ရှန်ယွဲ့နိုင်ငံတော်မှ မင်းသားလုချန်း မရှိပါ
Vol. 81 Ch. 1204
ချန်ရန်ကမ္ဘာ အပြင်ဘက်ရှိ ဟင်းလင်းပြင်၌ နတ်လှေသုံးစင်း တပ်စွဲထားသည်။ အားလုံးသည် ရှနိုင်ငံတော်မှ ပိုင်ဆိုင်သော နတ်လှေများ ဖြစ်ကြသည်။ ၎င်းတို့၏ အဓိကတာဝန်မှာ ချန်ရန်ကမ္ဘာကို စောင့်ကြပ်ရန်နှင့် ပုံမှန်မဟုတ်သော အခြေအနေများ သို့မဟုတ် ရန်သူများ ချဉ်းကပ်လာပါက ရှနိုင်ငံတော်သို့ ချက်ချင်း အစီရင်ခံရန် ဖြစ်သည်။
ထိုအချိန်တွင် ဖေးဟုန် နတ်လှေကို လုချန်း ထုတ်ယူလိုက်ကာ ထိုနတ်လှေသုံးစင်းဘေး၌ ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။
ကောင်းကင်ဧကရာဇ်၏ သီးသန့်နတ်လှေ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ချန်ရန်ကမ္ဘာကို စောင့်ကြပ်ရန် တာဝန်ရှိသော စစ်သူကြီးနှင့် နန်းကုန်းညီအစ်မနှစ်ယောက် ကြိုးကြာနတ်လှေပေါ်သို့ အလျင်အမြန် ရောက်ရှိလာကြသည်။
“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
“ထုံးစံတွေ ထားလိုက်ပါ”
စကားဆုံးသည်နှင့် အဝေးတစ်နေရာသို့ လုချန်း လှမ်းကြည့်လိုက်သည်။
“တစ်ခုခု ထူးခြားတာ တွေ့လား”
နန်းကုန်းယွဲ့ဟွာက ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။
“ကျွန်မတို့ သတိပေးပြီးနောက် သူတို့ရဲ့ နတ်လှေတွေက ကမ္ဘာ့အပိုင်းအစတစ်ခုရဲ့ နောက်မှာ ရပ်တန့်သွားတယ်။ သူတို့ အခုထိ အဲ့ဒီမှာ မလှုပ်မယှက် ရှိနေပါတယ်။”
ထိုအရာကို ကြားလိုက်ရသဖြင့် ယခုရောက်ရှိလာသော အင်အားစုများသည် ရန်မူရန် ဖြစ်နိုင်ကြောင်း လုချန်း တွေးလိုက်သည်။
ကောင်းကင်မီးနိုင်ငံတော်မှ နတ်လှေများ ချန်ရန်ကမ္ဘာသို့ လာရောက်ခြင်းဖြစ်ပါက အရင်ဆုံး အကြောင်းကြားရန် သံတမန်စေလွှတ်လေ့ရှိသည်။ မဟုတ်ပါကလည်း နတ်လှေများကို ဖုံးကွယ်မထားပဲ ချန်ရန်ကမ္ဘာအပြင်ဘက်ရှိ အာကာသဆိပ်ကမ်းတွင် ဆိုက်ကပ်ထားလေ့ရှိသည်။
ထိုနတ်လှေများ ပေါ်ပေါ်တင်တင် မချဉ်းကပ်လာခြင်းက ကောင်းကင်မီးနိုင်ငံတော်မှ မဟုတ်၍သာဖြစ်သည်။ မရိုးသားသော ရည်ရွယ်ချက်များဖြင့် ဖရိုဖရဲကြယ်ပင်လယ်အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သက်သေပြနေသည်။
အဝေးမှ ကမ္ဘာအပိုင်းအစတစ်ခုဆီသို့ ဖေးဟုန်နတ်လှေကို လုချန်း မောင်းနှင်သွားခဲ့သည်။
………
ထိုအချိန်တွင်...
ဖရိုဖရဲကြယ်ပင်လယ် အစွန်းရှိ နတ်လှေတစ်စင်းပေါ်၌ ဖြစ်သည်။ မှန်တစ်ချပ်ရှေ့တွင် အကြီးအကဲတစ်ဦးက စိတ်လှုပ်ရှားစွာ သတင်းပို့နေသည်။
“ဂိုဏ်းချုပ်... ဒါက ဖရိုဖရဲကြယ်ပင်လယ်ပါပဲ။ ထျန်းချန်ကမ္ဘာက ရှေ့မလှမ်းမကမ်းမှာ ရှိပါတယ်။”
“ရှေ့မှာရှိတဲ့ နတ်လှေတွေက ဆွမ်ဧကရာဇ် ပိုင်ဆိုင်တာ ဖြစ်နိုင်ပါတယ်။”
မှန်အတွင်း၌ စစ်မာဟောင်ရန်၏ ပုံရိပ်ပေါ်လာပြီး မှန်ထဲမှနေ၍ ပြောလိုက်သည်။
“အဲဒီလောက် ခမ်းနားတဲ့ နတ်လှေက ကောင်းကင်အဆင့် ရတနာ ဖြစ်လောက်တယ်။ ထျန်းချန်ကမ္ဘာမှာ လျှို့ဝှက်ချက်တွေ တကယ်ရှိနေပုံရတယ်။”
“ထျန်းချန်ကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို ငါ ပိုပြီး စိတ်ဝင်စားလာပြီ။”
စစ်မာဟောင်ရန်က
“ဂိုဏ်းချုပ်... ရှေ့ဆက်သွားကြမလား”
နန်ကျင်း တာအိုဆရာက ခပ်အေးအေး ပြန်ဖြေလိုက်သည်။
“ထျန်းချန်ကမ္ဘာမှာ ဘာတွေရှိလဲဆိုတာ ငါ့ဘာသာ သွားကြည့်လိုက်ဦးမယ်။”
နန်ကျင်း တာအိုဆရာ၏ စကားဆုံးသည်နှင့် သူ၏ ရည်ရွယ်ချက်ကို စစ်မာဟောင်ရန် ချက်ချင်းနားလည်လိုက်သည်။ ထို့နောက် ဖေးဟုန်နတ်လှေရှိရာသို့ အမြင့်ဆုံးအမြန်နှုန်းဖြင့် မောင်းနှင်လိုက်သည်။
ထို့နောက် နှစ်ဖက်စလုံးမှ နတ်လှေများ အကွာဝေးတစ်ခု၌ ရပ်တန့်သွားကြသည်။
ထိုအချိန်တွင် ယင်မီးဂိုဏ်း၏ နတ်လှေပေါ်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ကျုပ်က ရှန်ယွဲ့နိုင်ငံတော် ကျင်းနယ်စားရဲ့ အမိန့်အရ ရှန်ယွဲ့နိုင်ငံတော်ရဲ့ ကိုးယောက်မြောက် မင်းသားကို ကာကွယ်ဖို့ စေလွှတ်ခြင်းခံရတဲ့ ယင်မီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။”
နန်ကျင်း တာအိုဆရာသည် စကားအပိုမပြောသလို ထပ်မံစုံစမ်းခြင်းလည်း မပြုပေ။ သူမည်သူဖြစ်ကြောင်း တိုက်ရိုက်ပြောပြလိုက်သည်။
သူသည် ယခု ပြန်လည်ပျက်စီးခြင်းအဆင့် ဒုတိယအလွှာသို့ ရောက်ရှိနေပြီဖြစ်သည်။ ထျန်းချန်ကမ္ဘာ၌ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသာ ရှိသည်ဟု စစ်မာဟောင်ရန်က ပြောဖူးသည်။ ထို့ကြောင့် သူ့ အနေအထားနှင့် ထျန်းချန်ကမ္ဘာရှိ မည်သူ့ကိုမဆို အလွယ်တကူ ကိုင်တွယ်နိုင်သည်ဟု သူ ယူဆထားသည်။
နန်ကျင်း တာအိုဆရာ၏ စကားကို ကြားလိုက်ရသဖြင့် လုချန်း အေးစက်စွာ ရယ်မောလိုက်သည်။ ယင်မီးဂိုဏ်း ဒီလောက်မြန်မြန် ပြန်ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဒီတစ်ခါတော့ ဂိုဏ်းချုပ်ကိုယ်တိုင် လာခဲ့သည်။
ယခု သူ ရောက်လာမှတော့ ပြန်ထွက်သွားစရာ မလိုတော့ပေ။
နောက်တစ်ခဏတွင် အာကာသ ဟင်းလင်းပြင်ထဲ၌ လုချန်း၏အသံ ပဲ့တင်ထပ်သွားသည်။
“ဖရိုဖရဲကြယ်ပင်လယ်မှာ ရှန်ယွဲ့နိုင်ငံတော်ရဲ့ ကိုးယောက်မြောက်မင်းသား မရှိဘူး။”
ထိုစကားကို ကြားလိုက်ရသဖြင့် နန်ကျင်း တာအိုဆရာက
“ဒါဆိုရင် ကျုပ်တို့ကို ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်ခွင့်မပေးဘူးလို့ ရည်ရွယ်ထားတာလား။”
လုချန်းက
“ဝင်လာချင်ရင်တော့ ခင်ဗျားတို့မှာ လုံလောက်တဲ့အင်အား ရှိမရှိဆိုတာအပေါ် မူတည်လိမ့်မယ်။”
လုချန်း စကားဆုံးသည်နှင့် မုချင်းလန်၏ ဘေးပတ်လည်၌ ဓားအငွေ့အသက်များ စတင် ရုန်းကန်လာသည်။ မုချင်းလန် လှုပ်ရှားရန် ပြင်လိုက်ချိန်တွင် လုချန်းက လက်မြှောက်လိုက်ပြီး သူမ၏ ပခုံးကို ကိုင်ကာ တားလိုက်သည်။
တစ်ဖက်လူက ပြဿနာရှာနေသည်မှာ ထင်ရှားသော်လည်း လုချန်း အဘယ်ကြောင့် တားဆီးရတာလဲ ဆိုတာကို သူမ နားမလည်ပေ။ မုချင်းလန် ခဏခန့် ကြောင်အသွားသည်။
မုချင်းလန်ကို လုချန်း အရေးယူဆောင်ရွက်စေလိုခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမ လှုပ်ရှားလိုက်သည်နှင့် လုချန်း ဘေးတွင် သူတော်စင်အဆင့် တစ်ယောက်ရှိနေကြောင်း ရှန်ယွဲ့နိုင်ငံတော်၏ နံပါတ်ငါး မင်းသားက သိသွားဖို့ အချိန်သိပ်ကြာမည် မဟုတ်သောကြောင့် ဖြစ်သည်။
သူတော်စင်အဆင့် တစ်ယောက်သည် ဟင်းလင်းပြင်ကို အပြည့်အဝ ချိပ်ပိတ်ထားနိုင်သည်။ ဟင်းလင်းပြင်ကို ချိပ်ပိတ်ကာ သူတို့၏ စိတ်အာရုံကို လုံးဝ ဖျက်ဆီးလိုက်ပါက ဖရိုဖရဲကြယ်ပင်လယ်၌ ဖြစ်ပျက်ခဲ့သည်များကို သူတို့၏ ပင်မခန္ဓာကိုယ်များ သိနိုင်မည် မဟုတ်ပေ။
သို့သော် ရန်သူများကလည်း အရူးများ မဟုတ်ကြပေ။ ဟင်းလင်းပြင်ကို အပြည့်အဝ ချိပ်ပိတ်ပြီး ကိုယ်ပွားများကို တိတ်တဆိတ် ရှင်းလင်းကာ မျှဝေထားသော အသိစိတ်မျှင်ကို ပင်မခန္ဓာကိုယ်များထံ မရောက်ရှိအောင် တားဆီးနိုင်ခြင်းက သူတော်စင်အဆင့် တစ်ယောက် လှုပ်ရှားခဲ့ကြောင်း သေချာသလောက် ဖြစ်နေသည်။
လောလာဆယ်အထိတော့ လုချန်း တိတ်ဆိတ်နေလိုသေးသည်။ သူ၏ စစ်မှန်သော အင်အားကို အပြည့်အဝ မဖော်ထုတ်ချင်သေးပေ။ အကယ်၍ သူ့ဘေးတွင် သူတော်စင်အဆင့်တစ်ဦး ရှိနေကြောင်း လုယန်ဟွာ သိရှိသွားပါက နောက်တစ်ကြိမ်တွင် သူ့ကို လုပ်ကြံရန် သူတော်စင်အဆင့်အထက် လူတစ်ယောက်ကို တိုက်ရိုက် စေလွှတ်လာနိုင်သည်။
ထိုနောက်ဆက်တွဲ ပြဿနာကို ရှောင်ရှားရန်အတွက် သူကိုယ်တိုင် လှုပ်ရှားတာ ပိုကောင်းလိမ့်မည်။
ထိုအချိန်တွင် လုချန်းက မုချင်းလန်အား
“လန်... မင်းမလှုပ်ရှားနဲ့။ ကိုယ်ပဲ ကိုင်တွယ်လိုက်မယ်။”
သူမ၏ အငွေ့အသက်ကို ပြန်လည်ရုပ်သိမ်းရန်မှတစ်ပါး မုချင်းလန်ထံ၌ ရွေးချယ်စရာ မရှိတော့ပေ။
“ဟုတ်ကဲ့ပါ မင်းကြီး။”
ဘာကြောင့် သူမ ဝင်မပါရန် ကောင်းကင်ဧကရာဇ်က ညွှန်ကြားခဲ့သည်ကို မသေချာသော် သူ့၌ ခိုင်လုံသော အကြောင်းပြချက် ရှိရမည်ဟု မုချင်းလန် တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်နတ်လှေပေါ်မှ အားအကြီးဆုံးလူသည် ပြန်လည်ပျက်စီးခြင်းအဆင့် ဒုတိယအလွှာ မျှသာ ဖြစ်သည်။ ကောင်းကင်ဧကရာဇ်၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် အန္တရာယ် မရှိလောက်ပေ။
အန္တရာယ် ပေါ်ပေါက်လာလျှင်ပင် သူ့ကို စောင့်ကြည့်ရန် သူမ ရှိနေသည်။ လိုအပ်ပါကသူမ အချန်မရွေး ဝင်ရောက်ကူညီနိုင်သည်။
ထို့နောက် လုချန်းသည် သူ၏ အငွေ့အသက်ကို နတ်ဘဝပြောင်းလဲခြင်းအဆင့်ကိုးအလွှာအထိ ဖိနှိပ်လိုက်ပြီး ယင်မီးဂိုဏ်း၏ နတ်လှေရှေ့သို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။ လူတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရပြီး နတ်ဘဝပြောင်းလဲခြင်းအဆင့် အငွေ့အသက်ကိုသာ ခံစားရသဖြင့် နန်ကျင်း တာအိုဆရာက လှောင်ပြောင်စွာ နှာခေါင်းရှုံ့လိုက်သည်။ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူလေးက သူ့လမ်းကို ပိတ်ဆို့ရန် ကြိုးစားနေသည်ဟုလည်း အထင်သေးစွာ တွေးလိုက်သည်။
ရှန်ယွဲ့နိုင်ငံတော်မှ မင်းသားလုချန်း၏ ရုပ်ရည်ကို နန်ကျင်း တာအိုဆရာ မသိသဖြင့် သူ့ရှေ့မှ လူငယ်လေးသည် လုချန်း၏ လက်အောက်ငယ်သား ဖြစ်မည်ဟုသာ ထင်မှတ်လိုက်သည်။
မင်းသားလုချန်းကို ကာကွယ်နေသူများကို သတ်ဖြတ်လိုက်ပါက သူ့ကို ကာကွယ်မည့်သူ မရှိတော့ပဲ လုယန်ဟွာ ပေးအပ်သော တာဝန်ကို အဆင်ပြေပြေ ပြီးမြောက်နိုင်မည်ဟု နန်ကျင်း တာအိုဆရာ တွေးလိုက်သည်။
ရှန်ယွဲ့နိုင်ငံတော်မှ မင်းသားလုချန်းကို သူကိုယ်တိုင် တိုက်ခိုက်ရန် အစီအစဉ် မရှိပေ။ ဘာပဲဖြစ်ဖြစ် သူသည် ဧကရာဇ်ရှန်ဝူ၏ သားတော်ဖြစ်သည်။ ထိုပြစ်မှု ကျူးလွန်ခြင်းက ဧကရာဇ်ရှန်ဝူကို ဆန့်ကျင့်သည့် လုပ်ရပ်အဖြစ် ရှုမြင်ခံရလိမ့်မည်။
သို့သော် မင်းသားလုချန်းအနားရှိ အစွမ်းထက်သော အစောင့်အရှောက်များကို ဖယ်ရှားပြီးနောက် ဤဝေးလံခေါင်သီသော ဖရိုဖရဲကြယ်နယ်မြေတွင် မင်းသားလုချန်း တစ်ခုခု ဖြစ်သွားပါက သို့မဟုတ် ရန်သူတစ်ယောက်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရပါက သူနှင့် မသက်ဆိုင်တော့ပေ။
ထိုအချိန်တွင် ကြီးမားသော မှန်တစ်ချပ်သည် ယင်မီးဂိုဏ်း၏ နတ်လှေအထက်၌ ရုတ်တရက် ပေါ်လာသည်။
မှန်ကို မြင်လိုက်ရသဖြင့် လုချန်း အနည်းငယ် အံ့အားသင့်သွားပြီး အာရုံလွတ်သွားသော်လည်း လျင်မြန်စွာ တည်ငြိမ်မှု ပြန်ရလိုက်သည်။
မှန်ထဲမှ ထွက်ပေါ်လာသော နတ်ဆိုးအငွေ့အသက်ကို ခံစားလိုက်ရသဖြင့် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ နောက်ထပ် နတ်ဆိုးသံတမန်တစ်ယောက် ပေါ်လာပြန်ပြီ။
စကြာဝဠာထဲက နတ်ဆိုးသံတမန်တွေက ဒီအဆင့်ထိ တကယ် ကြီးထွားလာကြတာလား။
ကပ်ဘေးကြီးတစ်ခု လာနေပြီလို့ ယွမ်ချင်းရှု ပြောတာ အံ့ဩစရာ မဟုတ်တော့ပေ။
သူ့ခန့်မှန်းချက်သာ မှန်ခဲ့ရင် နတ်ဆိုးကျင့်ကြံသူတွေ ဒါမှမဟုတ် ကောင်းကင်နတ်ဆိုးတွေ အမြောက်အမြား ရှိနေလောက်ပြီဖြစ်သည်။ ထိုသူတို့၏ အရေအတွက် အတိုင်းအတာတစ်ခု ကျော်လွန်သွားသည်နှင့် စကြာဝဠာကိုယ်တိုင်က သက်ရှိအားလုံးကို ခွဲခြားခြင်း မရှိပဲ ရှင်းပစ်ပြီး အစကနေ ပြန်စကောင်း စနိုင်၏။
လုချန်းလည်း အချိန်ဖြုန်းမနေတော့ပဲ ဓားလှိုင်းဖြင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။
ဓားလှိုင်း ယင်မီးဂိုဏ်း၏ နတ်လှေအထက်ရှိ မှန်ကို ရိုက်ခတ်လုနီးပါး ဖြစ်နေချိန်တွင် လူတစ်ယောက် မှန်ထဲ၌ ရုတ်တရက် ပေါ်လာသည်။ ထိုလူက လုချန်းနှင့် တစ်ပုံစံတည်း တူနေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လုချန်းနှင့် မုချင်းလန် နှစ်ယောက်စလုံး ကြောင်အသွားကြသည်။ ဒါက ဘယ်လို မှော်ပညာမျိုးလဲ။
လုချန်း မျက်ခုံးအနည်းငယ် တွန့်သွားသည်။ ထိုလူက သူ့ပုံစံနှင့် တစ်ပုံစံတည်း တူနေသော်လည်း ထိုလူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် နတ်ဆိုးအငွေ့အသက်က သူ့ကို အလွန် ရွံရှာစေသည်။