← Chapters

အတွင်းရေးပြဿနာ

Vol. 1 Ch. 315

အတွင်းရေးပြဿနာ

Vol. 1 Ch. 315

ရှားယွိမြို့ပြင်မှ စစ်ပွဲ၏ သတင်းသည် နယ်မြေတစ်ခွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဤတစ်ကြိမ်သည် နှစ်ပေါင်းတစ်သောင်းအတွင်း စစ်တပ်များ မဟာမိတ်ပြု၍ နိုင်ငံတစ်ခုအား ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်ရာ လူတိုင်းက ထိုဖြစ်ရပ်အား စိတ်ဝင်စားနေကြသည်။ နောက်ဆုံးရလဒ်သည် နယ်မြေတစ်ခုလုံးအား အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ ကျန်းရီ၏ အမည်သည်လည်း တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး သုံးနှစ်ကလေးကစ သူ့အကြောင်းအား သိနေကြလေသည်။

ရှားနိုင်ငံသည် ပျက်စီးရန် အကြောင်းဖန်လာခဲ့သော်လည်း ကျန်းရီက အခြေအနေအား ပြောင်းလဲခဲ့သည်။ ထိုအခိုက်တွင် မဟာမိတ်တပ်ကြီးဘက်မှ ပုဂ္ဂိုလ်ကြီးဆယ်ယောက် ရောက်လာခဲ့ပြီး အခြေအနေမှာ ပို၍ ဆိုးရွားလာခဲ့သည်။ မိန်းမစိုးလင်းသည် သေလုနီးပါး ဖြစ်သွားခဲ့ပြီး ကျန်လူများမှာ နတ်ဆိုးဧကရီ၏ ဖိနှိပ်ခြင်း ခံရသည်။

လူတိုင်းအား အကျဉ်းအကြပ်ထဲမှ လွတ်မြောက်စေသည့် သုံးနှစ်ကတိပင် ရှိလာခဲ့သည်။ သို့သော်လည်း ထိုရလဒ်မှာ တပ်ပေါင်းစုကြီးအတွက် ကြီးစွာသော အရှုံးဖြစ်ပြီး ထိပ်သီးပုဂ္ဂိုလ်ကြီးများအတွက်လည်း အဆိုးဝါးဆုံး အရှက်ကွဲမှုကြီးဖြစ်မှန်း လူတိုင်းက သိကြသည်။

နိုင်ငံအသီးသီးမှ ပြည်သူပြည်သားများသည် တိုက်ခိုက်ရန် အလွန်အမင်း စိတ်အားထက်သန်နေကြသည်။ သူတို့သည် နောက်သုံးနှစ်ကြာလျှင် မဟာမိတ်စစ်တပ်ထဲသို့ ဝင်ရောက်၍ ရှားနိုင်ငံထံ ထပ်မံသွားရောက်တိုက်ခိုက်ရမည်ကို စောင့်ဆိုင်းနေကြသည်။ ထိုအချိန်ရောက်လျှင် နတ်ဆိုးဧကရီ၊ ရွှေယို့လန်၊ ဘုန်းတော်ကြီးယန်ရှဲ့နှင့် ကျူးကော့ချမ်ယွမ်တို့သည် ကျန်းရီအား ကာကွယ်ပေးနိုင်မည် မဟုတ်တော့ချေ။ ကျန်းရီသည် စစ်သည်တစ်သန်းအား တစ်ယောက်တည်း တားဆီးနိုင်ပါဦးမည်လော။

တစ်ချိန်တည်း၌ နယ်မြေမှ လူများစွာသည် တူညီသော တစ်စုံတစ်ခုကို တွေးနေမိကြသည်။ အင်အားစုကြီး ခြောက်ခုသည် အဘယ့်ကြောင့် ရှားနိုင်ငံအား ဖျက်ဆီးရန် စိတ်အားထက်သန်နေသနည်း။ မိုးပြာနဂါးအင်ပါယာ တစ်ခုတည်းသာဆိုလျှင် နယ်မြေကို ပြန်အုပ်စိုးချင်နေသောကြောင့် နားလည်ပေး၍ ရသည်။ အဘယ့်ကြောင့် အခြားနိုင်ငံ ငါးခုကပါ ဝင်ပါနေသည်နည်း။

ရှားနိုင်ငံသည် ပြစ်မှု၏ ကြိုးကိုင်သူဖြစ်နေသောကြောင့်ပေလော။ လူသားမျိုးနွယ်၏ တရားမျှတမှု အတွက်ကြောင့်ပေလော။

ထိုအကြောင်းပြချက်များအား သာမန်ပြည်သူများက ယုံကြည်ကြသော်လည်း ဂိုဏ်းအသီးသီးမှ အကြီးအကဲများကမူ ထိုအကြောင်းအရင်းလောက်နှင့် နိုင်ငံငါးခုက ရှေ့ထွက်မည်မဟုတ်မှန်း နားလည်ကြသည်။ ရှားနိုင်ငံ ပျောက်ကွယ်သွားလျှင် နယ်မြေတွင် အင်အားစုများ၏ မျှခြေ ပျက်စီးသွားလိမ့်မည်။ ဤတစ်ကြိမ်တွင် ပျက်စီးမည်မှာ ရှားနိုင်ငံဆိုလျှင် နောက်တစ်ကြိမ်တွင် မည်သို့ဖြစ်လာလေမည်နည်း။ ရှန်မိနိုင်ငံပေလော။ ကျင်းရှန်နိုင်ငံပေလော။

စစ်ပွဲများ ဖြစ်ပွားပြီးလျှင် နိုင်ငံခြောက်ခုလုံး ကွယ်ပျောက်သွားသည်လည်း ဖြစ်နိုင်သည်။ လက်ရှိအခြေအနေအရ မည်သည့်လက်အောက်ခံ နိုင်ငံကမှ နယ်မြေကို အုပ်ချုပ်နိုင်ရန် အင်အားမရှိချေ။ လက်ရှိအချိန်တွင် နယ်မြေ၏ အင်အားမျှခြေ ပျက်စီးသွားခြင်းက မည်သည့်နိုင်ငံအတွက်မှ အကျိုးရှိမလာနိုင်။

သို့ဖြစ်ပါလျက် မည်သည့်အကြောင်းအရင်းကြောင့် ကျန်နိုင်ငံငါးခုက ရှားနိုင်ငံအား အလောတကြီး ဖျက်ဆီးချင်နေရသနည်း။ ထိုအတွေးစသည် လူများစွာ၏ ခေါင်းထဲတွင် နေရာယူထားလေသည်။ သို့သော် မည်သူမှ အကြောင်းအရင်းကို မသိကြပေ။ နိုင်ငံငါးခုမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများသာ အကြောင်းအရင်းကို နားလည်ကြလောက်သည်။

ထိုသံသယသည် ကျန်းရီ၏ ခေါင်းထဲတွင်လည်း ရှိနေပါ၏။

တရားမျှတမှုဟူသော စကားစုသည် နိုင်ငံရေးသမားများအတွက် လုံးဝအရေးမပါချေ။ သူတို့အတွက် အနိုင်ရသူကသာ အောင်မြင်သူဖြစ်ပြီး အကျိုးအမြတ်ရနေသရွေ့ အချင်းချင်း၏ နောက်ကျောအား ဓားဖြင့်ထိုးရန်လည်း ဝန်မလေးကြပေ။

ရှားနိုင်ငံ ပျောက်ကွယ်သွားလျှင် ပိုင်နက်အနည်းငယ်သာ တိုးချဲ့နိုင်မည်ဖြစ်ပြီး သိသာထင်ရှားသော အကျိုးအမြတ် မရှိချေ။ မြောက်ဘက်မန့်နိုင်ငံနှင့် မြောက်ဘက်လျန်နိုင်ငံဆိုလျှင် မြေအနည်းငယ်ပင် ရမည်မဟုတ်ချေ။ သို့သော်လည်း ထိုနိုင်ငံနှစ်ခုကပါ ဗာဂျရာအဆင့် လူများကို စေလွှတ်ခဲ့သည်။

ကျန်းရီသည် မတွေးတတ်တော့ရာ စဉ်းစားနေခြင်းအား ရပ်လိုက်သည်။ သူ့ကိုယ်သည် ရှားနိုင်ငံ တော်ဝင်မိသားစုမှ အဖိုးတန်ဆေးဝါးများ အကူအညီဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သုံးရက်ကြာပြီးနောက်တွင် သူ့ကိုယ်၏ ခုနှစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့်သည် ပြန်ကောင်းနေပြီဖြစ်သည်။ စုလောရွှယ်သည် အိပ်မောကျနေဆဲဖြစ်ပြီး ကျန်းရီမှာ သူမ၏ နန်းဆောင်၌သာနေ၍ သူမနိုးလာမည့်အချိန်အား စောင့်ဆိုင်းနေခဲ့သည်။

စုလောရွှယ်သည် ခရမ်းရောင်ကောင်းကင်အလင်းတန်းအား အကြိမ်များစွာ ထုတ်လွှတ်ခဲ့သည့်အတွက် စိတ်ဝိဉာဉ်ရော၊ ကိုယ်ခံအားတို့ပါ ယုတ်လျော့သွားခဲ့သည်။ ထို့နောက်တွင် ဒဏ်ရာပါရခဲ့သေးသည်။ လဝက်ကြာပြီးမှ သူမ နိုးလာလျှင်တောင် အခြေအနေကောင်းသည်ဟု ယူဆနိုင်နေပြီဖြစ်သည်။

ထူးဆန်းသည်မှာ စုတိဝမ်ပါ နိုးမလာခဲ့ခြင်းဖြစ်သည်။ စုတိဝမ်သည် နှစ်ပေါင်းများစွာ သေရည်များကို အလွန်အကျွံ သောက်သုံးခဲ့သောကြောင့် သူ့ကိုယ်သည် ယိုယွင်းနေပြီဖြစ်သည်။ ရှားနိုင်ငံပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် အခြေအနေကို မျက်မြင်တွေ့လိုက်ရသည့်အပြင် သူ့သားသမီးများနှင့် ဂိုဏ်းမှ လူငယ်မျိုးဆက်များ အားလုံး အသတ်ခံလိုက်ရသည့် သတင်းကို ကြားပြီးနောက် သူ အလွန်အမင်း စိတ်ထိခိုက်သွားခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ရက်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ သူ့အား ဆေးပင်၊ ဆေးဝါးများစွာ တိုက်ကျွေးနေသည်လည်း ဖြစ်ရာ ပြန်ကောင်းသင့်နေပြီဖြစ်သည်။

ရှားနိုင်ငံတွင် စစ်သူကြီးအနည်းငယ်သာ အသက်ရှင်ကျန်ရစ်သည်။ ကျန်ရစ်သော စုဂိုဏ်းသားများသည် စစ်ပွဲပြီးနောက် လုပ်ဆောင်ရမည်တို့ကို စီစဉ်ဆောင်ရွက်နေကြသည်။ ရှားနိုင်ငံ၏ မြို့များအားလုံးနီးပါး ချေမှုန်းခံခဲ့ရရာ ရှားနိုင်ငံသည် ကသောင်းကနင်းဖြစ်၍ ကျန်ရစ်သည်။ မဟာမိတ်တပ်ကြီး ပြန်ဆုတ်သွားပြီ ဖြစ်သော်လည်း သူတို့အတွက် အချိန်တိုအတွင်း ပြန်လည်ထူထောင်ရန်မှာ မဖြစ်နိုင်ချေ။

ကျန်းရှောင်နူနှင့် မြေခွေးလေးသည် ဘိုးဘေးများကဲ့သို့ ဆက်ဆံခံနေရသည့်အတွက် နန်းတော်ထဲတွင် နေရသည်အား ပျော်ရွှင်နေကြသည်။ အထူးသဖြင့် ယခင်က ဝိဉာဉ်သစ်သီးများသာ စားဖူးသည့် မြေခွေးလေးဖြစ်သည်။ မြေခွေးလေးသည် နန်းတော်ထဲတွင် စားကောင်းသောက်ဖွယ်များ စားသုံးရသည်ကို အသားကျနေပြီး အိမ်မှ စားစရာတို့၏ အရသာတို့ကိုတောင် မေ့နေပြီဖြစ်သည်။

ကျန်းရီသည် သူတို့အား ဂရုမစိုက်နိုင်သေးဘဲ စုလောရွှယ်၏ ရွှယ်လော့နန်းဆောင်တွင်သာ နေလျက်ရှိသည်။ သူသည် ခန္ဓာကိုယ်အား ပြန်လည်ကုစားချိန်မှတစ်ပါး ကျင့်ကြံ၍သာနေသည်။ သူသည် စုလောရွှယ်၏ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာသော အသားအရောင်အားကြည့်၍ သူ့စိတ်အခြေအနေမှာလည်း ပိုကောင်းလာခဲ့သည်။

အနာဂတ်တွင် သူဘာလုပ်မည်နည်း။ ကျန်းရီသည် အနာဂတ်အား မတွေးပေ။ အထူးသဖြင့် သုံးနှစ်ကတိအကြောင်း မတွေးချင်သောကြောင့် ဖြစ်သည်။ သူအသက်ရှင်နိုင်သည်ကိုပင် သူကျေနပ်နေသည်။ နောက်ကိစ္စများက နောက်မှ သူ့အလိုလို ဖြစ်လာလိမ့်မည်။ စုလောရွှယ်သာ သူနှင့်အတူ ထွက်သွားရန် ဆန္ဒရှိခဲ့လျှင် သူအရာအားလုံးကို လက်လွှတ်၍ တောင်စဉ်သုံးထောင်တွင် ငြိမ်းငြိမ်းချမ်းချမ်း နေသွားတော့မည်။

ဒုန်း...ဒုန်း...ဒုန်း

ငါးရက်မြောက်နေ့ ကျန်းရီကျင့်ကြံနေချိန်တွင် အချက်ပေးခေါင်းလောင်းသံ မြည်လာခဲ့သည်။ ထိုအသံသည် ကိုးကြိမ်တိတိထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ကျန်းရီမှာ ထူးဆန်းလှသော မြင်ကွင်းအား မြင်လိုက်ရသည်။ စုလောရွှယ်၏နန်းဆောင်မှ ကုန်းကုန်းများ၊ အပျိုတော်လေးများ အားလုံးသည် ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်ပြီး ကြမ်းပေါ်တွင် ဝပ်ဆင်းလိုက်ကြခြင်းဖြစ်သည်။

"ဘာဖြစ်တာလဲ"

ကျန်းရီ၏ မျက်ခုံးနှစ်ဖက်မှာ မြင့်တက်သွားခဲ့ပြီး မေးလိုက်သည်။ ကျန်းရီတို့အနီးတွင် အမြဲတမ်းရှိနေတတ်သည့် ခေါင်းဆောင်ကုန်းကုန်းသည် ညှိုးငယ်စွာ ပြန်ဖြေလာခဲ့သည်။

"အရှင်ကျန်း...မင်းကြီး ကောင်းကင်ဘုံကို ကြွမြန်းသွားပါပြီ"

"ဘာ..."

ကျန်းရီသည် ထိတ်လန့်တကြား ထရပ်လိုက်ပြီး စုလောရွှယ်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်း အမိန့်ပေးလိုက်သည်။

"မင်းသမီးကို ဂရုစိုက်...ငါသွားကြည့်ဦးမယ်"

ကျန်းရီသည် ကုန်းကုန်းနှစ်ဦးကို ခေါ်ဆောင်၍ စုတိဝမ်၏ အန်းယန်နန်းဆောင်ဆီ ခပ်သွက်သွက်ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် မြေပြင်ပေါ်၌ ဒူးထောက်၍ ငိုကြွေးနေကြသော ကုန်းကုန်းများ၊ အပျိုတော်လေးများကို သူမြင်နေရသည်။ စိတ်ရင်းဖြင့် ငိုကြွေးသည် ဖြစ်စေ၊ ဟန်ဆောင်နေသည်ဖြစ်စေ အရေးမဟုတ်သော်လည်း မြင်ကွင်းသည် စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းဖြစ်သည်။

အန်းယန်နန်းဆောင်တွင် လူအရေအတွက် ပိုများလေ၏။ မြင်မြင်သမျှ အပျိုတော်လေးများ၊ ကုန်းကုန်းများ၊ မှူးမတ်များ၊ စစ်သူကြီးများအားလုံးမှာ ဒူးထောက်နေကြသည်။ ကျန်းရီသည် တည်ငြိမ်စွာ နန်းဆောင်ထဲသို့ ဝင်သွားလိုက်သည်။ သူသည် မျက်လုံးဝေ့ကြည့်လိုက်ပြီး စစ်သူကြီးအိုကြီးအား မေးလိုက်သည်။

"စစ်သူကြီးလု...ဘယ်လိုဖြစ်တာလဲ၊ မကြာသေးခင်ကမှ မင်းကြီး အဆင်ပြေနေသေးတယ် မဟုတ်ဘူးလား...ဒီနေ့မှ ဘာကြောင့် ရုတ်တရက်ကြီး ကွယ်လွန်သွားတာလဲ"

စစ်သူကြီးလုသည် မျက်ဝန်းထဲမှ မျက်ရည်များကို သုတ်ကာ ရှိုက်ငင်ရင်း ပြောလာလေ၏။

"မင်းကြီးရဲ့ကိုယ်က အားနည်းနေတယ်၊ ပြီးတော့ သူ့ရင်ထဲက သောကတွေနဲ့ မျှော်လင့်ချက်မဲ့မှုတွေ လွန်ကဲသွားတာ ဖြစ်ပါလိမ့်မယ်...သူ့စိတ်ကိုက ပြန်မနိုးထချင်တော့လို့ ထာဝရအိပ်ပျော်သွားခဲ့တာ..."

"ဟင်း..."

ကျန်းရီသည် ခေါင်းအသာငြိမ့်လိုက်သည်။ လူတစ်ယောက်သည် အသက်ရှင်ချင်စိတ် မရှိတော့ဘဲ ကိုယ့်ကိုယ်ကို သေမည်ဟု ယုံကြည်လိုက်ပါလျှင် သူ၏ ထိုအတွေးများကြောင့်ပင် ဖြည်းဖြည်းချင်း သေဆုံးသွားနိုင်သည်။ ထို့ပြင် စုတိဝမ်၏ကိုယ်မှာ ယခင်တည်းက အားနည်းနေသည်။ သူနိုးမလာသည်မှာ ပုံမှန်သာဖြစ်သည်။

ကျန်းရီသည် ထိုကိစ္စကို အများကြီး တွေးမနေတော့ဘဲ သာမန်ကာလျှံကာသာ သဘောထားလိုက်သည်။ စုတိဝမ်အား သူသိပ်အထင်မကြီးချေ။ စုလောရွှယ် နိုးလာလျှင် ယူကြုံးမရဖြစ်မည်ကိုသာ သူစိုးရိမ်သည်။ သူမခန္ဓာကိုယ်သည် စိတ်ဆင်းရဲမှုဒဏ်ကို ခံနိုင်မည်မဟုတ်။

သူသည် ဆုတောင်းပေးပြီးသည်နှင့် ချက်ချင်းပြန်ထွက်လာခဲ့သည်။ သူသည် ရှားနိုင်ငံသား မဟုတ်သည့်အတွက် စုတိဝမ်၏ သင်္ချိုင်းအခမ်းအနားကို အခြားတစ်ယောက်ကသာ ဦးဆောင်ပေးလိမ့်မည်။ ထိုကိစ္စကို သူစိတ်ပူနေရန် မလိုချေ။

ကံကောင်းစွာဖြင့် စုလောရွှယ် သတိမရသေးပေ။ ရှားနိုင်ငံတွင် သေဆုံးမှု များပြားနေသည့်အချိန် ဖြစ်သောကြောင့် စုတိဝမ်၏ သေဆုံးခြင်းသည် ရှားယွိမြို့အတွင်း ရုတ်ရုတ်သဲသဲ မဖြစ်သွားစေခဲ့ပေ။ သို့သော်လည်း ရှားယွိမြို့၏ လေထုမှာ ပို၍သာ လေးလံနေခဲ့သည်။

စုတိဝမ်အား သုံးရက်အကြာတွင် မြေချမည်ဖြစ်သည်။ ကျန်းရီသည် ထိုသတင်းကို ရရှိသောအခါ သင်္ကာစရာ ကောင်းနေသည်ကို တွေ့လိုက်ရသည်။ ဘုရင်တစ်ပါး၏ သင်္ချိုင်းအခမ်းအနားကို ထိုအချိန်လေးအတွင်း အမှန်တကယ် လုပ်ဆောင်မည်လော။

ရှားနိုင်ငံတွင် လုပ်စရာအလုပ်များ ထောင်သောင်းမက ရှိနေလျှင်တောင် ထိုမျှ ပြီးစလွယ် မလုပ်သင့်ပေ။ ထို့ပြင် စုလောရွှယ်မှာ သတိပြန်မရသေးချေ။ သူတို့သာ စုတိဝမ်ကို ထိုသို့မြုပ်နှံလိုက်ပါလျှင် သူမငိုကြွေးရန် နောက်ဆုံးအခွင့်အရေးကို တားဆီးပိတ်ပင်လိုက်သလို ဖြစ်သွားလိမ့်မည်။

"အရှင်ကျန်း...အရှင်ကျန်း"

ကျန်းရီသည် စဉ်းစားနေခိုက်တွင် နန်းဆောင်အပြင်ဘက်မှ အိုမင်းနေသော လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရေးကြီးသုတ်ပြာဖြင့် ရောက်ရှိလာသူမှာ စစ်သူကြီးလု ဖြစ်လေသည်။ သူသည် ကုန်းကုန်းများနှင့် အပျိုတော်လေးများကို ထွက်သွားကြရန် လက်ဟန်ပြလိုက်ပြီး အံကြိတ်၍ စကားစလာလေသည်။

"အရှင်ကျန်း...ကျေးဇူးပြုပြီး ရှားနိုင်ငံကို ကယ်တင်ပေးပါ၊ မဟုတ်ရင် ဒီလူတွေကြောင့် ရှားနိုင်ငံ ပျက်စီးရပါလိမ်းမယ်"

"အမ်"

ကျန်းရီသည် ကြောင်တက်တက်ဖြင့် ခေါင်းငြိမ့်လိုက်ပြီး ပြန်မေးလိုက်သည်။

"ဘာဖြစ်နေလို့လဲ"

စစ်သူကြီးလု၏ မျက်နှာထက်တွင် မချိတင်ကဲဖြစ်မှုများ ပေါ်လွင်နေသည်။ သူ့ကိုယ်သည် တဆတ်ဆတ်တုန်ယင်နေပြီး ဝမ်းပမ်းတနည်း ပြောလာလေ၏။

"မင်းကြီးရဲ့ အလောင်းတောင် မအေးသေးဘူး၊ မြို့စားစုဟမ်နဲ့ မြို့စားစုယွိက ထီးနန်းသိမ်းဖို့ ကြံနေပါတယ်...သူတို့က အတွင်းရေးပြဿနာအတွက် စစ်တပ်ကိုသုံးဖို့တောင် ပြင်နေကြပြီ၊ ပြီးတော့ မင်းကြီးရဲ့ သေဆုံးမှုက ဒီမြို့စားနှစ်ယောက်ကြောင့် ဖြစ်နိုင်တယ်လို့ ကျွန်တော်မျိုး သံသယရှိပါတယ်"

*****

All Chapters