မထင်မှတ်ထားသော ဧည့်သည်
Vol. 93 Ch. 1294
"တစ္ဆေပန်းချီကား ကမ္ဘာက အရင်ကထက် အများကြီး ပိုကြီးလာတယ်။ ဒီနေရာမှာ ကျန်းရှန်ကွမ်း အစစ်ကို ရှာဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ပြီးတော့ တစ္ဆေပန်းချီကား ကမ္ဘာထဲမှာ တစ္ဆေတွေ ရှိနေတယ်။ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေရင် အချိန်ကုန်တာပဲ အဖတ်တင်ပြီး အန္တရာယ်နဲ့ တိုးဖို့ ပိုလွယ်လိမ့်မယ်"
ဟယ်ယင်အာ ပြောလိုက်သည်။
သူသည် အဆုံးအစမရှိသော မီးခိုးရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိရာ သူ၏ စိတ်ထဲ၌ အားငယ်စိတ်များ ပြည့်နှက်လာရသည်။
ဒါတွေအားလုံးသည် သဘာဝလွန် ဖြစ်ရပ်တစ်ခုကြောင့် ဖြစ်ပျက်နေသည်ဟု ယုံကြည်ရန်ပင် ခက်ခဲလှပေသည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်မှ အဆက်မပြတ် ကျဆင်းနေသော စက္ကူပြာများသည် ပျောက်ကွယ်သွားခဲ့လေသည်။ မြေပြင်ပေါ်တွင် စက္ကူပြာ အကြွင်းအကျန် အများအပြား ရှိနေသေးသော်လည်း ဤပြောင်းလဲမှုသည် လူများကို မကောင်းသော နိမိတ်တစ်ခုကဲ့သို့ ခံစားရစေသည်။
မုန်တိုင်းမလာခင် ငြိမ်သက်သွားခြင်းမျိုး ဖြစ်ပေသည်။
"ငါ လမ်းပြပေးနိုင်တယ်။ ယန်ကျန့်ရဲ့ တစ္ဆေနယ်မြေနဲ့ ပူးပေါင်းလိုက်ရင် ကျန်းရှန်ကွမ်း အစစ်ကို ရှာရတာ သိပ်မခက်ပါဘူး"
လူကျစ်ဝမ်သည် ပြောပြောဆိုဆိုနှင့် စတင် လှုပ်ရှားလေသည်။
ထူးခြားသော ဘောပင်တစ်ချောင်းနှင့် ကျန်းရှန်ကွမ်း နာမည် ရေးထားသော စာရွက်တစ်ရွက်ကို ပေါင်းစပ်လိုက်ရာ အကြမ်းဖျင်း လမ်းကြောင်းတစ်ခုကို ညွှန်ပြနိုင်ခဲ့သည်။
"ဟိုဘက်မှာ"
သူသည် ရွှမ်ချောင်မြို့နယ် အပြင်ဘက်ရှိ လမ်းကြောင်းတစ်ခုကို ချက်ချင်း လက်ညှိုးထိုးပြလိုက်သည်။
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ယန်ကျန့်သည် လူသုံးယောက်ကို ခေါ်ဆောင်ကာ လူကျစ်ဝမ် ညွှန်ပြရာသို့ အမြန်သွားလိုက်လေသည်။
တစ္ဆေပန်းချီကား ကမ္ဘာထဲတွင် တစ္ဆေနယ်မြေကို အသုံးပြုနိုင်ခြင်းသည် ကြီးမားသော အားသာချက်တစ်ခု ဖြစ်ပြီး လူရှာဖွေရာတွင်လည်း အလွန် အဆင်ပြေစေသည်။
မကြာမီ သာမန်ဟု ထင်ရသော ရွာလေးတစ်ရွာသည် ယန်ကျန့်၏ အာရုံကို ဖမ်းစားလိုက်လေသည်။
သူ၏ တစ္ဆေနယ်မြေသည် ဒီနေရာ၌ ပုံမှန်မဟုတ်သော အရာများကို အာရုံခံမိသောကြောင့် ဖြစ်သည်။
ယန်ကျန့် သေချာ ဂရုစိုက်ကြည့်လိုက်သောအခါ မြင်လိုက်ရသော အခြေအနေကြောင့် အံ့သြမှင်သက်သွားရ၏။ မျက်မြင်ကိုယ်တွေ့သာ မဟုတ်လျှင် သူ အမြင်မှားနေသလားဟုပင် သံသယဝင်မိမည် ဖြစ်သည်။
သူသည် ဒီနေရာတွင် စွန်းရွေ့ကို တွေ့လိုက်ရသလို ယန်ရှောင်နှင့် တစ္ဆေစာပို့တိုက်မှ ဆီဆေးပန်းချီကားထဲတွင် နေထိုင်ကြသော ဝိညာဉ်များကိုလည်း တွေ့လိုက်ရသည်။ ထို့အပြင် တစ္ဆေပန်းချီကားထဲမှ တစ္ဆေနှင့် သူ ယခင်က ရင်ဆိုင်ခဲ့ဖူးသော ကြောက်မက်ဖွယ် တစ္ဆေတစ်ကောင်ဖြစ်သည့်... အလောင်းခြောက် သတို့သမီးကိုပါ တွေ့လိုက်ရလေသည်။
"တွေ့ပြီ... ဒီနေရာမှာပဲ"
ယန်ကျန့်သည် လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဟယ်ယင်အာ၊ ကျိုးဒန် နှင့် လူကျစ်ဝမ်တို့နှင့်အတူ ထိုရွာလေးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလိုက်သည်။
ထိုအချိန်၌ ရွာငယ်လေး အတွင်း၌ စွန်းရွေ့သည် ဆီဆေးပန်းချီကားထဲမှ ဝိညာဉ် ၃၆ ကောင်ကို ဦးဆောင်ကာ ကျန်းရှန်ကွမ်း၊ နျဲ့ယင်းဖျင်၊ တုဟုန် နှင့် ကျန်းယင်းတို့နှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ဒါသည် ယုံကြည်ချက်နှင့် အသက်ရှင်သန်ရေးအတွက် တိုက်ပွဲဖြစ်ပြီး မည်သည့်ဘက်ကမျှ အရှုံးပေးခြင်း၊ ဆုတ်ခွာခြင်း မရှိကြပေ။
ကျန်းရှန်ကွမ်း၏ အဖွဲ့သည် လူအရေအတွက် နည်းပါးသော်လည်း နျဲ့ယင်းဖျင်သည် ဌာနချုပ်မှ ခေါင်းဆောင်အချို့ထက်ပင် သာလွန်သော ထိပ်တန်း တစ္ဆေဆရာတစ်ဦး ဖြစ်သည်။ တုဟုန်နှင့် ကျန်းယင်းတို့သည်လည်း ဝါရင့် တစ္ဆေဆရာများ ဖြစ်ကြ၏။ ခေါင်းဆောင်အဆင့် မမီသော်လည်း သိပ်မကွာလှပေ။ သဘာဝလွန် စွမ်းအား အများစု ဆုံးရှုံးထားသော ကျန်းရှန်ကွမ်း တစ်ယောက်တည်းသာ အားအနည်းဆုံး ဖြစ်နေသည်။
သို့သော် ကျန်းရှန်ကွမ်းသည် စာပို့တိုက် မန်နေဂျာ ဖြစ်သဖြင့် မသေနိုင်ခြင်းက ကြီးမားသော အားသာချက် ဖြစ်နေပြန်သည်။
စွန်းရွေ့ဘက်တွင်မူ အရေအတွက် များသော်လည်း ဝိညာဉ်များ၏ သဘာဝလွန် စွမ်းအားသည် အသက်ရှင်စဉ်ကထက် ပို၍ အားနည်းနေကြသည်။ ဆယ်စုနှစ်များစွာ တိုးတက်မှု မရှိဘဲ ရပ်တန့်နေခဲ့သဖြင့် ခေတ်နောက်ကျနေသည်ဟု ဆိုရမည်။
သို့သော် ဝိညာဉ်များတွင် အရေအတွက် အားသာချက် ရှိပြီး သူတို့အသုံးပြုသော သဘာဝလွန် စွမ်းအားများထဲတွင် အလွန် ဒုက္ခပေးနိုင်သော အရာအချို့ ပါဝင်နေသည်။
ခေတ္တမျှ နှစ်ဖက်စလုံး အင်အားတူနေသယောင် ရှိလေသည်။
ခဏတာ လှုပ်ရှားမှု အတွင်းမှာပင် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်များသည် ဆီဆေးပန်းချီကားထဲတွင် မသေနိုင်သော်လည်း ပြင်းထန်သော သဘာဝလွန် တိုက်ခိုက်မှုများကို ခံရပါက ပျက်စီးသွားနိုင်လေသည်။ ဆီဆေးပန်းချီကား၏ သဘာဝလွန် စွမ်းအားက သူတို့၏ မသေနိုင်မှုကို ထိန်းသိမ်းပေးထားသော်လည်း အခြား သဘာဝလွန် စွမ်းအားများက သူတို့၏ ဖြစ်တည်မှုကို ဖျက်ဆီးပစ်နိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် ဒီနေရာသည် ဆီဆေးပန်းချီကား ကမ္ဘာမဟုတ်ဘဲ တစ္ဆေပန်းချီကား ကမ္ဘာ ဖြစ်နေသည်။
ဆီဆေးပန်းချီကားထဲမှ ထွက်ခွာလာပြီးနောက် ဝိညာဉ်များသည် အားသာချက် တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ဝိညာဉ် ၃၆ ကောင်သည် အဆက်မပြတ် ပြင်းထန်စွာ ထိခိုက်မှုများ စတင် ခံစားလာရပြီး ရှင်သန်မှုကို မထိန်းသိမ်းနိုင်တော့ဘဲ စတင် ပျောက်ကွယ်လာကြသည်။
"ကျန်းဝေ... ဟုန်ရှူယွင်... ဝမ်တောက်ဟိုင်... ကျန်းရှောင်မေ့..."
ဝိညာဉ်တစ်ကောင်သည် ရင်းနှီးသော မိတ်ဆွေများ၏ အမည်ကို အော်ခေါ်လိုက်မိသည်။ ထိုသူများ နျဲ့ယင်းဖျင်၏ လက်ချက်ဖြင့် သေဆုံးသွားကာ ခန္ဓာကိုယ်များ ပြိုလဲပြီး ပျောက်ကွယ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောကြောင့် ဖြစ်သည်။
အခြား ဝိညာဉ်များသည်လည်း လျော့မသွားကြပေ။ တစ်ဖက်မှ ကျန်းယင်း အမည်ရှိ အမျိုးသမီး တစ္ဆေဆရာကို ဖြိုချနိုင်ရန် လူအများအပြား ပေးဆပ်လိုက်ရသည်။ တုဟုန်သည်လည်း အခြား ဝိညာဉ်များ၏ သဘာဝလွန် တိုက်ခိုက်မှုများကို မကာကွယ်နိုင်တော့ဘဲ ရုန်းကန်နေရကာ တစ္ဆေနိုးထမည့် အစွန်းဆုံး အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
ယန်ရှောင်သည် ဤအခွင့်အရေးကို အသုံးချကာ ကျန်းရှန်ကွမ်း အစစ်ကို အိပ်မက်ထဲသို့ ဆွဲခေါ်ပြီး ဤပြဿနာကောင်ကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။
"သေတာ ဘယ်နှစ်နှစ် ရှိမှန်းတောင် မသိတဲ့ ဝိညာဉ်အုပ်စုကများ... အရေအတွက် များရုံနဲ့ နိုင်မယ် ထင်နေတာလား။ တစ္ဆေဆရာ အချင်းချင်း ကွာခြားချက်ကို အရေအတွက်နဲ့ ဖြည့်ဆည်းလို့ မရဘူး ဆိုတာ ဒီနေ့ မင်းတို့ကို ငါ နားလည်အောင် လုပ်ပေးမယ်"
နျဲ့ယင်းဖျင်သည် ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် အေးစက်ပြီး သေလူကဲ့သို့ မီးခိုးရောင် သန်းနေကာ ရေခဲကိုက်ထားသကဲ့သို့ အညိုအမည်းကွက်များ အရေပြားပေါ်တွင် ပေါ်လာလေသည်။
ထိုအချိန်တွင် သဘာဝလွန် စွမ်းအားတစ်ခုသည် သူ့ကို ကျူးကျော်ဝင်ရောက်လာပြီး သတ်ဖြတ်ရန် ကြိုးစားနေသည်။
သို့သော် သူ၏ ပတ်ဝန်းကျင် အပူချိန်သည် ရုတ်တရက် ထိုးကျသွား၏။ အနီးနားရှိ ဝိညာဉ်များသည် ရေခဲခေါင်းတလားထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်ခုံး၊ ဆံပင်နှင့် မျက်ခွံများပေါ်တွင် ထူထဲသော နှင်းခဲလွှာများ ဖုံးလွှမ်းသွားလေသည်။ နျဲ့ယင်းဖျင်ထံ တိုးကပ်ရန် ကြိုးစားသော ဝိညာဉ်အချို့မှာမူ ရေခဲရိုက်သကဲ့သို့ တောင့်တင်းသွားပြီး အလောင်းကောင်များ ဖြစ်သွားကြရသည်။
နျဲ့ယင်းဖျင်၏ လက်ထဲတွင် ကလေးကစားစရာ ဗုံကလေး တစ်ခု ရောက်နေသည်မှာ ဘယ်အချိန်ကတည်းကမှန်း မသိပေ။ ထိုဗုံကလေး၏ အနီရောင် ဆေးသားများသည် ကွက်တိကွက်ကြား ဖြစ်နေပြီး မျက်နှာပြင်မှာ ညစ်ပတ် မည်းနက်နေကာ အပိုင်းအစများ ပျောက်ဆုံးနေ၏။ ဘေးနှစ်ဖက်တွင် တွဲလောင်းကျနေရမည့် ပုတီးလုံးလေးများလည်း မရှိတော့ချေ။
ထူးဆန်းသည်မှာ ထိုဗုံကလေး၏ မျက်နှာပြင်အောက်တွင် လူမျက်နှာတစ်ခု ဝိုးတဝါး ပေါ်နေပြီး လက်ဝါးနှစ်ဖက်၏ ပုံသဏ္ဌာန်များလည်း ထွက်ပေါ်နေသည်။ တစ္ဆေဆိုး တစ်ကောင်ကို အတွင်း၌ ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသည်။
ဒါသည် ထူးဆန်းသော သဘာဝလွန် ပစ္စည်းတစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။
မဟုတ်သေး... တိတိကျကျ ပြောရလျှင် ဒါက နျဲ့ယင်းဖျင်၏ သဘာဝလွန် လက်နက် ဖြစ်ပေသည်။
သူသည် ရေခဲရိုက်ထားသော အလောင်းကောင်များကို ထိုဗုံကလေးဖြင့် လေးလံသော တူတစ်လက်ကဲ့သို့ ရိုက်ချလိုက်လေသည်။
အသံအက်အက်ဖြင့် မြည်ဟည်းသွားသော ဗုံသံတွင် ကြောက်မက်ဖွယ် တစ္ဆေအော်သံများ ပါဝင်နေပြီး ကြားရသူ၏ ရိုးတွင်းခြင်ဆီအထိ အေးစက်သွားစေသည်။
အသံတစ်ချက် ထွက်ပေါ်လာသည်နှင့် ရေခဲရိုက်ထားသော အလောင်းကောင်များသည် အမှုန့်ကြေသွားပြီး ဘာမျှ မကျန်တော့ချေ။ တစ်ချိန်တည်းမှာပင် ထိုကြောက်မက်ဖွယ် အော်သံကြောင့် အနီးနားရှိ ဝိညာဉ်အချို့မှာ မျက်လုံးများ ပြူးကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်တို့မှ သွေးပျစ်များ စီးကျလာပြီး အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ခံလိုက်ရပုံ ရသည်။
"ဒီကောင့်ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။ သူက အရမ်း စွမ်းအားကြီးတယ်၊ သူ့ကို မဖြိုနိုင်ရင် ငါတို့ နိုင်မှာ မဟုတ်ဘူး"
ဝိညာဉ်တစ်ကောင်က အော်ပြောလိုက်သည်။
"အမှိုက်တွေက အမှိုက်လိုပဲ ငြိမ်ငြိမ်နေပြီး သေလိုက်စမ်းပါ"
နျဲ့ယင်းဖျင်သည် ရှေ့သို့ တိုးလာသည်။ သူ၏ တစ္ဆေနယ်မြေ ကျယ်ပြန့်သွားပြီး ပတ်ဝန်းကျင် အပူချိန်မှာ ထိုးကျသွားပြန်သည်။
ဤအပူချိန်သည် အစစ်အမှန် အအေးဓာတ် မဟုတ်ဘဲ သဘာဝလွန် စွမ်းအားက လက်တွေ့ဘဝကို လွှမ်းမိုးထားခြင်း ဖြစ်သည်။ အကယ်၍ သဘာဝလွန် လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ပါက အေးစက်သော ခံစားမှုလည်း ပျောက်ကွယ်သွားလိမ့်မည်။ တစ္ဆေမီးတောက်သည် အစစ်အမှန် မီးမဟုတ်ဘဲ သဘာဝလွန် စွမ်းအား၏ ပုံရိပ်ယောင် ဖြစ်သကဲ့သို့ပင်။
စကားပြောလိုက်သော ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သွေးများ ရပ်တန့်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။
သက်ရှိခန္ဓာကိုယ် မဟုတ်တော့သော်လည်း ရေခဲရိုက်ခံရသော ခံစားမှုကို ခံစားနေရဆဲ ဖြစ်ကြောင်း ထင်ရှားနေသည်။
"မင်း သိပ်ပြီး မောက်မာမနေနဲ့"
ထိုဝိညာဉ်သည် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ခန္ဓာကိုယ် မခဲသွားမီ ပြန်လည် တုံ့ပြန်လိုက်ရာ မကောင်းဆိုးဝါး ပုံရိပ်တစ်ခုသည် သူ့ထံမှ ထွက်ခွာပြီး နျဲ့ယင်းဖျင်ဆီသို့ ဦးတည်သွားလေသည်။
သို့သော် သဘာဝလွန် တိုက်ခိုက်မှု မရောက်ရှိခင်မှာပင် နျဲ့ယင်းဖျင်၏ ရှေ့၌ ရပ်တန့်သွားသည်။
မကောင်းဆိုးဝါး ပုံရိပ်သည်လည်း နှင်းခဲများ ဖုံးလွှမ်းသွားပြီး နေရာမှာတင် တောင့်တင်းသွားလေသည်။
နျဲ့ယင်းဖျင်၏ မျက်နှာထားမှာ အေးစက်နေပြီး လက်ထဲမှ ဗုံကလေးဖြင့် တွေဝေခြင်း မရှိဘဲ ရိုက်ချလိုက်သည်။ တစ္ဆေသည် ချက်ချင်း လှုပ်ရှားမှု ရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ ဤသဘာဝလွန် အင်အားကို မခုခံနိုင်ဘဲ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။
"အဟွတ်... အဟွတ်"
ရုတ်တရက် အားနည်းပြီး သေလုမျောပါး ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာသည်။
ဖျားနာနေသောတစ္ဆေဟု အမည်ပြောင်ရထားသော စွန်းရွေ့သည်လည်း ထိုအချိန်တွင် တွေဝေမနေဘဲ လှုပ်ရှားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယန်ရှောင်က ကျန်းရှန်ကွမ်းကို ထိန်းထားစဉ် သူက အခြား တစ္ဆေများနှင့် ပေါင်းပြီး နျဲ့ယင်းဖျင်ကို ရှင်းပစ်ချင်နေသည်။ သူ့ကို သတ်နိုင်သည်နှင့် ကျန်တဲ့သူတွေက အကာအကွယ်မဲ့သွားပြီး တိုက်ပွဲကို အနိုင်ရရှိပေလိမ့်မည်။
နျဲ့ယင်းဖျင်သည် လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့နေသလို ခံစားလိုက်ရပြီး မနေနိုင်ဘဲ ချောင်းဆိုးချင်လာသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှာ အားနည်းသွားလေသည်။
"ဒီလောက် သဘာဝလွန် စွမ်းအားလေးနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား။ အမှိုက်က ဘယ်တော့မှ လူရာဝင်လာမှာ မဟုတ်ဘူး"
သူသည် ဂရုမစိုက်ဟန်ဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထိုအချိန်တွင် ရေခဲကိုက်နေသော သူ့အရေပြားပေါ်၌ ဆေးမင်ကြောင်တစ်ခု ပေါ်လာလေသည်။
ဆေးမင်ကြောင်၏ ပုံသဏ္ဌာန်မှာ ငတ်ပြတ်ပြီး သေဆုံးနေသော အလောင်းကောင် တစ်ခုကဲ့သို့ ဖြစ်ပြီး အရိုးများ ထွက်နေကာ အလွန် ပီပြင်လှသည်။ အလောင်းကောင်က သူ့ကို ဖက်တွယ်ထားသကဲ့သို့ ရှိနေသည်။
ဒီလို သဘာဝလွန် စွမ်းအားမျိုးက ရင်းနှီးနေသယောင် ရှိသည်။
ယခင်က ဤကဲ့သို့သော ဆေးမင်ကြောင်များ ရှိသည့် တစ္ဆေထိန်းချုပ်သူများ ရှိခဲ့ဖူးသည်။ ဆေးမင်ကြောင် ပုံစံများသာ အနည်းငယ် ကွဲပြားခြင်း ဖြစ်သည်။
ဆေးမင်ကြောင် ပေါ်လာသည်နှင့် နျဲ့ယင်းဖျင်၏ ချောင်းဆိုးချင်စိတ် ချက်ချင်း ပျောက်ကွယ်သွားသည်။ အရေပြားပေါ်ရှိ တစ္ဆေက သူ့အစား သဘာဝလွန် တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။
"ဒီကောင်က..."
ဒီအဆင့်ရောက်မှတော့ ဒီကောင်၏ အင်အားမှာ တကယ်ပင် ကြောက်စရာကောင်းကြောင်း စွန်းရွေ့ ဝန်ခံလိုက်ရသည်။ ထုတ်သုံးလိုက်သော သဘာဝလွန် စွမ်းအားများသည် အနည်းဆုံး သုံးမျိုးခန့် ရှိနေသည်။
ဆိုလိုသည်မှာ သူသည် အနည်းဆုံး တစ္ဆေသုံးကောင်ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ပြီးတော့ အစကနေ အခုထိ သူ့ဆီမှာ တစ္ဆေပြန်နိုးထမယ့် လက္ခဏာ မတွေ့ရသေးပေ။ ဆိုလိုသည်မှာ သူသည် တစ္ဆေပြန်နိုးထခြင်း ပြဿနာကို ယာယီ ဖြေရှင်းထားပြီး သဘာဝလွန် စွမ်းအားများကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်သူ ဖြစ်သည်။ သူ့ကို အင်အားကုန်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။
"ဒီလို ခြောက်တီးခြောက်ချက် လောက်နဲ့များ ငါတို့ အစီအစဉ်ကို ဖျက်ချင်နေတယ်ပေါ့လေ။ ဒီနေ့ မင်းတို့အားလုံးကို တစ်ခါတည်း အပြတ်ရှင်းပြီး နောက်နောင် ပြန်ရှင်ခွင့် မရအောင်ကို လုပ်ပစ်မယ်"
နျဲ့ယင်းဖျင် ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ သူတစ်ယောက်တည်းနှင့်ပင် တစ္ဆေဆယ်ကောင်ကျော်ကို ရှင်းပစ်လိုက်လေသည်။
ရုတ်တရက် သနားစဖွယ် အော်သံတစ်ခု ထွက်ပေါ်လာသဖြင့် သူ ခေတ္တမျှ ရပ်တန့်သွားသည်။
မလှမ်းမကမ်းတွင် ကျန်းယင်း တစ်ယောက် ဆိုးရွားသော နိဂုံးနှင့် ကြုံတွေ့သွားရပြီ ဖြစ်သည်။
သူသည် တစ္ဆေများ ဝိုင်းရံခြင်းကို ခံရပြီး သဘာဝလွန် တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားခဲ့ရှာသည်။
သို့သော် ကျန်းယင်းသည်လည်း သူနှင့်အတူ တစ္ဆေအများအပြားကို ခေါ်ဆောင်သွားနိုင်ခဲ့သည်။ သူ၏ ခံနိုင်ရည် အကန့်အသတ်သို့ ရောက်သွားခြင်း ဖြစ်သည်။
"တောက်..."
ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ နျဲ့ယင်းဖျင် ဒေါသထွက်သွားသည်။
တုဟုန်နှင့် ကျန်းယင်းတို့သည် အားမကောင်းလှသော်လည်း အသင်းဖော်များ ဖြစ်ကြပြီး ယုံကြည်ချက်တူသူများ ဖြစ်သည်။ အစီအစဉ် အောင်မြင်ပါက တစ္ဆေပန်းချီကား ကမ္ဘာအသစ်ကို အတူတူ စီမံခန့်ခွဲရမည့်သူများ ဖြစ်သည်။ အခုတော့ ဒီနေရာက တစ္ဆေတွေကြောင့် သူတို့ ပင်ပန်းနွမ်းနယ်နေကြရပြီ။
သို့သော် ဒီလို စိတ်အာရုံလွင့်ပါးသွားခိုက်တွင် နျဲ့ယင်းဖျင်သည် မူးဝေမှုကို ခံစားလိုက်ရပြီး ပြင်းထန်သော အိပ်ငိုက်စိတ်များ ဝင်ရောက်လာလေသည်။
"အိပ်မက်ဆိုး ယန်ရှောင်လား... ငါ့ကို အိပ်မက်ကမ္ဘာထဲ ဆွဲခေါ်ချင်နေတာပေါ့လေ။ မင်းကို ငါ သတိထားနေတာ ကြာပြီ၊ သူတို့ထဲမှာ မင်းက အန္တရာယ် အပေးနိုင်ဆုံးပဲ"
သူသည် မူးဝေအိပ်ငိုက်နေသော်လည်း နောက်ဆုံးအချိန်တွင် လက်ထဲရှိ ဗုံကလေးကို လှုပ်ခါလိုက်နိုင်သေးသည်။
တစ္ဆေအော်သံ ပဲ့တင်ထပ်သွားလေသည်။
နျဲ့ယင်းဖျင်သည် ချက်ချင်း လန့်နိုးသွားတော့သည်။
ယန်ရှောင်၏ အကြည့်များက တည်ငြိမ်နေပြီး စိတ်ထဲတွင် နောင်တရခြင်း မရှိပေ။
ကျန်းရှန်ကွမ်းကို အိပ်မက်ထဲ ဆွဲခေါ်ထားနိုင်တာကပင် အတော်လေး ကောင်းနေပြီ ဖြစ်သည်။ ကြိုတင်ပြင်ဆင်ထားသော နျဲ့ယင်းဖျင်ကို အိပ်မက်ကမ္ဘာထဲ အောင်မြင်စွာ ခေါ်ဆောင်နိုင်ဖို့ဆိုတာ ခက်ခဲလှသည်။
"မင်းကို အရင် ရှင်းရမယ်"
နျဲ့ယင်းဖျင်သည် ယန်ရှောင်ကို အာရုံစိုက်လိုက်သည်။ ဒီအန္တရာယ်ကောင်ကို အရင်ရှင်းပြီး ကျန်းရှန်ကွမ်းကိုပါ နှိုးရမည်။
"သူ့ကို တားကြ"
စွန်းရွေ့သည် ပေါ့ဆမနေရဲဘဲ ရှေ့သို့ ပြေးထွက်သွားလိုက်သည်။ ကျန်ရှိနေသော တစ္ဆေများသည်လည်း တုဟုန်နှင့် ကျန်းယင်းတို့ကို ရှင်းပြီးနောက် အမြန် လိုက်ပါလာကြသည်။
ဒီတစ္ဆေများ၏ အရေအတွက်မှာ နည်းပါးသွားပြီ ဖြစ်ကာ ၁၀ ကောင်ကျော်သာ ကျန်တော့သည်။
"မင်းတို့က ငါ့ကို တားနိုင်မယ် ထင်နေလား"
နျဲ့ယင်းဖျင်သည် လက်ထဲရှိ ဗုံကလေးကို ရိုက်ခတ်လိုက်ရာ ကစားစရာနှင့်တူသော ထိုအရာမှ သွေးပျက်ဖွယ် အော်သံများ ထွက်ပေါ်လာလေသည်။
အော်သံများ ပဲ့တင်ထပ်သွားပြီး တစ္ဆေများသည် ခေါင်းကို ကိုင်ကာ နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျကုန်ကြသည်။
စွန်းရွေ့လည်း ပြင်းထန်စွာ ထိခိုက်သွားပြီး နှာခေါင်းမှ သွေးများ စီးကျလာကာ ခေါင်းကွဲမတတ် ခံစားလိုက်ရသည်။
သို့သော် စာပို့တိုက် မန်နေဂျာ ဖြစ်သည့်အတွက် ဒီသဘာဝလွန် တိုက်ခိုက်မှုကြောင့် နာကျင်နေရသော်လည်း မသေသေးဘဲ ရှိနေသည်။
ဒီအခွင့်အရေးကို အသုံးချပြီး နျဲ့ယင်းဖျင်သည် တစ္ဆေနယ်မြေကို အသုံးပြုကာ ယန်ရှောင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး ကြမ်းတမ်းစွာ ဖမ်းဆွဲလိုက်လေသည်။
အေးစက်မှု ဝင်ရောက်လာသည်။
ယန်ရှောင်၏ ခန္ဓာကိုယ်ပေါ်တွင် နှင်းခဲများ ပျံ့နှံ့လာပြီး မကြာမီ ရေခဲဖုံးတော့မည့် အခြေအနေသို့ ရောက်သွားသည်။
"မင်းရဲ့ အိပ်မက်ဆိုး ပြီးဆုံးသွားပြီ၊ ပျောက်ကွယ်လိုက်ပါတော့"
နျဲ့ယင်းဖျင်သည် မကောင်းဆိုးဝါးဆန်စွာ ပြောလိုက်ပြီး ဗုံကလေးကို မြှောက်ကာ ယန်ရှောင်ကို ရိုက်နှက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်လေးမှာပင် မလှမ်းမကမ်းမှ အလင်းရောင် တစ်ခု လင်းလက်လာပြီး ရွှေရောင် အဆင်းများသည် မျက်လုံးထဲသို့ ဝင်ရောက်လာလေသည်။ ကမ္ဘာတစ်ခုလုံး ချက်ချင်း မီးစွဲလောင်သွားသကဲ့သို့ ဖြစ်သွားပြီး ကြောက်မက်ဖွယ် မီးတောက်များ ဟိန်းဟောက် ထွက်ပေါ်လာတော့သည်။
ရိုက်နှက်ရန် ရွယ်ထားသော နျဲ့ယင်းဖျင်၏ လက်မောင်းသည် ချက်ချင်း တောင့်တင်းသွားလေသည်။
သူ မရိုက်ချင်၍ မဟုတ်ဘဲ သူ၏ လက်မောင်းတစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသောကြောင့် ဖြစ်သည်။ မီးလောင်ကျွမ်းထားသော လက်ကြီးများက သူ့ကို ဖက်တွယ်ထားပြီး လက်မောင်းတစ်ခုလုံး ထုံကျင်သွားစေသည်။
"အိပ်မက်ဆိုးက ပြီးဆုံးမသွားဘူး၊ ဆက်ပြီး မက်နေရဦးမှာပါ"
ယန်ရှောင် တည်ငြိမ်စွာ ပြောလိုက်သည်။
နောက်တစ်ခဏတွင် မီးလောင်နေသော အလင်းရောင်ထဲ၌ ယန်ကျန့်၊ ကျိုးဒန်၊ ဟယ်ယင်အာ နှင့် လူကျစ်ဝမ် ဟူသော ခေါင်းဆောင်လေးဦး၏ ပုံရိပ်များ ပေါ်ထွက်လာလေသည်။
"ဒါ မဖြစ်နိုင်ဘူး"
ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ နျဲ့ယင်းဖျင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရသည်။
ယန်ကျန့်နှင့် အခြားသူများ အသက်ရှင်နေရုံသာမက ချန်ချောင်ယန်၊ ကျန်းရှန် နှင့် သူတို့၏ ပိတ်ဆို့မှုကိုပါ ဖောက်ထွက်ပြီး ဒီနေရာထိ ရောက်လာကြလိမ့်မည်ဟု သူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။
ဒီခေါင်းဆောင်တွေ ပေါ်လာခြင်းက အဓိပ္ပာယ် တစ်ခုတည်းသာ ရှိသည်။ ဟိုဘက်က လှုပ်ရှားမှု ကျရှုံးသွားပြီ ဖြစ်ပေသည်။