← Chapters

အခန်း (၅၉၉-၆၀၀)

Vol. 39 Ch. 599-600

အခန်း (၅၉၉-၆၀၀)

Vol. 39 Ch. 599-600

အပိုင်း (၅၉၉)

နင်ယွမ်ရှန်း၏ အသံက စိတ်အားတက်ကြွနေဟန် ဖြစ်၏။ “ဒါပေမဲ့ ဒီလိုဆိုရင် ထျန်းဖေး ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးက လစ်လပ်သွားပြီ။ ဒီလောက် ကြီးလေးတဲ့ တာဝန်ကို ဘယ်သူက ထမ်းဆောင်မှာလဲ”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် နန်းတွင်းညီလာခံ တစ်ခုလုံးက ဆူပွက်သွား၏။ ရေကန်ထဲသို့ ငါးစာ ပစ်ချလိုက်သလိုပင်။ မရေမတွက်နိုင်အောင် များပြားသည့် ငါးများက တိုးဝှေ့ ထွက်ပေါ် လာခဲ့သည်။

အိမ်ရှေ့စံဘက်ခြမ်းမှ မည်သူ့ကိုမှ ရှာမတွေ့နိုင်သလို ဖြစ်လို့နေ၏။ ကျန်းကျိရှု၊ သူက ကျန်းရှစ်ပြည်နယ် အုပ်ချုပ်ရေးရုံး၏ စာရေးချုပ်ကြီးသာဖြစ်၏။ သူ့ကို ပြည်နယ်အုပ်ချုပ်ရေးမှူးအဆင့် တိုးပေးရန် ခက်ခဲ၏။ ရာထူးတိုးပြီး တိုက်ရိုက်ခန့်ထားရန်မှာ ပို၍ မဖြစ်နိုင်ပေ။ ထို့အပြင် သူက အဂတိ လိုက်စားမှု စွဲချက်များမှ လွတ်ကင်းခြင်း မရှိသေးချေ။

ယခင် ထျန်းရွှဲ့ကာကွယ်ရေး တပ်မှုးဟောင်း ကျန်ကျောင်းဆိုလျှင်ကော။ ရာထူးမှ ထုတ်ခံရပြီးနောက် သူက မကျေနပ်မှုများနှင့် ပြည့်နှက်နေခဲ့၏။ သူ့ကို ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုးရာထူးမှ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးတိုးမြှင့်ပေးရန် ဆိုသည်မှာ ဖြစ်နိုင်သော်လည်း ရုတ်တရက်တော့ ဆန်လွန်းနေ၏။

ထိုအချိန်မှာပဲ စစ်ဖက်ဆိုင်ရာ ဒုတိယဝန်ကြီး ကျုံးအီက အရှေ့သို့ လှမ်းတက်လာကာဖြင့် လျှောက်တင်လိုက်၏။ “ကျုပ် ထျန်းဖေးပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးအတွက် တတိယမင်းသား နင်ချီကို ထောက်ခံပါတယ်”

ထိုစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ညီလာခံ ခန်းမတစ်ခုလုံးက ဆူညံပွက်လောရိုက်သွား၏။ တတိယမင်းသားနင်ချီ၏ မျက်လုံးများက အေးစက်လျက် ရှိနေသော်လည်း မျက်လုံးထဲတွင် ထင်ပေါ်လာ ခဲ့သည့် စိတ်အားထက်သန်မှု၊ လောဘတရားများကို ဖုံးကွယ်၍ မရနိုင်ခဲ့ချေ။ သူ ရှုရှိုက်လိုက်သည့် လေထုကပင် ပူနွေးနေသလို ခံစားရသည်။

ကျန်းရှစ်ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးက မဆိုးသော်လည်း ထိုအရာက ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးတစ်ခုသာလျှင်ဖြစ်၏။ ထို့အပြင် ဤနေရာက မြို့တော်ဖြစ်၏။ အထက်လူကြီးများက များပြားလွန်း၏။ မင်းသားတစ်ပါးဖြစ်လျှင်ပင် စွမ်းဆောင်ရည်ပြရန် ခက်ခဲပေလိမ့်မည်။ သို့ပေမည့် ထျန်းဖေးပြည်နယ်တွင် ကွဲပြား၏။ သူက ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ရုံသာမက အမှန်တကယ် လွတ်လပ်သည့် အာဏာပိုင် တစ်ဦးလည်း ဖြစ်လာပေလိမ့်မည်။

နင်ယွမ်ရှန်းက တတိယမင်းသားကို လှမ်းကြည့်ပြီး သဘောကျနှစ်ခြိုက်ဟန် ပြသလိုက်၏။ “နင်ချီက ဒီနှစ်တွေအတွင်း နန်းမြို့တော်မှာ ကောင်းကောင်း အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ထျန်းဖေးပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့ပေးလိုက်မယ်ဆိုရင် သူ့ရဲ့ လက်ရှိရာထူးနေရာက လစ်လပ်သွားမယ်။ အဲနေရာကို ဘယ်သူ ယူမှာလဲ”

ဤတစ်ကြိမ်တွင်တော့ ညီလာခံတစ်ခုလုံး ဆူပွက်သွားရုံသာမကပဲ ကျိန်းသေပေါက် ကျယ်လောင်သည့် အသံများပင် ထွက်ပေါ်လာခဲ့၏။ သူတို့က ထျန်းရွဲ့အုပ်ချုပ်ရေးမှုး ရာထူးကို တစ်ချိန်တည်း ဆုံးဖြတ် ရတော့မည်လား။

ထိုအချိန်မှာပဲ စစ်ရေးဗျူရို၏ တတိယဝန်ကြီးက ရှေ့သို့လှမ်းတက်လာခဲ့၏။ “ကျုပ်အနေနဲ့ ထျန်းရွှဲ့ကာကွယ်ရေး တပ်မှုးဟောင်း ကျန်ကျောင်းကို ထောက်ခံပါတယ်။ သူက ထျန်းဖေးပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးအတွက် သင့်လျော်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်”

အိမ်ရှေ့စံမင်းသားဘက်မှ လူများက နည်းနည်းစိုးရိမ်လာကြ၏။ စစ်ရေးဗျူရိုမှ တတိယ ဝန်ကြီးများပါ ထွက်မလာဘဲ မနေနိုင်တော့ချေ။ ရန်သူ့အတွက် တိုက်ပွဲဝင်ရန် ထွက်လာရ၏။ ကံဆိုးစွာဖြင့် အိမ်ရှေ့စံ ကိုယ်တိုင် စကားပြော၍ မရနိုင်ချေ။ မဟုတ်ပါက နင်ယီကိုယ်တိုင် အရှေ့ဆီသို့ လှမ်းထွက်လာပြီး စကား ပြောဆိုမိမှာ သေချာသည်။

သို့ပေမည့် ကျန်ကျောင်း၏ နာမည်ကို ကြားရသည့် အချိန်မှာတော့ အရှင်မင်းကြီးက မျက်မှောင်ကြုတ် လိုက်၏။ ပြီးသည့်နောက် တတိယမင်းသား နင်ချီကို ကြည့်ကာ မေးလိုက်၏။ “နင်ချီ.... မင်းက ဒီမှာ တာဝန် ထမ်းဆောင်ခဲ့ပြီးတော့ အတွေ့အကြုံ အများကြီးရှိတဲ့ လူတစ်ယောက်ပဲ။ ဘယ်သူက မင်းရဲ့နေရာကို ဆက်ခံဖို့ အသင့်တော်ဆုံးလို့ ထင်လဲ။”

ဤစကားကိုကြားချိန်မှာတော့ တတိယမင်းသား နင်ချီ၏ နှလုံးသားများက ပျော်ရွှင်လွန်းသောကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ လောကကြီးထဲတွင် ဤမျှ ကောင်းမွန်သည့် အရာမျိုး ရှိနေသေးသည်လား။ သူသာ ထျန်းဖေးပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးကို ရရှိသွားသည်နှင့် ကြီးမားသည့် အံ့အားသင့်စရာမျိုး ဖြစ်လာပေလိမ့်မည်။ ထျန်းဖေးပြည်နယ် တစ်ခုလုံးကလည်း သူ့ဘက်သို့ ပါလာနိုင်သည် မဟုတ်ပါလား။

သို့ပေမည့် မည်သူ့ကို သူ ပြောဆိုရမည်နည်း။ ကျုံးအီတော့ မဖြစ်သေးချေ။ ရာထူးအဆင့်အတန်းချင်းက မကိုက်ညီသေးချေ။ မကြာခင်မှာပဲ တတိယမင်းသား နင်ချီက လူတစ်ယောက်ကို သတိရ၏။

သူကတော့ တခြားသောသူ မဟုတ်ချေ။ သူ၏ ယောက္ခမ၊ ရွှယ်ရွှယ်၏ ဖခင် ဝူအန်းမြို့စား ရွှယ်ချီပင် ဖြစ်၏။ သူက တော်ဝင်ရန်နိုင်ငံ၌ အခြေစိုက်သည့် ရွှဲ့ပြည်နယ်၏ သံတမန်လည်း ဖြစ်၏။ သူက ဘုရင်မင်းမြတ်၏ နိုင်ငံ့ရေးရာနှင့် ထောက်လှမ်းရေးကိစ္စများကို တာဝန်ယူထားဆဲလည်း ဖြစ်၏။ သို့ပေမည့် ထီးနန်းလုပွဲအတွက်ဆိုလျှင် နန်းမြို့တော်ကို အဝေးမှ ထိန်းချုပ်ဖို့ဆိုသည်မှာ ခက်ခဲလှသည်။

ချက်ချင်းပဲ တတိယမင်းသား နင်ချီက လျှောက်တင်လိုက်၏။ “ကျုပ်အနေနဲ့ ဝူအန်းမြို့စားကြီး ရွှယ်ချီကို ထောက်ခံပါတယ်။”

ထိုစကားစု ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အိမ်ရှေ့စံမင်းသားဘက်ခြမ်းမှ အရာရှိများက ခုန်ထွက်လုမတတ် ဖြစ်သွားခဲ့၏။ ‘နင်ချီ... မင်းက အရမ်းကို ရိုင်းသွားပြီ။ ထျန်းဖေးပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးနဲ့တောင် မလုံလောက်သေးဘဲနဲ့ ယောက္ခမကိုပါ ခေါ်လာချင်တာလား။ ဒီလိုဆိုရင် အုပ်ချုပ်ရေးမှူးတွေထဲမှာ နေရာ သုံးနေရာကို မင်းတို့ ယူထားသလို ဖြစ်မနေဘူးလား။ မင်းရဲ့အာဏာက အိမ်ရှေ့စံထက်တောင် ကျော်လွန်သွားတော့မယ်။’

ချက်ချင်းပဲ အိမ်ရှေ့စံမင်းသားဘက်မှ အရာရှိများက ရွှယ်ချီ၏ ရာထူးအတွက် ကန့်ကွက်ရန် ပြင်ဆင်ကြ၏။ သူတို့က မတိုက်ခိုက်သော်လည်း တော်ဝင်ရန်မြို့တော်တွင် အခြေစိုက်သည့် သံတမန်ရာထူးက အလွန် အရေးကြီးသောကြောင့် ရွှယ်ချီကို ထိုနေရာမှ ထုတ်ပယ်၍ မရကြောင်း ပြောကြ၏။

အိမ်ရှေ့စံမင်းသားနှင့် ကျူးဟုန်ကျူးတို့က ဇာတ်တိုက်ထားခဲ့သည်။ သူတို့က တတိယမင်းသားနှင့် ပူးပေါင်းပြီး အရှင်မင်းကြီးအား အလျော့ပေးရန် ဖိအားပေးပြီး နင်ကျန်းကို အပြီးတိုင် ဖျက်ဆီးရန် ကြံစည်ခဲ့သည်။

သို့ပေမည့် ချက်ချင်းပဲ အိမ်ရှေ့စံမင်းသားကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ အရှင်မင်းကြီးက တကယ့်ကို ရူးသွပ်သွားခဲ့ပြီ ဖြစ်၏။ သူက အိမ်ရှေ့စံနှင့် ကျူးမိသားစု အပေါ် ရူးသွပ်စွာ တန်ပြန်စစ် ဆင်နွှဲလျက် ရှိနေ၏။

ထင်မှတ်ထားသည့်အတိုင်းပင်။ နင်ယွမ်ရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ရွှယ်ချီက ထိုက်တန်တဲ့ လူတစ်ယောက်ပဲ”

ထိုစကားကို ကြားသည့်အချိန်မှာတော့ အိမ်ရှေ့စံမင်းသားဘက်ခြမ်းမှ အရာရှိများ၏ ကျောရိုးမက စိမ့်တက် သွားခဲ့၏။ အရှင်မင်းကြီးက ရူးသွပ်သွားခဲ့ပြီ ဖြစ်၏။ သူက အိမ်ရှေ့စံမင်းသားကို တိုက်ခိုက်ရန် တတိယမင်းသားနင်ချီကို ရောင်းစားဖို့ပင် ဝန်မလေးခဲ့ချေ။ ဘာဆက်လုပ်ရမည်နည်း။ အိမ်ရှေ့စံမင်းသား ဘက်ခြမ်းမှ အရာရှိများ၏ မျက်နှာများက ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်သွား၏။

နင်ကျန်းကို စွပ်စွဲပြစ်တင်မည့် ကိစ္စများက သူတို့၏ ခေါင်းထဲတွင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွား၏။ ချက်ချင်းပဲ အိမ်ရှေ့စံမင်းသားဘက်ခြမ်းမှ အရာရှိများက ဒူးထောက်ကာဖြင့် အရှင်မင်းကြီးအား မျက်နှာလို၊ မျက်နှာရ ကြည့်လိုက်သည်။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး ပြန်ပြီး စဉ်းစားတော်မူပါအုံး”

ထိုစကားကို ကြားသည့်အချိန်မှာတော့ အရှင်မင်းကြီးက တကယ်ပဲ ပျော်ရွှင်သွား၏။ ကျေနပ်စရာ ကောင်းလွန်းလှ၏။ ရှမ့်လန် မထွက်ခွာခင်က ပေးခဲ့သည့် မဟာဗျူဟာက တကယ်ပင် ထိရောက်၏။ ကြီးမားသည့် အောင်မြင်မှုကြီး တစ်ခုပင်။

အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ ခေတ္တခဏ မဟာမိတ်ဖွဲ့မှုက ချက်ချင်း ပျက်ပြယ်သွား၏။ နင်ယွမ်ရှန်းက အထက်စီးမှ တည်ရှိနေသည့် တရားသူကြီးတစ်ယောက် အဖြစ်သို့ ပြန်လည်ရောက်ရှိသွား၏။ သို့သော်ငြား နင်ယွမ်ရှန်းက မလုံလောက်သေးဟု ခံစားရသောကြောင့် မီးလောင်ရာလေပင့် လုပ်လိုက်၏။

“ဦးရီးတော်နင်ချီ... ကျန်းရှစ်ပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးက လစ်လပ်နေတာ ကြာပြီ။ ကျန်းကျိရှုကို အဲနေရာ ပေးသင့်တယ်လို့ ကျုပ် အကြိမ်ကြိမ် ပြောခဲ့တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် စုံစမ်းပြီးတဲ့နောက်မှာ ဒီလူက ဒီလောက်ကြီးမားတဲ့ တာဝန်ကို မထမ်းဆောင်နိုင်မှာ စိုးရတယ်။ ဒါကြောင့် ကျုပ်တို့ ဘယ်သူ့ကို ခန့်သင့်လဲ။”

ဤစကားထွက်ပေါ်လာတော့ အိမ်ရှေ့စံမင်းသားဘက်မှ အရာရှိများက ရှေ့သို့ထွက်ကာ ပြောဆိုရန် ပြင်လိုက်၏။

ကြက်သီးထစရာ ကောင်းလှချေ၏။ အရှင်မင်းကြီးက ဘာလုပ်ချင်နေသနည်း။ အိမ်ရှေ့စံရာထူးကို အစားထိုးရန် ပြင်ဆင်နေသည်လား။ တိုင်းပြည်၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ငါးနေရာမှ အိမ်ရှေ့စံမင်းသား၏ အောက်ဆွဲများကို ဆွဲထုတ်တော့မည်လား။

ဦးရီးတော်နင်ချီက မီးလောင်ရာ လေပင့် မလုပ်ခဲ့ချေ။ ထိုအစား သူက ဦးညွတ်ကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး... ဒီကိစ္စက အရမ်းကို အရေးကြီးတဲ့ ကိစ္စပါပဲ။ ကျုပ်တို့ သေချာ စဉ်းစားသင့်တယ်။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ကောင်းပြီလေ။ ဒါဆို ကျုပ်တို့ နောက်မှ ပြန်ပြီး ဆွေးနွေးကြတာပေါ့။ ဒီနေ့ ညီလာခံကို ဒီမှာတင် ရပ်လိုက်ကြရအောင်။”

ညီလာခံက တရားဝင် ပြီးဆုံးသွားခဲ့၏။ တတိယမင်းသား၏ ဘက်ခြမ်းမှ အရာရှိများက တကယ့်ကို စိတ်လှုပ်ရှားပြီး ကျေနပ်အားရလျက် ရှိနေ၏။ အိမ်ရှေ့စံမင်းသား ဘက်ခြမ်းမှ အရာရှိများမှာတော့ စိတ်ဓာတ်ကျပြီး မျက်နှာလေးများ ငယ်နေကြ၏။ နိမိတ်မကောင်းသလိုလည်း ခံစားရသည်။

ခန်းမကို စတင်ဝင်လာစဉ်က နှစ်ဖက်အရာရှိများက နားလည်မှု ရှိစွာဖြင့် ပြုံးပြခဲ့၏။ သို့သော်ငြား ယခုအချိန်မှာတော့ ရန်သူများကဲ့သို့ပင် တစ်ယောက်နှင့်တစ်ယောက် အေးစက်စွာ ကြည့်ရှုနေကြ၏။

အရှင်မင်းကြီးက အိမ်ရှေ့စံမင်းသားကို ဖိအားပေးနိုင်ရန် တတိယမင်းသားကို ထောက်ခံအားပေးနေကြောင်း လူတိုင်းသိ၏။ ထိုသို့ဆိုလျှင် ဘာဖြစ်သနည်း။ တတိယမင်းသား၏ လူများက ဤအရာကို ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။

ညီလာခံပြီးဆုံးပြီးနောက် အိမ်ရှေ့စံမင်းသား၏ မျက်နှာက ဖြူလျော်လျက်ရှိနေပြီး ကျူးဟုန်ကျူး၏ နေအိမ်ဆီသို့ အပြေးအလွှားသွားရောက်ခဲ့ကြ၏။ အကြပ်အတည်းက စတင် ရောက်ရှိလာခဲ့၏။ အရှင်မင်းကြီးက သူ့ကို ပစ်မှတ်ထား တိုက်ခိုက်ပြီဖြစ်၏။ ကျူးမိသားစုကို ပစ်မှတ်ထားပြီ ဖြစ်သည်။

………………

ရွှမ်ဝူမြို့တွင် ကိုယ်ဝန် ၆ လ နီးပါး ရှိနေသည့် မူလန်က ပျော်ရွှင်လွန်းသောကြောင့် ထခုန်လုမတတ် ဖြစ်နေ၏။ သူမ၏ လူရှုပ်ခင်ပွန်း ပြန်လာပေတော့မည်။ သူတို့နှစ်ဦးက အချိန်အတိုင်းအတာ တစ်ခုအထိ အမွှာပူးကဲ့သို့ အရှက်မဲ့သည့် ဘဝကို နောက်တစ်ကြိမ် ပြန်လည်နေထိုင်ကြရပေတော့မည်။

ကိုယ်ဝန် ၃ လကျော်ပြီး ၈ လမတိုင်ခင် လင်မယား နေထိုင်လို့ရကြောင်း သူမက သေချာ မေးမြန်းထားခဲ့ပြီးသား ဖြစ်၏။ သူမက ရှမ့်လန်ကို ကြိုဆိုရန် ၃ ရက် ကြိုတင်၍ ထွက်ခွာသွား၏။ နောက်ဆုံးမှာတော့ ထိုထက် ပိုမိုဝေးကွာသည့် နေရာဆီသို့ပင် ရောက်ရှိသွား၏။ နောက်ဆုံးမှာတော့ မိုင် ၃၀၀ နီးပါးပင် ရောက်ရှိလာခဲ့၏။ နောက်ဆုံးမှာတော့ သူမက သူမယောက်ျား၏ ရထားလုံးတန်းကို မြင်ရ၏။

မူလန်က ချွဲနွှဲ့ပြီး ကလေးဆန်စွာ ပြုမှုဆောင်ရွက်ရန် ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူမ၌ ကိုယ်ဝန်ရှိနေ၏။ သူမ၌ အခွင့်ထူးရှိ၏။ သို့သော်ငြား ဗိုက်က နည်းနည်းကြီးနေသောကြောင့် သူတို့နှစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်၍ မရချေ။ သို့ပေမည့် သူမ၏ ယောက်ျားကို ကန့်လန့်ဖြတ်ကာ ပွေ့ချီခိုင်း၍တော့ရ၏။

“ဟုတ်တယ်။ ဒီလို လုပ်ရမယ်။”

ရထားလုံးတန်းနှင့် မီတာရာဂဏန်းအဝေးသို့ ရောက်ချိန်မှာတော့ မူလန်က ရှေ့သို့ ပြေးထွက်သွားသည်။

“သခင်မလေး... ဖြည်းဖြည်း၊ ဖြည်းဖြည်း... ကလေးကို သတိထားပါအုံး။”

နောက်ဆုံးမှာတော့ သူမက ယာဉ်တန်း၏ ရှေ့ဆုံးသို့ ရောက်ရှိသွား၏။ ပင်းအာနှင့် ကျင်းမူကုန်းတို့ကို မြင်ပြီး တကယ့်ကို လှပချစ်စရာကောင်းသည့် ရှမ့်မီကို တွေ့လိုက်ရ၏။ ရှမ့်လန်၏ အရိပ်ကို မမြင်ရချေ။

“ပင်းအာ... ငါ့ယောက်ျား ဘယ်သွားလဲ”

ပင်းအာက ဖြေလိုက်၏။ “သခင်လေးက လူတစ်ယောက်ကို သွားတွေ့ဖို့ တခြားနေရာကို သွားပါတယ်။”

မူလန်က တကယ်ပင် စိတ်ပျက်သွားမိ၏။ သူမက ငိုချင်စိတ်လည်း ပေါက်သွားသည်။ “ယောက်ျား ဘယ်ရောက်သွားတာလဲ။ ဘယ်သူ့ကို သွားတွေ့တာလဲ”

“ကျွန်မ မသိပါဘူး။ သခင်လေးက ဒီလို လျှို့ဝှက်ချက်တွေကို ကျွန်မကို မပြောပြပါဘူး။”

ပင်းအာက ကလေးကို ပွေ့ချီရင်း ပြောလိုက်၏။ “ကလေးလေး... မေမေလို့ ခေါ်လိုက်၊ မေမေ”

ပင်းအာက ရှမ့်မီအား မူလန်ကို မေမေဟု ခေါ်ခိုင်း၏။ ရှမ့်မီက ကြီးမားသော မျက်လုံးများဖြင့် မူလန်ကို စိုက်ကြည့်၏။ ပြီးနောက် မူလန်၏ ဗိုက်ပူပူလေးကို ကြည့်၏။ သူမ၏ မျက်လုံးထဲ၌ သိချင်စိတ်များ ပြည့်နှက်သွားသည့်ပုံပင်။

မူလန်၏ နှလုံးသားများက အရည်ပျော်သွားသည့်ပုံပင်။ လက်ကို ဆန့်တန်းကာ ပြောလိုက်၏။ “ကလေးလေး.. မေမေ ချီပါရစေအုံး။”

…..

ရှမ့်လန်က အိမ်သို့တန်းမပြန်ဘဲ ဖိနပ်စုတ်တောင်သို့ သွားခဲ့၏။ သူက လူတစ်ယောက်ကို သွားတွေ့ခြင်း ဖြစ်၏။ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်၊ ကြေကွဲစရာကောင်းသည့် ပုဂ္ဂိုလ်ကြီး တစ်ဦးပင်။ သူက တစ်ချိန်က အရှေ့တိုင်းလောက တစ်ခုလုံးတွင် ဩဇာအာဏာကြီးမားသည့် လူတစ်ယောက် ဖြစ်ခဲ့၏။

ကျန်းချုံးက သူ၏ လက်အောက်တွင် သိုင်းပညာကို လအနည်းကြာ သင်ယူခဲ့ဖူး၏။ နင်ချီကလည်း သူ၏ တပည့်ဖြစ်ပြီး နင်ချီ၏ ပြိုင်ဘက်ကင်းတပ်မှူး လန်ပေါင်ကလည်း သူ၏ တပည့်ပင်။

သူက တကယ့် ထိပ်သီးသိုင်းပညာရှင်တစ်ယောက် ဖြစ်သည်သာမက ရွှဲ့ပြည်နယ်၏ နံပါတ်တစ် လေးသည်တော် တစ်ယောက်လည်း ဖြစ်၏။ သူ၏ လေးပစ်စွမ်းရည်က အရှေ့တိုင်းလောကတွင် ပြိုင်ဘက်ကင်း၏။ သို့သော်ငြား ယခုအချိန်မှာတော့ သူ၏ လက်နှစ်ချောင်းရှိ အကြောအားလုံးက ပြတ်တောက်သွားခဲ့၏။ သိုင်းပညာရှင်ကြီးဆိုသည့် ဘွဲ့ထူးလည်း ရုပ်သိမ်းခံရ၏။ သူက ဖိနပ်စုတ်တောင် ပေါ်တွင် မသန်စွမ်းတစ်ယောက်အဖြစ် တိတ်တဆိတ်နှင့် သီးသန့်နေထိုင်နေ၏။

သူက ရှမ့်လန်၏ ဒုတိယဝှက်ဖဲ နိဗ္ဗာနတပ်တော်အတွက် အဓိကအကျဆုံးသော ပုဂ္ဂိုလ်လည်း ဖြစ်၏။ အကယ်၍ သူသာ ထိုလူကို သိမ်းသွင်းနိုင်ခဲ့သည် ဆိုပါက ကျားကို အတောင်ပံတပ်ပေးသလို ဖြစ်ပေလိမ့်မည်။ ဒုတိယဝှက်ဖဲဖြစ်သော နိဗ္ဗာနတပ်တော်က ထက်ဝက် အောင်မြင်ပြီဟု ဆိုနိုင်သည်။

ဝေးလံခေါင်ဖျားသည့် တောင်တန်းကြီးတစ်ခုပေါ်မှာတော့ ရှမ့်လန်က သက်ကယ်အိမ်လေး တစ်လုံးရှေ့သို့ ရောက်ရှိလာခဲ့၏။ သူက ဦးကိုညွှတ်ကာ ပြောလိုက်၏။ “ရှမ့်လန်က ဆရာကြီးလန်တိုကို ဂါရဝပြုပါတယ်။ ဆရာကြီးအနေနဲ့ သီးသန့်နေထိုင်နေတာကနေ ထွက်လာပေးဖို့ ကျုပ် ရို့ရို့ကျိုးကျိုးနဲ့ တောင်းဆိုချင်ပါတယ်”

ဆရာကြီးလန်တို၏ တပည့်များက လောကအနှံ့တွင် တည်ရှိသည်ဟု ပြောဆိုရပေလိမ့်မည်။ သူ၏ သက်တမ်း တစ်လျှောက်တွင် တပည့် ရာပေါင်းများစွာကို လက်ခံခဲ့ဖူး၏။ အချို့မှာ လအနည်းငယ်ကြာ သင်ယူခဲ့ကြသလို အချို့မှာတော့ နှစ်နှင့်ချီ၍ သင်ယူခဲ့ကြ၏။ သို့သော်ငြား တပည့်အလွန်အကျွံ လက်ခံခြင်းက ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်ပေါ်စေခဲ့၏။ နောက်ဆုံးမှာတော့ သူက သူ၏ တပည့်လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကို တွေ့ရှိခဲ့ကြောင်း သူ၏ တပည့်တစ်ဦးက လျှို့ဝှက်စာတစ်စောင် ပေးပို့ခဲ့၏။ ထိုရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ ဆရာကြီးလန်တိုက ဝင်ရောက်ခဲ့၏။ ပြန်လည်ရောက်ရှိလာသည့်အချိန်မှာတော့ သူ၏ ခြေလက်လေးဖက်လုံးတွင် ရှိသည့် သွေးကြောအားလုံးက ပြတ်တောက်သွားခဲ့ပြီး ဒုက္ခိတဘဝသို့ ရောက်ရှိသွား၏။

ထိုအချိန်မှစ၍ သူက လောကကြီးထဲမှ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်ခဲ့၏။ ဓားဘုရင်လီချင်းချိုးက မိတ်ဆွေဟောင်းကြီး ဖြစ်သောကြောင့် ဆရာကြီးလန်တိုက ဖိနပ်စုတ်တောင်တွင် တိတ်ဆိတ်စွာ ပုန်းအောင်း နေထိုင်လျက် ရှိနေကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။

ရှမ့်လန်က ထပ်မံကာ အော်ခေါ်လိုက်၏။ “ဆရာကြီးလန်တို... ကျုပ် ရှမ့်လန်က ဂါရဝပြုဖို့ ရောက်ရှိလာတာပါ။”

ခဏကြာသည့်အချိန်မှာတော့ အတွင်းဘက်ဆီမှ အက်ကွဲကွဲ အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“မတွေ့နိုင်ဘူး။ လုံးဝ မတွေ့နိုင်ဘူး။ လီချင်းချိုး... မင်း ငါနဲ့တကယ်ကို အဆက်အသွယ် ဖြတ်တောက်ချင်နေတာလား။ ငါ ပုန်းနေတဲ့နေရာကို မင်း ဘာလို့ တခြားသူကို ပြောလိုက်တာလဲ။ မင်း ငါ့ကို နေရာပြောင်းစေချင်နေတာလား။ ဒါမှမဟုတ် ငါ့ကိုသေအောင် ဖိအားပေးနေတာလား။”

ထိုအသံက အလွန်အမင်း နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်လျက် ရှိနေ၏။ တစ်ချိန်က ဒဏ္ဍာရီလာ မဟာပညာရှင်ကြီး လန်တိုက လုံးဝကွဲပြားခြားနားသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ဆရာကြီးလန်တိုသည် မူလတုန်းက အလွန်စိတ်အားတက်ကြွသည့် လူတစ်ယောက် ဖြစ်ခဲ့၏။ မဟုတ်ပါက တပည့် များများပြားပြားကို လက်ခံခဲ့မည် မဟုတ်ချေ။

လီချင်းချိုးက လေးလေးစားစားဖြင့် ဦးညွှတ်ကာ စကားပြောရန် ပြင်၏။ သို့ပေမယ့် သူ၏ မိန်းမဖြစ်သူ သခင်မချိုးက ဖြတ်ပြောလိုက်၏။ “ရှင် ဘာလို့ သူ့အတွက် အချိန်ကုန်ခံပြီးတော့ ရှင်းပြပြောဆိုနေရမှာလဲ။”

ပြီးနောက် သူမက အထဲသို့ တရှိန်ထိုး ပြေးဝင်သွားခဲ့၏။ ပြီးနောက် လူတစ်ယောက်ကို ဆွဲထုတ်လာခဲ့သည်။

ဤဟာက ဆရာကြီးလန်တို ဖြစ်သည်လား။ ခန္ဓာကိုယ်တစ်ခုလုံးက ပိန်လှီခြောက်ကပ်လျက် ရှိနေပြီး ဆံပင်များမှာ ပေါင်းပင်များကဲ့သို့ပင် ရှုပ်ပွနေ၏။ သစ်သားဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက်ရှိနေပြီး လမ်းလျှောက်နိုင်စွမ်းလည်း ဆုံးရှုံးနေပုံရ၏။ လက်များက တွန့်လိမ်ကောက်ကွေးလျက် ရှိနေပြီး တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ လက်မောင်းနှင့် ခြေထောက်ရှိ သွေးကြောအားလုံးက ပြတ်တောက် နေ၏။ မည်သူကများ ဤကဲ့သို့ လုပ်ရက်ခဲ့သနည်း။

တကယ်တော့ ဆရာကြီးလန်တို မည်ကဲ့သို့ ဒုက္ခိတဖြစ်သွားရသည်ဆိုခြင်းက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။ ထောင်ချောက်မိခဲ့သည်လား။ သို့မဟုတ် လုပ်ကြံခံခဲ့ရသည်လား။ မည်သူကများ ဆရာကြီးလန်တို၏ သွေးကြောကို ဖြတ်တောက်ခဲ့သနည်း။ အရာအားလုံးက ပဟေဠိ ကဲ့သို့ပင်။

အပိုင်း (၆၀၀)

လန်တိုက မည်သည့်စကားမှ မဆိုချေ။

ရှမ့်လန်က ပြောလိုက်၏။ “ဆရာကြီးလန်တို ကျုပ်ရဲ့တပ်ဖွဲ့ဝင်တွေကို မြားပစ်နည်း သင်ကြားပေးဖို့ ဆရာကြီးကို ဖိတ်ခေါ်ချင်ပါတယ်။ ဆရာကြီးရဲ့မြားပစ်ပညာရပ် လောကမှာ ပြန်ပြီး ထွန်းထောက်လာစေဖို့ပါပဲ။”

“ငါမလိုက်နိုင်ဘူး။”

ဆရာကြီးလန်တိုက ငြင်းပယ်လိုက်သည်။ “ငါ့ကို မမြင်ဘူးလား။ ငါ ဒုက္ခိတဖြစ်နေပြီ။ မြားပစ်ဖို့ နေနေသာသာ ထမင်းပန်းကန်ကိုတောင် ကောင်းကောင်းကိုင်နိုင်တာ မဟုတ်ဘူး။”

ရှမ့်လန်က ရှေ့သို့တိုးပြီး ဆရာကြီး၏ ပျက်စီးလျက်ရှိနေသည့် သွေးကြောများကို စစ်ဆေးကြည့်ရှု၏။ ဒဏ်ရာက တကယ့်ကို ပြင်းထန်လွန်း၏။ သွေးကြောပေါင်း မည်မျှပြတ်တောက်သွားခဲ့သည်ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ ထို့အပြင် ပုံမှန်ကုသမှုကို မခံရသောကြောင့် ထိုအကြောနှင့် သွေးကြောအားလုံးက ရှုပ်ထွေးပွေလီစွာဖြင့် တွယ်ကပ်ပေါက်ရောက်လျက် ရှိနေ၏။

အကယ်၍ ခွဲစိတ်ကုသမည်ဆိုပါက လုပ်ငန်းစဉ်ကြီးတစ်ခုအဖြစ် တကယ့်ကို ကြီးမားပေလိမ့်မည်။ အကြောနှင့် သွေးကြောအားလုံးကို ဖြတ်တောက်ပြီးမှ တစ်ခုချင်းစီကို ပြန်လည်ချိတ်ဆက်ကာ ချုပ်ရပေလိမ့်မည်။

“ဆရာကြီးလန်တို... ဆရာကြီးရဲ့ဒဏ်ရာတွေကို ကျုပ်ကုသပေးနိုင်တယ်။ သိုင်းပညာ ပြန်လည်ရရှိဖို့ မဖြစ်နိုင်ဘူးဆိုပေမယ့် ပုံမှန်လမ်းလျှောက်ပြီး ပုံမှန်လှုပ်ရှားသွားနိုင်အောင်တော့ ကုသပေးနိုင်တယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ကုသနေစဉ်အတွင်းမှာ ပိုးဝင်ပြီး သေဆုံးသွားနိုင်တဲ့ အန္တရာယ်တော့ ရှိနေတယ်။”

ဆရာကြီးလန်တိုက အံ့အားသင့်သွား၏။ ပြီးနောက် ထီမထင်သလိုဖြင့် ပြောလိုက်သည်။ “ပေါက်ပန်းလေးဆယ်။ လောကရဲ့ နာမည်ကြီး သမားတော်အားလုံးနဲ့ ပြပြီးသွားပြီ။ ဘယ်သူကမှ ငါ့ရဲ့ဒဏ်ရာကို မကုသနိုင်ဘူး။”

ဤစကားက အမှန်ပင်ဖြစ်၏။ ဆရာကြီးလန်တိုသည် လောကအနှံ့အပြားတွင် တပည့်များရှိသောကြောင့် ဒဏ်ရာရရှိပြီးနောက် တပည့်များက နာမည်ကြီး သမားတော်ပေါင်းများစွာကို ပင့်ဖိတ်ကုသပေးခဲ့၏။ သို့သော်ငြား မည်သည့်သမားတော်ကမှ မကုသနိုင်ခဲ့ချေ။ လောကတွင်ရှိနေသည့် သမားတော်တိုင်းက တူညီသည့် အဖြေတစ်ခုတည်းကိုသာပေး၏။ ကုသ၍မရနိုင်တော့ ဟူ၍ပင်။

ထို့ကြောင့် လန်တိုက အစပိုင်းတွင် မျှော်လင့်ချက်အနည်းငယ်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပျက် အားလျော့ကာဖြင့် လုံးဝလက်လျှော့လိုက်ပြီးဖြစ်၏။ သူ၏ သနားစရာကောင်းသည့် ပုံစံကို တစ်ခြားသောသူများ မမြင်စေချင်သောကြောင့် ဤဖိနပ်စုတ်တောင်တွင် လာရောက်ကာ ပုန်းအောင်းနေခြင်း ဖြစ်၏။

“သွားကြ သွားကြ။ အကုန်ထွက်သွားကြ။”

ဆရာကြီးလန်တိုက နှင်ထုတ်လိုက်သည်။ “လီချင်းချိုး... မင်းပါ ထွက်သွား။”

ဓားဘုရင်၏မိန်းမ သခင်မချိုးက လန်တို၏ ရှေ့တွင်ရပ်ကာ ပြောလိုက်၏။ “အဘိုးကြီး ... ကျွန်မ ဘယ်သူလဲဆိုတာ သေချာကြည့်အုံး။”

ဆရာကြီးလန်တိုက အံ့အားသင့်သွားသည်။ “မင်း... မင်းက ညီမလေးချိုးလား။”

“ကျွန်မမှ မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ။”

လန်တိုက အံ့အားသင့်သွား၏။ ဓားဘုရင်၏မိန်းမက အဆိပ်မိထားပြီး စိတ်ဖောက်ပြန်ရူးသွပ်နေသည်ဟု သေချာသိထား၏။ သူမ၏ အရေပြားများက ဖားပြုတ်ကဲ့သို့ပင် ကြောက်လန့်စရာ ကောင်းပြီး ခန္ဓာကိုယ်မှာလည်း ကွေးကောက်နေခဲ့၏။ လီချင်းချိုးက နည်းလမ်းပေါင်းများစွာကို အသုံးပြုပြီး ကြိုးစားခဲ့သော်လည်း သူမကို ကုသရာ၌ အောင်မြင်ခဲ့ချေ။ ယခု သူမ၏ရောဂါအားလုံးက ပျောက်ကင်းသွားခဲ့သည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။

“သွားကြ သွားကြ။ အားလုံးထွက်သွားကြ။ ငါ နေရာပြောင်းတော့မယ်။” ဆရာကြီးလန်တိုက ထပ်မံကာ မောင်းထုတ်လိုက်၏။

“ဟွန့် သတ္တိမရှိလိုက်တာ။ ယောက်ျား မဟုတ်တဲ့အတိုင်းပဲ။”

သခင်မချိုးက ပြောသည်။ “ထန်ယင်.. အဘိုးကြီးလန်တိုကို ကျောပိုးပြီး ခေါ်ခဲ့စမ်း။”

ထန်ယင်က သူ့သခင်မ၏စကားကို ကြားသည်နှင့် လန်တိုကို ကျောပိုးပြီး အတင်းအကြပ် ခေါ်ဆောင် သွားခဲ့၏။

လန်တိုက ဒေါသထွက်သွားသည်။ “ရိုင်းစိုင်းလိုက်တာ။ ရိုင်းစိုင်းလိုက်တာ။ နေခင်းကြောင်တောင် လူကို ဒီလိုခေါ်ရဲတယ် ဟုတ်လား။ ငါ့ကိုချပေး။ ငါ့ကိုအောက်ကို ချပေးစမ်း။”

သို့သော်ငြား သူ မည်မျှအော်ဟစ်နေပါစေ မည်သူကမှ ဂရုမစိုက်ကြချေ။ မဟာပညာရှင် တစ်ယောက်က ထိုကဲ့သို့ပင် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းကို ခံခဲ့ရ၏။

................

အိမ်ရှေ့စံမင်းသားက ဒေါသတကြီးဖြစ်လို့နေ၏။ ကျူးဟုန်ကျူး၏ ရှေ့မှောက်တွင် သူက ဒေါသတရားများကို ဖုံးကွယ်ထားစရာ မလိုအပ်ချေ။

“သူက ဘာအခွင့်အရေးရှိလို့ ကျုပ်ကို ဒီလိုဆက်ဆံရတာလဲ။ ပြီးတော့ အခုဖြစ်ခဲ့တဲ့ ပြဿနာတွေ အကုန်လုံးက သူ ဖြုန်းတီးလို့ ဖြစ်ခဲ့တဲ့ ပြဿနာတွေလေ။ ကျုပ်နဲ့ ဘာဆိုင်ခဲ့လို့လဲ။”

ကျူးဟုန်ကျူးက မည်သည့်စကားကိုမှ မဆိုချေ။ အိမ်ရှေ့စံမင်းသား၏ ဒေါသတကြီး ပေါက်ကွဲလျက် ရှိနေသည့် စကားသံများကိုသာ နားထောင်နေ၏။ အချိန်အတော်ကြာပြီးမှ မေးမြန်းလိုက်၏။

“ဒေါသထွက်လို့ ဝပြီလား။”

ကျူးဟုန်ကျူးက ဆက်ပြောလိုက်သည်။ “အရှင်မင်းကြီးက အခု နင်ချီကို အသုံးချပြီး မင်းကို ဖိနှိပ်နေတာပဲ။ မင်း ဘာလုပ်မှာလဲ။ ပုန်ကန်မှာလား။”

သူ မည်သို့ပုန်ကန်ရမည်နည်း။ ပုန်ကန်ဖို့ဆိုသည့် စစ်သည်အင်အား လိုအပ်၏။ ထို့အပြင် ပုန်ကန်ရမည့် အခြေအနေနှင့်ကလည်း အလှမ်းဝေးနေသေး၏။

အိမ်ရှေ့စံမင်းသားက မေးမြန်းလိုက်သည်။ “အဘိုး.. အဖေက နင်ချီကို ဒီလိုမြှောက်စားပြီး နောက်ပိုင်း ပြန်နှိမ်နင်းလို့ မရမှာ မကြောက်ဘူးလား။”

ကျူးဟုန်ကျူးက ပြန်ဖြေလိုက်၏။ “ဘုရင်မင်းမြတ်က နင်ချီကို မြှောက်စားနေတာ မဟုတ်ဘူး။ နင်ချီကို အသုံးချနေတာပဲ။ သူက နင်ကျန်းကို တန်ဖိုးထားတာပဲ။ မင်းကို ဖိနှိပ်နေတာက နင်ချီနဲ့ မင်းကို တိုက်ခိုက်စေချင်လို့ပဲ။ ဒါမှ နင်ကျန်းက ငြိမ်ငြိမ်သက်သက်နဲ့ ကြီးထွားလာနိုင်မှာပေါ့။”

မြေခွေးအိုကြီးတစ်ယောက် ပီသစွာပင် သူက ရှမ့်လန်နှင့် ဘုရင်အရှင်မင်းကြီးတို့၏ လျှို့ဝှက်စီမံကိန်းကိုပင် ဖောက်ထွင်းမြင်နေခဲ့သည်။

အိမ်ရှေ့စံမင်းသားက မယုံကြည်နိုင်သလို ဖြစ်သွား၏။ အဖေက စကားထစ်နေသည့် အမှိုက်ကောင် နင်ကျန်းကို တန်ဖိုးထားနေသည်လား။ ရှမ့်လန်သာ မရှိလျှင် ဘာမှ သုံးစား၍ရသည့်ကောင်မျိုး မဟုတ်ချေ။

ကျူးဟုန်ကျူးက ဆက်ပြောလိုက်၏။ “မင်း မယုံနိုင်ဘူး မဟုတ်လား။ ဒါပေမဲ့ ဒါက အမှန်တရားပဲ။ ဘုရင်မင်းမြတ် တွေးနေတာက နင်ကျန်းသာ ထီးနန်းဆက်ခံမယ်ဆိုရင် ရွှဲ့ပြည်နယ်က လွတ်လပ်တဲ့ ရွှဲ့ပြည်နယ်အဖြစ် ဆက်လက် တည်ရှိနေလိမ့်မယ်။ ပြီးတော့ အရှင်မင်းကြီးက ရှမ့်လန် ပြန်လာမှာကိုလည်း အမြဲမျှော်လင့်နေတာ။”

အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “ရှမ့်လန် ပြန်လာမယ် ဟုတ်လား။ ဒါမဖြစ်နိုင်ဘူး။”

“နန်အိုနိုင်ငံနဲ့ စစ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီဆိုရင် ရှမ့်လန် ပြန်လာလိမ့်မယ်။ ဒါကြောင့် တခြားအရာတွေက တန်ဖိုးမရှိဘူး။ နန်အိုစစ်ပွဲမှာ အနိုင်ရဖို့က အရေးကြီးဆုံးပဲ။ မင်းသာ နိုင်မယ်ဆိုရင် အိမ်ရှေ့စံနေရာကို ဘယ်သူမှ လာပြီး လှုပ်ခါနိုင်စွမ်းရှိမှာ မဟုတ်ဘူး။”

…………...

နောက်တစ်ရက် ဝန်ကြီးချုပ်ကျူးဟုန်ကျူးက နန်းတော်ထဲသို့ တုန်တုန်ယင်ယင်ဖြင့် ဝင်ရောက်လာခဲ့၏။ နင်ယွမ်ရှန်းက အပြေးထွက်လာပြီး ကျူးဟုန်ကျူးကို တွဲခိုကာဖြင့် အထဲသို့ခေါ်ဆောင်၏။ နှစ်ဦးသားက ဟန်ဆောင်ရိုသေမှုများဖြင့် ပြည့်နှက်လျက် ရှိနေ၏။

ကျူးဟုန်ကျူးက နှုတ်ထွက်စာတင်ချင်ကြောင်း ပြောသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်က အသည်းအသန် တားဆီးသည်။

ဤအရာက နိုင်ငံရေး ကစားကွက် တစ်ခုဖြစ်ကြောင်း နှစ်ဦးစလုံးက သိရှိနားလည်ခဲ့ပြီးသား ဖြစ်၏။ နောက်ဆုံးမှာတော့ ကျူးဟုန်ကျူးက အလျှော့ပေးလိုက်ရ၏။ အရှင်မင်းကြီးက သူ့ကို ဆက်လက်ခန့်ထားရန် သဘောတူ၏။ ဤသို့ဖြင့် ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးရာထူးကိစ္စက ပြီးပြတ်သွားခဲ့၏။

..................

ရွှမ်ဝူနယ်စားအိမ်တော်

ရှမ့်မီလေးက အားလုံးသောသူတို့၏ သဲသဲလှုပ် ဖြစ်နေ၏။ မိသားစုတစ်ခုလုံးက သူမ၏ အနားတွင် ဝိုင်းဝိုင်းလည်နေ၏။ မူလန်က ကလေးလေးကို ပွေ့ချီရင်း အိမ်အနှံ့ကို လိုက်လံပြသသည်။

“ဒါက ဖေဖေ စာရေးတဲ့နေရာပဲ။ ဒါက ဖေဖေ စားတဲ့နေရာ။ ဒါက ဖေဖေ လူဆိုးလုပ်တဲ့နေရာပဲ။”

မူလန်က ရန်သူ့နာမည်များရေးမှတ်ထားသည့် နံရံရှေ့သို့ ရောက်သွား၏။ “ဒါက ဖေဖေ့ရဲ့ ရန်သူတွေကို မှတ်သားတဲ့နံရံပဲ သမီး။ သမီးရဲ့အဖေက အရမ်းကို လက်စားချေတတ်တာပဲ။ နောင်ကျရင် သမီး သူ့ဆီကနေ သင်ယူထားရမယ်။ ဒါမှ အနိုင်ကျင့် မခံရမှာ။”

စကားပြောနေရင်းမှာပင် မူလန်၏ ခန္ဓာကိုယ်လေးက တောင့်တင်းသွားခဲ့၏။ သူမ မျှော်လင့် တောင့်တလျက် ရှိနေသည့် ထွေးပွေ့မှုက ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်၏။ ရှမ့်လန်က မူလန်ကို အနောက်မှ သိုင်းဖက်ထားသည်။ “မင်း ငါ မရှိတုန်း သမီးကို မဟုတ်တာတွေ သင်ပေးနေတာလား။”

လင်မယားနှစ်ဦး၏ ချစ်စရာအချိန်လေးကို ကလေးငိုသံက ဖြတ်တောက်လိုက်၏။

“အား.. ကလေး အိမ်သာတက်တော့မယ်နဲ့တူတယ်။”

ရှောင်ပင်းက ပြေးဝင်လာခဲ့၏။ ကလေးကို အသာဆွဲခေါ်ကာဖြင့် ပြေးထွက်သွားခဲ့သည်။ “သခင်မလေး.. အရမ်း စိတ်မလှုပ်ရှားနဲ့နော်။ ဘေးစောင်းအိပ်လို့ရှိရင် ဗိုက်ကိုမဖိဘူး။ ကျွန်မ အတွေ့အကြုံအရ ပြောတာ။”

ရှောင်ပင်းက ဤကဲ့သို့ပင်ဖြစ်၏။

တစ်နာရီကြာပြီးသည့်နောက် ရှမ့်လန်က တကယ်ပင် ကျေနပ်သွားခဲ့၏။ နန်းမြို့တော်တွင် တစ်နှစ်ကျော်ကြာ လေ့ကျင့်ခဲ့ပြီးနောက် သူ၏စွမ်းရည်များက တိုးတက်လာပုံရ၏။ ကိုယ်ဝန်ဆောင် မူလန်က ပိုမို၍ပင် လှပလျက် ရှိနေပြီး မျက်နှာလေးကလည်း ဝင်းပနေသည်။

…………....

ညဘက်မှာတော့ မိသားစုစုံညီ ထမင်းစားကြ၏။ သို့သော်ငြား ထမင်းဝိုင်းတွင် တစ်ယောက်တည်း သီးသန့်ခွဲထွက်သလို ဖြစ်နေသူက ဆရာကြီးလန်တိုပင်ဖြစ်၏။ အဘိုးကြီးက ဤကဲ့သို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရသည့်အတွက် ဒေါသထွက်လျက်ရှိနေပြီး အစာငတ်ခံ ဆန္ဒပြ၏။

မူလန်က ရှမ့်မီကို ပွေ့ချီပြီး ပေါက်စီတစ်လုံးကို ကလေးလက်ထဲ ထည့်ပေးကာ ဆရာကြီး လန်တို၏ အနားသို့ သွား၏။ “သမီးလေး ... ဘိုးဘိုးကို ပေါက်စီကျွေးလိုက်အုံး။”

ရှမ့်မီက ပေါက်စီကို ဆရာကြီးလန်တို၏ ပါးစပ်အနားသို့ ထိုးပေး၏။ ဆရာကြီးက ကလေး၏ ဖူးအိလျက် ရှိနေသည့် လက်ကလေးနှင့် ချစ်စရာမျက်နှာလေးကို ကြည့်၏။ ပြီးနောက် သူ၏ ရှုံ့တွလျက်ရှိနေသည့် မျက်နှာကြီးကို တစ်ချက်လှုပ်ရှားပြီး ပေါက်စီကို လှမ်းကိုက်ကာ စား၏။ ကလေးမလေး၏ ချစ်စရာ ကောင်းမှုကြောင့် ဆရာကြီးလန်တို၏ အစာငတ်ခံဆန္ဒပြမှုက ပြီးဆုံးသွားခဲ့ရသည်။

“ရား ရား ရား။” ရှမ့်မီလေးက ပျော်ရွှင်စွာ အော်မြည်လိုက်၏။

မလှမ်းမကမ်းတွင် ရှိနေသည့် ရှမ့်ချန်က သူ့ညီမလေး သူ့ကို စကားလှမ်းပြောသည်ဟု ထင်ကာ ပြန်လည်ကာ ပြော၏။ “ရား ရား ရား။”

ရှမ့်ချန်မှာ ရှမ့်လန်၏ညီ ရှမ့်ကျန်မှ မွေးသည့်ကလေးပင် ဖြစ်၏။ လက်ရှိအချိန်တွင်မှာတော့ ကလေးနှစ်ယောက် တို့က မည်သူမှ နားမလည်နိုင်သည့် ဂြိုဟ်သားစကားများဖြင့် စကားပြောလျက် ရှိနေကြသည်။

“ရား ရား ရား။”

………....

ရှမ့်လန်က အနည်းငယ် စကားပြောဆိုပြီးနောက် သူ၏ယောက္ခမဖြစ်သူ စုဖေ့ဖေ့ထံသို့ သွားရောက်ပြီး အတင်းအဖျင်း ပြောဆိုလျက်ရှိနေ၏။ တကယ့်ကို မိန်းမကြီးအတိုင်းပင်။ မိဖုရားကြီးကျူး၏ အသားအရေက မကောင်းကြောင်း သွေးဆုံးကိုင်နေကြောင်းပါ ပြောဆိုနေ၏။ စုဖေ့ဖေ့ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ပြန်လည်ကာ ထောက်ခံနေ၏။

နောက်ဆုံးမှာတော့ မူလန်က မည်သို့မှ မနေနိုင်ဘဲ အထဲသို့ဝင်လာကာ ပြောရသည်။ “ယောက်ျား... အိပ်ချင်နေပြီ။”

အခန်းထဲသို့ရောက်သည့်အချိန်မှာတော့ မူလန်က ရှမ့်လန်၏ရင်ခွင်ထဲသို့ တိုးဝှေ့၏။ “ယောက်ျား... ဒီည ကောင်းကောင်း အိပ်ကြရအောင်။ တခြားဘာမှမလုပ်ရဘူး။”

“ကောင်းပြီ။”

ခဏကြာသည့်အချိန်မှာတော့ မူလန်က အသာပင် ပြောလိုက်သည်။ “နမ်းလို့တော့ရတယ်။ တခြားအရာတွေ မလုပ်ရဘူးနော်။”

“ကောင်းပြီ။”

ခဏကြာမှာတော့ မူလန်က ပြောပြန်၏။ “အင်း... တခြားနေရာတွေ နမ်းလို့ရသေးတယ်။ ဒါပေမဲ့ တခြားအရာတွေ ဘာမှမလုပ်ရဘူးနော်။”

“အင်း... ကောင်းပြီ။”

နောက်ဆုံးမှာတော့ မူလန်က ပြောလိုက်သည်။ “အင်း... ယောက်ျား တခြားအရာတွေပဲ လုပ်ကြရအောင်။”

………....

ပျော်ရွှင်စရာနေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီး ငါးရက်ခန့် ကြာမြင့်သွားချိန်မှာတော့ ရှမ့်လန်က ဓားဘုရင် လီချင်းချိုး၊ ဆရာကြီးလန်တို၊ သိုင်းရူးထန်ယင်တို့နှင့်အတူ သင်္ဘောတစ်စင်းဖြင့် ပင်လယ်ပြင်ရှိ လျှို့ဝှက်ကျွန်း တစ်ကျွန်းဆီသို့ ထွက်ခွာသွားခဲ့၏။ ထိုကျွန်းကို ရှမ့်လန်က နိဗ္ဗာနကျွန်းဟု အမည်ပေးထား၏။ ကျွန်းပေါ်ရှိ သစ်တောအုပ်ကြီးက ကြီးမားကျယ်ပြန့်လွန်းလှပြီး ကျယ်လွန်းသော ကွင်းပြင်ကြီးတစ်ခုလည်း ရှိ၏။

“သတိ နောက်လှည့်။”

အမိန့်သံဆုံးသည်နှင့် လူပေါင်း ၃၉၀၀ တို့က တညီတညွတ်တည်း နောက်သို့လှည့်၏။ ရှမ့်လန်ဆီသို့ မျက်နှာမူလိုက်ကြ၏။ သူတို့အားလုံးမှာ ဖြူဖတ်ဖြူလျော်နှင့် အားနည်းနေသည့်ပုံ ပေါ်သော်လည်း သူတို့က ရှမ့်လန်၏ တကယ့် ဗလာသွေးမျိုးဆက်ပိုင်ရှင်များဖြစ်၏။ ဒုတိယမြောက် နိဗ္ဗာနတပ်တော်ပင်။

ရှမ့်လန်က စိတ်လှုပ်ရှားစွာဖြင့် ဆရာကြီးလန်တိုကို ပြောလိုက်၏။ “ဆရာကြီး... ဒါက ဆရာကြီး လေ့ကျင့်ပေးရမယ့် စစ်တပ်ပဲ။ သူတို့က ဆရာကြီးရဲ့ ပြိုင်ဘက်ကင်း မြားပစ်ပညာရပ်ကို အထွတ်အထိပ်ထိ ရောက်အောင် မြှင့်တင်ပေးနိုင်မယ့် လူတွေပဲ။ သူတို့က လောကကြီးမှာ အားအကောင်းဆုံးသော စစ်သည်တွေ ဖြစ်လာမှာ အသေအချာပါပဲ။”

………....

နောက်တစ်နေ့

ဝန်ကြီးချုပ်ကျူးဟုန်ကျူး နန်းတော်ထဲသို့ ဝင်ကာ အရှင်မင်းကြီးနှင့် တွေ့ဆုံပြီး နောက်တစ်ရက်မှာတော့ .....

အရှင်မင်းကြီးက အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်ခဲ့၏။ ထိုအရာက ကျန်းကျိရှုအပေါ် စွပ်စွဲထားခဲ့သည့် အဂတိလိုက်စားမှု ဆိုသည်မှာ မှားယွင်းသည့် အရာမျိုးဖြစ်၏။ သို့သော်ငြား ကျန်းကျိရှု အနေနှင့် ဤသင်ခန်းစာကို မှတ်သားထားရန်နှင့် နောင်တွင် ဤကဲ့သို့ အလားတူ တူညီသည့်ကိစ္စရပ်မျိုးကို မဖြစ်စေရန် သတိထား နေထိုင်ရလိမ့်မည်ဟု ဘုရင်မင်းမြတ်က မိန့်ဆိုခဲ့၏။

ကျန်းကျိရှုက ကျေးဇူးတင်ကြောင်း ဦးခိုက်ပြီး စာလုံးရေထောင်ပေါင်းများစွာ ရှည်လျားသည့် အသနားခံစာ တစ်စောင်ကိုပင် တင်သွင်းခဲ့သေး၏။ ပြီးနောက် အရှင်မင်းကြီးက ကျန်းကျိရှုအား ကျန်းရှစ်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ကြောင်း အမိန့်တော် ထုတ်ပြန်ခဲ့သည်။

ဤအဆင့်သို့ရောက်မှသာလျှင် ကျန်းကျိရှု၏ စိတ်နှလုံးများက ကျေနပ်ပြီး ဆန္ဒများကလည်း ပြည့်ဝသွား ခဲ့၏။ သို့သော်ငြား သူက အနည်းငယ်တော့ မကျေမနပ်ဖြစ်လို့နေသေး၏။ အသက် ၃၉ နှစ် အရွယ်တွင် သူက ကျန်းရှစ်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာသင့်ခဲ့၏။ သို့ပေမည့် နှစ်ဝက်ခန့် နှိပ်စက်အကျဉ်းချခံရပြီး ယခု အသက် ၄၀ ပြည့်သည့်အခါမှသာလျှင် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့၏။

All Chapters