သုံးနှစ်ကတိ
Vol. 1 Ch. 313
"ဝုန်း...ဝုန်း...ဝုန်း"
မြေပြင်သည် ရုတ်ချည်းတုန်ခါလာခဲ့ပြီး ရှားယွိမြို့ တစ်ခုလုံးပင် တုန်ခါလာခဲ့သည်။ အရှေ့မြောက်အရပ်မှ ခြေသံပြင်းပြင်းကြီးများ ပေါ်ထွက်လာခဲ့ပြီး လူတိုင်းအား တုန်လှုပ်သွားစေသည်။
"အမ်"
ကျောင်းအုပ်ယွိသည် ကျန်းရီနှင့် သုံးကီလိုမီတာခန့် အကွာသို့ ရောက်နေပြီဖြစ်ပြီး လက်ချောင်းမှ အားလှိုင်းလေးတစ်ခု တောက်လွှတ်လိုက်သည်နှင့် ကျန်းရီအား သတ်ဖြတ်ရန် လုံလောက်နေပြီဖြစ်သည်။ သို့သော်လည်း သူ့ကိုယ်သည် လေထုအလယ်တွင် ရပ်တန့်သွားခဲ့ပြီး မလှုပ်ရှားရဲတော့ပေ။ သူ့နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာခဲ့သည်။ သူသည် ယခင်က မခံစားဖူးသည့် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပြီး သူတိုက်ခိုက်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တစ်စစီ ကျိုးကြေသွားလိမ့်မည်ဟု အလိုလို သိနေလေသည်။
နတ်ဆိုးဧကရီ...
အမည်တစ်ခုသည် သူ့စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ ဤကမ္ဘာတွင် သူ့အား ထိုသို့ခံစားရအောင် လုပ်နိုင်စွမ်းရှိသည်မှာ တောင်စဉ်သုံးထောင်မှ အမြီးငါးချောင်းပိုင်ရှင် မြေခွေးကသာ တတ်နိုင်လေသည်။
ဝုန်း...ဝုန်း...ဝုန်း
မြေပြင်မှ တုန်ခါမှုများသည် ပို၍ ပြင်းထန်လာခဲ့ပြီး အရိပ်ဆယ်ခုကျော်သည် လူတို့အား ခြောက်ခြားစေနိုင်သည့် ပြင်းထန်သော အရှိန်အဝါတို့ကို ထုတ်ဖော်၍ ဘေးချင်းယှဉ်လျက် ထွက်ပေါ်လာခဲ့သည်။
နတ်ဆိုးသားရဲဘုရင် ဆယ့်ရှစ်ကောင်...
ရွှေယို့လန်၊ ဘုန်းတော်ကြီးနှင့် ကျူးကော့ချမ်ယွမ်ထံ ပြေးသွားနေကြသူအားလုံး ရပ်တန့်လိုက်ကြပြီး အရှေ့မြောက်ဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် သွေးနီရောင်ဝက်ဝံကြီး၏ ပခုံးထက်မှ လှပသော အမျိုးသမီးထံ ကျရောက်သွားကြသည်။
နတ်ဆိုးဧကရီသည် နယ်မြေတွင် နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့သည်။ သူမ ရောက်လာရခြင်း ရည်ရွယ်ချက်သည် ရှင်းလင်းပါ၏၊ သူမသည်လည်း ကျန်းရီအား ကာကွယ်ရန် ရောက်ရှိလာခြင်း ဖြစ်လေသည်။ ထိုအချက်အား ကျောင်းအုပ်ယွိ လှုပ်ရှားမရတော့သည်က သက်သေပြနေသည်။
နတ်ဆိုးဧကရီသည် ကျန်းရီကို ကာကွယ်ရန်ရောက်လာပြီဖြစ်ရာ မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီးနှင့် အခြားလူများ တိုက်ခိုက်နေစရာ မလိုတော့ချေ။ သူမ၏ အင်အားကပင် နေရာတွင် ရှိနေကြသူ အပေါင်းထက် သာလွန်နေပြီး ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်နေပြီးဖြစ်သည်။ သူမသည် အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်သည်။ သူမသာ ကျန်းရီကို ကာကွယ်ချင်လျှင် ယနေ့ မည်သူကမှ သူ့အား ထိခိုက်အောင် မလုပ်နိုင်။
"ကျီ...ကျီ"
နတ်ဆိုးဧကရီသည် မရပ်မနားအော်ဟစ်နေသော မြေခွေးလေးကို ပွေ့ထားသည်။ သူမဘေးတွင် အလွန်အားနည်း၍ အလျင်စလိုဖြစ်နေပုံ ပေါက်နေသော မိန်းမပျိုလေးတစ်ယောက် ရှိလေသည်။ ကျန်းရှောင်နူတွင် အင်အားစိုးစဉ်းမျှ မရှိရာ အမြင်အာရုံလည်း အားနည်းပေ၏။ ထို့ကြောင့် ခပ်လှမ်းလှမ်းမှ ကျန်းရီအား မမြင်ချေ။
"နတ်ဆိုးဧကရီ...ရှောင်ဖေး...ရှောင်နူ"
ကျန်းရီသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ နတ်ဆိုးသားရဲဘုရင် ဆယ်ယောက်ကျော်နှင့် ရှောင်ဟုန်၏ ကျောထက်မှ လူစုကို မြင်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ နာကျင်မှု အငွေ့အသက်တို့ ခံစားလိုက်ရသည်။ ဤကိစ္စသည် လူသားများအကြားမှ အတွင်းရေးကိစ္စဖြစ်ပြီး နတ်ဆိုးဧကရီက ဝင်ပါလာခဲ့သည်။
သူမသည် သူ့အတွက် သွေးသစ္စာကို ဖောက်ဖျက်လိုက်သည်။ နောင်တွင် နတ်ဆိုးဧကရီ မရှိတော့ပါက လူသားများသည် နတ်ဆိုးသားရဲမျိုးနွယ်အား သွေးချောင်းစီးစေလိမ့်မည်။
လူသားမျိုးနွယ်ဘက်မှ ပုဂ္ဂိုလ်ကြီးများသည် မျက်နှာများ သုန်မှုန်နေကြပြီး မျက်လုံးများတွင် မကျေချမ်းမှုများ ရှိနေသည်။ ဇင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးနှင့် ရွှေယို့လန်တို့ပါ ကျေနပ်ပုံ မပေါ်ကြပေ။ သူတို့သည် ကျန်းရီအတွက် အသက်ကိုပါ ရင်းပေးနိုင်သော်လည်း နတ်ဆိုးဧကရီ ရောက်ချလာရာ သူတို့မှာ နှစ်ဖက်ကြားတွင် အကြပ်ရိုက်နေရသည်။
ဝုန်း...ဝုန်း...ဝုန်း
နတ်ဆိုးသားရဲဘုရင်များသည် အလွန်ကြီးမားသော်လည်း မြန်ဆန်ကြသည်။ သူတို့သည် စစ်တပ်၏မြောက်ဘက်ခြမ်းသို့ ရောက်ရှိရန် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။ နတ်ဆိုးဧကရီသည် လက်တစ်ဖက်မြှောက်ပြကာ နတ်ဆိုးသားရဲဘုရင်များအား ရပ်တန့်စေလိုက်သည်။
"ဟမ့်"
မိုးပြာနဂါးအင်ပါယာ၏ ဘိုးဘေးကြီးသည် ယခင်က နတ်ဆိုးဧကရီကြောင့် ထိခိုက်ဒဏ်ရာ ရထားခဲ့သည်ဖြစ်ရာ သူမအား ရန်လိုစွာ စိုက်ကြည့်နေလေသည်။ သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"နတ်ဆိုးဧကရီ...မင်းက သွေးသစ္စာကို ပေါ်တင်ဖောက်ဖျက်ဖို့ ကြံနေတာလား။ လူသားမျိုးနွယ်ရဲ့ အတွင်းရေးကိစ္စကို ဝင်ရှုပ်တော့မလို့လား"
"အော်မိတဖ"
ဘုန်းကြီးသည်လည်း စကားဝင်ပြောလာခဲ့သည်။
"ဒကာမနတ်ဆိုးဧကရီ...ဒါက လူသားတွေအကြားက အငြင်းပွားမှုပါ၊ ဒါကြောင့် မြန်မြန်လေး ပြန်လိုက်ပါ။ အရင်တစ်ခေါက်က လူသားတွေရဲ့ အမှားမို့ ဒကာမ နယ်မြေကို သွေးချောင်းစီးစေတုန်းက ဘုန်းကြီးတို့အားလုံး ဝင်မပါခဲ့ကြဘူး။ ဒီတစ်ကြိမ် ဒကာမရောက်လာတာက အချိန်ကောင်းမဟုတ်ပါဘူး"
ရွှေယို့လန်သည် ဘာမှမပြောသော်လည်း သူမ၏ပုံရိပ်မှ မျက်ခုံးနှစ်ဖက်မှာမူ စုကျုံ့နေကြသည်။ သူမသည်လည်း နတ်ဆိုးဧကရီ ရောက်လာခြင်းကို သဘောမကျသည်မှာ ထင်ရှားသည်။ ကျူးကော့ချမ်ယွမ်သည်လည်း တိတ်ဆိတ်နေသော်ငြား မျက်လုံးအိမ်များမှာ သိသိသာသာ ကျဉ်းမြောင်းနေကြသည်။
နတ်ဆိုးဧကရီကား မည်သည့်အမူအရာမှ မရှိချေ၊ သူမ၏စိတ်အခြေအနေကို မည်သူကမှ မခန့်မှန်းနိုင်ကြချေ။ သူမသည် လူတိုင်း၏ မျက်နှာများကို ဝေ့ကြည့်လိုက်ပြီး အေးအေးလူလူ ပြောလာလေ၏။
"ဒီဧကရီက လူသားတွေရဲ့ ပြဿနာကို ဝင်ရှုပ်ဖို့ ရည်ရွယ်ချက်လည်း မရှိသလို သွေးသစ္စာကို ဖောက်ဖျက်ဖို့လည်း မကြံစည်မိပါဘူး။ ဒီတစ်ခေါက် ဒီဧကရီရဲ့ ကျန်းရီကို သုံးနှစ်ကာကွယ်ပေးချင်တဲ့ ဆန္ဒကို အားလုံးက မျက်နှာသာပေးပြီး ခွင့်ပြုပေးမယ်လို့ ထင်ပါတယ်။ သုံးနှစ်ကြာရင် ဒီဧကရီက လုံးဝဝင်မပါတော့ပါဘူး၊ အားလုံးဘယ်လိုထင်ကြပါသလဲ "
သုံးနှစ်...
ဘုန်းတော်ကြီးနှင့် ရွှေယို့လန်သည် ကျန်းရီအား သုံးနှစ်ကာကွယ်လိုကြသည်။ ယခု နတ်ဆိုးဧကရီသည်လည်း ကျန်းရီအား သုံးနှစ်ကာကွယ်ပေးချင်နေပြန်သည်။
ထို့ပြင် နတ်ဆိုးဧကရီသည် သုံးနှစ်ကြာပြီးလျှင် ဝင်မပါတော့ပါဟုပင် ကြေငြာလာခဲ့သည်။ ထိုသို့ အရေးပါသော ပုဂ္ဂိုလ်မျိုးသည် သူမ၏ စကားလုံးတိုင်းကို အမျှော်အမြင်ရှိရှိ ရွေးချယ်မည်ဖြစ်ပြီး စကားကို ပြန်ရုပ်သိမ်းမည် မဟုတ်ချေ။
လူတိုင်းသည် တွေဝေသွားကြသည်။ သုံးနှစ်သည် ရှည်ကြာလွန်းသော ကာလမဟုတ်ချေ။ သုံးနှစ်ကြာပြီးနောက် တောင်ဘက်သို့ ချီတက်လာပြီး ရှားနိုင်ငံကို ချေမှုန်း၍ ကျန်းရီအား သတ်ဖြတ်နိုင်သေးသည်။ သုံးနှစ်ကြာလျှင် ကျန်းရီသည် အသက်နှစ်ဆယ်သာ ရှိဦးမည်ဖြစ်ပြီး သဘာဝတရားကြီးအား ဖီဆန်နိုင်လောက်သည့် စွမ်းအားများ ရလာဦးမည် မဟုတ်ချေ။ သုံးနှစ်ကြာ၍ သူ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်သို့ ရောက်လျှင်တောင် ချီးကျူးသင့်နေပြီဖြစ်သည်။ ဗာဂျရာအဆင့်သို့ ရောက်နိုင်ရန် နယ်မြေ၏ တာအိုသဘောတရားများကို နားလည်ရန်လိုအပ်သည်။ တာအိုသဘောတရားများကို နားလည်ရန်မှာ ထိုမျှအချိန်တိုလေးအတွင်း မဖြစ်နိုင်ပေ။
နတ်ဆိုးဧကရီ၏ အရှိန်အဝါကြောင့် ရောက်နေသောနေရာတွင်ပင် ရပ်တန့်နေရသူ မိုးပြာနဂါးသင်တန်းကျောင်း၏ ကျောင်းအုပ်မှာ အရှက်ခွဲခံနေရသလို ခံစားနေရပြီး ဒေါသထွက်လာခဲ့သည်။ သူသည် နတ်ဆိုးဧကရီအား အေးစက်စွာ ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
"ကျုပ်တို့က မျက်နှာသာ မပေးဘူးဆိုရင် နတ်ဆိုးဧကရီက သွေးသစ္စာကို ဖောက်ဖျက်ပြီး ရူးရူးမိုက်မိုက် ဝင်နှောင့်ယှက်တော့မှာပေါ့...အဲ့လိုလား"
"ခစ်...ခစ်"
နတ်ဆိုးဧကရီသည် တခစ်ခစ် ရယ်မောလိုက်ရာ မြင်ကွင်းမှာ တိုင်းပြည်များ ကျရှုံးသွားရအောင်ပင် လှပလွန်းလှသည်။ ထို့နောက် သူမက အေးအေးလူလူ ပြန်ဖြေလိုက်သည်။
"ဒီဧကရီက ဝင်ရှုပ်မယ်ဆိုရင်တောင် ရှင်က ဘာများလုပ်နိုင်မှာ မလို့လဲ၊ ဒီဧကရီက ရှင်တို့အားလုံးကို အသာလေးအနိုင်ယူနိုင်တင်မကဘူး၊ ကြယ်တံခွန်ကျွန်းက ဒီမိန်းကလေးကလွဲရင် ရှင်တို့အားလုံး ဒီဧကရီရဲ့ လက်ဝါးတစ်ချက်ကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး။ မယုံရင် လွတ်လွတ်လပ်လပ် လာစမ်းသပ်နိုင်ပါတယ်...တစ်စုံတစ်ယောက်ကများ ဒီဧကရီရဲ့ လက်ဝါးချက်ကို မသေဘဲ ခုခံနိုင်တယ်ဆိုရင် ဒီဧကရီက ချက်ချင်းလှည့်ပြန်သွားလိုက်မယ်"
အထက်စီးဆန်တယ်...မောက်မာလွန်းတယ်...
လူတိုင်း၏ မျက်နှာများ သုန်မှုန်နေကြပြီး မျက်ဝန်းများတွင် အရှက်ရမှု၊ ဒေါသရိပ်များ ပေါ်လွင်နေကြသည်။ နတ်ဆိုးသားရဲတစ်ကောင်က လူသားမျိုးနွယ်၏ ထိပ်သီးပုဂ္ဂိုလ်များနှင့် စစ်သည်တစ်သန်းပါသော စစ်တပ်အား ထိုသို့ပြောရဲသည်။ သို့သော်လည်း မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီးတောင် သူမကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ရာ မည်သူကမှ ကိုယ့်အသက်ကိုယ်ရင်း၍ သူမအား စိန်မခေါ်ရဲကြပေ။
"သုံးနှစ်ပဲ"
နတ်ဆိုးဧကရီသည် ထပ်မံရယ်မောလိုက်ပြီး အသာ ဆက်ပြောလာခဲ့သည်။
"သုံးနှစ်က ရှင်တို့အတွက် လက်ဖျောက်တစ်ချက်တီးစာလောက်ပဲ ရှိတယ်၊ ဘာလဲ...သုံးနှစ်ကြာပြီးရင် ဖြစ်လာမယ့် ကျန်းရီကို ရှင်တို့ ကြောက်နေကြတာလား။ ဘယ်သူကမှ သူ့ကို မယှဉ်နိုင်တော့မှာ စိုးလို့လား၊ နှစ်တွေ အများကြီး ကျင့်ကြံပြီးတဲ့နောက် ရှင်တို့တွေ ခေါင်းချောင်သွားကြတာလား...ကျန်းရီက ဆယ့်ခုနှစ်နှစ်ပဲ ရှိသေးတာနော်...ခစ်..ခစ်"
နောက်ဆုံးစကား "ခစ်...ခစ်"သည် သူတို့နှလုံးအား ဓားထက်ထက်ဖြင့် ထိုးစိုက်လိုက်သည့်အလား သူတို့၏မာနကို လာရောက်ထိပါးလေသည်။ ကျောင်းအုပ်ယွိသည် နတ်ဆိုးဧကရီအား စူးစူးရဲရဲကြည့်ကာ မေးလိုက်သည်။
"နတ်ဆိုးဧကရီ၊ ရွှေယွဲ့လျန်မျှော်စင်သခင်မနဲ့ ဘုန်းတော်ကြီးယန်ရှဲ့၊ ကျူးကော့ချမ်ယွမ်...ခင်ဗျားတို့တွေ သုံးနှစ်ကြာပြီးရင် ကျန်းရီရှေ့က ဖယ်ပေးကြမှာလား...သေချာတယ်ဆိုရင် ကျုပ်သုံးနှစ်စောင့်မယ်။ သုံးနှစ်အတွင်း ကျန်းရီက ကောင်းကင်ဘုံရဲ့ ဥပဒေသတွေကို ဖီဆန်နိုင်မလားဆိုတာ ကျုပ်ကြည့်ချင်တယ်"
နတ်ဆိုးဧကရီ၊ ရွှေယို့လန်နှင့် ဘုန်းတော်ကြီးယန်ရှဲ့တို့သည် ခေါင်းငြိမ့်လိုက်ကြသော်လည်း ကျူးကော့ချမ်ယွမ်မှာမူ အိုးတိုးအမ်းတမ်း ဖြစ်နေလေသည်။ သူကျန်းရီကို သုံးနှစ်သာ ကာကွယ်မည်ဟု မပြောခဲ့ချေ။ ထို့ပြင် သုံးနှစ်အတွင်း ကျန်းရီ ကျင့်ကြံဆင့်များစွာ ခုန်တက်သွားမည်ဟု သူမထင်ပေ။ သို့သော်လည်း ဤအခြေအနေတွင် သူဘာမှမတတ်နိုင်ပေ။ သူသည်လည်း အံကြိတ်၍ ခေါင်းငြိမ့်လိုက်ရသည်။
"ကောင်းပြီလေ...သုံးနှစ်ကြာပြီးရင် ငါဝင်မပါတော့ဘူး"
"ကောင်းပြီ"
ကျောင်းအုပ်ယွိသည် ကျန်းရီအား စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ကျန်းရီ...ငါတို့ သုံးနှစ်စောင့်မယ်။ သုံးနှစ်ကြာပြီးရင် ရှားနိုင်ငံက ပျက်စီးရမယ်...ဒါတောင် မင်းက ရှားနိုင်ငံကို ကာကွယ်ချင်နေသေးရင် ရက်စက်တဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့"
"ဝှစ်"
စကားဆုံးသည်နှင့် ကျောင်းအုပ်ယွိသည် အဖြူရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။ မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီးသည် နတ်ဆိုးဧကရီအား ထိတ်လန့်ရိပ်များသန်းနေသည့် မျက်ဝန်းများဖြင့် မသိမသာ ကြည့်လိုက်ကာ ဘာမှမပြောတော့ဘဲ မြောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။
"ဟက်...ဟက်...ကျန်းရီ...သုံးနှစ်ကြာပြီးရင် ငါတို့ ထပ်တွေ့ကြတာပေါ့၊ ပြန်ဆုတ်ကြမယ်..."
မိန်းမစိုးလင်းသည် အနည်းငယ် ပြန်ကုစားပြီးနေပြီဖြစ်သည်။ သူသည် သိမ်းငှက်တစ်ကောင်ပမာ ပျံသန်းသွားခဲ့ပြီး ရှန်ဝူနိုင်ငံမှ စစ်တပ်ကြီးသည်လည်း ဒီရေကျသည့်ပမာ ပြန်ဆုတ်ခွာသွားကြသည်။
"ဝှစ်...ဝှစ်"
ကျန်ဗာဂျရာအဆင့် ပုဂ္ဂိုလ်ကြီးများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ စစ်တပ်များသည်လည်း ဆုတ်ခွာကြကာ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
"ဘုရားသခင်...ရှားနိုင်ငံရဲ့ ပြည်သူတွေကို ကယ်တင်ဖို့ ကျန်းရီကို ခင်ဗျား လွှတ်ပေးလိုက်တာလား"
ရှားနိုင်ငံမှ စစ်သူကြီးအိုကြီးသည် ပျောက်ကွယ်သွားသော် စစ်တပ်များကို မြင်သောအခါ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပါ စီးကျလာပြီး သူ့ကိုယ်မှာ မရပ်မနား တုန်ယင်နေခဲ့သည်။ မည်သူကမှ မပြောင်းလဲနိုင်တော့သော အခြေအနေမှာ ကျန်းရီတစ်ယောက်၏ ပေါ်ထွက်လာမှုကြောင့် လုံးဝပြောင်းလဲသွားခဲ့သည်။
"သုံးနှစ်"
စစ်သူကြီးအိုကြီးသည် စစ်မြေပြင်တွင် မားမားမတ်မတ် ရပ်နေသော အစိမ်းရောင် ပုံရိပ်အားကြည့်ကာ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ကောင်လေး...သုံးနှစ်ကြာပြီးတဲ့နောက် ကောင်းကင်ရဲ့ ဆန္ဒကို မင်းမလွန်ဆန်နိုင်ရင် ရှားနိုင်ငံလည်း မင်းနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်။ မင်းနဲ့အတူ သေနိုင်တာက ငါတို့ရဲ့ အကြီးကျယ်ဆုံး ဂုဏ်သရေပါပဲ"
*****