← Chapters

အခန်း (၅၉၁-၅၉၂)

Vol. 39 Ch. 591-592

အခန်း (၅၉၁-၅၉၂)

Vol. 39 Ch. 591-592

အပိုင်း (၅၉၁)

မြေအောက်မြစ်ကို ဖွင့်ပြီး ၁၅ မိနစ် အကြာမှာပဲ တစ်စုံတစ်ယောက်က လာရောက် သတင်းပေးပို့၏။ “သခင်ကြီး... မြေအောက်မြစ်က တကယ့်ကို ချောမွေ့နေပါတယ်။ ဒီရေလှိုင်းတွေ အကုန်လုံးက မြေအောက်မြစ် တစ်လျှောက် မြစ်ခွဲတွေဆီ အသီးသီး စီးဆင်းနေပါတယ်။”

မြေအောက်မြစ်ရေ စစ်ဆေးမှုက ပြီးစီးခဲ့၏။ နောက်တစ်ခု သူတို့က ဒီရေလှိုင်းကို သေသေချာချာ ကြည့်ရှုနိုင်ပြီဖြစ်၏။ နေမဝင်ခင် နောက်ဆုံးမိနစ်သုံးဆယ်တွင် လူတိုင်းက စိတ်ကြိုက်ပျော်ရွှင်စွာ ကြည့်ရှုနိုင်သည်။

“မြေအောက်မြစ်ဝ တံခါးတွေကို ခဏ ပိတ်လိုက်တော့။ ဒီရေလှိုင်းကြည့်ပွဲ အခမ်းအနား စတင်ပြီ။”

ချက်ချင်းပဲ လူပေါင်းများစွာတို့က လက်ခုပ်လက်ဝါးတီးကာ အားပေးနေကြ၏။

ရှုတင်းယုက လျှို့ဝှက်စွာဖြင့် အမိန့်ပေးလိုက်သည်။ “မြေအောက်မြစ် ရေတံခါးတွေကို သွားပြီးစစ်ဆေး၊ တစ်နေရာမှ မလွဲစေနဲ့။”

“ကောင်းပါပြီ။”

ချက်ချင်းပဲ စစ်သည်တော် ရာပေါင်းများစွာတို့က ကျေးဇူးတော်မျှော်စင်၏ မြေအောက်ရေလမ်းကြောင်းကို ဝင်ရောက် စစ်ဆေး၏။ မြေအောက်ဥမင်ထဲသို့ ဝင်ရောက်ခဲ့ကြ၏။ ရှုတင်းယုက သံသယ ရှိနေခြင်း မဟုတ်ချေ။ သူတို့က နှစ်စဉ် ဤကဲ့သို့ ပြုလုပ် စစ်ဆေးလေ့ ရှိ၏။

ဟုတ်ပေ၏။ သူတို့က ဘေးအန္တရာယ် တစ်စုံတစ်ရာ ရှိလိမ့်မည်ဟုလည်း မထင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မြေအောက်မြစ်ဖွင့်ချိန်ကို အခွင့်အရေးယူကာဖြင့် ဝင်ရောက်လာရန်ဆိုသည်မှာ ထိပ်တန်း ကျွမ်းကျင်သူများသာ လုပ်နိုင်မည့်အရာ ဖြစ်သည်။ သာမန်စစ်သည်တော်များက ထိုမျှ ကြီးမားသည့် ရေပမာဏကို ခံနိုင်လိမ့်မည် မဟုတ်ချေ။

မဟာပညာရှင် တစ်ဦးပင်လျှင် မြေအောက်ရေလမ်းကြောင်းထဲသို့ ဝင်လာနိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်သို့ ဖျက်ဆီးမည်နည်း။ ပေါင်လောက်ထူသည့် သံမဏိတိုင်ကြီးကိုးတိုင်၊ မဟာပညာရှင်ကြီးတစ်ဦးပင်လျှင် အထက်မြက်ဆုံး ပုဆိန်နှင့် ထိုတိုင်ကို ခုတ်ဖြတ်ရန် တစ်နာရီလောက် အချိန်လိုအပ်ပေလိမ့်မည်။ ပုဆိန် ဘယ်နှစ်ချောင်း ပျက်စီးသွားမည်နည်းကို မည်သူ သိရှိနိုင်မည်နည်း။ မဟာပညာရှင်၏ အတွင်းအားက အစွမ်းထက်သော်လည်း ထိုမျှထူသည့် သံမဏိတိုင်များကို ခုတ်ပိုင်းရန်အတွက်တော့ အသုံးဝင်လိမ့်မည် မဟုတ်ချေ။

မြေအောက်မြစ်တံခါးကို ပိတ်လိုက်သည့်အချိန်မှာတော့ ဒီရေလှိုင်းများ ထပ်မံ ပေါ်ပေါက်လာခဲ့၏။ ဤတစ်ချိန်တွင် ပိုကြီးပြီး ၊ ပိုကာအရှိန်အဟုန် ပြင်း၏။ တကယ့်ကို မြင်းများ ဒုန်းစိုင်းပြေးနေသည်နှင့် ဆင်တူ၏။ တကယ်ကို ရူးသွပ်မှု တစ်ခုကဲ့သို့ပင်။ ဒီရေလှိုင်းများက တဖြည်းဖြည်း ပိုမို ကာ မြင့်တက်လာ၏။

ပေ ၂၀ ... ပေ ၃၀ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသည်။

လူတိုင်းက မြင်ကွင်းကို ငေးမောကာ ကြည့်ရှုနေ၏။ လူ့လောကထဲတွင် ဤကဲ့သို့ အံ့ဖွယ်ရာ မြင်ကွင်းမျိုး ရှိနေသေးသည်လား။ ထိုအရာကို ကျေးဇူးတော်မျှော်စင်၏ ထိပ်မှ ကြည့်ရှုရခြင်းက ဘဝ၏ အနှစ်သာရပင် ဖြစ်သည်။

အိမ်ရှေ့စံမင်းသားကလည်း မလာ၊ တတိယမင်းသားလည်း မလာခဲ့ချေ။ သို့သော်ငြား ကျိုးကျောင်းရန် နှင့် ရွှယ်ရွှယ်တို့က ရှုတင်းယုနှင့် အတူ ပါလာခဲ့၏။ ရွှယ်မိသားစု၏ ရွှယ်ဖန်ပင်လျှင် ပါဝင်ခဲ့၏။

ဆဋ္ဌမမင်းသား နင်ကျင်းလည်း လာ၏။ “ကျုပ်က အနာဂတ် မရှိတော့ဘူး ဒါပေမယ့် ကျုပ်က အဖေ့ရဲ့ သားအရင်းပဲ။ ဒါကြောင့် သူ ကျုပ်ကိုတော့ မသတ်နိုင်ဘူးမလား။ ခင်ဗျားတို့ ကြားလား။ နာကျည်းမှုက ချန်းဖန်မြို့စားအိမ်တော်ရဲ့ အပြင်ဘက်မှာ ဒူးထောက်နေရတယ်။ ရှမ့်လန်က သူ့ကို နှစ်ချက် ရိုက်ခဲ့တယ်တဲ့။ ဘာဖြစ်ခဲ့သေးလဲ။”

“ရှမ့်လန်ရဲ့ ဒုတိယ နိဗ္ဗာနတပ်သား ၃၇၀၀ လုံးက အလုခံလိုက်ရတယ်လို့ ကြားတယ်။ အခု အိမ်ထဲမှာ ဆဲဆိုပြီး သွေးအန်နေတယ်လို့တောင် ကြားတယ်။”

နင်ကျင်းက အားရပါးရ ထရယ်လိုက်မိသည်။ “ဟား ဟား ဟား ... ကောင်းတယ်။ ကောင်းတယ်။ သူ ဘယ်လောက်ထိ မာနကြီးနိုင်မလဲ ကြည့်ရအောင်။ နိဗ္ဗာနတပ်တွေ မပါဘဲ လူမိုက်နင်ကျန်းက ထီးနန်းကို ဘယ်လို ယူမလဲ ကြည့်ရအောင် ... ဟား ဟား ဟား။”

ကျူးမိသားစု၏အကြံပေး ယန်ဝူကျိက ရှုပိုတောက်နှင့် စစ်တုရင်ကစားနေခဲ့၏။ သို့သော်ငြား သူတို့က ကျေးဇူးတော် မျှော်စင်တွင် မဟုတ်ဘဲ အနီးအနားရှိ အဆောက်အအုံတစ်ခုတွင် ဖြစ်၏။ တခြားသောသူများက ကျေးဇူးတော်မျှော်စင်၌ ဒီရေလှိုင်း ကြည့်ရှုရမှုကို နှစ်သက်ကြသော်လည်း ရှုပိုတောက်က တစ်နှစ်တစ်ကြိမ် ကြည့်ရှုရသည်ကို ငြီးငွေ့နေပြီ ဖြစ်၏။ ထို့အပြင် သူက အသက်ကြီးနေပြီလည်း ဖြစ်၏။ အာရုံကြောများကလည်း အားနည်း၏။ ဒီရေလှိုင်းက အလွန်ပင် ဆူညံ၏။ ထို့ကြောင့် ဒီရေလှိုင်း တက်တိုင်း သူက ကျေးဇူးတော်မျှော်စင်မှ ထွက်ခွာပြီး တခြား၌ နေထိုင်၏။

“ကျုပ်က အသက်ကြီးပြီ။ ဆူညံသံတွေကို မခံနိုင်ဘူး။” ရှုပိုတောက်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ယန်ဝူကျိက ဆို၏။ “အင်း သခင်ကြီးရှု... ခင်ဗျားနဲ့ ရှမ့်လန်ကြားက မုန်းတီးမှုက ပင်လယ်လို နက်ရှိုင်းနေပြီ။ လွန်ခဲ့တဲ့ နှစ် ၂၀ က ခင်ဗျားနဲ့ ရွှယ်မိသားစုတို့က ပူးပေါင်းပြီးတော့ ကျင်းမိသားစုရဲ့ မြို့စားကြီး ကျင်းယုကို သတ်ဖြတ်နိုင်ခဲ့တယ်။ ကျင်းမိသားစုကိုလည်း ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့တယ်။

ပြီးခဲ့တဲ့ အချိန်တုန်းကလည်း ခင်ဗျားက စုနန်ဆီကို လျှို့ဝှက်စာတစ်စောင် ပေးပို့ပြီး စုကျန့်ထင်ကို ရွှမ်ဝူအိမ်တော်ဆီ ဝင်တိုက်ခိုက်စေတယ်။ ပြီးတော့ စုဖေ့ဖေ့ကိုလည်း ထိခိုက်နာကျင်အောင် လုပ်နိုင်ခဲ့တယ်။ ဒီအချိန်မှာ ခင်ဗျားက ရှမ့်လန်ရဲ့ တကယ့် အသက်သွေးကြော ဗလာသွေးမျိုးဆက်ပိုင်ရှင် လူ ၃၀၀၀ ကျော်ကို ခေါ်ဆောင်သွားနိုင်ခဲ့တယ်။”

ရှုပိုတောက်က ပြောလိုက်၏။ “လူကြီးမင်းယန်.. ခင်ဗျား စိတ်ထဲ ရှိတာကို ပြောသာပြောပါ။”

ယန်ဝူကျိက ပြောလိုက်သည်။ “ရှမ့်လန်က အသေးအမွှား ကိစ္စတွေကိုတောင်မှ လက်စားချေတတ်တဲ့ လူတစ်ယောက်ပဲ။ သူက ရူးရူးသွပ်သွပ်နဲ့ တုံ့ပြန်လိမ့်မယ်။ သခင်ကြီးရှု... သေချာစဉ်းစားကြည့်။ အမှားအယွင်း တစ်ခုခု ရှိနေမလား။ ဥပမာအားဖြင့် လျှို့ဝှက်ဘဏ္ဍာတိုက် ...”

ရှုပိုတောက်က ပြုံးလိုက်၏။ “အင်း”

ယန်ဝူကျိက ပြုံးလိုက်သည်။ “ကျုပ် သိပြီ။ လျှို့ဝှက်ဘဏ္ဍာတိုက်က ခင်ဗျား တမင်တကာ ဖုံးကွယ်ထားတဲ့ ထောင်ချောက်ပဲ။ ရှမ့်လန်ကို စိတ်မထိန်းနိုင်အောင် လုပ်ပြီး သေဖို့ မျှားခေါ်ထားတဲ့ ထောင်ချောက် မဟုတ်လား။”

ရှုပိုတောက်က ဘာမှ မဖြေခဲ့ချေ။ လျှို့ဝှက်ဘဏ္ဍာတိုက်က အမှန်တကယ် ဖြစ်သော်လည်း ထိုနေရာရှိ ရွှေအများစုကို သယ်ဆောင်သွားခဲ့ပြီဖြစ်ပြီး ဘာမှမကျန်တော့ပေ။

ယန်ဝူကျိက ပြောလိုက်၏။ “ရှမ့်လန်က ဒီ လျှို့ဝှက်ဘဏ္ဍာတိုက်ကို လုယက်ဖို့ လူတွေစေလွှတ်ထားပြီးပြီဆိုရင် ဘာဖြစ်မလဲ”

ရှုပိုတောက်က ပြောလိုက်သည်။ “အင်း... ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ......”

ယန်ဝူကျိက ပြောလိုက်၏။ “ဒါဆိုရင် ရှမ့်လန်ရဲ့ လက်အောက်ငယ်သားတွေ မီးပင်လယ်ထဲမှာ သေဆုံးပြီး ထောင်ချောက်ထဲကို လမ်းလျှောက်ဝင်လာတာကို စောင့်ကြည့်ကြရအောင်။ ဒီနေ့ စစ်ပွဲနှစ်ခုကို ရှုံးနိမ့်ပြီး တဲ့နောက်မှာ ရှမ့်လန်က သွေးအန်ရလိမ့်မယ်။”

ယင်ယွမ်အဖွဲ့အစည်းမှ စစ်သည်တော် ရာပေါင်းများစွာတို့က ကျေးဇူးတော်မျှော်စင်၏ အောက်ရှိ လျှို့ဝှက် မိလ္လာပိုက်ထိသို့ ဝင်ရောက်သွာခဲ့ကြ၏။ ဤနေရာ၏ မိလ္လာပိုက်က တကယ့်ကို ကြီးမားပြီး ၃ မီတာမှ ၄ မီတာ မီတာနီးပါးခန့် ကျယ်၏။ ၂ မီတာကျော် မြင့်၏။ ထိုအရာ၏ အထက်တွင် လေရှိသော်လည်း အလွန် ထိုင်းမှိုင်းပြီး အနံ့ဆိုးများ ထွက်နေသည်။

ဤနေရာတွင် ရေများစွာ ရှိနေဆဲဖြစ်ပြီး ရေထဲတွင် မရေတွက်နိုင်သည့် အရာများပေါ်နေ၏။ သို့သော်ငြား မတတ်နိုင်ချေ။ မြေအောက်မြစ်၏တံခါးကို ဖွင့်လိုက်သည့် အချိန်တွင် အရာများစွာက ဤကဲ့သို့ လွယ်လွယ်ကူကူ စီးဆင်းဝင်ရောက်လာတတ်၏။

“ဘယ်လို အနံ့လဲ။ ဘာလို့ ဒီလောက်ကြီး နံနေရတာလဲ”

“မြစ်လမ်းကြောင်းထဲမှာ ပစ္စည်းတွေ အများကြီး ပုံနေတယ် ဘာလုပ်သင့်လဲ။”

“ထားလိုက်။ မြေအောက်မြစ်တံခါးကို ရက်အနည်းငယ်လောက် ဖွင့်ထားပြီးရင် ဒီအရာအားလုံးက အပြင်ကို ထွက်သွား လိမ့်မယ်။ သံမဏိတိုင်ကြီးတွေကို သွားပြီး စစ်ဆေးကြည့်ရအောင်။ တခြားနေရာတွေကို သိပ် အာရုံမစိုက်နဲ့။”

စစ်သည်ပေါင်း ရာပေါင်းများစွာတို့က အဖွဲ့များ ခွဲကာဖြင့် ကျေးဇူးတော် မျှော်စင်၏ အသက်သွေးကြောများကို သွားရောက် စစ်ဆေး၏။ သံမဏိတိုင်ကြီး ကိုးတိုင် - ဤသည်က ကျေးဇူးတော် မျှော်စင် တစ်ခုလုံး ယင်ယွမ်အဖွဲ့အစည်း ဌာနချုပ် တစ်ခုလုံးကို ပံ့ပိုးထားနိုင်သည့် ထောက်တိုင်ပင် ဖြစ်၏။ ဘာမှ ဖြစ်၍ မရပေ။

အကြောင်းရင်းတစ်ခုကြောင့် သူတို့က ပိုမို နီးကပ်လာလေ ပိုမိုကာ ပူလာလေဟု ခံစားရ၏။ ယခုမှ နွေဦး အစောပိုင်းသာလျှင် ရှိသေး၏။ တကယ်ဆိုရင် အေးသင့်၏။ အဘယ်ကြောင့် ပူနေရသနည်း။ မကြာမီတွင် သူတို့က ကြီးမားသည့် မြေအောက် သံမဏိတိုင် တချို့ဆီသို့ ရောက်ရှိသွား၏။ ပြီးနောက် သူတို့က လုံးဝ ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ဤပေါင်လောက်ထူသည့် သံမဏိတိုင်ကြီးက လောင်ကျွမ်းနေပြီ ဖြစ်သောကြောင့်ပင်။ အဖြူရောင် မီးပွားများ ထွက်ပေါ်နေ၏။

“ဒါသရဲလား။ သံမဏိကလည်း ကျွမ်းလောင်နိုင်တာလား”

“ပေါင်လောက်ထူတဲ့ သံမဏိတိုင်တွေက ကျွမ်းလောင်နေပြီး ပြတ်လုနီးပါး ဖြစ်နေပြီ။ ဒါ ဒါ ဘာလဲ”

ဤအရာက သံအလူမီနီယမ် အပူလောင်စာ (thermite) ဖြစ်သည်။ ထိုအရာက ၂၅၀၀ ဒီဂရီ အပူချိန်ကို ထုတ်လွှတ်နိုင်ပြီး မည်သည့် သံမဏိကိုမဆို အလွယ်တကူ ကျွမ်းလောင်စေ၏။ လေထဲရှိ အပူချိန်က ပိုမို၍ မြင့်တက်လာခဲ့၏။

(သာမိုက်ဆိုသည်က အလူမီနံ နှင့် သံအောက်ဆိုဒ် (သံချေး) တို့ကို ပေါင်းထားခြင်း ဖြစ်သည်။ မီးအနည်းငယ် ပေးလိုက်လျှင် သံချေးထဲတွင်ရှိနေသည့် အောက်ဆီဂျင်ကို အလူမီနံက စားသုံးသည်။ ပြီးနောက် သံရည်ပျော်ကျသည်။ ရေနှင့် ငြိမ်းသက်၍မရချေ။ ရေနှင့်ထိလျှင် မီးပိုတောက်သည်။ လက်ရှိအခြေအနေက မီးတောက်ပြီး အရည်ပျော်ခြင်းဖြစ်သည်။ - ဘာသာပြန်သူ)

နောက်ဆုံးမှာတော့ မြစ်မြောင်းထဲသို့ မျောဝင်လာသည့် သစ်သားပုံးများထဲမှ အဖြူရောင် ဖော့စ်ဖရပ်တစ်မျှင်က အဝေးမှာ ရှိနေသည်ဆိုလျှင်တောင်မှ ထိုမျှ မြင့်မားသည့် အပူချိန်ကို မခံနိုင်တော့ချေ။ ရုတ်တရက် ထကာ မီးတောက်သည်။

ပြီးနောက် ဘန်း ဘန်း ဘန်း..

မြေအောက်မြစ်လမ်းကြောင်းထဲရှိ သစ်သားပုံး ရာပေါင်းများစွာက ရုတ်တရက် ပေါက်ကွဲသွားခဲ့၏။ သစ်သားဗုံးများထဲမှ ဆီ ကီလိုဂရမ် ထောင်ပေါင်းများစွာ ယိုဖိတ်လာခဲ့၏။ ပြီးနောက် မီးပွားများက ဆီများကို မီးရှို့၏။

“ဘုန်း ဘုန်း။”

ထိတ်လန့်ဖွယ်ရာ ကောင်းသည့် မီးလျှံကြီး တစ်ခုက စတင် ဖြစ်တည်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖျက်ဆီးအားက လုံးဝ ကြမ်းတမ်းလွန်းလှချေ၏။ ထိတ်လန့်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲမှုကြီး ဖြစ်လာသည်။

ဤအချိန်မှာတော့ ကမ္ဘာပျက်သည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီးနောက် ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ် ဖြစ်သော ကျေးဇူးတော် မျှော်စင်က ရုတ်တရက် ပြိုကျသွားခဲ့တော့၏။

………..

လွန်ခဲ့သည့် တစ်နာရီ အစောပိုင်းဆီသို့ အခြေအနေကို ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် နာကျည်းမှုက ချန်းဖန်မြို့စားအိမ်တော်၏ အပြင်ဘက်တွင် ဒူးထောက်နေခဲ့ပြီး သူ၏ခေါင်းမှ သွေးများထွက်သည်အထိ ဦးတိုက်လျက် ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ သူက ရှမ့်လန်၏ လက်ဝါးရိုက်ချက် နှစ်ချက်ကို ခံယူခဲ့ရသည်မှာလည်း အမှန်ပင် ဖြစ်သည်။

သူ၏ မှန်နက်ဌာနက ယင်ယွမ်အဖွဲ့အစည်း၏ လျှို့ဝှက်ဘဏ္ဍာတိုက် တည်နေရာကို ရှာဖွေ တွေ့ရှိခဲ့သည်မှာလည်း မှန်၏။ ရှမ့်လန်က သူ၏ ထိပ်တန်းကျွမ်းကျင်သူများ အားလုံးကို ယင်ယွမ်အဖွဲ့အစည်း၏ လျှို့ဝှက်ဘဏ္ဍာတိုက်ကို တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်၏။

ယင်ယွမ်အဖွဲ့အစည်း ဌာနချုပ် မပေါက်ကွဲမီ နေရာတစ်ခု၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေး၏။ မြို့တော်၏ အနောက်ဘက်တွင် ရှိသော အကြီးမားဆုံးသော ဂိုထောင်ကြီးတစ်ခုက မြေပြင်တစ်ခုလုံး တုန်လှုပ်သွားလောက်အောင် ကျယ်လောင်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့၏။ ပြီးနောက် မီးတောက်များက ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

ခဏအကြာမှာတော့ အလောင်းများအား အတွင်းမှ တစ်ဦးပြီးတစ်ဦး ထမ်းထုတ်လာခဲ့ရ၏။ တစ်ယောက်ချင်းစီ တိုင်းအား အဖြူရောင် အဝတ်များနှင့် ဖုံးအုပ်ထားခဲ့ပြီး သွေးများကလည်း တစိမ့်စိမ့် ယိုကျနေ၏။ ကြေကွဲဖွယ်ရာ မြင်ကွင်းတစ်ခုပင်။ နာကျည်းမှု၏ ခန္ဓာကိုယ်တွင်ပင် မီးလောင်ဒဏ်ရာများ တည်ရှိနေ၏။

ရှမ့်လန်က ကြီးမားသည့် ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရကြောင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်သည်။ ဤမီးလောင်မှုတွင် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်။

ခဏအကြာမှာတော့ မြို့စောင့်တပ် ရာပေါင်းများစွာတို့က မီးငြှိမ်းသတ်ရန်နှင့် စည်းကမ်းထိန်းသိမ်းရန် အခင်းဖြစ်ပွားရာ နေရာဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့၏။

သွေးစွန်းနေသည့် အလောင်းများ တင်ဆောင်ထားသည့် လှည်းများကို ချန်းဖန်မြို့စားအိမ်တော်ဆီသို့ သယ်ယူ ပို့ဆောင်နေကြသည်ကို လူပေါင်းများစွာတို့က မြင်တွေ့ခဲ့၏။ ရှမ့်လန်က တကယ်ပင် ဒုက္ခရောက်နေ၏။ သူက ပြင်းပြင်းထန်ထန် ရှုံးနိမ့်မှုကို ထပ်မံကြုံတွေ့ရ၏။ နန်းမြို့တော်တစ်ခုလုံးက ထိုအရာကို သက်သေခံနိုင်သည်။

မကြာသေးခင်က ရှမ့်လန်၏လက်အောက်ရှိ ကျွမ်းကျင်သူပေါင်းများစွာတို့က ယင်ယွမ် အဖွဲ့အစည်း၏ လျှို့ဝှက်ဂိုထောင် ကို တိုက်ခိုက်ရန် သွားခဲ့ကြ၏။ သူတို့က ထောင်ချောက်တစ်ခုကို ကြုံတွေ့ခဲ့ရပြီး ကြီးမားသည့် ထိခိုက်မှုကို ခံစားရ၏။

ထို့ကြောင့် တခြားသောနေရာတစ်ခုခုတွင် မြေပြင်တစ်ခုလုံး တုန်လှုပ်သွားနိုင်သည့် ပြောင်းလဲမှု တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက ရှမ့်လန်နှင့် မသက်ဆိုင်တော့ပေ။ ရှမ့်လန် အပြစ်ကင်းစင်ကြောင်း နန်းမြို့တော် တစ်ခုလုံး သက်သေရှိသည်။

‘ငါ့ရဲ့လူတွေ မရေတွက်နိုင်အောင် သေဆုံးဒဏ်ရာရခဲ့တယ်။ တစ်စုံတစ်ယောက်က ငါ့ကို လာပြီးတော့ မဟုတ်တမ်းတရားတွေ စွပ်စွဲချင်တာလား။ ဒါက အဓိပ္ပာယ်မရှိတော့ဘူး။’

ဟုတ်ပေ၏။ သွေးစွန်းနေသည့် အလောင်းအားလုံးကို ချန်းဖန်မြို့စားအိမ်တော်ဆီသို့ ပြန်လည် သယ်ဆောင်သွားခဲ့ကြပြီး အိမ်တော်ထဲသို့ ရောက်ရှိချိန်မှာတော့ ထိုသူတို့က အသက်ရှင်လျက် ရှိနေသေး၏။ ထောင်ထောင် ထောင်ထောင်နှင့်ပင် လျှောက်သွားနေကြသေး၏။ ထိုအရာက ရှမ့်လန်နှင့် မဆိုင်ပေ။ ဘာပဲပြောပြော နန်းမြို့တော်ရှိလူများ၏ မျက်လုံးထဲတွင် အားလုံးတို့က သေဆုံးပြီးသား ဖြစ်သည်။

ယင်ယွမ်အဖွဲ့အစည်း၏ ကျေးဇူးတော်မျှော်စင်သို့ ရောက်ရှိနေသည့် အရေးကြီးပုဂ္ဂိုလ်များထဲတွင် အထိခိုက်ဆုံးသူက မည်သူဖြစ်သနည်း။ ထိုသူက မကြာသေးမီက ရာထူးတိုးမြှင့်ခံထားရသည့် ကောင်းကင်တာအိုအဖွဲ့အစည်း၏ အကြီးအကဲ ဟွမ်တုံ ပင် ဖြစ်ပေလိမ့်မည်။

ယင်ယွမ်အဖွဲ့အစည်း၏ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သည့် သူ အဘယ့်ကြောင့် ဖိတ်စာရရှိခဲ့သနည်း။ တစ်ဖက်လူများက သူ့ကို ခေါ်ကာ ကြွားဝါခြင်းပင်။

“ဟွမ်တုံ မင်းရဲ့ ကောင်းကင်တာအိုအဖွဲ့အစည်းက ငါတို့နဲ့ ဘယ်လောက် အလှမ်းဝေးလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်”

တခြားဘာကိုမှ မပြောချေ။ ကျေးဇူးတော်မျှော်စင်တစ်ခုတည်းကပင်လျှင် မြစ်နှင့်တွဲ၍ ဒီရေလှိုင်းများကို သိမ်းပိုက်နိုင်ထားသည်။ ဤအရာက မည်ကဲ့သို့သော အခြေခံနှင့် စွမ်းအားမျိုး ဖြစ်သနည်း။

ဟွမ်တုံက လာချင်စိတ် မရှိချေ။ သို့သော်ငြား ရှမ့်လန်က သွားရန် အပြင်းအထန် တွန်းအားပေးခဲ့သည်။ ရှမ့်လန် ဘာလုပ်ချင်သည်ကို သူ မသိသော်လည်း ဤအရာက ကောင်းသည့်အရာမဟုတ်ကြောင်းကိုတော့ သေချာသိ၏။ ထို့ကြောင့် သူက ဒီရေလှိုင်း ကြည့်ရှုပွဲကို မကြည့်ချင်ဘဲနှင့် အတင်းပင် ကြည့်ရှုနေရသည်။ သူက ဒီရေလှိုင်းများကို စိတ်ဝင်စားခြင်း မရှိချေ။

သူ၏ နှလုံးခုန်သံများကတော့ အကြောင်းတစ်ခုခုကြောင့် ပိုမို၍ မြန်ဆန်လာသည်။

‘ရှမ့်.. မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မင်း ဘယ်အချိန်မှာ အကြီးအကျယ် တစ်ခုခု လုပ်မှာလဲ။ အနည်းဆုံး ငါ့ကို ကြိုပြီး သတိပေးသင့်တယ်။’

အပိုင်း (၅၉၂)

ပြီးနောက် ဟွမ်တုံက လှေကားထစ်တွင် အမြဲတမ်း ရှိနေခဲ့သည်။ တစ်စုံတစ်ခု ဖြစ်ပွားပါက သူက ပထမဦးဆုံး ထွက်ပြေးနိုင်သူ ဖြစ်ရန်ပင်။ သူက အလွန်ရုပ်ဆိုးသည့် အပြုအမူ မဟုတ်လျှင်တောင်မှ တိုင်တစ်ခုကို ဖက်ထားမိသည်။ ထိုအခါမှသာ လုံခြုံမှုကို ခံစားရ၏။

ဟုတ်ပေ၏။ ဟွမ်တုံ၏ ထူးဆန်းသည့် အပြုအမူကို မည်သူကမှ သံသယမဖြစ်ကြချေ။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်တည်း ကွဲထွက်နေသည့်သူများသည် ဤသို့ပင် အထီးကျန်ဆန်သည် မဟုတ်ပါလား။

ထိုအချိန်မှာပဲ ဝုန်း..

ပင်ကိုယ်အသိစိတ်အရ ဟွမ်တုံက တိုင်တစ်လုံးကို ဖက်ထားပြီး မည်သည့်အချိန်မဆို အောက်သို့ပြေးဆင်းရန် ပြင်ထား၏။ နောက်ဆုံးမှာတော့ နန်းမြို့တော်၏ အနောက်ဘက်ထောင့်က ပေါက်ကွဲသွားခဲ့ပြီး မီးတောက်များက ကောင်းကင်ပေါ်သို့ ခုန်တက်လာကြောင်းကို မြင်ရ၏။ မီးတောက်များကို ကြည့်ရှုရင်းဖြင့် ဟွမ်တုံက ဤအရာမှာ ဆီများဖြစ်ကြောင်း သိရှိနိုင်သည်။

“အဲဒီမှာ မီးတွေလောင်နေတယ်။ မီးတွေလောင်နေတယ်။” လူတိုင်းက ဒီရေလှိုင်း ကြည့်ရှုပွဲကို မေ့လျော့သွားခဲ့ပြီး အနောက်ဘက်ဒေသဆီသို့ ကြည့်ရှု၏။

ဆဋ္ဌမမင်းသား နင်းကျင်းက မေးလိုက်သည်။ “ဘာဖြစ်တာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။”

ရှုတင်းယုက ပြောလိုက်၏။ “မသိဘူးလေ။”

ရွှယ်ရွှယ်က ပြောသည်။ “ရှမ့်လန်တော့ ကြီးကြီးမားမား ဆုံးရှုံးတာပဲ။ မရေတွက်နိုင်တဲ့ ထိခိုက်နာကျင်မှုတွေကို သူ ခံစားနေရပြီ။”

ကျိုးကျောင်းရန်က ပြောလိုက်၏။ “ဒီနေ့ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီ။ ရှမ့်လန်ကတော့ သွေးအန်ပြီ။”

ခဏအကြာမှာတော့ စစ်သည်တော်များက လှေကားတိုင်းပေါ်သို့ ပြေးတက်လာခဲ့၏။ ပြီးနောက် အသံ တီးတိုးဖြင့် ပြောလိုက်၏။ “သခင်ကြီး... သခင်လေးရှမ့်လန်ရဲ့ ထိပ်တန်းစစ်သည်တွေအားလုံး ကျုပ်တို့ရဲ့ ထောင်ချောက် ထဲကို ဝင်ပြီး အကုန်ဆုံးရှုံးကုန်ပြီ။ အလောင်းတွေချည်းပဲ သယ်သွားတာ လှည်းတစ်ဒါဇင် ကျော်တယ်။”

ရှုတင်းယုက အလုံးစုံသိနားလည်သည့် အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။ လူများဒေါသထွက်သည့်အခါ စိတ်ထိန်းနိုင်လေ့ မရှိပေ။ ရှမ့်လန်က ဗလာသွေးမျိုးဆက် ၃,၇၀၀ ကို ခေါ်ဆောင်သွားပြီး လက်စားချေရန် ကြိုးစားခဲ့သည်။ နောက်ဆုံးမှာတော့ များပြားလွန်းသည့် သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများကိုသာ ကြုံတွေ့ရသည်။

ထို့ကြောင့် လူတစ်ယောက်က မည်မျှဒေါသဖြစ်နေပါစေ ဆင်ခြင်တုံတရားနှင့် ထိန်းချုပ်ပြီး တည်တည်ငြိမ်ငြိမ် ရှိသင့်၏။

ဤအချိန်မှာတော့ အခြားအဆောက်အအုံတစ်ခုမှာ စစ်တုရင်ကစားလျက် ရှိနေသည့် ရှုပိုတောက် က အနောက်ဘက်တောင်မှ မီးတောက်များကို မြင်လိုက်ရ၏။ သူက ယင်ယွမ်အဖွဲ့အစည်းမှ စစ်သည်တော်တစ်ဦး၏ သတင်းပေးပို့မှုကို ရရှိသေး၏။ ရှမ့်လန်၏ ထိပ်တန်းစစ်သည်များက ယင်ယွမ်အဖွဲ့အစည်း၏ လျှို့ဝှက်ဂိုထောင်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့သည်။

ထိုအချိန်မှာတော့ သူနှင့် ယန်ဝူကျိတို့၏ စစ်တုရင်ကစားပွဲက ပြီးဆုံးလုနီးပါးဖြစ်နေ၏။

“အင်း.. ကျုပ် အသက်ကြီးလာပြီ၊ အသက်ကြီးနေပြီ။ သရေကျတယ်လို့ပဲ သတ်မှတ်ကြရအောင်။”

ရှုပိုတောက်က ပြောလိုက်သည်။ “ညနေစောင်းပြီ ဆိုတော့ ကျုပ် ပြန်သင့်ပြီ။”

“သခင်ကြီး... သခင်လေးက ဒီရေလှိုင်းပိတ်ပွဲကို ဘယ်အချိန်မှာ ရပ်မလဲလို့ မေးနေပါတယ်။”

ရှုပိုတောက်က ပြောလိုက်၏။ “နောက်ထပ် ငါးမိနစ်လောက် ကြည့်ရအောင်။ နေရောင်ခြည် အနည်းငယ် ကျန်နေသေးတဲ့အချိန်မှာ ဒီရေလှိုင်းကို ကြည့်ရတာ ပိုလှတယ်။”

.......

ရှုတင်းယုက ကျေးဇူးတော်မျှော်စင်၏ ထိပ်မှ အော်ဟစ်လိုက်၏။ “ဒီရေလှိုင်းကြည့်ပွဲက ငါးမိနစ်ပဲ ကျန်တော့တယ်။ အားလုံး နောက်ဆုံးအထွတ်အထိပ် အလှပဆုံးသော မြင်ကွင်းကို ကြည့်ရှုကြပါ။”

ဤအရာကအမှန်ပင် လှပသောမြင်ကွင်း ဖြစ်သည်။ မြင့်တက်လာသည့် ဒီရေလှိုင်းများက ပိုမို၍ ပြင်းထန်လာ၏။ နားကွဲလုမတတ် ရေလှိုင်းများနှင့် ဆူညံနေခဲ့၏။ ရေလှိုင်းနှစ်ခု၏ တိုက်ခိုက်မှုကြောင့် လှိုင်းများက ပိုမို၍ မြင့်တက်လာ၏။ နောက်ဆုံး ပေ ၄၀ မှ ၅၀ အထိပင် ရောက်ရှိသည်။

အံ့အားသင့်ဖွယ်ရာ ဒီရေလှိုင်းများက ကမ်းနားရှိ လမ်းမပေါ်သို့ တဖန် စီးဆင်းသွားခဲ့ပြန်၏။ အော်ဟစ်သံများက ဆူညံနေ၏။ လှပလွန်း၏။ ထို့အတူ စိတ်လှုပ်ရှားဖို့လည်း ကောင်း၏။ ထို့အတူ ကြည့်ရှု၍လည်း ကောင်း၏။

ကမ်းနားရှိ လူပေါင်းသောင်းချီတို့က ထိတ်လန့်တကြားဖြင့် အော်ဟစ်ပြီး စီးလာခဲ့သည့် ဒီရေလှိုင်းများ ကြားတွင် ပြေးသွားနေကြ၏။ သို့သော်ငြား ကျေးဇူးတော်မျှော်စင်၏ ထိပ်ဆုံးထက်ရှိ လူများကမူ ထိုအရာကို အလွန်စိတ်ဝင်စားစရာ ကောင်းသည်ဟုသာ ယူဆကြ၏။ ဒီရေလှိုင်းများက လူအုပ်ကို ဖုံးလွှမ်းတော့မည့် မြင်ကွင်းက မည်မျှကြည့်ရှု၍ ကောင်းလိုက်သနည်း။ သို့ပေမည့် ရေက တကယ်တမ်း ဤလူအုပ်ကို မဖုံးလွှမ်းခဲ့ချေ။ နှမျောစရာ ကောင်းလွန်းလှသည်။

ထိပ်ဆုံးထပ်တွင်ရှိနေသည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ် အားလုံးက ထိတ်လန့်ဖွယ်ရာ ဒီရေလှိုင်းတစ်ခု ရုတ်တရက် ကမ်းပါးကို ရိုက်ခတ်ပြီး လူပေါင်းများစွာကို ဝါးမျိုလိုက်သည်ဆိုပါက မည်မျှစိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည် နည်းဟု တွေးတောနေမိကြသည်။ သူတို့က တစ်ဖက်သူအားလုံး၏ အသက်များကို ပုရွက်ဆိတ်များကဲ့သို့ပင် သဘောထားမိနေကြ၏။

“ဗုံတီးကြ။”

ဗုံသံစဉ်ပေါင်း များစွာတို့က တပြိုင်နက်တည်း မြည်ဟီးလာခဲ့ပြီး ဒီရေလှိုင်းကြည့်ပွဲက နောက်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိလာ၏။ ထိတ်လန့်ဖွယ်ရာ ဒီရေလှိုင်းများက တစ်လှိုင်းပြီး တစ်လှိုင်း ဖြစ်တည်လာခဲ့ပြီး စိတ်လှုပ်ရှားစရာ ကောင်းသည်။

ရှုတင်းယု အပါအဝင် အားလုံးသောသူတို့က ထိုအရာကို ကြည့်ရှုရင်း ယစ်မူးလျက် ရှိနေကြ၏။

ယနေ့ သူတို့က ရှမ့်လန်အား နှိပ်ကွပ်နိုင်ခဲ့ပြီး ကြီးကျယ်ခမ်းနားသည့် အောင်ပွဲတစ်ပွဲကို ရရှိခဲ့သောကြောင့် စိတ်ထဲတွင် ကျေနပ်နေခဲ့ကြ၏။ သူတို့၏ ရှေ့မှ ဤအံ့အားသင့်ဖွယ်ရာ ကောင်းလွန်းလှသည့် ဒီရေလှိုင်းများက ရှမ့်လန်ကို အနိုင်ရခဲ့သည့် အောင်ပွဲ၏ ဂုဏ်ပြုအထိမ်းအမှတ်ပင် ဖြစ်သည်။ ယင်ယွမ်အဖွဲ့အစည်းကို ဆန့်ကျင်သူတိုင်းက သေဆုံးရပေလိမ့်မည်။ ရှမ့်လန်ကလည်း သေရပေလိမ့်မည်။

ထို့အပြင် ဤအရာက အစသာလျှင် ရှိသေး၏။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ယင်ယွမ်အဖွဲ့အစည်းက ကျင်းမိသားစုကို ဖျက်ဆီးလုနီးပါး ပြုလုပ်ခဲ့သည်။ မကြာသေးခင်က ယင်ယွမ်အဖွဲ့အစည်းက စုမိသားစုနှင့် ကျင်းမိသားစုတို့ကြား စစ်ပွဲတစ်ခုကို ဖန်တီးပေးခဲ့သည်။

လက်ရှိအချိန်မှာတော့ ယင်ယွမ်အဖွဲ့အစည်းက ရှမ့်လန်ကို ဖျက်ဆီးရန် ပွဲစသည့်ခရာကို မှုတ်၏။ စိတ်ဓာတ်မှစ၍ ခန္ဓာကိုယ်အထိ အလုံးစုံ ဖျက်ဆီးခြင်းမျိုးကို ပြုလုပ်မည်။

“ရှမ့်လန် ဗုံသံကို ကြားလား ဒီရေလှိုင်းတွေရဲ့ အသံကို ကြားလား။ ဒါတွေ အကုန်လုံးက မင်းရဲ့ ပျက်စီးခြင်း အတွက်ပဲ။”

ထိုအချိန်မှာပဲ ...

‘ဒုန်း ဒုန်း’

မြေကြီးများပင် တုန်ခါသွားသည့် ကျယ်လောင်သည့် အသံကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ဤအသံက ထိတ်လန့်ဖွယ်ရာ ဒီရေလှိုင်း၏ အသံကိုပင် ကျော်လွန်သွားခဲ့ပြီး မြေပြင်တစ်ခုလုံး တုန်ခါစေ၏။ မြေအောက်တွင် ကြီးမားသည့် မြေနဂါးကြီး တစ်ကောင်က လူးလိမ့်နေသကဲ့သို့ပင်။

ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်က ရုတ်တရက် ဖောင်းကြွလာခဲ့သည်။ ပြီးနောက် ပေ ၁၀၀ ခန့် မြင့်မားသည့် ကျေးဇူးတော်မျှော်စင်က အရုပ်ကဲ့သို့ပင် ရုတ်တရက် ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။

“ဖြောက် ဖြောက် ဖြောက်။”

မြေပြင်တစ်ခုလုံးက ရုတ်တရက် ဖောင်းကြွလာခဲ့ပြီး ပေတစ်ရာခန့်မြင့်သော ကျေးဇူးတော်မျှော်စင်က ရုတ်တရက် စောင်းသွား၏။ ပြီးနောက် လဲပြိုကျသွား၏။

“ဒုန်း ဒုန်း။”

လုပ်ငန်းစဉ် တစ်ခုလုံးက နှိုင်းယှဉ်၍ မရလောက်အောင် လျင်မြန်၏။ စက္ကန့် အနည်းငယ်သာ ကြာမြင့်၏။ နှစ် ၁၀၀ ကြာ တည်ရှိခဲ့သည့် ကျေးဇူးတော်မျှော်စင်က မြေကြီးပေါ်သို့ ပြိုလဲကျသွားခဲ့သည်။ အပျက်အစီးများအဖြစ် ပြောင်းလဲသွား၏။ ပြီးနောက် အားလုံးသောသူတို့၏ အော်ဟစ်ငိုယိုသံများက မရေတွက်နိုင်အောင် ထွက်ပေါ်လာခဲ့သည်။

ဟုတ်ပေ၏။ ကျေးဇူးတော်မျှော်စင်ကြီး ပြိုကျသွားသည့် အချိန်တွင် တကယ့်ကို နှိုင်းယှဉ်၍ မရအောင် အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။ သိုင်းပညာရှင် ရာပေါင်းများစွာတို့က ရုတ်တရက် ခုန်ထွက်ကြ၏။ ငှက်ရာပေါင်းများစွာတို့ အန္တရာယ်ကြောင့် လန့်နိုးပြီး ထိတ်လန့် ထွက်ပြေးကြသကဲ့သို့ပင်။

သို့သော်ငြား သိုင်းပညာမြင့်မားသူ တချို့ကသာ ခုန်ထွက်နိုင်ခဲ့ကြ၏။ ကျန်ရှိသည့်သူများက ကျေးဇူးတော် မျှော်စင်ကြီးနှင့်အတူ အောက်သို့ ပြိုကျခဲ့သည်။ အပျက်အစီးပုံများကြားထဲတွင် နှစ်မြှုပ်ခြင်းခံရ၏။ ခဏအကြာမှာ ထိုအရာများအား ပြင်းထန်သည့် ဒီရေလှိုင်းများက ရုတ်တရက် ဝါးမျိုသွား၏။

မရေတွက်နိုင်သည့် ထိခိုက်မှုများနှင့် မြင်ကွင်းက ငရဲခန်းကဲ့သို့ပင်။ ဟွမ်တုံက အဆင်ပြေခဲ့၏။ လွယ်လွယ်ကူကူ အဆင်ပြေခဲ့ခြင်းတော့ မဟုတ်ပေ။ မြေပြင် ဖောင်းကြွလာသည့်အချိန်တွင် သူက မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ ခုန်ဆင်းခဲ့၏။ သူက မြေပြင်ပေါ်သို့ ခုန်မဆင်းခဲ့ချေ။ အစွမ်းရှိသရွေ့ ကြိုးစာပြီး ဘေးတစ်ဖက်ရှိ သစ်ပင် တစ်ပင်ပေါ်သို့ ခုန်ချ၏။ ပြီးနောက် သစ်ပင်က လဲကျသွားခဲ့သည်။ သူက သစ်ပင်နှင့်အတူ အောက်သို့ လဲကျ၏။ ခြေချင်းဝတ်ပင် လည်သွားခဲ့သည်။

တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ရှမ့်လန် ရက်စက်လွန်းကြောင်း သူသိသော်လည်း ဤမျှလောက် ရက်စက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ ဤသည်က ရွှဲ့ပြည်နယ်၏ ယင်ယွမ်အဖွဲ့အစည်း ဌာနချုပ်ဖြစ်ပြီး နှစ် ၁၀၀ ကြာ တည်ရှိခဲ့သည့် အဆောက်အအုံ ဖြစ်၏။

လူပေါင်းများစွာတို့က နန်းတော်ပြိုကျသော်လည်း ကျေးဇူးတော်မျှော်စင် ပြိုကျလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ဘာတွေ ဖြစ်ကုန်သနည်း။

“ကျုပ် .. ကျုပ် အရမ်းကြောက်တယ်။ ရှမ့်လန် ကျုပ်တို့က မိတ်ဆွေတွေရော ဖြစ်နေသေးရဲ့လား။ ဒီလို ကြီးမားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်မယ့်နေရာမှာ ငါ့ကို နေခိုင်းပြီး ဘာလို့ သတိပေးချက်လေးတစ်ခုတောင် မပေးရတာလဲ။ ရှမ့် ... ခင်ဗျား ဒါကို ဘယ်လို လုပ်လိုက်တာလဲ။

ကျေးဇူးတော်မျှော်စင်မှာ ဧရာမ သံမဏိတိုင် ၉ တိုင် ရှိတယ်။ တစ်ခုချင်းစီတိုင်းက အရမ်းကို ကြီးမားတယ်။ လီချင်းချိုးကို ပုဆိန်နဲ့သွားခုတ်ခိုင်းရင်တောင်မှ နာရီဝက်အတွင်း တစ်ဝက်လောက် ပြတ်မှာ မဟုတ်ဘူး။ ပြီးတော့ အဲလောက်ထိထက်တဲ့ ပုဆိန်မျိုးလည်း မရှိဘူး။ နာကျည်းမှုနဲ့ လီချင်းချိုးတို့ကို လွှဆွဲခိုင်းရင်လည်း မပြတ်နိုင်ဘူး။ ကျုပ် .. ဟွမ်တုံက ဒီဘေးအန္တရာယ်ထဲမှာ သေဆုံးသွားမှာကို ခင်ဗျား မစိုးရိမ်ဘူးလား”

ရှုပိုတောက်က စစ်တုရင်ပွဲ ပြီးဆုံးပြီးနောက် ကျေးဇူးတော်မျှော်စင် ရှိရာဆီသို့ လမ်းလျှောက်ရန် ပြင်ဆင်နေ၏။ လမ်းက တစ်လမ်းသာ ကွာခြားသောကြောင့် အေးအေးလူလူ လမ်းလျှောက်လာသည်။ ပြီးနောက် သူက ထိတ်လန့်ဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခုကို သူ၏ ကိုယ်ပိုင် မျက်လုံးဖြင့် မြင်ခဲ့ရသည်။

မြေနဂါးကြီးတစ်ကောင် ရုတ်တရက် ကုန်းထလိုက်သကဲ့သို့ပင်။ ပေ ၁၀၀ ခန့်မြင့်သည့် အဆောက်အအုံကြီးက ရုတ်တရက် မြေပေါ်သို့ လဲကျသွားခဲ့သည်။ ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်က လုံးဝ အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့၏။ ဒီရေလှိုင်းများက အရာအားလုံးကို ဝါးမျိုသွား၏။ ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ် တစ်ခုလုံးက မြေပြန့်ကဲ့သို့ပင် ပြောင်းလဲသွား၏။

ယင်ယွမ်အဖွဲ့အစည်း၏ အကြီးအကဲ ရှုပိုတောက်က တုံ့ပြန်နိုင်စွမ်း အားလုံး ဆုံးရှုံးသွား၏။ သူက နာကျင်မှုကိုပင် မခံစားရတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့တွင်ရှိနေသည့် အရာအားလုံးက ရယ်မောချင်စရာ ကောင်းသောကြောင့်ပင်။ အရာအားလုံးက သူနှင့် မသက်ဆိုင်သလို ခံစားရ၏။ ယခု ပြိုကျသွားခဲ့သည့် ကျေးဇူးတော်မျှော်စင်က သူနှင့် မပတ်သက်ဟုပင် ခံစားနေမိသည်။

ဤအရာက လောကတွင် ဖြစ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ရှုပိုတောက်က ပြဇာတ်တစ်ခုကို ကြည့်ရှု နေရသကဲ့သို့ပင် ခံစားနေ၏။ အချိန်အတော်ကြာပြီးနောက် ယင်ယွမ်အဖွဲ့အစည်း၏ အုပ်ချုပ်သူ ရှုပိုတောက်က တဖြည်းဖြည်း လက်တွေ့အခြေအနေဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူက သတိပြန်ဝင်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေ၏။

ဤအရာက ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်ဖြစ်သည်။ ဤအရာက နှစ်ပေါင်း ၁၀၀ ကြာ ရပ်တည်ခဲ့သည့် ကျေးဇူးတော်မျှော်စင် ဖြစ်သည်။ ယခု မြေပြင်ကဲ့သို့ပင် ပြားချပ်သွားခဲ့ပြီ။

“အား အား။”

ရှုပိုတောက်က အသက်ရှူမရသလိုပင် ခံစားရ၏။ သူက ရင်ဘတ်ကို ဖုံးအုပ်ပြီး မြေပြင်ပေါ်တွင် လဲကျသွား၏။

သူ၏ဘေးတစ်ဖက်ရှိ ယန်ဝူကျိကမူ အလုံးစုံ ထိတ်လန့်နေသည်။ စိတ်ထဲတွင် စကားတစ်လုံးသာ ရှိတော့သည်။

‘ချီး ချီးတဲ့မှ’

သူက ကျောင်းတော်သား တစ်ယောက် ဖြစ်သည်။ ယဉ်ကျေးသည့် လူတစ်ယောက် ဖြစ်သောကြောင့် ညစ်ညမ်းသည့် စကားလုံးများကို ဘယ်တော့မှ သုံးလေ့မရှိပေ။ သို့သော်ငြား လက်ရှိ သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့သည့် ခံစားချက်များကို ဖော်ညွှန်းရန် တခြားသော စာလုံးများ မရှိတော့ချေ။ မြင်နေရသည့်မြင်ကွင်းက တကယ့် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။

ရှုပိုတောက် လဲကျသွားချိန်မှာတော့ ယန်ဝူကျိက ကူညီရန် အလျင်အမြန် ပြေးသွား လိုက်သည်။ ရှုပိုတောက်က သွေးတစ်လုတ် အန်ထွက်၏။ ပြီးနောက် လုံးဝ မေ့လဲသွားခဲ့တော့သည်။

.....................

ထိုအချိန်မှာတော့ ရှမ့်လန်က ရှမ့်မီ ၊ ပင်းအာ၊ ကတော်ကျိုး၊ ဝူလဲ့၊ ရှမ့်နု၊ တခြားသောသူများနှင့်အတူ ချန်းဖန်မြို့စား၏ အိမ်တော်အမြင့်ဆုံးနေရာတွင် စောင့်ဆိုင်းလျက် ရှိ၏။ လသာဆောင်ပေါ်တွင် စားပွဲတစ်လုံး ရှိနေပြီး လက်ဖက်ရည်၊ ဖရုံစေ့များနှင့် ပြည့်နှက်နေခဲ့၏။ သူတို့အားလုံးက စကားပြောပြီး စောင့်နေကြ၏။

“ရှမ့်... ကလေးက ဖရုံစေ့ မစားရဘူး။” ကတော်ကျိုးက ရှမ့်လန်ကို ဘယ်နှစ်ကြိမ် တားမြစ်ခဲ့သည် မသိချေ။

ကလေးငယ်က သွားများ မပေါက်သေးသော်လည်း သူ၏နူးညံ့သည့် သွားဖုံးလေးများနှင့် ဝါးနေ၏။ ရှမ့်လန်က ဖရုံစေ့ တစ်စေ့ကို ကိုက်ခွာ၏။ ဖရုံစေ့အပြင် နေကြာစေ့များ ရှိ၏။ နေကြာစေ့များကို အနောက်တိုင်း ကုန်သည်များ ယူဆောင်လာခြင်း ဖြစ်၏။ အရှေ့တိုင်းတွင် နေကြာစေ့ စိုက်ပျိုးခြင်း မရှိကြချေ။ ရှမ့်လန်ကဲ့သို့ ငွေကြေးဖြုန်းတီးတတ်သူ တစ်ယောက်မှသာလျှင် ဤကဲ့သို့သော နေကြာစေ့များကို တကူးတက ဝယ်ယူကာ စားပေလိမ့်မည်။

ကလေးငယ်က ဖရုံစေ့၏ အနည်းငယ်ငန်သည့် အရသာကို မြည်းစမ်းမိပြီးနောက် လောကသစ်၏ တံခါးတစ်ချပ်ကို တွေ့ရှိလိုက်ရသကဲ့သို့ပင်။ သူမ၏ မျက်လုံးလေးများက အံ့အားသင့်သွားပုံပေါ်ပြီး ကျောက်မြတ်ရတနာကဲ့သို့ပင် မျက်လုံးများက လင်းလက်လာခဲ့၏။ ပြီးနောက် သူမက ထိုဖရုံစေ့တစ်စေ့ကို ဆယ်မိနစ်ခန့် စုပ်လျက် ရှိနေသည်။

နောက်ဆုံးမှာတော့ ကတော်ကျိုးက မခံနိုင်တော့ချေ။ ကလေးငယ်ကို ချီကာ ခေါ်ဆောင်သွားခဲ့သည်။ ကလေးငယ် ဆိုသည်မှာ ဆားမစားရချေ။ ဖခင်တစ်ဦးနေဖြင့် ရှမ့်လန်က စိတ်ချရသည့်လူမျိုး မဟုတ်ချေ။ ပင်းအာကလည်း အသုံးမဝင်ဘဲ ရှမ့်လန်၏ စကားကိုသာ နားထောင်တတ်သူပင်။ သူမ ယောက်ျား ဘာလုပ်လုပ် ထိုင်ကြည့်နေတတ်၏။

ရှမ့်မီကို ခေါ်ဆောင်သွားခဲ့သည်ဆိုသော်လည်း ရှမ့်မီ၏ မျက်လုံးများက ဖရုံစေ့ဆီသို့သာ စူးစိုက်ကြည့်ရှုနေ၏။ ယုရှစ်ရှစ်နှင့် ယုခက်ခက်တို့ ညီအစ်မနှစ်ယောက်က ကျွမ်းကျင်စွာပင် ဖရုံစေ့များကို ခွာစားနေသည်။ အခွံများက နေရာနှံ့သို့ ပြန့်နှံ့နေခဲ့သည်။

ထိုအချိန်မှာပဲ ....

“ဘန်း ....” ကျယ်လောင်လွန်းသော အသံကြီး ထွက်ပေါ်လာခဲ့၏။

ပြီးနောက် ပေ ၁၀၀ ခန့် မြင့်မားသည့် ကျေးဇူးတော်မျှော်စင်ကြီးက ပြိုကျသွား၏။ ချက်ချင်းပဲ ပင်းအား၊ ကတော်ကျိုးတို့ အားလုံးက စကားပြောရာမှ ရပ်တန့်သွားခဲ့၏။ အားလုံးက ရပ်တန့်သွား၏။ ဖရုံစေ့ကို ခွာစားနေသည့် မိန်းကလေးနှစ်ဦး ဖြစ်သော ယုရှစ်ရှစ်နှင့် ယုခက်ခက်တို့ကလည်း ချက်ချင်း ရပ်တန့်သွားခဲ့ကြ၏။ ရှမ့်မီကလည်း ဖရုံစေ့ကို မလှုပ်မယက်နှင့် စူးစိုက်ကာ ကြည့်ရှုနေသည်။

လူတိုင်း၏ မျက်လုံးများက ရှမ့်လန်ဆီသို့ လှည့်လာ၏။ ကျေးဇူးတော်မျှော်စင်က နောက်ဆုံး ပြိုကျသွားခဲ့သည်။ ယင်ယွမ်အဖွဲ့အစည်းအား လက်စားချေမှုက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

ရှမ့်လန်က အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဤအချိန်မှာတော့ သူ၏ စိတ်ထဲတွင် စကားလုံး တစ်ခုတည်းသာ ရှိနေ၏။ “ကောင်းတယ်။ ပျော်စရာကြီးပဲ။”

ထိုအချိန်မှာတော့ လူပေါင်းများစွာတို့က သူ့ဆီသို့ လှမ်းကာ ကြည့်ရှု၏။ ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဘာကြည့်တာလဲ။ ဒါ ငါ လုပ်တာ မဟုတ်ဘူး။ ဒါတွေက ငါနဲ့ မဆိုင်ဘူး။”

All Chapters