နှစ်ယောက်လုံးကို ဖမ်းချုပ်လိုက်
Vol. 1 Ch. 317
"အာ..."
ကျန်းရီသည် ချက်ချင်း မယဉ်မကျေးဖြစ်သွားသောအခါ စုဟမ်သည် တဒင်္ဂလောက် ဆွံ့အသွားခဲ့သည်။ သူသည် ယနေ့တွင် မာနများကို ဘေးချိတ်၍ သူ့အဆင့်အတန်းကိုတောင် မထောက် ကျန်းရီကို အရိုအသေ ပေးခဲ့သည်။ သူ့အမြင်တွင် သူသည် ကျန်းရီသည် အတော်လေး မျက်နှာသာပေးထားခဲ့သည်။ သို့သော် စကားအနည်းငယ်ပြောပြီးသည်နှင့် ကျန်းရီ သူ့ကိုမောင်းထုတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် အခြိမ်းခြောက်တောင် ခံလိုက်ရသေးသည်။
သူ့မျက်နှာသည် ချက်ချင်းမည်းမှောင်သွားခဲ့ပြီး ဒေါသအရိပ်အယောင်တို့ ပေါ်ထွက်လာခဲ့သည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း ချက်ချင်း စိတ်လျှော့လိုက်သည်။ လက်ရှိအခြေအနေတွင် ကျန်းရီသည် သူရန်စနိုင်သည့်သူ မဟုတ်ချေ။ ကျန်းရီသာ စုယွိကို ထောက်ခံလိုက်လျှင် အခြေအနေတစ်ခုလုံး ပြောင်းလဲသွားနိုင်သည်။
သူသည် ခြောက်ကပ်ကပ် နှစ်ကြိမ်တိတိ ရယ်မောလိုက်ပြီး ရှက်ရွံ့စွာ နှုတ်ဆက်လိုက်သည်။ တံခါးအပြင်ဘက်သို့ ရောက်လာသည်နှင့် သူသည် နှာမှုတ်လိုက်ကာ မကျေမနပ် အမူအရာမျိုး ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
အရူး...
ကျန်းရီသည် ခေါင်းယမ်းလိုက်သည်။ စစ်သူကြီးလုသည် ထိုသူအား အထင်မကြီးသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤကဲ့သို့ ဦးနှောက်မရှိသူသာ ဘုရင်ဖြစ်လာပါက ရန်သူများ တိုက်ခိုက်မလာခင် ရှားနိုင်ငံ ပျက်စီးသွားမှာ ကျိန်းသေသည်။
"အရှင်ကျန်း...အရှင်ကျန်း"
ကျန်းရီ ဆက်လက်ကျင့်ကြံရန် ပြင်နေခိုက်တွင် ခေါင်းဆောင်ကုန်းကုန်း ရောက်လာပြီး ဖားရားနေသည့် မျက်နှာထားနှင့် ပြောလာလေ၏။
"အရှင်...မြို့စားစုယွိက တွေ့ခွင့်တောင်းပါတယ်၊ သူ့ကို ခဏလောက် ထွက်တွေ့နိုင်မလား"
လာပြန်ပြီ...နောက်တစ်ယောက်...
ကျန်းရီသည် ပို၍ပင် စိတ်မရှည်ဖြစ်လာပြီး ချက်ချင်းငြင်းပစ်လိုက်သည်။
"ဟင့်အင်း...စစ်သူကြီးလုကလွဲပြီး ငါဘယ်သူ့ကိုမှ ထွက်မတွေ့ဘူး"
"ဒါက..."
ကုန်းကုန်းကြီးသည် စုယွိနှင့် ပနံသင့်ပုံရပြီး သူ့အား နားချရန် ကြိုးစားလာပြန်သည်။
"အရှင်...မြို့စားစုယွိက တကယ်စိတ်ရင်းနဲ့ လာတာပါ၊ သူက အရှင်နဲ့ တွေ့ခွင့်ရဖို့အတွက် လက်ဆောင်တွေတောင် ပြင်ဆင်လာသေးတယ်။ အရှင်က သူ့ကို တွေ့ဖို့ငြင်းလိုက်ရင် ဒီကုန်းကုန်းက ပြောဖို့ အခက်တွေ့နေပါလိမ့်မယ်"
"ထွက်သွား"
ကျန်းရီသည် ဒေါသအလွန်ထွက်နေပြီဖြစ်ရာ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး ထိုကုန်းကုန်းအား စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
"ခင်ဗျားသွားတော့...ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ထင်နေလဲ"
"အာ"
ကုန်းကုန်းကြီးမှာ ကြောက်လန့်သွားပြီး ဘေးခန်းမှ ကျန်းရှောင်နူနှင့် မြေခွေးလေးသည်လည်း ထိတ်လန့်သွားကြသည်။ သူတို့သည် ချက်ချင်းပြေးထွက်လာကြပြီး ကျန်းရီဒေါသထွက်နေသည်ကို မြင်သောအခါ မှင်တက်သွားကြသည်။
"ရှောင်နူ...အဆင်ပြေတယ်၊ သွားကစားလေ...သခင်လေး ကျင့်ကြံလိုက်ဦးမယ်"
ကျန်းရီသည် ကျန်းရှောင်နူနှင့် မြေခွေးလေး အလွန်ထိတ်လန့်သွားကြောင်း မြင်သည့်အခါ သူ့မျက်နှာအား ချက်ချင်းထိန်းလိုက်သည်။ သူသည် စုလောရွှယ်၏ အခန်းအတွင်း ချက်ချင်းဝင်လာလိုက်သည်။ ကျန်းရှောင်နူသည် ဇက်ကလေးပု၍ လျှာထုတ်ကာ မြေခွေးလေးအား ကောက်ချီ၍ အခန်းထဲ ပြန်ဝင်သွားခဲ့သည်။ ကုန်းကုန်းအိုကြီးကမူ မျက်နှာပျက်ပျက်နှင့် ပြန်ထွက်သွားလေ၏။
"ဘန်း..."
အပြင်ဘက်မှ ကျောက်သား ကွဲကြေသံကြီး ထွက်ပေါ်လာခဲ့သည်။ စုယွိသည် ကုန်းကုန်းကြီး၏ ပြန်လည်အကြောင်းကြားမှုကို ကြားပြီးနောက် ဒေါသထွက်သွားမှန်း ထင်ရှားသည်။ သူသည် အနီးမှ ကျောက်တုံးပြားကြီးကို ကန်၍ ခွဲလိုက်ခြင်းဖြစ်သည်။ ကျန်းရီသည် ပို၍ပင် ဆွံ့အသွားခဲ့သည်။ ရှားနိုင်ငံတွင် ပို၍ထူးချွန်သူများ မရှိတော့ဘဲ အရူးနှစ်ယောက်သာ ထီးနန်းဆက်ခံရန် ကျန်ရစ်သည်လော။
ကျန်းရီပေါက်ကွဲပြလိုက်ပြီးနောက် မည်သူမှ သူ့အား ထပ်မံလာရောက်၍ မနှောင့်ယှက်တော့ပေ။ နောက်ဆုံးတွင် ရွှယ်လော့နန်းဆောင်အတွင်း သူစိတ်အေးလက်အေး ကျင့်ကြံနိုင်ပြီဖြစ်သည်။ သူသည် စုလောရွှယ် နိုးလာမည်ကို စောင့်ဆိုင်းရင်း အာရုံစူးစိုက်၍ ကျင့်ကြံနေလိုက်သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသော်လည်း စုလောရွှယ်မှာ သတိပြန်မရလာသေးချေ။ ရှားယွိမြို့၏ အခြေအနေကမူ ပို၍သာ ဆိုးဝါးလာခဲ့သည်။ စစ်သူကြီးလုက စစ်တပ်အား ထိန်းသိမ်းထားခြင်းသာ မရှိလျှင် စုယွိနှင့် စုဟမ်မှာ စစ်ထတိုက်နေလောက်ပြီဖြစ်သည်။
တော်ဝင်တရားရုံးတွင် ရန်ပွဲများက ဆက်နေသည်။ နှစ်ဖက်စလုံးမှာ အင်အားညီမျှနေပြီး မည်သူကမှ အထောက်အပံ့ ကြီးကြီးမားမား မရခဲ့ပေ။ စစ်သူကြီးလုတို့ အဖွဲ့ကလည်း မည်သည့်ဘက်တွင်နေမည်ဟု မကြေငြာပေ။ ရှားယွိမြို့၏ အခြေအနေမှာ မတိုးသာ၊ မဆုတ်သာ အနေအထားတွင် ရှိလေသည်။
တစ်ဖက်မှ ရှိန်လောက်သော အထောက်အပံ့ကို မရမချင်း သို့မဟုတ် တစ်ဖက်လူအား မလုပ်ကြံနိုင်သရွေ့ နိုင်ငံ၏ အခြေအနေသည် အုပ်ချုပ်သူမရှိဘဲ တည်ရှိနေလိမ့်မည်။
စစ်ပွဲကြီးပြီးနောက် ခုနှစ်ရက်မြောက်နေ့တွင် စုလောရွှယ် သတိပြန်လည်လာခဲ့သည်။
သူမသည် အားနည်းလွန်းနေ၍ တစ်ခဏသာ မျက်လုံးဖွင့်နိုင်သည်။ ကျန်းရီ သူမအနီးမရောက်ခင်တွင် သူမပြန်လည် မေ့မျောသွားခဲ့သည်။ ကျန်းရီသည် ထပ်မံမကျင့်ကြံတော့ဘဲ သူမအနီးတွင်သာထိုင်၍ လက်ကိုင်ထားပြီး သူမ၏ ဖြူဖျော့နေသော မျက်နှာလေးကိုသာ ထိုင်ကြည့်နေခဲ့သည်။ သူသည် တစ်ချက်တစ်ချက်တွင် ကောင်မလေးရခါစ လူငယ်လေးအလား ရယ်နေလျက်ရှိသည်။ အပြင်လူတစ်ယောက်ယောက်သာ သူ့မျက်နှာကို မြင်လိုက်ပါက သူသည် စစ်သည်တစ်သန်းပါသော စစ်တပ်ကို တစ်ဦးတည်းတွန်းလှန်ခဲ့သည့် ကျန်းရီဟု မည်သူမှ ယုံကြမည်မဟုတ်ချေ။
ညနေဘက်တွင် စုလောရွှယ် သတိထပ်ရလာခဲ့သည်။ သူမ၏ မျက်တောင်ရှည်များ တဖျတ်ဖျတ် လှုပ်ခတ်လာပြီး မျက်လုံးများဖွင့်ကာ မျက်စိရှေ့မှ ကျန်းရီအား အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ သူမသည် နောက်ဆုံးတွင် အားနည်းစွာ နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လာခဲ့သည်။
"ကျန်းရီ...တကယ်ပဲ ရှင်လား၊ လောရွှယ်အိပ်မက်မက်နေတာလား"
စုလောရွှယ်၏ လက်ကို ဆုပ်ကိုင်ထားသော ကျန်းရီ၏လက်သည် ပိုမိုတင်းကြပ်သွားခဲ့ပြီး ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
"လောရွှယ်...မင်းအိပ်မက်မက်နေတာ မဟုတ်ဘူး။ မင်းအသက်ရှင်သေးတယ်...ငါရောပဲ။ ငါတို့ အချိန်အကြာကြီး နေရဦးမှာ...မင်းက နိုးလာရုံပဲရှိသေးတယ်၊ စကားအများကြီး မပြောသင့်ဘူး။ ခပ်ကြာကြာလေး နားလိုက်ဦး"
စုလောရွှယ်သည် ပြုံးလိုက်ပြီး တစ်နာရီခန့် အနားယူ၍ အားမွေးရန် မျက်လုံးများ မှိတ်လိုက်သည်။ သူမသည် စကားအများကြီး မပြောပဲ ကျန်းရီ၏ လက်ကို ခပ်တင်းတင်း ပြန်လည်ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ရေရွတ်လာခဲ့သည်။
"ကျန်းရီ...ရှင့်လက်ကို ဒီလိုမျိုး တစ်သက်လုံး ကိုင်ထားရရင် ဘယ်လောက်ကောင်းလိုက်မလဲ"
ကျန်းရီသည် သူ့ကိုယ်သူ ကောင်းကင်ဘုံရောက်သွားသည့်အလား ခံစားလိုက်ရကာ တောက်တောက်ပပပြုံး၍ ပြန်ပြောလိုက်သည်။
"မင်းလက်ကို ဒီလိုမျိုး တစ်သက်လုံး ကိုင်ထားနိုင်ဖို့ ကိုယ့်ကိုယ်ကို အရင်သန်မာအောင် လုပ်ရဦးမယ်။ မင်းကို ဘယ်သူမှ ရန်မပြုရဲလောက်အောင် တမလွန်လောကရဲ့ အရှင်သခင်ကတောင် ငါတို့ကို မခွဲနိုင်တော့အောင် အင်အားကြီးအောင် လုပ်ရမယ်"
စုလောရွှယ် ပြုံးလိုက်မိသည်။ မှိန်ဖျော့ဖျော့ ဖယောင်းတိုင် အလင်းအောက်တွင် သူမသည် ပွင့်လန်းလာသော ပီအိုနီပန်းလေးပမာ ပြိုင်ဘက်ကင်းအောင် လှပတင့်တယ်နေသည်။ ကျန်းရီသည်လည်း ထိုခဏလေးသည် သူ၏ အပျော်ဆုံးအချိန်ဟုတောင် ခံစားလိုက်ရသည်။
ရှပ်...ရှပ်...ရှပ်
အခန်းတွင်းရှိ နူးညံ့သိမ်မွေ့နေသော လေထုလေးအား ရုတ်တရက် ထွက်ပေါ်လာသော ခြေသံများက နှောင့်ယှက်လိုက်လေသည်။ ကျန်းရီသည် မျက်မှောင်ကျုံ့လိုက်သည်။ သူ့မျက်လုံးအစုံသည် လူသတ်ငွေ့များ လွှမ်းလာခဲ့သည်။ ဤနန်းဆောင်တွင် အလုပ်အကျွေးပြုသော ကုန်းကုန်းများနှင့် အပျိုတော်လေးများမှတစ်ပါး ဘယ်သူ့ကိုမဆို ဝင်ရောက်ခြင်းအား သူတားဆီးထားခဲ့သည်။ ဤအချိန်တွင် မည်သူက သူ့အားလာရောက်၍ နှောင့်ယှက်ဝံ့လေသနည်း။
"အရှင်ကျန်း...ပြဿနာတော့ ဖြစ်ပြီ"
အလောတကြီး အော်ဟစ်ရင်း ပြေးဝင်လာသူမှာ စစ်သူကြီးလု ဖြစ်လေသည်။
"အရှင်...မြို့စားနှစ်ယောက်က စစ်ပွဲစနေကြပါပြီ။ စစ်သည်အရေအတွက် သုံးသောင်းလောက်က တိုက်ခိုက်နေပြီးတော့ အသေအပျောက်က နှစ်ထောင်ကျော်နေပြီ။ သာမန်ပြည်သူတွေကလည်း ထိခိုက်ဒဏ်ရာတွေ ရကုန်ပါတယ်..."
ကျန်းရီသည် ထိုတင်ပြချက်ကို ကြားသည်နှင့် မျက်နှာမှာ မဲမှောင်သွားခဲ့သည်။ သူသည် ရှားနိုင်ငံ၏ ဆုံးရှုံးမှုကို စိတ်ပူနေခြင်း မဟုတ်ပေ။ သူစိုးရိမ်နေသည်မှာ စုလောရွှယ်ဖြစ်သည်။
စုလောရွှယ်သည် သတိရလာရုံလေးပင် ရှိသေးသည်။ သူမ၏ကိုယ်မှာ အလွန် အားနည်းနေဆဲဖြစ်သည်။ သူသည် သူမအား စုတိဝမ်၏ သေဆုံးမှုအကြောင်းတောင် ပေးမသိဝံ့သေးပေ။ သူမအား ရက်နည်းနည်းလောက် အနားယူစေပြီးမှသာ သတင်းများကို ပေးသိရန် ပြင်ဆင်ထားခဲ့သည်။ ဤဖြစ်ရပ်ကြီးက တိုက်တိုက်ဆိုင်ဆိုင် အချိန်ကျမှ ထဖြစ်မည်ဟု သူယောင်၍တောင် မတွေးခဲ့မိဖူးပေ။
"ခင်ဗျား ဘာအဓိပ္ပါယ် မရှိတာတွေ ပြောနေတာလဲ၊ ထွက်သွားတော့"
သူသည် ခေါင်းလှည့်၍ ဓားသွားနှယ် ထက်ရှသော မျက်လုံးများဖြင့် စစ်သူကြီးလုအား စိုက်ကြည့်လိုက်သည်။ ပြီးမှ စုလောရွှယ်ထံ မဝံ့မရဲ ပြန်ကြည့်လိုက်သည်။
"ဦးရီးတော်စုဟမ်နဲ့ ဦးရီးတော်စုယွိလား"
စုလောရွှယ်၏ ပုံကျလှသော မျက်ခုံးနှစ်ဖက်မှာ စုကျုံ့သွားခဲ့ပြီး သူမ၏ မျက်လုံးတစ်စုံမှာ နားမလည်မှုများ ပေါ်ထွက်နေသည်။ သူမသည် တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံ ချက်ချင်းပြောင်းသွားပြီး ခပ်တိုးတိုး မေးလာလေ၏။
"ကျန်းရီ...ဘာတွေ ဖြစ်နေတာလဲ၊ သူတို့က ဘာလို့ စစ်သည်တွေနဲ့ တိုက်ခိုက်နေကြတာလဲ"
ကျန်းရီသည် လူသတ်ချင်စိတ် ပေါက်နေသော်လည်း ဟန်လုပ်ပြုံးလိုက်ကာ ပြန်ဖြေရုံသာ တတ်နိုင်သည်။
"ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ပါဘူး...ဒါက ငါဖြေရှင်းရမယ့် အသေးအဖွဲ ကိစ္စလေးပါ။ လောရွှယ်...မင်းက သတိရလာရုံပဲ ရှိသေးတာ၊ ဒါတွေကို စိတ်မပူဘဲ ကောင်းကောင်းအနားယူ...ဟုတ်ပြီလား"
စစ်သူကြီးလုသည်လည်း အချိန်မီ သရုပ်ဆောင်လိုက်သည်။ သေရေးရှင်ရေး အခြေအနေ ဖြစ်နေသည့်အတွက် သူပြုံးလိုက်သော အပြုံးမှာ ငိုနေသည့်အမူအရာထက်ပင် ကြည့်ရဆိုးလေ၏။
"အင်း...ဟုတ်တယ်...ဟုတ်တယ်၊ မင်းသမီးလောရွှယ်...အရင်နားလိုက်ပါဦး။ ဒီကိစ္စက အသေးအဖွဲလေးမို့ ဒီစစ်သူကြီး အခုသွားရှင်းလိုက်ပါမယ်"
"အဲ့ဒီမှာ ရပ်လိုက်"
စုလောရွှယ်သည် မျက်မှောင်ကုတ်၍ ထရပ်ရန် ကြိုးစားလိုက်သည်။ ကျန်းရီသည် ထိတ်လန့်သွား၍ သူမအား အမြန်ထိန်းလိုက်ရသည်။ သူမသည် အားယူ၍ မျက်နှာတင်းတင်းဖြင့် ပြောလာလေသည်။
"(အဟွတ်...အဟွတ်)...စစ်သူကြီးလု...အကုန်လုံးကို သေချာ ရှင်းပြစမ်းပါ၊ ကျွန်မရဲ့ ဦးရီးတော်နှစ်ယောက်က ဘာလို့တိုက်ခိုက်နေကြတာလဲ...ခမည်းတော်ကရော...ဘာလို့ ဝင်မတားတာလဲ"
ကျန်းရီသည် စုလောရွှယ် ချောင်းဆိုးလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်ကိုမြင်လျှင် အလောတကြီး ပြန်ဖြေလိုက်သည်။
"လောရွှယ်...စိတ်ကိုလျှော့...အရင်ဆုံးလှဲလိုက်နော်၊ သိပ်မလှုပ်နဲ့၊ မင်းရဲ့ဒဏ်ရာတွေ ပြန်ကောင်းသေးတာ မဟုတ်ဘူး"
စုလောရွှယ်သည် ကျန်းရီထံ အကြည့် ပို့လိုက်ကာ ခေါင်းမာလှသော အမူအရာနှင့် ပြောလိုက်သည်။
"ကျန်းရီ...ဒီအတောအတွင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်မကို အားလုံးပြောပြ၊ ကျွန်မအကုန်သိချင်တယ်"
"ကောင်းပြီ၊ ကောင်းပြီ...ငါပြောမယ်၊ မင်းအရင်ဆုံး လှဲလိုက်"
ကျန်းရီသည် ရှောင်လွဲမရတော့ပေ။ စုလောရွှယ်သည် အလွန်ခေါင်းမာလှသည်။ သူ့တွင် ရွေးချယ်စရာ မရှိတော့သောကြောင့် စုလောရွှယ် သတိမေ့နေသောအချိန်က ဖြစ်ရပ်များအားလုံးကို ရှင်းပြလိုက်သည်။ သူသည် စုတိဝမ် လုပ်ကြံခံရခြင်း ဖြစ်နိုင်သည့်အကြောင်းကို ချန်လှပ်၍ နာမကျန်းမှုကြောင့် သေဆုံးသည်ဟုသာ ပြောလိုက်သည်။
"ခမည်းတော်..."
စုလောရွှယ်သည် ရှင်းပြချက်ကို နားထောင်အပြီးတွင် မျက်လုံးများကို မှိတ်ချလိုက်သည်။ မျက်ရည်စီးကြောင်းနှစ်ခုက သူမ၏ မျက်ဝန်းထောင့်မှ စီးကျလာလေ၏။ သူမ၏ ရင်အစုံသည် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး မျက်လုံးများဖွင့်ကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် ကျန်းရီအား မေးလာလေ၏။
"ကျန်းရီ...ရှင်ကျွန်မကို အကူအညီတစ်ခု ပေးနိုင်မလား"
ကျန်းရီသည် ချက်ချင်း ပြန်ဖြေလိုက်သည်။
"လောရွှယ်...ငါ့ကိုပြော၊ မင်း စိတ်ငြိမ်ငြိမ်ထားပြီး ကောင်းကောင်းအနားယူသရွေ့ ငါဘာမဆို သဘောတူတယ်"
"ကောင်းပြီ"
စုလောရွှယ်သည် ခေါင်းငြိမ့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ တည်ငြိမ်နေခဲ့ပြီး အေးစက်စက် ပြောလာခဲ့သည်။
"ကျွန်မရဲ့ ဦးရီးတော်နှစ်ယောက်လုံးကို ဖမ်းချုပ်ပေး...သူတို့ ခုခံနေရင် ရှင်သတ်ပစ်နိုင်တယ်"
*****