← Chapters

ဘိုးဘေးလော်ချိုး

Vol. 6 Ch. 60

ဘိုးဘေးလော်ချိုး

Vol. 6 Ch. 60

ညီငယ်ညီမငယ်များ အားလုံး ကြက်သေသေ သွားကြတော့သည်။

အထူးသဖြင့် ဝမ်လိချီပင် ဖြစ်သည်။ သူမသည် မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် အံ့သြနေလေသည်။ ဒီလို အကွက်မျိုး ရှိနိုင်သေးတာလား။

ခုနလေးတင် အဆင်ပြေနေပြီး အခုချက်ချင်း ရန်ထဖြစ်ကြတော့တာလား။

သို့သော် ဝမ်ရှိုကျဲ့သည် လော်ကျင်း၏ တွေးခေါ်ပုံကို အတော်လေး သဘောကျမိသည်။ သာမန်လူတစ်ယောက်အတွက် သူတို့၏ အစီအစဉ် ပေါက်ကြားသွားပြီးနောက် ချက်ချင်း တိုက်ခိုက်ဖို့ စဉ်းစားဖို့ဆိုတာ မလွယ်ကူပေ။ အချိန်ကိုက် တိုက်ခိုက်မှုက မျှော်လင့်မထားလေ အောင်မြင်နိုင်ခြေ များလေပင် ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူမသည် ဝမ်ရှိုကျဲ့ကို လျှော့တွက်ခဲ့မိသည်။

"လော်ကျင်း... စတုတ္ထအစ်ကိုကြီးက ညီမလေးကို လိမ္မာလာအောင် သင်ပေးရဦးမယ်"

ဝမ်ရှိုကျဲ့ ပြုံးလျက် ပြောလိုက်လေသည်။

"နောက်တစ်ခါ တစ်ယောက်ယောက်ကို ခြုံခိုတိုက်ခိုက်မယ်ဆိုရင် အသက်ရှုတာကို ထိန်းဖို့နဲ့ တည်ငြိမ်နေဖို့ သတိထားပါ ခုနက ညီမလေးရဲ့ စွမ်းဆောင်ရည်က မဆိုးပါဘူး ဒါပေမယ့် အသက်ရှုတာ အရမ်းမြန်နေတယ် နှလုံးခုန်သံလည်း မြန်လွန်းနေတယ် ပြီးတော့ ကင်းခြေများ ပစ်လွှတ်လိုက်တဲ့ နည်းစနစ်က နည်းနည်း ကြမ်းတမ်းနေသေးတယ် ဒါပေမယ့် နည်းဗျူဟာပိုင်းနဲ့ တွေးခေါ်မှုအပိုင်းမှာတော့ ကောင်းပါတယ် ချီးကျူးစရာပါပဲ"

ဒီ ရွှမ်းဟွမ်ကမ္ဘာကြီးက အန္တရာယ် အရမ်းများပါတယ်။ တစ်ခါတစ်ရံ တိုက်ပွဲတစ်ခုက အသက်နဲ့ သေခြင်းကို ဆုံးဖြတ်ပေးနိုင်သလို မိသားစုတစ်ခုလုံးရဲ့ ကံကြမ္မာကိုပါ သက်ရောက်နိုင်ပါတယ်။ ဝမ်ရှိုကျဲ့က မတိုက်ခိုက်ချင်ပေမယ့် တိုက်ပွဲက မလွဲမသွေ ဖြစ်လာမယ်ဆိုရင်တော့ အသက်ရှင်ကျန်ရစ်သူက ကိုယ့်လူတွေပဲ ဖြစ်စေချင်တာပါ။

"ရှောင်ဟုန်"

ဝမ်လော်ကျင်း၏ မျက်ဝန်းများတွင် ရုတ်တရက် မျက်ရည်များ ပြည့်လျှံလာတော့သည်။

"ဝူး... စတုတ္ထအစ်ကိုကြီးက ရက်စက်တယ် သမီးက ရှောင်ဟုန်ကို တော်တော်လေး ခက်ခက်ခဲခဲ ဖမ်းထားရတာကို"

အာ...

သူ နည်းနည်း လက်လွန်သွားပုံရသည်။ လော်ကျင်းအနေဖြင့် အဆိပ်ရှိသော ကင်းခြေများ တစ်ကောင်ကို မွေးမြူထားရသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။

ဝမ်ရှိုကျဲ့ သူမကို နှစ်သိမ့်ရန် ပြင်လိုက်စဉ် သူ့လက်မောင်းမှ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး ထုံကျင်မှုတစ်ခုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။ သူ ထိခိုက်သွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူ လက်မောင်းကို ခါလိုက်ရာ လက်မအရွယ်ခန့်ရှိသော ရောင်စုံ ပင့်ကူအချို့ လွင့်ထွက်သွားလေသည်။

"လော်ကျင်း... နင်..."

ဝမ်ရှိုကျဲ့ လေကို ရှိုက်သွင်းလိုက်မိသည်။ ခေါင်းနီ ကင်းခြေများက အာရုံလွှဲရုံ သက်သက်မှန်း သူ ထင်မထားခဲ့မိပေ။

"စတုတ္ထအစ်ကိုကြီး... ညီမလေးကလည်း အစ်ကိုကြီးကို လိမ္မာအောင် ပြန်သင်ပေးလိုက်တာပါ"

ဝမ်လော်ကျင်းသည် ဝမ်ရှိုကျဲ့နှင့် နှစ်ကိုက်ခန့် အကွာသို့ ခုန်ဆုတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။

"ပထမအချက်... ဘယ် ဝိညာဉ်ပိုးမွှားထိန်းချုပ်သူကိုမှ လျှော့မတွက်ပါနဲ့ သူတို့ရဲ့ နည်းဗျူဟာတွေက အရမ်းကို ရှုပ်ထွေးပြီး မျှော်လင့်မထားနိုင်စရာတွေပါ အဆိပ်ရှိတဲ့ ပိုးမွှားတွေက ပိုကြီးလေ ပိုအဆိပ်ပြင်းလေ မဟုတ်ပါဘူး တချို့ အဆိပ်ပိုးမွှားလေးတွေက သေးငယ်လွန်းလို့ မျက်စိနဲ့တောင် မမြင်နိုင်ပါဘူး"

"ဒုတိယအချက်... ဘယ် ကောင်မလေးကိုမှ လျှော့မတွက်ပါနဲ့ သူတို့ရဲ့ အန္တရာယ်မရှိသလို ရိုးသားဖြူစင်တဲ့ ပုံစံလေးက အကောင်းဆုံး အကာအကွယ် အခွံပါပဲ နောင်ကျရင် စတုတ္ထအစ်ကိုကြီး အပြင်ထွက်တဲ့အခါ လူတိုင်းကို သတိထားပါ အထူးသဖြင့် ရိုးသားတဲ့ ကောင်မလေးပုံစံ ပေါက်နေတဲ့သူတွေကိုပေါ့"

ဝမ်ရှိုကျဲ့ မျက်နှာရဲသွားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။

"စတုတ္ထအစ်ကိုကြီး သင်ခန်းစာ ရသွားပါပြီ နောက်ဆို ပိုသတိထားပါ့မယ် ဟေး... ဒါ ဘာပင့်ကူမျိုးလဲ အဆိပ် တော်တော်ပြင်းသားပဲ... အရင်ဆုံး ဖြေဆေး ပေးပါဦး"

သူ မအံ့သြဘဲ မနေနိုင်တော့ပေ။ လော်ထုံရော ရှိုနော်ပါ လော်ကျင်းကို လျှော့မတွက်ဖို့ သူမက တော်တော်လေး ဉာဏ်များကြောင်း သူ့ကို သတိပေးဖူးသည်။ သူက အရင်တုန်းက သိပ်အရေးမလုပ်ခဲ့မိပေမယ့် အခုတော့ သူမရဲ့ ဉာဏ်များပုံကို ကိုယ်တိုင် ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။

ကျွတ် ကျွတ်... ဒီကောင်မလေး ကြီးလာရင် သေချာပေါက် လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။ ဟင့်အင်း... အခုတောင် မလွယ်ကူတော့ပါလား။

"ဖြေဆေး ဟုတ်လား... အဲဒါ ဘာကြီးလဲဟင်"

ဝမ်လော်ကျင်းက ရိုးသားဟန်ဆောင်ကာ မေးလိုက်လေသည်။

ဝမ်ရှိုကျဲ့၏ မျက်နှာထား တောင့်တင်းသွားပြီး သွေးအန်လုမတတ် ဖြစ်သွားရသည်။ လော်ကျင်း... နင် ငါ့ကို စနောက်နေတာလား။ အဆိပ်ပိုးမွှားကို ဆောင်ထားပြီး ဖြေဆေး မဆောင်ထားဘူးလား။ အကိုက်ခံရမှာ မကြောက်ဘူးလား။

အရေးအကြီးဆုံးက နင်က နင့်အစ်ကိုကို ကိုက်ခိုင်းလိုက်ရဲတယ်ပေါ့...

"လော်ချိုး၊ ကိုကိုငါး၊ ကိုကိုခြောက်၊ အမကြီး... နင်တို့ ဘာလုပ်နေကြတာလဲ မြန်မြန် လှုပ်ရှားကြလေ စတုတ္ထအစ်ကိုကြီးကို ချီစွမ်းအင်နဲ့ အဆိပ်ထုတ်ဖို့ အချိန်မပေးနဲ့"

ဝမ်လော်ကျင်းက စူးရှစွာ အော်ပြောလိုက်လေသည်။

"ဒါမှမဟုတ်ရင် နင်တို့အားလုံး မျိုးနွယ်စု စာသင်ဆောင်မှာ တစ်နှစ်လောက် နေရလိမ့်မယ်"

ဒီလောက် အဆိပ်ပမာဏက စတုတ္ထအစ်ကိုကြီးကို လုံးဝ ဒုက္ခပေးနိုင်မှာ မဟုတ်ကြောင်း သူမ ကောင်းကောင်း သိထားသည်။

"မဟာမိစ္ဆာဘုရင်ကြီး စတုတ္ထအစ်ကို... ခံလိုက်စမ်း"

အသက် ၁၁ နှစ်သာ ရှိသေးသော ဝမ်လော်ချိုးက တုံ့ပြန်လိုက်ပြီး ခြေလှမ်းကျဲကာ ဝမ်မျိုးနွယ်စု၏ အခြေခံလက်သီးသိုင်းကွက်ဖြင့် ဝမ်ရှိုကျဲ့ကို ဝင်ရောက်တိုက်ခိုက်လိုက်လေသည်။ သူမ၏ ကိုယ်နေဟန်ထားမှာ အမျိုးသား သိုင်းသမား အများစုထက်ပင် သာလွန်ကောင်းမွန်နေသည်။

ဝမ်ရှိုကျဲ့သည် သူမ၏ သပ်ရပ်သော ကိုယ်နေဟန်ထားနှင့် လက်သီးသိုင်းကွက်များကို မြင်လိုက်ရသဖြင့် အံ့သြဝမ်းသာ ဖြစ်သွားမိသည်။ ဝမ်လော်ကျင်းက မရိုးရှင်းသလို ဝမ်လော်ချိုးကလည်း မရိုးရှင်းပါလား။ သူမ၏ တိုက်ခိုက်ရေး စွမ်းရည်များသည် ကျွမ်းကျင်ပိုင်နိုင်လွန်းပြီး ကျင့်ကြံခြင်းအဆင့် တက်ဖို့လောက်သာ အာရုံစိုက်နေကြသော အခြား မိန်းကလေးများနှင့် လုံးဝ ကွာခြားနေသည်။ သူတို့က ကိုယ်ဖော့ပညာ၊ တိုက်ခိုက်ရေး စွမ်းရည်၊ ဓားသိုင်း၊ မြားပစ်နှင့် မြင်းစီးခြင်း စသည်တို့ကို အာရုံမစိုက်ကြပေ။

ဝမ်ရှိုကျဲ့သည် ဝမ်လော်ချိုးကို လျှော့တွက်ခဲ့မိသည်။

တစ်ချိန်တည်းမှာပင် ဝမ်ရှိုယုံးနှင့် ဝမ်ရှိုလျန်တို့သည်လည်း ဝမ်ရှိုကျဲ့ဆီသို့ ပြေးဝင်လာကြသည်။

"စတုတ္ထအစ်ကိုကြီး ခွင့်လွှတ်ပါ ကျွန်တော်တို့ အတင်းအကျပ် ခိုင်းစေခံရလို့ပါ"

ဝမ်လိချီပင်လျှင် အော်ဟစ်ကာ ဝမ်ရှိုကျဲ့ကို ဝင်ရောက်တိုက်ခိုက်လေသည်။

"မဟာမိစ္ဆာဘုရင်ကြီးကို အနိုင်ယူကြ"

ကံဆိုးစွာဖြင့် သူမ၏ ကျင့်ကြံခြင်းအဆင့် မဆိုးသော်လည်း ကိုယ်ဖော့ပညာနှင့် လက်သီးသိုင်းကွက်များမှာ အားနည်းလွန်းသဖြင့် သေချာလေ့ကျင့်ထားခြင်း မရှိကြောင်း သိသာနေသည်။

"ကောင်းပြီ... နင်တို့ရဲ့ သတ္တိက ငါမျှော်လင့်ထားတာထက် ပိုကောင်းနေတယ်"

ဝမ်ရှိုကျဲ့က ရယ်မောလိုက်လေသည်။

"ကံမကောင်းတာက နင်တို့ ငါ့ကို လျှော့တွက်နေတုန်းပဲ တကယ့် မဟာမိစ္ဆာဘုရင်ကြီးဆိုတာ ဘာလဲဆိုတာ ပြရသေးတာပေါ့"

"ဘုန်း"

ပြောပြောဆိုဆိုနှင့် ဝမ်ရှိုကျဲ့သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ချီသန့်စင်ခြင်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝမ်ရှိုယုံးမှာ တိုက်ရိုက် လွင့်စင်ထွက်သွားတော့သည်။

အခြေခံ စွမ်းရည်များနှင့် ပတ်သက်လျှင် မျိုးဆက်သစ် လူငယ်များထဲတွင်သာမက မျိုးဆက်ဟောင်းများထဲတွင်ပါ ဝမ်ရှိုကျဲ့နှင့် ယှဉ်နိုင်သူ ရှားပါးလှသည်။

ပါရမီရှင် သားအကြီးဆုံးအနေဖြင့် အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံထားပြီး အနာဂတ် ဘိုးဘေးအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် လေ့ကျင့်ပေးထားခြင်း ခံရသူ ဖြစ်သည်။ ဟန်ပြ သက်သက်သာ ရှိသော အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။

ညီငယ်ညီမငယ်များ၏ တိုက်ခိုက်မှုကြားတွင် သူသည် စိတ်အလိုအတိုင်း ရွေ့လျားနေပြီး လေထဲတွင် လွင့်နေသော မိုးမခပန်းပွင့်လေးများပမာ ခန့်မှန်းရခက်ကာ သဘာဝကျလှသည်။

"ငါတို့မျိုးနွယ်စုရဲ့ ရွှမ်းဝူ ကိုယ်ဖော့ပညာ - မိုးမခပွင့် ကိုယ်ဖော့ပညာပါလား"

ဘေးမှ ကြည့်နေသော ဝမ်လော်ကျင်း အံ့သြသွားလေသည်။ စတုတ္ထအစ်ကိုကြီးက တော်တော်လေး လျှို့ဝှက်တတ်တာပဲ မိုးမခပွင့် ကိုယ်ဖော့ပညာကိုတောင် ဒီလောက်အဆင့်ထိ ရောက်အောင် ကျင့်ကြံထားပါလား။

သူမကို ပိုပြီး အံ့သြစေတာက ဝမ်ရှိုကျဲ့ရဲ့ အဆိပ်ဒဏ် ခံနိုင်ရည်ပါပဲ။ သူမရဲ့ ရောင်စုံ ပင့်ကူလေးတွေက ဝိညာဉ်ပိုးမွှားအဆင့် မဟုတ်ပေမယ့် တစ်ချက်ကိုက်လိုက်တာနဲ့ ပေါင် ၂၀၀၊ ၃၀၀ လောက်ရှိတဲ့ ဝက်တစ်ကောင်ကို လဲကျသွားစေနိုင်ပါတယ်။

ဒါပေမယ့် စတုတ္ထအစ်ကိုကြီးကတော့ ဘာမှ မဖြစ်သလိုပါပဲ။ စတုတ္ထအစ်ကိုကြီးက အရမ်း ကြောက်စရာကောင်းတာပဲ တကယ့်ကို မဟာမိစ္ဆာဘုရင် အဆင့်ပါပဲ လူတွေကို မျှော်လင့်ချက်မဲ့စေတယ်။

ရှုံးပြီ...

ဒီ ညီငယ်ညီမငယ်တွေနဲ့ တူမလေးတစ်ယောက် အားလုံး ရှုံးနိမ့်သွားကြပြီ။ သူတို့အားလုံး မြေကြီးပေါ်တွင် ညည်းညူရင်း လဲကျနေကြသည်။ မိန်းကလေးများကတော့ တော်သေးသည် မျက်နှာကို အထိုးမခံရပေ။

ဝမ်ရှိုယုံးနှင့် ဝမ်ရှိုလျန်တို့မှာ အသက် ၁၄၊ ၁၅ နှစ်အရွယ် အမျိုးသား မျိုးနွယ်စုဝင်များ ဖြစ်ကြသဖြင့် ဝမ်ရှိုကျဲ့၏ အထူးဂရုစိုက်မှုကို ခံလိုက်ရပြီး မျက်နှာတွင် ဖူးယောင်ညိုမဲ ဒဏ်ရာများ ရရှိသွားကြသည်။

"ဟဲဟဲ... သဘောတူထားပြီးသားဆိုတော့ ရလဒ်ကို လက်ခံကြပါ"

ဝမ်ရှိုကျဲ့ ပြုံးလျက် လက်နောက်ပစ်ကာ ပြောလိုက်လေသည်။

"ဒီတစ်နှစ်လုံး ငါ့အတွက် ကြိုးစားပေးကြပါ ငါတို့ ဝမ်မျိုးနွယ်စုရဲ့ သားသမီးတွေက ကတိတည်ပြီး တာဝန်ယူစိတ် ရှိကြမယ်လို့ ယုံကြည်ပါတယ်"

ဒီစကားကို ကြားလိုက်ရတော့ အားလုံး၏ မျက်နှာများ မချိုမချဉ် ဖြစ်သွားကြသည်။ အင်း... ရှေ့ဆက်ရမယ့် နေ့ရက်တွေကတော့ ခက်ခဲတော့မှာပဲ။

"ဟွန်း"

အသက်အငယ်ဆုံး ဖြစ်သော်လည်း ဇွဲအရှိဆုံး ဖြစ်သော ဝမ်လော်ချိုးက ပြောလိုက်လေသည်။

"ဒီနှစ်မှာ သမီး စာကိုပဲ အာရုံစိုက်လိုက်မယ် ဒါပေမယ့် သေချာပေါက် ပိုကြိုးစားပြီး လေ့ကျင့်မယ် နောက်နှစ်ကျရင် ပြန်လာခဲ့မယ်"

"နင့်ရဲ့ သတ္တိကို ချီးကျူးပါတယ် နောက်နှစ်ကျရင်လည်း အားလုံးကို ကြိုဆိုပါတယ် လော်ချိုး... နင်က စိတ်ဓာတ်အပြင်းထန်ဆုံး ဖြစ်ပုံရတယ် အားလုံးကို သေချာ တိုက်တွန်းပေးလိုက်ပါဦး"

ဝမ်ရှိုကျဲ့ ခပ်ဖွဖွ ပြုံးလိုက်ပြီး လက်နောက်ပစ်ကာ ထွက်ခွာသွားတော့သည်။

သူ ထွက်သွားပြီးနောက် ညီငယ်ညီမငယ်များနှင့် တူမတစ်ယောက်တို့သည် မြေကြီးပေါ်မှ ထကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ မဟာမိစ္ဆာဘုရင်ကြီး ဝမ်ရှိုကျဲ့က တကယ်ပဲ ဒီလောက် ကိုင်တွယ်ရခက်တာလား။

"အားလုံးပဲ စိတ်ဓာတ်မကျကြပါနဲ့"

ဝမ်လော်ချိုးက ပြောလိုက်လေသည်။

"စတုတ္ထအစ်ကိုကြီးက စွမ်းအားကြီးတယ် ဆိုပေမယ့် ငါတို့ဘက်က ငါးယောက်လေ ဒီနှစ်မှာ ငါတို့အားလုံး အဆင့်တစ်ဆင့် တက်အောင် လုပ်ကြမယ် နောက်နှစ်ကျရင် အခြေအနေက ပြောင်းသွားမှာပါ"

အဆင့်တစ်ဆင့် တက်ဖို့ဆိုတာ ပြောသလောက် မလွယ်ကူပေ။ အားလုံးက ဝမ်လော်ချိုးကို မျက်စောင်းထိုး ကြည့်လိုက်ကြသည်။ လူတိုင်းကို သူမလို အသက် ၁၁ နှစ်နဲ့ ချီသန့်စင်ခြင်း ဒုတိယအဆင့် ရောက်နေတဲ့ ပါရမီရှင်လေးများ မှတ်နေသလား။

"ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး ဘယ်သူမဆို ငါတို့အဖွဲ့ကို ဆွဲချရင် ငါ အဲဒီလူကို ရိုက်မယ်"

ဝမ်လော်ချိုးက ဗိုလ်ကျသည့် ပုံစံဖြင့် ပြောလိုက်လေသည်။

"ငါ အားလုံးအတွက် ပန်းတိုင်တွေ သတ်မှတ်ပေးမယ် ဝမ်လော်ကျင်း... နင်က နောက်နှစ်ကျရင် အနည်းဆုံး ချီသန့်စင်ခြင်း ဒုတိယအဆင့် အမြင့်ပိုင်းကို ရောက်ရမယ် ပြီးတော့ ခရမ်းရောင် သလင်းကျောက် ပျား အပါအဝင် ဝိညာဉ်ပိုးမွှား နှစ်မျိုးကို ထိန်းချုပ်နိုင်တဲ့ တကယ့် ပထမအဆင့် ဝိညာဉ်ပိုးမွှားထိန်းချုပ်သူ ဖြစ်အောင် ကြိုးစားရမယ် အဲဒီအချိန်ကျရင် နင်က စတုတ္ထအဆင့် ရှိတဲ့လူနဲ့ တွေ့ရင်တောင် အသာစီး ရနိုင်တယ်"

ဝမ်လော်ကျင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ ဒါ အမှန်တရားပင် ဖြစ်သည်။ သူမသာ တကယ် အဲဒီအဆင့် ရောက်သွားရင် အသက် ၂၀ ရှိပြီဖြစ်တဲ့ အစ်ကိုဝမ်ရှိုနော်တောင် သူမကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဟိုတစ်လောကမှ သူ ချီသန့်စင်ခြင်း စတုတ္ထအဆင့်ကို ရောက်သွားပြီး သူမနဲ့ လက်ရည်စမ်းချင်နေတယ်လို့ ကြားထားသည်။

"ဝမ်ရှိုယုံး... နင်က အခု ဒုတိယအဆင့် အမြင့်ပိုင်း ရောက်နေပြီ အသက်က ၁၅ နှစ် ရှိနေပြီ ရှက်ဖို့မကောင်းဘူးလား နင့်ရဲ့ အခြေခံ စွမ်းရည်တွေက မခိုင်မာဘူး"

ဝမ်လော်ချိုးက အားနည်းချက်များကို ထောက်ပြလေသည်။

"ငါ အများကြီး မတောင်းဆိုပါဘူး နောက်နှစ် ဒီအချိန်ကျရင် နင် ချီသန့်စင်ခြင်း တတိယအဆင့် အလယ်အလတ်ပိုင်း ရောက်နေရမယ် ပြီးတော့ အခြေခံတွေကို ခိုင်မာအောင် လုပ်ထား ဒါမှမဟုတ်ရင် ငါ့ကို မြင်တိုင်း အထုခံရမယ်သာ မှတ်"

ဒါက သိပ်များလွန်းနေတာ မဟုတ်ဘူးလား။ ဝမ်ရှိုယုံး ငိုချင်သွားသည်။ အစ်ကိုတစ်ယောက် ဖြစ်ပြီး ညီမလေးရဲ့ ဆူပူတာ ခံနေရတာ ရှက်စရာ ကောင်းလိုက်တာ။ ဒါပေမယ့် လော်ချိုးက အခု တကယ်ကို စွမ်းအားကြီးနေပြီ။ တိုက်ခိုက်ရင်တောင် သူမကို အနိုင်မရနိုင်ဘူး။ ပိုမကြိုးစားရင် နေ့တိုင်း ညီမလေးရဲ့ အထုအထောင်း ခံရမှာ သေချာသည်။

"ဝမ်ရှိုလျန်... နင် ဘာလို့ ပုန်းနေတာလဲ ဝမ်မျိုးနွယ်စု ယောက်ျားတစ်ယောက်ရဲ့ သိက္ခာ ဘယ်ရောက်သွားလဲ"

ဝမ်လော်ချိုးသည် သူမထက် အရပ်ပုသော ဝမ်ရှိုလျန်၏ ခေါင်းကို ဆွဲမလိုက်လေသည်။

"နင်က ငါ့အစ်ကိုအရင်းနော်... ငါတို့ မိဘချင်း တူတူပဲ နင့်အသက်က ၁၄ နှစ် ရှိနေပြီ ဘာလို့ ချီသန့်စင်ခြင်း ဒုတိယအဆင့်ပဲ ရှိသေးတာလဲ ဟူး... ငါ နင့်ကို သေချာ မကြပ်မတ်ခဲ့မိတာ ငါ့အပြစ်တွေပါ"

ဝမ်ရှိုလျန် ငိုတော့မလို ဖြစ်သွားသည်။ ၁၄ နှစ်နဲ့ ချီသန့်စင်ခြင်း ဒုတိယအဆင့် ရောက်တာ မမြန်ဘူး ဆိုပေမယ့် မနှေးပါဘူး။ အသက် ၂၀ ရောက်နေပြီဖြစ်တဲ့ ဝမ်းကွဲအစ်ကို ဝမ်ဇုံးဝေတောင် ဒုတိယအဆင့် အမြင့်ပိုင်းပဲ ရှိသေးတာ ညီမလေး မမြင်ဘူးလား။

ပါရမီရှင် ညီမလေးတစ်ယောက် ရှိနေတာက ဝမ်ရှိုလျန်အတွက် ဖိအားများလွန်းလှသည်။

"ငါ ဂရုမစိုက်ဘူး နောက်နှစ် ဒီအချိန်ကျရင် နင် ချီသန့်စင်ခြင်း တတိယအဆင့် အလယ်အလတ်ပိုင်း မရောက်ရင် နင့်ကို သေချာပေါက် အပြစ်ပေးမယ်"

ဝမ်လော်ချိုးက အတင်းအကျပ် တာဝန်ပေးလိုက်လေသည်။

"ပြီးတော့ နေ့တိုင်း ငါ့ဆီလာပြီး ကိုယ်ဖော့ပညာနဲ့ တိုက်ခိုက်ရေးပညာ လာသင်ဖို့ မမေ့နဲ့"

ချီသန့်စင်ခြင်း တတိယအဆင့် အလယ်အလတ်ပိုင်း ဟုတ်လား... ဖိအားတွေ များလိုက်တာ။ ဒါပေမယ့် သူ မငြင်းရဲပေ။ ညီမလေးက သူ့ကို ရိုက်ရင်တောင် ဘယ်သူ့ကိုမှ သွားတိုင်လို့ရတာ မဟုတ်။

"ငါကရော"

ဝမ်လိချီက မေးလိုက်လေသည်။

"ငါလည်း နောက်နှစ်ကျရင် တတိယအဆင့် အလယ်အလတ်ပိုင်း ရောက်အောင် လုပ်ရမှာလား"

"နင်လား"

ဝမ်လော်ချိုးက သူမကို အထက်အောက် ကြည့်လိုက်ပြီး အတော်ကြာမှ ခေါင်းကို ယမ်းလိုက်လေသည်။

"နင်က အစားသောင်းကျန်းလွန်းတယ် လက်သီးလက်မောင်းကလည်း ပျော့တယ် ချီသန့်စင်ခြင်း တတိယအဆင့် ရောက်ရင်တောင် အသုံးမဝင်ဘူး ထားလိုက်ပါတော့ နောက်နှစ်ကျရင် နင်က ဘေးကနေ အားပေးပြီး ထောက်ပံ့ရေးပဲ လုပ်တော့"

စိတ်ပျက်စရာ ကောင်းလိုက်တာ။

ဝမ်လိချီ နှုတ်ခမ်းဆူလိုက်သည်။ တကယ်ဆို သူက အမကြီးလေ။

ဟွန်း... ဝမ်လော်ချိုး... ဒီသခင်မလေး မှတ်ထားလိုက်မယ်။ မြစ်အရှေ့ဘက် နှစ်သုံးဆယ် မြစ်အနောက်ဘက် နှစ်သုံးဆယ်တဲ့... ဒီသခင်မလေး ဘိုးဘေးဆီ ပြန်သွားပြီး အထူးလေ့ကျင့်ခန်းတွေ လုပ်ပြီးရင် အမကြီးနေရာကို သေချာပေါက် ပြန်ယူပြမယ်။

နောက်ဆုံးတွင် ဝမ်လော်ချိုးသည် လက်နောက်ပစ်ကာ ဝမ်ရှိုကျဲ့ လမ်းလျှောက်သည့် ပုံစံကို တုပပြီး ပြောလိုက်လေသည်။

"ငါ ဝမ်လော်ချိုး နှစ်တစ်ရာမှာ တစ်ယောက် ပေါ်ခဲတဲ့ ပါရမီရှင် မိန်းကလေးအနေနဲ့ မိသားစု ကြီးပွားတိုးတက်ရေးကို ထမ်းဆောင်ရမယ့် ဖိအားကလည်း ကြီးမားလှပါတယ် အရင်ဆုံး ရည်မှန်းချက် အသေးစားလေး တစ်ခု သတ်မှတ်ကြတာပေါ့ နောက်နှစ်ကျရင် တတိယအဆင့် အမြင့်ပိုင်း ရောက်အောင် ကျင့်ကြံရမယ်"

ဘာ...

ဝမ်လော်ချိုး နင် ရူးနေလား။ ဒါက ရည်မှန်းချက် အသေးစားလေး ဟုတ်လား။ နင်က ကောင်းကင်ကို တက်မလို့လား။ ၁၂ နှစ်နဲ့ တတိယအဆင့် အမြင့်ပိုင်းဆိုတာ မဟာမိစ္ဆာဘုရင်ကြီး စတုတ္ထအစ်ကိုနဲ့ သွားယှဉ်ပြိုင်မလို့လား။

"ဟဲဟဲ... ငါ ကောလာဟလ တချို့ ကြားမိတယ် မိသားစုရဲ့ အဆင့်သတ်မှတ်ရေး လမ်းကြောင်း မကြာခင် စတော့မယ်တဲ့"

ဝမ်လော်ချိုးသည် လက်နောက်ပစ်လျက် သူမ၏ နုနယ်သော မျက်နှာလေးဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။

"ငါ ဝမ်လော်ချိုး... မိသားစု ကြီးပွားတိုးတက်ရေး မျှော်လင့်ချက်နဲ့ ကံကြမ္မာကို ပခုံးထက် ထမ်းထားရတဲ့ အထီးကျန် ပါရမီရှင် မိန်းကလေးတစ်ယောက်အနေနဲ့ အနာဂတ်မှာ ဘိုးဘေးလုံယန်လို နတ်ဘုရားမတစ်ပါး ဖြစ်လာဖို့ ကံပါလာပြီးသားပဲ အဲဒီအချိန်ကျရင် မဟာမိစ္ဆာဘုရင်ကြီး ဝမ်ရှိုကျဲ့တောင် ငါ့ကို ဘိုးဘေးလော်ချိုးလို့ ရိုရိုသေသေ ခေါ်ရလိမ့်မယ်... ဝါးဟားဟားဟား..."

All Chapters