စုလောရွှယ် အသက်ရှင်နေသေးတာလား
Vol. 1 Ch. 314
"အောမိတဖ"
မဟာမိတ်စစ်တပ်ကြီး ဆုတ်ခွာသွားသည်နှင့် ဘုန်းကြီးသည်လည်း ထွက်ခွာရန် ပြင်လိုက်သည်။ သူသည် လက်အုပ်ချီ၍ ကျန်းရီအား ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလာခဲ့သည်။
"ဒကာလေးကျန်း...သုံးနှစ်ကြာပြီးရင် ဘုန်းကြီးတို့ ပြန်တွေ့ကြတာပေါ့၊ သုံးနှစ်ကြာပြီးလို့ နတ်ဆိုးတာအိုကို ကျင့်ကြံနေတယ်ဆိုရင် ဒီဘုန်းကြီးက အသေခံပြီး မင်းကိုသတ်ရလိမ့်မယ်။ ဒကာလေးကျန်း သေချာကြိုးစားပြီး အမှားမလုပ်ဖို့ ဘုန်ကြီး မျှော်လင့်ပါတယ်"
"ဝှစ်"
စကားဆုံးသည်နှင့် ဘုန်းတော်ကြီးယန်ရှဲ့သည် ရွှေ့ယို့လန်၊ ကျူးကော့ချမ်ယွမ်နှင့် အခြားလူများကို ခေါင်းအသာငြိမ့်ပြကာ အနောက်မြောက်အရပ်သို့ လမ်းလျှောက်၍ ထွက်ခွာသွားခဲ့သည်။ သူသည် မြေကြီး၏ တာအိုတစ်မျိုးကို နားလည်ထားပုံရပြီး ချက်ချင်းရွှေ့လျားသွားနိုင်သည့် စွမ်းရည်ရှိလေ၏။ သူ ခြေလှမ်းအနည်းငယ် လှမ်းအပြီးတွင် ဆယ်မိုင်ကျော်ခန့် ရောက်ရှိသွားခဲ့ပြီး လူတိုင်း၏ မြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့သည်။
"ကျန်းရီ...မင်းမှာ အချိန်ရရင် ကြယ်တံခွန်းကျွန်းကို စကားပြောဖို့ လာခဲ့ပါဦး"
ရွှေယို့လန်၏ ပုံရိပ်သည် စကားပြောလာလေ၏။ စကားပြောပြီးသည်နှင့် သူမ၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့သည်။
"ကျီ...ကျီ"
မြေခွေးလေးသည် နတ်ဆိုးဧကရီထံမှ ကျန်းရီ၏ လက်မောင်းများထံ ခုန်ဝင်လာခဲ့သည်။ ၎င်းသည် အဖြူရောင်အလင်း တစ်ချက်လက်သွားပြီး ကျန်းရီအား စိတ်ဖြင့် စကားပြောလာလေ၏။
"အစ်ကိုကြီး...အဆင်ပြေရဲ့လား၊ ရှောင်ဖေး သေလောက်အောင် လန့်သွားတာ...ရှောင်ဖေးတို့ အချိန်မီတာ ကံကောင်းသွားတယ်"
"သခင်လေး"
ကျန်းရှောင်နူသည် ဆင်းလာချင်ပါသော်လည်း နတ်ဆိုးသားရဲဘုရင်ကြီးသည် ဆယ်မီတာမက မြင့်နေ၍ မဆင်းတတ်ဖြစ်နေသည်။
နတ်ဆိုးဧကရီသည် ကျန်းရှောင်နူ၏ ဆောက်တည်ရာမရ ဖြစ်နေပုံအား မြင်သောအခါ ပြုံးလိုက်ပြီး ကျန်းရှောင်နူအား လက်တစ်ဖက်ဖြင့် မ၍ ကျန်းရီထံ ပစ်ပေးလိုက်သည်။ သူမ၏ နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ကျန်းရီ၏ စိတ်ထဲသို့ အသံတစ်သံ ဝင်ရောက်လာခဲ့သည်။
"ကျန်းရီ...ဒီဧကရီက အရင်ပြန်နှင့်တော့မယ်၊ မင်းဒီက ကိစ္စတွေပြီးရင် နတ်သမီးတောင်ထွတ်ကို မြန်မြန်ပြန်လာပြီး ကျင့်ကြံတော့...သုံးနှစ်ကြာပြီးရင် ငါနယ်မြေက ထွက်သွားတော့မယ်။ သုံးနှစ်အတွင်း မင်းရဲ့ ကျင့်ကြံဆင့်တွေ ခုန်တက်မလာရင်၊ မင်းကိုယ်မင်း ကယ်တင်နိုင်တဲ့ အစွမ်းအစ မရှိဘူးဆိုရင် ဘယ်သူကမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"
"ဝှစ်"
နတ်ဆိုးဧကရီ ထွက်ခွာသွားသော်လည်း မြေခွေးလေးအား ခေါ်မသွားချေ။ နတ်ဆိုးသားရဲဘုရင် ဆယ့်ရှစ်ကောင်မှာလည်း သူမနောက် လိုက်မသွားကြချေ။ သူတို့သည် မြေခွေးလေးကို ကာကွယ်ရန် ကျန်ရစ်ခဲ့ကြမှန်း ထင်ရှားသည်။ သူမသည် နယ်မြေရှိ မည်သူမှ မြေခွေးလေးအား အန္တရာယ် မပေးရဲတော့ဟု ယုံကြည်ချက် အပြည့်ရှိလေသည်။
"ရှောင်နူ...ရှောင်ဖေး...ခဏလောက် နေကြဦး"
ကျန်းရီသည် ကျန်းရှောင်နူအား လက်တစ်ဖက်ဖြင့် ဖမ်းလိုက်ပြီး မြေခွေးလေးကို သူမထံ ကမ်းပေးကာ ချိုင့်နက်ကြီးထံ ပြေးထွက်သွားခဲ့သည်။ သူ့မျက်နှာမှာ ပျက်ယွင်းနေပြီး ခြေလှမ်းများက မခိုင်ချင်ပေ။ သူသည် ချိုင့်နက်ကြီး၏ နှုတ်ခမ်းစွန်းသို့ ရောက်သောအခါ မျက်လုံးများကို မှိတ်၍ ကြည့်နိုင်ရန် ပြင်ဆင်လိုက်သည်။
မိန်းမစိုးလင်း၏ လက်ဝါးချက်သည် အလွန်ပြင်းထန်လှပြီး စုဂိုဏ်းသားများမှာ အလွန်အမင်း အားနည်းနေကြသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်အောက်မှ မည်သူမဆို အသတ်ခံရနိုင်သည်။ ထို့ပြင် စုလောရွှယ်မှာ ခရမ်းရောင်နန်းတော်ရှင်အဆင့်တွင်သာ ရှိသေးသည်။ အချိန်အတော်ကြာသည်အထိ မည်သူမှ ပြန်တက်မလာသေးရာ အားလုံးသေသွားကြသည်မှာ ထင်ရှားသည်။
"ဟူး...ဟူး"
ကျန်းရီသည် အံကြိတ်၍ အသက်ပြင်းပြင်း နှစ်ကြိမ်ရှူလိုက်သည်။ သူသည် ချိုင့်ကြီး၏ နှုတ်ခမ်းစွန်းမှရပ်၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။
"အမ်"
ငုံ့ကြည့်ပြီးနောက် ကျန်းရီ၏ မျက်ခုံးနှစ်ဖက် ကျုံ့သွားခဲ့သည်။ ချိုင့်ကြီးသည် အလွန်နက်၍ သူ၏အမြင်အာရုံဖြင့်ဆိုလျှင်တောင် မှုန်ဝါးဝါးသာ မြင်ရလေသည်။ သူသည် အလောင်းများစွာကို မြင်နေရသော်လည်း အသက်ရှင်ကျန်သူများလည်း ရှိသေးဟန်တူသည်။ လူအချို့သည် သူတို့အား ပြန်လည်ကုစားနိုင်ရန် ကူညီပေးကြသည်။
စုလောရွှယ်လည်း အသက်ရှင်နေသေးတာလား...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ကျန်းရီသည် စိတ်လှုပ်ရှားလွန်း၍ သူ့ကိုယ်ပင် အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူသည် ရင်ဘတ်မှ နာကျင်မှုကို ခံစားနေရသေးသော်လည်း ထိုကိစ္စကို စိတ်ပူနေရန် အချိန်မရှိသေး။ သူသည် ချက်ချင်း ခုန်ချလိုက်သည်။
အသက်ရှင်နေပေးပါ...လောရွှယ်...အသက်ရှင်နေပေးပါ...ကျေးဇူးပြုပြီး....
ခုန်ချနေရင်းမှ စုလောရွှယ် တင်ပျဉ်ခွေထိုင်နေသည်အား ကျန်းရီ မြင်လိုက်ရသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် လူတစ်ဦးက သူမ၏ကျောဘက်တွင် လက်ဝါးများထား၍ အတွင်းအားများ လွှဲပြောင်းပေးရန် သူမကို ကူညီ၍ ဒဏ်ရာများ ကုသပေးနေလေသည်။ ကျန်းရီသည် စုလောရွှယ်၏ကိုယ်ဆီမှ အသက်ငွေ့ငွေ့ကို ခံစားမိသောအခါ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ ထင်ဟပ်လာခဲ့သည်။ ထိုသို့ အားပြင်းလှသည့် လက်ဝါးချက်ဖြင့် တိုက်ခိုက်ခံရပြီးနောက် သူမမည်သို့ အသက်ရှင်နေသနည်း။
ဘန်း...
သူ့ကိုယ်သည် ချိုင့်နက်ကြီး၏ အောက်ခြေသို့ ရောက်ရှိသွားခဲ့ပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေဆဲဖြစ်သော စုလောရွှယ်အား ကြည့်လိုက်သည်။ သူမ အသက်ရှူနေသေးသည်။ သူကိုယ်သည် တဆတ်ဆတ်တုန်ယင်လာပြီး စုလောရွှယ်ရှေ့ ဖြည်းဖြည်းချင်း တိုးသွားကာ သူမ၏ မျက်နှာလေးအား ထိကိုင်လိုက်သည်။ ထိုအခါမှသာ သူ အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်လေသည်။
"အရှင်ကျန်း...မင်းသမီးက အသက်ရှင်နေသေးပါတယ်၊ သူမကို အကြီးအကဲအချို့က ကာကွယ်ပေးခဲ့ပုံရတယ်။ သူမဝတ်ထားတာကလည်း ကောင်းကင်အဆင့် ချပ်ဝတ်ဖြစ်နေတယ်...မဟုတ်ရင် မင်းသမီး သေနေလောက်ပြီ"
ဘေးမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်လူသည် ကျန်းရီအား လေးစားအားကျသည့် မျက်လုံးများဖြင့်ကြည့်ရင်း ခပ်တိုးတိုး ရှင်းပြလာသည်။
"ဝှစ်"
စုဂိုဏ်းသား အမြောက်အများ မသေဘဲ အသက်ရှင်ကျန်ရစ်သော်လည်း ကျန်းရီမှာ ထိုသူများအား ဂရုစိုက်မနေနိုင်ချေ။ သူသည် စုလောရွှယ်အား အသာပွေ့ချီ၍ ရွှံ့နံရံကို ခြေကန်ကာ အပြင်သို့ ခုန်တက်လိုက်သည်။ မြေပြင်ပေါ်သို့ ပြန်ရောက်သည်နှင့် သူသည် စစ်သူကြီးအိုကြီးအား အော်မေးလိုက်သည်။
"နန်းတော်ထဲမှာ နန်းတွင်းသမားတော်တွေ ရှိသေးလား"
"ရှိပါတယ်...ကျွန်တော့်နောက် လိုက်ခဲ့ပါ အရှင်"
ရှားနိုင်ငံမှ စစ်သူကြီးအိုကြီးသည် မီးခိုးရောင် ဆံပင်များ လှုပ်ရှားသွားသည်အထိ ခေါင်းငြိမ့်လိုက်သည်။ သူသည် သူ့ဘေးမှ စစ်သူကြီးတစ်ဦးအား အမိန့်ပေးလိုက်သည်။ အမိန့်ပေးခံရသူ စစ်သူကြီးသည် ကျန်းရှောင်နူကို သယ်ဆောင်၍ မြို့ထဲသို့ ကျန်းရီအနောက်မှ လိုက်လာခဲ့သည်။
"ဟုတ်သားပဲ"
ကျန်းရီသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ လေထဲမှ ကျူးကော့ချမ်ယွမ်အား သတိရသွားခဲ့သည်။ ကျူးကော့ချမ်ယွမ်သည် ပြုံးပြကာ စကားဆိုလာခဲ့သည်။
"ကျန်းရီ...ငါ့ကို စိတ်ပူမနေနဲ့၊ စုလောရွှယ်ကို ကုသဖို့ အရင်လုပ်ပေးလိုက်...ဒီက ကိစ္စတွေ အခြေကျသွားရင် လောရွှယ်ကို သင်တန်းကျောင်းဆီ ပြန်ခေါ်လာခဲ့...ဒီအဘိုးကြီး အရင်ပြန်တော့မယ်"
"ဂရား...ဂရား"
မြေပြင်ပေါ်မှ ရွှေရောင်နဂါးကြီးသည် အတွင်းအားအချို့ ပြန်လည်ကျင့်ကြံလိုက်ပြီး သက်သာသွားပုံရသည်။ ၎င်းသည် နှစ်ကြိမ်တိုင်တိုင် ဟိန်းဟောက်လိုက်ပြီး ကျူးကော့ချမ်ယွမ်၏ ဘီးတပ်ကုလားထိုင်အား ဆွဲကာ ဝိဉာဉ်သားရဲတောင်ဘက် ပျံသန်းသွားခဲ့သည်။ သူတို့သည် အနက်စက်လေးများအဖြစ် သေး၍သေး၍သွားကာ နောက်ဆုံးတွင် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
မြေခွေးလေးကို သယ်ဆောင်ထားသော ကျန်းရှောင်နူသည် ကျန်းရီနောက်မှ ရှားယွိမြို့ဆီ လိုက်ပါလာခဲ့သည်။ နတ်ဆိုးသားရဲဘုရင် ဆယ့်ရှစ်ကောင်သည် မြေခွေးလေး တစ်ခုခုဖြစ်သွားမည်ကို မစိုးရိမ်သည့်အလား မြို့ပြင်၌ပင် ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေကြသည်။ ရှားနိုင်ငံဘက်မှ အသက်ရှင်ကျန်ရစ်သူ စစ်သူကြီးများသည် စစ်မြေပြင်ကို ရှင်းလင်းခြင်းများ ဒဏ်ရာရသူများကို ကုသခြင်းများ လုပ်ဆောင်ရန် စီစဉ်မှာကြားနေကြသည်။ သူတို့သည် အလောင်းများကို စုစည်း၍ မြှုပ်နှံသဂြိုဟ်ခြင်းများ ပြုလုပ်ကြသည်။
ရှားနိုင်ငံဘက်တွင် စစ်သည်တစ်သိန်းခန့်သာ အသက်ရှင် ကျန်ရစ်သည်။ အများစုသည် ထိခိုက်ဒဏ်ရာများ ရထားကြသော်လည်း သူတို့၏ မျက်နှာများမှာ ရင်ထဲမှလာသော ပျော်ရွှင်မှုများဖြင့် တောက်ပနေလေသည်။ သူတို့သည် ရှားယွိမြို့ထဲ ပြေးဝင်သွားသော ကျန်းရီ၏နောက်ကျောအား လေးစားမှုများ ပြည့်လျှံနေသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေကြလေသည်။
ကျန်းရီသည် ရှားနိုင်ငံတစ်ခုလုံးအား ယခုလေးတင် ကယ်တင်ထားခဲ့သည်။ သူသည် ရှားနိုင်ငံ၏ ကျေးဇူးရှင်၊ သမိုင်းတွင် အမည်ကျန်ရစ်မည့် ပါရမီရှင် သူရဲကောင်း ဖြစ်သည်။
"အရိုအသေပေးကြ"
ရှားယွိမြို့ထဲတွင် စစ်သည်အချို့ ကျန်နေသေးရာ သူတို့သည် စစ်သူကြီးအိုကြီးနှင့် ကျန်းရီတို့လူစု ပြေးလာကြသည်ကို မြင်သောအခါ တပ်မှူးတစ်ယောက်သည် အော်ဟစ်အမိန့်ပေးလိုက်သည်။ မြို့၏ မြောက်ဘက်တံခါးဝမှ စစ်သည်များအားလုံးသည် ဒူးတစ်ဖက်ထောက်၍ရော နှစ်ဖက်ထောက်ပါ အရိုအသေပေးကြသည်။ စစ်သည်များအားလုံးသည် လက်တစ်ဖက်ကို ရင်ဘတ်တွင်ကပ်၍ ရိုသေလေးစားသည့် မျက်ဝန်းများဖြင့် ကြည့်နေကြသည်။ အားလုံးသည် တစ်ညီတစ်ညွတ်တည်း အော်ဟစ်လာကြသည်။
"အရှင်ကျန်းကို နှုတ်ခွန်းဆက်ပါတယ်"
"အရှင်ကျန်းကို နှုတ်ခွန်းဆက်ပါတယ်"
ကျန်းရီတို့လူစုသည် နန်းတော်ရှိရာသို့ အပြေးအလွှားသွားနေကြသည်။ လမ်းတစ်လျှောက်တွင် တိုင်းသူပြည်သားများအားလုံးသည် ဒူးထောက်၍ တလေးတစား နှုတ်ဆက်ကြသည်။ ကျန်းရီသည် ရှားနိုင်ငံမှ မဟုတ်သလို ရာထူးအဆင့်အတန်း တစ်ခုမှ မရှိသော်လည်း သူတို့အားလုံးသည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေကြခြင်း ဖြစ်သည်။
ကျန်းရီသည် ခေါင်းတစ်ချက်သာ ဆတ်ပြရင်း ထိုလူများကို လျစ်လျူရှုထားလိုက်တော့သည်။ သူ့အခြေအနေသည် အလွန်အမင်း အလျင်လိုနေရာ အသေးအဖွဲကိစ္စများကို အာရုံစိုက်နေရန် အချိန်မရှိသေးပေ။ ကျန်းရှောင်နူသည် စစ်သူကြီးတစ်ဦး၏ ပွေ့ချီထားခြင်းခံရရာ သူမ၏ မျက်နှာမှာ ရဲရဲနီနေတော့သည်။ သူမ၏လက်တွင်းမှ မြေခွေးလေးကမူ အလွန်အမင်းပျော်ရွှင်စွာဖြင့် မြင်မြင်သမျှကို စိတ်ဝင်တစား ကြည့်ရှုနေလေသည်။
မကြာခင်တွင် ကျန်းရီတို့လူစုသည် နန်းတော်တွင်းသို့ ရောက်ရှိသွားခဲ့ပြီး စုလောရွှယ်၏ နန်းဆောင်ထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။ နန်းတွင်းသမားတော်တစ်စုသည် ကြိုတင်စောင့်ဆိုင်းနေကြလေသည်။ စုတိဝမ်သည် သတိလစ်နေဆဲဖြစ်သောကြောင့် နန်းတော်အား ကုန်းကုန်းတစ်ဦးနှင့် သက်တော်စောင့်တစ်ဖွဲ့က စောင့်ကြပ်နေကြလေသည်။
နန်းတွင်းသမားတော်များသည် သေသေချာချာ စစ်ဆေးကြပြီး သူတို့၏ ဆေးစစ်ချက်ကို ပြောလာကြသည်။ စုလောရွှယ်သည် အသက်အန္တရာယ် မရှိတော့သော်လည်း သူမ၏ အရိုးအတော်များများ ကျိုးသွားပြီး ကိုယ်တွင်းအဂါၤများလည်း ထိခိုက်သွားခဲ့သည်။ သူမ လုံးဝပြန်ကောင်းရန် လပေါင်းများစွာ ကြာပေလိမ့်မည်။
သမားတော်များထံမှ အဖြေရသည်နှင့် ကျန်းရီသည် ထိုင်ရက်သား ပြုတ်ကျသွားကာ မေ့မျောသွားခဲ့သည်။ သူသည်လည်း ဒဏ်ရာပြင်းပြင်း ရထားခဲ့ပြီး သတ်ဖြတ်ခြင်းအင်အားကိုလည်း အလွန်အကျွံ ထုတ်သုံးခဲ့သည်။ သူ့ကိုယ်သည် အလွန်အမင်း အားနည်းနေပြီဖြစ်ရာ ဤမျှအကြာကြီး တောင့်ခံထားနိုင်သည်ကပင် ချီးကျူးစရာ ကောင်းနေပြီဖြစ်သည်။
နန်းတွင်းသမားတော်များသည် ကျန်းရီအား စတင်ကုသကြသည်။ သူ့အခြေအနေ တည်ငြိမ်သွားသောအခါမှ ကျန်းရှောင်နူနှင့် မြေခွေးလေးမှာ သက်ပြင်းချနိုင်လေသည်။ ထို့နောက် မြေခွေးလေးမှာ ကျန်းရှောင်နူထံ စိတ်အာရုံဖြင့် မေးလာလေ၏။
"အစ်မကြီးရှောင်နူ...အစ်ကိုကြီး ပွေ့လာတဲ့ မိန်းကလေးက ဘယ်သူလဲ။ ဘာလို့ သူတို့နှစ်ယောက်က အရမ်းရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ...အစ်ကိုကြီးက သူမနဲ့ပဲ အတူနေတော့မှာဖြစ်ပြီး ရှောင်ဖေးတို့ကို မလိုချင်တော့ဘူးလား"
ကျန်းရှောင်နူ၏ မျက်လုံးများမှာ မည်းမှောင်သွားသော်လည်း အလျင်အမြန်ပင် အားယူပြုံးကာ ပြန်ဖြေလိုက်သည်။
"မမစုက သခင်လေး ချစ်တဲ့ မိန်းကလေးဖြစ်ရမယ်၊ စိတ်မပူနဲ့ ရှောင်ဖေး...သခင်လေးမှာ ချစ်ရတဲ့သူ ရှိလာရင်တောင် ငါတို့ကို ပစ်ထားမှာ မဟုတ်ပါဘူး"
မျက်နှာသည် ပြုံးနေပါသော်လည်း ကျန်းရှောင်နူ၏ မျက်ခုံးများက သူမ၏ စိုးရိမ်မှုတို့ကို ဖော်ပြနေလေသည်။ ထိုအချက်အား မြို့၏ မြောက်ဘက်ကောင်းကင်ပြင်မှ သွေးညှီနံ့များကတောင် မဖုံးကွယ်နိုင်ပေ။
*****