အရင်းနှီးနေသော မီးခိုးရောင်
Vol. 92 Ch. 1281
"ရွှမ်ချောင်မြို့နယ်ကို သွားပြီး ကျန်းရှန်ကွမ်းကို ကြားဖြတ်တိုက်ခိုက်မယ်... တစ္ဆေပန်းချီကားကို ပြန်ယူပြီး ဒီကိစ္စကို အဆုံးသတ်ကြစို့"
ယန်ကျန့် ဆီဆေးပန်းချီကား ကမ္ဘာထဲကနေ ထွက်လာပြီး ပြတ်သားစွာ ပြောလိုက်သည်။ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေသည်။
ခေါင်းဆောင် အနည်းငယ်လည်း ပန်းချီကား ကမ္ဘာထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ အကြောင်းရင်းနဲ့ အကျိုးဆက်ကို နားလည်သွားကြသလို ကျန်းရှန်ကွမ်းရဲ့ အတိတ်ကိုလည်း သိလိုက်ရသည်။ ဒီလို အန္တရာယ်များတဲ့ လူမျိုးကို အမြစ်ဖြတ် ရှင်းလင်းရမည်။
"ရွှမ်ချောင်မြို့နယ်က ဒီကနေ မဝေးဘူး တစ္ဆေနယ်မြေ သုံးရင် တစ်မိနစ် အတွင်း ရောက်နိုင်တယ်"
လျိုစန်း ပြောလိုက်သည်။
"အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်ရင် တစ်နာရီ အတွင်း အားလုံး ပြီးနိုင်တယ် အတော်ပဲ... ညနေမတိုင်ခင် ငါ တာယွမ်မြို့ ပြန်ရမယ်"
ဟယ်ယင်အာ ဒီအချိန်မှာ စိတ်မရှည် ဖြစ်နေပြီ။
ယန်ကျန့် အချိန်ဖြုန်းလွန်းတယ်လို့ သူမ ခံစားရသည်။ ဒီကိစ္စကို ဒီထက် မြန်မြန် ဖြေရှင်းနိုင်သင့်သည်။
"ကျိုးဒန်ရော... ဘယ်ပြေးသွားပြန်ပြီလဲ"
ယန်ကျန့် ထွက်ခွာဖို့ ပြင်လိုက်ချိန်မှာ လူတစ်ယောက် လိုနေတာ သတိထားမိလိုက်သည်။
"၅ ထပ်မှာ လျှောက်သွားနေတယ်"
စွန်းရွေ့ တုတ်ကောက်ထောက်ပြီး ပြောလိုက်သည်။
"သူ့ကို ပြန်ခေါ်လိုက်... သွားရတော့မယ်"
ယန်ကျန့် ပြောလိုက်သည်။
စွန်းရွေ့ ခေါင်းညိတ်လိုက်သည်။
မကြာမီ...၅ ထပ်မှာ ရှိနေတဲ့ ကျိုးဒန် ရုတ်တရက် ခြေချော်သွားပြီး အော်ဟစ်သံနဲ့ အတူ တန်းတန်းမတ်မတ် ပြုတ်ကျလာသည်။
"ဘုန်း"
ကျိုးဒန် မြေညီထပ် ဧည့်ခန်းမထဲ ပြုတ်ကျလာသည်။ သူ အမြန် ကုန်းထလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အားလုံးက သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။
"ဟို... အားလုံးပဲ မင်္ဂလာပါ"
ယန်ကျန့် သူ့ကို စိုက်ကြည့်ပြီး မေးလိုက်သည်။
"မင်းလက်ထဲက ဘာလဲ"
"ဒါလား... ဘာမှ မဟုတ်ဘူး... ၅ ထပ်မှာ ကောက်ရတာ"
ကျိုးဒန် လက်ထဲက ပစ္စည်းကို အမြန် ဝှက်လိုက်သည်။
"ထားလိုက်တော့... သွားကြစို့"
ယန်ကျန့် အများကြီး ဂရုမစိုက်တော့ပေ။ ဒါပေမဲ့ ကျိုးဒန် ကိုင်ထားတဲ့ ပစ္စည်းက ရင်းနှီးနေသလို ခံစားရသည်။ အရင်တုန်းက တစ္ဆေစာပို့တိုက်မှာ မြင်ဖူးသလိုပဲ။ သဘာဝလွန် ပစ္စည်း တစ်ခု ဖြစ်လောက်သည်။ ဒါပေမဲ့ အခု ရွှမ်ချောင်မြို့နယ် သွားဖို့က ပိုအရေးကြီးတာမို့ လွှတ်ပေးလိုက်သည်။
ချက်ချင်းပင်...
အဖွဲ့က ပြန်လည် ထွက်ခွာလိုက်သည်။
တိုက်ခန်းထဲကနေ ထွက်ပြီး တာဟန်မြို့ထဲ ရောက်လာသည်။ ပြီးတော့ တစ္ဆေနယ်မြေ ဖြန့်ကျက်ပြီး ရွှမ်ချောင်မြို့နယ်ဆီ တည့်တည့် ဦးတည်သွားကြသည်။
ရွှမ်ချောင်မြို့နယ် ဆိုတာ သာမန် မြို့နယ်လေး တစ်ခုပါပဲ။ ကျန်းရှန်ကွမ်းရဲ့ ဇာတိမြေ မဟုတ်ရင် ဒီနေရာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။
တခြား မြို့နယ်လေးတွေလိုပါပဲ... လှပတယ်၊ အေးချမ်းတယ်၊ တိတ်ဆိတ်တယ်။ မြို့ကြီးပြကြီးတွေရဲ့ ရှုပ်ထွေးမှုတွေနဲ့ ဝေးကွာတယ်။ ဘဝ နေထိုင်မှု ပုံစံက နှေးကွေးပြီး အေးအေးဆေးဆေး အနားယူဖို့ ကောင်းတဲ့ နေရာလေး တစ်ခုပေါ့။
ဒါပေမဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုက ရွှမ်ချောင်မြို့နယ်ရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးလိုက်သည်။
ဒီနေ့ မွန်းလွဲပိုင်းမှာ...
ရွှမ်ချောင်မြို့နယ် ကောင်းကင်ယံမှာ နှင်းတွေ ရုတ်တရက် ကျဆင်းလာသည်။
"ဟင်... နှင်းမဟုတ်ဘူး... စက္ကူပြာတွေပဲ"
လမ်းဘေးက ဖြတ်သွားတဲ့ လူတစ်ယောက်က နှင်းကျတယ် ထင်ပြီး လက်လှမ်းလိုက်ရာ လက်ထဲမှာ စက္ကူပြာတွေ ဖြစ်နေတာ တွေ့လိုက်ရသည်။
အစပိုင်းမှာ စက္ကူပြာတွေက ကျဲပါးနေပေမယ့် မကြာခင်မှာပဲ များပြားလာပြီး ကောင်းကင်ကို ဖုံးလွှမ်းလာသည်။ ပတ်ဝန်းကျင်က စိမ်းလန်းတဲ့ တောင်တန်းတွေ၊ ရေပြင်တွေက တဖြည်းဖြည်း မီးခိုးရောင် အဖြစ် ပြောင်းလဲသွားသည်။ သက်ဝင်လှုပ်ရှားနေတဲ့ ကမ္ဘာကြီးက အရောင်တွေ ရုတ်တရက် ပျောက်ဆုံးသွားပြီး အဖြူနဲ့ အမည်းပဲ ကျန်ရစ်တော့သလို ဖြစ်သွားသည်။
ရွှမ်ချောင်မြို့နယ်က လူတော်တော်များများ စူးစမ်းလိုစိတ်နဲ့ ဆွေးနွေးနေကြသည်။
"ဘာလို့ စက္ကူပြာတွေ ဒီလောက် များနေရတာလဲ တောင်ပေါ်မှာ တစ်ယောက်ယောက် စက္ကူမီးရှို့နေတာလား ဒါပေမဲ့ အခုက ကန်တော့ပွဲ အချိန်ကာလလည်း မဟုတ်ဘူးလေ"
"လေထု ညစ်ညမ်းတာ ဖြစ်မယ်... ဒီလောက် ပြာတွေ ကျနေတာ အနီးအနားမှာ ဓာတုစက်ရုံ ရှိလို့ နေမှာပေါ့"
အဖိုးကြီး တစ်ယောက်က ယုံကြည်ချက် ရှိရှိ ပြောလိုက်သည်။
"ဒီပြာတွေက အန္တရာယ် ရှိမလား မသိဘူး"
လူတွေ ပိုပြီး စိုးရိမ်လာကြသည်။
ဒါပေမဲ့ သူတို့ရဲ့ ဘဝတွေက သိပ်ပြီး ထိခိုက်မှု မရှိပါဘူး။ အရာအားလုံး ပုံမှန်အတိုင်းပါပဲ။ ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေကို နေသားမကျ ဖြစ်နေရုံပါပဲ။
ဒါပေမဲ့ ဒီမြင်ကွင်းက ယန်ကျန့်နဲ့ တခြားသူတွေကို ရုတ်တရက် ရပ်တန့်သွားစေသည်။
သူတို့ ရွှမ်ချောင်မြို့နယ်ကို ရောက်လာပေမယ့် အထဲ မဝင်ရဲကြဘူး။ ဘာလို့လဲဆိုတော့ မီးခိုးရောင် ကမ္ဘာကြီးက သူတို့ကို ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတွေ ပေးစွမ်းနေလို့ ဖြစ်သည်။
"တစ္ဆေပန်းချီကား ထိန်းချုပ်မှု လွတ်သွားပြီ... အဲဒီ ကျန်းရှန်ကွမ်း တကယ် သေသင့်တယ်"
လီကျွင်း မျက်နှာ မည်းမှောင်နေသည်။ သူ့ရဲ့ ဟောက်ပက် မျက်လုံးအိမ်တွေက မီးခိုးရောင် ကမ္ဘာကြီး လွှမ်းခြုံထားတဲ့ မြို့နယ်လေးကို စိုက်ကြည့်နေသည်။
"မြို့ထဲမှာ မြို့ခံတွေ ရှိသေးတယ်... သူ သာမန်လူတွေကို ဂရုမစိုက်ဘူးပဲ"
ဝေ့ကျင်းရဲ့ ထုံထိုင်းတဲ့ မျက်နှာပေါ်မှာ မနှစ်မြို့တဲ့ အမူအရာ ပေါ်လာသည်။
"အဲဒီလူတွေကို ခေါ်ထုတ်လာလို့ မရဘူးလား"
ဟယ်ယင်အာ မျက်မှောင်ကြုတ်လိုက်သည်။
ယန်ကျန့် မျက်နှာသေနဲ့ ပြောလိုက်သည်။
"မရဘူး... ရှေ့က တစ္ဆေနယ်မြေက တစ္ဆေပန်းချီကား ကမ္ဘာထဲ ဝင်သွားသလိုပဲ... အဲဒီကနေ ထွက်ဖို့ တစ်ခုတည်းသော နည်းလမ်းက တစ္ဆေပန်းချီကား မူရင်းကို ရှာပြီး ပန်းချီကား ဘောင်ကနေတဆင့် ပြန်ထွက်လာဖို့ပဲ"
"စောစောက ငါတို့ ဆီဆေးပန်းချီကားထဲ ဝင်ထွက်သလိုမျိုးလား"
ဟယ်ယင်အာ မေးလိုက်သည်။
"ဟုတ်တယ်... တခြား သဘာဝလွန် နည်းလမ်းတွေနဲ့ ဝင်ထွက်လို့ ရနိုင်ချေ ရှိပေမယ့် ထိရောက်မှု ရှိမလား ဆိုတာ ပြောရခက်တယ်"
ယန်ကျန့် ပြောလိုက်သည်။
"ကျန်းရှန်ကွမ်း တမင် လုပ်တာ... တစ္ဆေပန်းချီကား သုံးပြီး ရွှမ်ချောင်မြို့နယ်ကို သီးခြား ခွဲထုတ်လိုက်တာ... ဒါမှ ငါတို့ ခြေရာခံမိရင်တောင် အလွယ်တကူ မဝင်ရဲအောင်လို့... နည်းနည်းလေး မှားတာနဲ့ တစ္ဆေပန်းချီကား ကမ္ဘာထဲမှာ ပိတ်မိပြီး သေသွားနိုင်တယ် ပြီးခဲ့တဲ့ တစ်ခေါက် တစ္ဆေပန်းချီကားကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတုန်းက အဖွဲ့လိုက် သေဆုံးခဲ့ကြတာလေ"
လျိုစန်း လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ငါတို့ ဒီမှာ ရပ်ပြီး ဘာမှ မလုပ်ဘဲ နေလို့ မရဘူးလေ"
ကျိုးဒန် ရေရွတ်လိုက်သည်။
"မေးခွန်းတစ်ခု ရှိတယ်... ကျန်းရှန်ကွမ်းက ငါတို့ ရွှမ်ချောင်မြို့နယ်ကို တန်းလာမယ် ဆိုတာ ဘယ်လို သိတာလဲ"
လူကျစ်ဝမ် ပြောလိုက်သည်။
"ငါတို့ စွန်းရွေ့ဆီက သတင်းရတာနဲ့ ဒီကို တန်းလာတာ ပုံမှန် အခြေအနေအရ ဆိုရင် ကျန်းရှန်ကွမ်း ကြိုတင် ပြင်ဆင်ထားဖို့ မဖြစ်နိုင်ဘူး"
"ပန်းချီကားထဲက ကျန်းရှန်ကွမ်း လိမ်နေတာ ဖြစ်လောက်တယ်... ငါ ထင်တာ သူ မရိုးသားဘူး"
လီလဲ့ဖိန် ပြောလိုက်သည်။
"အခု ဒါတွေကို တွေးနေရမယ့် အချိန် မဟုတ်ဘူး တစ္ဆေပန်းချီကား ထိန်းချုပ်မှု လွတ်နေပြီ..."
လီကျွင်း စကားမဆုံးသေးခင်မှာပဲ...
ရုတ်တရက်...
အကြောင်းရင်း မရှိဘဲ အားလုံး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
မီးခိုးရောင် စက္ကူပြာတွေ အပေါ်ကနေ ဖြည်းဖြည်းချင်း ကျဆင်းလာသည်။
"တစ္ဆေပန်းချီကားရဲ့ တစ္ဆေနယ်မြေက ပြန့်ကားနေတယ်... အရမ်း မြန်တယ်... ဒါ ပုံမှန် ထိန်းချုပ်မှု လွတ်တာ မဟုတ်ဘူး... တစ်ယောက်ယောက် ထိန်းချုပ်နေတာ"
ယန်ကျန့် မျက်လုံးမှေးလိုက်သည်။ သူ့တစ္ဆေမျက်လုံး ဖိနှိပ်ခံနေရတာကို ခံစားလိုက်ရပြီး ပိတ်ချင်နေသည်။
"တစ္ဆေပန်းချီကားကို ထိန်းချုပ်လိုက်နိုင်တာလား"
လီကျွင်း မေးလိုက်သည်။
ယန်ကျန့်က ပြောလိုက်သည်။
"လုံးဝ မဖြစ်နိုင်ဘူး ဒီအဆင့် တစ္ဆေမျိုးကို သက်ရှိလူသား တစ်ယောက်က ထိန်းချုပ်လို့ မရနိုင်ဘူး ကျန်းရှန်ကွမ်းတောင် တစ္ဆေပန်းချီကားကို မထိန်းချုပ်ရဲဘူး... အဲဒါက သေလမ်းရှာတာပဲ အခု ငါတို့ရှေ့မှာ လမ်းနှစ်သွယ်ပဲ ရှိတယ်... ရွှမ်ချောင်မြို့နယ်ထဲ ဝင်ပြီး ကျန်းရှန်ကွမ်းကို ရှာဖွေ ရှင်းလင်းမယ်... ပြီးမှ တစ္ဆေပန်းချီကား ဖြစ်ရပ်ကို ဝိုင်းဝန်း ဖြေရှင်းမယ်"
"ဒါမှမဟုတ် အခု ဆုတ်ခွာပြီး ရွှမ်ချောင်မြို့နယ်ကို တိုက်ရိုက် ပိတ်ဆို့မယ်... တစ္ဆေပန်းချီကားရဲ့ လွှမ်းမိုးမှုကို အကွာအဝေး တစ်ခုအတွင်း ထိန်းချုပ်ထားမယ်"
"ပထမ နည်းလမ်းက မအောင်မြင်ရင် တစ္ဆေပန်းချီကား ထိန်းချုပ်မှု လွတ်မယ်... ခေါင်းဆောင်တွေ သေမယ်... အခြေအနေက လုံးဝ လက်လွတ်သွားမယ် ဒုတိယ နည်းလမ်းက ပိုစိတ်ချရတယ် ဒါပေမဲ့ ရွှမ်ချောင်မြို့နယ်ကို စွန့်လွှတ်လိုက်ရလိမ့်မယ် ငါတို့ ခေါင်းဆောင် ၈ ယောက်... ဌာနချုပ်ကို မမေးတော့ဘူး... မဲခွဲဆုံးဖြတ်ကြစို့"
ပြောပြီးနောက် သူ အားလုံးကို ကြည့်လိုက်သည်။
လူအုပ်ကြီးက မျက်နှာထား လေးနက်နေကြသည်။ ဆုံးဖြတ်ချက်က ဘယ်လောက် အရေးကြီးလဲ ဆိုတာ သဘာဝကျကျ နားလည်ကြသည်။
လေထုက ရုတ်တရက် လေးလံသွားသည်။
ဒါပေမဲ့ အဲဒီအချိန်မှာ ဖုန်းမြည်လာသည်။
ယန်ကျန့် ဖုန်းကိုင်လိုက်သည်။ လိုင်းက သဘာဝလွန် နှောင့်ယှက်မှု ခံနေရလို့ တရှဲရှဲ မြည်နေသည်။
စွန်းရွေ့ဆီက ဖုန်းခေါ်တာ။ သူက ရွှေကို အသုံးပြုပြီး တယ်လီဖုန်းလိုင်း ဆက်သွယ်ထားတာမို့ တစ္ဆေစာပို့တိုက်နဲ့ ပြင်ပကမ္ဘာကို ဆက်သွယ်လို့ ရသည်။
"ခေါင်းဆောင်ယန်... တာဟန်မြို့ အခြေအနေ မကောင်းဘူး... မီးခိုးရောင် စက္ကူပြာတွေ မိုးရွာသလို ကျနေတယ်... ခင်ဗျားတို့ဘက် အခြေအနေ ဘယ်လိုလဲ... ကျန်းရှန်ကွမ်းကို တွေ့ပြီလား"
စွန်းရွေ့ တံခါးဝမှာ ရပ်ပြီး တာဟန်မြို့အထက်က မီးခိုးရောင် ကောင်းကင်ကြီးကို ကြည့်နေသည်။ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ အထင်းသား ပေါ်နေသည်။
"ငါ သိပြီ... ငါ့ကို ကိုင်တွယ်ဖို့ အချိန်နည်းနည်း ပေးပါ ပြီးတော့ ဆီဆေးပန်းချီကားထဲက ကျန်းရှန်ကွမ်းကို သတိထားပါ လိုအပ်ရင် ဖျက်ဆီးပစ်လိုက်... သူ မရိုးသားဘူး"
ယန်ကျန့် ပြောပြီးတာနဲ့ ဖုန်းချလိုက်သည်။
တခြားသူတွေလည်း ဖုန်းထဲက အသံကို ကြားလိုက်ရသည်။
"တာဟန်မြို့မှာလည်း တစ္ဆေပန်းချီကား ကျူးကျော်တဲ့ လက္ခဏာတွေ ပြနေတာလား"
အဖွဲ့သားတွေ တိတ်ဆိတ်သွားကြသည်။
"တာဟန်မြို့တင် မဟုတ်ဘူး... အနီးနားက မြို့နယ်တွေလည်း အတူတူပဲ ခံစားနေရတယ်"
လူကျစ်ဝမ် အဝေးကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
"ယန်ကျန့် ပြောတာ မှန်တယ်... တစ္ဆေပန်းချီကားက ထိန်းချုပ်မှု လွတ်တာ မဟုတ်ဘူး... ကြိုးကိုင်ခံနေရတာ တစ်ယောက်ယောက်က တစ္ဆေပန်းချီကားရဲ့ တစ္ဆေနယ်မြေကို ဖြန့်ကျက်ဖို့ ကြိုးစားနေတာ ဘာပဲဖြစ်ဖြစ် သီအိုရီအရဆိုရင် တစ္ဆေပန်းချီကားရဲ့ တစ္ဆေနယ်မြေက အကန့်အသတ်မရှိ ပြန့်ကားနိုင်တယ်... သတ်ဖြတ်မှု စည်းမျဉ်းကို ချိုးဖောက်မိတဲ့ သူတွေ အားလုံးကို လွှမ်းခြုံမိတဲ့အထိပေါ့"
"တစ်ယောက်ယောက်က ဒါကို အခွင့်ကောင်းယူပြီး လုပ်မယ် ဆိုရင် တစ္ဆေပန်းချီကားရဲ့ လွှမ်းမိုးမှု အတိုင်းအတာက စိတ်ကူးလို့ မရနိုင်အောင် ကြီးမားသွားလိမ့်မယ်"
"အဲဒီလို ဆိုရင်တော့ မဲခွဲနေစရာ မလိုတော့ဘူး... ရန်သူကို မရှင်းရင်... တစ္ဆေပန်းချီကားကို မကိုင်တွယ်ရင် ဒီအရာက ငါ့ရဲ့ တာယွမ်မြို့အထိ ရောက်လာလိမ့်မယ်"
ဟယ်ယင်အာ မျက်နှာ အေးစက်စက်နဲ့ ရွှမ်ချောင်မြို့နယ်ဆီ မတုံ့ဆိုင်းဘဲ လျှောက်သွားလိုက်သည်။
လက်တွေ့အခြေအနေက သူတို့ကို တွန့်ဆုတ်နေဖို့ အခွင့်အရေး မပေးတော့ပေ။
"သွားကြစို့"
ဝေ့ကျင်း ထုံထိုင်းစွာ နောက်လှည့်ပြီး ရှေ့ဆက်တိုးသွားသည်။
ယန်ကျန့် ဘာမှ မပြောတော့ဘဲ ခြေထောက်အောက်ကနေ ရေတွေ စိမ့်ထွက်လာစေသည်။ ရေထဲမှာ မျောပါနေတဲ့ အလောင်းကောင် တစ်ခုက အက်ကွဲနေတဲ့ လှံရှည်ကို မြှောက်တင်ပေးလိုက်သည်။
သူ လှံရှည်ကို ဆွဲယူပြီး ရွှမ်ချောင်မြို့နယ်ဆီ ပြတ်ပြတ်သားသား လျှောက်လှမ်းသွားသည်။ နောက်လှည့်မကြည့်တော့ပေ။
သူ့နောက်က ရေကွက်တွေက ပျောက်ကွယ်မသွားဘဲ တသွင်သွင် စီးဆင်းပြီး ဆက်လက် ပြန့်ကားလာသည်။
ပြန့်ကားတဲ့ နှုန်းက နည်းနည်း နှေးကွေးနေရုံပါပဲ။
လီကျွင်း၊ လျိုစန်း၊ လီလဲ့ဖိန်၊ ကျိုးဒန် နဲ့ လူကျစ်ဝမ်... သူတို့ ၅ ယောက်စလုံးလည်း ဘာမှ မပြောတော့ဘဲ ချက်ချင်း လိုက်ပါသွားကြသည်။