လောရွှယ် ... ငါမင်းကို အဖော်ပြုပေးဖို့လာပြီ
Vol. 1 Ch. 312
နယ်မြေ၏ နံပါတ်တစ်နှင့် နံပါတ်နှစ် သိုင်းပညာရှင် နှစ်ယောက်သည် အတူတကွ ပေါ်ထွက်လာခဲ့ကြသည်။
ထို့ပြင် နှစ်ယောက်လုံးသည် ကျန်းရီကို သုံးနှစ်ကြာ ကာကွယ်ပေးမည်ဟု ထုတ်ပြောလာကြသည်။ အထူးသဖြင့် ဇင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးသည် ထူးဆန်းလှသည်။ ကျန်းရီ သူ့သပိတ်ကို ဖျက်ဆီးလိုက်လျှင် သူက လက်စားချေသင့်သည် မဟုတ်ပါလော။ အဘယ့်ကြောင့် ကျန်းရီအား ကာကွယ်ချင်နေ သနည်း။
လေထုတစ်ခုလုံးမှာ အေးခဲသွားခဲ့ပြီး အလွန်အမင်း ဖိအားများလာခဲ့သည်။ လူအများစုသည် အကြောင်းအရင်းကို နားမလည်နိုင်ကြပေ။ ဇင်ဘုရားကျောင်းနှင့် ရွှေယွဲ့လျန် မျှော်စင်သည် မဟာမိတ်တပ်ကြီးမှ ရှားနိုင်ငံကို ဖျက်ဆီးမည်ဟု ကြေညာခဲ့စဉ်က သူတို့ထောက်ခံခဲ့ကြသည် မဟုတ်ပေလော။ အဘယ့်ကြောင့် အခုမှ သဘောထား မတိုက်ဆိုင်မှုများ ရှိလာကြသနည်း။ အကြောင်းအရင်းမှာ ကျန်းရီကြောင့်ပေလော။
နယ်မြေ၏ နံပါတ်တစ်၊ နံပါတ်နှစ်နှင့် နံပါတ်ခုနစ် ကျူးကော့ချမ်ယွမ်တို့၏ မဟာမိတ်တပ်ဘက်မှ ထိပ်သီးပုဂ္ဂိုလ် ခုနစ်ဦးအား ဆန့်ကျင်နေသည်။ ထိုလူများသာ တိုက်ပွဲထဖြစ်ပါက သမိုင်းတွင် မှတ်တမ်းတင် ခံရမည်ဖြစ်ပြီး ထိုတိုက်ပွဲကြီးအား သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ရလိမ့်မည်။ လူတိုင်း၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။
မည်သည့်ဘက်က အနိုင်ရမည်နည်း။
တစ်ဖက်သည် လူအင်အား နှစ်ဆ ဖြစ်နေသော်လည်း အဖြေအား ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။ မိန်းမစိုးလင်းသည် ဒဏ်ရာ အပြင်းအထန် ရနေပြီး ကျင်းရှန်နိုင်ငံမှ စစ်သေနာပတိချုပ် အိုကြီးသည်လည်း ဒဏ်ရာရထားသည်။ တစ်ဖက်တွင် ကျူးကော့ချမ်ယွမ်လည်း ဒဏ်ရာအနည်းငယ် ရထားသော်လည်း သူတို့ဘက်တွင် နယ်မြေ၏ အတော်ဆုံး သိုင်းသမား နှစ်ယောက် ရှိနေသည်။
အားလုံး ကျော်ကြားလှသော ဂုဏ်သတင်းများက သက်သေပြနေသည်။ အထူးသဖြင့် ဘုန်းတော်ကြီး၏ သင်္ကန်းအား လက်ဝါး တစ်ချက်ဖြင့် ပြဲစုတ်သွားစေခဲ့သော ရွှေယို့လန်ဖြစ်သည်။ သူမ မည်မျှ အားကောင်းမှန်း ဘယ်သူမှ အတိအကျ မသိကြပေ။
မကြာခင်တွင် လေးစားအားကျ၊ မနာလိုဖြစ်နေသည့် အကြည့်များစွာသည် ကျန်းရီထံ ကျဆင်းလာခဲ့သည်။ နယ်မြေ၏ အတော်ဆုံး သိုင်းသမား နှစ်ယောက်နှင့် ကျူးကော့ချမ်ယွမ်၏ ကာကွယ်ပေးခြင်း ခံရသူမှာ နှစ်ပေါင်းတစ်သောင်းအတွင်း ကျန်းရီက ပထမဆုံး ဖြစ်ပေလိမ့်မည်။
ဤအခိုက်အတန့် မတိုင်ခင်အထိ ရွှေယို့လန်နှင့် ဘုန်းကြီးတို့က ကျန်းရီအား အဘယ့်ကြောင့် ကာကွယ်ပေးရသည်ကို မည်သူမှ နားမလည်နိုင်ကြပေ။
မိုးပြာနဂါး သင်တန်းကျောင်း၏ ကျောင်းအုပ်ယွိသည် မျက်မှောင်ကြုတ်ကာ ဘုန်းတော်ကြီးအား မေးလိုက်သည်။
"ဘုန်းတော်ကြီး ယန်ရှဲ့ ... ကျုပ်နားမလည်တာ တစ်ခုရှိတယ်၊ ဇင်ဘုရားကျောင်းက ကျန်းရီနဲ့ ပတ်သက်မှု မရှိဘူးမဟုတ်လား၊ အရင်တုန်းက ရီဖျောင်ဖျောင် ခင်ဗျားရဲ့ ဗုဒ္ဓခန်းမ တစ်ခုကိုတောင် ဖျက်ဆီးခဲ့သေးတယ်လေ။ ဘာလို့ ခင်ဗျား အသက်ကိုရင်းပြီး ပြစ်မှု ကျူးလွန်ထားတဲ့ ရှားနိုင်ငံနဲ့ ကျန်းရီကို ကာကွယ်ဖို့ ကြိုးစားနေတာလဲ"
ဘုန်းတော်ကြီး ယန်ရှဲ့သည် လက်အုပ်ချီကာ ခါးကိုင်းလိုက်သည်။
"တကယ်တော့ ကျန်းရီ ဖျက်ဆီးလိုက်တဲ့ သပိတ်က ဘုန်းကြီးရဲ့အပိုင် မဟုတ်ပါဘူး၊ အဲဒါက ဇင်ဘုရားကျောင်းကို တည်ထောင်သူ ဘုန်းတော်ကြီး ပိုင်ဆိုင်ခဲ့တဲ့ ဗုဒ္ဓလက်နက် တစ်ခုပါ။ ဘုန်းတော်ကြီးက သူမကွယ်လွန်ခင်က မှာခဲ့ပါတယ် ... ဒီသပိတ်ကို ဖျက်ဆီးနိုင်တဲ့သူက လူကောင်း ဒါမှမဟုတ် မကောင်းမှုတွေ ကျူးလွန်သူ နှစ်ခုထဲက တစ်ခုပါတဲ့။ ဒကာလေးကျန်းက ဘယ်လိုလူဆိုတာ အခု ဒီဘုန်းကြီး မသိသေးပါဘူး။ ဒါကြောင့် သူ့ကို သုံးနှစ်ကာကွယ်ရင်း စောင့်ကြည့်ချင်ပါတယ် ... သူသာ လူဆိုးတစ်ယောက် ဆိုရင် သုံးနှစ်ကြာပြီးတာနဲ့ ဒီဘုန်းကြီးက သူ့ကို ကိုယ်တိုင် သတ်ပစ်မှာပါ"
"လူကောင်းတစ်ယောက် ဒါမှမဟုတ် မကောင်းမှုတွေ ကျူးလွန်မယ့်သူ"
ကျောင်းအုပ်ယွိနှင့် မြောက်ဘက်မန့် နိုင်ငံမှာ ရှောင်လုံဝမ်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဇင်ဘုရားကျောင်းကို တည်ထောင်ခဲ့သည့် ဘုန်းတော်ကြီးအား သူတို့အားလုံး သိကြသည်။ ထိုသူသည်မှာ အစစ်အမှန် တာအိုအား အောင်မြင်ခဲ့သည်။ သူ့အင်အားသည် ကောင်းကင် ဧကရာဇ်အဆင့် ဖြစ်လေသည်။ ကျန်းရီသည် သူ၏ ဗုဒ္ဓလက်နက်အား အမှန်တကယ် ဖျက်ဆီးခဲ့သည်လော။
"ဟွန်း"
ရှောင်လုံဝမ်သည် နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလာလေ၏။
"ဘုန်းတော်ကြီးယန်ရှဲ့ ... ခင်ဗျား သူငယ်ပြန်နေပြီလို့ ကျုပ်ထင်တယ်။ ကျန်းရီက သတ်ဖြတ်ခြင်း အင်အားကို နားလည်ထားပြီး ဒီနေ့ သူလူဘယ်နှယောက် သတ်လိုက်တယ်ဆိုတာ ခင်ဗျား မမြင်ဘူးလား။ ဒီအပြစ်သားက သေချာပေါက် မကောင်းမှုတွေ ကျူးလွန်မယ့်သူပေါ့ ... ဘာစောင့်နေစရာ လိုလို့လဲ"
"အမှန်ပဲ ... သတ်ဖြတ်ခြင်း အင်အားကို နားလည်တဲ့သူတွေက သူတို့ရဲ့ သဘာဝကိုက နတ်ဆိုးဆန်လို့ပဲ၊ ကျန်းရီသာ ဒီလိုလူတွေ ဆက်သတ်နေမယ် ဆိုရင် သူ့ကို နတ်ဆိုး ဝင်စီးသလို ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် သူ့လက်နဲ့ လူတွေဘယ်လောက် သေကြမလဲ သိချင်မိပါရဲ့ ... ဘုန်းတော်ကြီး ... သာမန်လူတွေ အထိအခိုက်နည်းအောင် ဒီအပြစ်သားကို အခုချက်ချင်း ရှင်းလင်းပေးပါ"
ကျောင်းအုပ်ယွိသည် ချက်ချင်း ခေါင်းညိတ်ကာ အဆိုပြုလိုက်သည်။ ကျန်ထိပ်သီး ပုဂ္ဂိုလ်ကြီးများသည်လည်း ခေါင်းညိတ်ကာ သဘောတူကြောင်း ဖော်ပြလာကြသည်။
တကယ်တမ်းတွင် လူအမြောက်အမြား အတူတကွ လာရောက်ကြသည့် အရေးကြီး အကြောင်းအရင်း တစ်ချက်ရှိပါ၏။ ထိုသည်မှာ ကျန်းရီသည် သတ်ဖြတ်ခြင်း အင်အားကို လျင်မြန်စွာ နားလည်နိုင်ခဲ့၍ ဖြစ်သည်။ ဒုတိယအဆင့်နှင့် တတိယအဆင့်သည် ဘာမှမဟုတ်သော်လည်း စတုတ္ထအဆင့်သည် အမှန်တကယ် ကြောက်ဖို့ကောင်းလေ၏။
ကျန်းရီသာ ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါလျှင် ဗာဂျရာ အဆင့်များတောင် သတ်ဖြတ်ခြင်း အရှိန်အဝ၏ သက်ရောက်ခြင်း ခံရမည်ဖြစ်သည်။ သတ်ဖြတ်ခြင်း ဧကရာဇ်သည် သတ်ဖြတ်ခြင်း အင်အားကိုသုံး၍ စွမ်းအားကြီး ပုဂ္ဂိုလ်များကို သတ်ဖြတ်ခဲ့သည်မှာ လူတိုင်းသိသော အကြောင်းအရာဖြစ်သည်။
သတ်ဖြတ်ခြင်း ဧကရာဇ်၏ လူသတ်လိုသော ဆန္ဒမှာ အလွန် ပြင်းထန်လှပြီး သူ့နောက်လိုက် နှစ်ယောက်မှတစ်ပါး နယ်မြေတစ်ခုလုံးရှိ ဗာဂျရာအဆင့်များ အားလုံးကို သတ်ဖြတ်ခဲ့သည်ဟုသော အကြောင်းအရာအား သမိုင်းစာအုပ်များထဲတွင် မှတ်တမ်းတင် ထားခဲ့သည်။ ကျန်းရီ၏ အင်အား အလွန် တိုးတက်လာပြီး သတ်ဖြတ်ခြင်းအင်အား ပဉ္စမအဆင့်သို့ ရောက်သွားမည်ကို သူတို့အလွန် စိုးရိမ်နေကြသည်။ ထိုအချိန် ရောက်လျှင် သူသည် သတ်ဖြတ်ခြင်း ဧကရာဇ်နည်းတူ နယ်မြေအား သွေးဖြင့်ဆေးမည်လော။
ဘုန်းတော်ကြီးသည် တစ်ခဏကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး ထိုမေးခွန်းအား စဉ်းစားနေပုံရသည်။ ခဏကြာသော် သူပြန်ဖြေလာလေ၏။
"ဒကာလေးကျန်းက လူတွေ အများကြီးကို သတ်ခဲ့ပြီး သတ်ဖြတ်ခြင်း အင်အားကလည်း တကယ် ကြောက်ဖို့ကောင်းတယ်။ ဒါပေမဲ့ အခု ဒကာလေးကျန်းမှာ နတ်ဆိုးအဖြစ် ပြောင်းလဲသွားမယ့် အရိပ်အယောင် လုံးဝမရှိဘူး။ သူအပြစ်မဲ့ ပြည်သူတွေကို သတ်တယ်လို့လည်း ဘုန်းကြီးတစ်ခါမှ မကြားခဲ့ဘူး။ ဒါကြောင့် ဒီဘုန်းကြီးက သူ့ကို သုံးနှစ် ကာကွယ်ပေးဦးမှာပဲ"
"...”
ကျောင်းအုပ်ယွိနှင့် အခြားလူများ ဆွံ့အသွားကြသည်။ ထိုဘုန်းတော်ကြီးသည် သူ၏ခေါင်းမာမှုကြောင့် ကျော်ကြားလေသည်။ သူဆုံးဖြတ်ချက် ချပြီးလျှင် ကျန်းရီကို သတ်ရန် ကြိုးစားသူတိုင်းအား သူ့အသက်ကိုရင်း၍ တားဆီးလိမ့်မည်။
ကျောင်းအုပ်ယွိသည် ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး လေထုအလယ်မှ ရွှေယို့လန်၏ ပုံရိပ်အား ကြည့်လိုက်သည်။ သူဘာမှ မပြောနိုင်ခင်တွင် ရွှေယို့လန်က အေးစက်စက် ပြောလာလေ၏။
"အဓိပ္ပာယ် မရှိတာတွေ တော်လောက်ပြီ ... အရင်တုန်းက မိန်းကလေး ဖျောင်ဖျောင်အပေါ် ကျွန်မ ကျေးဇူးကြွေး တင်နေတယ်၊ ကျွန်မ ကျန်းရီကို သုံးနှစ်ကာကွယ်မယ် ... ရှင်တို့တွေ တိုက်ခိုက်ဖို့ ဆုံးဖြတ်ရင် ကျွန်မ ဝင်ပါရလိမ့်မယ်"
"အာ ...”
လူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး လေထုသည် တင်းမာလာခဲ့သည်။ တစ်သန်းသော စစ်သည်တို့၏ နှလုံးခုန်သံများမှာ မြန်ဆန်နေခဲ့သည်။ လူတိုင်းသည် အသက်အောင့်၍ မျက်လုံးများပြူးကာ စောင့်ကြည့်နေကြသည်။ အားနည်းသော စစ်သည်များဆိုလျှင် နဖူးမှ ချွေးသီး ချွေးပေါက်များပင် ကျနေကြလေသည်။
"ဒီလိုဆိုမှတော့ ပုဂ္ဂိုလ်ကြီး သုံးယောက်ရဲ့ သိုင်းပညာကို ကျုပ်တို့ မြင်တွေ့ခွင့် ရတော့မှာပေါ့"
ကျောင်းအုပ်ယွိသည် အခြားလူများနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ အခြေအနေသည် ဤအထိ ရောက်လာပြီဖြစ်ရာ မည်သည့်ဘက်ကမှ နောက်မဆုတ်နိုင်ကြပေ။ ရှောင်လုံဝမ်တို့ လူစုသည် လူခုနစ်ယောက်က သုံးယောက်အား မယှဉ်နိုင်ဟု မယုံပေ။
"ဝှစ်"
ထိုခဏတွင် မြောက်ဘက်အရပ်မှ နောက်ထပ် အရိပ်တစ်ရိပ် ပျံသန်းလာခဲ့သည်။ သူသည် ရွှေရောင်နဂါး ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့အရှိန်အဝါသည် နေရာတွင် ရှိနေကြသော ဗာဂျရာအဆင့်များ အားလုံးထက် ပြင်းထန်သည်။ သူ့အရှိန်အဝါသည် သူ့အား ရိုးသား ဖြောင့်မတ်သော နတ်ဘုရား တစ်ပါးဟုပင် ထင်မှတ်ရစေသည့် ခံစားချက်အား ပေးလေသည်။
သူသည် အောက်မှ လူများကို မောက်မာစွာ ငုံ့ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။
"တိုက်ကြတော့လေ ... ကျန်းရီကို ဒီအင်ပါယာကြီး အတွက် သတ်ပစ်လိုက်၊ ဘယ်သူက သူ့ကိုကာကွယ်ပေးမလဲ ဆိုတာ ကြည့်စမ်းမယ်"
မိုးပြာနဂါး အင်ပါယာ၏ ဘိုးဘေးကြီး ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
ကျန်းရီသည် မဲ့ပြုံး ပြုံးလိုက်သည်။ ထိုသူများသည် သူ့အား အတော် အလေးထားကြပုံ ပေါ်သည်။ သူ့ကိုသတ်ရန်အတွက် နယ်မြေ၏ ထိပ်သီး ပုဂ္ဂိုလ်ကြီးများ စုဝေးနေကြသည်။
ကျန်းရီ၏ မျက်လုံးများမှ ရက်စက်သည့် အငွေ့အသက်များ ပေါ်ထွက်လာခဲ့သည်။ သူသည် မီးနဂါးဓားကို ကိုင်မြှောက်လိုက်ပြီး သူ့ကိုယ်မှ အရှိန်အဝါများ ဖြာထွက်လာသည်။ ထို့နောက် သူအော်ဟစ်လိုက်သည်။
"ဒါဆိုလည်းလာလေ ... ခင်ဗျားတို့ ကျန်းရီဆိုတဲ့ ကျုပ်ကို ဒီနေ့သတ်နိုင်ရင် ပိုကောင်းလိမ့်မယ်၊ မဟုတ်လို့ အနာဂတ်မှာ အခွင့်အရေး ရလာခဲ့ရင် ခင်ဗျားတို့ အားလုံးကို မျှော်လင့်ချက်မဲ့တဲ့ အရသာ ပေးမြည်းမယ်"
"ဟမ့်"
ကျောင်းအုပ်ယွိသည် နှာမှုတ်လိုက်ပြီး သူ့ကိုယ်မှ အရှိန်အဝါများ ထွက်ပေါ်လာကာ ကျန်းရီထံ သိမ်းငှက် တစ်ကောင်နှယ် ပျံသန်းလာခဲ့သည်။ ရှောင်လုံဝမ်နှင့် ရှာတိသည် ဘုန်းတော်ကြီး ယန်ရှဲ့ထံ ပြေးသွားကြပြီး ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းမှ သက်လတ်ပိုင်း အရွယ် အမျိုးသမီးနှင့် ရှန်မိနိုင်ငံမှ အဘွားကြီးတို့မှာ ကျူးကော့ချမ်ယွမ်ထံ ပြေးသွားကြလေ၏။ မိုးပြာနဂါး အင်ပါယာမှ ဘိုးဘေးကြီးသည် လေထုအလယ်မှ ရွှေယို့လန်၏ ပုံရိပ်ထံ ပြေးသွားခဲ့သည်။
"အားလုံးပြီးသွားပြီ"
ရှားနိုင်ငံမှ စစ်သူကြီးအိုကြီးသည် ပင့်သက်ရှိုက်လိုက်သည်။ မိုးပြာနဂါး အင်ပါယာမှ ဘိုးဘေးကြီးပါ ရောက်လာရာ ရွှေယို့လန်သည် ကျန်းရီကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။ ဘုန်းတော်ကြီးနှင့် ကျူးကော့ချမ်ယွမ် သည်လည်း လူနှစ်ယောက်စီဖြင့် တိုက်ခိုက်နေရ သဖြင့် ကျန်းရီအား ကာကွယ်နိုင်မည်မဟုတ်။ ကျန်းရီသေသွားသည်နှင့် ရှားနိုင်ငံ ပျောက်ကွယ်သွားမည်ကို ထိုင်စောင့်နေ ရလိမ့်မည်။
ကျန်းရီသည်လည်း ကျဆင်းလာသော ဖိအားတို့ကြောင့် မျှော်လင့်ချက်မဲ့မှုကို ခံစားနေရသည်။ ကျောင်းအုပ်ယွိသည် သူ့ထံ လျင်မြန်စွာ ပျံသန်းလာနေခဲ့သည်။ ကျန်းရီသည် သက်ပြင်းတစ်ချက် ချ၍ မျက်လုံးစုံမှိတ်ကာ သေရမည်ကို စောင့်ဆိုင်းနေ လိုက်သည်။ သူမသေခင် ခဏလေးတွင် ပေါ့ပေါ့ပါးပါး ပြုံးကာ တီးတိုးရေရွတ် လိုက်သည်။
"လောရွှယ် ... ငါမင်းကို အဖော်ပြုပေးဖို့ လာနေပါပြီ"
***