← Chapters

နေ့ရောညပါ စိတ်မအေးနိုင်

Vol. 81 Ch. 1208

နေ့ရောညပါ စိတ်မအေးနိုင်

Vol. 81 Ch. 1208

သတိပြန်ဝင်လာချိန်တွင် လုယန်ဟွာ အေးစက်စွာ မြည်တွန်တောက်တီးလိုက်သည်။

“တကယ့် အသုံးမကျတဲ့လူတွေပဲ”

ထိုနတ်ဆိုးကျင့်ကြံသူများတွင် အစွမ်းအစအချို့ရှိသည်ဟု လုယန်ဟွာ ထင်မှတ်ခဲ့သည်။ ထိုသူတို့သည် သူ့အတွက် ကောင်းမွန်သော လက်နက်ကိရိယာများ ဖြစ်လာနိုင်မည်ဟု တွေးခဲ့သော်လည်း ဤမျှရိုးရှင်းသော အလုပ်ကိုပင် သူတို့ မပြီးမြောက်နိုင်ခဲ့ပေ။

လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်သည် အများဆုံးမှ နတ်ဘဝပြောင်းလဲခြင်း အဆင့်သာရှိသည်။ ယင်မီးဂိုဏ်း၏ ဂိုဏ်းချုပ်မှာကတော့ ပြန်လည်ပျက်စီးခြင်းအဆင့်တွင် ရှိနေသည်။ ထို့ပြင် နတ်ဆိုးကျင့်ကြံသူများ၏ နတ်ဆိုးအငွေ့အသက်က ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်စွမ်းအားကို သဘာဝအလျောက် ဖြိုခွင်းနိုင်စွမ်းရှိသည်။

အရေးအကြီးဆုံးမှာ ယင်မီးဂိုဏ်းမှ နတ်ဆိုးကျင့်ကြံသူများသည် သာမန် နတ်ဆိုးကျင့်ကြံသူများ မဟုတ်ခြင်းပင်။ အထူးသဖြင့် နန်းကျင်း တာအိုဆရာ ဖြစ်သည်။ သူသည် ကောင်းကင်နတ်ဆိုးစွမ်းအားကို ပိုင်ဆိုင်ထားပြီး ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်စွမ်းအားကို သိသိသာသာ ဖြိုခွင်းနိုင်သည့် နတ်ဆိုးတမန်တော်တစ်ပါး ဖြစ်သည်။

သို့သော် ယင်မီးလျှံဂိုဏ်းပင်လျှင် ကျရှုံးခဲ့ရသည်။

လုယန်ဟွာ အနည်းငယ် ဒေါသထွက်မိသော်လည်း လျင်မြန်စွာ စိတ်တည်ငြိမ်မှု ပြန်ရသွားခဲ့သည်။ ဒါက အမှားအယွင်းလေး တစ်ခုမျှသာ ဖြစ်ပြီး သိပ်အလေးအနက်ထားစရာ မဟုတ်ပေ။

လုချန်းသည် ယခုအခါ အသုံးမကျသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ယခု ထျန်းချန်ကမ္ဘာ၏ တည်နေရာကို သိထားပြီဖြစ်ရာ သူ ထွက်ပြေး၍ ရမည်မဟုတ်ချေ။

ထို့နောက် ကျင့်စဉ်ခန်းမအပြင်ဘက်ရှိ လူတစ်ဦးအား လုယန်ဟွာ ညွှန်ကြားလိုက်သည်။

“ကွမ်းယန်ကို ကိုယ်တိုင်သွားခိုင်းလိုက်။”

“ဟုတ်ကဲ့ပါ မင်းသား”

ထိုစဉ်ရုတ်တရက် အခြားအရာတစ်ခုကို တွေးမိလိုက်ပြီး

“နေဦး... ..ယင်မီးဂိုဏ်းက ဘယ်လိုလုပ် ကျရှုံးသွားတာလဲ။”

ဟု လုယန်ဟွာက အလျင်အမြန် ထပ်ပြောလိုက်သည်။

ယုတ္တိ ဗေဒအရဆိုလျှင် ယင်မီးဂိုဏ်း မကျရှုံးသင့်ပေ။

ယင်မီးဂိုဏ်းချုပ်သည် ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့်အပြင် နတ်ဆိုးတမန်တော်တစ်ပါးလည်း ဖြစ်သည်။ နန်းကျင်း တာအိုဆရာ၏ စွမ်းရည်များနှင့်ဆိုလျှင် သူတော်စင်အဆင့်များပင် သူနှင့် ရင်ဆိုင်ရပါက ဖိအားများ ခံစားရနိုင်သည်။ သူတို့က မည်သို့ လွယ်လွယ်ကူကူ ကျရှုံးနိုင်မည်နည်း။

ပြဿနာတစ်စုံတစ်ခု ရှိနေရမည်။

လုယန်ဟွာ စကားဆုံးသည်နှင့် ကျင့်စဉ်ခန်းမအပြင်ဘက်ရှိ လက်အောက်ငယ်သားက

“မင်းသား... လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာကို ကာကွယ်ဖို့ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေကို စေလွှတ်လိုက်တာကြောင့်လို့ ယင်မီးဂိုဏ်းချုပ်က ပြောပါတယ်။”

ထိုစကားကို ကြားသောအခါ လုယန်ဟွာ၏ မျက်နှာထား ပို၍တည်သွားခဲ့သည်။

အဆင့်နိမ့်ဂိုဏ်းတစ်ခုက သူ့ကို အာခံရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထျန်းယွမ်ကမ္ဘာတွင် သူ မရှိသောကြောင့် သူ့ကို အင်အားမရှိဟု လျှို့ဝှက်လဝန်းနန်းတော်က ထင်နေတာလား။

သို့သော်လည်း လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာကို ကာကွယ်ရန် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများကို တကယ် စေလွှတ်ခဲ့လျှင်ပင် ယင်မီးဂိုဏ်း၏ အင်အားနှင့်ဆိုလျှင် ၎င်းတို့ မကျရှုံးသင့်ပေ။

နန်းကျင်း တာအိုဆရာသည် ပြန်လည်ပျက်စီးခြင်းအဆင့် နတ်ဆိုးတမန်တော် ဖြစ်သည်။ ထို့ကြောင့် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို မသတ်နိုင်တာက သဘာဝ မကျပေ။

တစ်စုံတစ်ခု လွဲချော်နေကြောင်း လုယန်ဟွာ ခံစားနေရသည်။

“ထားလိုက်ပါတော့.....ကွမ်းယန်ကို ထျန်းချန်ကမ္ဘာက ကိစ္စ အရင် ဖြေရှင်းခိုင်းလိုက်... ပြီးမှ ထျန်းယွမ်ကမ္ဘာက လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်ဆီးခိုင်းရမယ်။”

လျှို့ဝှက်လဝန်းနန်းတော်ကို ခြိမ်းခြောက်မှုတစ်ခုဟု သူ သဘောမထားပေ။ အဆင့်နိမ့် အင်အားစုတစ်ခုဟုသာ သတ်မှတ်ထားသည်။ သို့သော် သူ့ကို အာခံရဲသည့်အတွက် ၎င်းတို့အနေနှင့် ထိုက်တန်သော တန်ဖိုးကို ပေးဆပ်ရပေမည်။

“ပြီးတော့ ကျုပ်ရဲ့ ဂုဏ်သတင်းကို အညစ်အကြေးစွန်းထင်းတာ မကြိုက်ဘူးလို့ ကွမ်းယန်ကို ပြောလိုက်။”

ယင်မီးဂိုဏ်း မည်သည့်အတွက်ကြောင့် ကျရှုံးခဲ့သည်ကို မသိသော်လည်း ကျရှုံးခဲ့ပြီဖြစ်၍ ၎င်းတို့ ဆက်လက် မတည်ရှိသင့်တော့ပေ။ အသုံးမကျသော ကိရိယာတစ်ခုသည် အသုံးမဝင်တော့သည့်အပြင် သူ၏ဂုဏ်သိက္ခာကိုလည်း ညစ်နွမ်းစေသည်။

ရည်မှန်းချက်အချို့ အောင်မြင်ရန် ယင်မီးဂိုဏ်းကို အသုံးပြုဖို့ အစက သူ စဉ်းစားခဲ့သည်။ သို့သော် အသုံးမကျသူတစ်ဦးကိုပင် မရှင်းလင်းနိုင်ပါက ၎င်းတို့ကို ဆက်ထားခြင်းက အဓိပ္ပာယ် မရှိပေ။

ထိုကဲ့သို့သော ကိရိယာမျိုးသည် အသက်ရှင်လျက် ထားရှိလျှင်ပင် တန်ဖိုးမရှိတော့ချေ။

“နားလည်ပါပြီ”

“သွားလို့ရပြီ”

ဟု လုယန်ဟွာက ခပ်အေးအေး ပြောလိုက်သည်။

“ကျွန်တော့်ကို ခွင့်ပြုပါဦး”

ငယ်သား ထွက်ခွာသွားပြီးနောက်

“နံပါတ်ကိုး ညီတော်... မင်းရှိနေတာက ငါကို တကယ်ပဲ စိတ်မအေး ဖြစ်စေတယ်”

ဟု လုယန်ဟွာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ဤဘဝတွင် လုချန်းသည် အသုံးမကျသူ ဖြစ်နေပြီဖြစ်သည်။ သို့သော် သူ ပြန်မလာနိုင်တော့ဘူးဟု ဘယ်သူ အတိအကျ ပြောနိုင်မည်နည်း။

အခက်အခဲများကို ဖြတ်သန်းခဲ့ရသော လုယန်ဟွာသည် မြစ်အရှေ့ဘက် နှစ်သုံးဆယ်၊ မြစ်အနောက်ဘက် နှစ်သုံးဆယ် ဟူသော မူဝါဒကို နားလည်ထားသည်။ တစ်နေ့တွင် အားနည်းသူများပင် ကြမ်းတမ်းသော ကျားများအဖြစ် ပြောင်းလဲသွားနိုင်သည်။

လုချန်း ပျက်စီးသွားပြီဟု အပေါ်ယံအားဖြင့် သူ ခံစားရသည်။ သို့သော် သူ မသေဆုံးသေးသရွေ့ ဖြစ်နိုင်ခြေများက အကန့်အသတ်မဲ့စွာ ရှိနေသေးကြောင်း သူ့အတွေ့အကြုံများက ပြောပြနေသည်။

ထျန်းယွမ်ကမ္ဘာ၌ စမ်းသပ်မှုအတွင်း သူ၏ မှတ်ဉာဏ်များ ပြန်မရမီက သူသည်လည်း ဘာမှ မဟုတ်ခဲ့ပေ။ သို့သော် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက ၎င်း၏စွမ်းအားကို စတင်ထုတ်ဖော်လာခဲ့ပြီး သူ့အင်အားကြီးထွားလာစေမည့် အရင်းအမြစ်များ ထောက်ပံ့ပေးခဲ့တော့မှ အတိတ်က ရန်သူများကို သုတ်သင်နိုင်ခဲ့သည်။ ထို့နောက် ကျင့်စဉ် အဆင့်များကိုလည်း တဖြည်းဖြည်း ပြန်လည်ရရှိကာ နောက်ဆုံးတွင် ရှန်ယွဲ့နိုင်ငံသို့ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လုချန်း မသေဆုံးပဲ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက စွမ်းအားပြန်လည်ထုတ်ဖော်ပြီး သူ စတင်ကြီးထွားလာလျှင် မည်သို့ လုပ်မည်နည်း။

ယခင်ဘဝက လုချန်းသည် အလွန် အင်အားကြီးမားလွန်းခဲ့သည်။ လုချန်း ကျဆုံးသွားပြီ ဆိုလျှင်ပင် သူသေဆုံးသွားမှသာ အကောင်းဆုံးဖြစ်မည်ကို လုယန်ဟွာ သိထားသည်။ လူသေများကသာ သူ့ကို စိတ်အေးစေနိုင်သောကြောင့် လုယန်ဟွာ ယခု စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

ထို့ပြင် ယခုအချိန်သည် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ တစ်ဖက်တွင် လုချန်း၏ အင်အား ကျဆင်းသွားပြီး ယခင်ဘဝမှ မှတ်ဉာဏ်များလည်း မရှိတော့ချေ။ အခြားတစ်ဖက်တွင် သူတို့၏ ဖခင်ပင်လျှင် လုချန်းကို လက်လျော့ထားပြီး ဖြစ်သည်။ လုချန်း ယခု သေဆုံးသွားလျှင် မည်သူမှ ဂရုစိုက်မည် မဟုတ်ပေ။

ယခုအချိန်သည် လုချန်းကို ရှင်းလင်းရန် အကောင်းဆုံးအချိန် ဖြစ်သောကြောင့် ဤအခွင့်အရေးကို သူ လက်လွတ်ခံမည် မဟုတ်ပေ။

အစကတော့ ဤကိစ္စကို အပြင်လူများဖြင့် ဖြေရှင်းလိုခဲ့သည်။ သို့သော် ယင်မီးဂိုဏ်းကအရည်အချင်း နည်းလွန်းသည်။ ပျက်စီးနေသော လူတစ်ယောက်ကိုပင် မသတ်နိုင်ခဲ့ပေ။ ယခုတော့ သူကိုယ်တိုင် ဖြေရှင်းရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

ယင်မီးဂိုဏ်း ကိစ္စက လုယန်ဟွာ အတွက်တော့ ကိရိယာတစ်ခုကို စွန့်ပစ်လိုက်ခြင်းမျှသာ ဖြစ်သည်။ အကြီးမားဆုံး ခြိမ်းခြောက်မှုကို ရှင်းလင်းရန် ကိရိယာတစ်ခုကို စွန့်လွှတ်ခြင်းက အရှုံးတစ်ခုဟု မသတ်မှတ်နိုင်ပေ။

…….

တစ်လ ကြာပြီးနောက်။

ကျိရှောင်နိုင်ငံတော်။

နန်းတော်။

နန်းကုန်းယွဲ့ဟွာ၏ ရင်ခွင်ထဲ၌ လုချန်း လဲလျောင်းနေပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ ထထိုင်လိုက်သည်။ ထို့နောက် လုချန်းက အနည်းငယ် ရှက်သွေးဖြာနေသော သူမ၏ အေးစက်သည့် မျက်နှာကို ကြည့်ကာ ပြုံးလျက်

“အင်း။ မဆိုးပါဘူး... မင်းရဲ့ အင်အားက တော်တော်လေး တိုးတက်လာတာပဲ။”

ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်နှာ ပူနွေးသွားသည်။ လုချန်း ရည်ညွှန်းသည့် အင်အားဘာလဲဆိုတာကို သူမ သဘာဝကျကျ နားလည်လိုက်သည်။

သူမ၏ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်အဆင့်က အမှန်တကယ်ကို ပိုတိုးတက်လာခဲ့သည်။ သို့သော် ထိုကျင့်စဉ်က သူမ၏ ကိုယ်ပိုင်အင်အား တိုးပွားစေရန် များစွာ မကူညီပဲ လုချန်းအတွက်သာ အကျိုးရှိစေသည်။

သေချာတာ တစ်ခုက လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်သည် သူမအတွက် လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။

ယခုအခါ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်နှင့် လုချန်း အသုံးပြုသော အာရုံခံစားမှု ချိတ်ဆက်သည့် ကျင့်စဉ်တို့ဖြင့် သံသရာလည် နေရသည်။ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံခြင်းက လုချန်းအား ထိုအခြေအနေသို့ ပိုမိုလျင်မြန်စွာ ရောက်ရှိစေသည်။ ထိုအခါ လုချန်းက ဖီးနစ်တစ်ရာ ဂါရပြုကျင့်စဉ်ကို အသုံးပြု၍ သူတို့၏ အာရုံများကို အတူတကွ ချိတ်ဆက်ကာ ခံစားချက်များကို မျှဝေခံစားစေသည်။

လုချန်း ပျော်ပါးသောအခါ သူမလည်း ပျော်ပါးရသည်။ ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံခြင်းက သူမနှင့် လုချန်း စိတ်ဝိညာဉ်ချင်း ပဲ့တင်ထပ်သော အရှိန်ကိုသာ မြင့်တက်စေသည်။

ဤအချိန်တွင် လုချန်းက နန်းကုန်းချင်ရကို လှမ်းကြည့်ကာပြုံး၍

“ချင်ရ... မင်းလည်း မဆိုးပါဘူး”

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းကြီး။”

ထို့နောက် လုချန်း မတ်တပ်ရပ်လိုက်ပြီး

“ဒီလောက်ပါပဲ..... ကိုယ် အရင်သွားနှင့်တော့မယ်။ ကိုယ့်ကို လွမ်းရင် ထျန်းချန်ကမ္ဘာမှာ ကိုယ့်ကို လာရှာဖို့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို အသုံးပြုလို့ရတယ်။”

ယခုနှစ်များတစ်လျှောက် ချန်ရန်ကမ္ဘာမှ လုချန်း ထွက်ခွာသည့် အချိန်တိုင်း ဤသို့ပြောလေ့ရှိသည်။ သို့သော် အမျိုးသမီးနှစ်ဦးကတော့ ထျန်းချန်ကမ္ဘာသို့ ပြန်ရန် ဘယ်သောအခါကမှ ဦးဆောင်ကြိုးပမ်းခြင်း မရှိခဲ့ပေ။

တစ်ဖက်တွင် ထျန်းချန်ကမ္ဘာ၏ အရေးပါမှုကို သူတို့ ကောင်းစွာ သိထားသည်။ အခြားတစ်ဖက်တွင်လည်း ထျန်းချန်ကမ္ဘာသို့ ပြန်ရောက်သည်နှင့် တစ်ဖန်ပြန်လည် ထွက်ခွာချင်စိတ် မရှိတော့မည်ကိုလည်း သူတို့ ကြောက်ရွံ့ကြသည်။

ကျင့်ကြံနေစဉ်အတွင်း သူတို့၏ အာရုံများကို ချိတ်ဆက်နိုင်သော နတ်ဆိုးကျင့်စဉ်တစ်ခုကို လုချန်း အသုံးပြုခဲ့သည့်အချိန်မှစ၍ သူတို့လည်း တဖြည်းဖြည်း ထိုအရာအပေါ် စိတ်တိမ်းညွတ်လာခဲ့သည်။

နတ်ဆိုးကျင့်ကြံသူတစ်ဦးဖြစ်သော နန်းကုန်းချင်ရပင် ဤကိစ္စနှင့်ပတ်သက်၍ ကြောက်ရွံ့မိသည်။

ယခင်က စုံတွဲကျင့်ကြံခြင်းသည် သူတို့၏ ကျင့်စဉ်အဆင့်ကို တိုးတက်စေသည်။ သို့သော် ဖီးနစ်တစ်ရာဂါရပြုကျင့်စဉ်ကို လုချန်း အသုံးပြုသည့်အချိန်မှစ၍ သူတို့တွင် ကျင့်ကြံလိုစိတ် မရှိတော့ပေ။ သူတို့၏ စိတ်ဝိညာဉ်များသည် အလွန် တက်ကြွသော အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိသွားကာ ကိုယ့်ကိုယ်ကိုယ် လုံးဝ မထိန်းချုပ်နိုင်တော့ပေ။

လုချန်း ထလိုက်ပြီးနောက် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးများသည် စိတ်ဝိညာဉ်စွမ်းအားဖြင့် ချက်ချင်း သန့်စင်သွားသည်။ နောက်ထပ်တစ်ကြိမ် ဝှေ့ယမ်းလိုက်သောအခါ ရွှေရောင်အနားကွပ်ပါသည့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ပြီး ဖြစ်သွားသည်။

အမျိုးသမီးနှစ်ဦး အလျင်အမြန် ထလိုက်ပြီး

“မင်းကြီးကို နှုတ်ဆက်ပါတယ်။”

ထို့နောက် အလင်းအရိပ်ဖြင့် လုချန်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

လုချန်း ထွက်ခွာသွားသည်ကို အာရုံခံမိလိုက်သဖြင့် ကျင့်ကြံနေသော မုချင်းလန်လည်း ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး လုချန်းဘေးသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

လုချန်းသည် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံဆီသို့ မသွားပဲ ကောင်းကင်ပေါ်သို့ ပျံတက်သွားကာ ဖေးဟုန် နတ်လှေကိုထုတ်လိုက်သဖြင့် မုချင်းလန် ဇဝေဇဝါဖြစ်စွာဖြင့်

“မင်းကြီး... ကျွန်မတို့ ထျန်းချန်ကမ္ဘာကို မပြန်ကြဘူးလား။”

“လောလောဆယ် မပြန်သေးဘူး... ဖရိုဖရဲကြယ်ပင်လယ်ရဲ့ အစွန်အဖျားဘက်ကို သွားကြည့်ဖို့ ကိုယ် စီစဉ်ထားတယ်။”

All Chapters