အခန်း (၄၁၄)
Vol. 34 Ch. 414
အိမ်တော်ကို ထပ်မံ လှည့်ပတ်ကြည့်ရှုပြီးနောက် သီးခြား အတားအဆီး ဘယ်လို ချထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျန်းပေရန် ရင်ထဲမှာ အကြမ်းဖျင်း အစီအစဉ် ရရှိသွားခဲ့လေသည်။
အခု နောက်ဆုံး သီးခြား အတားအဆီး တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဆိုတော့ ဒီတစ်ခါ ပိုပြီး ပြီးပြည့်စုံတဲ့ တစ်ခု ဖန်တီးဖို့ သဘာဝကျကျ စီစဉ်ထားလေသည်။
ညဘက်မှာ ကျန်းပေရန် အကင်စင် တစ်ခု တည်ဆောက်ပြီး အသားကင်တချို့ ပြုလုပ်လေသည်။
စပ်ပြီး မွှေးပျံ့နေတဲ့ ရနံ့ကြောင့် လင်ယုယန် တံတွေး အဆက်မပြတ် မျိုချနေရလေသည်။
သူမ စီနီယာ အစ်ကိုကြီး လုပ်ပေးတဲ့ အရာ တစ်ခုခု စားခဲ့ရတာ အရမ်း အရမ်း ကြာခဲ့ပြီ။
ဒါက လင်ယုယန်ကို စီနီယာ အစ်ကိုကြီး သူမ ဘဝထဲ ပထမဆုံး အကြိမ် ရောက်လာခဲ့တုန်းက အလွန် သာမန် ဆန်ပြုတ် တစ်ပန်းကန်တည်းနဲ့ သူမကို သိမ်းပိုက်ခဲ့တာ ပြန်သတိရစေခဲ့လေသည်။
ဒါပေမဲ့ အဲ့ဒီ ဆန်ပြုတ် တစ်ပန်းကန်က သူမ ခန္ဓာကိုယ်ကို နွေးထွေးစေရုံသာမက သူမ နှလုံးသားကိုပါ နွေးထွေးစေခဲ့လေသည်။
"ရော့"
ကျန်းပေရန် သိုးသားကင် တစ်ဆုပ် ကောက်ယူပြီး လင်ယုယန်ကို ကမ်းပေးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
လင်ယုယန် လက်နှစ်ဖက် ဆန့်ထုတ်ပြီး အသားကင်တွေကို ယူလိုက်ကာ သူမ ရင်ထဲမှာ ပျော်ရွှင်မှုတွေနဲ့ ပွင့်လန်းနေလေပြီ။
' အစ်ကိုကြီးက ငါ့အတွက် ညစာတောင် ချက်ကျွေးနေတာပဲ
အစာကြေအောင် စားပြီးရင် လက်ချင်းချိတ် လမ်းလျှောက်ပြီး ကြယ်တွေ လတွေ အတူတူ ရေတွက်ဖို့ ဝေးဦးမလား'
လမင်းကြီး အောက်မှာ စီနီယာ အစ်ကိုကြီးနဲ့ လက်ချင်းချိတ် လမ်းလျှောက်နေတဲ့ မြင်ကွင်းကို စိတ်ကူးယဉ်ရင်း လင်ယုယန် တံတွေး မျိုချလိုက်ပြီး သိုးသားကင် တစ်ကိုက် ကိုက်လိုက်လေသည်။
"စားကောင်းလိုက်တာ"
လင်ယုယန် မအော်ဘဲ မနေနိုင်တော့ပေ၊ သူမ မျက်လုံးတွေက သူမ လက်ထဲက အသားကင်ကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
သူမရဲ့ အစ်ကိုကြီးရဲ့ စွမ်းရည်တွေက လောကမှာ ပြိုင်ဘက်ကင်းမှန်း သူမ အမြဲ သိခဲ့ပေမယ့် ထပ်ပြီး တိုးတက်လာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။
အစ်ကိုကြီး သူမကို ခေါင်းညိတ်ပြတာ မြင်ပြီးနောက် လင်ယုယန် အသားကင် တစ်ချောင်း ကောက်ယူပြီး နောက်တစ်ကိုက် ကိုက်လိုက်လေသည်။
ဒီတစ်ခါတော့ သူမ သိုးသားကို တစ်ခါတည်း မျိုချမပစ်ဘဲ ကျန်နေတဲ့ အသားကို ကြည့်ပြီး အရသာ ခံလိုက်လေသည်။
အဆီပါတဲ့ အသားကို ကြွပ်ရွနေအောင် ကင်ထားတယ်၊ နည်းနည်း ညိုနေပြီး တစ်ကိုက် ကိုက်လိုက်တာနဲ့ အရည်ပျော်သွားတဲ့ အဆီရဲ့ ထူးခြားတဲ့ မွှေးပျံ့မှုကို သူမ ခံစားလိုက်ရလေသည်။
အစ်ကိုကြီး အသားပေါ် ဖြူးထားတဲ့ အမှုန့်ကလည်း ထူးထူးခြားခြား စားကောင်းလွန်းပြီး သိုးသားနဲ့ ပြီးပြည့်စုံစွာ ပေါင်းစပ်နေသလိုပဲ၊ တစ်ခု မရှိရင် တစ်ခု မဖြစ်တည်နိုင်သလိုမျိုးပင်။
သူမ နောက်တစ်ကိုက် ကိုက်လိုက်ပြီး ကင်ထားတဲ့ အသား နောက်တစ်ဖတ် ဆွဲယူလိုက်လေသည်။
အသားသက်သက် အပိုင်းက ဝါးလို့ကောင်းတယ်၊ အဆီပါတဲ့ အပိုင်းက ကြွပ်ရွပြီး မွှေးပျံ့နေသည်။
သူမ မတော်တဆ အကြွပ် တစ်ခု ကိုက်မိလိုက်တဲ့အခါ "တရှဲရှဲ" အသံနဲ့ အတူ မွှေးပျံ့တဲ့ သိုးအဆီတွေက အသားသက်သက် အပိုင်းပေါ် စီးကျသွားလေသည်။
အသားသက်သက် အပိုင်းကို ပိုမို ချောမွေ့ပြီး အရသာ ရှိသွားစေလေသည်။
ဒီလို အရသာမျိုးက စစားလိုက်တာနဲ့ ရပ်တန့်ဖို့ လုံးဝ မဖြစ်နိုင်တော့ပေ။
သိုးသားကင် ငါးချောင်းလုံး တစ်ခါတည်း စားပြီးနောက် လင်ယုယန် နှုတ်ခမ်းသပ်လိုက်သည်၊ လိုချင်တပ်မက်စိတ် ရှိနေတုန်းပင် ဖြစ်သည်။
ကင်နေတုန်း ဖြစ်တဲ့ သူမရဲ့ အစ်ကိုကြီးကို မော့ကြည့်လိုက်ပြီး ဗိုက်ဝအောင် စားထားပေမယ့် သူမ တံတွေးကို အငမ်းမရ မျိုချမိမနေနိုင်တော့ပေ။
'အစ်ကိုကြီး ကြည့်ရတာ... ပိုတောင် စားချင်စရာ ကောင်းသေးတယ်'
လက်ညှိုးနဲ့ နှုတ်ခမ်းထောင့်က အဆီတွေကို သုတ်ရင်း လင်ယုယန် မိန်းမောတွေဝေစွာ တွေးလိုက်မိလေသည်။
နောက်ထပ် အသားကင် ပန်းကန်ပြားကြီး တစ်ချပ် ကင်ပြီးနောက် ကျန်းပေရန် ဝိုင်အိုး တစ်လုံး ဖွင့်ပြီး သူ့အတွက် တစ်ခွက် ထည့်လိုက်လေသည်။
"အစ်ကိုကြီး... အဲ့ဒီ ဝိုင်နံ့က အရမ်း မွှေးတာပဲ ညီမလေးလည်း..."
[ရွေးချယ်မှု ၁ - လင်ယုယန် ကို ဝိုင်တချို့ ပေးလိုက်ပါ။
ပြီးမြောက်ပါက ဆုလက်ဆောင် - တောက်လောင်နေသော နေမင်း ရတနာ ကျမ်းလိပ် (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]
[ရွေးချယ်မှု ၂ - "ကလေးမလေးတွေ ဝိုင်သောက်ခွင့် မရှိဘူး"
ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]
'ဟေ'
ကျန်းပေရန် ရွေးချယ်မှုတွေကို ခဏလောက် စိုက်ကြည့်နေမိသည်၊ ဒီမိန်းမကလည်း မူးရင် ရူးသွပ်တတ်တဲ့ အမျိုးအစားများလား လို့ တွေးမိလေသည်။
ဒါပေမဲ့ မဟုတ်သေးပါဘူး။
သူမ ဘယ်လောက်ပဲ ရူးသွပ်သွားပါစေ သူမရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဆိုရင် ပေါ့ပေါ့ပါးပါး ပါးရိုက်လိုက်ရုံနဲ့ လှဲချပစ်လိုက်လို့ ရတာပဲ။
ဘယ်လိုလုပ် မြေကမ္ဘာအဆင့် ဆုလက်ဆောင်နဲ့ ထိုက်တန်မှာလဲ။
ထပ်ခါထပ်ခါ စဉ်းစားပြီးနောက် ကျန်းပေရန် ဘာကြောင့်လဲ ဆိုတာ နားမလည်နိုင်သေးပေ၊ ဒါပေမဲ့ အဲ့ဒါက ဒုတိယ ရွေးချယ်မှုကို တိုက်ရိုက် ရွေးချယ်လိုက်တာကနေ သူ့ကို မတားဆီးနိုင်ခဲ့ပေ။
သူ ဝိုင်အိုးကို ပြန်သိမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ကလေးမလေးတွေ ဝိုင်သောက်ခွင့် မရှိဘူး"
[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ။
ဆုလက်ဆောင် - စိတ်ဝိညာဉ် +၁]
ဝိုင်မရလို့ လင်ယုယန် နည်းနည်း စိတ်ပျက်သွားပေမယ့် စီနီယာ အစ်ကိုကြီးက သူမကို ကလေးမလေး လို့ ခေါ်လိုက်တာ ကြားရတော့ သူမ ရင်ထဲမှာ ချိုမြိန်သွားသလို ခံစားလိုက်ရလေသည်။
ဝိုင်တစ်လုပ်၊ အသားတစ်လုပ်။
သူ စိတ်ကြိုက် စားသောက်ပြီးနောက် ကျန်းပေရန် လင်ယုယန်ကို ကြည့်ပြီး မေးလိုက်လေသည်။
"ငါ ပေးတဲ့ ကျောက်စိမ်း ဝတ်ပြီးနောက် မင်းခန္ဓာကိုယ်မှာ အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ခဲ့လား"
ခရမ်းသီးကင် စားနေတဲ့ လင်ယုယန် တောင့်ခဲသွားလေသည်။
ခဏအကြာမှ သူမ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့ တချို့ ကိစ္စတွေ ဖြစ်ခဲ့ပါတယ်"
"ဘာဖြစ်ခဲ့လဲ ပြောပြ"
ခဏ စဉ်းစားပြီးနောက် လင်ယုယန် ပြန်ဖြေလိုက်လေသည်။
" အစ်ကိုကြီး ပေးတဲ့ ကျောက်စိမ်းပြား ဝတ်လိုက်တဲ့ အခိုက်အတန့်မှာပဲ ကျွန်မ ရင်ထဲက ကြောက်မက်ဖွယ် အရှိန်အဝါ တွေ စတင် မွှေနှောက်လာခဲ့တယ် အရင် အချိန်တွေကထက် ပိုပြင်းထန်ခဲ့တယ်"
ကျန်းပေရန် နားထောင်ရင်း ခေါင်းညိတ်လိုက်သည်၊ ငန်းရိုင်း ကျောက်စိမ်း ရဲ့ ဖြောင့်မတ်တဲ့ အရှိန်အဝါ က သူမ ခန္ဓာကိုယ်ထဲက ထူးခြားဆန်းပြား သတ္တဝါ ကို သေစေလောက်တဲ့ ခြိမ်းခြောက်မှု ဖြစ်စေခဲ့လို့ အစွမ်းကုန် ပြန်လည် တိုက်ခိုက်လာတာ ဖြစ်မယ်လို့ အကြမ်းဖျင်း နားလည်လိုက်လေသည်။
"ဒါပေမဲ့ ကံကောင်းစွာနဲ့ စီနီယာ အစ်ကိုကြီး ပေးတဲ့ ကျောက်စိမ်းပြား က ကျွန်မကို ကာကွယ်ပေးခဲ့တယ် အဲ့ဒီ ကြောက်မက်ဖွယ် အရှိန်အဝါ က တစ်ခုခု လုပ်ဖို့ ကြိုးစားပေမယ့် ကျောက်စိမ်းပြား က ဖိနှိပ်ထားခဲ့ပြီး အင်အားစု နှစ်ခုက ဖြည်းညှင်းစွာ မျှခြေ ဖြစ်လာခဲ့တယ် ဒါပေမဲ့ နောက်ပိုင်းမှ ကျွန်မ သိလိုက်ရတာက ကြောက်မက်ဖွယ် အရှိန်အဝါ က ကျောက်စိမ်းပြား ကို ဖြည်းညှင်းစွာ တိုက်စားနေတယ် ဆိုတာပါပဲ"
လင်ယုယန် က ဒီအဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါး ပြောပြနေတာ နားထောင်ရင်း သူမရဲ့ ခန္ဓာကိုယ်ကို စစ်မြေပြင် အဖြစ် သုံးပြီး ဒီ ကြီးမားတဲ့ စွမ်းအင် နှစ်ခု တိုက်ခိုက်နေကြတာကို ခံနိုင်ရည် ရှိခဲ့တာ သူမ အတွက် လွယ်ကူတဲ့ ကိစ္စ သေချာပေါက် မဟုတ်ဘူးလို့ ကျန်းပေရန် ယုံကြည်လေသည်။
"တောင်းပန်ပါတယ် ဒါ ငါ့ရဲ့ ပေါ့ဆမှုပါပဲ စွမ်းအင် တိုက်ပွဲကြောင့် မင်းအတွင်းထဲမှာ ဖုံးကွယ်နေတဲ့ ဒဏ်ရာတွေ ကျန်ခဲ့သလား ဆိုတာ ကြည့်ဖို့ နောက်မှ ငါ မင်းခန္ဓာကိုယ်ကို စစ်ဆေးပေးမယ်"
ဒါပေမဲ့ လင်ယုယန်ရဲ့ နားထဲမှာတော့ ဒီစာကြောင်းက -
"ဘလာ ဘလာ ဘလာ ဘလာ ငါ မင်းခန္ဓာကိုယ်ကို နောက်မှ စစ်ဆေးပေးမယ် ဘလာ ဘလာ ဘလာ ဘလာ ဘလာ..."
' အစ်ကိုကြီးက... ငါ့ခန္ဓာကိုယ်ကို စစ်ဆေးပေးမယ် ဟုတ်လား'
ဒါက လင်ယုယန်ကို အခုချက်ချင်း အဝတ်အစားတွေ ချွတ်ပြီး ကုလားထိုင်ပေါ် လှဲချလိုက်ချင်စိတ် ဖြစ်စေခဲ့သည်၊ ဒါပေမဲ့ သူမ မလုပ်နိုင်ဘူးလေ။
'အစ်ကိုကြီးက အဲ့လို မိန်းကလေးမျိုး မကြိုက်ဘူး'
"မင်း နားထောင်နေလား"
သူမရဲ့ အစ်ကိုကြီး အသံက လင်ယုယန်ကို လက်တွေ့ကမ္ဘာဆီ ချက်ချင်း ဆွဲခေါ်လာခဲ့လေသည်။
သူမ အမြန် ခေါင်းညိတ်လိုက်လေသည်။
"နားထောင်နေပါတယ်"
"နောက်ပိုင်း အခြေအနေတွေ ဘယ်လို ငြိမ်သက်သွားလဲ"
ကျားနှစ်ကောင် တိုက်ခိုက်ရင် တစ်ကောင်က ဒဏ်ရာရမှာ သေချာလေသည်။
ငန်းရိုင်း ကျောက်စိမ်း တောင် ကြောက်မက်ဖွယ် အရှိန်အဝါ စွန်းထင်းသွားပြီ ဆိုတော့ ကြောက်မက်ဖွယ် အရှိန်အဝါ ကလည်း လုံးဝ အထိအခိုက် မရှိဘဲ လွတ်မြောက်သွားတာ ဖြစ်နိုင်မှာ မဟုတ်ပေ။
"နောက်ပိုင်း..."
လင်ယုယန် ပြောရင်း သူမ လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းပြားကို ပြန်ဆွဲထုတ်လိုက်လေသည်။
"ကြောက်မက်ဖွယ် အရှိန်အဝါ က သူ့ကို လုံးဝနီးပါး တိုက်စားသွားခဲ့တယ် ဒါပေမဲ့ သူ့အရောင်အဝါ ပျောက်ဆုံးတော့မယ့် အချိန်မှာပဲ ကြောက်မက်ဖွယ် အရှိန်အဝါ ကို အတူတူ ကိုင်တွယ်ဖို့ ကျွန်မ ခန္ဓာကိုယ်ထဲက သန့်စင်သော သစ်သား ဝိညာဉ် စွမ်းအင် ကို ရုတ်တရက် စုစည်းလိုက်တယ်"
"အဲ့ဒီနောက် သန့်စင်သော သစ်သား ဝိညာဉ် စွမ်းအင် ရဲ့ အားဖြည့်ပေးမှုနဲ့ အတူ စီနီယာ အစ်ကိုကြီး ပေးတဲ့ ကျောက်စိမ်းပြား က သူ့အပေါ် ရစ်ပတ်နေတဲ့ ကြောက်မက်ဖွယ် အရှိန်အဝါ ကို ချက်ချင်း သန့်စင်ပစ်လိုက်ရုံ သာမက ကျွန်မ ခန္ဓာကိုယ်ထဲက ကြောက်မက်ဖွယ် အရှိန်အဝါ ကိုတောင် အမြစ်ပြတ် သုတ်သင်ပစ်လုနီးပါး ဖြစ်ခဲ့တယ်"
'အဲ့လောက်တောင် စွမ်းအားကြီးတာလား'
ငန်းရိုင်း ကျောက်စိမ်း ရဲ့ အာနိသင်က ဒီလောက် ကောင်းလိမ့်မယ်လို့ ကျန်းပေရန် တကယ် မထင်ထားခဲ့မိပေ။
ငန်းရိုင်း ကျောက်စိမ်း က ကြောက်မက်ဖွယ် အရှိန်အဝါ ကို ဖိနှိပ်ထားနိုင်ပြီး ထကြွမလာအောင် ထိန်းထားနိုင်ရင် အကောင်းဆုံးပဲလို့ သူ မူလက ထင်ခဲ့တာ၊ ဒါပေမဲ့ ကြောက်မက်ဖွယ် အရှိန်အဝါ ကို တိုက်ရိုက် သန့်စင်ပစ်ဖို့ ရည်ရွယ်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
ထို့အပြင် ငန်းရိုင်း ကျောက်စိမ်း မှာ အသိစိတ် အဆင့် တစ်ခု ရှိပုံရပြီး အကူအညီ ဘယ်လို ယူရမလဲ ဆိုတာတောင် သိနေသေးသည်။
တကယ် စွမ်းဆောင်နိုင်ခဲ့တာပဲ။
အဲ့ဒီအချိန်မှာ လင်ယုယန် ရုတ်တရက် သက်ပြင်းချလိုက်လေသည်။
"ဒါပေမဲ့ ဒီ ကြောက်မက်ဖွယ် အရှိန်အဝါ က ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မ ခန္ဓာကိုယ်ထဲမှာ နေထိုင်လာခဲ့တာ ဆိုတော့ ကျွန်မတို့က တစ်သားတည်း ဖြစ်နေတာ ကြာပြီ ကြောက်မက်ဖွယ် အရှိန်အဝါ သာ လုံးဝ ရှင်းလင်းခံလိုက်ရရင် ကျွန်မလည်း သေဆုံးသွားမှာ ကြောက်မိတယ်"
"စီနီယာ အစ်ကိုကြီး ပေးတဲ့ ကျောက်စိမ်းပြား က ဒါကို သိနေသလိုပဲ သူက သန့်စင်နေတာကို ရုတ်တရက် ရပ်လိုက်ပြီး ပြန်ဖိနှိပ်ထားလိုက်တယ်"
ဒီနေရာ ရောက်တော့ လင်ယုယန် ကျောက်စိမ်းပြားကို လေးစားအားကျတဲ့ အကြည့်နဲ့ မြှောက်ပြပြီး ကျန်းပေရန်ကို ပြောလိုက်လေသည်။
"စီနီယာ အစ်ကိုကြီးက တကယ် အံ့သြစရာ ကောင်းတာပဲ ဒီလို ဝိညာဉ် ပါတဲ့ ကာကွယ်ရေး ကျောက်စိမ်းမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး ကြောက်မက်ဖွယ် အရှိန်အဝါ ကို လုံးဝ အမြစ်ပြတ် မသုတ်သင်နိုင်မှန်း တွေ့ရှိပြီးနောက် သူက ယဉ်ပါးအောင် လုပ်လိုက်တယ် အခု ကျွန်မ ကျောက်စိမ်းပြား ဝတ်ထားရင် ကြောက်မက်ဖွယ် အရှိန်အဝါ ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို အသုံးပြုလို့ ရနေပြီ"
'အဲ့လိုလည်း ရတာလား'
ငန်းရိုင်း ကျောက်စိမ်း က ဒီလောက် စွမ်းအားကြီးလိမ့်မယ်လို့ ကျန်းပေရန် တကယ် မထင်ထားခဲ့မိပေ။
လျိုဝေ့နင် က သူ့ရဲ့ တည်ရှိမှုကနေ ဒီလောက် အကျိုးကျေးဇူးတွေ ရခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး။
တခြား အဆင့်မြင့် ကျောက်စိမ်းတွေထက် အများကြီး သာလွန်တဲ့ အလားအလာ ပိုင်ဆိုင်ထားတာ အမှန်ပါပဲ။
'ဒါကို ရဖို့ လျန်တိုင်းပြည် တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာ အလကား မဟုတ်ဘူးပဲ
ဒီ အရောင်းအဝယ်က ကြီးမားတဲ့ အမြတ်ပဲ'
အံ့သြသွားပြီးနောက် ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
"စမ်းပြစမ်း"
"ဟုတ်ကဲ့"
လင်ယုယန် ခေါင်းညိတ်လိုက်ပြီး မြေနီရောင် ကြောက်မက်ဖွယ် အရှိန်အဝါ ဘောလုံး တစ်ခု သူမ လက်ထဲမှာ ချက်ချင်း စုစည်းလာလေသည်။
လွန်ခဲ့တဲ့ ရက်နည်းနည်းက ထန်ကျင်းရန် ဆီကနေ ကျန်းပေရန် မြင်ခဲ့ရတဲ့ ကြောက်မက်ဖွယ် အရှိန်အဝါ နဲ့ ယှဉ်ရင် မသက်ဆိုင်ဘူးလို့ ပြောလို့ မရနိုင်ပေ၊ လက်တွေ့အားဖြင့် ထပ်တူနီးပါး တူညီနေလေသည်။
'ဒါဆို ဒီ လင်ယုယန် က... သွယ်ဝိုက်ပြီး သရဲကျင့်ကြံသူ ဖြစ်သွားတာလား'
ဒါက တကယ့်ကို မတော်တဆ အောင်မြင်မှု ရရှိခြင်းပါပဲ။
ကျန်းပေရန် က ထန်ကျင်းရန် ဆီကနေ သရဲကျင့်ကြံခြင်း အကြောင်း လေ့လာနေတုန်းက လင်ယုယန်ရဲ့ ခန္ဓာကိုယ်ထဲက ကြောက်မက်ဖွယ် အရှိန်အဝါ ကို ကျင့်ကြံခြင်း အတွက် အသုံးပြုလို့ ရနိုင်မလား ဆိုတာတောင် မစဉ်းစားမိခဲ့ပေ။
သူမ ဘာသာ သင်ယူနိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
သူ့ရဲ့ ဝိညာဉ်အာရုံကို သုံးပြီး လင်ယုယန်ကို နောက်တစ်ကြိမ် စစ်ဆေးလိုက်ရာ သူမရဲ့ ကျင့်ကြံခြင်း အဆင့်က အနက်ရောင်သခင်ကြီး အဆင့်မှာပဲ ရှိနေသေးကြောင်း အတည်ပြုနိုင်ခဲ့လေသည်။
"မင်း အဖြူရောင် မြူခိုး ဓား ကို ယဉ်ပါးအောင် လုပ်ဖို့ ဒီ ကြောက်မက်ဖွယ် အရှိန်အဝါ ကို သုံးခဲ့တာလား" ဘာဖြစ်ခဲ့လဲ ဆိုတာ ကျန်းပေရန် ချက်ချင်း နားလည်သွားလေသည်။
လင်ယုယန် ပြတ်ပြတ်သားသား ခေါင်းခါလိုက်လေသည်။
"ရှောင်အာက အစ်ကိုကြီး ပေးထားတဲ့ အရေးကြီး ပစ္စည်းလေ ကျွန်မ ဘယ်လိုလုပ် သူ့ကို ယဉ်ပါးအောင် လုပ်ရက်မှာလဲ ကျွန်မ သူ့နဲ့ နှလုံးသားချင်း နက်နက်ရှိုင်းရှိုင်း စကားပြောခဲ့တာပါ"
'ငါ ယုံမယ်များ မှတ်နေလား...'
စိတ်ထဲကနေ ပြန်ပြောပြီးနောက် အဖြူရောင် မြူခိုးဓား က ဂူထဲမှာတုန်းက အနက်ရောင်ဘုရင် အဆင့် လင်ရှီယွင် ကို ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့တာ ကျန်းပေရန် ပြန်သတိရလိုက်လေသည်။
အခု လင်ယုယန် က ကြောက်မက်ဖွယ် အရှိန်အဝါ နဲ့ သူ့ကို ဖိနှိပ်ထားနိုင်ပြီ ဆိုတော့ ကြောက်မက်ဖွယ် အရှိန်အဝါ ကို သုံးတဲ့အခါ သူမရဲ့ အင်အားက အနက်ရောင်ဘုရင် အဆင့် ဒါမှမဟုတ် အဲ့ဒီထက် မြင့်မားတဲ့ အဆင့်မှာ ရှိနေပြီ ဆိုတဲ့ အဓိပ္ပာယ်ပင် ဖြစ်သည်။
'ဒါက သိပ်ပြီး မယုံကြည်နိုင်စရာ ကောင်းလွန်းတယ်...'
လင်ယုယန်ရဲ့ တခြားနည်းလမ်းနဲ့ အဆင့်မြှင့်တင်မှုက ကျန်းပေရန်ကို တကယ် အံ့သြသွားစေခဲ့လေသည်။
ကျင့်ကြံခြင်း လမ်းကြောင်းပေါ်မှာ ဒီလို နည်းလမ်းနဲ့ တခြားသူတွေကို ကျော်တက်သွားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
'ဒါဆို သူမက သရဲကျင့်ကြံခြင်း နည်းလမ်းတွေကိုလည်း သုံးလို့ ရတယ် ဆိုတဲ့ သဘောလား...'
ပြောရရင် လင်ယုယန်ရဲ့ ခန္ဓာကိုယ်ထဲ ဘယ်လို တိုင်းတစ်ပါး သတ္တဝါ ဝင်ရောက်နေလဲ ဆိုတာ ကျန်းပေရန် အခုထိ မသိသေးပေ။
ဖြစ်နိုင်တာက အဲ့ဒီအကောင်က သရဲကျင့်ကြံသူ လမ်းကြောင်းကို လိုက်စားတာ ဖြစ်မယ်၊ ဒါကြောင့်လည်း ဒီလောက် သိပ်သည်းတဲ့ ကြောက်မက်ဖွယ် အရှိန်အဝါ ရှိနေတာ ဖြစ်လောက်လေသည်။
ဒါပေမဲ့ ကျန်းပေရန်က လင်ယုယန်ကို သူ့ကိရိယာ... အော် မဟုတ်ဘူး သူ့လက်အောက်ငယ်သား အဖြစ် သတ်မှတ်ဖို့ လုံးဝ မဆုံးဖြတ်ရသေးပေ။
ဘာပဲဖြစ်ဖြစ် သူမက ရံဖန်ရံခါ မြေကမ္ဘာအဆင့် မစ်ရှင် တစ်ခု ပေါ်လာအောင် လုပ်နိုင်သေးတယ်၊ ဒါက သူမကို အန္တရာယ်ရှိတဲ့ လူတစ်ယောက် ဖြစ်စေလေသည်။
အဲ့ဒီတုန်းက နိုင်ငံခြောက်နိုင်ငံ မှာ ကျန်းပေရန် အတွက် အသုံးပြုစရာ လူမရှိလို့သာ မဟုတ်ရင် ဒီအိမ်တော် ရှာဖို့ သူမကို အကူအညီ တောင်းခဲ့မှာ မဟုတ်ပေ။
'ခဏလောက် ဆက်ကြည့်ရဦးမယ်...'
"ကြောက်မက်ဖွယ် အရှိန်အဝါ ရဲ့ စွမ်းအားကို ငှားရမ်းသုံးစွဲနိုင်တာ အပြင် မင်းခန္ဓာကိုယ်မှာ တခြား အပြောင်းအလဲတွေ ဖြစ်သေးလား"
"ဖြစ်ပါတယ်"
လင်ယုယန် ခေါင်းညိတ်ပြီး ကျောက်စိမ်းပြားကို ကောက်ယူလိုက်လေသည်။
"ကျွန်မ ခန္ဓာကိုယ်ထဲက ကြောက်မက်ဖွယ် အရှိန်အဝါ နဲ့ တိုက်ခိုက်ပြီးနောက် သူ နိုးထလာပုံ ရပါတယ် အခု သူ့စွမ်းအားကိုလည်း ကျွန်မ ငှားရမ်းသုံးစွဲလို့ ရနေပြီ"
ပြောရင်းနဲ့ လင်ယုယန် သူမရဲ့ ညာဘက်လက်ထဲမှာ အပြာရောင် ချီ ဘောလုံး တစ်ခု ဆင့်ခေါ်လိုက်လေသည်။
'ဒါက... ဘာကြီးလဲ'
ဒီ အပြာရောင် ချီ က အတွင်းအား လုံးဝ မဟုတ်သလို သရဲကျင့်ကြံခြင်းရဲ့ ကြီးမြတ်သော ချီ လေးမျိုး ထဲက တစ်ခုလည်း မဟုတ်ဘူး ဆိုတာ ကျန်းပေရန် သေချာလေသည်။
တစ်နည်းအားဖြင့် ပြောရရင် ကျန်းပေရန် လုံးဝ ထူးခြားတဲ့ ချီ အမျိုးအစား တစ်ခုနဲ့ နောက်တစ်ကြိမ် ကြုံတွေ့လိုက်ရပြန်လေသည်။
အနားတိုးပြီး ခံစားကြည့်လိုက်တော့ ဒီ အပြာရောင်ချီ က ငန်းရိုင်း ကျောက်စိမ်း လိုပဲ ဖြောင့်မတ်တဲ့ အရှိန်အဝါ ထုတ်လွှတ်နေတာ ကျန်းပေရန် အာရုံခံမိလေသည်။
'အင်း...
ဖြောင့်မတ်သော အရှိန်အဝါ လို့ပဲ ခေါ်လိုက်တော့မယ်'
"ဒီ ချီကို ဘာအတွက် သုံးလို့ ရလဲ ဆိုတာ မင်း စမ်းကြည့်ဖူးလား"
လင်ယုယန် ခေါင်းညိတ်လိုက်လေသည်။
"ဒီ ချီ က ကျွန်မ ခန္ဓာကိုယ်ထဲက သစ်သား ဝိညာဉ် စွမ်းအင် ကို ဆွဲထုတ်နိုင်ပုံ ရတယ် ပြီးတော့ အဲ့ဒါတွေကို လုံးဝ မတူညီတဲ့ စွမ်းအား တစ်မျိုး အဖြစ် ရောစပ်ပေးနိုင်တယ်"
"ဘာအတွက် သုံးလို့ ရလဲ"
"လောလောဆယ်တော့ ကဏ္ဍစုံမှာ သစ်သား ဝိညာဉ် စွမ်းအင် ရဲ့ အာနိသင်တွေကို အကြီးအကျယ် မြှင့်တင်ပေးနိုင်တာပဲ တွေ့သေးတယ် တခြား ဟာတွေ အတွက်တော့... ကျွန်မ မသိသေးဘူး"
ကျန်းပေရန် ပိုမေးဖို့ ပြင်လိုက်တုန်း ရုတ်တရက် ရပ်တန့်သွားလေသည်။
ဖြောင့်မတ်သော အရှိန်အဝါ၊ ကြောက်မက်ဖွယ် အရှိန်အဝါ ကို ဖိနှိပ်ထားနိုင်တယ်...
ဒါက သရဲတွေကို ကိုင်တွယ်ဖို့ ရည်ရွယ်ထားတာ ထင်ရှားမနေဘူးလား။
ဘုရားရေ ဒီကောင်မလေးက အခု ဘယ်လက်မှာ ကြောက်မက်ဖွယ် အရှိန်အဝါ နဲ့ ညာလက်မှာ ဖြောင့်မတ်သော အရှိန်အဝါ ရှိနေပြီ။
သူမက သရဲတွေကို လက်ဖမိုးနဲ့ရော လက်ဖဝါးနဲ့ပါ သင်ခန်းစာ ပေးနိုင်ပြီ။
ဒီအတွေးက ကျန်းပေရန်ရဲ့ အရင်က တည်ငြိမ်နေတဲ့ စိတ်ကို နောက်တစ်ကြိမ် ယိမ်းယိုင်သွားစေခဲ့လေသည်။
ဒီ လင်ယုယန် မှာ အကန့်အသတ်မဲ့ အလားအလာ ရှိနေတာ ထင်ရှားနေလေသည်။
သူမကို လက်အောက်ငယ်သား အဖြစ် မခေါ်ယူတာ တကယ့် ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မည်။
'ထားလိုက်ပါတော့ သဘာဝ အတိုင်းပဲ ဖြစ်ပါစေတော့'
လင်ယုယန်ရဲ့ အပြောင်းအလဲတွေကို နားလည်ပြီးနောက် ကျန်းပေရန်ရဲ့ စိတ်ဝင်စားမှုက သူမ ခန္ဓာကိုယ် အပေါ်လည်း ရောက်ရှိသွားပြီး စစ်ဆေးဖို့ မစောင့်နိုင်တော့ပေ။
"ကုတင်ပေါ် သွားလှဲလိုက် ဖုံးကွယ်နေတဲ့ ဒဏ်ရာတွေ ရှိမရှိ ငါ မင်းကို စစ်ဆေးပေးမယ်"
"ဟုတ်ကဲ့"
ပြောပြီးတာနဲ့ လင်ယုယန် 'ရွှပ်' ဆိုတဲ့ အသံနဲ့ ကုတင်ပေါ် ရောက်သွားပြီး လက်တွေကို ရင်ဘတ်ပေါ် ယှက်ကာ မျက်လုံးတွေကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်၊ သူ ကြိုက်သလို လုပ်ဖို့ အဆင်သင့် ဖြစ်နေသလို ပုံစံမျိုးနဲ့ပေါ့။
အကင်စင်ထဲက မီးကို ငြှိမ်းသတ်လိုက်ပြီး ကျန်းပေရန် ကုတင်ဘေး လျှောက်သွားကာ သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက ရွှေအပ် အိတ်ငယ် တစ်လုံး ထုတ်လိုက်လေသည်။
ပထမဆုံး သူက လင်ယုယန်ကို သူ့ရဲ့ ဝိညာဉ်အာရုံနဲ့ သေချာ စစ်ဆေးလိုက်ရာ သူမ ခန္ဓာကိုယ်က တကယ်ပဲ ထူးခြားနေတာ တွေ့ရှိခဲ့ရလေသည်။
ကြောက်မက်ဖွယ် အရှိန်အဝါ၊ ဖြောင့်မတ်သော အရှိန်အဝါ၊ နဲ့ သန့်စင်သော သစ်သား ဝိညာဉ် စွမ်းအင် တို့က တစ်ခုနဲ့ တစ်ခု နှောင့်ယှက်ခြင်း မရှိဘဲ ကိုယ်ပိုင် နယ်မြေ အသီးသီးမှာ ရှိနေကြလေသည်။
ဒီအချိန်မှာ ကျန်းပေရန် အပ်အိတ်ကို ဖွင့်လိုက်ပြီး သွေးကြောဆုံမှတ် တစ်ခု ရှာကာ အပ်တစ်ချောင်း စိုက်လိုက်လေသည်။
ဒီအပ်က သိပ် အာနိသင် မရှိပုံ ရတာ မြင်တော့ ကျန်းပေရန် နောက်တစ်ချောင်း ထုတ်ပြီး မတူညီတဲ့ သွေးကြောဆုံမှတ် တစ်ခုမှာ စိုက်လိုက်လေသည်။
ဒီတစ်ခါ သစ်သား ဝိညာဉ် စွမ်းအင် က စီးဆင်းမှု လမ်းကြောင်း ပြောင်းလဲသွားပြီး ဖြောင့်မတ်သော အရှိန်အဝါ နဲ့ တဖြည်းဖြည်း ပေါင်းစပ်ကာ ကျန်းပေရန် စိုက်လိုက်တဲ့ သွေးကြောဆုံမှတ် ဆီ တိုးဝင်လာလေသည်။
အဲ့ဒီနောက် ကျန်းပေရန် နောက်ထပ် အပ်တစ်ချောင်း ထုတ်ပြီး သွေးကြောဆုံမှတ် အသစ် တစ်ခုမှာ စိုက်လိုက်လေသည်။
ဒီတစ်ခါ ကြောက်မက်ဖွယ် အရှိန်အဝါ ကလည်း စီးဆင်းမှု လမ်းကြောင်း ပြောင်းလဲသွားပြီး ဖြောင့်မတ်သော အရှိန်အဝါ နဲ့ ပေါင်းစပ်ကာ သွေးကြောဆုံမှတ် ဆီ တိုးဝင်လာလေသည်။
'အံ့ဖွယ် ဖွဲ့စည်းပုံပဲ...'
ရွှေအပ်တွေကို ပြန်နုတ်လိုက်ပြီး လင်ယုယန်ရဲ့ ခန္ဓာကိုယ်က ဒီ ချီ သုံးမျိုးလုံးကို ပြီးပြည့်စုံစွာ လက်ခံထားနိုင်တာ ကျန်းပေရန် တွေ့ရှိခဲ့ရလေသည်။
သူမရဲ့ မူလ ဖွဲ့စည်းပုံက ထူးခြားတာလား ဒါမှမဟုတ် ငန်းရိုင်း ကျောက်စိမ်း က ညှိနှိုင်းပေးလိုက်တာလား သူ မသိပေ။
တခြား သွေးကြောဆုံမှတ်တွေမှာ အပ်အနည်းငယ် ထပ်စိုက်ပြီးနောက် ကျန်းပေရန် အပ်အိတ်ကို သိမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ထတော့ မင်းခန္ဓာကိုယ်မှာ ဘာမှားယွင်းမှုမှ မရှိဘူး"
"ဟင် ဒီလောက် မြန်လား ညီမလေးကို အပ်နည်းနည်းလောက် ထပ်စိုက်ပေးပါဦးလား အစ်ကိုကြီး ညီမလေး နေလို့ မကောင်းသေးဘူး"
"နေမကောင်းရင် ဆေးသောက် အခု ထတော့"
"အော်..."
အဲ့ဒီတော့မှ လင်ယုယန် မလိုလားစွာ မျက်လုံးဖွင့်ပြီး ကုတင်ပေါ်က ဆင်းလိုက်လေသည်၊ သူမ မျက်နှာပေါ်မှာ မလိုလားအပ်မှုတွေနဲ့ နောင်တတွေ ပြည့်နှက်နေလေသည်။
"မင်းရဲ့ ဒီဖွဲ့စည်းပုံ အကြောင်း ဘယ်နှယောက် သိလဲ"
"ဘယ်သူမှ မသိသေးပါဘူး" လင်ယုယန် ခေါင်းခါရင်း ပြောလိုက်လေသည်။
"မင်း အိမ်မပြန်ဘူးလား"
လင်မိသားစုရဲ့ ကြီးမားတဲ့ အာဏာနဲ့ ဆိုရင် လင်ယုယန်ရဲ့ လက်ရှိ ကွဲပြားခြားနားမှုကို မြင်နိုင်တဲ့ ပညာရှင် တစ်ယောက် သေချာပေါက် ရှိမှာပဲလို့ ကျန်းပေရန် မူလက ထင်ထားခဲ့တာ၊ ဒါပေမဲ့ ကြည့်ရတာ သူမ အိမ်မပြန်ရသေးပုံ ပေါက်လေသည်။
"အင်း ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့ အိမ်တော်ကို နေရာအနှံ့ လိုက်ရှာနေလို့ အိမ်ပြန်ပြီး အလည်သွားဖို့ အချိန်မရခဲ့ဘူး"
"မင်းရဲ့ ဖွဲ့စည်းပုံက တော်တော် ထူးခြားတယ် လူဆိုး တစ်ယောက်ယောက် မြင်သွားရင် အန္တရာယ် ရှိနိုင်တယ် နောင်ကျရင် ဘယ်သူမဆို မင်းရဲ့ ကျင့်ကြံခြင်းကို စမ်းသပ်ချင်ရင် ရှောင်လို့ ရရင် ရှောင်တာ အကောင်းဆုံးပဲ"
"ဟုတ်ကဲ့ စီနီယာ အစ်ကိုကြီးရဲ့ သွန်သင်ချက်တွေကို မှတ်သားထားပါ့မယ်"
"ကောင်းပြီ နောက်ကျနေပြီ ဒီနေ့ မင်း အရင် သွားအိပ်သင့်တယ်"
ဒါကို ကြားတော့ လင်ယုယန် လက်ညှိုးထောင်ပြီး တောင်ဘက်ကို ညွှန်ပြကာ "ညီမလေး အခန်းကို ဟိုဘက်မှာ ရွေးထားတယ် အစ်ကိုကြီး သဘောမကျဘူး မဟုတ်လား"
"မင်းသဘောပဲ"
'အစ်ကိုကြီး... အစ်ကိုကြီးက ငါနဲ့ တစ်အိမ်တည်း အတူနေတော့မှာလား အို ဘုရားရေ ငါတို့ ကလေးရသွားရင် ဘယ်လိုလုပ်မလဲ ဖေဖေက... မဟုတ်ဘူး ဘာမှ မဖြစ်နိုင်ဘူး
ဖေဖေသာ ကလေးကို အသိအမှတ် မပြုရဲရင် ငါ သူ့ကို အသိအမှတ် မပြုဘူး'
သွားရည်တွေကို သုတ်လိုက်ပြီး လင်ယုယန် ပြောလိုက်လေသည်။ " အစ်ကိုကြီး... ဒါဆို ညီမလေး အရင် သွားလိုက်ပါဦးမယ် ညီမလေး အခန်းက ပန်းခင်းနဲ့ မျက်နှာချင်းဆိုင်က အခန်းပါ တံခါးဝမှာ ပန်းအိုး ရှိတဲ့ အခန်းလေ"
"အင်း သွားတော့..."
"ညီမလေးက ညဘက်ဆို တံခါးဖွင့်အိပ်ရတာ ကြိုက်တယ် ပြီးတော့..."
လင်ယုယန် စကားမဆုံးခင် သူမရဲ့ အစ်ကိုကြီး သူမ အမြင်အာရုံထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားတာ တွေ့လိုက်ရလေသည်။
"ဟေ အစ်ကိုကြီး အစ်ကိုကြီး..."
'အာ...
ငါ ပြောလို့ မပြီးသေးဘူးလေ
ပြီးတော့ ငါက အိပ်ရင်း လမ်းလျှောက်တတ်တယ်
စီနီယာ အစ်ကိုကြီး အခန်းထဲ မတော်တဆ လမ်းလျှောက်ဝင်မိရင်...'
'ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့နော်...'
လင်ယုယန် တွေးရင်းနဲ့ သူမရဲ့ လက်သန်းလေးကို ကိုက်ပြီး ရိုင်းစိုင်းစွာ စတင် ရယ်မောလိုက်လေသည်။