အခန်း (၅၈၅-၅၈၆)
Vol. 39 Ch. 585-586
အပိုင်း (၅၈၅)
“အား အား။”
နောက်ဆုံးမှာတော့ ဟန်ကိုယ်ဖို့ ပြုလုပ်လျက် ရှိနေသည့် ပန်းမင်းသားလေး၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူက မြေပေါ်တွင် သွေးများပေပွကာရှိနေသည့် အရာဝတ္တုကို လှမ်းကြည့်ရင်း သူက သွေးပျက်စွာ အော်ဟစ်လျက် ရှိနေ၏။ သူက သင်းကွပ်ခြင်း ခံလိုက်ရ၏။
သူက ယခု အမျိုးသမီးများကို ပျော်ရွှင်အောင် ထားနိုင်စွမ်း မရှိတော့ချေ။ သူ့အား ချစ်ခင် နှစ်သက်လျက်ရှိနေသည့် အမျိုးသမီးများ မည်မျှ များပြားခဲ့သနည်း။ လက်ရှိအချိန်တွင်တော့ သူ့၌ ထိုအမျိုးသမီးများကို ဆွဲဆောင်နိုင်သည့် အရာဝတ္ထု မရှိတော့ချေ။
တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ပျံ့ချန်ကလည်း အလုံးစုံ ကြောင်အသွားခဲ့၏။ သူမက ရှမ့်လန်ကို တံတွေးနှင့် လှမ်းထွေးလိုက်သည်။ “ရှမ့်လန်... မင်း တကယ်ပဲ ငါ့ယောက်ျားကို ထိခိုက်နာကျင်အောင် လုပ်ရဲတယ်ပေါ့။ ပျံ့မိသားစုကို တကယ်တမ်း ရန်ပြုရဲတယ်ပေါ့။ နင်ကတော့ သွားပြီ။ နင်ကတော့ သွားပြီပဲ။”
ရှမ့်လန်က ရှေ့ကို လှမ်းတက်လာ၏။ ပြီးနောက် သူမ၏ လည်ကုပ်ကို ထက်ရှသည့် ဓားနှင့် ခုတ်ပိုင်းလိုက်၏။ ချက်ချင်းပဲ သွေးများက ပန်းထွက်လာ၏။ ပျံ့ချန်က ရှမ့်လန်ကို မယုံကြည်နိုင်သလို ကြည့်လိုက်၏။ သူမက မည်သည့်စကားကိုမှ မဆိုနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ပါးစပ်ထဲမှ သွေးများ ထွက်ပေါ်လာခဲ့သောကြောင့်ပင်။ ခဏလောက်ကြာပြီးနောက် မြေပေါ်သို့ လဲကျပြီး သေဆုံးသွားခဲ့၏။
ရှမ့်လန်က လန်ကျင်းကို ကြည့်လိုက်သည်။ “အင်း... ကျုပ်က ခင်ဗျားနဲ့ ညှိနှိုင်းဆွေးနွေးမယ်လို့ ထင်နေတာလား။ ဒီတော့ ယင်ယွမ်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေအကုန် ကျုပ် သိချင်တယ်။ ပြီးတော့ အိမ်ရှေ့စံမင်းသားနဲ့ ခင်ဗျား ဘာတွေ လုပ်ထားတာလဲ”
“ခင်ဗျား အများကြီး စဉ်းစားမနေနဲ့။ ကျုပ်က တစ်စုံတစ်ယောက်နဲ့ ညှိနှိုင်းဆွေးနွေးချင်တဲ့ စိတ်ရှိတယ်ဆိုရင် သက်ညှာမှု တစ်ခုခုတော့ ရှိတယ်။ ဒါပေမယ့် အခု မရှိဘူး။ ကျုပ်ကို မပျော်ရွှင်အောင်လုပ်ရင် အကြီးမားဆုံး ပြဿနာက ခင်ဗျားဆီကို ရောက်သွားလိမ့်မယ်။
ခင်ဗျားက အံ့အားသင့်စရာ ကောင်းတယ်။ ပန်းမင်းသား ဟုတ်လား။ ကျုပ်ရဲ့ ရှေ့မှာ လာပြီး ဟန်ထုတ်ရဲ တယ်ပေါ့။ ကောင်းတယ်။ စကားပြောခဲ့တာတော့ ကောင်းတယ်။ ဒါပေမယ့် ကျုပ်ရဲ့ ဓားကို ယူလိုက်။ ဝူလဲ့.... ဒီခွေးကောင်ကို သေသေချာချာ သုတ်သင်ပစ်လိုက်။ ပြီးတော့ မသေခင်မှာ အစိတ်အပိုင်း တစ်ထောင်လောက်ဖြစ်အောင် ခုတ်ပိုင်းပစ်။”
“ကောင်းပါပြီ။”
ခဏလောက်ကြာပြီးနောက် ပန်းမင်းသား၏ ဆိုးဆိုးဝါးဝါး အော်ဟစ်သံက မြေအောက်ခန်းထဲမှာ ထွက်ပေါ်လာ၏။ ရှမ့်လန်အနေနှင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မကြည့်ရဲချေ။ သို့ပေမည့် ဤလူက ဆိုးဆိုးဝါးဝါး သေဆုံးခဲ့သည် ဖြစ်ကြောင်းတော့ သိရှိပြီး ဖြစ်၏။ ထို့ကြောင့် သူက မျက်နှာလွှဲကာဖြင့် အပြင်ဘက်သို့ ထွက်ခွာလာခဲ့၏။
.................
ရှမ့်လန်က နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့၏။ သူက ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးပျံ့တို့အား ဖြစ်စဉ် တစ်ခုလုံးကို အသေးစိတ် ပြောပြ၏။ “ကျုပ် လန်ကျန်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဓားပြကြီး နာကျည်းမှု နာမည်နဲ့ သတ်ခဲ့တာပဲ။ မနက်ဖြန်ဆိုရင် လျန်ဟွာနန်းဆောင်ရဲ့ ကိစ္စက ကြီးကျယ်တဲ့ အခြေအနေတစ်ခုကို ရောက်သွားလိမ့်မယ်။ လန်ကျင်း .. အဲဒီခွေးကောင်က ကျုပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ဒါပေမယ့် သူ့ကို မသတ်ခင်မှာ ကျုပ် သူ့ရဲ့ မိန်းမ ပျံ့ချန်ကိုလည်း သတ်ခဲ့တယ်။”
ထိုစကားကို ကြားတော့ ပျံ့ဖေး၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ မျက်နှာပြင်တစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ ပြီးနောက် မျက်ရည်များ စီးကျလာခဲ့၏။ သူမက အလုံးစုံ ဆွံ့အလျက် နေခဲ့၏။ သူမအနေနှင့် မတ်တပ်ရပ်ရမလား၊ ထိုင်ရမလားပင် မသိတော့ချေ။ အဘယ်သို့ ဖြစ်ရသနည်း။
သူမက လျန်ဟွာကျောင်းဆီသို့ ရောက်ရှိခဲ့ဖူး၏။ ထိုနေရာတွင်ရှိနေသည့် ကလေးများက ချစ်ဖွယ်ရာကောင်းပြီး သနားဖွယ်ရာလည်း ကောင်း၏။ တည်နေရာတစ်ခုလုံးကလည်း နေသာထိုင်သာ ရှိ၏။ ထို့ကြောင့် သူမက အရာဝတ္ထု တော်တော်များများကို လှူဒါန်းခဲ့ပြီး သူမ၏တူမကိုပင်လျှင် ဤကျောင်းကြီးအတွက် စာတမ်းတစ်ခု ရေးသားပေးခဲ့သေး၏။
အဘယ်ကြောင့် လောကကြီးတွင် ဤမျှဆိုးဝါးသည့် အရာမျိုး ရှိနေရသနည်း။ အဘယ်ကြောင့် လူများက ဤမျှဆိုးဝါးရသနည်း။
ထို့ပြင် သူမ၏ တူမ .. သူမက ဘာလုပ်ခဲ့သနည်း။ သူမ၌ ရှိရှိသမျှသော အောင်မြင်မှုနှင့် ချမ်းသာကြွယ်ဝမှုများ ရှိ၏။ အဘယ်ကြောင့် သူမက မိစ္ဆာလိုကောင်မျိုးကို ကူညီခဲ့ရသနည်း။ အဘယ်ကြောင့် ထိုကဲ့သို့သော မိစ္ဆာလို ယောက်ျားအတွက် သူမကို လာရောက်ကာ အသုံးချခဲ့ရသနည်း။ ထို့ပြင် သူမက အဒေါ်ရင်းတစ်ယောက် ဖြစ်သည်။
ဟုတ်ပေ၏။ ပျံ့ဖေးက လောကကြီးထဲတွင် ဤကဲ့သို့ ဆိုးဝါးသည့်လူများ ရှိနေကြောင်း မသိရှိခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ပေမည့် လန်ကျင်း၏ နည်းလမ်းများက တကယ့်ကို ထူးချွန်လွန်း၏။ ပျံ့ချန်အနေနှင့် သူ့ကို စွမ်းစွမ်းတမံ ချစ်မြတ်နိုးခဲ့သောကြောင့် ဤသို့လိုက်ပါ ပြုလုပ်ရခြင်းပင်။
ဘုရင်မင်းမြတ်က ရှမ့်လန်ကို ခေါင်းညိတ်ပြ၏။ ပြီးနောက် ပျံ့ဖေးကို အသာကူညီကာဖြင့် အခန်းထဲဆီသို့ ပြန်ပို့၏။ သူမကို အသာလှဲလျောင်းစေ၏။ ခဏလောက်ကြာပြီးနောက် ပျံ့ဖေး၏ နာကျင်ဖွယ်ရာ ရှိုက်သံက အထဲမှ ထွက်ပေါ်လာခဲ့၏။ သူမကို တစ်နာရီတိတိ နှစ်သိမ့်ပြီးသည့်နောက် ဘုရင်မင်းမြတ်က အပြင်သို့ ထွက်ပေါ်လာခဲ့၏။ သူ၏ မျက်လုံးများက အနည်းငယ် နီရဲနေခဲ့၏။
“ယင်ယွမ်အဖွဲ့အစည်း မဟုတ်လား။” နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ရှုပိုတောက်က ကျုပ်နဲ့ မိဖုရားကြီးပျံ့ကို ရေထဲကို ဆွဲချဖို့ စီစဉ်ခဲ့တာပဲ။”
နင်ယွမ်ရှန်းက ရှမ့်လန်၏ အရှေ့တွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ ထိန်းချုပ်ထားရန်လည်း စိတ်ကူးမရှိပေ။ သူ၏ လက်များက ကြမ်းကြမ်းတမ်းတမ်း တုန်ယင်နေ၏။ မည်မျှ အတင့်ရဲလိုက်သနည်း။ မည်မျှ ဆိုးယုတ်လိုက်သနည်း။ ရေနက်တပ်ဖွဲ့ဆိုသည်က မည်သည့်အတွက် ဖြစ်သနည်း။ အဘယ်ကြောင့် ဤကျော်ကြားသည့် ပန်းမင်းသား လျန်ကျင်းအကြောင်း မသိရှိရသနည်း။
ရှမ့်လန်က ပြောလိုက်သည်။ “မူလအားဖြင့် အရှင်မင်းသားနင်ကျန်းက လျန်ဟွာနန်းဆောင်ရဲ့ ကိစ္စကြီးကို လူသိရှင်ကြား ထုတ်ဖော်ချင်တယ်။ ကျုပ်ထင်တာက ဒီကိစ္စရဲ့ အကျိုးဆက်က အရမ်းကို ကြီးမားတယ်။ ဒါကြောင့် လျန်ကျင်းရဲ့ မိသားစုနဲ့ ပျံ့ချန်တို့ကို သတ်ဖြတ်ဖို့ပဲ ဆုံးဖြတ်လိုက်တာ။”
“အင်း... မင်း ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တယ်။ ဒီကိစ္စသာ ပေါ်သွားရင် အကျိုးဆက်က အရမ်းကို လေးနက်လိမ့်မယ်။ ပြီးတော့ နိုင်ငံ့ရဲ့သမိုင်းမှာ အကြီးမားဆုံး ကိစ္စရပ်ကြီးပဲ။ နင်ကျန်းက ကောင်းမွန်တယ်။ လူမှန်တစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ သူက နည်းနည်းလေး တုံးအသေးတယ်။ အရာအားလုံးကို မှန်ကန်တယ် ဆိုပြီး လိုက်လုပ်နေရုံနဲ့ လုံလောက်လိမ့်မယ်လို့ သူက ထင်ခဲ့တယ်။ ဒါပေမဲ့ မဟုတ်ဘူး။ သူ့အနေနဲ့ ပျံ့ဖေးရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ရလိမ့်မယ်။
အချက်အလက်အားဖြင့် ပျံ့ဖေးရဲ့ နာမည်ကို ရှင်းလင်းပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လောကကြီးထဲမှာရှိတဲ့ လူတွေအကုန်လုံးက ဆိုးယုတ်ကြတယ်။ ဒီတော့ ကောင်းမွန်တဲ့အရာတွေကို မေ့ပျောက်ဖို့ လွယ်ကြပြီး ဆိုးယုတ်တဲ့ အရာတွေကို မှတ်ထားကြတယ်။ ပျံ့ဖေးရဲ့ ဂုဏ်သိက္ခာသာ ပျက်စီးသွားမယ်ဆိုရင် သူမရဲ့ ဘဝကလည်း ပျက်စီးသွားလိမ့်မယ်။ သူမက အနာဂတ်မှာ မိဖုရားကြီးတစ်ပါးအနေနဲ့တောင် ဆက်လက် နေထိုင်ဖို့ မဖြစ်နိုင်လောက်တော့ဘူး။”
ပြီးနောက် နင်ယွမ်ရှန်းက မေးလိုက်၏။ “ယင်ယွမ်အဖွဲ့အစည်းရဲ့ ရှုပိုတောက်က ဒီကိစ္စကို အခွင့်အရေး ယူပြီးတော့ ဒုက္ခပေးနိုင်မယ်လို့ ထင်လား။ သူက စပြီးတော့ လျန်ဟွာနန်းဆောင်ရဲ့ အရှုပ်အထွေးတွေကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ထင်လား။ သူကစပြီးတော့ ပျံ့ဖေးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်နိုင်လိမ့်မယ်လို့ ထင်လား။”
ခဏလောက် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အဲလို မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ယင်ယွမ်အဖွဲ့အစည်းအတွက် ဒီလိုကိစ္စမျိုးကို လုပ်မယ်ဆိုရင် လုံလောက်တဲ့ ရင့်ကျက်မှုမရှိဘဲ ဖြစ်သွားလိမ့်မယ်။
အရေးကြီးဆုံးကိစ္စက ယင်ယွမ်အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စကိုထုတ်ဖော်လိုက်မယ်ဆိုရင် မိဖုရားကြီးပျံ့ဖေးရဲ့ ဂုဏ်သိက္ခာက ပျက်စီးသွားလိမ့်မယ်။ ဒါပေမယ့် အဲဒါက မင်းကြီးပျံ့ရှောင်းရဲ့ အမုန်းတရားတစ်ခုကို ဆွဲဆောင်သလို ဖြစ်လိမ့်မယ်။ ကျုပ်သာ တကယ်တမ်း ပျံ့ချန်ကိုသာ သတ်ဖြတ်ပစ်လိုက်မယ်ဆိုရင် ယင်ယွမ်အဖွဲ့အစည်းရဲ့ မျက်လုံးထဲမှာ ပျံ့ဖေးနဲ့ မင်းကြီးပျံ့ရှောင်းတို့ရဲ့ အမုန်းတရားတွေက ကျုပ် အပေါ် ကျလာလိမ့်မယ်။ ဒီလိုကိစ္စရပ်တွေပြီးမှ သူတို့က လျန်ဟွာနန်းဆောင်ရဲ့ အရှုပ်ထွေးကိစ္စကို ထုတ်ဖော်လိုက်မယ်ဆိုရင် သူတို့အားလုံးက ကျုပ် တစ်ယောက်တည်းကိုပဲ မူတည်ပြီး မုန်းတီးတော့မှာပေါ့။ သူတို့ စီစဉ်ခဲ့တာ အဲလိုပဲ။ ကျုပ်ကလည်း အဲလမ်းအတိုင်း လျှောက်ခဲ့တယ်။”
ထို့ကြောင့်ပင်လျှင် ရှမ့်လန်က ပျံ့ချန်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ ဤမိန်းမက သတ်ဖြတ်ခံရရန် ထိုက်တန်သူ တစ်ယောက် ဖြစ်၏။ ယောက်ျား၏ ဆိုးယုတ်သည့် မှုခင်းဖြစ်ရပ်များကို သိရှိပြီးသည့်အချိန်မှာတောင်မှ ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ကူညီခဲ့သေး၏။ သူမက မိဘမဲ့ ကလေးများကို ရောင်းချသည့် အဆိုးဝါးဆုံးသော အရာကိစ္စရပ်များကို ပြုလုပ်ရန် အားပေးကူညီခဲ့၏။
“ကောင်းတယ်။ အရမ်းကောင်းတယ်။”
ဘုရင်မင်းမြတ်က အံကိုကြိတ်လိုက်၏။ ပြီးနောက် ရှမ့်လန်ကို စိတ်လှုပ်ရှားနေသည့် မျက်လုံးဖြင့် ကြည့်ရှု၏။ ရှမ့်လန် ပြုလုပ်လိုက်သည့် အချိန်တွင် သူက နင်ကျန်းကို ဘေးတစ်ဖက်တွင် ဖယ်ထားခဲ့၏။
မင်းကြီး ပျံ့ရှောင်းဆီမှ ဖြစ်တည်လာနိုင်သည့် ဒေါသတရားအားလုံးကို သူတစ်ယောက်တည်း ရင်ဆိုင်ရန် ပြင်ဆင်ခဲ့၏။ ဘုရင်မင်းမြတ်က တကယ်ပင် စိတ်လှုပ်ရှားခဲ့၏။ ရှမ့်လန်၊ ဤကလေးက သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံသည့် လူများကို တကယ့်ကို ကောင်းမွန်တတ်သည့် လူတစ်ယောက် ဖြစ်နေ၏။
“အင်း.. အစ်ကိုတော် ပျံ့ရှောင်းနဲ့ပတ်သက်ပြီးတော့ မင်း စိုးရိမ်ပူပန်စရာ မလိုဘူး။ သူက အားကောင်းတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ရဲ့အမူအကျင့်တွေမှာ ပြစ်ချက်တွေလည်း ရှိနေသေးတယ်။ သူက ပါရမီရှင် ညွှန်ကြားသူ တစ်ယောက်ပဲ။ တချို့ကိစ္စရပ်တွေမှာတော့ သွေးပူလွန်းအားကြီးတယ်။ ဒါပေမဲ့ ဘေးတစ်ဖက်မှာ ကျန်းချုံးရှိနေတယ်ဆိုတော့ ငါ စိတ်အေးသက်သာပါတယ်။
ဒါပေမဲ့ ကိစ္စရပ်တစ်ခု ရှိသေးတယ်။ အစ်ကိုတော်ပျံ့ရှောင်းက မကောင်းတဲ့ကိစ္စရပ်တွေကို မုန်းတယ်။ မင်းက မိဖုရားကြီးပျံ့ကို ကာကွယ်ဖို့ ပျံ့ချန်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒီကိစ္စကို သူက ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်လို့ ထင်တယ်”
ခဏအကြာမှာပဲ ဘေးတစ်ဖက်မှ လီစွမ်းက ပြောလိုက်သည်။ “အရှင်မင်းကြီး.... မင်းသား နင်ကျန်း ရောက်လာပါတယ်”
ဘုရင်မင်းမြတ်က မျက်မှောင်ကုတ်လိုက်၏။ နင်ကျန်း တစ်ညအတွင်း ရောက်ရှိလာသည်ဆိုခြင်းမှာ ဘာအဓိပ္ပာယ်နည်း။
“သူ့ကို ဝင်ခိုင်းလိုက်။” နင်ယွမ်ရှန်းက အေးစက်စက် ပြောလိုက်၏။
နင်ကျန်းက ဝင်လာ၏။ ပြီးနောက် နင်ယွမ်ရှန်းကို ဦးတိုက်ကာဖြင့် ပြောလိုက်သည်။ “ဂါရဝပြုပါတယ် အဖေ”
နင်ယွမ်ရှန်းက အေးစက်စက် မေးလိုက်၏။ “ညနက်သန်းခေါင်ကြီး ဘာလုပ်ချင်လို့လဲ”
နင်ကျန်းက မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် ရှမ့်လန်ကို ဦးညွတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် အစ်ကိုရှမ့်”
နင်ယွမ်ရှန်းက ကြောင်အသွားခဲ့၏။ သူ၏သားက ညံ့ဖျင်းပုံပေါ်၏။ သို့ပေမည့် နှလုံးသားတစ်ခုလုံးက ပွင့်လင်းပြီး တောက်ပလွန်းလှချေ၏။
“အင်း... နင်ကျန်း၊ တခြားကိစ္စ ရှိလို့လား။”
နင်ယွမ်ရှန်း၏ အသံက ကြင်နာသွားခဲ့သည်။ “တခြားကိစ္စ မရှိဘူးဆိုရင် မင်းအမေကို သွားပြီးတော့ နှစ်သိမ့်ပေးလိုက်အုံး”
“ကောင်းပါပြီ။” နင်ကျန်းက ပြောလိုက်၏။ ပြီးနောက် သူက အနောက်ဘက် အခန်းထဲသို့ ဝင်ရောက်သွားခဲ့၏။
ခဏအကြာမှာတော့ အထဲမှ အသံများ ကြားရ၏။ ချက်ချင်းပဲ နင်ကျန်း ရောက်လာချိန်၌ မိဖုရားကြီးပျံ့က သူမ၏ စိတ်ထဲမှ စကားလုံးများကို ထုတ်ဖော်ပြောကြားနေခြင်း ဖြစ်ပေလိမ့်မည်။ သူမက ငိုယိုနေ၏။ အဘယ်ကြောင့် လောကကြီးထဲတွင် ဤကဲ့သို့ ဆိုးယုတ်သည့် အကြောင်းအရာမျိုး ရှိနေသနည်းဟု မေးမြန်းလျက် ရှိနေသည်။
ပျံ့ချန်က တကယ့်ကို စိတ်ပျက်စရာ ကောင်းသည်ဆိုသော စကားကိုသာ သူမက ထပ်တလဲလဲ ပြောနေ၏။ နင်ကျန်းက မည်သို့ တုံ့ပြန်ရမှန်း မသိချေ။ ထိုနေရာတွင် ဒူးထောက်ပြီး အသာငြိမ်သက်ကာ နားထောင်လျက် ရှိနေ၏။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ရှမ့်လန်.. ငါ့အမိန့်တော် လိုအပ်သေးလား။”
အိမ်ရှေ့စံမင်းသား ထိုအရာကို ကြားလျှင် ကျိန်းသေပေါက် တုန်လှုပ်ပေးလိမ့်မည်။ နင်ယွမ်ရှန်းက ယင်ယွမ်အဖွဲ့အစည်းကို ဘုရင်တစ်ပါးအနေနှင့် တိုက်ခိုက်ချင်၏။ သူက ရှိသမျှ အားအင်အကုန်ကို အသုံးပြုပြီး ယင်ယွမ်အဖွဲ့အစည်းကို ဖျက်ဆီးချင်၏။
ရှမ့်လန်က ချက်ချင်းပဲ ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ဘူး ..လုပ်လို့မဖြစ်သေးဘူး။”
သူက ရှုပိုတောက်နှင့် ရှုတင်းယုတို့ကို တိုက်ခိုက်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ပုဂ္ဂိုလ်ရေးအရ ရန်ငြှိုးများ ရှိသောကြောင့်ပင်။ အရှင်မင်းကြီးကလည်း ယင်ယွမ်အဖွဲ့အစည်းကို တိတ်တဆိတ် ကြိတ်ကာ တိုက်ခိုက်နိုင်၏။ သို့ပေမည့် ပွင့်ပွင့်လင်းလင်း ဖျက်ဆီး၍ မဖြစ်နိုင်ချေ။ အရှင်မင်းကြီးက ယင်ယွမ်အဖွဲ့အစည်းပေါ်တွင် များပြားလွန်းသည့် အကြွေးများ တည်ရှိနေ၏။
ယင်ယွမ်အဖွဲ့အစည်းကလည်း အားကောင်းလွန်း၏။ သူတို့၏ အနောက်ဘက်တွင် တော်ဝင်ရန်အင်ပါယာ ရှိနေသေး၏။ ယင်ယွမ်အဖွဲ့အစည်းကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်သည်ဆိုသည်နှင့် အကျိုးဆက်က ခန့်မှန်း၍မရနိုင်သည့် အရာမျိုး ဖြစ်လာပေလိမ့်မည်။
နင်ယွမ်ရှန်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ရွှဲ့ပြည်နယ်၏ ဘုရင်တစ်ပါးအနေနှင့် သူက ယင်ယွမ် အဖွဲ့အစည်းကို ဘာမှလုပ်၍ မရနိုင်ကြောင်းကိုတော့ ဝန်ခံမိ၏။ အိမ်ရှေ့စံမင်းသား၊ ယင်ယွမ်အဖွဲ့အစည်းနှင့် ကျူးမိသားစု ဤသုံးဖက်သုံးဖလှယ်၏ အနောက်ဘက်တွင် တော်ဝင်ရန်အင်ပါယာ တည်ရှိနေ၏။ အိမ်ရှေ့စံမင်းသား ဤမျှမောက်မာပြီး ဘုရင်မင်းမြတ်ဖြစ်သော သူ့ကို ထိပ်တိုက်ရင်ဆိုင်ရဲသည်ဆိုခြင်းမှာ အံ့အားသင့်စရာ မရှိချေ။
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ယင်ယွမ်အဖွဲ့အစည်းက ငါ့ကို ထပ်တလဲလဲ ဒုက္ခရောက်စေခဲ့တယ်။ ငါ့ကို ဒေါသ ထွက်စေခဲ့တယ်။ ပြီးတော့ မင်းနဲ့ ပျံ့ဖေးကိုတောင်မှ ပြဿနာရှာခဲ့သေးတယ်။ အခု ငါတို့ သူတို့ကို လွှတ်ပေးရမှာလား”
“မဟုတ်ဘူး။ ကျုပ်တို့ သူတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ပွဲကြီးပွဲကောင်း တစ်ခုကို စောင့်နေလိုက်။ ပြီးတော့ အရှင်မင်းကြီး အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီပွဲက ယင်ယွမ်အဖွဲ့အစည်းနဲ့ အိမ်ရှေ့စံမင်းသားတို့ သွေးပွက်ပွက်အန်မယ့် ပွဲမလို့ပဲ။ ဒီပွဲက တကယ့်ကို အံ့အားသင့်စရာကောင်းပြီး ကြီးမားတဲ့ ပွဲမျိုး ဖြစ်လိမ့်မယ်”
ရှမ့်လန်၏ အစီအစဉ်အရဆိုလျှင် ရွှဲ့ပြည်နယ်တွင် ရှိနေသည့် ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ် တစ်ခုလုံးကို မြေပေါ်သို့ ပစ်လှဲမည့် အကြံပင် ဖြစ်၏။ သို့ပေမယ့် ထိုအရာက အစသာလျှင် ရှိနေသေး၏။
“ဘယ်အချိန်လဲ။” ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက မေးလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “၃ ရက်ကြာရင်။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အင်း... ဒါဆိုရင် ငါ မျှော်လင့်နေမယ်။”
...........
သုံးရက်က မြန်မြန်ဆန်ဆန်နှင့် ကုန်လွန်သွားခဲ့၏။
အပိုင်း (၅၈၆)
ပန်းမင်းသား လျန်ကျင်း၏ တစ်မိသားစုလုံး အညှာအတာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး လျန်ကျင်းနှင့် သူ၏မိန်းမတို့ပါ ပျောက်ဆုံးလျက်ရှိ၏။ ဤဖြစ်ရပ်က နန်းမြို့တော်တစ်ခွင်လုံးတွင် ကြီးမားသည့် လှိုင်းဂယက်ကြီး ဖြစ်စေခဲ့၏။ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သည့် နာကျည်းမှုက အမှန်တကယ်ပင် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီလား။ မည်ကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားခဲ့သနည်း။
သာမန်အရပ်သားများ မသိရှိကြသော်လည်း ဂုဏ်သရေရှိကြသည့် နန်းတွင်းအမှုထမ်း တော်တော်များများတို့က ချန်းဖန်မြို့စားအိမ်တော်ဆီမှ ကျိုးရိချမ်က နာကျည်းမှု ဖြစ်ကြောင်း သိရှိထားကြ၏။ ကျိုးရိချမ်က ရာထူးအားဖြင့် ထောင်စုမှူး ရာထူးသာ ဖြစ်သော်လည်း နွေဦးအကြိုစစ်ဆင်ရေး၏ အဆင့်မြင့်ဆုံးသော စစ်သူကြီးတစ်ယောက် ကဲ့သို့ပင် ဖြစ်ခဲ့၏။
ထိုသို့ဆိုလျှင် တစ်စုံတစ်ယောက်က သူအဖြစ် အယောင်ဆောင်ကာဖြင့် လျန်ကျင်း မိသားစု တစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့သည်လား။ ထိုအရာကို မည်သည့်သူရဲကောင်းများ ပြုလုပ်ခဲ့သနည်း။ မည်မျှ အစွမ်းထက် ခဲ့သနည်း။ နာကျည်းမှုအဖြစ် အယောင်ဆောင်ခဲ့ရုံသာမက နန်းမြို့တော်တွင် ဤကဲ့သို့ ကြီးကျယ်မြင့်မြတ်သည့် မြို့စောင့်တပ်ကြီးက အရှိန်အဟုန်ကောင်းကောင်းဖြင့် လှုပ်ရှားနေသည့်အချိန်တွင် ရဲတင်းစွာဖြင့် အယောင်ဆောင် ပြုမူရဲခဲ့သည်လား။
မျှော်လင့်ထားသည့် အတိုင်းပင် ထိုအကြောင်းအရာကို သိရှိသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်က အမျက်ဒေါသ ထွက်ခဲ့၏။ ပြီးဆုံးလုနီးပါး ဖြစ်နေသည့် နွေဦးအကြို စစ်ဆင်ရေးက တစ်ဖန် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွား၏။ မြို့စောင့်တပ်ဖွဲ့ဝင်များက ဒီရေလှိုင်းများပမာကဲ့သို့ပင် တည်နေရာအနှံ့ဆီသို့ ဖြန့်ကျက်ပြီး လူပေါင်းများစွာတို့ကို ရူးရူးမူးမူး ဖမ်းဆီးကြ၏။
နာကျည်းမှုကလည်း အပြင်းအထန် ဒေါသထွက်ခဲ့ရ၏။ သူက ဤအယောင်ဆောင်သူကို သူကိုယ်တိုင် ဖမ်းဆီးပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်မည်ဟု ကျိန်ဆိုခဲ့၏။ နန်းမြို့တော်က တဖန် ပြဿနာ တက်ရပြန်၏။ အဖမ်းခံသင့်သူ၊ မခံသင့်သူ မခွဲခြားတော့ဘဲ လူအားလုံးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။
နန်းမြို့တော် တစ်ခွင်လုံးကလည်း အထိတ်တလန့် ဖြစ်နေ၏။ သို့သော်ငြား လုံခြုံရေးက အလွန် ကောင်းမွန်လာခဲ့သည်။ လုယက်မှု၊ လူသတ်မှုများကို ဖော်ပြရန်ပင် မလိုချေ။ အသေးအမွှား ခိုးမှုများပင် မရှိတော့ချေ။
ဤအထူးကာလများတွင် တစ်ပြား၊ နှစ်ပြားမျှရှိသော ခွေးများကို ခိုးယူလျှင်ပင် ကြီးလေးသည့် ပြစ်ဒဏ်ကို ကျသင့်၏။ မိုင်းတွင်းများ၌ တစ်သက်တစ်ကျွန်း အလုပ်အကြွေး ပြုရ၏။ သို့မဟုတ် နယ်နှင်ခြင်း ခံရ၏။
.......
ယင်ယွမ်အဖွဲ့အစည်း ဌာနချုပ်က နန်းမြို့တော်အတွင်း ထင်ရှားသည့် အဆောက်အဦးကြီးဖြစ်သည့် 'ကျေးဇူးတော်မျှော်စင်ကြီး' ဖြစ်၏။ ထိုအရာကို နန်းမြို့တော်သားတို့က ကျက်သရေနန်းဆောင်ဟုလည်း ခေါ်ကြသည်။ နှစ်ပေါင်း ၁၀၀ ကျော်တည်းက တည်ဆောက်ခဲ့ကြပြီး နန်းမြို့တော်၏ အမှတ်အသားတစ်ခုလည်း ဖြစ်ခဲ့၏။ အဆောက်အအုံ အမြင့်ကြောင့်သာမက နောက်ကွယ်ရှိ ဇာတ်လမ်းကြောင့်လည်း ပါသည်။
မြို့တော်၌ မြစ်နှစ်သွယ်ရှိ၏။ တစ်ခုက မြောက်မှတောင်သို့ စီးဆင်းသည့် ကောင်းကင်မြစ်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ အနောက်မှ အရှေ့ဆီသို့ စီးဆင်းသည့် ရွှဲ့မြစ်ပင် ဖြစ်၏။ ဤမြစ်နှစ်ခုဆီမှ ရေများက သန့်ရှင်း၏။ မြစ်ဟု ခေါ်ဆိုသော်လည်း မြစ်ကြီးများနှင့်လည်း မခြားချေ။
နင်မျိုးနွယ်၏ ဘိုးဘေးများက တိုင်းပြည်ကို သိမ်းပိုက်ပြီးနောက် ဤနေရာက မဆိုးဟုယူဆပြီး မြို့တော်အဖြစ် ထျန်းရွဲ့မြို့ကို သတ်မှတ်ကာ နေထိုင်ခဲ့ကြ၏။ မြစ်နှစ်သွယ် စုဆုံရာ နေရာတွင် ထျန်းရွဲ့မြို့ကို တည်ဆောက်ခဲ့၏။ ထျန်းရွဲ့မြို့ရှိ လူသန်းပေါင်းများစွာတို့၏ ရေလိုအပ်ချက်က ဤမြစ်နှစ်သွယ်အပေါ် မှီခိုလျက်ရှိ၏။
ကောင်းကင်မြစ်နှင့် ရွှဲ့မြစ်တို့က နန်းမြို့တော်တစ်ခုလုံး၏ မိခင်မြစ်များ ကဲ့သို့ပင် ဖြစ်၏။ ထိုအရာက ရေတွက်၍ မရနိုင်လောက်အောင် များပြားသည့် သက်ရှိများကို အလုပ်အကျွေး ပြုစုခဲ့၏။ သို့သော်ငြား ဘေးအန္တရာယ် များစွာကို ဖြစ်စေခဲ့၏။ နန်းမြို့တော်ရှိ မြေမျက်နှာပြင်က ပြန့်ပြူး၏။ မိုးသက်မုန်တိုင်းများ ကျဆင်းသည်နှင့် ရေကြီးရေလျှံမှုကို အလွယ်တကူ ဖြစ်စေနိုင်၏။ ရေလွှမ်းမိုးမှုကို လမ်းကြောင်းလွှဲနိုင်ရန် ယခင်တုန်းက ဘုရင်များက စွန့်စွန့်စားစားဖြင့် မြစ်လက်တက်များကို တူးဖော်ခဲ့သည်။
နှစ်ပေါင်းရာချီကြာမြင့်ပြီးနောက် နန်းမြို့တော်တွင် မြစ်လက်တက်ပေါင်းများစွာကို တူးဖော်နိုင်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းလျှင်ပင် ဤမြစ်နှစ်သွယ်က ရေမလျှံနိုင်တော့ချေ။
သို့သော်ငြား ထူးဆန်းသည့် အခြေအနေတစ်ခုကတော့ အစဉ်အမြဲ ရှိ၏။ နှစ်စဉ် တတိယလ၏ ၁၀ ရက် ဝန်းကျင်တွင် ဤငြိမ်သက်နေသော မြစ်နှစ်ခုက ရုတ်တရက် ရူးသွပ်စွာ ဒီရေ မြင့်တက်တတ်၏။ ချက်ချင်း ဆိုသလို ထိတ်လန့်ဖွယ်ရာ ဒီရေများ တက်လာ၏။ မိုးမရွာသည့်တိုင် တစ်ခါတစ်ရံ ရေမျက်နှာပြင် မမြင့်မားသည့် တိုင်အောင် ဒီရေလှိုင်းများ ပေါ်လာတတ်၏။
ထို့ပြင် ၁၀ နှစ်လျှင် တစ်ကြိမ် ဤဒီရေလှိုင်းများက အထူးတလည် ထိတ်လန့်စရာကောင်း၏။ အမြင့်ပေ ၁၀ ဂဏန်းထိပင် ရောက်ရှိတတ်၏။ မြစ်တစ်ခုဆိုလျှင် ပြဿနာမရှိသော်လည်း အဓိကအချက်အားဖြင့် မြစ်နှစ်ခုလုံး တပြိုင်နက်တည်း ဒီရေတက်ခြင်း ဖြစ်သည်။
မြစ်နှစ်ခု၏ ဒီရေလှိုင်းများက ဆုံမှတ်တစ်ခုတွင် ပြင်းထန်စွာ တိုက်မိကြရာ ပိုမိုက ဒေါသထွက်သည့် လှိုင်းလုံးများအဖြစ် ဖန်တီး ဖြစ်ပေါ်လာခဲ့၏။ ဒီရေတက်တိုင်း မြစ်ကမ်းဘေးရှိ အိမ်များ ပျက်စီး၏။ မရေတွက်နိုင်သည့် လူများ ရေနစ် သေဆုံးကြ၏။
အချိန်ကြာလာသည်နှင့်အမျှ ဤမြစ်နှစ်သွယ် ဆုံရာနေရာကို မည်သူမှ မနေရဲတော့ဘဲ မကောင်းဆိုးဝါး နေရာအဖြစ် သတ်မှတ်လာခဲ့ကြ၏။ ဤနေရာက သရဲခြောက်သည်ဟုပင် ပြောဆိုကြသည်။
နောက်ပိုင်း ယင်ယွမ်အဖွဲ့အစည်းက မြို့တော်သို့ ရောက်ရှိလာခဲ့ပြီး နေရာပေါင်းများစွာကို ရွေးချယ်၏။ နောက်ဆုံး ဤနေရာကို ရွေးချယ်ခဲ့၏။ မြစ်နှစ်သွယ်ဆုံစည်းရာနေရာ၊ ကောင်းကင်နှင့် ဖုန်းရွှေသဘော ရှိသည့် ဘဏ္ဍာမြေဟုလည်း ဆို၏။
အမှန်စင်စစ်အားဖြင့် နှစ်စဉ် ဒီရေတက်ချိန်တွင် ဒေါသထွက်နေသည့် နဂါးတစ်ကောင်၏ တိုက်ခိုက်နေခြင်းမျိုးနှင့် ဤနေရာက ကြုံရ၏။ သို့ပေမည့် ဒေါသထွက်နေသည့် နဂါးနှစ်ကောင်ကို အိပ်ပျော်သွားစေမည့် နည်းလမ်းကိုသာ ရှာတွေ့သည်ဆိုပါက အန္တရာယ် ကင်းဝေးပေလိမ့်မည်။
ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်းက ရေအရင်းအမြစ် ပညာရှင်၊ ဆောက်လုပ်ရေး ပညာရှင်နှင့် နက္ခတ္တဗေဒဆိုင်ရာ ပညာရှင် ဒါဇင်ပေါင်းများစွာတို့ကို ခေါ်ယူခဲ့၏။ အကြောင်းရင်းကို ရှာဖွေခဲ့၏။ အဘယ်ကြောင့် မိုးမရွာဘဲ၊ ရေမျက်နှာပြင်က အလွန်နိမ့်သော်ငြားလည်း ဒီရေက အလွန်အမင်း တက်နေရသနည်း။
နောက်ဆုံးမှာတော့ ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်တစ်ဦးက အကြောင်းရင်းကို ကောင်းကင်မှ နေနှင့် လကြောင့်ဟု ပြောဆိုခဲ့၏။
အံ့အားသင့်စရာပင်။ ထိုအချိန်၌ သူတို့က အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ခဲ့၏။ ဒီရေက နှစ်စဉ် ၈ လပိုင်း လောက်တွင် တက်၏။ နေ၊ ကမ္ဘာနှင့် လတို့က တစ်ညီတည်း ဖြစ်နေခြင်းအပြင် ပြင်းထန်သည့် ဆွဲအားနှင့် ကမ္ဘာကြီး ဗဟိုဆွဲအားတို့၏ သက်ရောက်မှုကြောင့် ဒီရေလှိုင်းကြီးများ ဖြစ်ပေါ်လာခြင်းပင်။
ကောင်းကင်ပင်လယ် နန်းဆောင်မှ ပညာရှင်များက အသေးစိတ်ကို ရှင်းပြနိုင်ခြင်း မရှိသော်လည်း ထိုအရာကို အားလုံးက အပေါ်ယံ သိရှိသွားကြသည်။ အကြောင်းရင်းကို သိရှိပြီး ဖြစ်၏။ သို့သော်ငြား မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းရမည်နည်း။
ဆည်ဆောက်ရမည်လား။ ထိုအရာမှာ ဖြေရှင်းနည်းတစ်ခု ဖြစ်သော်လည်း ဆည်ကို မည်မျှ ရှည်လျားစွာ ဆောက်လုပ်ရမည်နည်း။
ထိုအပြင် နှစ်စဉ် ဒီရေတက်သည့် အချိန်က ရက်အနည်းငယ်သာလျှင် ဖြစ်၏။ မြစ်နှစ်သွယ်ဆုံရာသည့် နေရာ၏ ဒီရေသက်ရောက်မှုက ပေ ၁၀ ဂဏန်းနီးပါးကျော် ရှိ၏။ ဆည်ကို မည်ကဲ့သို့ တည်ဆောက်ရမည်နည်း။ ထို့အပြင် ဒီရေက အလွန်မြင့်မားသော်လည်း ကြီးမားခြင်း မရှိချေ။ ရေထုကလည်း မကြီးမားပေ။
ထို့ကြောင့် ရေအရင်းအမြစ် ပညာရှင်များက ရေကို လမ်းကြောင်းလွှဲရန် မြေအောက်မြစ် တစ်ခု တူးဖော်မည်ဟု အဆိုပြုခဲ့၏။ မြေအောက်မြစ်ဆိုသည်က မြေအောက်၌ ရေတံခါးတစ်ခုကို တည်ဆောက်ပြီး ပုံမှန်အားဖြင့် ပိတ်ထားကာ ရေဆင်းမြောင်းအဖြစ် အသုံးပြု၏။ ဒီရေတက်လာသည့် အချိန်တွင် မြေအောက်မြစ်၏ ရေတံခါးကို ဆွဲဖွင့်လိုက်မည်။ ထိုနည်းဖြင့် တက်လာသည့် ဒီရေများက မြေအောက်မြစ်ထဲသို့ တိုက်ရိုက် စီးဆင်းသွားမည် ဖြစ်ပြီး နောက်ထပ် ဒီရေလှိုင်းက မြင့်တက်နိုင်ခြင်း မရှိတော့ချေ။ ဤမြေအောက်မြစ်က တခြားသော မြစ်လက်တက်များ ဆီသို့ ဦးတည်သွားလိမ့်မည်။
အစီအစဉ်ကို အတည်ပြုပြီးသည့်နောက် ယင်ယွမ်အဖွဲ့အစည်းက ငွေကြေးများကို ထောက်ပံ့ကာဖြင့် ထျန်းရွဲ့မြို့၏ အုပ်ချုပ်ရေးမှုးရုံးနှင့် ပူးပေါင်းကာ မြေအောက်မြစ် လေးသွယ်ကို တူးဖော်ခဲ့၏။ တကယ်ပင် အံ့အားသင့်စရာ ကောင်း၏။ နှစ်စဉ် မြစ်နှစ်သွယ်ဆုံရာ၌ ဒီရေမြင့်တက်မှု မရှိတော့ချေ။ အကြောင်းရင်းက စုဆောင်းထားခဲ့သည့် ရေစွမ်းအားအားလုံးကို မြေအောက်မြစ်က ဝါးမျိုလိုက်သောကြောင့်ပင်။
ထို့နောက် ဤ ဧက ၃၀၀ ကျော်သော မြေနေရာက ယင်ယွမ်အဖွဲ့အစည်း ပိုင်ဆိုင်သည့် နေရာ ဖြစ်လာ၏။ ကျေးဇူးတော်မျှော်စင် (ကျက်သရေနန်းဆောင်) ကို တည်ဆောက်ရန် ၃ နှစ် အချိန်ယူခဲ့၏။ ၇ ထပ် မိုးမျှော်တိုက်ကြီးက နန်းမြို့တော်၏ အံ့အားသင့်ဖွယ်ရာတစ်ခု ဖြစ်လာခဲ့၏။ အဆောက်အအုံကို နဂါးနှိမ်နင်းမျှော်စင် ဟုပင် ခေါ်ဝေါ်ကြ၏။ ထိုအဆောက်အအုံ ရှိခြင်းကြောင့်သာ ထျန်းရွဲ့မြို့၏ မြစ်နှစ်သွယ်ဆီမှ နဂါးဘုရင်က ဖိနှိပ်ခြင်းခံထားရပြီး နှစ်စဉ် ဒီရေမတက်ဟု သတင်းကြီးသည်။
နှစ်ပေါင်း ၁၀၀ ကျော် ကြာပြီးနောက် ကျေးဇူးတော်မျှော်စင်က တည်တံ့ ခိုင်မြဲလျက် ရှိနေတုန်းပင်။ ထိုအရာက ရွှဲ့ပြည်နယ်၏ အချမ်းသာဆုံးသော နေရာတစ်ခုလည်း ဖြစ်၏။ သို့သော်ငြား ယင်ယွမ်အဖွဲ့အစည်း၏ လျှို့ဝှက်ဘဏ္ဍာတိုက်က ဤနေရာတွင် မရှိချေ။ မည်သည့်နေရာတွင် ရှိသနည်း ဆိုသည်ကတော့ လုံးဝ လျှို့ဝှက်ချက်ပင်။
ထို့ပြင် ယင်ယွမ်အဖွဲ့အစည်း၏ ဘဏ္ဍာတိုက်က ရွေ့လျားနေသောကြောင့် သတ်မှတ်ထားသော နေရာမရှိပေ။ ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်း၏ လုပ်ငန်းများ၊ စာရင်းစာအုပ်များနှင့် အချက်အလက် အားလုံးတို့က ဤကျေးဇူးတော်မျှော်စင်တွင် ရှိ၏။ ထိုအရာက ရွှေထက်ပင် ပိုမိုကာ အရေးကြီး၏။
ထို့ကြောင့် အချိန်တိုင်းနီးပါး ယင်ယွမ်အဖွဲ့အစည်း၌ စစ်သည်တော်တစ်ထောင်ကျော်က ကျေးဇူးတော် မျှော်စင်တွင် တပ်စွဲထားသည်။ ရေတွက်၍ မရနိုင်သော လျှို့ဝှက်ယန္တရား ၊ စက္ကောမ အတတ်ပညာများကိုလည်း ထည့်သွင်းထား၏။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း တပ်သားသောင်းနှင့်ချီ ဝင်ရောက်တိုက်ခိုက်မှသာလျှင် ဖြစ်နိုင်မည်။ ချောင်းမြောင်းလုယက်ပြီး ကျေးဇူးတော်မျှော်စင်ကို ထိုးဖောက်ဖို့ မဖြစ်နိုင်ချေ။
ရှမ့်လန်က ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်ကို မြေပြင်နှင့် ညီမျှအောင် ဖျက်ဆီးလိုသည်။ ထိုသို့ဆိုလျှင် ယမ်းမှုန့်များကို အသုံးပြုရမည်လား။ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယမ်းမှုန့် အမြောက်အမြားကို သယ်ယူရန် နည်းလမ်းမရှိသောကြောင့် ဖြစ်၏။ ကျေးဇူးတော်မျှော်စင်၌ ယင်ယွမ်အဖွဲ့အစည်း၏ ကျွမ်းကျင်သူ မည်မျှတပ်စွဲထားကြောင်း မည်သူမှ မသိရှိချေ။
ထို့ပြင် မြေအောက် လျှို့ဝှက်လမ်းများက ရှုပ်ထွေးပွေလီလျက် ရှိပြီး လျှို့ဝှက်တံခါးများ၌ ယန္တရားပေါင်း များစွာ ရှိနေ၏။ ထိုအရာက ကာကွယ်ရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲသည့် အရာမျိုးပင်။ ထို့ပြင် ကျေးဇူးတော်မျှော်စင်၏ ခိုင်ခံ့မှုက စိတ်ကူးနှင့် တွေးထင်ထားသည်ထက်ပင် ပိုမိုကာ ကျော်လွန်နေ၏။
ကျေးဇူးတော်မျှော်စင်၏ အောက်တွင် သံမဏိတိုင်ကြီး ကိုးတိုင်ကို အခြေချပြီး မြေအောက်သို့ ၁၀ မီတာကျော် စိုက်ထည့်ထားသည်။ သံတိုင်တစ်ခုချင်းစီတိုင်းက လူတစ်ဦး၏ပေါင်လုံးခန့် ထူထဲ၏။ သံက အလွယ်တကူ သံချေးတက်နိုင်သောကြောင့် ဤသံတိုင်များကို နှစ်အနည်းငယ်ခြားတိုင်း သုတ်ဆေးနှင့် အဆီလွှာများ သုတ်ကာ ထိန်းသိမ်းပြုပြင်၏။ ထို့ကြောင့် ငလျင်လှုပ်သည့်တိုင်အောင် ဤ ၇ ထပ် ကျေးဇူးတော်မျှော်စင်ကြီးက အနည်းငယ်သာလျှင် တုန်ခါပြီး ပြိုကျခြင်း မရှိချေ။
စင်စစ် လူများစွာတို့၏ စိတ်ထဲတွင် နန်းတော်ပြိုကျသွားလျှင်ပင် ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်က ပြိုကျသွား လိမ့်မည်မဟုတ်ဟု ထင်မှတ်ကြ၏။ ဤအရာက အလိုလို သိစိတ်ပင်။ နှစ်ပေါင်း ၁၀၀ ကျော် ကုန်လွန်သွားခဲ့၏။ ဤကျေးဇူးတော်မျှော်စင်က ယင်ယွမ်အဖွဲ့အစည်း၏ အမှတ်အသားနှင့် မာနတရား၊ ဂုဏ်သိက္ခာတရားလည်း ဖြစ်၏။ တကယ်တော့ ထိုအရာက ယင်ယွမ်အဖွဲ့အစည်း မကျရှုံးနိုင်ကြောင်း ကိုယ်စားပြုသည့် အထိမ်းအမှတ် သင်္ကေတ တစ်ခုကဲ့သို့ပင်။
ကျေးဇူးတော်မျှော်စင်၏ အပေါ်ဆုံးထပ်မှာတော့ ...
“အဖေ... လျန်ဟွာနန်းဆောင်ရဲ့ အရှုပ်တော်ပုံကို ဖော်ထုတ်သင့်လား။” ရှုတင်းယုက မေးမြန်းလိုက်၏။
ဝမ်းနည်းစရာဖြင့် ဤအစီအစဉ်က အလွန်နက်နက်ရှိုင်းရှိုင်းနှင့် သူတို့ ဖုံးကွယ်ထားခဲ့သည် ဆိုသော်လည်း အောင်မြင်မှု မရခဲ့ချေ။ ပန်းမင်းသားလျန်ကျင်းက လှပသည့် မိန်းကလေးများကို ပြင်ဆင်ပြီး ရှမ့်လန်၏ အိပ်ရာပေါ်သို့ ပို့ဆောင်ရန် စီစဉ်ထား၏။ ပထမဦးဆုံး ဤလှပသည့် မိန်းကလေးများကို ရွှေတောင်နန်းဆောင်သို့ ပို့လွှတ်ပြီး ဤလူများက ကောင်းကောင်းမွန်မွန် အလုပ်လုပ်ရပေလိမ့်မည်။ ပြီးနောက်မှ ရှောင်ပင်း၏ ဘေးဆီသို့ အစေခံများအဖြစ် ပို့ဆောင်ရန် နည်းလမ်းရှာဖွေရပေလိမ့်မည်။
ရှမ့်လန်က မည်သို့သောသူ ဖြစ်သနည်း။ အောက်တန်းစား တစ်ယောက် ဖြစ်၏။ ဤမျှ လှပသည့် မိန်းကလေးများကို မြင်လျှင် အဘယ်သို့ အိပ်စက်ခြင်းမပြုဘဲ နေမည်နည်း။ အထူးသဖြင့် နူးညံ့ပြီး ထူးချွန်ထက်မြက်သည့် မိန်းကလေး တချို့ကို နန်းတော်ဆီသို့ပို့ဆောင်ပြီး မိဖုရားကြီးပျံ့၏ နန်းတွင်း အစေခံများအဖြစ် ဖြစ်လာရန်လည်း နည်းလမ်းရှာထားသေးသည်။
အဘယ်ကြောင့်ဆိုသော် မိဖုရားကြီးပျံ့က အလွန်သနားကြင်နာတတ်သည့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး လျန်ဟွာကျောင်းသို့ပင် လာရောက်လည်ပတ်ခဲ့ပြီး ကျောင်းမှ မိန်းကလေးများကို ချီးကျူးခဲ့သေးသည်။ သို့ပေမည့် ဝမ်းနည်းစရာကောင်းအောင်ပင် ဤနင်ကျန်းဆိုသည့် လူမိုက်ကောင်က အချိန်မတန်မီ စောစောစီးစီး အရာအားလုံး ကို ဖော်ထုတ်ခဲ့၏။
ယင်ယွမ်အဖွဲ့အစည်း၏ အကြီးအကဲရှုပိုတောက်က တုန်လှုပ်နေ၏။ ယခု လျန်ဟွာနန်းဆောင်၏ အရှုပ်တော်ပုံကိုသာ ဖော်ထုတ်လိုက်ပါက မိဖုရားကြီးပျံ့နှင့် ရှမ့်လန်ကို ပုတ်ခတ်နိုင်မှာ သေချာ၏။ သို့ပေမည့် အချိန်မကျသေးခင် လျန်ကျင်းနှင့် ပျံ့ချင်းတို့က သေဆုံးသွားခဲ့သည်။ သက်သေ အထောက်အထားလည်း မရှိပေ။
အရေးကြီးဆုံးက ရှမ့်လန်က ပျံ့ချန်ကို သတ်ဖြတ်ဖြစ်ခဲ့၏။ ဤသည်က မိဖုရားကြီးပျံ့နှင့် ပျံ့ရှောင်းတို့ကို ရန်ငြိုးဖြစ်စေသင့်၏။ ရှမ့်လန်က တကယ့်ကို မောက်မာလွန်း၏။ ပျံ့မိသားစုအဖွဲ့ဝင်တစ်ဦးကို ထိုသို့ လွယ်လွယ်ကူကူ သတ်ဖြတ်၍ ရသည်လား။ သူမကို ပျံ့မိသားစုသို့ အပ်နှံလိုက်သင့်သည် မဟုတ်ပါလား။ သတ်လိုလျှင်ပင် ပျံ့မိသားစုက လုပ်သင့်၏။ ပျံ့ချန်၏ မိဘများက ဒေါသထွက်ကြပေလိမ့်မည်။
“မလုပ်နဲ့။ ဒီအရှုပ်တော်ပုံကို မဖော်ထုတ်နဲ့အုံး။”
ရှုပိုတောက်က နောက်ဆုံးတွင် ဆုံးဖြတ်ချက်ကို ချလိုက်၏။
“အင်း ဒီရေလှိုင်းတွေက မနက်ဖြန်ဆိုရင် ရောက်လာတော့မယ်။ သက်ဆိုင်ရာ မြေအောက်မြစ်တွေအတွက် ပြင်ဆင်ထားပြီးပြီလား။” ရှုပိုတောက်က မေးလိုက်သည်။
ရှုတင်းယုက ပြောလိုက်၏။ “မြေအောက်မြစ်တွေရဲ့ တံခါးအားလုံးကို လူတွေ စောင့်ကြပ်နေပါတယ်။ ဒီရေလှိုင်းမလာခင် ၁၅ မိနစ်လိုမှ အားလုံးကို ဖွင့်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ခါ မြေအောက်မြစ် အားလုံးကို ဖွင့်ဖို့မလိုဘူးလို့ အကြံပြုထားပါတယ်။ မြေအောက်မြစ် နှစ်သွယ်စုံတဲ့အချိန်မှာ ဒီရေလှိုင်းက ကြီးကြီးမားမားနဲ့ လာလိမ့်မယ်။ အခု နန်းတွင်းအရာရှိကြီးတွေနဲ့ မှူးမတ်တွေက ကျေးဇူးတော်မျှော်စင်ကနေပြီးတော့ ဒီရေလှိုင်းကို ကြည့်ဖို့ လာချင်နေကြပါတယ်။”
ရှုပိုတောက်က ခေါင်းညိတ်လိုက်၏။ ဤအရာက နှစ်စဉ်အစီအစဉ်တစ်ခုလည်း ဖြစ်၏။ ဒီရေလှိုင်းများက ရောက်ရှိလာသည့်အချိန်တွင် ကြောက်မက်ဖွယ်ရာကောင်းသော်လည်း ထိုအရာကို ထိန်းချုပ်ထားနိုင်ပါက ဒီရေလှိုင်း ကြည့်ခြင်း ဆိုသည့်ကိစ္စက အနုပညာတစ်ခုကဲ့သို့ပင် ဖြစ်လာသည်။
နှစ်စဉ် ယင်ယွမ်အဖွဲ့အစည်းက မှူးမတ်အချို့ကို ဒီရေလှိုင်း ကြည့်ရန် ဖိတ်ကြားလေ့ရှိ၏။ ဖိတ်ကြားခံရသည့် အရေအတွက်က မများပေ။ ယင်ယွမ်အဖွဲ့အစည်းနှင့် အနီးကပ် ဆက်ဆံရေး ရှိပြီး ရာထူးဂုဏ်ထူး အမြင့်ဆုံးသော သူများသာ ထိုကဲ့သို့ ဒီရေလှိုင်းကို ကြည့်ရှုရန် အရည်အသွေး ပြည့်မီ၏။
ရှုပိုတောက်က ပြောလိုက်သည်။ “ဒါဆိုရင် ၆ နာရီလောက် ဒီရေလှိုင်းကို ဖွင့်ပေးထားလိုက်။”
ပြီးနောက် ရှုပိုတောက်က မြေပုံဆီသို့ အသာလျှောက်သွား၏။ “ဒီတစ်ချိန်မှာ ရှမ့်လန်က လူအင်အား၊ ပစ္စည်းအင်အား၊ ငွေကြေးအင်အားကို သုံးပြီးတော့ ဉာဏ်ရည်မမှီတဲ့ လူပေါင်း ၃၇၀၀ ကို စုစည်းထားခဲ့တယ်။ သူတို့ကို ဒုတိယအသုတ် နိဗ္ဗာန တပ်သားတွေ ဖြစ်အောင် လေ့ကျင့်ပေးဖို့ စီစဉ်ထားပုံရတယ်။ ရွှယ်မိသားစုနဲ့ ရေနက်တပ်ဖွဲ့က လူတွေပေးပို့တဲ့ သတင်းအချက်အလက်တွေကို စုစည်း ထားပြီးပြီလား။”
ရှုတင်းယုက မြေပုံသစ်တစ်ခုကို ထုတ်ယူ၏။ ထိုပေါ်တွင် အလံငယ်လေးတစ်ခုစီပါ၏။ အလံတစ်ခုချင်းစီ တိုင်းတွင် ဗလာသွေးမျိုးဆက်ပိုင်ရှင် တစ်ဦးကို သယ်ဆောင်ထားသည့် လှည်းတန်းတစ်ခုကို ကိုယ်စားပြု၏။ ထိုအလံငယ် ရာပေါင်းများစွာတို့က နန်းမြို့တော်ဆီသို့ စုဝေး ဦးတည်လျက် ရှိနေသည်။
“မနက်ဖြန်မနက်လောက်မှာ ရှမ့်လန်က ဉာဏ်ရည်နိမ့်ပါးတဲ့ လူတွေအားလုံးကို ဒီနေရာမှာ စုဝေးစေလိမ့်မယ်။”
ရှုတင်းယုက ပြောလိုက်၏။ “နန်းမြို့တော်ကနေ မိုင် ၁၃၀၊ မြောက်ပိုင်း အမဲလိုက်ကွင်းကနေ မိုင် ၁၀၀ အကွာမှာ သက်ရှည်ခံတပ်ဆိုတာ ရှိတယ်။ သူတို့က အဲဒီမှာ တစ်ညနားပြီးမှ မြောက်ပိုင်းအမဲလိုက်ကွင်းထဲကို ပို့ဆောင်ကြလိမ့်မယ်။”