← Chapters

နန်ကျင်း တာအိုဆရာ လှုပ်ရှားခြင်း

Vol. 81 Ch. 1205

နန်ကျင်း တာအိုဆရာ လှုပ်ရှားခြင်း

Vol. 81 Ch. 1205

နန်ကျင်း တာအိုဆရာ၏ မှန်အတွင်းမှ ထွက်ပေါ်လာသော နတ်ဆိုးအငွေ့အသက် ပြည့်နှက်နေသည့် “လုချန်းအတု” ကလည်း ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ နောက်တစ်ခဏတွင် “လုချန်းအတု” ၏ ဓားမှ လုချန်း ထုတ်လွှတ်လိုက်သော ဓားလှိုင်းနှင့် ထပ်တူညီသော ဓားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ဓားလှိုင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံကာ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ သို့သော် ပေါက်ကွဲမှု ဖြစ်သွား သော်လည်း မည်သည့်ဘက်ကိုမှ ထိခိုက်ခြင်း မရှိပေ။

ထိုအချိန်တွင် လုချန်း စနစ်ကို မေးလိုက်သည်။

“စနစ်... အဲ့ဒီမှန်က ဘယ်လို စိတ်ဝိညာဉ်လက်နက်မျိုးလဲဆိုတာ ဖော်ထုတ်ပေးနိုင်မလား။”

လုချန်း၏ မျက်စိရှေ့တွင် အချက်ပြစာသားတစ်ခု ချက်ချင်း ပေါ်လာသည်။

[ဤအရာဝတ္ထုကို မြေအောက်ကမ္ဘာကြေးမုံဟု ခေါ်ပြီး မြေအဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်သည်။ ရန်သူနှင့် စွမ်းအားတူညီသော စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ပုံတူကူးယူ ဖန်တီးနိုင်သည်။]

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသဖြင့် လုချန်း ခဏခန့် ငိုင်သွားသည်။ ရန်သူနှင့် စွမ်းအားတူညီသော စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပုံတူကူးယူနိုင်တယ်တဲ့လား။

ဤစိတ်ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားခြင်းက စကြာဝ‌ဠာထဲတွင် ပြိုင်ဘက်ကင်း ဖြစ်စေမည် မဟုတ်ပါလား။

ဤမျှ အစွမ်းထက်သော လက်နက်တစ်ခုက အဘယ့်ကြောင့် မြေအဆင့်သာ ဖြစ်နေရသနည်း။ ဧကရာဇ်အဆင့် ဖြစ်သင့်တာ မဟုတ်လား။

စနစ် မှားယွင်းသွားသည်ဟု လုချန်း ထင်လိုက်စဉ်မှာပင် သူ၏ စိတ်ထဲ၌ စနစ်အချက်ပြသံတစ်ခု ထွက်ပေါ်လာသည်။

“ဒီစိတ်ဝိညာဉ်လက်နက်က ရန်သူရဲ့ အပေါ်ယံစွမ်းအားကိုပဲ ပုံတူကူးယူနိုင်ပြီး သူတော်စင်အဆင့်ထက် သာလွန်တဲ့ စွမ်းအားရှင် တွေကို တိုက်ခိုက်ရာမှာ အသုံးမဝင်ပါ။ ထိုမှန်က ရန်သူပိုင်ဆိုင်တဲ့ လျှို့ဝှက်စွမ်းအားတွေကို ပုံတူမကူးယူနိုင်သလို ပုံတူကူးယူခြင်းကို တစ်ကြိမ်ပြုလုပ်ပြီးပါက ကာလတိုတစ်ခုအတွင်း နောက်ထပ် ပြန်လည်အသုံးပြု၍ မရနိုင်ပါ။”

ထိုသို့ ဖြစ်နေသောကြောင့် မြေအောက်ကမ္ဘာကြေးမုံသည် မြေအဆင့် စိတ်ဝိညာဉ်လက်နက်သာ ဖြစ်နေခြင်းဖြစ်ကြောင်း လုချန်း သဘောပေါက်လိုက်သည်။

ထိုအချိန်တွင် လုချန်း ရုတ်တရက် အကြံတစ်ခု ရလိုက်သည်။ အနီးရှိ စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် သူ၏ စွမ်းအားကို ပုံတူကူးယူထားပါက ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကိုလည်း အသုံးပြုနိုင်မှာလား။

ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်သည် နတ်ဆိုးအငွေ့အသက်ကို ဆန့်ကျင်ရန် အထူးတီထွင်ထားခြင်း ဖြစ်သည်။ ထိုစိတ်ဝိညာဉ်ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နတ်ဆိုးအငွေ့အသက်များ သိပ်သည်းနေသောကြောင့် ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို အသုံးပြုလိုက်ပါက သူ့အလိုလို ပျက်စီးသွားမည် မဟုတ်ပါလား။

လုချန်း ထိုသို့ တွေးတောနေစဉ် စိတ်ဝိညာဉ်ခန္ဓာကိုယ် လုချန်းအတုသည် နတ်သတ်ဓားအတုကို ကိုင်ဆောင်လျက် လုချန်းဆီသို့ တည့်တည့် ဝင်ရောက်တိုက်ခိုက်လာသည်။

လုချန်း လုံးဝ တည်ငြိမ်နေသည်။ သူ၏ ခန့်မှန်းချက်ကို အတည်ပြုရန် ဆုံးဖြတ်လိုက်ရင်း နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။

ထို့နောက် သူလက်ထဲမှ ဓားကို စိတ်ဝိညာဉ်ခန္ဓာကိုယ် လုချန်းဘက်သို့ မြှောက်လိုက်ပြီး ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို စတင်အသက်သွင်းလိုက်သည်။ ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ် လည်ပတ်လာသည်နှင့်အမျှ လုချန်း၏ ခန္ဓာကိုယ်မှ အဖြူရောင် စိတ်ဝိညာဉ်စွမ်းအား ကြိုးမျှင်များ ဖြာထွက်လာပြီး ဓားထဲသို့ စုစည်းသွားသည်။

လုချန်းထံမှ ထွက်ပေါ်လာသော အဖြူရောင် စိတ်ဝိညာဉ်စွမ်းအားကို မြင်လိုက်ရသော်လည်း စိတ်ဝိညာဉ်ခန္ဓာကိုယ် လုချန်းအတုက ကြောက်ရွံ့ပုံမရပေ။ ထိုအစား နတ်သတ်ဓားအတုကို မြှောက်လိုက်ပြီး လုချန်းကဲ့သို့ပင် ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို အတုခိုး၍ အသုံးပြုလိုက်သည်။

သို့သော် ထိုအချိန်တွင် စိတ်ဝိညာဉ်ခန္ဓာကိုယ် လုချန်းအတု ရုတ်တရက် ကွဲကြေသွားပြီး မရေမတွက်နိုင်သော အလင်းမှုန်များ အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ယင်မီးဂိုဏ်းမှ အဖွဲ့ဝင်များ အံ့အားသင့်သွားကြသည်။ ၎င်းတို့ ဂိုဏ်းချုပ်၏ တိုက်ကွက်သည် ပြန်လည်ပျက်စီးခြင်းအဆင့်ကိုးအလွှာ စွမ်းအားရှင်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ပျက်စီးသွားရသနည်း။

ထိုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း နန်ကျင်း တာအိုဆရာ အာရုံခံမိလိုက်သည်။ မြေအောက်ကမ္ဘာကြေးမုံမှ ပုံတူကူးယူထားသော စိတ်ဝိညာဉ်ခန္ဓာကိုယ်တွင် မည်သည့်ပြဿနာမှ သူ မတွေ့ရှိခဲ့သော်လည်း ရှင်းပြ၍မရနိုင်စွာပင် ပျက်ဆီးသွားခဲ့ရသည်။

မြေအောက်ကမ္ဘာကြေးမုံ၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ဤမျှ လျင်မြန်စွာ ချေမှုန်းနိုင်စွမ်းရှိသောကြောင့် သူ့ရှေ့မှလူ၌ အစွမ်းအစအချို့ ရှိနေကြောင်း သိလိုက်ရသဖြင့် ပြိုင်ဘက်ကို အထင်သေးသော အတွေးများကို နန်ကျင်း တာအိုဆရာ ချက်ချင်း စွန့်လွှတ်လိုက်သည်။

နောက်တစ်ခဏတွင် မရေမတွက်နိုင်သော မှန်အစအနများသည် ဟင်းလင်းပြင်၌ ပေါ်လာပြီး လုချန်း၏ ပတ်ဝန်းကျင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကာ လုချန်း၏ ပုံရိပ်ကို ထင်ဟပ်စေသည်။

နန်ကျင်း တာအိုဆရာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“နွေဦးဆောင်းဦး အိပ်မက် သိုင်းပညာ”

နန်ကျင်း တာအိုဆရာ၏ အသံဆုံးသည်နှင့် လုချန်း ချက်ချင်း မူးဝေသွားသလို ခံစားလိုက်ရပြီး ဟင်းလင်းပြင်ထဲ၌ သူ၏ ဇနီးများပေါ်လာသည်ကို ဝေဝါးဝါး မြင်လိုက်ရသည်။

၎င်းသည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခု ဖြစ်ကြောင်း လုချန်း ချက်ချင်းသိလိုက်ပြီး စိတ်ကို တည်ငြိမ်စေရန် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း လည်ပတ်စေလိုက်သည်။

ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ဦး အနေနှင့် လုချန်း၏ စိတ်အာရုံသည် အလွန်သန်မာပြီး အလွယ်တကူ ထိုးဖောက်၍ မရနိုင်ပေ။

လုချန်း သူ၏ ထိန်းချုပ်မှုအောက်မှ အချိန်တိုအတွင်း လွတ်မြောက်သွားသည်ကို မြင်လိုက်ရသဖြင့် နန်ကျင်း တာအိုဆရာ စိုးရိမ်စိတ်ဝင်လာသည်။ ယုတ္တိဗေဒအရ သူ၏ နွေဦးဆောင်းဦး အိပ်မက် သိုင်းပညာသည် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ ထိန်းချုပ်နိုင်သင့်သည်။

ခိုင်မာသော ကျင့်စဉ်နှလုံးသားနှင့် သန်မာသော စိတ်အာရုံကို ပိုင်ဆိုင်ထားသည့် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရန် အချိန်တစ်ခု လိုအပ်သည်။

သို့သော် သူ့ရှေ့မှ လူသည် မိန်းမောတွေဝေမှုထဲသို့ ရောက်ရှိသွားခြင်း မရှိသလောက်ပင်။

ထိန်းချုပ်မှုအောက်မှ ဤမျှ လျင်မြန်စွာ ပြန်လည်သက်သာလာသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူသည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဟုတ်ပါရဲ့လားဟု နန်းကျင်းတာအိုဆရာ ပထမဆုံး အတွေးဝင်လာသည်။

မည်သို့ပင်ဆိုစေ မြေအောက်ကမ္ဘာကြေးမုံနှင့် နွေဦးဆောင်းဦး အိပ်မက်ကြီးသိုင်းပညာ နှစ်ခုလုံးက ဤလူအပေါ် သက်ရောက်မှု မရှိသောကြောင့် ကိုယ်တိုင် အရေးယူဆောင်ရွက်ရန်မှတစ်ပါး နန်ကျင်း တာအိုဆရာ၌ ရွေးချယ်စရာ မရှိတော့ပေ။

နောက်တစ်ခဏတွင် လုချန်းနှင့် တစ်ပုံစံတည်းတူသော အခြားလူတစ်ယောက် မြေအောက်ကမ္ဘာကြေးမုံထဲမှ ထပ်မံ ထွက်‌ပေါ်လာခဲ့သည်။ သို့သော် ဤလူ၏ အငွေ့အသက်က ယခင်ကထက် ပို‌၍အားကောင်းနေသည်။

သူ့နှင့် ပုံစံတူနောက်တစ်ယောက်ကို မြင်လိုက်ရသဖြင့် လုချန်းက ချက်ချင်း စနစ်ကို ပြောလိုက်သည်။

“စနစ်.....မြေအောက်ကမ္ဘာကြေးမုံက တစ်ကြိမ်အသုံးပြုပြီးရင် တခြားခန္ဓာကိုယ်တစ်ခုကို အချိန်တိုအတွင်း ပုံတူမကူးနိုင်ဘူးလို့ မင်း ပြောခဲ့တယ်လေ။ ငါနဲ့ ပုံစံတူ တခြားစိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပုံတူကူးလိုက်တာလဲ။”

မြေအောက်ကမ္ဘာကြေးမုံမှ ပုံတူကူးယူထားသော စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို လုချန်း မကြောက်သော်လည်း သူ့ပုံစံနှင့် တစ်ပုံစံတည်း တူညီနေပြီး ပြင်းထန်သော နတ်ဆိုးအငွေ့အသက်ကို ထုတ်လွှတ်နေခြင်းက လုချန်းကို အလွန် မသက်မသာ ဖြစ်စေသည်။

စနစ်က

“ဒီလူက စိတ်ဝိညာဉ်ခန္ဓာကိုယ် မဟုတ်ပါဘူး။မြေအောက်ကမ္ဘာကြေးမုံရဲ့ စွမ်းအားကို အသုံးပြုပြီး ရုပ်ပြောင်းထားတဲ့ နန်ကျင်း တာအိုဆရာပါ။”

စိတ်ဝိညာဉ်ခန္ဓာကိုယ်များကို ပုံတူကူးယူခြင်းအပြင် မြေအောက်ကမ္ဘာကြေးမုံ၌ နောက်ထပ်စွမ်းရည်တစ်ခု ရှိသေးသည်။ ၎င်းမှာ ပိုင်ရှင်၏ ရုပ်ရည်သွင်ပြင် ပြောင်းလဲခြင်းကို ကူညီပေးခြင်းဖြစ်သည်။

ထိုအရာကို ကြားလိုက်ရသဖြင့် လုချန်း ခဏ ခန့် တန့်သွားပြီးနောက် နန်ကျင်း တာအိုဆရာကို လှောင်ပြောင် ရယ်မောလိုက်သည်။

“တခြားသူတွေကို အတုခိုးရတာ ခင်ဗျား တော်တော်ကြိုက်ပုံရတယ်။ မျက်နှာပြဖို့ အရမ်းရုပ်ဆိုးနေလို့လား။”

လုချန်း၏ လှောင်ပြောင်မှုကို နန်ကျင်း တာအိုဆရာ ဒေါသမထွက်ပေ။ အထူးသဖြင့် နတ်ဆိုးစွမ်းအား၏ လွှမ်းမိုးမှုကို ခံရပြီးနောက် သူသည် အမှန်တကယ် ရုပ်ဆိုးနေ၍ ဖြစ်သည်။ နတ်ဆိုးစွမ်းအားကြောင့် သူ၏ မျက်နှာသည် တဖြည်းဖြည်း ပို၍ အရုပ်ဆိုးလာပြီး ထိုအကြောင်းပြချက်ကြောင့်ပင် သူ၏ မျက်နှာအစစ်အမှန်ကို နှစ်ပေါင်းတစ်ရာကျော်ကြာ မဖော်ပြခဲ့ပေ။

နန်ကျင်း တာအိုဆရာက ခပ်အေးအေး ပြောလိုက်သည်။

“ကျုပ် ရုပ်ဆိုးတာ မှန်ပါတယ်။ ဒါပေမဲ့ မကြာခင် ပြီးပြည့်စုံတဲ့ မျက်နှာတစ်ခုကို ကျုပ် ပိုင်ဆိုင်ရတော့မှာပါ”

ထိုအချိန်တွင် နန်ကျင်း တာအိုဆရာ၏ မျက်လုံးများထဲ၌ အေးစက်သော အလင်းတန်း တစ်ချက်လက်သွားပြီး သူ ဆိုလိုသည့်အရာကို လုချန်း ချက်ချင်းနားလည်လိုက်သည်။ သူက လုချန်း၏ မျက်နှာကို ခွာယူပြီး သူ့မျက်နှာအဖြစ် ပြုလုပ်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။

နတ်ဆိုးကျင့်ကြံသူ တစ်ဦးအတွက် မျက်နှာပြောင်းလဲခြင်း အတတ်ပညာကို တတ်ကျွမ်း နေခြင်းက ထူးဆန်းသည်တော့ မဟုတ်ပေ။ အထူးသဖြင့် နန်ကျင်း တာအိုဆရာသည် နတ်ဆိုးသံတမန် တစ်ယောက်ဖြစ်ပြီး ကောင်းကင်နတ်ဆိုး စွမ်းအားကို ထုတ်လွှတ်နေသောကြောင့် ဖြစ်သည်။

တွန့်ဆုတ်ခြင်း အနည်းငယ်မှ မရှိပဲ နန်ကျင်း တာအိုဆရာ လက်မြှောက်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ နောက်ကျောမှ မရေမတွက်နိုင်သော ဦးခေါင်းခွံများ ပျံထွက်လာသည်။

ဤလူ၌ ပြန်လည်ပျက်စီးခြင်းအဆင့် တိုက်ခိုက်နိုင်စွမ်း အမှန်တကယ် ရှိလျှင်ပင် နတ်ဆိုးအငွေ့အသက်နှင့် ကောင်းကင်နတ်ဆိုး စွမ်းအားတို့၏ တိုက်စားမှုကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ဟု နန်ကျင်း တာအိုဆရာ တွေးလိုက်သည်။

အထူးသဖြင့် ကောင်းကင်နတ်ဆိုး စွမ်းအားဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူများကို အလွန် ဖိနှိပ်နိုင်သည်။ ကောင်းကင်နတ်ဆိုး စွမ်းအား၏ ညစ်ညမ်းမှုကို ခံလိုက်ရသည်နှင့် ကျင့်ကြံသူ၏ စိတ်ဝိညာဉ် ဒုက္ခရောက်နိုင်ပြီး သူတို့၏ စွမ်းအားလည်း လျော့ကျသွားနိုင်သည်။

သူ့ဆီသို့ ဝဲပျံလာသော ဦးခေါင်းခွံများကို ရင်ဆိုင်ရင်း လုချန်းလည်း အချိန်ဖြုန်းမနေ တော့ပဲ နတ်ဆိုးနှင်အလံကို ထုတ်ယူလိုက်သည်။

လုချန်းလက်ထဲ၌ နတ်ဆိုးနှင်အလံ ပေါ်လာသည်နှင့် တပြိုင်နက် လွှမ်းမိုးသော ဖိနှိပ်မှုကို နန်ကျင်း တာအိုဆရာ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးအငွေ့အသက်များ ချက်ချင်း ဂနာမငြိမ် ဖြစ်လာပြီး ကောင်းကင်နတ်ဆိုး စွမ်းအားပင်လျှင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပြေးချင်နေပုံရသည်။

နန်ကျင်း တာအိုဆရာ၏ မျက်လုံးများက လုချန်းလက်ထဲမှ နတ်ဆိုးနှင်အလံကို စိုက်ကြည့်နေသည်။ ဤထူးဆန်းသော အလံကို လုချန်း ထုတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်၌ မသက်မသာဖြစ်စေသော ခံစားမှုများ စတင်ပေါ်ပေါက်လာသည်။ ထိုအလံတွင် တစ်ခုခု မှားယွင်းနေကြောင်း ထင်ရှားသည်။

အလံတွင် တစ်ခုခု မှားယွင်းနေကြောင်း သိသော်လည်း နန်ကျင်း တာအိုဆရာ နောက်မဆုတ်ပေ။ သူ၏ လက်ကို ဝင့်ကြွားစွာ ဝှေ့ယမ်းလိုက်ရာ သူ၏ ဦးခေါင်းပေါ်တွင် ကောင်းကင်နတ်ဆိုး စွမ်းအားများ စုစည်းထားသော သတ္တဝါတစ်ကောင် ချက်ချင်း ပေါ်လာသည်။

ထိုသတ္တဝါ၌ မရေမတွက်နိုင်သော လက်မောင်းများ ထွက်ပေါ်လာပြီး ဦးခေါင်းခွံများနောက်မှ လိုက်ပါလျက် လုချန်းဆီသို့ တည့်တည့် ဝင်ရောက်လာသည်။

ဦးခေါင်းခွံများ လုချန်းနှင့် ထိတွေ့လုနီးပါး ဖြစ်နေချိန်တွင် နတ်ဆိုးနှင်အလံကို ဝှေ့ယမ်းလိုက်ရာ ရောင်စုံအလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာသည်။

All Chapters