ကျွန်တော် မြူခိုးနေထိုင်သူတစ်ယောက် ဖြစ်ချင်တယ်
Vol. 10 Ch. 94
"အစ်ကိုကြီး... ကျွန်တော့်ရဲ့ဂါရဝပြုတာကို လက်ခံပေးပါ"
ထိုနေ့တွင်မူ...
ကျန်းဖုန့်ထျန်းတစ်ယောက် ဆုံးဖြတ်ချက်ကြီးတစ်ခုကို ချမှတ်လိုက်လေပြီ။
ထိုအရာမှာ ပါရမီရှင်တစ်ယောက်၏ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး ဖားယားသည့်လမ်းစဉ်အောက် သို့ ဝင်ရောက်ရန်ပင် ဖြစ်ပေသည်။
သူသည် ဒူးတစ်ဖက်ထောက်လျက် ရင်ဘတ်ပေါ် လက်တင်ကာ သူ၏ရိုးသားဖြူစင်မှုကို ပြသလိုက်သည်။
သောက်ကျိုးနည်း...
ဤအရာကား ရူးသွပ်ဖွယ် ကောင်းလွန်းလှပေသည်။
သူသည် ရှန်းချန်ကောထံမှ ထွက်ပေါ်နေသော ရှေးကျပြီးအထီးကျန်သည့်အရှိန်အဝါကို အနီးကပ် ခံစားဖူးခဲ့သည်။
ရှန်းချန်ကော ကိုယ်တွင်းမှ အရာတစ်ခု ဆင်းသက်လာပြီး နတ်ဆိုးမျိုးစေ့ကို တိုက်ရိုက်ဝါးမျိုပစ်လိုက်သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမှာ သူ့အတွက် ဘယ်လိုမှ မေ့မရနိုင်စရာပင်။
ထို့ကြောင့် ရှန်းချန်ကော၏ကိုယ်တွင်း၌ နတ်ဆိုးထက် ပိုကြောက်မက်ဖွယ်ကောင်းသည့်အရာ ရှိနေသည်ဟု သူ နက်နက်ရှိုင်းရှိုင်း နားလည်လိုက်သည်။
သူသည်လည်း မိမိကိုယ်ပိုင် နတ်ဆိုးကို ဖွဲ့စည်းထားခဲ့ဖူးပါသော်လည်း၊ သူ၏ကိုယ်တွင်းမှ နတ်ဆိုးသည် ရှန်းချန်ကောနှင့် တွေ့သည့်အခါ ကြောက်ရွံ့သွားခဲ့သည်။
ထို့ကြောင့် သူသည် မည်သို့မျှ တုံ့ဆိုင်းမနေဘဲ မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်ခြင်း ဖြစ်ပေသည်။
ဘေးနားရှိ လူများအားလုံး ကြောင်အသွားကြသည်။
ထိုလူငယ်လေး ပေးလိုက်သည့် အထင်အမြင်မှာ သူတို့အတွက်မူ လွန်စွာ ကြောက်ရွံ့ဖွယ် ကောင်းလွန်းနေသည်။
သို့သော် ထိုအချိန်၌...
သူ့ရှေ့မှ ရှန်းချန်ကောသည် နေရာ၌ပင် အေးခဲသွားသကဲ့သို့ မည်သို့မျှ မလှုပ်ရှားပေ။
သို့သော် ရုတ်တရက် လေတစ်ချက် ဝေ့သွားသကဲ့သို့ ရှန်းချန်ကော၏အရိပ်မှာ လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
သူ မသိလိုက်မီပင် ရှန်းချန်ကောသည် ထိုနေရာမှ ထွက်ခွာသွားခဲ့ချေပြီ...
'ဒါက...'
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့်သာဆိုလျှင် ဝတ်ရုံဖြူလူငယ်က သတ်လိုပါက သူတို့ထဲမှ မည်သူ့ကိုမဆို တစ်စုံတစ်ယောက်မျှ မသိလိုက်မီပင် တမဟုတ်ချင်း သတ်ပစ်နိုင်လောက်ပေသည်။
ကျန်းဖုန့်ထျန်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။
သူ ဖြည်းညှင်းစွာ ပြန်ထလိုက်သည်။
သူ ရှန်းချန်ကောကို သေချာပေါက် ဖားယားမှဖြစ်ပေမည်။
နတ်ဆိုးဖွဲ့စည်းခြင်း အောင်မြင်ပြီးနောက်...
အနက်ရောင်နတ်ဘုရားကျောက်တိုင်ကြီးရှိရာ ပျက်သုဉ်းခြင်းကမ္ဘာကိစ္စလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ရှန်းချန်ကော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ချိန်တွင်မူ သူသည် အိမ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ချန်ကော... ပြီးသွားပြီလား" ကျန်းစန်းကျန့်က မနေနိုင်ဘဲ မေးလိုက်သည်။
သူလည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
ရှန်းချန်ကော ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်၌ပင် မိုချင်းချန်သည် ရှန်းချန်ကော၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
"စီနီယာအစ်ကိုကြီး... ကျွန်တော့်ကို မြူခိုးနေထိုင်သူတစ်ယောက် ဘယ်လိုဖြစ်လာမလဲဆိုတာ သင်ပေးလို့ရမလား"
အမှန်စင်စစ် မိုချင်းချန် တွန့်ဆုတ်နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။
သူ ပို၍သန်မာလာလိုသည်။ယခုတလော ကောင်းကင်ဘုံဓားဂိုဏ်းတွင် ဖြစ်ပျက်နေသည့် ကိစ္စများမှာ များပြားလွန်းလာသည်။
သခင်နှင့်နတ်ဆိုးကျွန်များ၊ သစ်ပင်နတ်ဆိုးများ၊ အခြားဂိုဏ်းများ၏ကျူးကျော်မှုများ၊ စသည်တို့ပင်။
အကယ်၍သာ သူ၏စီနီယာအစ်ကိုကြီး ရှန်းချန်ကော၏အင်အားသာ မရှိခဲ့လျှင် ကောင်းကင်ဘုံဓားဂိုဏ်း ဆိုသည်မှာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ထိုအကြောင်းကို တွေးမိတိုင်း သူ ညဘက်၌ပင် အိပ်မပျော်နိုင်တော့ချေ။
ဤခံစားချက်မှာ လွန်စွာ နေရခက်လှသည်။
ခေတ်ကြီးတစ်ခု ရောက်ရှိလာပြီဖြစ်ကာ ဤအရာအားလုံးက သူ့ကို အလွန်အမင်း အားကိုးရာမဲ့သကဲ့သို့ ခံစားရစေသည်။
ထိုအရာအားလုံးမှာ အားနည်းခြင်း၏မူလအပြစ်များသာဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ပါသည်။
အကယ်၍ စီနီယာအစ်ကိုကြီးသာ မရှိခဲ့လျှင် ကောင်းကင်ကးဘုံဓားဂိုဏ်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို တွေးကြည့်ရန်ပင် ခဲယဉ်းလှပေသည်။
ဤခံစားချက်က သူ့အား နေ့ရောညပါ စိတ်ချမ်းသာဖြစ်စေခဲ့သည်။
သူ ပို၍ သန်မာလိုသည်။
အကယ်၍ သူသာ ပိုမိုသန်မာလာခဲ့လျှင် ရှန်းချန်ကော၏ဝန်ထုတ်ဝန်ပိုးများကို မျှဝေထမ်းပိုးပေးနိုင်လိမ့်မည် ဖြစ်သည်။
သူ ဂိုဏ်းကိုလည်း ကာကွယ်ပေးလိုသည်။
ထို့ပြင် ယခုအခါ သူသည် ချီထိန်းချုပ်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
အရိုးသားဆုံးပြောရလျှင် သူ၏လက်ရှိအင်အားမှာ ကောင်းကင်ဘုံဓားဂိုဏ်းတွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူသည် လွတ်မြောက်ခြင်းအဆင့် သို့ တက်လှမ်းတော့မည် ဖြစ်ပြီး ထိုအချိန်ရောက်လျှင် အသက်အငယ်ဆုံးဂိုဏ်းအကြီးအကဲ ဖြစ်လာနိုင်ပေလိမ့်မည်။
သို့သော် ယခုတလော ကြုံတွေ့ခဲ့ရသည့် ကိစ္စများအပြီးတွင်မူ လွတ်မြောက်ခြင်းအဆင့် ဆိုသည်မှာ ဘာမှမဟုတ်ကြောင်း သူ နားလည်လာခဲ့သည်။
စီနီယာအစ်ကိုကြီး လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိစဉ်က နတ်တံတားအဆင့်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။
ယခုဆိုလျှင် ကူးပြောင်းခြင်းအဆင့် နတ်ဆိုးဘုရင်ပင်လျှင် စီနီယာအစ်ကိုကြီး၏ဓားတစ်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ပိုမိုသန်မာလာစေရန် တစ်ခုတည်းသော နည်းလမ်းမှာ မြူခိုးနေထိုင်သူတစ်ယောက် ဖြစ်လာရန်သာ ရှိပေသည်။
ထို့ကြောင့် သူသည် ရှန်းချန်ကောထံမှ အကြံဉာဏ် တောင်းခံလိုခြင်း ဖြစ်သည်။
ရှန်းချန်ကော သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"မင်း ဆုံးဖြတ်ပြီးပြီလား"
ရှန်းချန်ကောသည် လက်ကို နောက်ပစ်လျက်သား ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။
သို့သော် မိုချင်းချန်မှာမူ အလွန်အမင်း ပြတ်သားနေသည်။
သူသည် ခေါင်းကို လေးလေးပင်ပင် ညိတ်ပြလိုက်ပြီး ရင်ထဲတွင်မူ အတိုင်းအဆမရှိ ပျော်ရွှင်နေမိသည်။
စီနီယာအစ်ကိုကြီးက မေးမြန်းလာပြီဖြစ်ရာ သူ့ကို မြူခိုးနေထိုင်သူတစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်မည်ဟု ယုံကြည်ချက် ရှိနေသောကြောင့် ဖြစ်ပေမည်။
သူ ငယ်စဉ်က ဝတ္ထုများစွာ ဖတ်ရှုဖူးပြီး အကြောင်းအရာ အများအပြားကို နားလည်ထားသည်ဖြစ်ရာ သူ အတော်ပင် မျှော်လင့်နေမိသည်။
ရှန်းချန်ကောသည် မိုချင်းချန်ကို ကျောပေးထားသည်။
သူ မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်သည်။
သူ့ကို မည်သို့ ပြောပြရမည်နည်း။
မိမိကိုယ်တိုင်ပင် မည်သို့လုပ်ဆောင်၍ မြူခိုးကြားကလူ ဖြစ်လာသည်ကို မသိပါဘဲလျက်။
"ချင်းချန်ကို ကူညီပေးလိုက်ပါကွာ။အနာဂတ်မှာ ကောင်းကင်ဘုံဓားဂိုဏ်းက မင်းတို့ ဦးဆောင်တာကို လိုအပ်နေဦးမှာ" ကျန်းစန်းကျန့်က ပြုံးလျက် ပြောကြားသည်။
သူလည်း အနည်းငယ် မောပန်းနေသည်ဖြစ်ရာ နှုတ်ဆက်ပြီး ထွက်ခွာသွားလေသည်။
ထိုအချိန်၌...
ရှန်းချန်ကောသည် လက်ကို နောက်ပစ်လျက် အိမ်ထဲမှ ထွက်ခွာလာပြီး မိုချင်းချန်ကို သူ့နောက်လိုက်ပါရန် အချက်ပြလိုက်သည်။
မိုချင်းချန်သည် သူ၏ကျောပြင်ကိုကြည့်ပြီး တိတ်တဆိတ် လက်သီးဆုပ်လိုက်မိသည်။
ဘေးနားတွင် ရှိနေသော လင်းချင်းရှန်သည်လည်း တစ်ချက်ကြည့်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာဖြင့် လိုက်ပါသွားတော့သည်။
အမှန်စင်စစ် ကျိဘကလည်း အတော်ပင် သိချင်နေမိသည်။
သူသည် အဖွဲ့အစည်း၏လေ့ကျင့်ပေးမှုကြောင့် မြူခိုးနေထိုင်သူဖြစ်လာခဲ့ခြင်း ဖြစ်သည်။
အဖွဲ့အစည်းပြင်ပမှ သာမန်လူများ မည်သို့ပြုလုပ်၍ မြူခိုးနေထိုင်သူ ဖြစ်လာနိုင်မည်ကို သူလည်း အလွန်သိလိုနေမိသည်။
သူတို့သည် ရှန်းချန်ကော၏နောက်မှနေ၍ အနက်ရောင်မြူခိုးများကြား ဝင်ရောက်သွားကြသည်။
"စီနီယာအစ်ကိုကြီး... ကျွန်တော် ဘယ်လိုလုပ်ရင် မြူခိုးနေထိုင်သူ ဖြစ်လာနိုင်မလဲ"
မိုချင်းချန် ဤမျှ မပျော်ရွှင်ခဲ့ရသည်မှာ ကြာမြင့်လှပြီ။
ဤအချိန်တွင်မူ သူသည် ရင့်ကျက်ချင်ယောင်ဆောင်နေသည့် ဟန်ပန်များ ကင်းမဲ့ကာ ၁၅ နှစ်အရွယ် ကလေးတစ်ယောက်နှင့် ပိုတူနေသည်။
သူ့ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
သူသည် မြူခိုးနေထိုင်သူတစ်ယောက် ဖြစ်လိုသည်၊ စွမ်းအားများ လိုချင်သည်၊ကောင်းကင်ဘုံဓားဂိုဏ်းကို ထောက်ပံ့လိုသည်၊ သူ၏ဂျူနီယာညီမလေးနှင့် ဆရာကို ကာကွယ်ပေးလိုသည်။
သူ၏စီနီယာအစ်ကိုကြီးမှာမူ သူ့ကာကွယ်မှုကို မလိုအပ်တော့ပါ၊ သူလုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ အစ်ကိုကြီးအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်သာ ဖြစ်ပေသည်။
ကျိဘကလည်း နားစွင့်လိုက်သည်။သူ အမှန်တကယ် သိလိုနေခြင်းဖြစ်သည်။
ဤမျှ သိပ်သည်းသည့် ပျက်သုဉ်းခြင်းချီ များကို တိုက်ရိုက် စုစည်းနိုင်သော ရှန်းချန်ကော၏ ထူးခြားသည့် အမြင်များကို နားထောင်ရန် သူ နားစွင့်နေမိသည်။
"မင်း မြူခိုးနေထိုင်သူတစ်ယောက် ဖြစ်ချင်တာလား"
ရှန်းချန်ကောသည် အနက်ရောင်မြူခိုးများကြားတွင် သူတို့ကို ကျောပေးလျက် ရပ်နေသည်။
"တကယ်တော့ သိပ်မခက်ပါဘူး။ ငါ့လိုပဲ... မင်း ဒီမှာထိုင်ပြီး အနက်ရောင်မြူခိုးတွေဆီကနေ ကျင့်စဉ်ကို ထိုးထွင်းသိမြင်အောင်လုပ်၊ ဒါဆိုရင် မင်း မြူခိုးနေထိုင်သူတစ်ယောက် ဖြစ်လာလိမ့်မယ်"
သူ့သွေးများ ဆူပွက်သွားသကဲ့သို့ပင်။
သို့သော်...
ဤသည်မှာ သောက်ကျိုးနဲလေလည်သည်နှင့် မည်သို့ ကွာခြားတော့သနည်း။
'ငါ ဘောင်းဘီချွတ်လိုက်တာနဲ့ ပြဿနာမရှိဘဲ လေလည်နိုင်တယ်' ဆိုသည်မျိုးလော။
ကျိဘသည် အကြီးအကျယ် မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်၊သို့သော် ရှန်းချန်ကော၏စကားကို ကြားပြီးနောက်တွင်မူ မျက်လုံးသာ လှန်လိုက်မိတော့ချေသည်။
အနက်ရောင်မြူခိုးများကြားထဲမှ ကျင့်စဉ်ကို ထိုးထွင်းသိမြင်နိုင်လျှင် စာလုံးအနည်းငယ်မျှ သိမြင်လိုက်သည်နှင့် မြူခိုးကြားကလူ ဖြစ်လာနိုင်ကြောင်း မည်သူမသိဘဲ ရှိပါမည်နည်း။
အဓိကအချက်မှာ ထိုကျင့်စဉ်ကို မည်သို့ နားလည်သဘောပေါက်အောင် ပြုလုပ်ရမည်နည်း ဆိုသည်သာ ဖြစ်သည်။
စာလုံးအနည်းငယ်။
ထိုအရာက သူတို့ကို မတူညီသော ကမ္ဘာနှစ်ခုအဖြစ် ခွဲခြားပစ်လိုက်ခြင်းပင်။
"သြော်... ဒီလိုကိုး" လင်းချင်းရှန်က သူ၏ ပန်းရောင်လက်သီးလေးများကို ဆုပ်လိုက်မိသည်။
"ကျင့်စဉ်ကို ထိုးထွင်းသိမြင်ဖို့... ဒီလိုနည်းလမ်းမျိုး သုံးရမယ်လို့ မထင်ထားမိဘူး" မိုချင်းချန်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
ကျိဘ ပြောစရာစကား ပျောက်ဆုံးသွားရသည်။
မင်းတို့နှစ်ကောင်...
ဘေးကနေမြှောက်ပေးဖို့ လာကြတာလား။
သူ ပေါက်ကရတွေ ပြောဆိုနေတာကို မင်းတို့ နားမလည်ကြဘူးလား။
သို့သော် သူလျစ်လျူရှုမိသွားသည့် အချက်တစ်ခုမှာ လင်းချင်းရှန်နှင့် မိုချင်းချန်တို့တွင် မြူခိုးနေထိုင်သူများနှင့် ပတ်သက်သည့် အသိအမြင်အနည်းငယ်မျှပင် မရှိကြခြင်း ဖြစ်သည်။
ထို့ကြောင့် ရှန်းချန်ကော၏စကားများက သူတို့အတွက် တံခါးတစ်ချပ် ဖွင့်ပေးလိုက်သကဲ့သို့ ဉာဏ်အလင်း ပွင့်သွားစေခဲ့သည်။
ရှန်းချန်ကောသည် သိမ်မွေ့သည့် လှုပ်ရှားမှုနှင့်အတူ ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
သူ့နောက်တွင်မူ မိုချင်းချန်ကလည်း လိုက်ပါထိုင်လိုက်သည်။
လင်းချင်းရှန်၏မျက်လုံးများက လေးစားအားကျမှုများဖြင့် ပြည့်နှက်နေပြီး မိုချင်းချန်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
သူတို့၏သပ်ရပ်သေချာလှသည့် ပုံစံများကို ကြည့်ရင်း...
ကျိဘတစ်ယောက် ခေါင်းထိပ်မှနေ၍ ဒေါသချီစွမ်းအင်များထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရပြီး သတိပင် မေ့ချင်သွားသည်။
"ဒီလောက်လေး... ဒီလောက်လေးပဲလား"
"ဟုတ်တယ်လေ၊ မခက်ပါဘူး" ရှန်းချန်ကောက သူ့ကို ထူးဆန်းသလို ကြည့်လိုက်သည်။
အကယ်၍သာ မြူခိုးနေထိုင်သူတစ်ယောက် ဖြစ်လာရန်မှာ ထိုသို့ လွယ်ကူနေမည်ဆိုလျှင် မြူခိုးသမုဒ္ဒရာထဲရှိ မြူခိုးနေထိုင်သူများနှင့် ဝတ်ရုံနက်အဖွဲ့အစည်း၏အခြေအနေမှာ ဤကဲ့သို့ ဖြစ်နေမည် မဟုတ်တော့ပေ။
အထူးသဖြင့်...
ရှန်းချန်ကော၏ဘာမှမသိသကဲ့သို့ ပေါ့ပေါ့ပါးပါး ပုံစံနှင့် သူ့အနောက်မှ လူငယ်နှစ်ယောက်၏ လေးစားအားကျနေသည့် အကြည့်များကို ကြည့်ပြီးနောက်...သူ ဆုံးဖြတ်လိုက်သည်။
သူ ရှန်းချန်ကောကို ဝင်ပြောပစ်တော့မည်။
သို့သော် သူ မသိလိုက်သည်မှာ...
သူ ထိုသို့ တွေးလိုက်သည့်အချိန်၌ပင် သူ၏ လမ်းခရီးက ကျဉ်းမြောင်းသွားခဲ့ပြီ ဆိုခြင်းကိုပင်။
"မင်းပြောတာ မမှန်ဘူးလို့ ငါထင်တယ်"
ထိုအချိန်၌ လေထုမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။