← Chapters

မည်သူ့မျက်နှာကိုမှမထောက်

Vol. 1 Ch. 316

မည်သူ့မျက်နှာကိုမှမထောက်

Vol. 1 Ch. 316

"သောက်ကျိုးနဲ"

ကျန်းရီသည် အခြေအနေတစ်ခုလုံးကို သေချာနားမလည်သော်လည်း အကြမ်းဖျင်းကိုတော့ သိလိုက်သည်။ သူ့ရင်ထဲမှ ဒေါသတို့ကြောင့် သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

စုတိဝမ်၏ သေဆုံးမှုသည် ပုံမှန်မဟုတ်ဟု ယခင်တည်းက သူသံသယ ဝင်နေခဲ့သည်။ ဤတင်ပြချက်ကို ကြားမှသာ အမှန်တရားကို သူသိလိုက်ရခြင်းဖြစ်သည်။ စုတိဝမ် လုပ်ကြံခံရသည်မှာ ဖြစ်နိုင်ချေရှိသည်။ သို့မဟုတ်ပါက စုလောရွှယ် သတိမရခင် စုတိဝမ်အား ထိုမျှအလောတကြီး မြှုပ်နှံရန် ကြိုးစားကြမည်မဟုတ်ပေ။

ထိုမျိုးမစစ်ကောင်များသည် ရှားနိုင်ငံ ကွယ်ပျောက်လုနီးပါး ဖြစ်နေသည့်အချိန်တွင် အရိပ်အယောင်တောင် ပေါ်ထွက်လာခြင်း မရှိပါဘဲ အာဏာနှင့် အကျိုးအမြတ်များ ရမည့်အချိန်ကျမှ ချက်ချင်းပေါ်ထွက်လာကြသည်။ ကျန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စွာ မေးလိုက်သည်။

"စုဟမ်နဲ့ စုယွိဆိုတာ ဘယ်သူတွေလဲ"

စစ်သူကြီးလုမှ ရှင်းပြလာလေ၏။

"ဒီလူနှစ်ယောက်က မင်းကြီးရဲ့ ညီဝမ်းကွဲတွေပါ၊ မင်းကြီးရဲ့ မျိုးဆက်တွေအားလုံးက အသတ်ခံလိုက်ရပြီး မင်းကြီးလည်း သေဆုံးသွားတာကို အရှင်ကျန်းလည်း သိပြီးသားပါ၊ ဘိုးဘေးတွေ သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းတွေအရ သူတို့အားလုံးမှာ ထီးနန်းကို ဆက်ခံခွင့် ရှိပါတယ်...ဒီရက်တွေမှာ သူတို့ မှူးမတ်တစ်ချို့နဲ့ စစ်တပ်အင်အား တစ်ချို့ကိုတောင် ထိန်းချုပ်ထားနိုင်ကြပြီ၊ သူတို့က တော်ဝင်ရုံးတော်မှာ ဒီရက်တွေအတွင်း နေ့တိုင်း အငြင်းပွားနေကြပြီး ဘယ်သူထီးနန်း ဆက်ခံခွင့် ရမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး...ဒါကြောင့် မနေ့ညက သူတို့ တစ်ယောက်နဲ့တစ်ယောက် လုပ်ကြံဖို့ ကြိုးစားခဲ့ကြပါတယ်၊ အခုလေးတင်ပဲ နှစ်ဖက်က စကားထပ်များကြပါသေးတယ်...ဒီအတိုင်းသာ ဆက်ဖြစ်နေရင် စစ်သည်ကိုယ်စီ စည်းရုံးပြီး ပုန်ကန်မှုတွေတောင် ဖြစ်လာနိုင်ပါတယ်"

"ချီးတဲ့မှ"

ကျန်းရီသည် ဒေါသထွက်ထွက်နှင့် ရယ်ချလိုက်သည်။ ရှားနိုင်ငံသည် ယခု မည်သည့်အခြေအနေတွင် ရောက်နေသနည်း။ သူတို့သည် နိုင်ငံပြန်လည်တည်ငြိမ်ရန် အကောင်းဆုံး မကြိုးစားသည့်အပြင် စိတ်ဝမ်းကွဲ၍ပါ နေသည်။ ရှားနိုင်ငံတွင် စစ်သည်တစ်သိန်းခန့်သာ ကျန်ရစ်သည်။ စစ်သည်များအားလုံး သေဆုံးသွားမှ သူတို့ကျေနပ်ကြမည်လော။

အင်အားစုကြီးခြောက်ခုသည် ကျန်းရီနှင့် သုံးနှစ်ကတိထားခဲ့သည်။ သူတို့ နန်းတက်ပြီး သုံးနှစ်အကြာတွင် ကျန်းရီ သူတို့အား လျစ်လျူရှုလိုက်လျှင် မည်သို့ဖြစ်လာမည်နည်း။ ထီးနန်းသည် ထိုမျှ စွဲဆောင်မှု ရှိနေသည်လော။

ကျန်းရီသည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီး အရေးအကြီးဆုံးသော မေးခွန်းကို မေးလိုက်သည်။

"သူတို့ နှစ်ယောက် မင်းကြီးကို လုပ်ကြံတယ်ဆိုတာ သက်သေပြစရာရှိလား"

"မရှိပါဘူး"

စစ်သူကြီးလုသည် ခေါင်းယမ်း၍ ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့အားလုံး စစ်သည်တွေ စိတ်ငြိမ်သွားအောင်နဲ့ မြို့တွေကို ပြန်ထူထောင်လုပ်ရင်း အလုပ်များနေတာ၊ မင်းကြီးကလည်း အဆင်ပြေနေတော့ သူ့ကို ဂရုစိုက်နေဖို့ အချိန်မရှိဘူးဖြစ်နေခဲ့တာ...မြို့စားနှစ်ယောက်လုံးက မင်းကြီးဆီ သွားလည်ခဲ့ကြတယ်။ ဘယ်သူလုပ်တယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး...မင်းကြီးက ဒီအတိုင်း ရိုးရိုး သေသွားတာလည်း ဖြစ်နိုင်သေးတယ် "

"ဒါဆို သူတို့ အချင်းချင်း တိုက်ကြပါစေ"

ကျန်းရီသည် လက်တစ်ဖက်ယမ်းကာ ပြန်ဖြေလိုက်သည်။

"စစ်သူကြီးလု...ကျွန်တော်က အပြင်လူပါ၊ ဒီကိစ္စမှာ ကျွန်တော်ဝင်ပါလို့ ကောင်းမှာမဟုတ်ဘူး။ စစ်တပ်ကိုသာ ထိန်းဖို့ အကောင်းဆုံးကြိုးစားပါ...သူတို့ တစ်ယောက်နဲ့တစ်ယောက် သတ်နိုင်ရင် အသက်ရှင်ကျန်ရစ်သူကို နန်းတင်ပေးလိုက်၊ ဒီကိစ္စက ရှားနိုင်ငံရဲ့ အရေးအခင်းဖြစ်တာကြောင့် ကျွန်တော် ဝင်မပါချင်သလို ဝင်လည်းမပါနိုင်ပါဘူး"

ရှားနိုင်ငံသည် ပျက်စီးနေပြီဖြစ်သော နိုင်ငံတစ်ခုဖြစ်၍ လူတစ်ယောက်သည် အချိန်မရွေး အသတ်ခံရနိုင်သည်။ ကျန်းရီသည် လုံးဝဝင်မပါလိုပေ။ ဤကိစ္စသည် အခြား ဂိုဏ်းတစ်ခု၏ အတွင်းရေးပြဿနာဖြစ်ပြီး ဝင်ပါ၍လည်း သူ့အတွက် ကောင်းသည့်အရာ မရှိချေ။ သက်သေတစ်စုံတစ်ရာ ရှိပါက သူဝင်ပါ၍ စုတိဝမ်အတွက် လက်စားချေပေးနိုင်သည်။ စစ်သူကြီးလုတွင် သက်သေမရှိသလို စုလောရွှယ်မှာလည်း သတိပြန်မရသေးပေ။ ထို့ကြောင့် သူဝင်ပါ၍ မကောင်းချေ။

"ဒါက..."

စစ်သူကြီးလု၏ မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားခဲ့ပြီး ငျန်းရီအား ထပ်မံအသနားခံလိုက်သည်။

"အရှင်ကျန်း...အရှင်က နိုင်ငံထဲမှာရော၊ စစ်တပ်ထဲမှာပါ အလေးစားခံရဆုံးသူပါ၊ အရှင်ကျန်းသာ ကြားဝင်လိုက်ရင် ရှားယွိမြို့က သေချာပေါက် ငြိမ်ဝပ်သွားမှာ...ရှားနိုင်ငံက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပြီးပါပြီ။ ကျွန်တော်တို့ နောက်ထပ်ပြဿနာတစ်ခု ဖြစ်စေလို့မရပါဘူး။ ဒီအသုံးမကျတဲ့ စစ်သူကြီးက မြို့စားနှစ်ယောက်ကို ယှဉ်နိုင်တဲ့အင်အားမရှိတာကြောင့် သူတို့ကို မထိန်းနိုင်ပါဘူး"

"ဒါဆို ဘယ်သူက ထီးနန်းအတွက် အသင့်တော်ဆုံးလို့ ခင်ဗျားထင်လဲ"

ကျန်းရီသည် စိတ်မရှည်တော့ဘဲ ခပ်သွက်သွက် မေးလိုက်သည်။

"ကျွန်တော့်ကို နာမည်တစ်ခုသာ ပြောလိုက်...ကျွန်တော် သူထီးနန်းတက်မှာကို ထောက်ခံတယ်လို့ ကြေငြာလိုက်မယ်...ရှားနိုင်ငံက ဒီအခြေအထိရောက်နေပြီ၊ ရုန်းကန်နေလို့လည်း မထူးတော့ဘူး"

"ကျွန်တော်ပြောရမှာလား"

စစ်သူကြီးလု၏ ကိုယ်ကြီးမှာ ထိတ်လန့်သွား၍ တဆတ်ဆတ် တုန်ယင်လာသည်။ ကျန်းရီသည် သူ့အား နန်းတက်မည့်ကို ဆုံးဖြတ်ပေးခိုင်းနေသည်။

တစ်နည်းအားဖြင့် သူထောက်ခံရန် ဆုံးဖြတ်ပေးလိုက်သူသည် ရှားနိုင်ငံ၏ နောက်ထပ်ဘုရင် ဖြစ်လာလိမ့်မည် ထို့နောက်တွင်တော့ သူသည် နောက်တက်မည့် ဘုရင်၏ ညာလက်ရုံး ဖြစ်လာလိမ့်မည်။

စစ်သူကြီးလုသည် ရုတ်တရက် တံတွေးမျိုချလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူသည် အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် အံကြိတ်၍ ပြန်ဖြေလာလေ၏။

"အရှင်ကျန်း...ဘယ်သူ့ကို ထောက်ခံရမလဲဆိုတာ ကျွန်တော် မသိပါဘူး၊ ဒီမြို့စားနှစ်ယောက်လုံးက အပျော်အပါးလိုက်စားလွန်းတယ်လို့ လူသိများတယ်။ နှစ်ယောက်ထဲက ဘယ်သူပဲ ထီးနန်းတက်တက် ရှားနိုင်ငံ ပျက်စီးလိမ့်မယ် "

ကျန်းရီသည် မျက်မှောင်ကျုံ့လိုက်သည်။ ထိုလူနှစ်ယောက်သည် စုတိဝမ်သေလျှင်သေချင်း ထီးနန်းလုရန် ပြင်ဆင်နေကြသည်။ ထိုအချက်ကပင် နှစ်ယောက်လုံးမှာ လူကောင်းမဟုတ်ကြောင်း သက်သေပြနေသည်။ ထို့နောက် သူထပ်မံ၍ မေးလိုက်သည်။

"သူတို့အပြင် တခြားသူ မရှိတော့ဘူးလား"

"မရှိပါဘူး"

စစ်သူကြီးလုသည် ခေါင်းယမ်း၍ ပြန်ဖြေလိုက်သည်။

"မင်းသမီးလောရွှယ်ကလွဲပြီး မင်းကြီးရဲ့ ဆက်ခံသူတွေအကုန် အသတ်ခံလိုက်ရတယ်။ မင်းကြီးနဲ့ သွေးသားတော်စပ်တာ ဒီမြို့စားနှစ်ယောက်ပဲ ကျန်ခဲ့တာ...ဘိုးဘေးတွေရဲ စည်းကမ်းတွေအရ သူတို့နှစ်ယောက်ကပဲ ထီးနန်းဆက်ခံဖို့ အခွင့်အရေးရှိတာ"

"ဒါပေမယ့်..."

စစ်သူကြီးလု၏ မျက်လုံးများသည် ဝင်းလက်သွားခဲ့ပြီး အိပ်ရာထက်တွင် လဲလျောင်းနေသော စုလောရွှယ်အား တစ်ချက်ကြည့်ကာ ဆက်ပြောလာလေ၏။

"မင်းသမီးလောရွှယ်သာ ဆန္ဒရှိရင် သူမ ထီးနန်းဆက်ခံဖို့လည်း ဖြစ်နိုင်ပါတယ်။ မင်းသမီးလောရွှယ်ရဲ့ အစွမ်းအစနဲ့ဆို ရှားနိုင်ငံ မြန်မြန်တိုးတက်လာမယ်လို့ ကျွန်တော်သေချာပေါက် ပြောနိုင်တယ်"

"လောရွှယ်"

ကျန်းရီ၏ မျက်ခုံးတန်းနှစ်ဖက်မှာ မြင့်တက်သွားခဲ့သည်။

"မိန်းကလေးက ထီးနန်းတက်နိုင်လို့လား၊ ဘိုးဘေးတွေ အဲ့လို စည်းမျဉ်းတစ်ခု ထုတ်ထားခဲ့လို့လား"

"မရှိပါဘူး"

စစ်သူကြီးလုသည် အိုးတိုးအမ်းတမ်းနှင့် ဆက်ပြောလာလေ၏။

"အရှင်ကျန်းကသာ မင်းသမီးလောရွှယ် ထီးနန်းတက်ဖို့ ထောက်ခံတယ်ဆိုရင် တော်ဝင်ရုံးတော်က ကန့်ကွက်ရင်တောင် အရှင်ကျန်း ဖိနှိပ်နိုင်ပါတယ်"

"တော်လိုက်တော့"

ကျန်းရီသည် လက်ကာပြလိုက်သည်။

"အဲ့ဒီထီးနန်းကို လိုချင်တဲ့ ဘယ်သူ့ကိုမဆို ပေးလိုက်လို့ရတယ်၊ လောရွှယ်ထီးနန်းတက်ဖို့ကို ကျွန်တော်မထောက်ခံဘူး...ကောင်းပြီ၊ ဒီကိစ္စကို ခေါင်းရှုပ်ခံပြီး စဉ်းစားမနေနဲ့တော့...စစ်တပ်ကိုသာ သွားထိန်းချုပ်ချေ..ဘာပြဿနာမှ မဖြစ်ပါစေနဲ့၊ သူတို့နှစ်ယောက် ကြိုက်သလို ယှဉ်ပြိုင်ကြပါစေ"

လာနောက်နေသည်လော။

စုလောရွှယ်သည် ကျန်းရီ၏ မူပိုင်မိန်းကလေးဖြစ်သည်။ သူမအား ရှားနိုင်ငံကို အုပ်ချုပ်ရန် သူမည်သို့ ခွင့်ပြုလိုက်နိုင်မည်နည်း။ သူမအား လူရှေ့ထွက်စေကာ ရှားနိုင်ငံ ပြန်လည်ထူထောင်လာရန် အပင်ပန်းခံခိုင်းရမည်လော။ ကျန်းရီ ထိုသို့မလုပ်နိုင်ချေ။ သူသည် စုလောရွှယ်အား ဤနေရာနှင့် ဝေးရာသို့ ခေါ်သွားကာ ငြိမ်းငြိမ်းချမ်းချမ်းသာ နေသွားချင်သည်။

"ဟူး"

စစ်သူကြီးလုသည် သက်ပြင်းချကာ စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားခဲ့သည်။ ကျန်းရီသည် ထိုကိစ္စကို မတွေးတော့ဘဲ ပြန်လည်ကျင့်ကြံနေလိုက်သည်။

တစ်နာရီခန့် အကြာတွင် အပြင်မှ ကြေငြာသံတစ်ခု ထွက်လာလေ၏။

"မြို့စားစုဟမ်က တွေ့ခွင့်တောင်းပါတယ်"

ကျန်းရီ၏ စိတ်သည် လျင်လျင်မြန်မြန် အလုပ်လုပ်နေပြီး ထိုမြို့စား၏ လာရခြင်း အကြောင်းအရင်းကို နားလည်သွားသည်။ သို့သော် သူသည် ထိုမြို့စားအား တွေ့သင့် မတွေ့သင့်ကို တွေးမနေချေ။ အရာရှိဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးသည် ဝင်လာခဲ့ပြီး ဦးညွှတ်၍ နှုတ်ဆက်လာလေ၏။

"စုဟမ်က အရှင်ကျန်းကို အရိုအသေပေးပါတယ်"

တစ်ဖက်လူက အလွန်ယဉ်ကျေးပြနေရာ ကျန်းရီသည် မထီမတီ နှုတ်ဆက်ခြင်း မလုပ်နိုင်ပေ။ သူသည် မတ်တပ်ထရပ်ကာ ခေါင်းငြိမ့်၍ ပြောလိုက်သည်။

"အပြင်ထွက်ပြီး ပြောရအောင်...လောရွှယ်ကို မနှောင့်ယှက်နဲ့"

"အင်း...ဒီမြို့စားက လောရွှယ်လေး ကြီးပြင်းလာတာကို မျက်မြင်တွေ့ခဲ့ရတယ်၊ ကပ်ဘေးကို ပြောင်းလဲပေးဖို့ အရှင်ကျန်းရှိနေတာပဲ ကံကောင်းလှပြီ...မကြာခင် သူမ သတိပြန်ရလာဖို့ ကျွန်တော်ယုံကြည်တယ်"

စုဟမ်သည် ခေါင်းငြိမ့်ပြ၍ ငြီးတွားရေရွတ်ကာ ကျန်းရီနောက်မှ အပြင်သို့ ထွက်လိုက်လာခဲ့၏။ အခန်းအပြင်ရှိ ခန်းမကျယ်ကြီးထဲ ရောက်သည်နှင့် သူသည် ကျန်းရီအား ထပ်မံဦးညွှတ်ကာ အလေးအနက် ပြောလာပြန်သည်။

"စုဟမ်က ရှားနိုင်ငံရဲ့ ပြည်သူတွေအားလုံးရဲ့ ကိုယ်စား အရှင်ကျန်းကို ကျေးဇူးတင်ပါတယ်။ အရှင်ကျန်းသာ မရှိရင် ရှားနိုင်ငံက ဒီဘေးဒုက္ခကနေ လွတ်မြောက်မှာ မဟုတ်သလို စုဟမ်လည်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေလောက်ပြီ။ အရှင်ကျန်းက ရှားနိုင်ငံရဲ့ ထာဝရ ကျေးဇူးရှင်ပါပဲ...ရှားနိုင်ငံရဲ့ နောက်မျိုးဆက်တွေက အရှင်ကျန်းရဲ့ ကျေးဇူးတွေကို သူတို့ရင်ထဲမှာ ရေးထွင်းထားကြမှာပါ၊ ဒီအမတ်က မြို့လယ်ဈေးနေရာမှာ ရှားနိုင်ငံရဲ့ ပြည်သူတွေအားလုံး အရိုအသေပေးလို့ရအောင် အရှင်ကျန်းရဲ့ ရုပ်တုတစ်ခု တည်ဆောက်ဖို့ အမိန့်ပေးထားပါတယ်"

စုဟမ်သည် စကားအရှည်ကြီး ပြောနေချိန်တွင် ကျန်းရီရှက်လောက်သည်အထိ မျက်နှာထားနှင့် မျက်လုံးမှာ ရိုးသားဖြူစင်ရိပ်များ ဖော်ပြထားလေသည်။ ကျန်းရီသည် ရှားနိုင်ငံကို ကယ်တင်ရန် လာခဲ့ခြင်းမဟုတ်ဘဲ စုလောရွှယ်အတွက်သာ လာခဲ့ခြင်းဖြစ်သည်။ စုလောရွှယ်ကြောင့်သာ မဟုတ်လျှင် သူသည် ရှားနိုင်ငံကို ခေါင်းထဲတောင် ထည့်မည်မဟုတ်ပေ။

စကားဆုံးသွားသည်နှင့် စုဟမ်၏ လေသံမှာ အလွန်အမင်း စိုးရိမ်နေသည့် အသံအဖြစ် ချက်ချင်းပြောင်းလဲသွားလေ၏။

"အရှင်...အရှင်တစ်စုံတစ်ခုကို မသိသေးပါဘူး၊ ရှားနိုင်ငံက ကြီးကြီးမားမား ဆုံးရှုံးမှုကြီး ဖြစ်ပြီးတဲ့နောက် ကျွန်တော်တို့မှာ လုပ်စရာတွေ ထောင်သောင်းမက ရှိနေပါတယ်။ ပြည်သူတွေ အများစုက ဆင်းရဲငတ်မွတ်နေကြတယ် ကျွန်တော့်အစ်ကိုရဲ့ အလောင်းတောင် မအေးသေးဘူး၊  အခြေအနေကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘဲ ထီးနန်းကို မျက်စိကျနေတဲ့ လူတွေကလည်း ရှိနေသေးတယ်။ ဒီမြို့စားက လုပ်ကြံခံရတာလည်း အကြိမ်ကြိမ် ရှိပါပြီ...ရှားနိုင်ငံရဲ့ ပြည်သူတွေအတွက်သာ မဟုတ်ရင် ကျွန်တော့်အစ်ကိုနဲ့အတူသာ သေလိုက်ချင်ပါတော့တယ်"

စုဟမ်သည် စိတ်ခံစားချက်ပါပါနှင့် ပြောနေရင်း မျက်ရည်များပင် စီးကျလာခဲ့သည်။ သို့သော် ကျန်းရီမှာ ပို၍ပင် စိတ်မရှည်ဖြစ်လာခဲ့သည်။

ခင်ဗျားသာ ရှားနိုင်ငံအတွက် တကယ်တွေးတယ်ဆိုရင် ဘာလို့နောက်ဆုတ်ပြီး စုယွိကို မထောက်ပံ့လိုက်တာလဲ...ခင်ဗျားသာ ရှားနိုင်ငံရဲ့ ပြည်သူတွေအတွက် တကယ်စိတ်ပူတယ်ဆိုရင် ဘာလို့ ထီးနန်းအတွက် တိုက်ခိုက်နေသေးလဲ...ရှားနိုင်ငံကို တည်ငြိမ်အောင် လုပ်နိုင်ရင် အုပ်ချုပ်သူမရှိတာနဲ့ ပျက်စီးသွားမှာတဲ့လား

ကျန်းရီသည် စုဟမ် ဆက်ပြောနေသည်ကို မြင်သောအခါ လက်ကာပြ၍ စိတ်မရှည်စွာ ပြောလိုက်သည်။

"မြို့စားစုဟမ်...ခင်ဗျားတို့ ကိစ္စတွေထဲမှာ ကျွန်တော် ဝင်မပါချင်ဘူး၊ ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော့်ကို လာမရှာသင့်ဘူး၊ ကျွန်တော့်မှာ တောင်းဆိုချင်တာ တစ်ခုပဲရှိတယ်...ရွှယ်လော့နန်းဆောင်ဆီ လာတဲ့လမ်းမှာတောင် ဆူဆူညံညံ မလုပ်ပါနဲ့၊ မဟုတ်ရင် ဒီကျန်းမျိုးနွယ်ကို ဘယ်သူ့မျက်နှာမှ မထောက်တဲ့အတွက် အပြစ်မတင်နဲ့"

*****

All Chapters