← Chapters

မကျေမနပ်ဖြစ်နေသော ဧကရီထျန်းဟုန်

Vol. 81 Ch. 1210

မကျေမနပ်ဖြစ်နေသော ဧကရီထျန်းဟုန်

Vol. 81 Ch. 1210

လုချန်း၏ စကားဆုံးသည်နှင့် မုကျန့်ချင်းက လေးလေးနက်နက် တင်ပြလိုက်သည်။

“ချန်ဟိုင်ဂိုဏ်းက ဟွမ်းကျိကမ္ဘာမှာ တည်ရှိပြီး ဟွမ်းကျိကမ္ဘာမှာ အကြီးဆုံးဂိုဏ်းဖြစ်လို့ ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။”

“ချန်ဟိုင်ဂိုဏ်းမှာ အင်အားအကြီးဆုံးက သူတို့ရဲ့ အကြီးအကဲချုပ်ပါ။ သူတော်စင်အဆင့် ပထမအလွှာ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ သူတော်စင်အဆင့် ဒုတိယအလွှာ ရောက်ဖို့အတွက် မကြာသေးမီနှစ်တွေအတွင်း တံခါးပိတ်ကျင့်ကြံနေတယ်လို့ ဆိုကြပါတယ်။”

“ချန်ဟိုင်ဂိုဏ်းရဲ့ အကြီးအကဲချုပ်အပြင် သူတို့ဆီမှာ သူတော်စင်တစ်ပိုင်းအဆင့်ရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက်လည်း ရှိပါသေးတယ်။”

“အားအကြီးဆုံးက ဒီနှစ်ယောက်ဖြစ်ပြီး ကျန်တဲ့လူတွေအားလုံးက ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတွေပါ။ ဒါပေမဲ့ ဒါတွေက လူသိရှင်ကြား သိထားတဲ့ သတင်းအချက်အလက်တွေသာ ဖြစ်ပါတယ်။ တခြား သူတော်စင်အဆင့် ကျင့်ကြံသူတွေ ရှိမရှိဆိုတာကိုတော့ ကျွန်တော် မတွေ့ရှိသေးပါဘူး။”

သူတော်စင်အဆင့် ကျင့်ကြံသူများ ရှိနေပါကကိုင်တွယ်ရ ခက်ခဲလိမ့်မည်ဟု လုချန်း တွေးလိုက်သည်။ သူကိုယ်တိုင်လည်း သူတော်စင်အဆင့်သို့ မရောက်ရှိသေးပေ။ ရှန်ဟွေသံချပ်ကာကို အားကိုး၍ သူတော်စင်တစ်ပိုင်းနီးပါး စွမ်းအားကို မြှင့်တင်နိုင်ရုံသာ တတ်နိုင်သေးသည်။

ရှန်ဟွေသံချပ်ကာဖြင့် မြှင့်တင်ထားသော စွမ်းအားသည် သူတော်စင်အဆင့်အစစ် ထက် နိမ့်ကျသည်။ သူ၏ ကျင့်စဉ်အဆင့် ပိုမြင့်လာသည်နှင့်အမျှ ရှန်ဟွေသံချပ်ကာ၏ အသုံးဝင်မှု နည်းပါးလာသည်ကို လုချန်း ပို၍ သတိပြုမိလာသည်။

ရှန်ဟွေသံချပ်ကာသည် စွမ်းအားကိုသာ မြှင့်တင်ပေးနိုင်ပြီး ကျင့်စဉ်အသိဥာဏ်ကို မြှင့်တင်မပေးနိုင်ပေ။

ဥပမာအားဖြင့် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ရှန်ဟွေသံချပ်ကာကို အသုံးပြု၍ ပြန်လည်ပျက်စီးခြင်းအဆင့်အထိ စွမ်းအားမြှင့်တင်ထားနိုင်သော်လည်း ပြန်လည်ပျက်စီးခြင်းအဆင့်အစစ် ပထမအလွှာ ကျင့်ကြံသူနှင့် တိုက်ခိုက်ပါက အရှုံးကြီး ရှုံးနိမ့်သွားဖွယ် ရှိသည်။

ရှန်ဟွေသံချပ်ကာသည် ကျင့်ကြံသူ၏ ဖျက်ဆီးနိုင်စွမ်းအားကိုသာ မြှင့်တင်ပေးပြီး စွမ်းအားကို ထိန်းချုပ်နိုင်မှုနှင့် အသုံးချမှုကို မြှင့်တင်မပေးနိုင်ပေ။

ထို့ပြင် ချန်ဟိုင်ဂိုဏ်းကဲ့သို့ ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ထားသော ဂိုဏ်းကြီးတစ်ခုသည် နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိနေပြီး သူတို့ဂိုဏ်း၌ သူတော်စင်တစ်ဦးထက်ပို၍ ရှိမရှိ မသေချာနိုင်ပေ။

ချန်ဟိုင်ဂိုဏ်းကို မဆင်မခြင် တိုက်ခိုက်ပါက တန်ပြန် ထိုးစစ်ဆင် ခံရနိုင်သည်။

သို့သော် ချန်ဟိုင်ဂိုဏ်းသည် လျစ်လျူရှု၍ မရနိုင်သော အချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက မုကျန့်ချင်းအား

“ချန်ဟိုင်ဂိုဏ်းကို ဆက်စုံစမ်းဖို့ လူလွှတ်ထားလိုက်ပါ။ သူတော်စင်အဆင့် ဘယ်နှစ်ယောက် တကယ်ရှိလဲဆိုတာ သိရအောင် ချန်ဟိုင်ဂိုဏ်းထဲကို သူလျှိုထည့်ထားနိုင်ရင် အကောင်းဆုံးပဲ။”

လက်ရှိ ချန်ဟိုင်ဂိုဏ်းချုပ် သူတော်စင်အဆင့်သို့ မရောက်သေးသဖြင့် အလွန် စိုးရိမ်စရာမလိုဟု လုချန်း တွေးလိုက်သည်။ သူ၏ ကျင့်စဉ်အဆင့် သူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီးမှ ချန်ဟိုင်ဂိုဏ်းကို အရေးယူလျှင်လည်း နောက်ကျမည် မဟုတ်ပေ။

မုကျန့်ချင်းက ရိုသေစွာဖြင့်

“ဟုတ်ကဲ့ပါ ကောင်းကင်ဧကရာဇ်။”

လုချန်းက

“ဒါနဲ့... ကျွန်တော်ကောင်းကင်မီးကမ္ဘာကို တစ်ခေါက်လာဖို့ စီစဉ်ထားတယ်။”

ထိုစကားကို ကြားလိုက်ရသဖြင့် မုကျန့်ချင်း ခဏခန့် ကြောင်အသွားပြီး မုချင်းလန်ကို လှမ်းကြည့်လိုက်သည်။ မုချင်းလန်က လုချန်းကို တိုက်တွန်းခဲ့သောကြောင့် ကောင်းကင်မီးကမ္ဘာသို့ လာရောက်ရန် သူ စိတ်ကူးရသွားတာ ဖြစ်မည်ဟု မုကျန့်ချင်း တွေးလိုက်သည်။

ကောင်းကင်မီးမျိုးနွယ်ကို ကောင်းကင်မီးကမ္ဘာသို့ ခေါ်ဆောင်လာသူဖြစ်သော လုချန်းအနေနှင့် တစ်ခေါက်ပြန်သွားချင်တာက ပြဿနာ မရှိပေ။

ကောင်းကင်မီးမျိုးနွယ်သည် ကောင်းကင်ဧကရာဇ်အပေါ် သစ္စာရှိမည်ဟု ကတိပြုထားပြီးဖြစ်ရာ သူ ပြန်လာသည့်အတွက် မုချ ဝမ်းသာကြလိမ့်မည်။

သို့သော် လက်ရှိ ကောင်းကင်ဧကရာဇ်သည် ပြန်လည်ဝင်စားပြီးခါစသာ ရှိသေးပြီး သူ၏ စွမ်းအား အပြည့်အဝ ပြန်မရသေးပေ။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် ဧကရာဇ်တစ်ပိုင်းတစ်ဦး ရှိနေသဖြင့် ကောင်းကင်ဧကရာဇ် အကြောင်းသာ ပေါက်ကြားသွားပါက အန္တရာယ် ရှိနိုင်သည်။

လုချန်း ထိုကဲ့သို့ အန္တရာယ်နှင့် ရင်ဆိုင်ရသည်ကို မုကျန့်ချင်း မမြင်လိုပေ။

မုကျန့်ချင်း တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် လုချန်းက

“ဘာဖြစ်လို့လဲ။ မီးဧကရာဇ်က မကြိုဆိုချင်လို့လား။”

မုကျန့်ချင်း အလျင်အမြန်ပင်

“ကောင်းကင်ဧကရာဇ်ကို မလာစေချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်းကင်မီးကမ္ဘာက တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲမှာ တည်ရှိပြီး ဒီမှာ ဧကရာဇ်တစ်ပိုင်းတစ်ယောက် ရှိနေပါတယ်။ တစ်ယောက်ယောက်က မတော်တဆ မင်းကြီးရဲ့ အကြောင်းကို ဖွင့်ချလိုက်ရင်...”

ထိုနေရာ အရောက်တွင် မုကျန့်ချင်း စကားရပ်လိုက်သည်။ ပါဝင်ပတ်သက်နေသော အန္တရာယ်များကို လုချန်း နားလည်လိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။

ကောင်းကင်မီးမျိုးနွယ်မှ လူများသည် လုချန်း၏ အကြောင်းကို ထုတ်ဖော်မည် မဟုတ်သော်လည်း ကောင်းကင်မီးကမ္ဘာတွင် ကောင်းကင်မီးမျိုးနွယ်ဝင်များသာ ရှိ နေသည် မဟုတ်ပေ။

လုချန်း ‌အကြောင်းကို ကောင်းကင်မီးကမ္ဘာရှိ အခြားသူများ သိသွားပါက...

အထူးသဖြင့် တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်းထံ သစ္စာခံရန် စီစဉ်ထားသူများ သိသွားပါက ချက်ချင်း သတင်းပို့ကြလိမ့်မည်။

မုချင်းလန်အပါအဝင် ကောင်းကင်မီးကမ္ဘာ၌ သူတော်စင်အဆင့် နှစ်ယောက်သာ ရှိသဖြင့် လုချန်း၏ လုံခြုံမှုရေးကို အာမခံနိုင်မည်ဟု မုကျန့်ချင်း လုံးဝ ယုံကြည်ချက် မရှိပေ။

သူတို့ စိုးရိမ်နေသည့်အရာကို လုချန်း ရိပ်မိသွားပြီး

“ကောင်းကင်မီးကမ္ဘာကို ကျွန်‌တော်လာမယ့်ကိစ္စ လျှို့ဝှက်ထားရမယ်။ ခင်ဗျား ဘယ်သူ့ကိုမှ မပြောသရွေ့ ဘယ်သူမှ သိမှာမဟုတ်ဘူး။ အချိန်ကျရင် မျက်နှာတစ်မျိုးနဲ့ ကောင်းကင်မီးကမ္ဘာကို ကျွန်တော် လာခဲ့မယ်။”

လုချန်း ထိုသို့ပြောသည်ကို ကြားလိုက်ရသဖြင့် မုကျန့်ချင်းလည်း သဘောတူရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

“ နားလည်ပါပြီ။”

“ဒါနဲ့ ကောင်းကင်မီးကမ္ဘာကို ကောင်းကင်ဧကရာဇ် ဘာကိစ္စအတွက် လာမလဲဆိုတာ မေးခွင့်ပြုပါ။”

ကောင်းကင်မီးမျိုးနွယ်မှ လူများကြောင့် လုချန်း ကောင်းကင်မီးကမ္ဘာသို့ လာရောက်ခြင်းဖြစ်မည်ဟု မုကျန့်ချင်း ထင်မှတ်ထားခဲ့သည်။ ကောင်းကင်ဧကရာဇ်က သူတို့ကို စွန့်ပစ်မသွားကြောင်း ကောင်းကင်မီးမျိုးနွယ်ဝင်များ သိသွားပါက ကြီးစွာသော အားတက်မှု ဖြစ်စေလိမ့်မည်။

သို့သော် ယခု ကောင်းကင်ဧကရာဇ်က လျှို့ဝှက်ထားရန် ပြောနေသည်။ လျှို့ဝှက်ထားပါက ကောင်းကင်ဧကရာဇ် ပြန်လာသည်ကိုပင် ကောင်းကင်မီးမျိုးနွယ်ဝင်များ သိနိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ကောင်းကင်ဧကရာဇ်၏ ခရီးစဉ်က အဓိပ္ပာယ်မဲ့သွားမည် မဟုတ်ပါလား။

ကောင်းကင်မီးကမ္ဘာ၌ ကောင်းကင်ဧကရာဇ် ဘာလုပ်စရာ ရှိနိုင်မည်နည်း။

လုချန်းက

“အနာဂတ်မှာ ကောင်းကင်မီးမျိုးနွယ်တွေ ဖရိုဖရဲကြယ်ပင်လယ်ကို တိုက်ရိုက်ရောက်နိုင်အောင် ကောင်းကင်မီးကမ္ဘာမှာ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ဖို့ စီစဉ်ထားတယ်။”

ထိုအရာကို ကြားလိုက်ရသဖြင့် မုကျန့်ချင်း ထပ်မံ အံ့အားသင့်သွားသော်လည်း လျင်မြန်စွာ တည်ငြိမ်မှု ပြန်ရလိုက်သည်။ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါက ကောင်းကင်မီးနိုင်ငံတော်မှ ကျင့်စဉ်ရင်းမြစ်များကို ထျန်းချန်ကမ္ဘာသို့ သယ်ယူပို့ဆောင်ရန် များစွာ လွယ်ကူသွားမည်ဖြစ်သည်။

“ နားလည်ပါပြီ။ ကောင်းကင်ဧကရာဇ် ရောက်လာတာကို ကောင်းကင်မီးကမ္ဘာမှာ ကျွန်တော် စောင့်နေပါ့မယ်။”

လုချန်းက

“ကောင်းပြီ။ ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့။”

အသံဆုံးသည်နှင့် လုချန်းလည်း အချိန် နေရာ ကြေးမုံကို ပိတ်လိုက်သည်။

ထို့နောက် ကြယ်မြေပုံကို ဖွင့်လိုက်ပြီး နေရာတစ်ခုကို မှတ်သားကာ နည်းဗျူဟာပုံစံကို ထိန်းချုပ်နေသော ထျန်းဟုန်ဧကရီကို ပြောလိုက်သည်။

“ဟုန်ဟုန်..... အဲ့ဒီနေရာကို ချက်ချင်း သွားလိုက်ပါ။”

ထျန်းဟုန်ဧကရီသည် ခံစားချက်ကင်းမဲ့စွာဖြင့် နတ်လှေကို ကောင်းကင်မီးကမ္ဘာ၏ တည်နေရာဆီသို့ အမြင့်ဆုံးအမြန်နှုန်းဖြင့် မောင်းနှင်လိုက်သည်။

ထိုစဉ် လုချန်း မုချင်းလန်ဘက်သို့ လှည့်ကာ

“လန်.....မင်းလည်း လောလေဆယ်သွား ကျင့်ကြံလိုက်ပါဦး။”

မုချင်းလန်က

“ဟုတ်ကဲ့ပါ မင်းကြီး။”

အသံဆုံးသည်နှင့် မုချင်းလန် လှည့်ထွက်သွားပြီး ကျင့်ကြံရန် နတ်လှေပေါ်ရှိ နန်းဆောင် တစ်ခုသို့ ပြန်သွားသည်။

မုချင်းလန် ထွက်ခွာသွားပြီးနောက် လုချန်းသည် နတ်လှေကုန်းပတ်ပေါ်၌ ရပ်လျက် ထျန်းဟုန် ဧကရီ၏ နောက်မှနေ၍ သူမ၏ လှပသော ခန္ဓာကိုယ်ကိုကြည့်ရင်း တွေးတောနေသည်။

လွန်ခဲ့သော နှစ်များက ထျန်းဟုန်ဧကရီအတွက် ရုပ်ခန္ဓာတစ်ခု ဖန်တီးပေးရန် လုချန်း စီစဉ်ခဲ့သော်လည်း ပြန်ရောက်ပြီးနောက် ဇနီးများ၏ ကြင်နာယုယမှုများတွင် နစ်မြောနေခဲ့သည်။

ထို့ပြင် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ရှိလာသဖြင့် အခြားကမ္ဘာများသို့ သွားရောက်ရန် နတ်လှေကို အသုံးပြုစရာ မလိုတော့ပေ။ ဖေးဟုန် နတ်လှေကို သူ မထုတ်ယူသည်မှာ ကြာပြီဖြစ်ပြီး မေ့လုနီးပါးပင် ဖြစ်နေပြီဖြစ်သည်။

ယနေ့ ထျန်းဟုန်ဧကရီကို ထပ်မံမြင်တွေ့လိုက်ပြီး သူမအတွက် ရုပ်ခန္ဓာတစ်ခု ဖန်တီးပေးလိုစိတ် လုချန်း စိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။

ထိုအချိန်တွင် သူမကို လုချန်း စိုက်ကြည့်နေသည်ကို ထျန်းဟုန် ဧကရီ အာရုံခံမိလိုက်သည်။ ကတိမတည်ပဲ ကြွားလုံးထုတ်ရန်သာ တတ်သော ဤလူကို သူမ အတော်လေး မကျေမနပ် ဖြစ်နေသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က လုချန်းတွင် သူမကို ပြန်လည်အသက်သွင်းနိုင်စွမ်း ရှိသည်ဟု သူမ အမှန်တကယ် ယုံကြည်ခဲ့၏။ ပန်းခင်းထဲမှ အမျိုးသမီးကလည်း သူမ ပြန်လည်ရှင်သန်လာတော့မည်ဟု ပြောခဲ့သည်။

သို့သော် နှစ်များ ကုန်လွန်သွားခဲ့သော်လည်း သူမအတွက် ရုပ်ခန္ဓာတစ်ခု ဖန်တီးပေးမည့် အရိပ်အယောင်ပင် မရှိသေးပေ။ သူသည် နတ်လှေကိုပင် အသုံးမပြုပဲ ကိုယ်တွင်း ကမ္ဘာငယ်ထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သည်။

သူမ လှည့်စားခံနေရသည်ဟု ထျန်းဟုန်ဧကရီ ခံစားလာရသော်လည်း ဘာမှ မတတ်နိုင်ပေ။ သူမ၏ ဝိညာဉ်စွမ်းအားသည် အမှန်တကယ် ပိုအားကောင်းလာသော်လည်း နတ်လှေနှင့် ချည်နှောင်ထားသော နိယာမတစ်ခုက အမြဲတမ်း ရှိနေသည်။ သူမ၏ ဝိညာဉ်စွမ်းအား မည်မျှပင် အားကောင်းစေကာမူ မိမိကိုယ်ကို ပြန်လည်အသက်သွင်းနိုင်ခြင်း မရှိပေ။

All Chapters