← Chapters

ရှင့်ကိစ္စတွေကို အရင်သွားလုပ်သင့်တယ်

Vol. 81 Ch. 1201

ရှင့်ကိစ္စတွေကို အရင်သွားလုပ်သင့်တယ်

Vol. 81 Ch. 1201

အချိန်များ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။ နှစ်အနည်းငယ် ကြာသွားပြန်ပြီဖြစ်သည်။

ဤနှစ်များအတွင်း ကောင်းကင်မီး နိုင်ငံသည် ဖရိုဖရဲကြယ်ပင်လယ်သို့ လူ အမြောက်အမြား စေလွှတ်ခဲ့သည်။

အစပိုင်းတွင် ကောင်းကင်မီး မျိုးနွယ်ဝင်များကို ဖရိုဖရဲကြယ်ပင်လယ်သို့ လာရောက်‌စေသည့် ရည်ရွယ်ချက်အား မုကျန့်ချင်းက သူတို့ကို မပြောပြခဲ့ပေ။ ကောင်းကင်မီးမျိုးနွယ်များသည် လုချန်းကို မြင်လိုက်ရသည့် အချိန်ကျမှသာ ဤလူသူကင်းမဲ့ပုံရသော ကြယ်နယ်မြေသို့ သူတို့၏ ကောင်းကင်မီး ဧကရာဇ်က အဘယ်ကြောင့် စေလွှတ်လိုက်သည်ကို သူတို့ နားလည်သွားကြသည်။

ကောင်းကင်မီးမင်းဆက်မှ ပညာရှင်များ ပါဝင်အားဖြည့်လာမှုနှင့်အတူ ထျန်းချန်ကမ္ဘာ၏ ကံစွမ်းအား ပိုမိုသိပ်သည်းလာခဲ့ပြီး ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများလည်း ပိုမိုမြန်ဆန်သောနှုန်းဖြင့် ကျင့်ကြံလာနိုင်ခဲ့ကြသည်။

အရေးအကြီးဆုံးမှာ ကောင်းကင်မီး နိုင်ငံမှ အစွမ်းထက်ပုဂ္ဂိုလ်များကို ကျင့်စဉ်ကျောင်းများ၌ နည်းပြများအဖြစ် လုချန်းက ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ ပါဝင်လာမှုကြောင့် ကျောင်းရှိ ကျောင်းသားများ၏ ကျင့်စဉ်အဆင့်အတန်းများ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ရှနိုင်ငံတော်၏ စုစုပေါင်း အင်အားမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

သို့သော် ကောင်းကင်မီး နိုင်ငံတော်မှ အစွမ်းထက်ပညာရှင်များ ရောက်ရှိလာခြင်းက နဂိုဂိုဏ်းများ တည်ထောင်ထားသည့် ကျင့်စဉ်ကျောင်းများကို တဖြည်းဖြည်းချင်း အရေးပါမှု ကျဆင်းလာစေခဲ့သည်။

ရှနိုင်ငံတော်ပိုင် ကျင့်စဉ်ကျောင်းများတွင် ပြန်လည်ပျက်စီးခြင်းအဆင့်ရှိ နည်းပြများ ရှိနေပြီး သူတော်စင်တစ်ပိုင်းအဆင့်များပင် လာရောက်ပို့ချပေးနေချိန်တွင် နဂို ကျင့်စဉ်ဂိုဏ်းများမှ အားအကြီးဆုံးသူများသည် နတ်ဘဝပြောင်းလဲခြင်းအဆင့်တွင်သာ ရှိကြသည်။ သဘာဝကျစွာပင် ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများသည် အစိုးရ ကျင့်စဉ်ကျောင်းများသို့ ဝင်ရောက်ရန် ဆန္ဒပိုရှိကြတော့သည်။

လုချန်း၏ လုပ်ရပ်များက ကျင့်စဉ်ဂိုဏ်းများ၏ အင်အားကို ပို၍နည်းသွားစေခဲ့သည်။

ယခုတော့ ကျင့်စဉ်ဂိုဏ်းများသည် ရှနိုင်ငံတော် ကျင့်စဉ်ကျောင်းမှ ဘွဲ့ရလာသည့် ကျောင်းသားများကို စုဆောင်းရန်သာ မျှော်လင့်နိုင်တော့၏။ လုံလောက်သော အကျိုးခံစားခွင့်များ ရှိပါက ၎င်းတို့ထံ ဝင်ရောက်မည့်သူများ ရှိနေဦးမည် ဖြစ်သော်လည်း ဤအရာက ကျင့်စဉ်ဂိုဏ်းအသီးသီးအပေါ် ဖိအားများ မြင့်တက်စေခဲ့သည်။

ပါရမီရှင်များကို ဆွဲဆောင်ရန်၊ အထူးသဖြင့် ရှနိုင်ငံပိုင် ကျင့်စဉ်ကျောင်းမှ ထွက်ပေါ်လာသော ကျင့်ကြံသူများကို ရရှိရန်က ကြီးမားသော ကုန်ကျစရိတ်မရှိပဲ မဖြစ်နိုင်ပေ။ ဤအချက်က ကျင့်စဉ်ဂိုဏ်းအသီးသီးအပေါ် မမြင်နိုင်သော နည်းလမ်းဖြင့် ဖိအားများ တိုးမြင့်လာစေခဲ့သည်။

ဂိုဏ်းလည်ပတ်မှုကို ထိန်းသိမ်းရန်နှင့် ဝိညာဉ်ကျောက်တုံး ပိုမိုရရှိရေးအတွက် လက်ရှိ ကျင့်စဉ်ဂိုဏ်းများသည် ရှနိုင်ငံတော်နှင့် နာခံမှုရှိစွာ ပူးပေါင်းဆောင်ရွက်ခြင်းမှတပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ရှနိုင်ငံတော်သည် သာမန်လူသားကမ္ဘာနှင့် ကျင့်ကြံသူလောက နှစ်ခုလုံး၏ စီးပွားရေးအသက်သွေးကြောကို ထိန်းချုပ်ထားသောကြောင့် အခြားရွေးစရာ နည်းလမ်း မရှိပေ။ စီးပွားရေးလုပ်ရန်နှင့် ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန်အတွက် မည်သူမှ ရှနိုင်ငံတော်ကို ကျော်လွန်၍မရနိုင်သဖြင့် ပြည်တွင်း ကျင့်စဉ်ဂိုဏ်းများအပေါ် နိုင်ငံတော်၏ ထိန်းချုပ်မှု ပိုမိုခိုင်မာလာခဲ့သည်။

ယခုအချိန်တွင် ဉာဏ်ရည် ပြဿနာရှိသော ဂိုဏ်းများသာ ရှနိုင်ငံတော်ကို ဆန့်ကျင်ရန် စဉ်းစားကြပေလိမ့်မည်။

မြူခိုးမှော်ဂိုဏ်းသည် ဤနှစ်များအတွင်း စုဟန်ယန်အစွမ်းကြောင့် ကောင်းစွာဖွံ့ဖြိုးတိုးတက်လာခဲ့၏။ အထူးသဖြင့် မြူခိုးမှော်ဂိုဏ်းက တည်ထောင်ထားသော ကျင့်စဉ်ကျောင်းသည် ဂိုဏ်းပိုင် ကျင့်စဉ်ကျောင်းများအကြား အကြီးဆုံး ဖြစ်လာခဲ့သည်။

သို့သော် နှစ်များကြာလာသည်နှင့်အမျှ ရှနိုင်ငံတော်က တည်ထောင်သော ကျင့်စဉ်ကျောင်း အရေအတွက်က တိုးပွားလာပြီး ကောင်းကင်မီးမျိုးနွယ်မှ အစွမ်းထက်ပုဂ္ဂိုလ်များ ၎င်းကျောင်းများတွင် နည်းပြများအဖြစ် တာဝန်ယူလာကြရာ မြူခိုးမှော်ဂိုဏ်း၏ ကျင့်စဉ်ကျောင်းအတွက်လည်း ကျောင်းသားစုဆောင်းရရှိနိုင်မှု နည်းပါးသထက် နည်းပါးလာခဲ့သည်။

ဂိုဏ်း၏ အကျပ်အတည်းကို မြင်တွေ့လာရသော မြူခိုးမှော်ဂိုဏ်း အကြီးအကဲများလည်း မြူခိုးမှော်ဂိုဏ်း၏ ကျင့်စဉ်ကျောင်းတွင် သင်ကြားပေးရန်အတွက် ကောင်းကင်မီးမျိုးနွယ်မှ အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးနှစ်ဦးခန့် ငှားရမ်းပေးရေး လုချန်းနှင့် သွားရောက်ဆွေးနွေးပေးရန် စုဟန်ယန်ကို တောင်းဆိုဖို့ စဉ်းစားလာကြသည်။

မြူခိုးမှော်ဂိုဏ်း အကြီးအကဲများ၏ မျက်လုံးထဲတွင် သူတို့၏ ဂိုဏ်းချုပ်သည် ဆွမ်ဧကရာဇ်၏ အမျိုးသမီးဖြစ်ပြီး ဆွမ်ဧကရာဇ်သည် သူ၏ အမျိုးသမီးများအပေါ် အမြဲတမ်း မျက်နှာသာပေးခဲ့သည်။ ထို့ပြင် ဤနှစ်များအတွင်း မြူခိုးမှော်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြီးထွားလာမှုမှာ လုချန်း၏ ပံ့ပိုးမှုနှင့် မကင်းကွာခဲ့ပေ။

စုဟန်ယန်သာ ဦးဆောင်လှုပ်ရှားပါက သူတို့၏ တောင်းဆိုမှုကို ဆွမ်ဧကရာဇ် သဘောတူကောင်း သဘောတူနိုင်သည်။

အကြီးအကဲများ၏ တွေးခေါ်ပုံက စုဟန်ယန်ကို အလွန် ဒေါသထွက်စေခဲ့သည်။ မြူခိုးမှော်ဂိုဏ်းမှ ဤလူများက သူမကို ဘာများမှတ်နေကြသနည်း။ ပြဿနာတစ်ခု ရှိလာတိုင်း ဂိုဏ်းချုပ်ဖြစ်သော သူမကို လုချန်းထံ သွားရောက်ရန် မျှော်လင့်နေကြသည်။

သူမသည် အကြိမ်တိုင်းတွင် မြူခိုးမှော်ဂိုဏ်း အကျိုးစီးပွားအတွက် ကြီးမားသော အနစ်နာခံမှုများ ပြုလုပ်ပေးခဲ့ရသည်။ သို့သော် ဂိုဏ်းမှ အခြားသူများအတွက်မူ ဒါက ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

သူမသည် ဂိုဏ်းချုပ်ဖြစ်၍ တာဝန်ရှိသည်မှာ မှန်သော်လည်း ဤလူများ ပြဿနာကြုံတွေ့၍ လုချန်းထံ အကူအညီတောင်းခိုင်းတိုင်း သူမကိုယ်သူမ ရောင်းစားခံရသကဲ့သို့ မခံစားရပဲ မနေနိုင်ချေ။

သို့သော် ပြန်တွေးကြည့်လျှင်တော့ သူမ၏ လက်ရှိအခြေအနေနှင့် ရောင်းစားခံရခြင်းက ဘာမှခြားနားမှု မရှိပေ။

…..

ထိုအချိန်တွင်။

ခရမ်းရောင်မီးခိုးငွေ့များ ပြည့်နေသော ပိတ်ပါးရွက်ဖျင်တဲအတွင်း၌။

စုဟန်ယန်က ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူမလက်ထဲရှိ မြူခိုးမှော်ဂိုဏ်း ကျင့်စဉ်ကျောင်းမှ ကျောင်းသားစာရင်း အစီရင်ခံစာကို လေးနက်စွာ စိုက်ကြည့်နေသည်။

အခန်းထဲ၌ ခရမ်းရောင် အမွှေးတိုင်မီးဖိုမှ ထွက်ပေါ်လာသော အစိမ်းရောင် မီးခိုးငွေ့မျှင်များဖြင့် ပြည့်နှက်လျက်ရှိသည်။

အစိမ်းရောင်မီးခိုးငွေ့၏ ရနံ့မှာ လန်းဆန်းစေပြီး အပန်းပြေစေသော်လည်း စုဟန်ယန်တစ်‌ ယောက်မှာမူ မျက်ခုံးများတွန့်လျက် အတွေးများနေရ၏။ ဤအချိန်တွင် မည်သည့်ပျော်ရွှင်မှုကိုမှ သူမ မခံစားနိုင်ဖြစ်နေသည်။

မကြာသေးမီက မြူခိုးမှော်ဂိုဏ်းသို့ ဝင်ရောက်လာသော ထူးချွန်ကျောင်းသား အရေအတွက်မှာ ဆက်လက် လျော့နည်းလာနေသည်။ တကယ်တော့ ကျင့်စဉ်ကျောင်း ဖြစ်နေသမျှ ကျောင်းသားရှားပါးမှု ရှိမည်မဟုတ်ပေ။ အကြောင်းမှာ သာမန်လူများသည်လည်း ကျင့်ကြံအားထုတ်ပြီး ကျင့်ကြံသူများ ဖြစ်လာရန် ဆန္ဒပြင်းပြကြသောကြောင့် ဖြစ်သည်။

သို့သော် သာမန်လူသားအများစုတွင် ကျင့်ကြံခြင်းအတွက် ပါရမီ မရှိကြပေ။ ကျင့်စဉ်ကျောင်းတော်များသည် သာမန်လူများကို ကျောင်းသားအဖြစ် လက်ခံရန် မဖြစ်နိုင်ပေ။ သူတို့ စုဆောင်းလိုသော ကျောင်းသားများသည် ကျင့်ကြံခြင်းအတွက် မွေးရာပါပါရမီရှိသည့် ကျင့်ကြံသူများသာ ဖြစ်သည်။

ယနေ့ခေတ်တွင် ပါရမီရှိသော ကျင့်ကြံသူများ ကျောင်းရွေးချယ်ရာ၌ ပထမဆုံး စဉ်းစားသည့် ရွေးချယ်မှုက ရှနိုင်ငံတော်၏ တရားဝင် ကျင့်စဉ်ကျောင်းများသာ ဖြစ်သည်။ ယခင်က ရှနိုင်ငံတော်၏ ကျင့်စဉ်ကျောင်းက ဝင်ခွင့်ဦးရေ ကန့်သတ်ထားပြီး ဖရိုဖရဲကြယ်ပင်လယ်သည် ကမ္ဘာသုံးခုကို လွှမ်းခြုံထားပြီး ကျင့်ကြံသူရှားပါးမှု မရှိသော နေရာဖြစ်သောကြောင့် မြူခိုးမှော်ဂိုဏ်းအတွက် ဝေစုတစ်ခု ရဖို့က ပြဿနာ မရှိပေ။

သို့သော် မကြာသေးမီနှစ်များအတွင်း ရှနိုင်ငံတော်ပိုင် ကျင့်စဉ်ကျောင်း အရေအတွက်က အဆမတန် တိုးပွားလာခဲ့သည်။ ပြည်နယ်နှင့် တိုင်းနီးပါးတွင် ရှနိုင်ငံတော်ပိုင် ကျင့်စဉ်ကျောင်း အမြောက်အမြား ရှိနေပြီဖြစ်သည်။ နဂါးနက်မြို့ကဲ့သို့သော နေပြည်တော်မြို့ကြီးတွင် အခြေစိုက်ထားသော်လည်း မြူခိုးမှော်ဂိုဏ်းကဲ့သို့သော ဂိုဏ်းပိုင် ကျောင်းများမှာ ကျောင်းသားရရှိရေးအတွက် ရှနိုင်ငံတော်ပိုင် ကျောင်းများနှင့် ယှဉ်ပြိုင်ရန် ခက်ခဲလာသည်။

ထိုအရာက စုဟန်ယန် အတွက် ခေါင်းကိုက်ချင်စရာ ဖြစ်လာခဲ့သည်။

ထိုလူယုတ်မာကို သူမကပဲ အရင်သွားရှာရဦးမှာလား။

လုချန်းကို ဒုက္ခပေးရန် စုဟန်ယန်၏ အတွင်းစိတ်ထဲ၌ ဝန်လေးနေမိသည်။ လုချန်း၏ အမျိုးသမီးဖြစ်ရန် သူမ ပထမဆုံး ရွေးချယ်ခဲ့စဉ်ကတော့ သူ၏ထံမှ ကျင့်စဉ်အရင်းအမြစ်များ ပိုမိုရရှိရန် အမှန်တကယ် ရည်ရွယ်ခဲ့သည်။

သို့သော် ဤနှစ်များအတွင်း လုချန်းအပေါ်ထားရှိသော စုဟန်ယန်၏ ချစ်ခြင်းမေတ္တာ တိုးပွားလာသည်နှင့်အမျှ ဤကဲ့သို့သော အကျိုးစီးပွားဖလှယ်မှုကို သူမ ရွံရှာလာခဲ့သည်။ အကျိုးအမြတ် ရယူရန်အတွက်သာ သူ့ထံချဉ်းကပ်သည်ဟု လုချန်း ထင်သွားမည်ကို သူမ စိုးရိမ်နေသည်။

ထို့ပြင် သူမ၏ တောင်းဆိုမှုများ များပြားလာသည်နှင့်အမျှ လုချန်း သူမအပေါ် စက်ဆုပ်ရွံရှာလာမည်ကိုလည်း ကြောက်ရွံ့မိသည်။

ဤအတွေးများကြောင့် ကျောင်းအပ်စာရင်းကို ကိုင်ဆောင်ထားသော စုဟန်ယန်၏ လက်များသည် ကုတင်ပေါ်သို့ လေးလံစွာ ကျရောက်သွားပြီး သက်ပြင်းတစ်ချက် မချပဲ မနေနိုင်တော့ပေ။

နောက်တစ်ခဏ၌ ရင်းနှီးနေသော အသံတစ်သံ အခန်းထဲတွင် ထွက်ပေါ်လာသည်။

“ဘာဒုက္ခတွေ ကြုံနေရလို့ ဒီလောက်တောင် သက်ပြင်းတွေချနေရတာလဲ။”

“အလှပဂေးလေးတွေက များများပြုံးသင့်တယ်။ မျက်ခုံးတွန့်တာက မင်းနဲ့ သိပ်မလိုက်ဖက်ဘူး။”

ဤရင်းနှီးသောအသံကို ကြားလိုက်ရသော်လည်း စုဟန်ယန်သည် အသံလာရာဆီသို့ အကြည့်မလွှဲပဲ ကုတင်ပေါ်တွင် ဆက်လက်ထိုင်နေလိုက်သည်။

စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော ဤပေါ့ပျက်ပျက်လေသံနှင့် သူမ အလွန် ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။

စုဟန်ယန်က သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ လုချန်းက လျှောက်လာပြီး ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ကာ ပြုံးလျက်

“မင်းမှာ အခက်အခဲ တစ်စုံတစ်ရာ ရှိရင် ကိုယ့်ဆီ လာလို့ရပါတယ်။”

ခဏခန့် တွေဝေပြီးနောက် ဖွင့်မပြောတော့ရန် ဆုံးဖြတ်လိုက်ပြီး ခပ်အေးအေး လေသံဖြင့်

“ဘာမှ အရေးကြီးတာ မဟုတ်ပါဘူး”

စကားသံဆုံးသည်နှင့် စုဟန်ယန်က ဖိတ်ခေါ်နေသည့် ကိုယ်ဟန်အနေအထားမျိုးဖြင့် ကုတင်ပေါ်တွင် တောင့်တောင့်ကြီး လှဲချလိုက်ပြီး ပြောလိုက်သည်။

“မင်းကြီး... ရှင့်ရဲ့ အခြားကိစ္စတွေကို အရင် ဦးစားပေးလုပ်သင့်ပါတယ်။”

စုဟန်ယန်သည် အရူးမဟုတ်ပေ။ မြူခိုးမှော်ဂိုဏ်း ရင်ဆိုင်နေရသော အခက်အခဲများကို လုချန်း သတိမထားမိဟု သူမ မယုံကြည်ပေ။ ထိုလူသည် သူမကစပြီး အကူအညီတောင်းလာမည့်အချိန်ကို စောင့်နေခြင်း ဖြစ်ရမည်။ သို့မှသာ မရိုးသားသော အပေးအယူ အခြေအနေများကို သူ အကြံပြုနိုင်မည် ဖြစ်သည်။

သူမကို အရင် စပြောစေချင်နေလျှင် သူမက ပြောင်းပြန်သာ လုပ်လိုက်မည်။ မည်သို့ပင်ဆိုစေ ဤကိစ္စနှင့် ပတ်သက်၍ သူ့အကူအညီကို မယူရန် သူမ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ခံစားချက်များ ပါဝင်လာသည်နှင့် တစ်ပြိုင်နက် မိမိ ဂရုစိုက်ရသူက မိမိကို မည်သို့မြင်မည်ကို စိုးရိမ်လာတတ်ကြသည်။ အတိတ်က ထိုအရာကို စုဟန်ယန် ဂရုမစိုက်ခဲ့သော်လည်း ယခုတော့ လုချန်း အတွက် အထင်သေးစရာကောင်းသူ မဖြစ်လိုတော့ပေ။

သူ လှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ ငြိမ်သက်စွာ လှဲနေသော စုဟန်ယန်ကို ကြည့်ရင်း လုချန်း တိုးတိုးလေး ရယ်မောလိုက်သည်။

All Chapters