← Chapters

အခန်း (၅၈၃-၅၈၄)

Vol. 39 Ch. 583-584

အခန်း (၅၈၃-၅၈၄)

Vol. 39 Ch. 583-584

အပိုင်း (၅၈၃)

ရွှေတောင်နန်းဆောင် (မျှော်စင်) ဆိုသည်က နန်းမြို့တော်ရှိ ကျင်းမိသားစု၏ ပိုင်ဆိုင်မှုဖြစ်၏။ ရှမ့်လန် နန်းမြို့တော်ဆီသို့ ရောက်ရှိလာတည်းက ရွှေတောင်နန်းဆောင်၌ တာဝန်တစ်ခုတည်းသာလျှင် ရှိ၏။ ထိုအရာက သခင်လေးရှမ့်အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ ငွေရှာပေးရန်ပင် ဖြစ်၏။

ရွှေတောင်နန်းဆောင်၏ အမြတ်စွန်းများကို ရွှမ်ဝူနယ်စားအိမ်တော်ဆီသို့ ပေးပို့ရန် မလိုအပ်ချေ။ အားလုံးကို ရှမ့်လန်ထံသို့သာ အပ်နှံရ၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က အကောင်းမွန်ဆုံးသော အဝတ်အစား များကို ဝတ်ဆင်၏။ အကောင်းမွန်ဆုံးသော အစားအသောက်များကို စားသုံး၏။ အကောင်းမွန်ဆုံးသော ဝိုင်များကို သောက်သုံးရ၏။ ထိုအရာကို ယောက္ခမများက သိရှိနားလည်သောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ရွှေတောင်နန်းဆောင် (မျှော်စင်) ၏ တစ်ခုတည်းသောတာဝန်က ရှမ့်လန်၏ ခမ်းနားထည်ဝါလွန်းလှသည့် လူနေမှုဘဝကို တစ်ဆင့်မြင့်ပေးရန် သို့မဟုတ် ထိန်းသိမ်းထားရန်ပင် ဖြစ်၏။ ကျင်းမူကုန်းက တစ်လလျှင် ရွှေဒင်္ဂါး ဆယ်ပြားပင် ကုန်အောင်မသုံးနိုင်ပေ။ သူက တော်တန်ရုံသာ သုံးစွဲတတ်သူ ဖြစ်၏။

ထို့သို့ဆိုလျှင် ရွှေတောင်နန်းဆောင် (မျှော်စင်) က တစ်နှစ်လျှင် ငွေမည်မျှကို ရှာဖွေနိုင်သနည်း။ ကုန်ကျစရိတ်အားလုံးကို နှုတ်ပြီးနောက် အသားတင် အမြတ်ငွေက ရွှေဒင်္ဂါး ထောင်ပေါင်းများစွာ ရှိ၏။ ထိုအမြတ်ငွေပမာဏက တုန်လှုပ်ဖွယ်ရာပင်။

ထိုအရာက ဈေးဆိုင်တစ်ခုတည်းမှ ရရှိခြင်းဖြစ်ပြီး နန်းမြို့တော်တစ်ခုလုံးတွင်လည်း ထိုဆိုင်တစ်ခုတည်းသာလျှင် ရှိ၏။ တခြားသောဆိုင်ခွဲများ မရှိချေ။ ထိုသို့ဆိုလျှင် ရွှေတောင်နန်းဆောင်က မည်သည့်အရာများကို ရောင်းချသနည်း။ အလုံးစုံသော ဇိမ်ခံပစ္စည်းများသာလျှင် ဖြစ်၏။ ဤနေရာတွင် မရှိသည့်အရာဟူ၍ မရှိချေ။

ရွှေတောင်နန်းဆောင်က အမျိုးသမီးများ မငြင်းဆန်နိုင်သည့် ပစ္စည်းများကို ရောင်းချ၏။ ဥပမာအားဖြင့် မျက်နှာပေါင်းတင်ဆေးများ၊ ရေမွှေး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ ဖန်လည်ဆွဲများ၊ ဖန်နားကပ်များ စသဖြင့်ပင်။ မကြာသေးမီက ရောင်းချနေသည့် အဝေးကြည့်မျက်မှန်များနှင့် အနီးကြည့်မျက်မှန်များလည်း အပါအဝင်ဖြစ်၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဆေးလိပ်များကိုပင် စတင်ရောင်းချခဲ့သေးသည်။

ရှမ့်လန်က ကောင်းကောင်းစား ၊ ကောင်းကောင်းနေထိုင်တတ်သူ တစ်ယောက်ဆိုသော်လည်း သူ၏ အိပ်ချိန်က အလွန့်ကို နည်းပါးသည်။ တစ်နေ့လျှင် သူက အများဆုံး ၅ နာရီလောက်သာ အိပ်သည်။ ကျန်သည့် အချိန်အများစုကို သွေးမျိုးဆက် သုတေသနပြုလုပ်ခြင်း ၊ အလှအပနှင့် ခေတ်မီပစ္စည်းများ ဖန်တီးခြင်း ၊ တစ်စုံတစ်ခုကို ဖျက်ဆီးနိုင်သော အရာဝတ္တုများ စမ်းသပ်ခြင်း စသော လုပ်ငန်းစဉ်များတွင် မွေ့ပျော်နေတတ်သည်။ ဤလောကကြီးတွင် ယူရေနီယံ မရှိသည်ကပင် ကံကောင်း၏။ မဟုတ်ရင် သူ၏ AI ကို အားကိုးပြီး အနုမြူဗုံးပင် တည်ဆောက်မလား မသိချေ။

စကားကို ပြန်ဆက်ရမည်ဆိုလျှင် လက်ထဲတွင် ရွှေဒင်္ဂါးသောင်းချီမရှိဘဲ ရွှေတောင်နန်းဆောင် (မျှော်စင်) ဆိုင်ထဲသို့ ဝင်ရောက်ရန် စိတ်ပင်မကူးသင့်ပေ။ ဆိုင်ထဲရှိ ပစ္စည်းများအားလုံးက တစ်ခုတည်းသော စကားလုံးကိုသာလျှင် ဖော်ညွှန်းနေ၏။ ထိုအရာက ‘ဈေးကြီးသည်’ ဆိုသည့်အရာပင်။

နေ့စဉ်သုံးပစ္စည်းများမှလွဲ၍ ကျန်သည့်အရာအားလုံးက အကန့်အသတ်ဖြင့် ထုတ်လုပ်ရောင်းချသည့် ပစ္စည်းများ ဖြစ်၏။ နန်းတွင်းအမှုထမ်း အဆင့်အတန်းရှိသူများသာလျှင် ဝယ်ယူနိုင်သည့် ပစ္စည်းများပင်ဖြစ်၏။ ကုန်သည်များ မည်မျှချမ်းသာချမ်းသာ ဤဆိုင်ထဲသို့ ဝင်ရောက်လာခဲ့ပြီး တစ်ခုခုကို သဘောကျ၍ ဝယ်ယူချင်သည်ဆိုပါစို့။ ထိုသို့ဆိုလျှင် ဆိုင်ဝန်ထမ်းများမှ ချက်ချင်းပဲ ငြင်းပယ်တတ်၏။ ပစ္စည်းပြတ်နေသည်။ ဤအရာက ရောင်းရန် မဟုတ်၊ နမူနာပြထားသည့် ပစ္စည်းဟူ၍ ငြင်းဆို၏။

တစ်နာရီလောက်ကြာပြီး မြို့စားတစ်ယောက်ယောက်၏ အိမ်မှ လာရောက်ဝယ်ယူလျှင်တော့ ထိုပစ္စည်းကို ချက်ချင်း ဝယ်ယူရရှိနိုင်၏။ နောက်ဆုံးမှာတော့ လူတွေက ဤအရာကို သဘောကျကြ၏။ ဝယ်ချင်တာ ပစ္စည်းကို မဟုတ်ချေ၊ ဂုဏ်ကို ဝယ်ယူခြင်း ဖြစ်၏။ စီးပွားရေးအရ အလွန်အမင်း ကြိတ်ကြိတ်တိုး ရောင်းရခြင်း မဟုတ်သော်လည်း နန်းမြို့တော် တစ်ခုလုံးတွင်မူ ဤဆိုင်က ရေပန်းစားပြီး လူကြိုက်များသည်။

အကယ်၍ သူဌေးကတော်တစ်ယောက်က ရွှေတောင်နန်းဆောင်ဆီမှ ရေမွှေးနှင့် မျက်နှာပေါင်းတင်ဆေးကို မသုံးစွဲပါက တရားဝင် ပွဲလမ်းသဘင်များသို့ တက်ရောက်သည့်နေရာတွင် သိက္ခာကျ၏။ နောက်ပိုင်း ရွှေတောင်နန်းဆောင်က ဒီဇိုင်းဆန်းသည့် အတွင်းခံ အဝတ်အစားများကိုပင် စတင်ရောင်းချခဲ့သေး၏။ ထိုအရာက ထိပ်တန်းမင်းမှုထမ်း အသိုင်းအဝိုင်းတွင် ရေပန်းစားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ဆွဲဆောင်မှု ရှိလွန်းသောကြောင့်ပင်။

အမျိုးသမီးများက ရွှေတောင်နန်းဆောင်၏ ဤကိုယ်ကျပ်ဝတ်စုံများကို ဝတ်ဆင်ပြီး မှန်ရှေ့တွင် ရပ်လိုက်သည် ဆိုပါက ပုံမှန်အားဖြင့် အမှတ်တစ်ရာတွင် ၇၀ သာ ရရှိနိုင်မည့် အမျိုးသမီးတစ်ယောက် ဖြစ်စေကာမူ ချက်ချင်း ရင်သပ်ရှုမောဖွယ် လှပသွားခဲ့ပြီး သူတို့၏ ယောက်ျားများကို မျောပါသွားစေ၏။

သဘာဝအတိုင်းပင် ရေပန်းစားသည့် အရာမှန်သမျှတွင် အတုအပဟူ၍ ရှိစမြဲပင်။ ရွှေတောင်နန်းဆောင်၏ ပစ္စည်းများ၌လည်း ခြွင်းချက်မရှိချေ။ ရွှေတောင်နန်းဆောင်၏ ပစ္စည်းများနှင့် တစ်ထပ်တည်းတူသည့် ကုန်ပစ္စည်းများက နေရာအနှံ့အပြား၌ ပေါ်ထွက်လာခဲ့၏။ ရွှေရောင်တံဆိပ်များပင်လျှင် တူညီနေသေးသည်။

သို့ပေမည့် ထူးဆန်းသည်က ထိုအချိန်တွင် ရှမ့်လန်က တိုင်းပြည်ပြင်ပဆီသို့ ရောက်ရှိနေသောကြောင့် အတုအပများကို နှိမ်နင်းရန် အချိန်မရှိခဲ့ချေ။ အဆုံးသတ်မှာတော့ နန်းမြို့တော်ရှိ မင်းမှုထမ်းများကသာ ကိုယ်တိုင်အရေးယူ ဆောင်ရွက်ပြီး အတုအပ ကုန်ပစ္စည်းများကို ဖျက်ဆီးပစ်ခဲ့ရ၏။

ထို့အပြင် သူဌေးကတော်များ၏ ဆွေးနွေးပွဲတွင် သူတို့ပိုင်ဆိုင်သည့် ပစ္စည်းများကို ထုတ်ပြပြီး အစစ်အမှန် ဟုတ်မဟုတ် ညှိနှိုင်းဆွေးနွေးကြ၏။ အကယ်၍ အတုကို သုံးစွဲမိပါက အသိုင်းအဝိုင်းမှ ကန်ထုတ်ခြင်းကို ခံရပေလိမ့်မည်။ ဤနန်းတွင်းအသိုင်းအဝိုင်းသည် ရွှေတောင်နန်းဆောင်၏ ပစ္စည်းများကို သုံးစွဲရန် ငွေအများအပြား သုံးစွဲထားရသောကြောင့် ရွှေတောင်နန်းဆောင်၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးကြခြင်း ဖြစ်သည်။

အဆုံးသတ်မှာတော့ အဆင့်အတန်းနိမ့်သည့် လူတန်းစားတွေက ထိုပစ္စည်းများကို သုံးချင်နေကြ၏။ အတုကို ဖန်တီးကာ ပြုလုပ်ခဲ့ကြ၏။ ထိုက်တန်သည်ဟု ထင်နေသည်လား။ ထို့ကြောင့်ပင်လျှင် အပြတ်ရှင်းခံရ၏။ ထို့ကြောင့် ရှမ့်လန် ဘာမှမလုပ်ရသေးခင်မှာပင် အတုအပများက ဖျက်ဆီးခံလိုက်ရ၏။

နန်းမှုထမ်းအားလုံးက ရှမ့်လန်နှင့် ရှင်းလင်းစွာ ရန်ဘက်ဖြစ်နေကြသည်။ သူတို့က သေမင်းတမန် တိုက်ပွဲများကို ဆင်နွှဲနေကြ၏။ သို့သော်ငြား ရွှေတောင်မျှော်စင်က ရှမ့်လန်၏ စီးပွားရေးဖြစ်ကြောင်း သိရှိထားကြသော်လည်း သူတို့က ရှမ့်လန်ကို သပိတ်မမှောက်ကြသည့်အပြင် ဂုဏ်ယူ ဝင့်ကြွားစွာပင် ရှမ့်လန်ဆီမှ ဝယ်ယူသုံးစွဲနေကြသည်။

အမှန်စစ်စစ် ဤရွှေတောင်နန်းဆောင်က ရှမ့်လန်၏ အားလပ်ချိန် အပျော်တမ်း ဖန်တီးမှုတစ်ခုသာ ဖြစ်၏။ သူ လုံးဝ အလေးအနက်ထားသည့် အရာမျိုး မဟုတ်ချေ။ လက်ရှိအချိန်တွင်လည်း ကုန်ပစ္စည်းများကို သူကိုယ်တိုင် ဒီဇိုင်းဆွဲခြင်းပင် မရှိတော့ပေ။

ဤဆိုင်က နှစ်စဉ်နှင့်အမျှ တုန်လှုပ်ဖွယ်ရာ အမြတ်ငွေများကို ရှာဖွေနေသည်ဆိုသော်လည်း ရှမ့်လန်၏ ဖြုန်းတီးမှု အနေအထားအရ နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ပြောပလောက်သည့် အရာမျိုး မဟုတ်ချေ။ သခင်လေးလန်က လအနည်းငယ်အတွင်း ရွှေဒင်္ဂါးသိန်းနှင့်ချီ၍ သုံးစွဲခဲ့၏။ ဇိမ်ခံပစ္စည်းဆိုင် တစ်ဆိုင်ဖွင့်သည် မဆိုနှင့် ရွှေတွင်း တစ်တွင်း တူးထားလျှင်ပင် သူဖြုန်း၍လောက်မည် မဟုတ်ပေ။ ပိုက်ဆံရှာချင်နေသေးသည်လား။ အားနာပေ၏။ သူက ရွှေဒင်္ဂါးငါးသန်းကို လိမ် ... အဲ .. ငါးသန်းကို ရှာခဲ့၏။

သို့သော်ငြား ရွှေတောင်နန်းဆောင်၏ ဆိုင်ရှင် ကျင်းဝမ်အတွက်မူ ဤအရာက သူမ၏ ဘဝတစ်ခုလုံး ဖြစ်၏။ ဤအမျိုးသမီးက တစ်ချိန်က မူလန်း၏ နို့ထိန်းဖြစ်ခဲ့ဖူး၏။ သူမက သဘာဝအတိုင်း ပေါင်းသင်းဆက်ဆံရေး ကောင်းသူ တစ်ယောက်ဖြစ်ပြီး ကျင်းမိသားစု၏ အိမ်တွင်းရေး ကိစ္စများကိုလည်း တာဝန်ယူခဲ့သည်။

ရွှေတောင်နန်းဆောင်ကို တာဝန်ယူပြီးနောက် သူမက နန်းမြို့တော်၏ အလှပရေးရာကဏ္ဍတွင် ဩဇာ ညောင်းသူတစ်ယောက် ဖြစ်လာခဲ့၏။ သို့သော်ငြား သူမက အသက် ၄၀ ကျော်နေပြီဖြစ်သောကြောင့် ရှမ့်လန်က သူမနှင့်များစွာ ပြောဆိုဆက်ဆံလေ့ မရှိချေ။ တစ်ခါတစ်ရံမှသာ ပင်းအာက စာရင်းစစ်လေ့ရှိ၏။

.......

ထိုအချိန် ရွှေတောင်နန်းဆောင်၏ ဆိုင်ရှင်ကျင်းဝမ်က ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်နေ၏။ သူမ၏ ဆွဲဆောင်မှုရှိသည့် မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး တစ်ကိုယ်လုံးကလည်း တုန်ယင်နေ၏။ ရှမ့်လန်က စာရင်းစာအုပ်ကို သေချာကြည့်သည်။

ရှမ့်လန်က မေးလိုက်၏။ “လွန်ခဲ့သည့် ခြောက်လက ရွှေတောင်နန်းဆောင်က လျန်ဟွာနန်းဆောင်မှာ ရင်းနှီး မြှုပ်နှံခဲ့တယ်ပေါ့။”

“ဟုတ်၊ ဟုတ်.. ဟုတ်ပါတယ်။” ကျင်းဝမ်က ဖြေလိုက်သည်။

ရှမ့်လန်က ရင်းနှီးမြှုပ်နှံမှု စာချုပ်ကို ကြည့်၏။ လုံးဝ ပြဿနာ မရှိချေ။ ဤအရာက ပုံမှန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တစ်ခုသာ ဖြစ်၏။ ရှမ့်လန်အတွက်မူ ဤကိစ္စက သေးငယ်လွန်းသောကြောင့် ကြည့်စရာပင် မလိုအပ်ချေ။ ကျင်းဝမ်ကလည်း ပင်းအာကို တင်ပြခဲ့ပြီး ဖြစ်၏။

ပင်းအာ၏ မျက်နှာကလည်း ဖြူလျော်နေ၏။ သူမက တုန်တုန်ယင်ယင်ဖြင့် ဝင်ရောက်ကာ ပြောလိုက်သည်။ “သခင်လေး... ကျွန်မ ပြဿနာရှာမိပြီလားမသိဘူး။ ဒီကိစ္စကို သဘောတူခဲ့တာ ကျွန်မပါပဲ။ ကျွန်မ သေချာစုံစမ်း ခဲ့ပါသေးတယ်။ ဒီလျန်ဟွာနန်းဆောင်ကို သခင်မပျံ့ကိုယ်တိုင် အလှူပစ္စည်းတွေ ပေးခဲ့ဖူးတယ်တဲ့ လျန်ဟွာ နန်းဆောင်က ဆိုင်းဘုတ်စာသားကိုတောင် သခင်မပျံ့ကိုယ်တိုင် ရေးပေးခဲ့တာ။ အဲတုန်းက ကျွန်မတို့နဲ့ သခင်မပျံ့ရဲ့ ဆက်ဆံရေးကလည်း အရမ်းကို ကောင်းနေပြီမဟုတ်လား”

ဤကိစ္စက တကယ့်ကို နက်ရှိုင်းလွန်း၏။ အောက်ခြေကို မမြင်ရလောက်အောင်ပင် နက်ရှိုင်းလွန်း၏။ လျန်ဟွာနန်းဆောင်ဆိုသည့် အမည်က ပြည့်တန်ဆာနာမည်နှင့် တူနေ၏။ တကယ်တော့ မဟုတ်ချေ။ ဤအရာက အလွန်မြင့်မြတ်လွန်းသည့် အဖွဲ့အစည်းတစ်ခုပင် ဖြစ်၏။ စီးပွားရေး တစ်ဝက်၊ ပရဟိတ တစ်ဝက်ကို လုပ်ဆောင်သည့် အဖွဲ့အစည်းတစ်ခုပင်။

အပေါ်ယံက ကြည့်မည်ဆိုလျှင် လူကုန်ကူးသော မယ်ဟွာချိုးဂိုဏ်းနှင့် လုံးဝသက်ဆိုင်ခြင်း မရှိချေ။ ပထမအချက် ထိုအရာက လေလံအိမ်တစ်ခုကဲ့သို့ ဖြစ်ပြီး ဒုတိယအချက် လေလံပွဲမှ ရရှိသည့်ငွေကြေးများကို အိုးမဲ့အိမ်မဲ့ မိဘမဲ့ကလေးများကို ကျွေးမွေးစောင့်ရှောက်ရန် အသုံးပြု၏။ တတိယအချက် ဆင်းရဲသည့် ကလေးများကို လက်ခံပြီး စာသင်ပေးသည့် ကျောင်းတော်တစ်ခုလည်း ရှိသေး၏။

အတိုချုပ်အရ ပြောရမည်ဆိုလျှင် ဤလျန်ဟွာနန်းဆောင်က တကယ့်ကို အဆင့်အတန်းမြင့်မား၏။ ထို့ကြောင့် ပင်လျှင် သခင်မပျံ့က အလှူဒါနပြုလုပ်ပြီး နာမည်ကိုပင် စာဖြင့်ရေးသားပေးခဲ့ခြင်း ဖြစ်၏။ မိဖုရားကြီးပျံ့က ကလေးများကို ချစ်မြတ်နိုး၏။ သူမ၏ ဘဝတွင် အကြီးမားဆုံးသော ဝမ်းနည်းမှုက ကလေးမမွေးနိုင်ခြင်းပင်။

လျန်ဟွာနန်းဆောင်က အိုးမဲ့အိမ်မဲ့ကလေးများကို ခေါ်ယူစောင့်ရှောက်ပြီး ပညာသင်ပေးနေသည်ဆိုတော့ သဘာဝကျစွာပင် သူမ၏ နှလုံးသားကို ထိမိစေခဲ့၏။ ထို့ပြင် ဤသခင်လေးလျန်က တူမဖြစ်သူ၏ ယောက်ျားဖြစ်၏။ တူတော်မောင် ပျံ့ချင်း၏ သူငယ်ချင်းကောင်းလည်း ဖြစ်၏။ လျန်ကျင်း၏ မိန်းမ ပျံ့ချန်၏ ဇွဲကောင်းကောင်းနှင့် ပူဆာမှုအောက်မှာတော့ သခင်မပျံ့က နောက်ဆုံး လျန်ဟွာနန်းဆောင်အတွက် စာရေးပေးရန် သဘောတူခဲ့သည်။

သူမ၏ အမြင်တွင် ဤကိစ္စက စည်းကမ်းနှင့် မဆန့်ကျင်သလို နိုင်ငံ့ရေးရာတွင် ဝင်ရောက်စွက်ဖက်မှုလည်း မဟုတ်ချေ။ မိဖုရားကြီးပျံ့၏ ကဗ္ဗည်းစာသားကြောင့် လျန်ဟွာနန်းဆောင်နှင့် သခင်မလေးလျန်တို့၏ ဂုဏ်သတင်းက နောက်တစ်ဆင့်သို့ မြင့်တက်သွား၏။

ကျင်းဝမ်က ထိုအချက်ကြောင့်ပင် လျန်ဟွာနန်းဆောင်နှင့် ပူးပေါင်းရန် သဘောတူညီခဲ့ခြင်း ဖြစ်၏။ ရွှေတောင်နန်းဆောင်က ဇိမ်ခံပစ္စည်းအချို့အား လျန်ဟွာနန်းဆောင်တွင် လေလံတင်ရန် အပ်နှံခဲ့၏။ ထို့ပြင် နှစ်စဉ်နှစ်တိုင်း ရွှေတောင်နန်းဆောင်က ထိုဆင်းရဲသားကလေးများကို ကူညီရန် လျန်ဟွာနန်းဆောင်ဆီသို့ ငွေကြေးတစ်ရပ် လှူဒါန်းသည်။

လျန်ကျင်းခေါ် ပန်းသခင်လေးသည် လျန်ဟွာနန်းဆောင်ကို စီမံခန့်ခွဲနေသူဟု နာမည်ကြီးလာပြီး ကောင်းကင်တမန်တော် သဖွယ် ဂုဏ်သတင်း ကျော်ဇောလာခဲ့၏။ ထို့ကြောင့်ပင်လျှင် နင်ကျန်းက ဤလူကို အလွန်အရည်အချင်းရှိသည်ဟု ခံစားမိခဲ့ခြင်း ဖြစ်၏။

သို့သော်ငြား သူက လူကုန်ကူးဂိုဏ်းဖြစ်သော မယ်ဟွာချိုးဂိုဏ်း၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း အဘယ်သို့ ထင်မှတ်မိမည်နည်း။ မယ်ဟွာချိုးဂိုဏ်း၏ ဂုဏ်သတင်းက သိပ်မကောင်းသော်လည်း ဥပဒေကို ချိုးဖောက်ခြင်းတော့ မရှိချေ။ အဘယ်ကြောင့်ဆိုသော် ကလေးများကို ပြန်ပေးဆွဲပြီး ငွေရှာသည်မှာ သူတောင်းစားဂိုဏ်း ဖြစ်နေသောကြောင့်ပင်။ သို့သော်ငြား မည်သို့ပင်ဆိုစေကာမူ သူတောင်းစားဂိုဏ်းသည် လျန်ဟွာနန်းဆောင်အတွက် အလုပ်လုပ်နေခြင်း ဖြစ်သည်။

လျန်ကျင်းက အလွန်ဉာဏ်ကောင်းသူ ဖြစ်၏။ သူက အလွန် ဒုက္ခခံကာ လုပ်ဆောင်ခဲ့၏။ အပေါ်ယံတွင် သူက ပရဟိတကို လုပ်ကိုင်သော ကောင်းကင်တမန်တော်တစ်ယောက် ဖြစ်ပြီး နောက်ကွယ်မှာတော့ အညစ်ပတ်ဆုံးနှင့် အပြစ်အရှိဆုံးသော စီးပွားရေးကို လုပ်ကိုင်၏။ ဤလျန်ကျင်းက တကယ်လေး အထင်ကြီးစရာ ကောင်း၏။

“အင်း မဆိုးဘူး။ တကယ့်ကို တော်တာပဲ။”

ဤမျှ အထင်ကြီးလောက်စရာကောင်းသည့် လှုပ်ရှားမှုမျိုး ဖြစ်နေသည်ဆိုမှတော့ ယင်ယွမ်အဖွဲ့အစည်း နောက်ကွယ်၌ ရှိနေသည်မှာ ထင်ရှားလှ၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူတို့က မိဖုရားကြီးပျံ့နှင့် ရှမ့်လန်ကို ဤညစ်ပတ်လွန်းသည့် ဗွက်အိုင်ထဲသို့ တွန်းပို့ခဲ့သည်။

ရှမ့်လန်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက အရေးကြီးသော အချိန်ကာလတစ်ခုတွင် ယင်ယွမ်အဖွဲ့အစည်းက တုန်လှုပ်ဖွယ်ရာ အရှုပ်တော်ပုံကို ဖော်ပြပေလိမ့်မည်။ မြင့်မြတ်သည့် လျန်ဟွာနန်းဆောင်က အပြစ်မဲ့သည့် ကလေးများကို ပြန်ပေးဆွဲရောင်းစားသော ယုတ်မာသည့်စီးပွားရေးတွင် ပါဝင်ပတ်သက်နေ၏။ ထို့နောက် သူတို့က မိဖုရားကြီးပျံ့နှင့် ရှမ့်လန်ကို ထိုကိစ္စထဲသို့ ဆွဲထည့်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှုပ်တော်ပုံ တစ်ခုကို ဖြစ်ပေါ်စေပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် မိဖုရားကြီးပျံ့နှင့် ရှမ့်လန်တို့က သူတို့၏ နာမည်၊ ဂုဏ်သတင်းအား ရှင်းလင်းနိုင်တော့မည် မဟုတ်ချေ။

သို့သော်ငြား နင်ကျန်း၏ နွေဦးကြိုစစ်ဆင်ရေးက လျန်ဟွာနန်းဆောင်ကို တိုက်ရိုက်ဝင်ရောက်ရှင်းလင်း လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။ ထိုသို့ဆိုလျှင် မေးခွန်းတစ်ခု ရှိ၏။ လျန်ဟွာနန်းဆောင် ပိုင်ရှင် လျန်ကျင်းက မယ်ဟွာချိုးဂိုဏ်း၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း မည်မျှ လျှို့ဝှက်ထားသနည်း။ မိဖုရားကြီးပျံ့တောင် အလိမ်ခံလိုက်ရသည်ဆိုမှတော့ နင်ကျန်းက အဘယ်သို့ သိရှိရသနည်း။ ယင်ယွမ် အဖွဲ့အစည်းမှာ သတင်းကို တမင် ပေးခဲ့သည်လား။

“မဟုတ်ဘူး။ ဒီအောက်တန်းစား ကျုပ် ရှာဖွေတွေ့ရှိခဲ့တာပါ။”

အရူးလန်က ပြောလိုက်၏။ “ကျုပ်က တစ်ခါတည်း စွဲမြဲစေနိုင်တဲ့ မှတ်ဉာဏ်လိုမျိုးရှိပြီး သူတောင်းစားဂိုဏ်းမှာ ကြာကြာနေခဲ့ဖူးတယ်ဆိုတာကို သခင်လေး သိတာပဲ။ အောက်ခြေက ညစ်ပတ်တဲ့ ကိစ္စရပ်တွေ အကုန်လုံးကို ကျုပ်က ကျုပ်ရဲ့ လက်ခုံလို သိတယ်။

အရေးကြီးဆုံးက သူတောင်းစားဂိုဏ်းမှာတုန်းက သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ကို သူတို့ ပြန်ပေးဆွဲ လာတာ တွေ့ခဲ့ဖူးတယ်။ ကျုပ်နဲ့ ကျုပ်ရဲ့ညီအစ်ကိုတစ်ချို့က အဲကောင်မလေးကို ကယ်ဖို့ ကြိုးစားခဲ့တယ် ဆိုပေမယ့် မအောင်မြင်ခဲ့ဘူး။ လန်တစ်၊ လန်ခြောက်နဲ့ လန်ခုနစ်တို့ဆိုရင် ခြေလက်တွေ ရိုက်ချိုးခံခဲ့ရတယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကပေါ့။”

စိတ်ဓာတ်ပိုင်းအရ ပြောရမည်ဆိုလျှင် အရူးလန်နှင့် လန်ညီနောင်တို့က သူတောင်းစားများကြားထဲတွင် ရွှံ့ဗွက်ထဲမှ ကြာပန်းကဲ့သို့ သန့်ရှင်းသူများ ဖြစ်၏။ အရူးလန်က ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရှမ့်နုအတွက် ပစ္စည်းဝယ်ဖို့ ရွှေတောင်နန်းဆောင်ဆီကို သွားခဲ့တယ်။”

ရှမ့်လန်က ကြောင်အသွားခဲ့၏။ ‘အရူးလန်.. ခင်ဗျား တော်တော်လေး မာနကြီးနေပါလား။ ရွှေတောင်နန်းဆောင်လို ဈေးကြီးတဲ့နေရာမျိုးကိုတောင် ခင်ဗျား ဝင်သွားရဲသေးတယ်ပေါ့။ ဟမ် ... မေ့တော့မလို့ ဒီဆိုင်က ငါ့ဆိုင်ပဲ’

“ဆက်ပြောစမ်း။”

အရူးလန်က ပြောလိုက်သည်။ “အဆုံးသတ်မှာတော့ ကျုပ်ကို ဧည့်ခံတဲ့ လှပတဲ့ မိန်းကလေးက ဟိုးအရင်တုန်းက ကျုပ်ကယ်ဖို့ ကြိုးစားရင်း မအောင်မြင်ခဲ့တဲ့ မိန်းကလေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကျုပ် စုံစမ်းကြည့် လိုက်တော့ သူက လျန်ဟွာနန်းဆောင်ကနေ ရွှေတောင်နန်းဆောင်ကို ပညာသင်ဖို့ စေလွှတ်လိုက်တာလို့ သိရတယ်။ ဒါကြောင့် ကျုပ်က လျန်ဟွာနန်းဆောင်က မသန့်ရှင်းလောက်ဘူးလို့ ရဲရဲတင်းတင်း ကောက်ချက်ချလိုက်တယ်။ နောက်ဆုံး စုံစမ်းစစ်ဆေးပြီးတဲ့နောက် ဒီနေရာက လောကမှာ အယုတ်မာဆုံးနေရာတစ်ခု ဖြစ်တယ်ဆိုတာ သေချာသွားခဲ့တယ်။”

ဪ.. ဤအရာကြောင့်ကိုး။

အရူးလန်က မေးလိုက်၏။ “သခင်လေး.. ဒီကိစ္စရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက သိပ်ပြီး ကြီးမားလား။”

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “ကံကောင်းလို့ ခင်ဗျား စောစောစီးစီး ရှာတွေ့ခဲ့တာပဲ။ မဟုတ်ရင် ပြန်ပေးဆွဲခံရတဲ့ အဲကောင်မလေးတွေကို ကျုပ်အိမ်ကိုလာပို့လိုက်ရင် ဒါမှမဟုတ် ကျုပ်ရဲ့ ကုတင်ပေါ်ကို ပို့လိုက်ရင် အရှက်ကွဲသွားလိမ့်မယ်။”

တကယ့်ကို ကာကွယ်၍ မဖြစ်နိုင်သလောက်ပင်။ လျန်ဟွာနန်းဆောင်နှင့် ရှမ့်လန်တို့၏ ဆက်ဆံရေးက မသိလိုက် မသိဘာသာနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့၏။ အမှန်စစ်စစ် ရွှေတောင်နန်းဆောင်က လျန်ဟွာနန်းဆောင်မှ မိန်းကလေး တော်တော်များများကို အလုပ်ခန့်ထားပြီးဖြစ်၏။

ပန်းသခင်လေး ပြောသည်မှာ အမှန်ပင် ဖြစ်၏။ ဤကိစ္စတွင် ရှမ့်လန်အနေနှင့် ဆေးကျောသန့်စင်၍ ရသည့် ကိစ္စရပ်မျိုး မဟုတ်တော့ချေ။

“သခင်လေး ကျုပ်တို့ ဘာလုပ်ကြမလဲ။”

အရူးလန်က မေးမြန်းလိုက်သည်။ ပန်းသခင်လေး လျန်ကျင်း အဖမ်းခံလိုက်ရသည်နှင့် လျန်ဟွာနန်းဆောင်၏ အရှုပ်တော်ပုံ ပေါ်ပေါက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် မိဖုရားကြီးပျံ့နှင့် ရှမ့်လန်တို့၏ ရွှေတောင်နန်းဆောင် ကိုပါ ရေထဲသို့ ဆွဲချပေလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်းပင် ရှင်းလင်းသန့်စင်ရေး စစ်ဆင်ရေးကြီးက သူ၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်၏။ မီးက သူ၏ခေါင်းပေါ်သို့ ကျလာခဲ့၏။

သို့ပေမည့် ရှမ့်လန်အတွက် ကိစ္စမရှိချေ။ သူက ဂုဏ်သိက္ခာကို ဂရုမစိုက်သလို ဂုဏ်သိက္ခာတရားနှင့် မျက်နှာရမှုကိုလည်း ဂရုစိုက်တတ်သူ တစ်ယောက် မဟုတ်သောကြောင့်ပင်။

အပိုင်း (၅၈၄)

မိဖုရားကြီးပျံ့၏ ဂုဏ်သတင်းက သန့်ရှင်းသူတစ်ယောက် ဖြစ်၏။ သူမ၏ဘဝတွင် အမဲစက်ဟူ၍ မရှိသလောက်ပင်။ ထို့အပြင် သူမက နန်းတွင်း၌ နင်ကျန်း၏ အကြီးမားဆုံးသော နောက်ခံလူလည်း ဖြစ်၏။ လျန်ဟွာနန်းဆောင် စစ်ဆေးခံရခြင်းက မိဖုရားကြီးပျံ့၏ ဂုဏ်သိက္ခာ ညစ်နွမ်းသွားသည်နှင့် အတူတူပင်။

ရှမ့်လန်က မေးလိုက်၏။ “အရှင့်သား.. ဘယ်လိုသဘောရလဲ”

နင်ကျန်းက ခဏလောက် တိတ်ဆိတ်ငြိမ်သက်နေ၏။ “တရားမျှတမှုက ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိတယ်။ ဒီကိစ္စက မှားတယ်။ ဘာလို့လဲဆိုတော့ လူအများစုက အမှန်တရားကို ဂရုမစိုက်ကြဘူး။ စစ်မှန်တဲ့ တရားမျှတမှုကို မရှာဖွေကြဘူး။ ဒါပေမဲ့ တရားမျှတမှုဆိုတာ ကျုပ်ရဲ့ နှလုံးသားထဲမှာ ရှိတယ်။”

“ကောင်းလိုက်တဲ့စကား။” ထိုအရာက ရှမ့်လန် နင်ကျန်းကို လေးစားရသည့် အကြောင်းရင်း ဖြစ်၏။ အရာအားလုံးကို နားလည်၏။ အရာအားလုံးကို ထိုးထွင်းမြင်နိုင်၏။ သို့သော်ငြား ဖြူစင်သည့် နှလုံးသားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။ ဉာဏ်ပညာရှိသော နှလုံးသားဖြင့် လှည့်စားမခံဘဲ အမှန်တရားကို မြင်နိုင်၏။ မိုက်မဲလုနီးပါး ခိုင်မာသည့်ဇွဲလုံ့လဖြင့် လမ်းခုလတ်တွင် လက်မလျှော့ဘဲ လူထောင်ပေါင်းများစွာတို့ကို ဦးဆောင်ကာ ရှေ့သို့ ဆက်ကာ လျှောက်နိုင်၏။

“ကျုပ် အဲအတိုင်း လုပ်ချင်တယ်။” နင်ကျန်း။

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ ဒါဆိုရင် လုပ်လိုက်ကြတာပေါ့။” သူက အမြဲတမ်း လိမ္မာပါးနပ်သူ ဖြစ်၏။ သိုင်းပညာမှလွဲ၍ ကဗျာမှာလည်း တော်၏။ အကျပ်အတည်းများကို ပကတိဉာဏ်ဖြင့် ဖြေရှင်းရာတွင်လည်း တော်၏။ နှစ်ဖက်လုံး အထိခိုက်မရှိအောင် ဆော့ကစားရသည့် နေရာ၌လည်း တော်၏။ သို့ပေမည့် တချို့သော ကိစ္စရပ်များတွင် နည်းလမ်းတစ်ခုသာ ရှိ၏။ နှစ်ဖက်ခွကစားရန် နည်းလမ်းမရှိချေ။

.............

ပန်းသခင်လေး လျန်ကျင်းက တစ်ယောက်တည်း အရက်သောက်နေ၏။ သူ၏ မိန်းမ ပျံ့ချန်က ပြော၏။ “ယောက်ျား… ဒီမှာ အရာအားလုံး ရှိနေပြီသားပဲ။ ဘာလို့ ညစ်ပတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်နေသေးတာလဲ။”

လျန်ကျင်းက ပြောလိုက်သည်။ “ငါတို့မှာ အရာအားလုံး မရှိသေးဘူး။ ဒီစီးပွားရေးသာ မရှိရင် တောင်လိုပုံတဲ့ ရွှေတွေ၊ ငွေတွေက ဘယ်က ရမှာလဲ။ အာဏာနဲ့ နေရာက ဘယ်ကရမှာလဲ။ ဒီပိုက်ဆံတွေသာ မရှိရင် လျန်ဟွာ နန်းဆောင်နဲ့ လျန်ဟွာကျောင်းကို ဘယ်လိုလည်ပတ်ကြမလဲ။ ဒီလို မြင့်မြတ်တဲ့ ဂုဏ်သတင်းကို ဘယ်က ရမလဲ။ အထက်တန်းလွှာ အသိုင်းအဝိုင်းရဲ့ ထိပ်ဆုံးကို ဘယ်လိုတက်လှမ်းမလဲ။”

“ဒါမှမဟုတ် ပိုပြီး ရုပ်ဆိုးအောင် ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်က ငါ့မှာ ဒီလိုဂုဏ်သတင်းတွေသာ မရှိရင် မင်းငါ့ကို လက်ထပ်ပါ့မလား။ ငါ့မှာ ဒီလိုဂုဏ်သတင်းတွေသာ မရှိရင် စာပေနဲ့ စစ်ဖက် စာမေးပွဲနှစ်ခုလုံးကို အောင်မြင်နိုင်ပါ့မလား။ ပျံ့ချင်းရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ခွင့်ရပါ့မလား။ ငါ အသက် ၃၂ နှစ်ရှိနေပြီ။ ပြီးတော့ ငါက ဆင်းရဲတဲ့ မိသားစုက ကောင်လေးတစ်ယောက်ပဲ။”

အသက် ၃၂ နှစ်။ ဤလျန်ကျင်းက ၂၃ နှစ် မဟုတ်ပေဘူးလား။

“ငါ့မှာ အာဏာနဲ့ နေရာသာ မရှိရင် နာမည်နဲ့ အသက်ကိုတောင် ပြောင်းလို့ရမှာ မဟုတ်ဘူး။”

လျန်ကျင်းက ရယ်မောလိုက်၏။ “လောကကြီးက ကစားကွင်းတစ်ခုပဲ။ ရဲရင့်ပြီး ယုတ်မာတဲ့ လူတွေကသာ အေးဆေးသက်သာစွာနဲ့ ဆော့ကစားနိုင်ကြတာ။”

ပျံ့ချန်က ပြောလိုက်သည်။ “ရှမ့်လန်က အရူးတစ်ယောက်ပဲ။ သေချာတာပေါ့။ သူက ကျွန်မတို့ကို ဒီလိုလုပ်ရဲမှာ မဟုတ်ဘူး။ ဒါပေမယ့် ယောက်ျားကို ဖမ်းသွားမှာ။ သတ်ပစ်မှာ စိုးရိမ်ရတယ်”

“ဟား ဟား ဟား ဟား။”

လျန်ကျင်းက ရယ်မောလိုက်၏။ “ရှမ့်လန်က အစွမ်းထက်တော့ရော ဘာဖြစ်တယ်။ ငါ့ရဲ့ ကစားကွက်ထဲကို ရောက်နေတာပဲ မဟုတ်ဘူးလား။ ငါ့ကို ဖမ်းမယ် ဟုတ်လား။ ငါ့ကို သတ်မယ် ဟုတ်လား။ အိမ်မက်မက်နေလိုက်။

ငါက နန်းမြို့တော်မှာ နာမည်ကြီးတဲ့ ပညာရှင်တစ်ယောက်။ ပြီးတော့ လျန်ဟွာနန်းဆောင်နဲ့ လျန်ဟွာကျောင်းက မြင့်မြတ်တဲ့ နေရာတွေပဲ။ ငါ အဖမ်းခံလိုက်ရတာနဲ့ အရှုပ်တော်ပုံကြီးက ပေါက်ကွဲ ထွက်လာတော့မှာ။ ရှမ့်လန် လွတ်သွားမယ်ဆိုရင်တောင် မိဖုရားကြီးပျံ့နဲ့ ပျံ့မိသားစုက ရေထဲပါသွားလိမ့်မယ်။

မိဖုရားကြီးပျံ့က နင်ကျန်းရဲ့ အကြီးမားဆုံးသော နောက်ခံပဲလေ။ သူ့မှာ သတ္တိရှိလို့လား။ အဲလိုတော့ သူ မလုပ်ရဲပါဘူး။ ရှမ့်လန်ရဲ့ ရွှေတောင်နန်းဆောင်က ဧည့်ကြိုမလေး ၄၊ ၅ ယောက်က ပြန်ပေးဆွဲခံထားရတဲ့ မိန်းကလေးတွေပဲ။ သူတို့က မကောင်းမှုတွေရဲ့ သင်္ကေတတွေပဲ။

ရှမ့်လန်က ငါ့ဆီကနေ လတိုင်း ပိုက်ဆံယူတယ်။ သူ ဘယ်လိုလုပ် သူ့ရဲ့နာမည်ကို ရှင်းနိုင်မှာလဲ။ လျန်ဟွာကျောင်းရဲ့ ဆိုင်းဘုတ်အသစ်ကိုတောင် မိဖုရားကြီးပျံ့ ကိုယ်တိုင် ရေးထားပေးတာ မဟုတ်လား။

ရှမ့်လန်ကို ကြည့်ရတာ အစွမ်းထက်တဲ့ပုံပေါက်ပေမယ့် ကြွက်တစ်ကောင်ပါပဲ။ အကျိုးအမြတ်ကို ရှာပြီး အန္တရာယ် ရှောင်ချင်တဲ့ကောင်မျိုးပဲ။ နှမျောစရာက ဒီကိစ္စက စောစောစီးစီး ပေါက်ကြားသွားတာပဲ။ မဟုတ်ရင် အဲဒီ ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးတွေကို သူ့ကုတင်ပေါ် ပို့ပြီးချိန်ဆိုရင် သူက ပင်လယ်ထဲ ခုန်ချရင်တောင် သူ့ရဲ့နာမည်ကို ဆေးကြောလို့ရမှာ မဟုတ်ဘူး။

ရယ်စရာကောင်းလိုက်တဲ့ ရှမ့်လန်၊ ရယ်စရာကောင်းလိုက်တဲ့ နင်ကျန်း.. နွေဦးအကြိုစစ်ဆင်ရေးက အစောကြီးတည်းက အဆုံးမရှိဘဲ ပြီးဆုံးသွားခဲ့ပြီ။ ဒီအရူးနှစ်ကောင်က ပြဿနာရှာခဲ့တာပဲ ရှိတယ်။ အခု သူတို့ ငါ့ကို မုန်းနေလောက်ပြီ။ ဒါပေမယ့် ဘာမှမလုပ်ရဲပါဘူး။ ဟား ဟား ဟား ဟား။”

ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ ခြေသံများ ကြားရ၏။ ပြီးနောက် စစ်သည်တချို့က အထဲသို့ ပြေးဝင်လာခဲ့၏။ “သခင်လေး၊ သခင်မလေး... မကောင်းတော့ဘူး။ ရှမ့်လန်က လူလွှတ်ပြီး ကျုပ်တို့ကို သတ်ခိုင်းလိုက်ပြီ။”

ဤအရာက လျန်ကျင်း၏ အောက်မှ စစ်သည်များ ဖြစ်သည်။

“သခင်မလေး၊ သခင်လေး မကောင်းတော့ဘူး ရန်သူတွေ လာနေပြီ။” ဤအရာက ပျံ့မိသားစုမှ စစ်သည်များ ဖြစ်၏။

ချက်ချင်းပဲ လျန်ကျင်းနှင့် ပျံ့ချန်တို့က ထိတ်လန့်သွား၏။ သူတို့နားကို သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေ၏။ ရှမ့်လန် ရူးသွပ်သွားပြီလား။ နင်ကျန်းက ရူးသွပ်သွားပြီလား။

“မိန်းမ... မင်းမှာ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာရှိတယ်။ မင်းက မိဖုရားကြီးပျံ့ရဲ့ တူမပဲ။ သွားတားလိုက်။” လျန်ကျင်းက ပြောသည်။

ပျံ့ချန်က ဘာမှမပြောဘဲ အပြင်ဘက်သို့ ပြေးထွက်သွား၏။ လျန်ကျင်းက လျှို့ဝှက်လမ်းတစ်ခုကို ဖွင့်ပြီး ထွက်ပြေးရန် ပြင်၏။

နာကျည်းမှုက နိဗ္ဗာနတပ်တော်မှ စစ်သည်များ၊ ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး လျန်ကျင်း၏ အိမ်ကြီးကို ဝိုင်းထား၏။ နိဗ္ဗာနတပ်တော်မှ စစ်သည်အားလုံးက ယခင်က ချပ်ဝတ်တန်ဆာများကို မဝတ်ဘဲ အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ကြ၏။ သူတို့က ချန်းဖန်မြို့စားအိမ်တော်မှ စစ်သည်များနှင့် မတူဘဲ နာကျည်းမှု၏ တောင်ပေါ်ဓားပြအဖွဲ့နှင့် တူနေသည်။

ပျံ့ချန်က နာကျည်းမှုကို လက်ညှိုးထိုးကာဖြင့် ဒေါသတကြီး ပြောလိုက်၏။ “မင်း ဘယ်လိုတောင် ရဲတင်းတာလဲ။ ငါက မိဖုရားကြီးပျံ့ရဲ့ တူမပဲ။ မင်း ငါ့ကို စော်ကားရဲတာလား။ ထွက်သွားစမ်း။”

နာကျည်းမှုက ဘာမှမပြောဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။ “သတ်စမ်း။”

ဝှစ် ဝှစ် ဝှစ်

ချလွမ် ချလွမ် ချလွမ်

မြားမိုးများ ကျဆင်းလာခဲ့၏။ ပျံ့ချန်၏ စစ်သည်များ ဖြစ်စေ၊ လျန်ကျင်း၏ စစ်သည်များ ဖြစ်စေ အားလုံး သတ်ခံလိုက်ရ၏။

“သတ်ကြ။”

နိဗ္ဗာနစစ်သည်များက ဓားမော့ကြီးများကို မြှောက်၍ ခုတ်ပိုင်းကြ၏။ မျက်စိတစ်မှိတ်အတွင်း စစ်သည်ပေါင်း များစွာတို့က အစအန မကျန်အောင် သတ်ဖြတ်ခြင်း ခံရ၏။ မြို့စောင့်တပ်များက သခင်လေး လျန်ကျင်း၏ အိမ်ကြီးထဲသို့ ဝင်ရောက်စီးနင်းကြ၏။ သူတို့က မိဖုရားကြီးပျံ့၏ တူမဖြစ်သူ ပျံ့ချန်အပါအဝင် လျန်ကျင်း၏ မိသားစုတစ်ခုလုံးကို ဖမ်းဆီးလိုက်ကြသည်။

လျန်ကျင်းက လျှို့ဝှက်လမ်းမှတစ်ဆင့် အိမ်တော်မှ ထွက်ပြေးလွတ်မြောက်သွားပြီး ဦးတည်ရာတစ်ခုဆီသို့ ပြေး၏။ ရွှဲ့ပြည်နယ်၊ ယင်ယွမ်ဌာနချုပ်၏ မျှော်စင်ပင် ဖြစ်၏။ ထိုအရာက ခုနစ်ထပ်မြင့်သော မျှော်စင်တိုက်ပင်။ သူက ယင်ယွမ်အဖွဲ့ဝင် မဟုတ်သော်လည်း ယင်ယွမ်အဖွဲ့အစည်းမှ စည်းရုံးထားသူ ဖြစ်၏။

ရှုပိုတောက်နှင့် ရှုတင်းယုတို့က ဤလူကို အရည်အချင်းရှိသူဟု ယူဆခဲ့၏။ မူလက လျန်ကျင်းက ကိုယ့်ငွေ ကိုယ်ရှာပြီး နာမည်ကြီးချင်ရုံသာ ရှိ၏။ ရှမ့်လန်ကို ရေထဲဆွဲချရန် စီစဉ်မရှိခဲ့ချေ။ ထို့နောက် သူက ယင်ယွမ်အဖွဲ့အစည်း၏ အမိန့်ကို နာခံခဲ့ရ၏။ သူ၏ စီးပွားရေး ဤမျှလောက်ထိ ကြီးမားလာခြင်းက ယင်ယွမ် အဖွဲ့အစည်း၏ ကျောထောက်နောက်ခံကြောင့်ပင်။

ယင်ယွမ်အဖွဲ့အစည်းက သူ၏ လျှို့ဝှက်ချက်အားလုံးနှင့် အသက်သွေးကြောအားလုံးကို သိရှိထား၏။ ရှုတင်းယုက ရှမ့်လန်နှင့် မိဖုရားကြီးပျံ့ကို ရေထဲသို့ ဆွဲချရန် ပြောသည့်အချိန်တွင် သူက လုပ်ဆောင်ရုံသာလျှင် ရှိခဲ့၏။

အချိန်ကို တွက်ချက်ရမည်ဆိုလျှင် စုနန် ရှင်းလင်းခံရပြီးစ အချိန်ဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်းက ဝူပြည်နယ်ကို ထိန်းချုပ်ပြီး နုရှောင့်မြို့ကို တိုက်ခိုက်ရန် မအောင်မြင်ခဲ့သောကြောင့် ရှမ့်လန်နှင့် မိဖုရားကြီးပျံ့ကို ဖြေရှင်းရန် နည်းလမ်းများကို စဉ်းစားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် မိဖုရားကြီးပျံ့သည် နင်ကျန်းကို မွေးစားသားအဖြစ် လက်ခံခဲ့သောကြောင့်ပင်။

အဓိကအချက်အားဖြင့် ဤကိစ္စက ယင်ယွမ်အဖွဲ့အစည်း၏ စစ်တုရင်ကစားပွဲ တစ်ခုသာ ဖြစ်၏။ နှစ်နှစ်၊ သုံးနှစ်ကြာမှ ဖောက်ခွဲရန် စီစဉ်ထားခြင်း ဖြစ်၏။ ဤအရာကို ကြည့်ခြင်းအားဖြင့် ယင်ယွမ်အဖွဲ့အစည်းက မည်မျှ ကြောက်မက်ဖွယ်ရာကောင်းပြီး အစွမ်းထက်ကြောင်းကို သိရှိနိုင်သည်။

သခင်လေးလျန်ကျင်းက ယင်ယွမ်ဌာနချုပ်ဆီသို့ ထွက်ပြေးနိုင်လျှင် လုံခြုံပြီဟု သိရှိထား၏။ အဘယ်ကြောင့် ဆိုသော် ရွှဲ့ပြည်နယ်တွင် ယင်ယွမ်အဖွဲ့အစည်း မကာကွယ်နိုင်သည့်လူဟူ၍ မရှိသောကြောင့်ပင်။ သူ့ကို ဝှက်ထားသည်ဖြစ်စေ၊ တခြားသောနိုင်ငံသို့ ပေးပို့သည်ဖြစ်စေ ယင်ယွမ်အဖွဲ့အစည်းအတွက် အသေးအဖွဲ ကိစ္စရပ်သာ ဖြစ်၏။

လုံခြုံပြီဟု သေချာလျှင် လျန်ကျင်းက နောက်သို့ပြန်လှည့်ပြီး သူ့အိမ်ဆီသို့ လှမ်းနိုင်၏။ သူ၏ အိမ်တော်က ဧကထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး မြို့စားလေးတစ်ယောက်၏ အိမ်ထက်ပင် ပိုမိုကာ ကြီးကျယ်လွန်းသည်။

“နှမျောစရာ ကောင်းလိုက်တာ။ အားလုံး ပျက်စီးခဲ့ပြီပဲ။ ရှမ့်လန်.. ငါ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ငါက အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လိုပဲ မင်းကို အချိန်တိုင်း စောင့်ကြည့်နေမှာ။ အခွင့်အရေးရတာနဲ့ တစ်ခါတည်း ကိုက်ပြီး သတ်ပစ်မယ်။ မင်းရဲ့ မိသားစုတစ်ခုလုံးကို ငါသတ်ပစ်မယ်။” လျန်ကျင်းက အံကြိတ်ကာ ကျိန်ဆိုလိုက်မိ၏။

ပြီးနောက် သူက ယင်ယွမ်ဌာနချုပ်ဆီသို့ ဆက်လက်ကာ ပြေးသွားသည်။

သို့သော်ငြား တစ်စုံတစ်ယောက်က သူ၏လမ်းကို ပိတ်ရပ်ထား၏။ လျန်ကျင်းက တုန်လှုပ်သွားမိ၏။ သို့သော်ငြား တကယ်လည်း ဝမ်းသာသွားခဲ့၏။ ‘တစ်ယောက်တည်းလား’ ထိုသို့ဆိုလျှင် သူဘာကို ကြောက်လန့်ရမည်နည်း။

သူ လျန်ကျင်းက သိုင်းပညာစာမေးပွဲကို အောင်မြင်ထားခဲ့သည့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ စကားတစ်ခွန်းမှ မဆိုဘဲ လျန်ကျင်းက သူ ဝှက်ထားသည့် ဓားကို ဆွဲထုတ်လိုက်၏။ ပြီးနောက် ရှေ့တွင်ရှိနေသည့် လူဆီသို့ လှမ်းဝင်သွားခဲ့၏။

“ဆွစ်။”

ခုတ်ပိုင်းချက်တစ်ချက်တည်း။ ခုတ်ပိုင်းချက် တစ်ချက်တည်းနှင့် တစ်ဖက်လူက လျန်ကျင်း၏ ခြေထောက် နှစ်ဖက်ကို ခုတ်ဖြတ်လိုက်၏။ သူမက မိန်းမတစ်ယောက် ဖြစ်၏။ ဓားဘုရင် လီချင်းချိုး၏ မိန်းမ၊ အမျိုးသမီးချိုးပင် ဖြစ်၏။ သူမက လျန်ကျင်း၏ လည်ကုပ်ကို လှမ်းဆွဲပြီး ချန်းဖန်မြို့စားအိမ်တော်ဆီသို့ ပြန်သွားခဲ့သည်။

..........

ပျံချန် ... မိဖုရားကြီးပျံ့ဖေး၏ တူမက အေးစက်စက်နှင့် ပြောလိုက်၏။ “အောက်တန်းစားတွေ.. ရှမ့်လန်ကို ဒီကိုလာခဲ့ဖို့ ပြောလိုက်စမ်း။ ငါ မင်းတို့လို ကောင်တွေနဲ့ စကားမပြောချင်ဘူး။”

နာကျည်းမှုက မည်သည့်စကားကိုမှ မဆိုချေ။ သူက သူ၏ တွန့်လိမ်လျက် ရှိနေသည့် မျက်နှာဖုံးကို အသာတင်လိုက်သည်။

ပျံ့ချန်က ပြောလိုက်၏။ “ငါက မိဖုရားကြီးပျံ့ရဲ့ တူမပဲ။ မင်းကြီးပျံ့ရှောင်းရဲ့ တူမ။ ဘယ်သူက ငါ့ကို ထိရဲလဲ။ ဘယ်သူက ငါ့မိသားစုကို ထိရဲလဲ။”

နာကျည်းမှုက လက်ကို ဝှေ့ယမ်းလိုက်သည်။

‘ဆွစ် ဆွစ် ဆွစ်’

သူ၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် တခြားသော အဖွဲ့ဝင်အားလုံးတို့က စတင်ကာ သတ်ဖြတ်၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လျန်ကျင်း၏ မိသားစုဝင် အားလုံးက သတ်ဖြတ်ခြင်း ခံလိုက်ရ၏။

ပျံ့ချင်းက ချက်ချင်းပင် ကြောင်အသွားခဲ့၏။ ပြီးနောက် သူမက ကြိုးနှင့် ချည်နှောင်ခြင်းကို ခံရ၏။ ပါးစပ်ထဲသို့ အဝတ်စထည့်ပြီး သေတ္တာတစ်ခုထဲသို့ ဆွဲထည့်ခြင်းကို ခံရသည်။

“လျန်ကျင်း၏ မိသားစုတစ်ခုလုံးကို သတ်ပစ်လိုက်တော့”

“လျန်ကျင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့တာ ငါ .. နာကျည်းမှုပဲ။”

နာကျည်းမှုက သွေးစာလုံး အနည်းငယ်ကို နံရံပေါ်တွင် ရေးလိုက်၏။

........

ခဏလောက်ကြာပြီးနောက် ချန်းဖန်မြို့စား အိမ်တော်၏ မြေအောက်ခန်းထဲမှာတော့ လျန်ကျင်းနှင့် ပျံ့ရှောင်း၏ တူမ ပျံ့ချန်တို့ နှစ်ယောက်လုံးက ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်လျက် ရှိနေ၏။

“ရှမ့်လန်.. မင်းလုပ်ရဲတယ် ဟုတ်လား။ မိဖုရားကြီးပျံ့ဖေးနဲ့ တွေ့ချင်တယ်။ ဘုရင်မင်းမြတ်နဲ့ တွေ့ချင်တယ်”

ပျံ့ချန်က အော်လိုက်၏။ “နင်ကျန်း ဘယ်မှာလဲ။ သူ့ကို ထွက်ခဲ့ဖို့ ပြောလိုက်။ ပျံ့မိသားစုရဲ့ ထောက်ခံမှု မရှိဘူးဆိုရင် သူက နန်းပလ္လင်ကို ဘယ်လိုတိုက်ခိုက်မှာလဲ။ သူ့ကို ထွက်ခဲ့ဖို့ ပြောလိုက်။ ကျွန်မကို လာတွေ့ခိုင်းလိုက်။”

လန်ကျင်းက ခေါင်းကိုမော့၏။ ပြီးနောက် ရှမ့်လန်ကို ပြုံးပြလိုက်၏။ သူ၏ အကြောများကို ဖြတ်တောက်ခြင်း ခံခဲ့ရသည်ဆိုလျှင်တောင်မှ သူ့အနေနှင့် ဟန်ကိုယ်ဖို့တော့ နေနိုင်သေးသည်။

ရှမ့်လန်က ရယ်မောလိုက်၏။ “လန်ကျင်း ... ခင်ဗျားက ကျုပ်ကို ထိခိုက်နာကျင်အောင် လုပ်ချင်တာလား။ ခင်ဗျားက ရှုပိုတောက်ရဲ့ အမိန့်ကို နာခံပြီး ကျုပ်ကို ထိခိုက်နာကျင်အောင် လုပ်ချင်တယ်ပေါ့။”

လန်ကျင်းက ရယ်မောလိုက်သည်။ “ရှမ့်လန်... ယောက်ျားတစ်ယောက်အနေနဲ့ လောကကြီးထဲမှာ ဘယ်လို နေထိုင်ရမလဲ။ ငါ့အနေနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်ဆိုတာ မှားယွင်းတာမှ မဟုတ်တာ။”

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူက ဉာဏ်ပညာကြီးမားလွန်းသည့် လူတစ်ယောက်၊ စိတ်ဓာတ်ခိုင်မာသည့် ယောက်ျား တစ်ယောက်၏ အသွင်သဏ္ဍာန်မျိုးကို ထိန်းချုပ်ထားခဲ့ပြီး ရှမ့်လန်နှင့် ညှိနှိုင်းဆွေးနွေးချင်၏။ အနည်းဆုံးအနေနှင့် သူက ရှမ့်လန်ကို သရုပ်ဆောင်မှုပိုင်းတွင် ရှုံးနိမ့်ခြင်း မရှိစေချင်ပေ။

“ကောင်းပြီ။ ကောင်းပြီ။ ယောက်ျားတစ်ယောက်အနေနဲ့ ထည်ထည်ဝါဝါ နေထိုင်ရမှာပေါ့။” ရှမ့်လန်က ရယ်မောလိုက်၏။ ပြီးနောက် သူက ဓားမော့နှင့် အသာခုတ်ပိုင်းလိုက်၏။ ပြီးနောက် ပန်းမင်းသားလေး၏ မိသားစုရတနာက ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ သွေးများက ပန်းထွက်လာခဲ့၏။

All Chapters