အခန်း (၅၉၃-၅၉၄)
Vol. 39 Ch. 593-594
အပိုင်း (၅၉၃)
ဘာပဲပြောပြော ရှမ့်လန်ထက် ပိုမိုကာ ပျော်ရွှင်မှုကို ခံစားနေသူများ ရှိသည်။ ထိုသူက ကမ်းနားမှ ဒီရေလှိုင်း လာရောက်ကြည့်ရှုကြသည့် လူများပဲ။ သူတို့က မူလတည်းက ကျေးဇူးတော်မျှော်စင်ပေါ်တွင် ရှိနေသည့် လူများအပေါ် မနာလိုခြင်း၊ မုန်းတီးခြင်း၊ မကျေနပ်ခြင်းများ ရှိ၏။ အဘယ်ကြောင့် သူတို့က မြေပြင်ပေါ်တွင် ရှိနေကြပြီး ထိုသူတို့က အဆောက်အဦး၏ ထိပ်တွင် ရပ်ကာ ကြည့်ရှုနေရသနည်း။
သို့သော်ငြား သူတို့ မမျှော်လင့်ခဲ့ချေ။ တကယ်တမ်း ဤကဲ့သို့ ကြီးမားသည့် မြင်ကွင်းကြီးတစ်ခု ပေါ်ပေါက် လာမည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ ဤနေ့က သူတို့ ဒီရေလှိုင်းပွဲကို လာရောက်ကြည့်ရှုရသည့် အမှန်ကန်ဆုံး နေ့တစ်ခု ဖြစ်ခဲ့၏။
နှစ် ၁၀၀ ကျော်ကြာ ရပ်တည်ခဲ့သည့် ကျေးဇူးတော်မျှော်စင်က ပြိုကျသွားခဲ့သည်။ သူတို့ မျက်စိမှောက်နေ သည်လား။ သို့သော်ငြား မကြာခင်မှာပဲ ဤအရာက မျက်စိမှောက်ခြင်း မဟုတ်ဘဲ အစစ်အမှန် ဖြစ်ကြောင်း သိရှိရ၏။ တကယ်ကို ဆိုးဝါးလွန်းသည့် အော်ဟစ်ငိုကြွေးသံများ ပေါ်ပေါက်နေခဲ့၏။
ကြီးမားသည့် မြင်ကွင်းကြီး တစ်ခုကို သူတို့ရှေ့တွင် မြင်နေရ၏။ ဒီရေလှိုင်းများထက်ပင် ပိုမိုကာ ကြည့်ရှု၍ ကောင်းသေးသည်။ လောကကြီးတစ်ခုလုံး တုန်လှုပ်စေနိုင်သည် ဖြစ်ရပ်ပင် ဖြစ်၏။ နှစ် ၁၀၀ ကြာ ရပ်တည်ခဲ့သည့် ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်ကြီးက သူတို့၏ မျက်စိရှေ့တွင် ပြိုကျသွားခဲ့သည်။
အားလုံးသောသူတို့၏ အထဲတွင် ကြီးမားဆုံးသော တုန်လှုပ်မှုကို ခံစားနေရသူမှာ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း ပင် ဖြစ်၏။ ရှမ့်လန် လက်စားချေလိမ့်မည်ဟု သူ သိရှိ၏။ သို့သော်ငြား လက်စားချေမှုက ဤမျှထိ ကြောက်မက်ဖွယ်ရာကောင်းလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ကြိုတင်သတိပေးထားခြင်း မရှိသောကြောင့် နင်ယွမ်ရှန်းက ယင်ယွမ်ဌာနချုပ် ဘာဖြစ်မည်ဆိုသည်ကို မသိချေ။
သို့သော်ငြား သူကလည်း ကျေးဇူးတော်မျှော်စင်ကို ကြည့်နေခဲ့၏။ အဘယ်ကြောင့်နည်း။ သူက စိတ်မပျော်သောကြောင့် ဖြစ်သည်။ ယင်ယွမ်အဖွဲ့အစည်း၏ ဒီရေလှိုင်းကြည့်ပွဲတွင် ပါဝင် မပက်သက်ရန် တခြားသော နည်းလမ်းတစ်ခုဖြင့် သူ သတိပေးခဲ့ပြီးဖြစ်၏။
သို့ပေမည့် ရလဒ်က ဘာဖြစ်သနည်း။ လက်ရှိ ရာထူးရရှိထားခဲ့သည့် နန်းတွင်းအရာရှိတစ်ယောက်မှ မသွားခဲ့ကြချေ။ သို့ပေမည့် ထိုသူတို့၏ မိသားစုဝင်များ၊ အငြိမ်းစားယူသွားကြသည့် သက်ကြီးရွယ်အိုများက သွားကြ၏။ သူ၏စကားကို နားတစ်ဖက်မှ ဝင်ပြီး တစ်ဖက်မှ ထွက်သွားသလို သဘောထားကြသည်လား။ သို့သော်ငြား ဤကဲ့သို့သော အခြေအနေမျိုးက မဆန်းချေ။
ဘုရင်မင်းမြတ်၏ အမိန့်တော်ဆိုသည်မှာ နားတစ်ဖက်မှဝင်ပြီး နားတစ်ဖက်မှ ထွက်ခြင်းအဖြစ် အားလုံးက ပြုမူ ဆောင်ရွက်ပြီးသား မဟုတ်ပါလား။ ထိုကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်သည့်အချိန်တွင် နင်ယွမ်ရှန်းက သက်ပြင်းချနိုင်ရုံသာ တတ်နိုင်ခဲ့သည်။ ကျေးဇူးတော်မျှော်စင်သို့ ဒီရေလှိုင်း သွားကြည့်ခဲ့ကြသည့် အမျိုးသမီးများတို့ကို အပြစ်ပေးမည်ဟု ဘုရင့်အမိန့်တော် ထုတ်ပြန်သင့်လား။ အငြိမ်းစားယူထားခဲ့သည့် သက်ကြီးရွယ်အိုများစွာကို အပြစ်ပေးရမည်လား။ အားလုံးက အသက်ကြီးနေပြီ ဖြစ်သည်။ ဘယ်နှနှစ် နေနိုင်ဦးမည်နည်း။
ထို့ကြောင့် ဘုရင်မင်းမြတ်က စိတ်ထဲတွင် မုန်းတီးမှုအပြည့်နှင့် ကျေးဇူးတော်မျှော်စင်ကို အဝေးမှ လှမ်းကာ ကြည့်ရှုလျက် ရှိ၏။ ပြီးနောက် ကျေးဇူးတော်မျှော်စင် တစ်ခုလုံးက ပြိုလဲသွားခဲ့၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက လုံးဝ ထိတ်လန့်သွား၏။ ထိုအချိန်မှာတော့ သူက အေးစက်သည့် လေတစ်ချက်ကို ရှုရှိုက်လိုက်မိသည်။ ထိုလေက နှာဝမှ ခေါင်းထိပ်ထိ တိုးဝင်လာခဲ့ပြီး သူ၏ ဦးခေါင်းခွံတစ်ခုလုံးကို ကောင်းကင်ပေါ်သို့ မြောက်တက်သွားစေခဲ့သည်။
“ရှမ့် ရှမ့် .. ရှမ့်လန်... မင်း စောက်ရူး။”
ဘုရင်မင်းမြတ်၏ ယခင် တွေးတောချက်များအရ ရှမ့်လန်က လက်စားချေသည့်အနေနှင့် ယင်ယွမ်အဖွဲ့အစည်း၏ လျှို့ဝှက်ဘဏ္ဍာတိုက်တစ်ခု သို့မဟုတ် နှစ်ခုကို လုယက်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ ထို့အပြင် ယင်ယွမ်အဖွဲ့အစည်း ၏ လူရာပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သို့သော်ငြား ရွှဲ့ပြည်နယ်၏ ဌာနချုပ်ကို မြေပြင်နှင့် တပြေးညီ ဖြစ်အောင် ဖျက်ဆီးပစ်လိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။ စဉ်းစား၍ပင် မရခဲ့ချေ။
ပိုမို၍ အရေးကြီးသည်မှာ ရှမ့်လန် ထိုအရာကို မည်သို့ ပြုလုပ်ခဲ့သနည်း။ တကယ်ကို ကြောက်လန့်စရာ ကောင်းလွန်းလှ၏။
‘ရှမ့်လန်... ဒီလောက်ကြီးမားတဲ့ ကစားပွဲတစ်ခုကို ကစားနေတာ ငါ... ငါ နင်ယွမ်ရှန်း မင်းကို မနိုင်လောက်တော့ဘူး။ ဒီကောင်လေး ဖန်တီးခဲ့တဲ့ ပြဿနာက တကယ့်ကို ကြောက်စရာပဲ။’
နင်ယွမ်ရှန်းက တကယ်ပဲ ထိတ်လန့်နေသည်။ “ဒါ ဒါ လွန်လွန်းတယ်။ တော်ဝင်ရန်နိုင်ငံတော်ကိုပဲ ဒေါသထွက်စေလိမ့်မယ်။ ဒီကိစ္စကို ငါ မကိုင်တွယ်နိုင်တော့ဘူး။ မကိုင်တွယ်နိုင်တော့ဘူး”
အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကလည်း ထိုမြင်ကွင်းကို မြင်နေ၏။ သူတို့၏ စိတ်ထဲတွင် အတွေး တစ်ခုတည်းသာလျှင် ရှိ၏။ “ရှမ့်... ရှမ့်လန် ဒီကောင် စောက်ရူးပဲ။ ဒါ လုံးဝ ခြွင်းချက်မရှိတဲ့ သောက်ရူးပဲ။”
ရှမ့်လန်၏ လက်စားချေမှုက ပြင်းထန်၏။ သို့ပေမည့် တကယ်လုပ်ခဲ့သည်လား။ ကျေးဇူးတော်မျှော်စင် ဆိုသည်မှာ ထူးခြားသည့် သံမဏိတိုင်ကြီး ၉ တိုင်၏ ထောက်ပံ့မှုကို ခံထားရသည့်အရာမျိုးဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်ပေ။
ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်ဖြစ်သော ကျေးဇူးတော်မျှော်စင် ပြိုကျပျက်စီးခြင်း ဆိုသည်မှာ ကောင်းကင်ကို တုန်လှုပ်စေနိုင်သည့် အရာပင် ဖြစ်သည်။ နန်းမြို့တော်တစ်ခုလုံးက မူလက လှိုင်းထန်လျက် ရှိနေသည့် ရေကန်နှင့် တူသော်လည်း ယခုအခါမှာတော့ ရေကန်ထဲသို့ ကြီးမားလွန်းသည့် ကျောက်တုံးကြီးတစ်ခု ပစ်ချလိုက်သကဲ့သို့ပင်။
နန်းမြို့တော်ကြီးတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြပြီး မရေတွက်နိုင်သည့် သတင်းစကားများက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
နန်းမြို့တော် တစ်ခုလုံး၊ ရွှဲ့ပြည်နယ် တစ်ခုလုံးတွင်တွင် ဤကိစ္စကို ပြောဆိုနေကြ၏။ သို့ပေမည့် ထူးဆန်းသည်က ထိုအတင်းသတင်းများထဲတွင် ရှမ့်လန်အကြောင်း မပါချေ။
အကြီးမားဆုံးသော ကောလဟာလက ယင်ယွမ်အဖွဲ့အစည်းက နဂါးဘုရင်နှစ်ယောက်ကို အတင်းအကြပ် ဖိနှိပ်ခဲ့သောကြောင့် နဂါးဘုရင်များ၏ အမြတ်ဒေါသ ဖြစ်ပေါ်လာခဲ့ခြင်းပင်။ ထို့ကြောင့် နဂါးဘုရင်များက ကျေးဇူးတော်မျှော်စင်ကို ပြောင်းပြန်လှန်ခဲ့ခြင်း ဖြစ်၏။
ထို့အပြင် နောက်ထပ် ကောလဟာလ တစ်ခု ရှိသေး၏။ ထိုအရာက ကျေးဇူးတော်မျှော်စင်၏ အောက်တွင် ရှေးဟောင်းစည်းတစ်ခုရှိပြီး ထိုစည်းတံဆိပ်က မြစ်စောင့်နတ်ကြီး နှစ်ပါးကို ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုစည်းက တဖြည်းဖြည်း လျော့ပါးလာခဲ့၏။ ထို့ကြောင့် မြစ်စောင့်နတ်ကြီး နှစ်ပါးတို့က အနှောင်အဖွဲ့မှ ထွက်ခွာလာခဲ့ပြီး ကျေးဇူးတော်မျှော်စင်ကို တစ်ခါတည်း ဖျက်ဆီးပစ်ခဲ့ခြင်း ပင်ဖြစ်သည်။
သာမန်အရပ်သားများက ရှမ့်လန်နှင့် ဆက်နွယ်နေသည်ဟု မတွေးကြချေ။ အဘယ်သို့ ဆက်နွယ်နိုင်မည်နည်း။ သူတို့အားလုံး မြင်ခဲ့ရ၏။ ရှမ့်လန်၏လူများက ကျေးဇူးတော် မျှော်စင်၏ အဆောက်အဦးနားဆီသို့ တစ်ကြိမ်မှ မချဉ်းကပ်ခဲ့ကြချေ။ ထို့အပြင် ရှမ့်လန်တို့က နတ်ဘုရားများလည်း မဟုတ်ကြချေ။ အဝေးမှ လှမ်းပြီး ကျေးဇူးတော်မျှော်စင်ကို အဘယ်သို့ ဖြိုချမည်နည်း။
တစ်ဖက်ခြမ်းတွင် ရှိနေသည့် နန်းတွင်းမှုထမ်းအားလုံးကတော့ ကွဲပြားသည့် ထင်မြင်များရှိ၏။ ကျေးဇူးတော်မျှော်စင် ပြိုကျမှုကြောင့် မင်းမှုထမ်း မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ကြ၏။ ယင်ယွမ်အဖွဲ့အစည်းမှ ရာဂဏန်းမျှ ထိခိုက် သေဆုံးခဲ့ကြသည်။ ထိုအရာရှိများကြားထဲတွင်ပေါ်ပေါက်လာသည့် ပထမဦးဆုံး အတွေးက ရှမ့်လန်သာလျှင် ဖြစ်သည်။
“ဒါက ရှမ့်လန်ရဲ့ လက်စားချေမှုပဲ ဖြစ်ရမယ်။ သူ့ရဲ့ ဗလာသွေးမျိုးဆက် ၃,၇၀၀ ကို ယင်ယွမ်အဖွဲ့အစည်းက ခေါ်ဆောင်သွားခဲ့တာကြောင့် လက်စားချေလိုက်တာပဲ ဖြစ်မယ်။”
သို့ပေမည့် မကြာခင်မှာပဲ သူတို့က ထိုကဲ့သို့သော အတွေးများကို လက်လွှတ် ဖယ်ရှားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တုန်းက ရှမ့်လန်၏ လူများက နေရာတွင် မရှိသောကြောင့်ပင်။
ရှမ့်လန်က ချန်းဖန်မြို့စားအိမ်တော်၏အိမ်တော်တွင် အမျက်ဒေါသထွက်လျက် ရှိနေသည်။ သွေးပင် အန်ခဲ့သေး၏။ ဓားဘုရင်လီချင်းချိုးနှင့် နာကျည်းမှုတို့ကလည်း ယင်ယွမ်အဖွဲ့အစည်း၏ လျှို့ဝှက် ဘဏ္ဍာတိုက်များကို တိုက်ခိုက်ခဲ့သောကြောင့် အထိအခိုက် အကျအဆုံးများခဲ့သည်။ အရာအားလုံးတွင် ခိုင်မာသည့် သက်သေပြချက်များ ရှိသည်။ ထို့ကြောင့် ရှမ့်လန်ကို အပြစ်တင်ချင်သည်ဆိုလျှင်တောင်မှ မည်သူမှ လက်ညိုးလာထိုး၍မရနိုင်ပေ။
ရှုပိုတောက်က ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ ရှုတင်းယုနှင့် ယင်ယွမ်အဖွဲ့အစည်းမှ ကျွမ်းကျင်သူ ပညာရှင်များက ကုတင်ရှေ့တွင် ငြိမ်ငြိမ်သက်သက်နှင့်ရပ်တန့်လျက် ရှိနေသည်။ ထိုထဲတွင် မဟာပညာရှင် တစ်ဦးလည်း ပါဝင်သည်။
“မင်းတို့ အားလုံး စုံစမ်းပြီးပြီလား။” ရှုတင်းယုက ပြောလိုက်၏။
“ကျုပ်တို့ မြေအောက်မြစ်ဝကို ဖွင့်လိုက်တဲ့အချိန်မှာ ဆီရာပေါင်းများစွာက စီးဝင်လာခဲ့ပါတယ်။ အဲဒီ မြေအောက်ရေလမ်းက ရှုပ်ထွေးပြီး အကွေ့အကောက်များတဲ့အတွက် ဆီသေတ္တာတွေ အများကြီး ဝင်လာခဲ့တယ်။ ဒီဆီတွေရဲ့ တစ်ဝက်လောက်က မြေအောက်လမ်းကြောင်းမှာ ပိတ်မိနေခဲ့တယ်။ အဲဒီမှာ တန်ချိန် သောင်းနဲ့ချီတဲ့ ဆီတွေရဲ့ ပေါက်ကွဲမှုက မြေပြင်ကို ပြောင်းပြန်လှန်ခဲ့တာပါပဲ။”
ရှုပိုတောက်က ပြောလိုက်သည်။ “ဒီလိုဖြစ်ခဲ့တယ် ဆိုရင်တောင်မှ ကျေးဇူးတော်မျှော်စင်က ပြိုကျစရာ အကြောင်း မရှိဘူး။ ဆီတွေရဲ့ ပေါက်ကွဲမှုက သံမဏိတိုင်ကြီး ကိုးတိုင်ကို ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ဘူး။”
ရှုတင်းယုက ပြောလိုက်၏။ “သံမဏိတိုင်ကြီး ကိုးချောင်းလုံးက အရည်ပျော်သွားခဲ့တာပါ”
“အရည်ပျော်သွားတာ ဟုတ်လား။” ရှုပိုတောက်က အံ့အားသင့် တုန်လှုပ်သွားခဲ့သည်။
မည်သို့ ဖြစ်နိုင်မည်နည်း။ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ လူတစ်ယောက်၏ ပေါင်အထူလောက် ရှိသည့် သံမဏိတိုင်ကြီးများကို လောကပေါ်တွင် မည်သည့်အရာဖြင့် အရည်ပျော်အောင် ပြုလုပ်နိုင်မည်နည်း။ သူက ပိုးဆိုးပက်စက် ထကာ အော်ဟစ်လိုက်၏။
ရှုတင်းယုက တုန်ယင်နေသည့် လေသံဖြင့် ပြောလိုက်သည်။ “ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ ကျုပ်တို့လည်း မသိပါဘူး”
ထိုအဖြစ်အပျက်က တကယ့်ကို အံ့အားသင့်စရာ ဖြစ်နေသည်။ မည်သူမှသတိမထားမိဘဲ ကြီးမားသည့် သံမဏိတိုင်ကြီးများက အရည်ပျော်သွားခဲ့သည်။ ယင်ယွမ်အဖွဲ့အစည်းမှ ပညာရှင်ပေါင်းများစွာတို့က မည်သည့်အကြောင်းရင်းကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ သဲလွန်စ အသေးအမွှားလေးကိုပင် ရှာဖွေမတွေ့ရှိနိုင်ခဲ့ချေ။
ရှုတင်းယုက ပြောလိုက်၏။ “ဒီတစ်ခါ ကျေးဇူးတော်မျှော်စင်ကို ဖျက်ဆီးဖို့ ရှမ့်လန် အသုံးပြုခဲ့တဲ့ လူအင်အားက ထင်ထားတာထက် အများကြီး နည်းခဲ့တာပဲ။”
ရှုပိုတောက်၏ ရင်ဘတ်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရ၏။ သူက သွေးအန် လုမတတ်ပင် ဖြစ်နေ၏။ သူက မျက်လုံးကို အလျင်အမြန် မှိတ်လိုက်သည်။ “ဒီကောင်လေးက တကယ့်ကို ကောက်ကျစ်လွန်းတယ်။ ပြီးတော့ သူ့မှာ စည်း၊ ဘောင်၊ အောက်ခြေစည်းမျဉ်း ဆိုတာ မရှိဘူး။”
ဤတစ်ကြိမ် လက်စားချေမှုက ယင်ယွမ်အဖွဲ့အစည်းကို တကယ်ပဲ နာကျင်စေခဲ့၏။
“သခင်ကြီး.. ကျုပ်တို့ ဘာဆက်လုပ်သင့်လဲ။ ရှမ့်လန်ကို တရားစွဲရမလား။”
ရှုပိုတောက်က ပြောသည်။ “ဘယ်လို တရားစွဲမှာလဲ။ မင်းတို့မှာ သက်သေရှိလား။ အရှင်မင်းကြီးက မင်းတို့အတွက် တရားမျှတမှုကို ရှာဖွေပေးမယ် ထင်နေတာလား”
ယင်ယွမ်အဖွဲ့အစည်းသာ ရှမ့်လန်ကို သွားရောက် တရားစွဲဆိုပါက သူတို့၏ အားနည်းချက်ကို ပြသရာ ရောက်ပေလိမ့်မည်။ ခေတ်သစ်လောကမြေတွင်လည်း ထိုနည်းလည်းကောင်းပင်။ အားနည်းသည့်နိုင်ငံများက သာလျှင် ကုလသမဂ္ဂတွင် အမြဲတမ်း တိုင်တန်းနေရသည်။ အမေရိကန် ပြည်ထောင်စု သို့မဟုတ် ရုရှား.. ထိုသူတို့က ကုလသမဂ္ဂတွင် ငိုယိုပြီး တိုင်တန်းနေသည်အား မည်သည့်အချိန်က မြင်ဖူးခဲ့သနည်း။ သူတို့ မကျေနပ်သည့် လူများကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိကြ၏။ ဤအရာက သောက်မြင့်ကပ်ဖွယ်ရာ ကောင်းသော်လည်း လောက နိယာမ၏ အမှန်တရားပင်။
“အဖေ... ဒီကိစ္စကို လူတွေသိအောင် ဘယ်လို ကြေညာသင့်လဲ။” ရှုတင်းယုက မေးလိုက်၏။
ရှုပိုတောက်က နာကျင်မှုနှင့် မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။ ကျေးဇူးတော်မျှော်စင် ပြိုကျမှုက ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်သည်။ အဆောက်အဦး တစ်ခုသာ ဖြစ်ပြီး လူရာဂဏန်း အနည်းငယ်လောက် သေဆုံးခြင်းက သူတို့အတွက် ဘာမှ မဟုတ်ချေ။ အဓိကက ယင်ယွမ်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ဖြစ်သည်။ ဂုဏ်သတင်း တည်ဆောက်ရန် ခက်ခဲသော်လည်း ဖျက်ဆီးရန် တစ်စက္ကန့်မျှသာ လိုအပ်ခဲ့သည်။
“အားလုံးကို ကြေညာလိုက်။ သံမဏိတိုင်ကြီး ကိုးတိုင် သံချေးတက်ပြီး ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ခဲ့တာ။ ပြီးတော့ ဒီရေလှိုင်းကြောင့်၊ မြေငလျင်လှုပ်ခတ်မှုကြောင့် ... အားလုံးဆုံပြီး ကျေးဇူးတော်မျှော်စင်က ပြိုကျခဲ့ရတာပဲ။ ထိခိုက်သေဆုံးသူအားလုံးကို ရွှေဒင်္ဂါးတွေ လျော်ကြေးပေးမယ်။ တာဝန်ပျက်ကွက်တဲ့ လူတွေကို အပြစ်ပေးမယ်။
ငါကိုယ်တိုင် မီးလျှံမြို့တော်ကို သွားပြီးတော့ ခွင့်လွှတ်မှု တောင်းခံမယ်။ မီးလျှံမြို့တော်ကပဲ ဒီကိစ္စကို ကိုင်တွယ်လိမ့်မယ်။ နင်ယွမ်ရှန်းက ငါတို့ရဲ့ ဖိအားကို ခံနိုင်ရည်ရှိပေမဲ့ မီးလျှံမြို့တော်ရဲ့ ဖိအားကိုတော့ ခံနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ရွှဲ့ပြည်နယ် ယင်ယွမ်အဖွဲ့အစည်းက အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ ကျေးဇူးပြုပြီး အကြွေးတွေကို ပြန်လည်ပေးဆပ်ကြပါလို့ ကြေညာလိုက်။ ယင်ယွမ်အဖွဲ့အစည်းကို ဒီအကြပ်အတည်း ကနေ ကျော်လွှားနိုင်အောင် ကူညီကြပါလို့ ကြေညာလိုက်။”
ရှုတင်းယုက အံ့အားတသင့် ဖြစ်သွားသည်။ နင်ယွမ်ရှန်းဆီက အကြွေးပြန်တောင်းရန် စီစဉ်နေသည်လား။
သူတို့၏ ရည်ရွယ်ချက်က ဗလာသွေးမျိုးဆက်ရှိသူ တစ်ထောင်ကျော်ကို သွေးမျိုးဆက်ပြောင်းလဲပြီး အားထားရသည့် စစ်တပ်တစ်ခု ဖန်တီးဖို့ပင် ဖြစ်သည်။ အကယ်၍ သူတို့ အောင်မြင်ခဲ့သည် ဆိုပါက ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းနိုင်ပြီး ဂုဏ်သိက္ခာလည်း ပြန်လည်ရရှိပေလိမ့်မည်။
..............
နောက်ပိုင်းမှာတော့ ယင်ယွမ်အဖွဲ့အစည်းက တစ်လောကလုံးကို ကြေညာခဲ့သည်။ လူတချို့၏ ပေါ့လျော့မှုကြောင့် သံမဏိတိုင်ကြီးများ သံချေးတက်ပြီး အဆောက်အဦး ပြိုကျခဲ့သည်ဟု ဆို၏။ ရှုပိုတောက်နှင့် ရှုတင်းယုတို့က ယင်ယွမ်အဖွဲ့အစည်းကိုဦးဆောင်၍ ထိခိုက်ဒဏ်ရာရသူများ အားလုံးတို့ကို တောင်းပန်၏။ ပြီးနောက် လျော်ကြေးငွေများကို ပေးအပ်၏။
ပြီးနောက် ယင်ယွမ်အဖွဲ့အစည်းက သေဆုံးသူအားလုံးအတွက် ခမ်းနားသည့် ဈာပနပွဲတစ်ခုကို ကျင်းပပေး၏။ ဘုရင်မင်းမြတ်ကိုယ်တိုင် ဈာပနပွဲသို့ ကြွရောက်ခဲ့ပြီး ယင်ယွမ်အဖွဲ့အစည်း၏ ပေါ့ဆမှုအား ပြစ်တင်ရှုတ်ချသည်။
ရှုပိုတောက်ကလည်း ဝမ်းနည်းကြောင်း ပြောဆိုခဲ့၏။ ပြီးနောက် ရှုပိုတောက်က မီးလျှံမြို့တော်ရှိ ရုံးချုပ်သို့ တရားဝင် တောင်းပန်ပြီး ရာထူးမှ နှုတ်ထွက်လွှာကို တင်ပြခဲ့၏။
နန်းမြို့တော်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်၏။ မကြာခင် မုန်တိုင်းကြီးတစ်ခု တိုက်ခတ်တော့မည် ဖြစ်ကြောင်း ခံစားမိသောကြောင့်ပင်။ ထင်ထားသည့်အတိုင်းပဲ ရာထူးနှုတ်ထွက်လွှာကို တင်ပြပြီးနောက် ရှုပိုတောက်က နန်းတော်တွင်းသို့ ဝင်ရောက်ကာ အကြွေးပေးပါရန် ဘုရင်မင်းမြတ်အား တောင်းဆိုခဲ့သည်။
ထိုနှစ်ဦးသားက ဆိုးဝါးသည့်အခြေအနေဖြင့် လမ်းခွဲခဲ့ကြသည်။ နင်ယွမ်ရှန်းက ယင်ယွမ်အဖွဲ့ အစည်းထံမှ ၂၃ နှစ်တိုင်တိုင် ငွေချေးယူခဲ့ကြောင်း ယင်ယွမ်အဖွဲ့အစည်းက တရားဝင် ထုတ်ဖော်ခဲ့သည်။ ပြန်လည် ပေးဆပ်ပြီးခဲ့သည့် ပမာဏကို နှုတ်လိုက်လျှင်ပင် စုစုပေါင်း အကြွေး ၁၂.၆ သန်း ရှိ၏။
ချက်ချင်းပဲ တစ်လောကလုံး တုန်လှုပ်သွားခဲ့သည်။ ဘုရင်မင်းမြတ်က ဤမျှများပြားလိုက်သည့် ငွေပမာဏ အကြွေးတင် နေသည်လား။ မည်သို့များ သုံးဖြုန်းခဲ့သနည်း။
ရှမ့်လန်ပင်လျှင် ထိုအကြွေးပမာဏကို ကြားချိန်၌ ဦးရေးပြားများ ထုံကျင်သွားခဲ့သည်။ ဘုရင်မင်းမြတ်၌ အကြွေးများကြောင်း သူ သိသော်လည်း ဤမျှ များပြားလိမ့်မည်ဟု မထင်ခဲ့ချေ။
လွန်ခဲ့သည့် နှစ် ၂၀ အတွင်း နင်ယွမ်ရှန်းက အကြွေးဟောင်းများကိုဆပ်ရန် အကြွေးသစ်များကို ချေးယူခဲ့ရ၏။ အတိုးများနှင့် စုပေါင်းလိုက်သည့်အချိန်တွင် ဤမျှ တုန်လှုပ်ဖွယ်ရာ ကိန်းဂဏန်းဆီသို့ ရောက်ရှိသွားသည်။
ဟွမ်တုံက ထိုသတင်းကို ကြားတော့ ဘောင်းဘီထဲ သေးထွက်ကျလုမတတ် ဖြစ်သွားခဲ့၏။
သူတို့ ကောင်းကင်တာအိုအဖွဲ့အစည်းက ထိုအကြွေးကို ဆပ်ပေးရန်အတွက် မေးမြန်းချင်ခဲ့သေး၏။ ယခု ကြည့်ရသည်မှာ ကောင်းကင်တာအိုအဖွဲ့အစည်း တတ်နိုင်သည့် အရာမျိုး မဟုတ်တော့ချေ။
ရှမ့်လန်ကလည်း ဤအကြွေးအတွက် ဘာမှ ပြုလုပ်ပေးနိုင်ခြင်း မရှိချေ။
နန်းမြို့တော်ရှိအရာအားလုံးမှာ ရှုပ်ထွေးလျက် ရှိနေသည်။ ထို့အပြင် ရှမ့်လန်ကလည်း လူလိမ်အဖြစ် နန်းမြို့တော်တွင် ဆိုးရွားသည့်ဂုဏ်သတင်းနှင့် နာမည်ကြီး၏။ နင်ယွမ်ရှန်းကလည်း အသုံးအဖြုန်းကြီးလွန်းသူ တစ်ယောက်ပင်။
အပိုင်း (၅၉၄)
သို့သော်ငြား အကြွေးပမာဏကိုကြားပြီးနောက် ဟွမ်တုံက ရှမ့်လန်ကို မတော်တဆ လှမ်းကြည့်မိ သည်။
ရှမ့်လန်က အံ့အားသင့်သွားမိ၏။ ပြီးတော့ အားပျော့တဲ့ အသံဖြင့် မေးလိုက်၏။ “ဟွမ်တုံ အစ်ကိုကြီး.. ကျုပ် ခင်ဗျားကို ဘယ်လောက်တောင် အကြွေးတင်နေတာလဲ။”
လွန်ခဲ့သည့် နှစ်နှစ်အတွင်း သုံးဖြုန်းခြင်းကိုသာ အားစိုက်ခဲ့သောကြောင့် ရှမ့်လန်က ငွေမည်မျှ ချေးယူခဲ့သည် ဖြစ်ကြောင်းကိုပင် မတွက်ထားမိချေ။
ဟွမ်တုံက ပြောလိုက်သည်။ “ကျုပ်တို့ ညီအစ်ကိုတွေက မဟာမိတ်တွေပါပဲ။ ငွေကြေးအကြောင်း ပြောနေစရာ မလိုပါဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်သေးဘူး။ သွေးရင်းညီအစ်ကိုတွေ ဆိုရင်တောင်မှ အကြွေးကိစ္စက ရှင်းလင်းမှ ဖြစ်မယ်။”
ဟွမ်တုံက ပြောလိုက်သည်။ “မေ့လိုက်တော့၊ မေ့လိုက်တော့။ ငွေကြေးအကြောင်း ပြောမယ်ဆိုရင် ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်လိမ့်မယ်”
ရှမ့်လန်က ပြောလိုက်၏။ “တကယ်မေ့ပစ်မှာလား။ ဒါဆိုရင် ကျုပ် မေ့လိုက်တော့မယ်နော်”
“၃.၁၅ သန်း။”
ဟွမ်တုံက တည့်တိုး ပြောသည်။ ဤလူက တကယ့်ကို မျက်နှာပြောင်၏။ ပြောသလို တကယ်ကြီး မေ့လိုက်လျှင် မည်သို့လုပ်မည်နည်း။ ထို့ကြောင့် တစ်ခါတည်း ပြောလိုက်မှ အဆင်ပြေပေလိမ့်မည်။
“ဟမ် .. အဲလောက်တောင် များတာလား။ နှစ်နှစ်တည်း ရှိသေးတာကို ငါ ဘာလို့ အဲလောက်တောင် ပိုက်ဆံတွေ အများကြီး သုံးခဲ့တာလဲ။”
ရှမ့်လန်က အားပျော့နေသည့် အသံဖြင့် ပြောလိုက်၏။ “တချို့အကြွေးတွေက မင်းသားနင်ကျန်း ခေါင်းပေါ်မှာ ရှိတယ်။ ကျုပ်နဲ့ မဆိုင်တာ။”
ဟွမ်တုံက ပြောလိုက်သည်။ “မင်းသားနင်ကျန်းက ကျုပ်တို့ဆီမှာ ၆ သိန်း ၉ သောင်း အကြွေးတင်နေပါတယ်။ အဲဒါ မပါသေးပါဘူး။”
ရှမ့်လန်က ခေါင်းကုတ်လိုက်၏။ “ဟ .. ကျုပ်တစ်ယောက်တည်း သုံးလိုက်တာပါလား။ အဲလောက်တောင် များခဲ့တာလား။”
ဘုရင်နင်ယွမ်ရှန်းက နှစ်ပေါင်း ၂၀ တွင် ၁၀ သန်းကျော် အကြွေးတင်ခဲ့သည်။ သူကတော့ တစ်နှစ်တည်း ၃ သန်းခန့် အကြွေးတင်နေပြီ ဖြစ်၏။ ထိုသို့ဆိုလျှင် သူက ဘုရင်မင်းမြတ် နင်ယွမ်ရှန်းထက် ပိုမို၍ ဖြုန်းတီးနိုင်သူ ဖြစ်သည်။
“အင်း... ဘုရင်မင်းမြတ် စိတ်မကောင်းပါဘူး။ ကျုပ် အရှင်မင်းမြတ်ကို မှားယွင်းစွာဖြင့် ပြစ်တင်ခဲ့မိပါတယ်။ အရှင်မင်းမြတ်ကမှ ချွေတာသူ တစ်ယောက်ပါ။”
တကယ်တော့ ဟွမ်တုံက ရှမ့်လန်ကို နောက်ပြောင်ခဲ့ခြင်းသာ ဖြစ်သည်။ နောင်အနာဂတ်တွင် ရှမ့်လန် အကြွေးပြန်ဆပ်မည်ဟု ကောင်းကင်တာအို အဖွဲ့အစည်းက မျှော်လင့်မထားခဲ့ချေ။ သူတို့က နောင်တွင် ထာဝစဉ် ပူးပေါင်းဆောင်ရွက်သွားရန်သာ မျှော်လင့်မိ၏။
ရှမ့်လန် သူတို့ထံ ယူဆောင်လာခဲ့သည့် မဟာဗျူဟာမြောက် အကျိုးကျေးဇူးများက ရွှေဒင်္ဂါး သုံးသန်းထက် ပိုမိုကာ များစွာ သာလွန်သောကြောင့်ပင်။ ရှမ့်လန်က အကြွေးတင်နေသည့်တိုင်အောင် စိုးရိမ်နေရာ မရှိခဲ့ချေ။ သို့သော်ငြား ဘုရင်မင်းမြတ်ကတော့ ကြောက်မက်ဖွယ်ရာကောင်းသည့် အကြပ်အတည်းမျိုးနှင့် ရင်ဆိုင်နေရသည်။
ရှမ့်လန်က ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်ကို မြေပြင်နှင့် ညီညာသွားအောင် ဖျက်ဆီးခဲ့သည်။ ပြီးနောက် ယင်ယွမ်အဖွဲ့အစည်းက ရှင်ဘုရင်ကို ပြန်လည်ကာ ခေါင်းမီးရှို့ခဲ့သည်။ တရားမျှတသည်လား။ တကယ့်ကို တရားမျှတ၏။ မည်သူက ရှမ့်လန်၏ နောက်ခံလူ ဖြစ်သနည်း။ နင်ယွမ်ရှန်းပင် ဖြစ်၏။
ရွှဲ့ပြည်နယ်၏ ယင်ယွမ်အဖွဲ့အစည်းက အကြွေးပြန်ဆပ်ရန် ဖိအားပေးခြင်းလောက်ကို ရှမ့်လန်က ရင်မခုန်ချေ။ သို့ပေမည့် တော်ဝင်ရန်နိုင်ငံနှင့် ထိုမှ ယင်ယွမ်အဖွဲ့အစည်းကတော့ အရေးကြီးသည်။
အင်ပါယာက စုံစမ်းစစ်ဆေးရန် သံတမန်တစ်ဦးကိုပင် စေလွှတ်ခဲ့ပြီးပြီ ဖြစ်၏။ အင်ပါယာက နင်ယွမ်ရှန်းအတွက် တကယ်ပဲ စိုးရိမ်ပူပန်မိပြီး ကြားဝင်စေ့စပ်ရန်လိုအပ်သလားဟု အင်ပါယာက မေးမြန်းခဲ့၏။ အဓိက အစစ်အမှန်မှာတော့ ဖိအားပေးခြင်း တမျိုးပင်ဖြစ်၏။
ယင်ယွမ်အဖွဲ့အစည်းနှင့် အင်ပါယာထံမှဖိအားက နင်ယွမ်ရှန်းထံသို့ ရောက်ရှိလာခဲ့၏။ သို့သော်ငြား သူ ရှမ့်လန်ကို အပြစ်တင်၍ ရနိုင်ပါမည်လား။ မတင်နိုင်ပေ။ ပထမအချက်အားဖြင့် ယင်ယွမ်အဖွဲ့အစည်းက ရှမ့်လန်၏ ဗလာသွေးမျိုးဆက်ပိုင်ရှင်များကို ဖြတ်တောက်ရန် ကြိုးစားသွားခဲ့သည်။ ဒုတိယအချက်အားဖြင့် ရှမ့်လန်က ဘုရင်မင်းမြတ် နင်ယွမ်ရှန်းအတွက် အမျက်ဒေါသ ဖြေပျောက်ရန် ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ် တစ်ခုလုံးကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ နည်းလမ်းက အနည်းငယ် ကြမ်းတမ်းသွားခဲ့သည်သာလျှင် ရှိသည်။
ယင်ယွမ်အဖွဲ့အစည်းက အစီအစဉ်နှစ်ရပ်ကို အဆိုပြုခဲ့၏။ ပထမအစီအစဉ်က အကြွေးပြန်လည်ပေးဆပ်ရန် ဖြစ်၏။ ပထမဦးဆုံး ရွှေဒင်္ဂါး ၄ သန်းကို ပြန်လည်ပေးဆပ်ရန်ပင်။ ဘုရင်မင်းမြတ်၌ လက်ရှိ ငွေ ရှိ၏။ ရှမ့်လန်က သူ့ကို ရွှေဒင်္ဂါး ၅ သန်း လိမ်လည်ပေးထားခဲ့ပြီး ဖြစ်၏။
သို့သော်ငြား ဤငွေကို မင်းသားကျင်းကို တိုက်ခိုက်ရန် အသုံးပြုရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံလုံး ပျက်စီးစေနိုင်စွမ်း ရှိသည့် စစ်ပွဲကြီး ၂ ခုအတွက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ ထိုအရာကို ထိ၍ မရချေ။ နိုင်ငံတော်၏ ကံကြမ္မာအတွက် စစ်ပွဲကို ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။
ဒုတိယအစီအစဉ်က ရှမ့်လန်ကို အပြစ်ပေးပြီး ထောင်ချရန် ဖြစ်၏။ ရှမ့်လန်က ရွှဲ့ပြည်နယ်၏ ယင်ယွမ် အဖွဲ့အစည်း ဌာနချုပ်ကို ဖျက်ဆီးခဲ့သောကြောင့် ဤရန်ငြှိုးကို အလွယ်တကူ လွှတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ယင်ယွမ်အဖွဲ့အစည်းက လူသိရှင်ကြား ထုတ်မပြောသော်လည်း ရှမ့်လန်အား ကျိန်းသေပေါက် လက်စားချေ ချင်ကြသည်။
အကြွေးပြန်ဆပ်ခြင်း သို့မဟုတ် ရှမ့်လန်ကို ထောင်ချခြင်း။ ထိုနှစ်ခုထဲမှ တစ်ခုကို ရွေးရပေလိမ့်မည်။ ကိစ္စက တကယ့်ကို ကြီးမား၏။ ရွှဲ့ပြည်နယ်၏ ယင်ယွမ်အဖွဲ့အစည်း ဌာနချုပ်ကို ဖျက်ဆီးလိုက်ခြင်းက ကောင်းမွန်သည့် ခံစားချက် ဖြစ်၏။ သို့သော်ငြား ထိုအရာက တော်ဝင်ရန်အင်ပါယာကို ပါးပိတ်ရိုက်လိုက်ခြင်းပင်။ အင်ပါယာက ယင်ယွမ်အဖွဲ့အစည်း၏ နောက်ကွယ်တွင် ရှိနေသည်ကို မည်သူ မသိဘဲ နေမည်နည်း။
ဘုရင်မင်းမြတ်က ထိုအရာကို မတိုင်တွယ်နိုင်တော့ချေ။ ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်မှ ဖိအားများ တိုးလာ ခဲ့၏။ အင်ပါယာ စေလွှတ်လိုက်သည့် သံတမန်၏ လေသံကလည်း ပိုမိုကာ မာကျောလာ၏။
မကြာသေးခင်က စေလွှတ်လိုက်သည့် သံတမန်က မင်းသားအဆင့်ဖြစ်၏။ ရှင်းလင်းစွာ မပြောဆိုသော်လည်း နင်ယွမ်ရှန်း၌ ရွေးချယ်စရာ နှစ်ခုသာလျှင်ရှိ၏။ အကြွေး ပြန်ဆပ်ခြင်း သို့မဟုတ် ရှမ့်လန်ကို ထောင်ချခြင်းပင်။ ကြိုက်နှစ်သက်ရာကို ပြုလုပ်နိုင်သည်။
ရှမ့်လန်အတွက် ဘုရင်မင်းမြတ်က သူ၏ ဂုဏ်သိက္ခာကို အလျော့ပေးကာ ဝန်ကြီးချုပ် ကျူးဟုန်ကျူးထံသို့ သွား၏။ သူက ကျူးမိသားစုအား တော်ဝင်ရန်မြို့တော်တွင် ခဏနေထိုင်ရန် တောင်းပန်၏။ အနည်းဆုံး အင်ပါယာအား ဝင်ရောက်မစွက်ဖက်အောင် တောင်းပန်စေခြင်းပဲ။ ကျူးဟုန်ကျူးကို ထိုသို့ တောင်းဆိုခဲ့၏။
ကျူးဟုန်ကျူးက အိပ်ယာပေါ်တွင် နာမကျန်းဖြစ်ပြီး သတိလစ်မေ့မျောနေသည်ဟု ဆို၏။ ဘုရင်မင်းမြတ်က တွေ့ခွင့်ပင်မရဘဲ ပြန်လာရသည်။
ဤအချိန်မှာတော့ ဘုရင်မင်းမြတ်နှင့် ကျူးဟုန်ကျူးတို့၏ ရင်းနှီးသည့် ဆက်ဆံရေးက တကယ့်ကို ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် တရားဝင် ဖြစ်တည်ခဲ့ပြီ။ အဆက်အသွယ် လုံးဝပြတ်တောက်သွားခြင်းပင်။
တကယ်တော့ ကျူးဟုန်ကျူးက ယခင်တည်းက တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ ကောင်းကင်ပူဇော်ပွဲ အကြပ်အတည်း ကာလမှာတောင်မှ ကျူးဟုန်ကျူးက နင်ယွမ်ရှန်းကို ကလန်ကဆန် ပြုလုပ်ရန် အရာရှိများအား စေခိုင်းခဲ့၏။ ဝန်ထုပ်ဝန်ပိုးများကို သူ၏ ပခုံးထက်သို့ ထမ်းတင်ရန် အစီအစဉ်ဟူ၍ မရှိခဲ့ချေ။
သူက ဝန်ကြီးချုပ်တစ်ဦး၏ တာဝန်များကိုပင် ချိုးဖောက်ခဲ့၏။ သို့သော်ငြား နင်ယွမ်ရှန်းက ဤဝန်ကြီးချုပ်ကို အပြစ်မတင်ခဲ့ချေ။ နှစ်ဦးစလုံးက ဆန့်ကျင်ဘက် အနေအထားများ ရှိသော်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးဆဲ ဖြစ်၏။
သို့သော်ငြား ဤတစ်ကြိမ်မှာတော့ ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ဖျားနာသည်ဟု အကြောင်းပြကာ တွေ့ဆုံရန် ငြင်းဆိုခဲ့၏။ ဤအရာက နင်ယွမ်ရှန်းကို တကယ်ပဲ မျက်လုံးများ နီမြန်းသွားစေ၏။ ဒေါသထွက်နေခြင်း မဟုတ်ဘဲ ဝမ်းနည်းသွားခဲ့ခြင်း ဖြစ်သည်။
...................................
နင်ယွမ်ရှန်းက ကျူးမိသားစုထံမှ ထွက်ခွာပြီးနောက် နန်းတော်ဆီသို့ မပြန်ခဲ့ချေ။ ထို့အစား သူက နင်ကျန်း၏ ချန်းဖန်မြို့စားအိမ်တော်သို့ သွားရောက်ကာ ရှမ့်လန်၏ စာကြည့်ခန်းအတွင်း ဝင်၏။
“ရှမ့်လန်... ငါ့မှာ ဝန်ကြီးချုပ် မရှိတော့ဘူး။ ဒီနေ့ကစပြီး ငါတစ်ယောက်တည်း ဖြစ်သွားပြီ။ ဒီတစ်ခါ မင်းလုပ်လိုက်တာ အရမ်းကို ကြီးမားတယ်။ မင်းက ရွှဲ့ပြည်နယ်ရဲ့ ကောင်းကင်ကို မီးရှို့လိုက်တာပဲ။ တော်ဝင်ရန်မြို့တော်ကိုပါ တုန်လှုပ်စေခဲ့တယ်။ အင်ပါယာတောင် မင်းကြောင့် တုန်လှုပ်ခဲ့ရတယ်။ ဒါပေမဲ့ ငါ မင်းကို အပြစ်မတင်တော့ဘူး။ ရှမ့်လန်... မင်း ဘာလုပ်နေတာလဲ။”
ရှမ့်လန်က ခေါင်းမော့လိုက်သည်။ “ရာထူးက နုတ်ထွက်ဖို့အတွက် နုတ်ထွက်စာ ရေးနေတာလေ။ ကျုပ် ရာထူးအားလုံးကနေ နုတ်ထွက်ပြီး ရွှမ်ဝူမြို့ကို ပြန်တော့မယ်။”
နုတ်ထွက်ပြီး အိမ်သို့ပြန်သွားတော့မည်လား။ ထိုစကားကိုကြားသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်၏ အမူအရာက ကြောင်အသွားခဲ့၏။ အချိန်အတော်ကြာပြီးနောက် နင်ယွမ်ရှန်းက တုန်ယင်နေသည့် အသံဖြင့် ပြောဆိုလိုက်၏။
“မဖြစ်နိုင်ဘူး။ ငါ မင်းကို နုတ်ထွက်ခွင့် မပေးနိုင်ဘူး။ ဒါက ရွှဲ့ပြည်နယ်ပဲ။ ငါ ကာကွယ်လို့ မရနိုင်တဲ့လူဆိုတာ မရှိဘူး။ ဘုရင်မင်းမြတ်တစ်ယောက်အနေနဲ့ အခွင့်အာဏာအားလုံးကို ကျော်လွန်သွားခဲ့တယ်ဆိုရင်တောင်မှ ငါ ကယ်တင်နိုင်သေးတယ်။”
အချက်အလက်အရ ပြောရမည်ဆိုလျှင် ဤအရာက အမှန်ပင်ဖြစ်၏။ တော်ဝင်ရန်အင်ပါယာက လောကကြီး တစ်ခုလုံး၏ အုပ်စိုးသူဖြစ်ပြီး ရှိရှိသမျှ နိုင်ငံပေါင်းများစွာတို့က မတူညီသည့် နည်းလမ်းအမျိုးမျိုးဖြင့် သွယ်ဝိုက်ကာ ထိန်းချုပ်နေသည်ဆိုလျှင်တောင်မှ အခြေခံအားဖြင့် နိုင်ငံအားလုံးတို့က မိမိ၏ ကိုယ်ပိုင် အခွင့်အာဏာနှင့် အချုပ်အခြာကို ပိုင်ဆိုင်ကြသည်။
“အကယ်၍ ငါ နင်ယွမ်ရှန်းက မင်းကို မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ် ဘုရင်အဖြစ် ထိုက်တန်တော့မှာလဲ။” နင်ယွမ်ရှန်းက ရုတ်တရက် ထအော်လုမတတ် ဖြစ်နေ၏။ ရှမ့်လန် နုတ်ထွက်ပြီး အိမ်သို့ပြန်သွားမည် ဆိုခြင်းက သူ၏ ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်စေခဲ့၏။
သူ နင်ယွမ်ရှန်းက ပိုက်ဆံများကို ပြန်မပေးနိုင်လျှင် သို့မဟုတ် ရှမ့်လန်ကို မဖမ်းလျှင် ဘာလုပ်နိုင်မည်နည်း။ ဟုတ်ပေ၏။ ဤအရာက တော်ဝင်ရန်အင်ပါယာ၏ ပိတ်ဆို့တားဆီးခြင်းကို ခံရရုံလောက်ပင်။ သို့ပေမည့် တော်ဝင်ရန်အင်ပါယာက ထိုအကြောင်းအရာနှင့်ပတ်သက်၍ သူ့အား ဖမ်းဆီးရန် စစ်သည်များကို စေလွှတ်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က မည်သည့်စကားကိုမှ မဆိုချေ။ သူက သူ၏နုတ်ထွက်စာကိုသာ ငြိမ်ငြိမ်သက်သက်နှင့် ရေးသားလျက် ရှိနေသည်။
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ရှမ့်လန်.. ငါ မင်းကို စိတ်ပျက်စေခဲ့တယ်ဆိုတာ ငါသိပါတယ်။ လွန်ခဲ့တဲ့ ၂၁ နှစ် ... အင်ပါယာကျန်းလီ ကျရှုံးတုန်းက ငါ ကျူးဟုန်ကျူးကို တောင်းပန်ခဲ့ရပြီး ငါ့ရဲ့အချစ်ဆုံး ပထမမိန်းမကို နန်းချပေးခဲ့ရတယ်။ ငါ့ရဲ့နန်းပလ္လင်ကို ထိန်းသိမ်းထားဖို့ပဲ။ အဲဒါကြောင့်လည်း ငါ့မိန်းမက စိတ်ဓာတ်ကျဆင်းပြီး သေဆုံးခဲ့ရတယ်။ နင်ဟန်ကိုလည်း ကောင်းကင်ပင်လယ် နန်းဆောင်ဆီ စေလွှတ်ခဲ့ရတယ်။
အဲအချိန်တုန်းက ငါ အရမ်းကို အားနည်းခဲ့တယ်။ ဒါကြောင့် ငါ ပူးပေါင်းဆောင်ရွက်ပေးခဲ့ရတယ်။ ငါ့အကြောင်းကို ငါ သိတယ်။ ဒါကြောင့်လည်း အိမ်ရှေ့စံမင်းသားနဲ့ နင်ဟန်တို့က ငါ့ကို အထင်သေးခဲ့တာပေါ့။”
ဤအရာက နင်ယွမ်ရှန်း၏ စိတ်ထဲတွင် ရှိနေသည့် အတွင်းစိတ် မိစ္ဆာဆိုးသာ ဖြစ်၏။ ထို့အပြင် သူ၏ အရှက်ကွဲမှုလည်း ဖြစ်၏။ သူက အင်ပါယာကျန်းလီ၏ နောက်သို့လိုက်ပါရန် စိတ်အားထက်သန်ခဲ့ဖူး၏။ အင်ပါယာကျန်းလီ ပြိုကျရှုံးနိမ့်ပြီးနောက်မှာတော့ သူက အလုံးစုံ သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့၏။ တော်ဝင်ရန် အင်ပါယာဆီမှ ဖိအားဒဏ်ကို ခုခံနိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူက ပူးပေါင်းခဲ့ရ၏။
ထိုအချိန်မှစ၍ ကျူးဟုန်ကျူးက ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ရွှဲ့ပြည်နယ်အရပ်ဖက် အရာရှိများ၏ ခေါင်းဆောင် ဖြစ်လာခဲ့၏။ ဤအတွင်းစိတ် မိစ္ဆာဆိုးက ဘဝတစ်သက်တာလုံး ဖယ်ရှား၍ ရနိုင်တော့မည် မဟုတ်ချေ။ နင်ယွမ်ရှန်း အနေနှင့် တူညီသည့်နေရာတွင် ရပ်တည်နေခဲ့သည်ဆိုလျှင်တောင်မှ အတွင်းစိတ်မိစ္ဆာဆိုးက သူ့ကို တော်တော်များများ တိုက်စားခဲ့သည်။
တစ်စုံတစ်ယောက်အနေနှင့် ခါးမကျိုးသေးရွေ့ ကျိန်းသေပေါက် တခြားသောသူများ၏ မျက်လုံးရှေ့တွင် ခပ်မတ်မတ် ရပ်ထားရမှာ ဖြစ်၏။ သို့ပေမည့် ထိုသို့ ရပ်နိုင်ခဲ့သည်ဆိုလျှင်တောင်မှ နင်ယွမ်ရှန်းက ဂုဏ်သိက္ခာများ ကျဆင်းခဲ့၏။
ဟုတ်ပေ၏။ ကျူးဟုန်ကျူးက ဤအရာနှင့် ပတ်သက်၍ အနည်းငယ်တော့ နားလည်၏။ အခြေအနေကို ကယ်တင်ပေးခဲ့ပြီးနောက် သူက သူ၏စွမ်းဆောင်ရည်အပေါ်တွင် ကြွားလုံးမထုတ်ခဲ့ချေ။ ထိုအစား သူက ငြိမ်ငြိမ်သက်သက်နှင့် သိုသိုတိတ်တိတ်သာ နေခဲ့၏။ ဘုရင်မင်းမြတ်၏ အရှေ့မှ ခြေတစ်လှမ်း မလှမ်းခဲ့ချေ။ ထိုအရာအားလုံးက ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ဂုဏ်သိက္ခာတရားဟုသာ သဘောထားခဲ့၏။ ထို့ကြောင့် သူတို့၏ ဆက်ဆံရေးက အဖေနှင့်သားကဲ့သို့ပင် ဖြစ်ခဲ့သည်။
သို့သော်ငြား အရှက်ကွဲခဲ့ခြင်းက နင်ယွမ်ရှန်း၏ နှလုံးသားထဲတွင် အစိုင်အခဲအဖြစ် ဖြစ်တည်ခဲ့၏။ သူ၏ စိတ်နှလုံးသားထဲတွင် တကယ့်ကို ကြီးမားသည့် အကြိတ်အခဲကြီး တစ်ခုကဲ့သို့ပင် ဖြစ်၏။ ရေနှင့် ဆေးကြော၍ သန့်ရှင်းသွားနိုင်သည့် အရာမျိုး မဟုတ်ခဲ့ချေ။
အထူးသဖြင့် သူ၏မိဖုရားခေါင်ကြီးဖြစ်သော ကျူးကလန်မှ အမျိုးသမီးက တကယ့်ကို မောက်မာလွန်း၏။ ကျူးကလန်သာ မရှိပါက နင်ယွမ်ရှန်းဆိုသည်မှာ ဘုရင်ပင် ဖြစ်နေမည်မဟုတ်ဟု သူမက သတ်မှတ်ထား၏။
“ရှမ့်လန်... ငါ့ကို ယုံကြည်စမ်းပါ။ ငါ့ကို ယုံကြည်စမ်းပါ။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဒီအချိန်မှာ ငါ အဆုံးထိ တိုက်ခိုက်မယ်။ ယင်ယွမ်အဖွဲ့အစည်းက ငါ့ကို ဘာမှမလုပ်နိုင်စေရဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး.... အရှင်မင်းကြီးရဲ့ အခြေအနေက ဒီလိုဖြစ်နေပြီပဲ။ အရှင်မင်းကြီးက လုံလောက်တဲ့ မျက်နှာအရေထူမှုလည်း ရှိတာ မဟုတ်ဘူး။ ပြီးတော့ အရှင်မင်းကြီးရဲ့ နှလုံးသားက ဖြူစင်တယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကိုယ့်ရဲ့ ပထမဦးဆုံးမိန်းမကို ကွာရှင်းခဲ့ရတယ်။ ပြီးတော့ ကျူးမိသားစုကို ဦးညွှတ်ခဲ့ရတယ်။ ဒါပေမဲ့ အဲတာ ဘာဖြစ်လဲ။”
ရှမ့်လန်၏ စကားကို ကြားတော့ နင်ယွမ်ရှန်းက တုန်လှုပ်သွားမိ၏။ ရှမ့်လန် ဘာကိုဆိုလိုသနည်း။
ရှမ့်လန်၏ အမြင်အရဆိုလျှင် ခါးကို မတ်မတ်မထားနိုင်ခဲ့သည့် အင်ပါယာပေါင်းများစွာ တည်ရှိနေ၏။ သမိုင်းမှတ်တမ်းကို ပြန်လည်ကာကြည့်ရှရမည်ဆိုလျှင် ထိုကဲ့သို့ ခါးညွှတ်ပေးခဲ့ရသည့် ဘုရင်ပေါင်း မြောက်များစွာကို သူ သိရှိခဲ့သည်။
နင်ယွမ်ရှန်းက ကောက်ကျစ်ပြီး ကျေးဇူးတရားကင်းမဲ့သူ တစ်ယောက်ဖြစ်၏။ သို့ပေမည့် စိတ်နှလုံးပိုင်းဆိုင်ရာ အရ မေတ္တာဆိုသည့် ခံစားချက်ကို ကောင်းကောင်း သိရှိ၏။ ထို့ကြောင့် သူက အင်ပါယာ တစ်ယောက် မဖြစ်နိုင်ခြင်းပင်။
မည်သို့ပင်ဆိုဆို ရှမ့်လန်ကတော့ နင်ယွမ်ရှန်းကို လူသားဆန်သည်ဟု ခံစားချက်ရ၏။ ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး.... အရှင်မင်းကြီးနဲ့ ဝန်ကြီးချုပ် ကျူးဟုန်ကျူးတို့က ဒီလိုပဲ ဖြစ်ရမယ့် ကံဇာတာ ပါနေပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အရှင်မင်းကြီး ဝမ်းနည်းနေဖို့မလိုဘူး။ ကျူးဟုန်ကျူးက နှလုံးသားထဲမှာ တော်ဝင်ရန်အင်ပါယာကိုပဲ အသိအမှတ်ပြုတာ။ ရွှဲ့ပြည်နယ်ကို အသိအမှတ်ပြုတာ မဟုတ်ဘူး။ ရွှဲ့ပြည်နယ် ဆိုတာ ဘာမှဟုတ်တဲ့အရာ မဟုတ်ဘူး၊
ဒါကြောင့်လည်း ကျုပ်က အစောကြီးတည်းက အိမ်ရှေ့စံမင်းသား နင်ယီကို မထောက်ပံ့ခဲ့တာပဲ။ သူက ကျူးကလန်ကပဲ။ ယင်ယွမ်အဖွဲ့အစည်းက သူ့ရဲ့အနောက်ဘက်မှာ ရှိနေတယ်။ ပြီးတော့ သူက တော်ဝင်ရန် အင်ပါယာရဲ့ စိတ်ဝင်စားမှုအားလုံးကို ကိုယ်စားပြုနေတာပဲ။ သူသာ နန်းပလ္လင်ကို ဆက်ခံသွားပြီဆိုတာနဲ့ ရွှဲ့ပြည်နယ်က ရွှဲ့ပြည်နယ်အဖြစ်ရော ရှိနိုင်ပါအုံးမလား။ ဒီကိစ္စက ပြောရခက်လာပြီ။
ကျူးဟုန်ကျူးက ဒီနှစ်ပိုင်းအတွင်းမှာ သိုသိုသိပ်သိပ်နဲ့ နေထိုင်ခဲ့တယ်။ သူက အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် ဖြစ်ခဲ့တယ်။ အချိန်တော်တော်များများမှာ သူက အိမ်မှာ နေထိုင်တယ်။ ပြီးတော့ နေမကောင်းဘူးလို့ အကြောင်းပြထားတယ်။ ဒါက အရှင်မင်းကြီးရဲ့ တည်ရှိမှုကို မှေးမှိန်သွားအောင် ပြုလုပ်မိမှာ စိုးရိမ်တာကြောင့်လို့ ထင်တယ်မဟုတ်လား။ ဒါပေမဲ့ အဲလိုမဟုတ်ဘူး။
တကယ်တမ်းမှာတော့ သူက အမြင်ကျယ်လွန်းတယ်။ မျက်နှာပြင်ထက်မှာ အိမ်ရှေ့စံမင်းသားကို ကာကွယ်နေတဲ့ ပုံစံမျိုး ပေါ်တယ်ဆိုပေမဲ့ တကယ်တမ်းမှာတော့ သူက တော်ဝင်ရန်အင်ပါယာရဲ့ စိတ်ဝင်စားမှု အကုန်လုံးကို ကာကွယ်ပေးနေတာပဲ။
“ကျုပ် တစ်ချိန်တုန်းက အရှင်မင်းကြီးကို ကျင်းမူကုန်းနဲ့ ကျူးနင်ကို လက်ထပ်ခွင့်ပေးနိုင်မလားလို့ တောင်းဆိုခဲ့ဖူးတယ်။ တကယ်လို့ ကျူးဟုန်ကျူးကသာ ရွှဲ့ပြည်နယ်က လူတစ်ယောက်သာ ဆိုရင် ဒီလို ထိမ်းမြားမှုကို ကျိန်းသေပေါက် လက်ခံပေးရမှာပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ ဘာမှမဖြစ်ခဲ့ဘူး။
အရှင်မင်းကြီး ... ကျုပ်က အရမ်းကို ရိုးရှင်းတယ်။ မင်းသားနင်ကျန်း ထီးနန်း ဆက်ခံရပြီဆိုရင်တောင်မှ ကျူးမျိုးနွယ်က အရပ်ဖက်အရာရှိတွေရဲ့ ခေါင်းဆောင် ဖြစ်နေအုံးမှာပဲ။ ဒါက အာမခံချက် တစ်ခု မဟုတ်လား။ ကျူးဟုန်ကျူးက ဘာလို့ ငြင်းပယ်ခဲ့တာလဲ။ ပြီးတော့ သူက နင်ယီကို ဘာလို့အဲလို ထောက်ပံ့ပေးနေတာလဲ။ သူက နင်ယီကို ချစ်ခင်လို့လား။ မဟုတ်ဘူး။ နင်ယီက မိဖုရားကြီးရဲ့သားအရင်းမဟုတ်ဘူး။ မွေးစားသားပဲ။
ပြီးတော့ ကျုပ် တခြားဘာမှ မပြောရသေးဘူး။ ကျင်းမူကုန်းက ကျူးနင်နဲ့ လက်ထပ်နိုင်မယ်ဆိုရင် မင်းသားနင်ကျန်းကလည်း ကျူးမျိုးနွယ်ရဲ့သမီးနဲ့ လက်ထပ်ပြီး မိဖုရားဖြစ်လာနိုင်တယ်။ ပြီးတော့ မင်းသားနင်ကျန်းရဲ့ ဇနီးသည်ကတော်ကျိုးက ကိုယ်ကျင့်တရားနဲ့ သီလ ပြည့်စုံပေမဲ့ သားသမီး ရှိတာမဟုတ်ဘူး။ သူက ကုန်သည်တစ်ယောက်ရဲ့ သမီးလည်း ဖြစ်တယ်။ သူ့အတွက် မိဖုရားကြီးဖြစ်ဖို့ ခဲယဉ်းတယ်။ ကျင်းမူကုန်းနဲ့ ကျူးနင်တို့ လက်ထပ်တာက သေးငယ်တဲ့ စမ်းသပ်မှုလေးပါပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ကျူးဟုန်ကျူးက ချက်ချင်း ငြင်းပယ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကောင်းကင်ပူဇော်ပွဲနဲ့ ယင်ယွမ်အဖွဲ့အစည်းတို့က အချက်အလက်တစ်ခုကို ထပ်ပြီး သက်သေပြခဲ့တယ်။ ကျူးဟုန်ကျူးက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နှိမ့်ချစွာ နေထိုင်ခဲ့တယ်ဆိုတာ ဟန်ဆောင်မှု ဖြစ်ကြောင်းပေါ့။ ဒါက သူ့ရဲ့ အခြေခံ အကျိုးစီးပွားကို မချိုးဖောက်သေးလို့ပဲ။ တစ်ခါ ချိုးဖောက်လိုက်တာနဲ့ သူက ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ကျားအဖြစ် ပြောင်းလဲသွားခဲ့တယ်။”