အမှိုက်ကနေ ရတနာ ဖြစ်လာမယ့် အစပျိုးမှုလား
Vol. 35 Ch. 420
ခဏတာ ခွဲခွာပြီးနောက် သူတို့ရဲ့ ပြန်လည်ဆုံစည်းမှုက ချိုမြိန်နေခဲ့လေသည်။
ရှီဖုန်းလန် ချွဲနွဲ့လို့ ဝသွားတဲ့အခါ ကျန်းပေရန်က ယွီမာန်ဝင်းဘက် လက်သီးဆုပ် အရိုအသေပြုပြီး ပြောလိုက်လေသည်။
"အစောင့်အရှောက်ယု ကျွန်တော် ဂိုဏ်းနဲ့ ဝေးနေတုန်း ကျင့်ကြံဖို့ အလားအလာရှိတဲ့ ပျိုးပင်လေး တစ်ပင် တွေ့ခဲ့လို့ အစ်မရဲ့ ရေကြေးမုံခန်းမထဲ ပို့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်"
ဒါကို ကြားတော့ ယွီမန်ဝင်းရဲ့ အကြည့်က ကျန်းပေရန်ဘေးမှာ ရပ်နေတဲ့ အသားညိုညို ကောင်မလေးဆီ ရောက်သွားလေသည်။
"သူမလား"
ယွိမန်ဝင်း မေးလိုက်လေသည်။
"ဟုတ်တယ် သူမ"
ပြောပြီးနောက် ကျန်းပေရန်က လက်မြှောက်ပြီး ပြောလိုက်လေသည်။
"လင်းတန်း သွားနှုတ်ဆက်လိုက် ဂိုဏ်းထဲ ဝင်ခွင့်ရမရက သူမအပေါ်မှာပဲ မူတည်တယ်"
ရှဲ့လင်းတန်း ချက်ချင်း ရှေ့တိုးလာပြီး ယွိမန်ဝင်းကို ဦးညွှတ်လိုက်လေသည်။
"ဂါ... ဂါရဝပြုပါတယ် ကျွန်မနာမည်က ရှဲ့လင်းတန်း ပါ ကျွန်မက ဉာဏ်ထိုင်းပေမယ့် နှလုံးသား အပြည့်နဲ့ သေချာပေါက် သင်ယူပါ့မယ် ကျွန်မကို လက်ခံပေးဖို့ တောင်းပန်ပါတယ်"
ရှဲ့လင်းတန်းကို အကဲခတ်ပြီးနောက် ယွီမန်ဝင်း ပြန်ဖြေလိုက်လေသည်။
"ကောင်းပြီ သူမကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို ငါ ခဏနေ စီစဉ်ပေးမယ်"
တရားဝင်ကိစ္စ ပြီးသွားတော့ ကျန်းပေရန် လက်ဖက်ရည် တစ်ငုံ သောက်ပြီး ဆက်ပြောလိုက်လေသည်။
"စကားမစပ် ကျွန်တော် ဂိုဏ်းကို အခုလေးတင် ပြန်ရောက်တုန်းက ဝင်ပေါက်က မုခ်ဦးနဲ့ ဧည့်ရိပ်သာကို ပြုပြင်နေတာ သတိထားမိတယ် ရေကြေးမုံခန်းမ ထဲ ဝင်လာတော့လည်း ခန်းမသခင်ရဲ့ နေအိမ်ကို ဆောက်လုပ်ရေး လုပ်နေပုံ ပေါက်တယ် ဂိုဏ်းချုပ်က ဒီတစ်ခါ တကယ်ပဲ အကြီးကြီး လုပ်နေပုံ ရတယ်"
ယွီမန်ဝင်း ပြုံးလိုက်လေသည်။
"ရေကြေးမုံခန်းမ တင် မဟုတ်ပါဘူး တခြား ခန်းမ ၂၄ ခုလုံးလည်း ပြုပြင်မွမ်းမံနေကြတာပါ နောက်တစ်လလောက်ဆိုရင် အားလုံး ပြီးလောက်ပါပြီ"
"ကောင်းတဲ့ကိစ္စ တစ်ခုခု ဖြစ်ခဲ့လို့လား"
"လျန်တိုင်းပြည် မှာ ကျွန်မတို့ အကျိုးအမြတ် တော်တော်များများ ရခဲ့တယ်လို့ ဂိုဏ်းချုပ် ဆီက ကြားတယ် ပြီးတော့ လျန်တိုင်းပြည် ဂိုဏ်းတွေက တပည့် အများအပြားလည်း ကျွန်မတို့ဆီ ဝင်ဖို့ ပြင်ဆင်နေကြတယ် ဂိုဏ်းချုပ်က ကျွန်မတို့ ရှန့်တိုင်းပြည် ရဲ့ ကြီးကျယ်ခမ်းနားမှုကို ပြသဖို့ ဒီလို လုပ်နေတာပါ"
"အော်"
ဘာတွေ ဖြစ်နေလဲ ဆိုတာ နားလည်သွားပြီး ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
သူတို့က အမဲဖျက်တဲ့အထဲမှာ ဝေစု တစ်ခု ရခဲ့တာ ထင်ရှားနေသည်၊ ပြီးတော့ တော်တော်လေး အတုံးကြီးမယ့်ပုံ ပေါက်လေသည်။
'လျန်တိုင်းပြည် ဘက်မှာ သူတို့ အမဲဖျက်လို့ ပြီးသွားကြပြီလား မသိဘူး...'
အသေးအဖွဲ ကိစ္စတွေ ဆွေးနွေးပြီးနောက် မိုးချုပ်တော့မှာမို့ ကျန်းပေရန် ပြန်ဖို့ ပြင်လိုက်လေသည်။
ဒါပေမဲ့ သူ မတ်တတ်ရပ်လိုက်တာနဲ့ စနစ် ရွေးချယ်မှုတွေ ပေါ်လာလေသည်။
[ရွေးချယ်မှု ၁ - တခြားကိစ္စတွေ ဆောင်ရွက်ဖို့ ရေကြေးမုံခန်းမ ကနေ ထွက်ခွာပါ။
ဆုလက်ဆောင် - အရိုးစား လျှို့ဝှက် ကျမ်းစာ (မြေကမ္ဘာအဆင့်၊ အဆင့်မြင့်)]
[ရွေးချယ်မှု ၂ - စစ်ဆေးမှု ပြီးဆုံးတဲ့အထိ ရှဲ့လင်းတန်း နဲ့ အတူ လိုက်ပါပေးပါ။
ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]
'ဘာလဲဟ...'
ရွေးချယ်မှုကို ကြည့်ပြီး ကျန်းပေရန် ကျိန်ဆဲလုနီးပါး ဖြစ်သွားလေသည်။
'ဒါက ဘာလဲ ဒါက ဘာလဲ ကလေးထိန်းတောင် ဒီလောက်ထိ လက်ဝင်မှာ မဟုတ်ဘူး ဒီရွေးချယ်မှုက အခြေခံအားဖြင့် ငါ့ကို သူမဘေးနားမှာ အချိန်တိုင်း ရှိနေစေချင်တာပဲ
အဲ့လောက်ထိ လိုအပ်လို့လား ဒီကလေးကို လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးဖို့ နေရာလွတ် နည်းနည်းလောက် ပေးလို့ မရဘူးလား အဖေကိုပဲ မှီခိုနေတဲ့ ကလေးမလေးက ဘယ်တော့မှ အရာထင်လာမှာ မဟုတ်ဘူး'
စိတ်ထဲကနေ တရစပ် ညည်းညူပြီးနောက် ကျန်းပေရန် ဒုတိယ ရွေးချယ်မှုကို ရွေးလိုက်ပြီး ယွိမန်ဝင်းကို ပြောလိုက်လေသည်။
"ဒီကလေးက လူစိမ်းတွေကို ကြောက်တတ်တယ် စစ်ဆေးတဲ့ နေရာကို ကျွန်တော် လိုက်သွားပေးတာ ပိုကောင်းမယ်"
ဒါကို ကြားတော့ ရှဲ့လင်းတန်း တော်တော်လေး စိတ်ထိခိုက်သွားလေသည်။
သူမက တုန်ယင်နေတဲ့ လက်နဲ့ လှမ်းပြီး ကျန်းပေရန်ရဲ့ အဝတ်စွန်းကို ဆွဲကိုင်လိုက်လေသည်။
ယွီမန်ဝင်း ကတော့ နည်းနည်း အံ့သြသွားလေသည်။
သူမရဲ့ အမြင်မှာ ကျန်းပေရန်က ဘယ်သူ့ကိုမှ ဒီလောက် ဂရုစိုက်တာ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
တစ်ခါမှကို မတွေ့ဖူးတာပါ…..
ဒါက ယွီမန်ဝင်း ကို ရှဲ့လင်းတန်း ကို နောက်တစ်ကြိမ် ပြန်ကြည့်မိစေလေသည်။
"ကောင်းပြီ ဒါဆို အခုပဲ သွားကြတာပေါ့"
ယွီမန်ဝင်း မတ်တတ်ရပ်ပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ငါလည်း လိုက်မယ်"
ရှီဖုန်းလန် ချက်ချင်း လက်မြှောက်လိုက်လေသည်။
ယွီမန်ဝင်း ပြုံးလိုက်လေသည်။
"ငါ ဇီကျင်းလေးတို့ကို ခေါ်ထားပြီးပြီ နင် လိုက်ခဲ့ရင် သူတို့နဲ့ လွဲသွားလိမ့်မယ်"
ရှီဖုန်းလန် ချက်ချင်း တွေဝေသွားလေသည်။
မပြန်ခင်ကတည်းက ကျင့်ကြံခြင်း အတုယူဂိမ်း မှာ ဇီကျင်းလေး တို့ကို ဘယ်လို အပြတ်အသတ် ချေမှုန်းမလဲ ဆိုတာ သူမ တွေးနေခဲ့တာ။
ဒါကြောင့် သူတို့ လာနေပြီ ဆိုတာ ကြားတော့ သူမ ကစားချင်စိတ် ယားလာလေသည်။
"ဒါဆို... နင်တို့ မြန်မြန် ပြန်လာရမယ်နော်"
ရှီဖုန်းလန် အလျှော့ပေးလိုက်တာ မြင်တော့ ယွီမန်ဝင်း ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီ ပြီးတာနဲ့ ငါတို့ ချက်ချင်း ပြန်လာခဲ့မယ်"
"အင်း စောစော ပြန်လာရမယ်နော်"
ရှီဖုန်းလန် လက်ဝှေ့ယမ်းပြီး အော်လိုက်လေသည်။
ရှီဖုန်းလန်ရဲ့ မှာကြားချက်တွေ ကြားမှာ သူတို့ သုံးယောက်သား သစ်ခွ ရေကန်ဘေးခန်းမကနေ ထွက်ခွာပြီး ကျောက်စိမ်း ခေါင်ရမ်းပန်း မဏ္ဍပ် ဆီ ဦးတည်သွားလိုက်ကြလေသည်။
ဒီနှစ်တွေ အတွင်း စိတ်နှလုံးပြန်ဂိုဏ်း ရဲ့ သာမန်လူတွေကို စစ်ဆေးတဲ့ နည်းလမ်းက လုံးဝ ပြောင်းလဲခြင်း မရှိပေ။
နှလုံးသား ပြန်လာခြင်း နည်းစနစ် နဲ့ ဓားတစ်ချက်တည်း နည်းစနစ် ရဲ့ ပထမ ပုံစံကို ကျွမ်းကျင်အောင် လုပ်ဖို့ လိုအပ်နေတုန်းပင်။
အဲ့ဒီနောက် ကျွမ်းကျင်မှု အမြန်နှုန်း အပေါ် မူတည်ပြီး ပါရမီကို ဆုံးဖြတ်လေသည်။
"ကျွန်မ... ကျွန်မ စာမဖတ်တတ်ဘူး"
ရေကြေးမုံခန်းမ က အပြာရောင်အလံ တပည့် ပေးတဲ့ စာအုပ် နှစ်အုပ်ကို ကြည့်ပြီး ရှဲ့လင်းတန်း ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်လေသည်။
"ကိစ္စမရှိပါဘူး"
ယွီမန်ဝင်း ခေါင်းခါလိုက်လေသည်။
"အဲ့ဒီ အပြာရောင်အလံ ညီမလေးက ဘာလုပ်ရမလဲ ဆိုတာ မင်းကို သင်ပေးလိမ့်မယ် သူမ ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်ရုံပဲ"
အပြာရောင်အလံ တပည့်ကလည်း ရှဲ့လင်းတန်းကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်လေသည်။
ရှဲ့လင်းတန်း နည်းနည်း စိတ်လှုပ်ရှားနေတုန်း ဖြစ်ပြီး ကျန်းပေရန်ကို လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။
"သွားတော့ မင်း ငါ့ဘေးနားမှာ နေချင်ရင် ဒါက မင်း လျှောက်ရမယ့် လမ်းပဲ"
နှစ်သိမ့်မှု မရှိ၊ အားပေးမှု မရှိ၊ ဒါပေမဲ့ ဒီစကားလုံးတွေက ရှဲ့လင်းတန်းရဲ့ နှလုံးသားကို ခွန်အားတွေနဲ့ ပြည့်နှက်သွားစေခဲ့လေသည်။
"ဟူး..."
အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှဲ့လင်းတန်း က ကျန်းပေရန် နဲ့ ယွီမန်ဝင်းကို အရင် ဦးညွှတ်လိုက်ကာ အပြာရောင်အလံ တပည့်ဆီ လျှောက်သွားလိုက်လေသည်။
ရှဲ့လင်းတန်းရဲ့ ပြတ်သားတဲ့ ကျောပြင်ကို ကြည့်ပြီး နှလုံးသား နည်းစနစ်ရဲ့ ပထမ အဆင့်ကို သူမ ဘယ်လောက် မြန်မြန် ကျွမ်းကျင်နိုင်မလဲ ဆိုတာ ကျန်းပေရန် တွေးတောမိလေသည်။
'တစ်နာရီလား'
'မဟုတ်ဘူး မဟုတ်ဘူး အဲ့ဒါက ဇာတ်လိုက်ကံကြမ္မာကို လျှော့တွက်ရာ ရောက်လိမ့်မယ်
အမွှေးတိုင် တစ်တိုင်စာ အချိန်၊ အမွှေးတိုင် တစ်ဝက်စာ အချိန်တောင် ဖြစ်နိုင်တယ်'
ဒါပေမဲ့ ကျန်းပေရန် ခန့်မှန်းတာ မှားသွားခဲ့လေသည်။
တော်တော်ကြီးကို မှားသွားခဲ့တာပါ။
သုံးနာရီ အပြည့် ကြာပြီးနောက် ရှဲ့လင်းတန်း က သူမ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်ကို ဘယ်လို အာရုံခံရမလဲ ဆိုတာ နားမလည်သေးပေ။
သူမက ပထမဆုံး အဆင့်မှာတင် လုံးဝ သောင်တင်နေခဲ့လေသည်။
'သောက်ကျိုးနည်း... ငါ့လက်ထဲ ရောက်နေတာက အမှိုက်ကနေ ရတနာ ဖြစ်လာမယ့် ဇာတ်လိုက်မျိုးလို့တော့ မပြောနဲ့နော်'
ယွီမန်ဝင်းတောင်မှ ကျန်းပေရန်ကို မစဘဲ မနေနိုင်တော့ပေ။
"အစတုန်းက သူမ ဘာတော်တယ်လို့ ရှင် ပြောလိုက်တာလဲ"
ကျန်းပေရန် သဘာဝကျကျ ပြန်မဖြေခဲ့ပေ။
အဲ့ဒီအစား သူက ရှဲ့လင်းတန်း ကို ဘေးတစ်ဖက်ဆီ ခေါ်လိုက်လေသည်။
ဒါပေမဲ့ ကျန်းပေရန် စကားမပြောနိုင်ခင် ရှဲ့လင်းတန်း က "ဝါး" ဆိုပြီး ငိုချလိုက်လေသည်။
"တောင်းပန်ပါတယ် သခင် ကျွန်မက မျှော်လင့်ချက် မရှိလောက်အောင် တုံးအနေသလား ဟီး ဟီး ဟီး"
"မငိုနဲ့"
ရှဲ့လင်းတန်း တောင့်ခဲသွားပြီး နှပ်တွေ မျက်ရည်တွေကို အားနဲ့ မျိုချလိုက်လေသည်။
ကျန်းပေရန် က ပန်းထိုး လက်ကိုင်ပုဝါ တစ်ထည် ထုတ်ပြီး ရှဲ့လင်းတန်း ကို ကမ်းပေးလိုက်လေသည်။
"မျက်နှာသုတ်လိုက်"
"ကျေး... ကျေးဇူးတင်ပါတယ် သခင်"
ရှဲ့လင်းတန်း မျက်ရည်သုတ်နေတုန်း ကျန်းပေရန် မေးလိုက်လေသည်။
"ဟို အပြာရောင်အလံတပည့်က ဝိညာဉ်စွမ်းအင်ကို အာရုံခံခိုင်းတုန်းက မင်း ဘာခံစားရလဲ"
"ကျွန်မ... ကျွန်မ ဘာမှ မခံစားရဘူး"
"ဝိညာဉ်စွမ်းအင် အကြောင်း မတွေးနဲ့ အဲ့ဒီ အခိုက်အတန့်မှာ မင်း ခံစားခဲ့ရသမျှ အကုန်လုံး ငါ့ကို ပြောပြ အကုန်လုံးနော်"
"ကျွန်မ... ကျွန်မ ခံစားရတာက ဒီနေရာက အရမ်း အေးတယ်၊ ကျွန်မ အရမ်း စိုးရိမ်တယ်၊ ကျွန်မ... ကျွန်မ နည်းနည်း ဗိုက်ဆာတယ်"
သူမ ခံစားခဲ့ရသမျှ အကုန်လုံးကို အကောင်းဆုံး ကြိုးစားပြီး ဖော်ပြနေတဲ့ ရှဲ့လင်းတန်းကို နားထောင်ရင်း သူမ ထူးခြားတယ်လို့ ညွှန်ပြနေတဲ့ အချက် တစ်ချက်မှ ကျန်းပေရန် ရှာမတွေ့ခဲ့ပေ။
ဒါက သူ့ကို အကြီးအကျယ် ခေါင်းကိုက်စေလေသည်။
ကျန်းပေရန်ရဲ့ နားလည်မှု အရ အမှိုက်ကနေ ရတနာ ဖြစ်လာတဲ့ ဇာတ်လိုက် နှစ်မျိုး ရှိလေသည်။
ပထမ တစ်မျိုးက အသုံးမကျဆုံး သိုင်းဝိညာဉ် နိုးထလာပုံ ပေါက်ပေမယ့် တကယ်တမ်းကျတော့ ဖုံးကွယ်ထားတဲ့ သိုင်းဝိညာဉ် နှစ်ခု ပါဝင်တဲ့ အထွတ်အထိပ် ပါရမီရှင် ဖြစ်လေသည်။
ရှဲ့လင်းတန်းရဲ့ သူ့အပေါ် လက်ရှိ ယုံကြည်မှု အဆင့်နဲ့ ဆိုရင် သူမ သူ့ကို ဘာမှ ဖုံးကွယ်ထားလိမ့်မယ်လို့ ကျန်းပေရန် မထင်ပေ။
ဒါကြောင့် အဲ့ဒီ အမျိုးအစား မဟုတ်လောက်ဘူး။
နောက်ထပ် အမှိုက်ကနေ ရတနာ ဖြစ်လာတဲ့ ဇာတ်လိုက် အမျိုးအစားကတော့ သာမန် အရည်အချင်းနဲ့ ပါရမီ နိမ့်ပါးမှုနဲ့ စတင်ပြီး ဂိုဏ်းတူတွေရဲ့ လှောင်ပြောင်မှုနဲ့ ဖယ်ကျဉ်မှုတွေကို အမြဲ ခံရသူ ဖြစ်လေသည်။
ဒါမှမဟုတ် မူလက ထူးချွန်တဲ့ ပါရမီရှင် ဖြစ်ပေမယ့် အကြောင်းရင်း တစ်ခုခုကြောင့် ရုတ်တရက် အားနည်းသွားတဲ့ ဇာတ်လိုက်မျိုး။
ရှဲ့လင်းတန်း က အရင်က လုံးဝ မကျင့်ကြံဖူးဘူး ဆိုတာ သေချာတယ်၊ ဒါကြောင့် သူမက အတိတ်တုန်းက ထူးချွန်တဲ့ ပါရမီရှင် ဖြစ်ခဲ့နိုင်မယ့် အခွင့်အလမ်း မရှိပေ။
ဒါဆို ဖြစ်နိုင်ချေ တစ်ခုတည်းပဲ ကျန်တော့သည်။ သူမက အရည်အချင်းနဲ့ ပါရမီပိုင်းမှာ တကယ်ပဲ သာမန် ဖြစ်နေတာ။
ပြီးတော့ အဲ့လို ဇာတ်လိုက်မျိုးတွေက မကြာခင်မှာ ကံကောင်းခြင်း အခွင့်အလမ်း တစ်ခု ကြုံတွေ့ရပြီး လူစွမ်းကောင်း အမြန်နှုန်းနဲ့ ကြီးထွားလာကာ ကြွားဝါပြသပြီး ပါးရိုက်ပွဲတွေ လုပ်နိုင်လာတတ်ကြလေသည်။
'ကံကောင်းခြင်း အခွင့်အလမ်း... ငါက သူမရဲ့ ကံကောင်းခြင်း အခွင့်အလမ်း လို့တော့ မပြောနဲ့နော်'
'သူမက ငါ ကိုယ်တိုင် သင်ပေးဖို့ လိုအပ်တာလား'
အတွေးတွေ တစ်ခုပြီး တစ်ခု ကျန်းပေရန်ရဲ့ စိတ်ထဲ ပေါ်လာလေသည်။
လောလောဆယ် သူ အတည်ပြုနိုင်တာကတော့ ရှဲ့လင်းတန်း က ရိုးရာ အဓိပ္ပာယ် အရ ပါရမီရှင် တစ်ယောက် သေချာပေါက် မဟုတ်ဘဲ ကွဲပြားတဲ့ လမ်းကြောင်း တစ်ခု လျှောက်လှမ်းမယ့် သူ ဖြစ်လေသည်။
'ဟူး... ခေါင်းကိုက်လိုက်တာ'
စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ကျန်းပေရန် က သူမ ဘာခံစားခဲ့ရလဲ ဆိုတာ ပြန်စဉ်းစားဖို့ ကြိုးစားနေတုန်း ဖြစ်တဲ့ ရှဲ့လင်းတန်းရဲ့ ပခုံးကို လှမ်းပုတ်လိုက်လေသည်။
"စဉ်းစားမနေနဲ့တော့ ပြန်သွားပြီး ဖြည်းဖြည်းချင်း လေ့ကျင့် မလောနဲ့"
"ဟုတ်ကဲ့..."
"သွားတော့"
ဒါကို ကြားတော့ ရှဲ့လင်းတန်း အပြာရောင်အလံ တပည့် ဆီ ပြန်လျှောက်သွားပြီး ခြေလှမ်း အနည်းငယ် လှမ်းတိုင်း နောက်ပြန်လှည့်ကြည့်ကာ သူမ မျက်လုံးထဲမှာ စိုးရိမ်မှုတွေ ပြည့်နှက်နေလေသည်။
သူမကို ဆက်လုပ်ဖို့ ကျန်းပေရန် ပြောလိုက်တဲ့ အကြောင်းရင်းက သူမရဲ့ အရည်အချင်းက ဘယ်လောက်တောင် သာမန် ဆန်လဲ ဆိုတာ ကြည့်ချင်လို့ ဖြစ်လေသည်။
သူမ တကယ် လုံးဝ မသင်ယူနိုင်ဘူး ဆိုရင် ကျန်းပေရန် ပိုပျော်မိလိမ့်မည်၊ ဘာလို့လဲဆိုတော့ အဲ့ဒါဆိုရင် သူက သူမကို အမှိုက်ကနေ ရတနာ ဖြစ်လာတဲ့ ဇာတ်လိုက် အဖြစ် လုံးဝ လေ့ကျင့်ပေးနိုင်မှာမို့လို့ပါပဲ။
ဆန့်ကျင်ဘက် အနေနဲ့ သူမ ပါရမီက သာမန် ကျင့်ကြံသူ တစ်ယောက်နဲ့ တူညီနေမယ် ဆိုရင် အဲ့ဒါက ကျန်းပေရန် အတွက် တကယ့် အခက်အခဲ ဖြစ်လာလိမ့်မည်။
ဘာပဲဖြစ်ဖြစ် နေရာစုံ နည်းနည်းစီ တတ်ကျွမ်းတာက အသုံးမကျခြင်းရဲ့ အစစ်အမှန် အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲလေ။
ယွီမန်ဝင်း ဘေးနားမှာ ပြန်ရပ်ရင်း ဒီတစ်ခါ သူ ကိုင်တွယ်ရခက်တဲ့ အခြေအနေ တစ်ခု ကြုံတွေ့နေရပြီလို့ ကျန်းပေရန် ခံစားလိုက်ရလေသည်။
ရှဲ့လင်းတန်း ကို ပြုစုပျိုးထောင်ရတာ မခက်ခဲပေမယ့် သူမရဲ့ ကိုယ်ပိုင် ကလေးထိန်း လုပ်ရတာက တော်တော် ခက်ခဲလိမ့်မည်။
ဒါပေမဲ့ ကျန်းပေရန် မှာ ရွေးချယ်စရာ မရှိပေ။
သူ တစ်ဆင့်ချင်းစီ သွားရုံသာ ရှိတော့လေသည်။
မကြာခင် ညနေ ရောက်လာလေသည်။
ခေါင်းကုတ်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေဆဲ ဖြစ်ကာ ဝိညာဉ်စွမ်းအင်ကို အာရုံမခံနိုင်သေးတဲ့ ရှဲ့လင်းတန်း ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းပေရန် ယွီမန်ဝင်း ကို ပြောလိုက်လေသည်။
"ဒီနေ့တော့ ဒီလောက်ပဲ လုပ်လိုက်ကြရအောင်"
"လက်လျှော့တော့မလို့လား"
ယွီမန်ဝင်း မေးလိုက်လေသည်။
"လက်လျှော့တာ မဟုတ်ပါဘူး နံရံ တစ်ခုတည်းကိုပဲ ခေါင်းနဲ့ ဆက်တိုက်နေစရာ မလိုဘူးလို့ ပြောတာပါ"
ယွီမန်ဝင်း ခေါင်းညိတ်လိုက်ပြီး အပြာရောင်အလံ တပည့် ဆီ လျှောက်သွားကာ သူမ နားနားမှာ စကားအနည်းငယ် တီးတိုး ပြောလိုက်လေသည်။
အပြာရောင်အလံ တပည့်က ယွီမန်ဝင်းကို ဦးညွှတ်ပြီး လေ့ကျင့်ရေး ခန်းမထဲကနေ ထွက်ခွာသွားလေသည်။
သူမ ရင်ဘတ်ထဲ ခေါင်းမြှုပ်လုနီးပါး ဖြစ်နေတဲ့ ရှဲ့လင်းတန်း ကို ကြည့်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။
"မစိုးရိမ်ပါနဲ့ အချိန်ယူပါ သွားကြစို့ ငါ မင်းကို အရင် နေရာ တစ်နေရာ ခေါ်သွားမယ်"
ဘေးနားက ယွီမန်ဝင်း ဒါကို ကြားတော့ မေးလိုက်လေသည်။
"ရှင် ကျွန်မနဲ့ အတူ သစ်ခွရေကန်ဘေးခန်းမဆီ ပြန်မလိုက်ဘူးလား"
"အင်း မင်း အရင် ပြန်နှင့် ငါ သူမကို လမ်းလျှောက် ခေါ်သွားလိုက်ဦးမယ်"
ဒီကောင်မလေးကို ကျန်းပေရန် ဘယ်လောက် ဂရုစိုက်လဲ ဆိုတာ နောက်တစ်ကြိမ် အံ့သြသွားပြီး ယွီမန်ဝင်းခေါင်းညိတ်လိုက်လေသည်။
"ဒါဆို ကျွန်မ အရင် ပြန်နှင့်မယ် ရှင့်အစား စကားပါးပေးလိုက်ပါ့မယ်"
"ကောင်းပြီ"
ယွီမန်ဝင်း ထွက်သွားပြီးနောက် ကျန်းပေရန် ရှဲ့လင်းတန်း ကို ကျင်းယောက် မြို့နယ် ဆီ ခေါ်သွားလိုက်လေသည်။
သူ့အိမ်တော်ဆီ ရောက်တော့ ကျန်းပေရန် တံခါး တွန်းဖွင့်လိုက်ရာ ဦးလေးလီ က ကြမ်းပြင်ကို ကြိုးကြိုးစားစား လှည်းကျင်းနေတာ တွေ့လိုက်ရလေသည်။
ဦးလေးလီ လည်း သူ့ကို သဘာဝကျကျ မြင်သွားလေသည်။
သူ တံမြက်စည်းကို ချက်ချင်း ချလိုက်ပြီး ဦးညွှတ်လိုက်လေသည်။
"သခင်လေးကို နှုတ်ဆက်ပါတယ်"
"ယဉ်ကျေးနေစရာ မလိုပါဘူး ခင်ဗျား အလုပ် ခင်ဗျား ဆက်လုပ်ပါ"
"ဟုတ်ကဲ့ပါ" ပြောပြီးနောက် ဦးလေးလီ သူ့တံမြက်စည်းနဲ့ အတူ အမြန် ပြေးထွက်သွားလေသည်။
ဦးလေးလီ ထွက်သွားပြီးနောက် ရှဲ့လင်းတန်း က ကျန်းပေရန်ရဲ့ လက်မောင်းကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး ပြောလိုက်လေသည်။
"သခင် ကျွန်မ သခင့်ဘေးနားမှာပဲ နေပြီး ပြုစုချင်ပါတယ် ဒီအိမ်တော်ထဲမှာ မနေချင်ဘူး"
ဒါက သူ့နောက်လိုက်ချင်တဲ့ ရှဲ့လင်းတန်းရဲ့ ဆန္ဒကို ကျန်းပေရန် ပထမဆုံးအကြိမ် သတိထားမိတာ ဖြစ်လေသည်။
ဒါပေမဲ့ ဒါက ကျန်းပေရန်ကို နည်းနည်း ထူးဆန်းသလို ခံစားရစေလေသည်။
သူမက သာမန်လူ တစ်ယောက်ပဲ ပြီးတော့ အရမ်း နာခံတတ်တယ်။
သူက သူမအတွက် အလုပ်တစ်ခု စီစဉ်ပေးရင် သူမ ပျော်ပျော်ရွှင်ရွှင် လုပ်သင့်တာ။
ဒါပေမဲ့ သူမရဲ့ တုံ့ပြန်မှု အရ ဆိုရင် သူက သူမကို ဒီမှာ ထားခဲ့ပြီး လျစ်လျူရှုထားမှာကို သူမ အရမ်း စိုးရိမ်နေပုံ ပေါက်လေသည်။
ဒါကို သူမက သူ့ကို မှီခိုနေတယ်လို့ နားလည်လို့ ရပေမယ့် ကျန်းပေရန် အတွက်တော့ ထူးဆန်းနေတုန်းပဲ၊ တစ်ခုခု လွဲနေသလို ခံစားရလေသည်။
တွေးတောပြီးနောက် ကျန်းပေရန် ပြန်ဖြေလိုက်လေသည်။
"စိတ်မပူပါနဲ့ ငါ မင်းကို ဒီမှာ ထားခဲ့မှာ မဟုတ်ဘူး"
အဲ့ဒီနောက် သူက ရှဲ့လင်းတန်း ကို အထဲ ခေါ်သွားလိုက်လေသည်။
ရင်းနှီးနေတဲ့ လမ်းအတိုင်း ဥယျာဉ်ဆီ လျှောက်သွားပြီး ကျန်းပေရန် မန္တန် ရွတ်ဆိုကာ ရှဲ့လင်းတန်း ကို သူနဲ့အတူ သီးခြား အတားအဆီး ထဲ ခေါ်ဆောင်သွားလိုက်လေသည်။
နောက်တစ်စက္ကန့်မှာ ကူချင်းဟွမ်း ပန်းခန်းထဲကနေ ပြေးထွက်လာပြီး သူ့ကို ဦးညွှတ်တာ ကျန်းပေရန် တွေ့လိုက်ရလေသည်။
"နှုတ်ဆက်ပါတယ် အစ်ကိုကြီး"
တစ်လကျော်လောက်ပဲ ရှိသေးပေမယ့် ဒီတစ်ခါ ကူချင်းဟွမ်း ကို မြင်ရတော့ သူက "ရိုးရှင်းမှုဆီ ပြန်သွားပြီ" ဆိုတာ တွေ့လိုက်ရလေသည်။
ပြီးခဲ့တဲ့ တစ်ခေါက် ကူချင်းဟွမ်း ကို တွေ့တုန်းက သူက ကြွက်သားအဖုအထစ်တွေနဲ့ လူကောင်ကြီး ဖြစ်အောင် လေ့ကျင့်ထားတယ်လို့ ကျန်းပေရန် ထင်ခဲ့ဖူးတာ မှတ်မိလေသည်။
ဒါပေမဲ့ ဒီတစ်ခါ ပြန်တွေ့တော့ သူက ကျက်သရေရှိပြီး သန့်ရှင်းသပ်ရပ်တဲ့ စာပေပညာရှင် တစ်ယောက် ပြန်ဖြစ်နေလေသည်။
ကြွက်သားတွေ ဘယ်ရောက်သွားလဲ သူ မသိပေ။
ကူချင်းဟွမ်း က ကြွက်သား မထွက်ချင်လို့ ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်တယ် ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် အဲ့ဒီ ကြွက်သားတွေက သူ့ခန္ဓာကိုယ်ထဲမှာ ဖုံးကွယ်နေတဲ့ ပိုသန်မာတဲ့ စွမ်းအား တစ်မျိုးမျိုး အဖြစ် ပြောင်းလဲသွားတာ ဖြစ်မယ်လို့ ကျန်းပေရန် ယူဆလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ဂျူဇီမင် ကလည်း စံချိန်မီကိုယ်ခန္ဓာ ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေမယ့် ကျန်းပေရန် သူ့ကို ကြွက်သားအဖုအထစ်တွေနဲ့ လူကောင်ကြီး အဖြစ် မမြင်ရဘူးလေ။
အဲ့ဒီအစား သူက သန့်ရှင်းသပ်ရပ်တဲ့ စီနီယာ အစ်ကိုကြီး တစ်ယောက်ရဲ့ အရှိန်အဝါ ထွက်ပေါ်နေလေသည်။
သူ့အစ်ကိုကြီးကို ဦးညွှတ်ပြီးနောက် ကူချင်းဟွမ်း မော့ကြည့်လိုက်တော့ အသားညိုညို ကောင်မလေးကို တွေ့လိုက်ရလေသည်။
"တွေ့ရတာ ဝမ်းသာပါတယ်"
ကူချင်းဟွမ်း လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာပါ"
ရှဲ့လင်းတန်း ချက်ချင်း ပြန်နှုတ်ဆက်လိုက်လေသည်။
သူတို့နှစ်ယောက် နှုတ်ဆက်နေကြတုန်း ကျန်းပေရန် က ဒီ သီးခြား အတားအဆီး အတွင်းက ပြောင်းလဲမှုတွေကို ဂရုတစိုက် အာရုံခံနေလေသည်။
'မီး ဝိညာဉ်စွမ်းအင် က ပိုပိုပြီး ကြွယ်ဝလာနေတယ်
ချင်းဟွမ်း ခန္ဓာကိုယ်ထဲက မီး ဝိညာဉ်စွမ်းအင် ရဲ့ သန့်စင်မှုက နိမ့်လွန်းတာ နှမြောစရာပဲ
အတားအဆီး တစ်ခုလုံး ပြည့်နေရင်တောင် အာနိသင်က အကန့်အသတ် ရှိတယ်'
စစ်မှန်သော မူလ ကောင်းကင် ဝင်ရိုး နည်းစနစ် က လူတိုင်း ကျင့်ကြံလို့ ရတဲ့ အရာ မဟုတ်ဘူး ဆိုတာ ကျန်းပေရန် အခု သိလိုက်လေသည်။
တကယ်တော့ လူနည်းစုလောက်ပဲ ကျင့်ကြံနိုင်ဖို့ များလေသည်။
ဒါက ကျန်းပေရန် ကို ကူချင်းဟွမ်း အပေါ် ပိုပြီး တန်ဖိုးထားစေလေသည်။
ဘာပဲဖြစ်ဖြစ် နောင်ကျ သူ သီးခြား အတားအဆီး တည်ဆောက်တိုင်း ထာဝရ စွမ်းအင် စက် အဖြစ် ဆောင်ရွက်ဖို့ ကူချင်းဟွမ်း ကို လိုအပ်နေမှာ ဖြစ်လေသည်။
ဒါက အတားအဆီး ထိန်းသိမ်းဖို့ အရင်းအမြစ်တွေ ချွေတာရာ ရောက်သလို အတားအဆီးကို ပိုကောင်းမွန်စေဖို့လည်း ဖြစ်လေသည်။
ဒါကြောင့် အရေးတကြီး လုပ်ဆောင်ရမယ့် တာဝန်က ကူချင်းဟွမ်း ခန္ဓာကိုယ်ထဲက မီး ဝိညာဉ်စွမ်းအင် သန့်စင်မှုကို မြှင့်တင်ဖို့ နည်းလမ်း ရှာဖွေဖို့ပါပဲ။
သူ့ရဲ့ ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျန်းပေရန် ကူချင်းဟွမ်း ကို ကြည့်ကာ မေးလိုက်လေသည်။
"ဆေးအိုး ဘယ်လိုနေလဲ"
"အစ်ကိုကြီးကို တင်ပြရရင် ဆေးအိုးထဲ မီး ဝိညာဉ်စွမ်းအင် သွင်းဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားထားတယ် ဒါပေမဲ့ အစ်ကိုကြီး ကျေနပ်မှု ရှိမရှိ ကျွန်တော် မသိပါဘူး"
"အင်း ငါ့ကို လိုက်ပြပါ"
"ဟုတ်ကဲ့"
အဂ္ဂိရတ် အခန်း ဆီ ရောက်တော့ အလယ်မှာ ထားရှိတဲ့ ရွှေကျီးကန်း ဆေးအိုး ကို ကြည့်ပြီး ကျန်းပေရန် ကျေနပ်တဲ့ အပြုံး တစ်ခု ထုတ်ပြလိုက်လေသည်။
ပြီးခဲ့တဲ့ တစ်ခေါက် ရွှေရောင် ဆေးအိုး ကျွန်း ကနေ ဟို ဝင်ပေါက်ကနေ ထွက်ခွာပြီးနောက် ကျန်းပေရန် က သူ့ရရှိမှုတွေ အားလုံးကို သူ့ရဲ့ သီးခြား အတားအဆီး ထဲ ပြန်ရွှေ့ထားခဲ့လေသည်။
ပထမ အချက် အနေနဲ့ သီးခြား အတားအဆီး က လက်ရှိ သူ့ရဲ့ အလုံခြုံဆုံး စစ်ဆင်ရေး စခန်း ဖြစ်လေသည်။
ဒုတိယ အချက် အနေနဲ့ အတားအဆီး အတွင်းမှာ ရွှေရောင် ဆေးအိုး ကျွန်း က သူ ရခဲ့တဲ့ ပစ္စည်းတွေက ဝိညာဉ်စွမ်းအင် ပိုစုပ်ယူနိုင်ပြီး ပိုကောင်းမွန်လာနိုင်လေသည်။
ဒီ ရွှေကျီးကန်း ဆေးအိုး က ရွှေရောင် ဆေးအိုး ကျွန်း ခရီးစဉ်ရဲ့ အကြီးမားဆုံး အမြတ်အစွန်း ဖြစ်တာကြောင့် သူ သဘာဝကျကျ အတန်ဖိုးထားဆုံး ဖြစ်လေသည်။
ပြီးခဲ့တဲ့ တစ်ခေါက် သူ ပြန်လာတုန်းက ချင်းဟွမ်း က သီးခြား အတားအဆီး ထဲမှာ မရှိတာကြောင့် ဒီဆေးအိုးကို မီး ဝိညာဉ်စွမ်းအင် နဲ့ သေချာ ပြုစုပျိုးထောင်ပေးရမယ်လို့ ကျန်းပေရန် စာရေးထားခဲ့လေသည်။
စာ ရပြီးနောက် ကူချင်းဟွမ်း က သူ နားလည်ကြောင်း ချက်ချင်း ပြန်စာပို့ခဲ့လေသည်။
အခု ကြည့်ရတာ ရွှေကျီးကန်း ဆေးအိုး ကို တော်တော် ကောင်းကောင်း ထိန်းသိမ်းထားပုံ ရလေသည်။
အထဲက မီး ဝိညာဉ်စွမ်းအင် က ချော်ရည်ထဲမှာ ရှိတုန်းကထက် ပိုတောင် အားကောင်းနေတယ်လို့ ကျန်းပေရန် ခံစားမိလေသည်။
"ကောင်းတယ်" ကျန်းပေရန် အသိအမှတ်ပြုတဲ့ အနေနဲ့ ကူချင်းဟွမ်း ကို ခေါင်းညိတ်ပြလိုက်လေသည်။