တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ဝင်ရောက်ခြင်း
Vol. 81 Ch. 1213
သူမ၏ ရုပ်ခန္ဓာကို ဖန်တီးရန် စိတ်ဝိညာဉ်သစ်သား တစ်မျိုးကို လုချန်း အသုံးပြုခဲ့သည်ကိုသာ ထျန်းဟုန် ဧကရီ သိထားသည်။ သို့သော် မည်သည့် စိတ်ဝိညာဉ်သစ်သား အမျိုးအစား ဖြစ်သည်ကိုတော့ သူမ မသိပေ။
လုချန်း အသုံးပြုခဲ့သော စိတ်ဝိညာဉ်သစ်သားသည် နဂါးဖီးနစ်သစ်ပင်၏ အကိုင်းအခက်ဖြစ်သည်။ ၎င်းဖြင့် ပြုလုပ်ထားသော နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်သုံးပြီးနောက် သူ၏ ဇနီးများအားလုံး လုချန်းအပေါ် နက်နက်ရှိုင်းရှိုင်းတွယ်တာလာခဲ့ကြသည်။ ထို့ကြောင့် နဂါးဖီးနစ်သစ်ကိုင်းကို အသုံးပြုပြီး ဖန်တီးထားသော ရုပ်ခန္ဓာဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
သို့သော် ထျန်းဟုန် ဧကရီကတော့ လုချန်း၏ ဇနီးများနှင့် ကွာခြားသည်။ သူမသည် ဧကရာဇ်အဆင့် ဝိညာဉ်တစ်ခု ဖြစ်သည်။ နဂါးဖီးနစ် သစ်သားက သူမအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိနိုင်သော်လည်း သူမ၏ ဝိညာဉ်စွမ်းအားက ခုခံနိုင်စွမ်းအချို့ ပေးစွမ်းနိုင်သည်။
ဒါက အကြောင်းအကျိုး ကံစွမ်းအား၏ လက်ရာများ ဖြစ်နေမလား။
ထိုသို့တွေးတောရင်း ထျန်းဟုန် ဧကရီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
ကံစွမ်းအားသည် အထူးစွမ်းအားတစ်မျိုး ဖြစ်သည်။ ကျင့်ကြံသူများသည် အကြောင်းအကျိုး ကံစွမ်းအား၏ ကြိုးများကို ဖြတ်တောက်နိုင်စွမ်း ရှိသော်လည်း မည်သူမှ အကြောင်းအကျိုး ကံစွမ်းအားကို မခုခံနိုင်ကြပေ။
သေချာသည်က အကြောင်းအကျိုး ကံစွမ်းအား၏ ကြိုးများ ပြတ်တောက်သွားသည်နှင့် ၎င်း၏ အကျိုးဆက်များကို ခံစားရမည် မဟုတ်တော့ပေ။ ထို့ကြောင့် ၎င်း၏ စွမ်းအားသက်ရောက်မှုကိုလည်း ခံစားရတော့မည် မဟုတ်ပေ။
ထျန်းဟုန် ဧကရီ အများကြီး တွေးတောမနေတော့ပေ။ အကြောင်းအကျိုး ကံစွမ်းအားကို သူမ မတားဆီးနိုင်ပေ။ ထိုစွမ်းအားသက်ရောက်မှုကို ခံစားနေရပါကလည်း သူမ လုပ်နိုင်တာ ဘာမှ မရှိပေ။ သဘာဝအတိုင်းသာ ဖြစ်ခွင့်ပေးလိုက်ရုံ ရှိသည်။
ကံကောင်းထောက်မစွာပင် သူမ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းက အတော်လေး အားကောင်းသည်။ ဘာပဲဖြစ်ဖြစ် သူမသည် ဧကရာဇ်အဆင့် ဝိညာဉ်တစ်ခု ဖြစ်သဖြင့် ထိုကဲ့သို့ ကိစ္စရပ်များအပေါ် ပို ပေါ့ပေါ့ပါးပါး သဘောထားနိုင်သည်။
ဒါကအမျိုးသားတစ်ဦးကို တောင့်တခြင်းမျှသာ ဖြစ်သည်။ အရေးကြီးကိစ္စတစ်ခုတော့ မဟုတ်ပေ။
……..
နောက်တစ်လအတွင်း ဖေးဟုန်နတ်လှေသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေဆီသို့ ဆက်လက်ပျံသန်းနေခဲ့သည်။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေနှင့် နီးကပ်လာသောအခါ နတ်လှေကို ဆက်မသုံးရန် လုချန်း ဆုံးဖြတ်လိုက်သည်။
ဖေးဟုန်နတ်လှေသည် အလွန် ခမ်းနားထည်ဝါပြီး ကြွားဝါလွန်းနေသည်။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲသို့ နတ်လှေ ဝင်ရောက်သွားသည်နှင့် ဒေသခံ အင်အားစုများ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်လိမ့်မည်။
ယခုအခါ နတ်လှေဝိညာဉ်သည်လည်း ရုပ်ခန္ဓာ ရရှိသွားပြီဖြစ်ရာ အသက်ရှင်နေပြီဟု ယူဆနိုင်မလား။
ကိုယ်တွင်း ကမ္ဘာထဲသို့ ကြိုးကြာနတ်လှေနှင့်အတူ သူမ လိုက်ပါသွားရန် လိုအပ်သေးသလားဟု လုချန်း တွေးလိုက်သည်။
ရုပ်ခန္ဓာရှိသော လှေဝိညာဉ်တစ်ခုသည် လှေဆီမှ ခွဲထွက်နိုင်ခြင်း ရှိမရှိ သူ မသေချာပေ။
ထို့နောက် ထျန်းဟုန် ဧကရီထံ လုချန်း အသံပေးပို့လိုက်၏။
“ဟုန်ဟုန်... ..ကြိုးကြာနတ်လှေကို ကိုယ်တွင်းကမ္ဘာထဲ ပြန်သိမ်းထားဖို့ ကိုယ် စီစဉ်ထားတယ်။ အခု မင်းမှာ ရုပ်ခန္ဓာ ရှိနေပြီဆိုတော့ နတ်လှေနဲ့ ခွဲထွက်လို့ ရနေပြီ မဟုတ်လား။”
လုချန်း၏ စကားကို ကြားလိုက်ရပြီး နောက်တစ်ခဏတွင် ခံစားချက်ကင်းမဲ့သော မျက်နှာနှင့် ထျန်းဟုန် ဧကရီ သူ့ရှေ့၌ ပေါ်လာသည်။
ထျန်းဟုန် ဧကရီ ပေါ်လာသောအခါ ကုန်းပတ်ပေါ်ရှိ လုချန်း အနည်းငယ် လန့်သွားသည်။
ထျန်းဟုန် ဧကရီသည် ယခုအနီရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အေးစက်ကာ အရှိန်အဝါကြီးသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သက်ရှိသတ္တဝါအားလုံးကို ရူးသွပ်စေနိုင်သော သူမ၏ အလှတရားသည် အခြားသူများအနေနှင့် အကြည့်လွှဲရန် ခက်ခဲစေသည်။
တစ်လအတွင်း နတ်လှေဝိညာဉ်၌ ဤမျှ သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု လုချန်းလည်း မမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်တွင် နတ်လှေပေါ်ရှိ နန်းဆောင်တစ်ခု၌ ကျင့်ကြံနေသော မုချင်းလန်လည်း အားကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသဖြင် တံခါးပိတ်ကျင့်စဉ်ကို အလျင်အမြန် အဆုံးသတ်ကာ ပျံသန်းထွက်လာခဲ့သည်။
နောက်တစ်ခဏတွင် လုချန်းဘေး၌ သူမ ပေါ်လာပြီး လုချန်းနှင့် မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို မြင်လိုက်ရသောအခါ မုချင်းလန် အံ့အားသင့်သွားသည်။
သူမ၏ ပုံပန်းသဏ္ဍာန်အရ ထိုအမျိုးသမီးသည် နတ်လှေ၏ ပစ္စည်းကပ်ဝိညာဉ် ဖြစ်သည်။ သို့သော် ယခု သူမသည် စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု မဟုတ်တော့ပေ။
ပစ္စည်းကပ် ဝိညာဉ်တွေက ရုပ်ခန္ဓာ ပိုင်ဆိုင်နိုင်လို့လားဟုတွေးမိရင်း မုချင်းလန် ဇဝေဇဝါ ဖြစ်သွားသည်။
ထို့ပြင် ဤပစ္စည်းကပ် ဝိညာဉ်သည် ပြန်လည်ပျက်စီးခြင်းအဆင့် နံပါတ်ရှစ်အလွှာ ကျင့်စဉ်အဆင့်ကို ပိုင်ဆိုင်ထားသည်။
အရေးအကြီးဆုံးမှာ ဝိညာဉ်ထံမှ ထွက်ပေါ်နေသော အလွန် အားကောင်းလှသည့် အငွေ့အသက် ဖြစ်သည်။ ထိုအငွေ့အသက်သည် ပြန်လည်ပျက်စီးခြင်းအဆင့်သာ ဖြစ်သော်လည်း သူတော်စင်အဆင့်ဖြစ်သော မုချင်းလန်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။
ထျန်းဟုန် ဧကရီ၏ ရှေ့မှောက်တွင် ကောင်းကင်ဧကရာဇ်နှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်က ခံစားချက်ကို မုချင်းလန် ပြန်လည်သတိရလိုက်သည်။
သူမနှင့် မည်သည့် ရန်ငြိုးရန်စမှ မရှိသော်လည်း လုချန်းရှေ့တွင် ထျန်းဟုန် ဧကရီ ရပ်နေသည်ကို မြင်လိုက်ရတော့ မုချင်းလန် သက်ပြင်းချလိုက်သည်။ ရန်သူ၏ တိုက်ခိုက်ခြင်းကို ခံရသည်ဟု သူမ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ အခု ကြည့်ရတာ...
ထျန်းဟုန် ဧကရီ၏ အေးစက်ပြီး လှပသော မျက်နှာကို မြင်လိုက်ရသောအခါ
မကောင်းသော နိမိတ်တစ်ခုကို မုချင်းလန် ခံစားလိုက်ရသည်။
ကောင်းကင်ဧကရာဇ်က တစ်ခုခု ကြံစည်နေတာ များလား...
ဤဝိညာဉ် အဘယ်ကြောင့် ရုပ်ခန္ဓာ ရရှိသွားသည်ကို သူမ မသိသော်လည်း ကောင်းကင်ဧကရာဇ်၏ လက်ရာသာဖြစ်ပါက အံ့သြစရာ မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်၌ သေဆုံးသူကို ပြန်လည်အသက်သွင်းနိုင်စွမ်း အမှန်တကယ်ရှိသည်။ ကောင်းကင်မီးမျိုးနွယ်ဝင်များကို သူအသက်ပြန်သွင်းပေးခဲ့သော မြင်ကွင်းများကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။
သို့သော် လှေဝိညာဉ်တစ်ခုအတွက် ကောင်းကင်ဧကရာဇ်က အဘယ်ကြောင့် ရုပ်ခန္ဓာ ဖန်တီးပေးရသနည်း။
ဖြစ်နိုင်တာက...
ဤဝိညာဉ်၏ အလှတရားသည် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ အထူးသဖြင့် သူမ၏ မြင့်မြတ်ပြီး အေးစက်သည့် အမူအရာသည် ယခုဘဝ ကောင်းကင်ဧကရာဇ် နှစ်သက်သည့် ပုံစံမျိုး ဖြစ်နေသည်။
ထိုအတွေးကြောင့် မုချင်းလန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ကောင်းကင်ဧကရာဇ်သည် တဖြည်းဖြည်း ပို ပျက်စီးလာသည်။ သူ၏ များပြားလှသော ဇနီးများနှင့် မကျေနပ်နိုင်ပဲ လှပျိုဖြူများကို ကိုယ်တိုင် ဖန်တီးသည့်အဆင့်ထိ နိမ့်ကျလာသည်။
ခဏနေပါဦး...
ကောင်းကင်ဧကရာဇ်၏ ဘေးနားတွင် အမျိုးသမီးများ အမြဲရှိနေတတ်သော်လည်း လွန်ခဲ့သော တစ်လအတွင်း သူမ မှလွဲ၍ အခြားမည်သည့် အမျိုးသမီးမှ မရှိခဲ့ကြောင်း မုချင်းလန် လျင်မြန်စွာ သဘောပေါက်လိုက်သည်။
ကောင်းကင်ဧကရာဇ် သူလိုချင်တာ ရမနေခဲ့လို့များလား...
ဒါကြောင့် ဝိညာဉ်ကို လှပတဲ့ ခန္ဓာကိုယ် ပေးပြီး သူ့ကို ပြုစုခိုင်းတော့မလို့လား။
ထိုအတွေးကြောင့် မုချင်းလန်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူ့ကို ပြုစုဖို့အတွက် သူမကို ခိုင်းစေမည့်အစား နတ်လှေဝိညာဉ်ကို ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးဖို့ ကောင်းကင်ဧကရာဇ်က ပို လိုလားနေတာလား။
ဤအသိက မုချင်းလန်၏ နှလုံးသားထဲတွင် ဆုံးရှုံးမှု အရိပ်အယောင်တစ်ခုကို ဖြစ်ပေါ်စေသည်။
ထိုစဉ် လုချန်းက ထျန်းဟုန် ဧကရီအား
“ ဖေးဟုန်နတ်လှေက အရမ်းခမ်းနားလွန်းတယ်။ ဒီအတိုင်း တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲ ဝင်သွားရင် အာရုံစိုက်မှု အလွယ်တကူ ခံရလိမ့်မယ်။ တခြားနတ်လှေတစ်စင်း ပြောင်းသုံးဖို့ ကိုယ် စီစဉ်ထားတယ်။”
ယခု လုချန်း၏ ထျန်းချန်ကမ္ဘာသည် နတ်လှေတစ်စင်းတည်းသာ ပိုင်ဆိုင်သည့် ကမ္ဘာ မဟုတ်တော့ပေ။ ကောင်းကင်မီးကမ္ဘာမှ အရင်းအမြစ်များ ရရှိပြီးကတည်းက ထျန်းချန်ကမ္ဘာသည် နတ်လှေ ဒါဇင်ပေါင်းများစွာ တည်ဆောက်ခဲ့သည်။ ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာစဉ် အာရုံစိုက်မှု သိပ်မခံရစေရန် သာမန်နတ်လှေနှစ်စင်းကိုလည်း လုချန်း ယူဆောင်လာခဲ့သည်။
လုချန်း၏ စကားကို ကြားလိုက်သော်လည်း ထျန်းဟုန် ဧကရီက ဘာမှ ပြန်မပြောပဲ သူမ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ နောက်တစ်ခဏတွင် ဖေးဟုန်နတ်လှေ၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။
ရွှေရောင် တောက်ပနေသော မူလနန်းတော်သည် ဟောင်းနွမ်းသော သစ်သားတဲအိမ်အဖြစ် ပြောင်းလဲသွားသည်။ နတ်လှေတစ်ခုလုံး စုတ်ပြတ်သတ်ကာ နေရာအနှံ့ အပေါက်များ ဖြစ်ပေါ်နေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လုချန်းနှင့် မုချင်းလန် နှစ်ယောက်စလုံး အံ့အားသင့်သွားသည်။ နတ်လှေက ၎င်း၏ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲနိုင်စွမ်း ရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
အံ့အားသင့်နေသည့် အတွေးများကို စုစည်းပြီးနောက် လုချန်းက
“ဒါလည်း အဆင်ပြေတာပဲ”
“ကဲ......တောင်ဝင်တောင်တန်း နယ်မြေထဲ ဝင်ဖို့ ပြင်ကြစို့။”
လုချန်း၏ စကားဆုံးသည်နှင့် ထျန်းဟုန် ဧကရီသည် နတ်လှေ၏ ထိန်းချုပ်ရေး နည်းဗျူဟာပုံစံဆီသို့ သွားလိုက်သည်။ နောက်တစ်ခဏတွင် နတ်လှေသည် မရေမတွက်နိုင်သော အလင်းစက်များ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည့် ဝေးလံသော ကြယ်နယ်မြေဆီသို့ အရှိန်ပြင်းစွာ ပျံသန်းသွားတော့သည်။
ထျန်းဟုန် ဧကရီ နတ်လှေကို မောင်းနှင်နေစဉ် လုချန်းနှင့် မုချင်းလန်တို့၏ အကြည့်များသည် သူမအပေါ် အလိုလို ကျရောက်နေသည်။ သို့သော် ထိုအချိန်တွင် သူတို့၏ အတွေးများမှာ လုံးဝ ကွဲပြားခြားနားနေသည်။
ထျန်းဟုန် ဧကရီ၏ အငွေ့အသက် ပို အားကောင်းလာသည်ကို လုချန်း သိသိသာသာ ခံစားလိုက်ရပြီး လုချန်း အလွန်အံ့သြနေခဲ့ခြင်းဖြစ်သည်။
ပစ္စည်းကပ် ဝိညာဉ်တစ်ခုက ရုပ်ခန္ဓာရရှိပြီးနောက် ကျင့်ကြံသူတစ်ဦးကဲ့သို့ ကျင့်ကြံနိုင်တာလား။
ပြီးတော့ ဒီလောက် မြန်မြန် ကျင့်ကြံနိုင်တာလား။
သူ၏ အာရုံခံစားမှု မမှားပါက ဤနတ်လှေဝိညာဉ်သည် အနည်းဆုံး ပြန်လည်ပျက်စီးခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
ကျင့်စဉ်အဆင့် သုညမှ တစ်လအတွင်း ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုအရာအားလုံးသည် ဟင်းလင်းပြင်ထဲရှိ နတ်လှေပေါ်တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ဟင်းလင်းပြင်ထဲတွင် စိတ်ဝိညာဉ်စွမ်းအား ပေါကြွယ်ဝသော်လည်း ကျင့်ကြံရန်အတွက် သင့်တော်သည်တော့ မဟုတ်ပေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ထိုးဖောက်ရောက်ရှိနိုင်ခြင်းသည် ကျင့်စဉ်တိုးတက်မှုနှုန်း အနည်းငယ် မြန်လွန်းနေတာ မဟုတ်ပါလား။
ထို့နောက် သူမ၏ အချက်အလက်များတွင် ထပ်တိုး အချက်အလက် တစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးရန် စနစ်ကို အသုံးပြုလိုက်တော့သည်။
[အမည် : ထျန်းဟုန် ဧကရီ]
[အချက်အလက်: ပြန်ဝင်စားလာသော ဧကရီ၊ စကြာဝဠာ နယ်ပယ်အပြင်ဘက်တွင် သေဆုံးပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော ဖြစ်တည်မှုတစ်ခု၏ လက်ချက်ဖြင့် နတ်လှေထဲတွင် သူမ၏ ဝိညာဉ် ချိပ်ပိတ်ခံခဲ့ရပြီး နတ်လှေ၏ ဝိညာဉ် ဖြစ်လာခဲ့သည်။ သခင် ပုံဖော်ပေးခဲ့သော ခန္ဓာက သူမကို အောင်မြင်စွာ ပြန်လည်ရှင်သန်လာစေခဲ့သည်။ အကြောင်းအကျိုး ကံကြွေးကို ပြန်လည်ပေးဆပ်ရန် သခင်၏ ဘေးနားတွင် ဆက်လက်နေထိုင်ဖို့ စီစဉ်ထားသည်။]
[ရမှတ် :၁၀၀]
[နှစ်သက်မှု : ၃၀]