုတ်တယ်မလား။ သား ဒါကို ပြန်ဆောက်လို့ရတယ်။ ပြီးတော့ ဒီတစ်ခါ ပိုပြီး လှပတဲ့ ရဲတိုက်ကြီးတစ်ခု လုပ်နိုင်မယ်ဆိုတာ အန်တီသိတယ်။"

သူမ ထိုသို့ ပြောလိုက်သည်နှင့် စုရှီသည် အကြီးကလေးနှစ်ယောက်က ပြုတ်ကျသွားသော တုံးဆက်များကို ကောက်ယူစုဆောင်းပြီး မျှော်စင်ကို ပြန်တည်ဆောက်ရန် ပြင်ဆင်နေကြသည်ကို သတိပြုမိလိုက်သည်။

နူးညံ့သည့် စိတ်သဘောထားရှိသည့် ကလေးဖြစ်သော ဖင်းအန်းသည် စုရှီ၏ စကားအနည်းငယ်ကြောင့် မျက်ရည်ကျခြင်း ရပ်တန့်သွားသည်။ ထိုအစား သူသည် ရဲတိုက်ကို ပြန်တည်ဆောက်ရန် အသင့်အနေအထားဖြင့် ပြန့်ကျဲနေသော တုံးဆက်များကို စုဆောင်းရာတွင် သူ့အစ်ကိုနှင့် အစ်မကို စိတ်အားထက်သန်စွာ ကူညီပေးနေသည်။

ကလေးများ ပျော်ရွှင်စွာ ပြန်လည် ဆော့ကစားနေကြသည်ကို သေချာစေပြီးနောက် စုရှီသည် ဘေးသို့ ကုပ်ရှိုးရှိုး ဖြစ်နေသည်ကို သတိပြုမိလျက် ရှီလင်းလင်းကို တင်းမာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “နင် ဘာပြောလိုက်တာ။ ငါ့ဒုတိယအစ်ကို ပြန်ရောက်နေပြီလား။"

ရှီလင်းလင်းသည် ချက်ချင်း တက်ကြွသွားပြီး စုရှီ၏ လက်မောင်းကို ဆွဲကာ သူမကို အပြင်သို့ ဆွဲထုတ်သွားသည်။ "ဝမ်ယန်နီရဲ့ မိသားစုက သူမကို အတင်းအကျပ် ခေါ်သွားတာ မလား။ ဒါပေမဲ့ သူတို့ ထွက်သွားခါနီးလေးမှာပဲ တာဝန်ကနေ ခုမှ ပြန်လာတဲ့ နင့် ဒုတိယအစ်ကိုနဲ့ သွားတိုးတာ။ လူတိုင်း ဝိုင်းကြည့်နေကြပြီ..."

စုရှီသည် ဤကဲ့သို့ တိုက်ဆိုင်စွာ တွေ့ဆုံမှုမျိုး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမသည် မီးဖိုချောင်ထဲသို့ အမြန်ဝင်သွားပြီး အဘွားကို ကလေးများအား မျက်ခြည်မပြတ် ကြည့်ထားရန် ပြောကြားခဲ့ပြီးနောက် ရှီလင်းလင်းနှင့်အတူ ပြေးထွက်သွားတော့သည်။

ဤအတောအတွင်း ဝမ်အန်းချုန်းသည် ရက်ပေါင်းများစွာ ခရီးနှင်ပြီးနောက် ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ ပထမဆုံး လုပ်ဆောင်ချက်မှာ အကြီးတန်းဗိုလ်မှူးကြီး ကျန်းဆီ သွားရောက် တောင်းပန်ခြင်းဖြစ်ပြီး ချစ်ကြည်ရေး အမူအရာအဖြစ် လက်ဖက်ရည်ကြမ်းနှင့် မုန့်အချို့ကို ကမ်းလှမ်းခဲ့သည်။ ထို့နောက်မှသာ သူသည် ဝမ်ယန်နီကို ရှာဖွေရန် ထွက်လာခဲ့သည်။

မူလက အန်းချုန်းသည် ရှီးယန်နန်ကိုလည်း တောင်းပန်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် သူ၏ သနားစရာ ညီမဖြစ်သူ၏ ကံဆိုးသော ပစ်မှတ်သည် လက်ရှိတွင် ကျွန်းပေါ်၌ မရှိကြောင်း သိရှိလိုက်ရသောအခါ ထိုအစီအစဉ်ကို စွန့်လွှတ်လိုက်ရုံမှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

သူသည် ရှီးယန်နန်အတွက် ရိုးသားစွာ ခံစားမိသည်။ ထိုသနားစရာကောင်းသော လူသည် သူ၏ မဆင်မခြင်နိုင်သော အစ်မ၏ စိတ်ဝင်စားမှုကို ခံလိုက်ရသည့်အတွက် အလွန် ကံဆိုးခဲ့ရသည် ဖြစ်ရမည်။

ဝမ်ယန်နီ၏ အနှောင့်အယှက်ဖြစ်စေသော အပြုအမူကို အဆုံးသတ်ရန်နှင့် ရှဲ့ကျန်းကိုလည်း တောင်းပန်ပြီးနောက် အန်းချုန်းသည် အချိန် မဖြုန်းတော့ပေ။ သူသည် ဝမ်ယန်နီနှင့် လိုရင်းကို မပြောမီ သူ၏ မိခင်ဘက်မှ အဒေါ်၏ အိမ်သို့ လက်ဆောင်များ ယူဆောင်ကာ ကျေးဇူးတင်စကားများ ရိုးသားစွာ ဆိုလျက် ဦးတည်သွားခဲ့သည်။

ဝမ်ယန်နီ အလွန် ဒေါသထွက်သွားသည်။ သူမ၏ မိသားစုသည် သူမကို ထောက်ပံ့ရန် ငြင်းဆန်ရုံသာမက သူမကို တက်ကြွစွာပင် နှိမ့်ချနေကြသည်။ သဘာဝကျကျပင် သူမက ထွက်သွားရန် မလိုလားဘဲ ထုံးစံအတိုင်း ဒေါသတကြီး ဆူပူကြိမ်းမောင်းတော့သည်။ သူမသည် လိုချင်တာရရန် ဤနည်းဗျူဟာကို အသုံးပြုလေ့ရှိသည်မှာ ကြာပြီဖြစ်သည်။ အတိတ်က သူမ ဒေါသထွက် ဆူပူလိုက်တိုင်း သူမ၏ မိသားစုသည် အမြဲတမ်း အလျှော့ပေးလေ့ရှိသည်။

ထို့ကြောင့် ကျွမ်းကျင်နေသော အရည်အချင်းဖြင့် သူမသည် ငိုခြင်း အော်ဟစ်ခြင်းနှင့် ပတ်ဝန်းကျင် အိမ်များရှိ ကြည့်ရှုသူများ အုံလိုက်စုပြုံလာအောင် လျင်မြန်စွာ ဆွဲဆောင်လျက် ရန်လုပ်တော့သည်။

ဝမ်အန်းချုန်းသည် သူမ ဖန်တီးနေသော မြင်ကွင်းကြောင့် စကားမပြောနိုင် ဖြစ်သွားရသည်။

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၁၀၈

သို့သော် ဝမ်ယန်နီသည် နားထောင်ရန် ငြင်းဆန်နေသည်ကို မြင်သောအခါ သူသည် နောက်ထပ် ယဉ်ကျေးမှုအရ ပြောရမည့် စကားများကို ကျော်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ၏ အိတ်ထဲမှ ကြိုးတစ်ချောင်းကို ဆွဲထုတ်ပြီး သူမကို ထိုနေရာတွင်ပင် တုပ်နှောင်လိုက်ကာ ပတ်ဝန်းကျင်ရှိ လူတိုင်း အလွန်အံ့အားသင့်သွားစေလျက် ယဉ်ကျေးစွာ ပြုံးပြကာ သူ၏ အဒေါ်ကို ကျေးဇူးတင်စကားဆိုပြီး သူ၏ အဒေါ်ထံမှ စိတ်ပျက်အားလျော့သော အကြည့်နှင့်အတူ ဝမ်ယန်နီကို ဆွဲခေါ်သွားတော့သည်။

သဘာဝအတိုင်းပင် စူးစမ်းလိုစိတ်က လူအများကို အနိုင်ယူသွားပြီး ဝမ်ယန်နီ၏ ပြဇာတ်သည် မည်သည့်ရုပ်ရှင်ထက်မဆို ပို၍ ဆွဲဆောင်မှု ရှိနေသည်။ အထူးသဖြင့် ဒါက မျက်မြင်လက်တွေ့ ဖြစ်ပျက်နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ယဉ်ကျေးသိမ်မွေ့သော လူငယ်တစ်ဦးက ကြိုးဖြင့် တုပ်နှောင်ထားသော အမျိုးသမီးတစ်ဦးကို ဦးဆောင် ခေါ်သွားနေသည်။ သူတို့နောက်တွင် ကြည့်ရှုသူများ အုပ်စုလိုက်... ဇနီးများ အဒေါ်များနှင့် ကလေးအချို့ပင်ပါဝင်ပြီး ထိုမြင်ကွင်းကို အလွန် စိတ်ဝင်တစား ကြည့်နေကြရာ ဝမ်ယန်နီအတွက် အလွန် အရှက်ရစရာ ဖြစ်နေသည်။ သူမ၏ တစ်ချိန်က နူးညံ့သိမ်မွေ့သော ရုပ်သွင်များသည် ယခုအခါ ဒေါသနှင့် ရှက်ရွံ့မှုတို့ ရောနှောကာ ရှုံ့တွနေသည်။

ဝမ်အန်းချုန်းမှာမူ အနည်းငယ်မျှ ရှက်ရွံ့ခြင်း မရှိပေ။ သူသည် သူ၏နောက်တွင် ဆက်တိုးပွားလာသော လူအုပ်ကို အာရုံမစိုက်ဘဲ ဤအခွင့်အရေးကို အသုံးချ၍ သူ၏ အစ်မအား သူမ၏ ရဲတင်းသော အပြုအမူအတွက် သင်ခန်းစာပေးနေသည်။

ဝမ်ယန်နီ၏ ကျိန်ဆဲမှုများနှင့် ရံဖန်ရံခါ လွတ်မြောက်ရန် ကြိုးပမ်းမှုများကို လုံးဝ လျစ်လျူရှုလျက် သူသည် ဆက်ပြုံးနေခဲ့ပြီး သူ၏ဘေးရှိ စပ်စုတတ်သော အဒေါ်များနှင့်ပင် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေခဲ့သည်။

သူ ပြသခဲ့သော တည်ငြိမ်သော ယုံကြည်မှုသည် အသက် ဆယ့်ခြောက်နှစ်အရွယ် တစ်ဦးတွင် တွေ့ရလေ့မရှိသော မှတ်သားလောက်ဖွယ်ရာ ဖြစ်ပြီး ၎င်းသည် အကြီးတန်းဗိုလ်မှူးကြီး ကျန်း၏ သူအပေါ် ထားရှိသော ချီးကျူးမှု မြင့်မားခြင်းကို အပြည့်အဝ ထင်ဟပ်နေသည်။

ကြီးမားသော လူအုပ်ကြီးသည် ဆိပ်ခံတံတားဆီသို့ တိုးဝှေ့သွားကြပြီး ထိုအချိန်မှာပင် အချည်းနှီး ရုန်းကန်နေခဲ့သော ဝမ်ယန်နီသည် စူးရှသော အော်သံတစ်ခု ပြုလိုက်သည်။

"ယန်နန်၊ ယန်နန် ကျွန်မကို ကယ်ပါ။"

ထိုနာမည်ကို ကြားလိုက်ရသောကြောင့် ကြည့်ရှုသူများသည် သင်္ဘောပေါ်မှ ယခုလေးတင် ဆင်းသက်လာသော စစ်သားတစ်စုထံသို့ သူတို့၏ အာရုံကို လှည့်လိုက်ကြပြီး ဝမ်အန်းချုန်းပင် လှမ်းကြည့်လိုက်သည်။ သူသည် သူ့အစ်မကို ဤသို့ စွဲလမ်းမှုအတွင်းသို့ စုန်းပြုစားခဲ့သော လူကို အမြဲတမ်း စူးစမ်းလိုစိတ် ရှိခဲ့သည်။ သူတို့ ကျွန်းမှ ထွက်ခွာခါနီး... ဤအချိန်လေးတွင်မှ သူနှင့် ဆုံတွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဒါက ကံကြမ္မာများလား။

ကံကောင်းစွာပင် သူမသည် ဒီအတွေးကို တစ်ယောက်တည်း သီးသန့်သာ တွေးတောမိခြင်း ဖြစ်သည်။ အကယ်၍ ရှီးယန်နန်က သူ့ကို "ကံကြမ္မာ" ဟု ခေါ်ဝေါ်သည်ကို ကြားခဲ့ပါက... ကောင်းပြီ ဒါက အခြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားလိမ့်မည်။

ရှီးယန်နန်အနေနှင့်မူ သူသည် ကြမ်းတမ်းသော နှစ်လကြာ တာဝန်တစ်ခုမှ ယခုလေးတင် ပြန်ရောက်လာခြင်းဖြစ်ပြီး ယမ်းငွေ့နံ့များမှာ ထင်ရှားစွာ ကျန်ရှိနေဆဲ ဖြစ်သည်။ သူ၏ အဖွဲ့ကို ဦးဆောင်လျက် သူသည် သင်္ဘောပေါ်မှ ခြေလှမ်းအနည်းငယ် လှမ်းရုံမျှသာ ရှိသေးစဉ် တစ်စုံတစ်ယောက်က သူ့အမည်ကို ရုတ်တရက် ခေါ်လိုက်သည်။

အလိုအလျောက်ပင် သူ ရပ်တန့်လိုက်ပြီး အသံလာရာ လမ်းကြောင်းသို့ လှမ်းကြည့်လိုက်သည်။

အရပ်ဝတ် အရပ်စားဖြင့် လူအုပ်ကြီးတစ်အုပ်ကို တွေ့ရခြင်းသည် ပုံမှန်မဟုတ်သော်လည်း သူတို့အား ကျွန်းပေါ်မှ ထွက်ခွာခွင့် ပြုထားသည်ကို ထောက်ရှု၍ သူတို့သည် ခွင့်ပြုချက် ရရှိထားသူများ ဖြစ်ကြောင်း ရှင်းလင်းသည်။ သူ့အမည်ကို ခေါ်ဝေါ်နေသော သူနှင့် ပတ်သက်၍မူ ရှီးယန်နန်သည် သူမကို မသိကြောင်း သေချာနေသည်။

ဆက်စပ်မှု မရှိသဖြင့် သူသည် သူမကို အရေးမစိုက်ခဲ့ပေ။ ပင်ပန်းခက်ခဲသော တာဝန်တစ်ခု ပြီးနောက် သူသည် အစီရင်ခံစာ တင်သွင်းရန် အလွန်လိုအပ်နေသော အနားယူမှု ရရှိရန်နှင့် လပေါင်းများစွာ မတွေ့ခဲ့ရသော အစ်ကိုကြီးနှင့် ပြန်ဆုံတွေ့ခွင့်ရရန် စိတ်အားထက်သန်နေသည်။ သူသည် တည်ငြိမ်အေးဆေးသူ ဖြစ်သည့်အလျောက် အခြားသူများ၏ ကိစ္စရပ်များသည် သူ့ကို စိတ်ဝင်စားလေ့မရှိပေ။

ထို့ကြောင့် ဂရုမစိုက်သော အကြည့်တစ်ချက်ဖြင့် ရှီးယန်နန်သည် နောက်ပြန်လှည့်ကာ သူ၏လူများကို ရှေ့ဆက်တိုးရန် အချက်ပြလိုက်သည်။ သို့သော် ထိုအချိန်မှာပင် ထိုအမျိုးသမီးသည် သင့်လျော်လျောက်ပတ်မှု အသိတရားအားလုံးကို လျစ်လျူရှုလျက် ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်လာခဲ့သည်။

"ယန်နန်! ယန်နန် ကျွန်မကို ကြည့်ပါဦး... ကျွန်မပါ။ ကျွန်မက ဝမ်ယန်နီလေ။ ရှင် ကယ်ခဲ့တဲ့တစ်ယောက်။ ကျွန်မ ရှင့်ကို လက်ထပ်ဖို့ လာခဲ့တာ။ ရှင် ကလေးမရနိုင်တာကို ကျွန်မ ဂရုမစိုက်ပါဘူး။ ကျွန်မ... အွန်း!"

ရှေ့တွင် သူ့အစ်မ၏ ကံဆိုးသော "ရည်မှန်းထားသူ" ကို ပိုအနီးကပ် ကြည့်ရှုရန် စူးစမ်းလိုစိတ်က ဦးဆောင်သွားခဲ့သည့် ဝမ်အန်းချုန်းသည် သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။

ထိုအကြည့်တစ်ချက်တွင်ပင် သူသည် စစ်ဝတ်စုံပင်လယ်ကြီးထဲမှ ရှီးယန်နန်ကို ချက်ချင်း ရွေးထုတ် တွေ့ရှိသွားသည်။

သူ့ကို မှားယွင်းရန် အကြောင်းမရှိပေ။ သူသည် ရိုးရှင်းစွာပင် အလွန် ထင်ရှားပေါ်လွင်နေသည်။

ထိုလူသည် အရပ် ခြောက်ပေ သုံးလက်မ နီးပါး ရှိပြီး မြင့်မား၍ အားကောင်းသော ကိုယ်လုံးကိုယ်ပေါက်ဖြင့် တည်ဆောက်ထားသည်။ သူ၏ ကြွက်သားများဖြင့် ပြည့်သော ကိုယ်ထည်သည် မပြုပြင်ရသေးသော ခွန်အားတစ်ခု ဖြစ်သည်။ အနားယူနေစဉ်ပင် သူသည် ထို ထွင်းထုထားသော လိုင်းများအောက်တွင် တည်ရှိနေသည့် ပေါက်ကွဲထွက်မတတ်သော စွမ်းအားကို အရိပ်အမြွက် ပေးလျက် မနည်း ထိန်းချုပ်ထားရသော စွမ်းအင်တစ်ခုကို ထုတ်လွှင့်နေသည်။

အမျိုးသားတစ်ဦး၏ အခြားအမျိုးသားများအပေါ် ထားရှိသည့် စံနှုန်းများသည် ရုပ်ရည်အသွင်အပြင်ကို အဓိကမထားပေ။ စစ်တန်းလျားတွင် ကြီးပြင်းလာခဲ့သူ ဝမ်အန်းချုန်းသည် သူကိုယ်တိုင် ဆယ်ကျော်သက် လူငယ်တစ်ဦးသာ ဖြစ်နေသေးသော်လည်း သိမ်မွေ့သော ပြင်ပ အသေးစိတ် အချက်အလက်များနှင့် ပြင်းထန်သော တက်ကြွမှု၏ ရောင်ဝါတို့မှပင် ထူးခြားသော လူတစ်ဦးကို ရှာဖွေတွေ့ရှိနိုင်သည်။

ထို့ထက် ပိုသည်မှာ ဤလူသည် အနည်းငယ် ညစ်ပတ်ပေရေနေသော်လည်း ပြတ်သား၍ ထင်ရှားသော ရုပ်သွင်များဖြင့် ထူးခြားစွာ ချောမောသော မျက်နှာတစ်ခု ရှိသည်။

ဝမ်အန်းချုန်းသည် သူ့နှလုံးသားထဲတွင် တိတ်ဆိတ်စွာ လေချွန်လိုက်မိသည်။ ဤလူသည် သူ၏ ကံဆိုးသော ယခင်ယောက်ဖထက် အဆပေါင်းများစွာ သာလွန်သည်။

သို့တိုင် ဤကဲ့သို့ ထူးချွန်ပြောင်မြောက်သော လူတစ်ဦးက သူ့ မိသားစု၏ "ဘာမှ အသုံးမကျသော" ဝမ်ယန်နီကို မည်သို့ နှစ်သက်နိုင်မည်နည်း။ ဒါက အလွန် ရယ်စရာကောင်းသည် မဟုတ်ပါလား။

ထို့ကြောင့် ဝမ်ယန်နီ၏ မှတ်ချက်စကားများက ပို၍ တရားလွန်လာသောအခါ သူသည် သူမ၏ ပါးစပ်ကို ပိတ်ရန် ချက်ချင်း လက်လှမ်းလိုက်သည်။ သူ့ အစ်မ၏ ညစ်ညမ်းသော စကားများကြောင့် သူ အရိုက်ခံရမည်ကို မလိုလားပေ။

သို့သော် ဝမ်ယန်နီ၏ ပို၍ ပြင်းပြလာသော ခေါ်သံကြောင့် ရှီးယန်နန်သည် သူ၏ ခြေလှမ်းများကို တစ်ဖန် ရပ်တန့်လိုက်ပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ အစပိုင်းက စူးစမ်းလိုစိတ်အစား သူ့မျက်နှာသည် လုံးဝ စိတ်မရှည်မှုကိုသာ ပြသနေသည်။

သူလုံးဝ မသိသော အမျိုးသမီးတစ်ဦးက ဤကဲ့သို့ ချစ်ခင်သော လေသံဖြင့် ခေါ်ဝေါ်ခြင်း ခံရသည်မှာ ရှီးယန်နန်ကို အလွန် မသက်မသာ ခံစားရစေသည်။

မည်းမှောင်သော မျက်နှာထားဖြင့် သူက ဒုက္ခ ရှာနေသော အမျိုးသမီးထံသို့ ဓားသွားကဲ့သို့ ထက်ရှသော အကြည့်တစ်ချက်ကို တည့်တည့် လှမ်းပစ်လိုက်ပြီး အေးစက်၍ မုန်တိုင်းတိုက်တော့မည့် လေသံဖြင့် မေးလိုက်သည်။ "မင်း ဘယ်သူလဲ။"

သူမ ချစ်မြတ်နိုးရသူ၏ အာရုံစိုက်မှုကို ရရှိသောအခါ ဝမ်ယန်နီသည် ဝမ်းသာကြည်နူးသွားသည်။ သူမသည် ဝမ်အန်းချုန်း၏ လက်ကို ကိုက်လိုက်ပြီး သူက နာကျင်မှုကြောင့် လွှတ်ပေးလိုက်သောအခါ သူမသည် သူမ၏ ရှေ့တွင် ရပ်နေသော ကြမ်းတမ်း၍ ယောက်ျားပီသသော ရှီးယန်နန်ကို စွဲလန်းစွာ စိုက်ကြည့်နေသည်။

"ကျွန်မလေ၊ ယန်နီလေ။ ရှင် မမှတ်မိဘူးလား။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျွန်မ အနိုင်ကျင့်ခံနေရတုန်းက ရှင် လူမိုက်တွေကို မောင်းထုတ်ပေးခဲ့တယ်လေ။"

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှီးယန်နန်သည် အမှန်တကယ် မမှတ်မိပေ။ သူသည် သဘာဝအားဖြင့် အနည်းငယ် ခပ်တန်းတန်း နေတတ်သော်လည်း မတရားမှုကို မျက်ကွယ်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် နှစ်များတစ်လျှောက် သူသည် မရေမတွက်နိုင်သော လူများကို ရုတ်တရက် အခြေအနေများတွင် ကူညီခဲ့ဖူးသည်။

သို့သော် ဤသည်မှာ ထိုအကြောင်းကြောင့် တစ်စုံတစ်ယောက်က သူ့ကို လာရှာခြင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ရှီးယန်နန်သည် သူ့မေးကို ပွတ်သပ်လိုက်ပြီး သူ၏ အကြည့်မှာ ဂရုမစိုက်သလို အနည်းငယ် အံ့ဩသလို ဖြစ်နေသည်။

ဒါပေမယ့် အဲ့ဒီ့တော့ ဘာဖြစ်လဲ?

ထိုအမျိုးသမီးကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ရှီးယန်နန်သည် တာဝန်ရှိသူဟု ထင်ရသော ဝမ်အန်းချုန်းကို တည့်တိုး စကားပြောလိုက်သည်။

"သူ နေမကောင်းရင် သူ့ကို အပြင် ထွက်ခွင့်မပေးနဲ့။ သူ ငါ့နာမည်ကို ထပ်ခေါ်တာ ငါ မကြားချင်ဘူး။"

ထိုသို့ပြောပြီးနောက် လုံးဝ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသော ရှီးယန်နန်သည် သူ့ရဲဘော်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကျန်ရစ်ခဲ့သော လူများသည် ရှီးယန်နန်၏ ရွံရှာစက်ဆုပ်သော အမူအရာကို ကြည့်၍ မရယ်ဘဲ မနေနိုင်ကြပေ။

ဝမ်ယန်နီ၏ ဂုဏ်သိက္ခာကို မငဲ့ညှာသည့်အတွက် သူတို့ကို အပြစ်တင်နိုင်သူ မရှိပေ။ မည်သို့ပင်ဆိုစေ သူမ ကျွန်းပေါ်သို့ မကြာသေးမီက ရောက်ရှိလာကတည်းက သူမသည် မိသားစုဝင်းထဲရှိ လူတိုင်းနီးပါးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နိုင်ခဲ့သည်။

ဝမ်ယန်နီသည် ဤကဲ့သို့သော တုံ့ပြန်မှုကို မမျှော်လင့်ထားခဲ့ပေ။ ဗိုလ်မှူးကြီးတစ်ဦး၏ သမီးတစ်ယောက်အနေဖြင့် သူမသည် ကလေးမရနိုင်ဟု သတင်းထွက်နေသော အမျိုးသားတစ်ဦးကို လက်ထပ်ရန် ဆန္ဒရှိခဲ့သည်။ သူမသည် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှု ပြုလုပ်နေသည်ဟု ထင်ခဲ့သည်။ ဒါကိုတောင် ဘာလို့ ရှီးယန်နန်က ဤကဲ့သို့ တုံ့ပြန်နေရသနည်း။

ဝမ်အန်းချုန်းသည် သူ၏ရယ်မောသံကို ထိန်းချုပ်ရန် ကြိုးစားနေရသည်။ အကယ်၍ ဤအချိန်တွင် ရယ်မောခြင်းသည် အလွန် မသင့်လျော်သည်သာ မဟုတ်ပါက သူသည် ထိုနေရာတွင်ပင် ပေါက်ကွဲထွက်မတတ် ရယ်မောမိလိမ့်မည်။

သူ့အစ်မသည် ဟာသတစ်ခုမျှသာ ဖြစ်သည်။ ကျွန်းတစ်ကျွန်းလုံးက သူမ၏ ဆူပူအော်ဟစ်မှုအကြောင်း သိရှိကြပြီး ဒါက သူမ၏ ဖခင်အား အရှက်ရစေခြင်းမှတပါး အခြားဘာမျှ မဖြစ်စေခဲ့သည့် မြင်ကွင်းတစ်ခုပင်။

သူမ သဘောကျနေသော လူက သူမ ဘယ်သူမှန်းပင် မသိခဲ့သည်ကို တွေးကြည့်ဦး .. ယခု ဒီအခြေအနေမှာ အမှန်တကယ် ရယ်စရာကောင်းလှသည်။

ဝမ်ယန်နီ၏ မျက်နှာပေါ်ရှိ လုံးဝ ရှုံးနိမ့်နေသော အမူအရာကို မြင်သောအခါ ဝမ်အန်းချုန်း၏ မျက်လုံးများတွင် ခနဲ့တဲ့တဲ့ အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

ဘယ်လိုတောင် ထေ့ငေါ့ချင်စရာကောင်းလိုက်လဲ? အများအားဖြင့် သူမ၏ ကိုယ်ပိုင် ပျော်ရွှင်မှုကိုသာ တွေးတောလေ့ရှိသော ပေါ့ပေါ့ပါးပါး နေတတ်သည့် ဝမ်ယန်နီသည် ယခုအခါ ရှားပါးသော စိတ်ပျက်အားငယ်သည့် အမူအရာကို ပြသနေသည်။

သူမကို နောက်ထပ် ဒုက္ခ မရှာစေလိုသောကြောင့် ဝမ်အန်းချုန်းသည် နောက်ထပ် မထိန်းထားတော့ပေ။ သူသည် သူ၏ အိတ်ကပ်ထဲမှ အဝတ်စရှည်တစ်စကို ဆွဲထုတ်ပြီး သူမ၏ ပါးစပ်ကို လျင်မြန်စွာ ပိတ်ဆို့လိုက်ကာ သူမကို သင်္ဘောပေါ်သို့ အတင်းအကျပ် ဆွဲတင်သွားခဲ့သည်။

သူမကို ပြုပြင်ပြောင်းလဲရန် ကျေးလက်တောရွာသို့ ပို့ဆောင်ခြင်းသည် ယခုအခါ အရေးတကြီး ကိစ္စတစ်ခု ဖြစ်လာပုံရသည်။

ဤဟာသပြဇာတ်တစ်ခုလုံးသည် ရှည်လျားပုံရသော်လည်း အမှန်တကယ်တွင် မိနစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။

ထို့ကြောင့် စုရှီသည် သူမ၏ တံခါးဝမှ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည့် အချိန်တွင် သူမသည် ပြန်လည် ရောက်ရှိနေပြီဖြစ်သော သူမ၏ မိသားစုဝင်များနှင့် ဆုံတွေ့ခဲ့သည်။

စုရှီကို မြင်သောအခါ လူတိုင်းသည် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သူမအား စိတ်အားထက်သန်စွာ ပြန်လည် ပြောပြကြသည်။

အပိုင်းအစများကို ဆက်စပ်လိုက်ခြင်းဖြင့် စုရှီသည် ဆိပ်ကမ်းတွင် ဘာဖြစ်ခဲ့သည်ကို လျင်မြန်စွာ နားလည်သွားသည်။

သူမသည် အံ့ဩရယ်မောမိလျက် အနည်းငယ် ပြန်လည် တွေးတောမိခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ဤလောကတွင်ပင် ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦးသည် ကပ်ဘေးကို ဧကန်မုချ ယူဆောင်လာနိုင်ပုံပင်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကျော် ကုန်လွန်သွားခဲ့သည်။

တာဝန်ချထားရေး အမိန့်များသည် အကြီးတန်းဗိုလ်မှူးကြီး ကျန်း၏ စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။

စုရှီနှင့် စုတုန်တို့သည် မနေ့က သူတို့၏ နောက်ဆုံး တာဝန်ချိန်များကို တာဝန်ထမ်းဆောင်ခဲ့ပြီး နှစ်ပေါင်းများစွာ အတူတကွ လုပ်ကိုင်ခဲ့သော လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ခဲ့ကြသည်။ ယနေ့တွင် သူတို့ တာဝန် မဝင်ကြတော့ပေ။

ထိုအစား သူတို့သည် ယူဆောင်သွားရန် သူတို့၏ ပစ္စည်းများကို ထုပ်ပိုးခြင်းဖြင့် အလုပ်များနေကြသည်။

သူတို့တွင် ထုပ်ပိုးစရာ အနည်းငယ် ရှိသော်လည်း အခြားသူများစွာသည်လည်း ဤတစ်ကြိမ်တွင် J မြို့သို့ ဦးတည်နေကြသည်။

ရှဲ့ကျန်းသည် ပြောင်းရွှေ့ရန်အတွက် ရှီးယန်နန်ကို ရွေးချယ်ခဲ့သည့်အပြင် အကြီးတန်းဗိုလ်မှူးကြီး ကျန်း၏ မချိုမချဉ် မျက်နှာထားကို ပမာမခန့်ပြုလျက် မူလတပ်ဖွဲ့မှ ထိပ်တန်း စစ်ရေးစွမ်းရည်များ ရှိသော ထူးချွန်သည့် စစ်သား နှစ်ဆယ်ဦးကို ရွေးချယ်ခဲ့သည်။

လူပေါင်းများစွာ အတူတကွ ထွက်ခွာကြသဖြင့် စု မိသားစု ယူဆောင်လာသော နည်းပါးသော ခရီးဆောင်အိတ် ပမာဏသည် အရေးပါပုံ မရတော့ပေ။ အထူးသဖြင့် သူတို့သည် သူတို့၏ ပိုကြီးသော ပစ္စည်းများကို ပေးပစ်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

ပတ်ဝန်းကျင်သစ်သည် အမြဲတမ်း စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှု ခံစားချက်ကို ယူဆောင်လာသည်။

ဤပြောင်းရွှေ့မှုနှင့်အတူ ရှဲ့ကျန်းနှင့် ရှီးယန်နန် နှစ်ဦးစလုံး ရာထူး တိုးမြှင့်ခံခဲ့ရသည်။

ဥပမာအားဖြင့် ရှဲ့ကျန်းကို ကြည့်ပါက သူသည် တပ်ရင်းမှူးလုံးလုံးဖြစ်နေဆဲ ဖြစ်သော်လည်း ယခု သူသည် ဗိုလ်မှူးကြီး ရာထူးကို ရရှိထားပြီ ဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး ဖြစ်ခဲ့ဖူးသော ရှီးယန်နန်မှာမူ ဗိုလ်မှူး ရာထူးသို့ တိုးမြှင့်ခံခဲ့ရသည်။ ဤသို့ အတော်အတန် ငြိမ်းချမ်းသော အချိန်များတွင် သူတို့၏ အသက်အရွယ်များ၌ ဤကဲ့သို့သော ရာထူးများသို့ ရောက်ရှိခြင်းသည် အထင်ကြီးလောက်သော အောင်မြင်မှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

စုရှီကို အနည်းငယ် ဝမ်းနည်းစေသည့် တစ်ခုတည်းသောအရာမှာ သူမ ရင်းနှီးသော သူငယ်ချင်းများနှင့် ခွဲခွာရခြင်း ဖြစ်သည်။

ရှီလင်းလင်းနှင့် ယွမ်ယွမ်တို့သည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း စုရှီကို ပစ္စည်းများ ထုပ်ပိုးရာတွင် ကူညီပေးနေခဲ့ပြီး စုရှီ၏ ပျော်ရွှင်သော အမူအရာ တဖြည်းဖြည်း မှိန်ဖျော့သွားသည်ကို မြင်သောအခါ ရှီလင်းလင်းက စနောက်လိုက်သည်။ "အို မငိုပါနဲ့ဦး။ ငါတို့က လအနည်းငယ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ကြရဦးမှာပဲလေ။"

စုရှီ အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။ “နင် ဘာကို ဆိုလိုတာလဲ။"

ရှီလင်းလင်းက ပြန်ဖြေလိုက်သည်။ "ဘာလဲ? ငါ နင့်ကို မပြောမိဘူးလား။"

စုရှီက သူမကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ "နင် ဘယ်လို ထင်လဲ။"

ရှီလင်းလင်းက သူမ၏ နှာခေါင်းကို အနေရခက်စွာ ပွတ်သပ်လိုက်သည်။

"ငါ့ ယန်အန်းကလည်း လအနည်းငယ်အတွင်း J မြို့ကို သွားရတော့မယ်။ သူက နင်တို့နဲ့ စစ်ခရိုင် အတူတူတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ အကြီးတန်းဗိုလ်မှူးကြီး ရာထူး တိုးသွားပြီ။ ဒါကြောင့် ငါတို့ မကြာခင် ပြန်တွေ့ကြရမှာပါ။"

စုရှီသည် ဤကဲ့သို့သော သတင်းကောင်းကို မမျှော်လင့်ထားခဲ့ပေ။ ယန်အန်း၏ အသက်... သူသည် သုံးဆယ့်ခြောက် သို့မဟုတ် သုံးဆယ့်ခုနစ်နှစ်နှင့်အတူ သူ၏ ထူးချွန်သော အရည်အချင်းများနှင့် ခိုင်မာသော မိသားစု နောက်ခံတို့ကို ထောက်ရှုလျှင် ဗိုလ်မှူး ရာထူးသို့ ရောက်ရှိခြင်းသည် သူ့အတွက် လုံးဝ ပုံမှန်ပင်။

သူမ ပြုံးလိုက်ပြီး သူမ၏ သူငယ်ချင်းကို ဂုဏ်ပြုစကား ဆိုလိုက်ရာ သူတို့၏ မကြာမီ ခွဲခွာရတော့မည် ဖြစ်ခြင်းအပေါ် ဝမ်းနည်းမှု အနည်းငယ် ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် သူမသည် နောက်ထပ် သတင်းကောင်းများ မျှော်လင့်လျက် ယွမ်ယွမ်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

ယွမ်ယွမ်က စုရှီ၏ ပါးကို စနောက်သည့်သဘောဖြင့် ပုတ်လိုက်ရင်း မဲ့ပြုံး ပြုံးလိုက်သည်။ "နင် ဘာကို မျှော်လင့်နေတာလဲ။ ငါ့ လောင်လီလည်း ပြောင်းရွှေ့ဖို့ ရှိတာတော့ သေချာတယ်။ သူ ရာထူးတိုးဖို့ တန်းစီနေရနိုင်တယ်လို့ မကြာသေးခင်က ပြောဖူးတယ်။ ဒါပေမဲ့ သူ J မြို့ကို သွားရမှာတော့ ဟုတ်ပုံမရဘူး။ အဲ့ဒီနေရာက ဝင်ရလွယ်ကူတဲ့ နေရာမျိုးမှ မဟုတ်တာ။"

သူမ၏ သူငယ်ချင်းများနှင့် ခွဲခွာရခြင်းအတွက် နှမြောတသစိတ် ခံစားရသော်လည်း စုရှီသည် ဤသည်မှာ ဘဝသာ ဖြစ်ကြောင်း နားလည်သည်။ မပြီးဆုံးသော ပွဲဟူ၍ မရှိပေ။ သူတို့ မျှဝေခဲ့သော သံယောဇဉ်ကို သူတို့ သတိရနေသမျှ သူတို့ မည်မျှပင် ဝေးကွာနေပါစေ သူတို့၏ ခင်မင်မှုသည် မှေးမှိန်သွားမည် မဟုတ်ပေ။

အနည်းဆုံးတော့ ယွမ်ယွမ်သည် မေ့လျော့သွားမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူမ၏ အသက်နှင့် သူမ၏သား ဖင်းအန်း၏ အသက် နှစ်ခုစလုံးကို စုရှီက ကယ်တင်ခဲ့ဖူးသည်။ သူမ အမြဲတမ်း နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်လျက်ပင်။

၁၉၇၁ ခုနှစ် ဩဂုတ်လ ၁၃ ရက်။

စုရှီသည် သူမ၏ သူငယ်ချင်းများကို လက်ပြ နှုတ်ဆက်လိုက်ပြီး သူမ၏ မိသားစုနှင့်အတူ သူတို့ ငါးနှစ် သို့မဟုတ် ခြောက်နှစ်ကြာ နေထိုင်ခဲ့သော ဟုန့်ကျွင်းကျွန်းမှ ထွက်ခွာခဲ့ကာ ခရီးစဉ်သစ်တစ်ခုကို စတင်ခဲ့သည်။

သူတို့သည် အကြီးတန်းဗိုလ်မှူးကြီး ကျန်းက အထူး စီစဉ်ပေးသော စက်လှေတစ်စီးပေါ်သို့ တက်ရောက်ခဲ့ကြသည်။ စုရှီ၏ မိသားစုနှင့်အတူ တင်းကျပ်သော ရွေးချယ်မှုများကို အောင်မြင်ခဲ့သည့် စစ်သား နှစ်ဆယ်ဦးလည်း ပါဝင်သည်။

သူတို့၏ သမီးလေးကို ပွေ့ချီရင်း မျက်ရည်စို့နေသော စုရှီကို ကြည့်ရင်း ရှဲ့ကျန်းသည် သနားစာနာစိတ် တစ်ချက် ဖြစ်ပေါ်လာသည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ဇနီးနှင့် သမီး နှစ်ဦးစလုံးကို ပွေ့ချီလိုက်သည်။

သူတို့ကို ကလေးများကဲ့သို့ လက်တစ်ဖက်စီတွင် တစ်ယောက်စီ ပွေ့ချီလျက် သူသည် သူ၏ ခြေတံရှည်များကို အခွင့်ကောင်းယူကာ လှေဦးပိုင်းသို့ လျှောက်သွားခဲ့ရာ သူတို့ ပတ်ဝန်းကျင်ရှိ စစ်သားများကို အံ့အားသင့်မှုဖြင့် မျက်လုံးပြူး ကျန်ရစ်စေခဲ့သည်။

သူက ပြောလိုက်သည်။ "ကဲပါ မငိုနဲ့တော့။ မင်း မျက်လုံးတွေ အကုန် ဖောင်းနေပြီ။ ဆက်ငိုနေရင် မလှဘဲ နေတော့မယ်။"

စုရှီ မရယ်ဘဲ မနေနိုင်တော့ဘဲ သူ၏ ပခုံးကို စနောက်သည့်သဘောဖြင့် ပုတ်ရန် သူမ၏ လက်ကို မြှောက်လိုက်သည်။ သူမ အနည်းငယ် ရုန်းကန်ရင်း ပြောလိုက်သည်။

"ရှင် ကျွန်မကို ထောင်ထောင်လို သဘောထားနေတာလား။ ကျွန်မကို ချပေး။ လူတွေအားလုံး ကြည့်နေကြတယ်။"

ရှဲ့ကျန်းသည် ကိုယ်ကိုကိုင်းကာ သူမကို နမ်းပြီး ပြန်ဖြေလိုက်သည်။ "စိတ်မပူပါနဲ့။ သူတို့ တစ်ခွန်းမှ မပြောရဲပါဘူး။"

All Chapters