ဧကရီဝင်စားသူ
Vol. 81 Ch. 1214
ထပ်တိုးထားသော ထျန်းဟုန်ဧကရီ၏ သတင်းအချက်အလက်များကို မြင်လိုက်ရသောအခါ လုချန်း လုံးဝ မှင်တက်သွားသည်။
ဧကရီ.....
ဖေးဟုန်နတ်လှေ၏ ပစ္စည်းကပ် ဝိညာဉ်က တကယ်ပဲ ဧကရီဝင်စားသူတစ်ဦး ဖြစ်နေတာလား။
ဒါကြောင့်ကိုး...
သက်ရှိသတ္တဝါ အားလုံးကို အထင်သေးသကဲ့သို့ အသွင်သဏ္ဍန်နှင့် ထူးခြားပြီး မြင့်မြတ်သော အငွေ့အသက်မျိုး သူမ၌ ဘာကြောင့် ရှိနေသည်ကို သူ အမြဲတမ်း တွေးတောခဲ့ဖူးသည်။ ထိုအငွေ့အသက်ကို နန်းကုန်းယွဲ့ဟွာကဲ့သို့ လူမျိုးပင် မယှဉ်နိုင်ချေ။
သူမ၏ ယခင်ဘဝက ဧကရီတစ်ပါး ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။
ဤအရာက လုချန်းကို တစ်စုံတစ်ယောက်အား သတိရသွားစေသည်။
လေရန်နိုင်ငံတော်တွင် သူ ကြုံတွေ့ခဲ့ရသော ထိုအမျိုးသမီးမှာလည်း ဧကရီဝင်စားသူတစ်ဦး ဖြစ်သည်။ သူမ၌လည်း အလားတူ မြင့်မြတ်သော အငွေ့အသက်မျိုး ရှိ၏။
သို့သော် သူ့ရှေ့မှောက်ရှိ ထျန်းဟုန်ဧကရီနှင့် နှိုင်းယှဉ်လျှင် လေရန်နိုင်ငံ ဧကရီ၏ အငွေ့အသက်က များစွာ ပိုအားနည်းသည်ဟု လုချန်း ခံစားလိုက်ရသည်။
သို့သော် သူမ၏ မြင့်မြတ်သော အရည်အသွေးကြောင့် လုချန်းကို ပို၍ မငြိမ်မသက် ဖြစ်စေခဲ့သည်။ သူ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအပေါ် လုချန်း ဂုဏ်ယူခဲ့ဖူးသော်လည်း ဤအမျိုးသမီးရှေ့တွင် အဘယ်ကြောင့် ထိန်းချုပ်နိုင်စွမ်း မရှိရသနည်း။
သူမ၏ အလှအပတစ်ခုတည်းက သူ့ကို ဆွဲဆောင်နေခြင်း မဟုတ်ပေ။ သူမနှင့်ပတ်သက်သော အခြားအရာတစ်ခုခုက သူ့ကို လှုံ့ဆော်နေခြင်း ဖြစ်ရမည်။
လုချန်းလည်း သူ၏စိတ်ကို တည်ငြိမ်အောင်ထားပြီး အလွန်အကျွံ မတွေးတောရန် ကြိုးစားလိုက်သည်။ ထျန်းဟုန် ဧကရီ၏ ရမှတ်များက တစ်ရာပြည့်ပြီး စနစ်၏ လိုအပ်ချက်နှင့် ကိုက်ညီနေသော်လည်း...
သူမက ဧကရီတစ်ပါး ဖြစ်နေသည့်အပြင် သူမ၏ အင်အားပြန်လည်ရရှိမှုနှုန်းကလည်း မြန်လွန်းလှသည်။ သူသာ အတင်းအကျပ် ပြုလုပ်မည်ဆိုပါက ထျန်းဟုန် ဧကရီ အင်အားပြန်လည်ရရှိသွားချိန်တွင် သူသာလျှင် ဒုက္ခရောက်မည့်သူ ဖြစ်သွားနိုင်သည်။
ထို့ပြင် သူ့အပေါ်ထားရှိသော ထျန်းဟုန်ဧကရီ၏ နှစ်သက်မှုအဆင့်က
အစကတည်းက မမြင့်မားချေ။ နှစ်သက်မှု မြင့်မားခဲ့လျှင်တော့ သူ စမ်းသပ်ကြည့်မိ လောက်သည်။
ကံအကြွေးကို ပြန်ဆပ်ရန် ထျန်းဟုန် ဧကရီစီစဉ်ထားသည်။ ထို့ကြောင့် လောလောဆယ် သူမ သူ့ကို ထားသွားမည် မဟုတ်ပေ။ သူ လောစရာမလိုပဲ အချိန်ယူနိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူမ၏ သံယောဇဉ် တိုးလာနိုင်ပြီး သူ့အပေါ် နှစ်သက်မှု ရှိလာနိုင်သည်။
သို့သော်လည်း...
သူ့အတိတ်က လုပ်ရပ်များကို လုချန်း ပြန်လည်သုံးသပ်ကြည့်လိုက်ရာ ထျန်းဟုန်ဧကရီ သူ့အပေါ် နှစ်သက်စိတ် ဖြစ်လာမည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နေ့တိုင်းလိုလို မိန်းမများနှင့် အချိန်ကုန်ဆုံးနေတတ်သည့် အပျော်အပါးလိုက်စားသူတစ်ဦးဖြစ် နေသောကြောင့် ဖြစ်သည်။
ထားလိုက်ပါတော့...
သူ တစ်ဆင့်ချင်းသာ သွားရမည်။
သူမ၏ သရုပ်မှန်ကို မသိဟန်ဆောင်ရန် ရည်ရွယ်လျက် ထျန်းဟုန်ဧကရီထံမှ အကြည့်ကို လုချန်း လွှဲလိုက်သည်။ ယခုအချိန်တွင် ထုတ်ဖော်ပြောဆိုခြင်းက သူ့အတွက် အကျိုးရှိမည် မဟုတ်ပေ။
“ဟုန်ဟုန်..... ကိုယ် ကျင့်ကြံဖို့ သွားတော့မယ်... နတ်လှေကို မင်းပဲ ထိန်းချုပ်လိုက်တော့။”
စကားဆုံးသည်နှင့် နန်းတော်သို့ လုချန်း ပြန်လှည့်လာခဲ့သည်။ နတ်လှေနန်းတော်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ ဖေးဟုန်နတ်လှေ၏ ပြင်ပပုံပန်းသဏ္ဌာန် သိသိသာသာ ပြောင်းလဲသွားသော်လည်း အတွင်းပိုင်းက တော့ ခမ်းနားနေဆဲဖြစ်ကြောင်း လုချန်း သတိပြုမိလိုက်သည်။
ဖေးဟုန်နတ်လှေ၏ အတွင်းပိုင်းသည် သီးခြားလွတ်လပ်သော ကိုယ်တွင်းကမ္ဘာတစ်ခုလိုဖြစ်နေပြီး ပြင်ပမှ ပြောင်းလဲမှုများ၏ သက်ရောက်မှုကို မခံရချေ။
လုချန်း နန်းတော်သို့ ပြန်လာသည်ကို မြင်သောအခါ မုချင်းလန်၏ အကြည့်ကလည်း ထျန်းဟုန် ဧကရီထံမှ ရွေ့သွားသည်။ ထျန်းဟုန်ဧကရီ၏ အေးစက်ပြီး မြင့်မြတ်သော အငွေ့အသက်က သူမကို ဖိအားပေးနေသည်ဟု ခံစားရသဖြင့် ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် အဆောင်ပြန်ဖို့သူမ ဆုံးဖြတ်လိုက်သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ မရောက်မီအထိ နတ်လှေအတွင်း၌သာ အချိန်ကုန်ဆုံးရန် လုချန်း ဆုံးဖြတ်လိုက်သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ ပထမဆုံးသော သက်ရှိကမ္ဘာသို့ ရောက်ရှိမှသာ နတ်လှေနန်းတော်ထဲမှ လုချန်း ထွက်လာခဲ့သည်။
သူတို့ တွေ့ကြုံရသော ပထမဆုံး သက်ရှိကမ္ဘာသည် အဆင့်နိမ့်ကမ္ဘာတစ်ခုသာ ဖြစ်သည်။ နတ်လှေကုန်းပတ်ပေါ်တွင် ရပ်လျက် ထိုအဆင့်နိမ့်ကမ္ဘာကို လုချန်း ကြည့်ရုံသာ ကြည့်လိုက်ပြီး တိုက်ရိုက်ဝင်ရောက်ခြင်း မပြုခဲ့ပေ။
ထိုအဆင့်နိမ့်ကမ္ဘာသို့ ဝင်ရောက်ထိန်းချုပ်ပြီး ၎င်း၏ ကံတရားစွမ်းအား တစ်ဝက်ကို စုပ်ယူပြီး ဇနီးများ ရင်သွေးကမ္ဘာ မွေးဖွားရာတွင် ကူညီပေးသင့် မပေးသင့် လုချန်း စဉ်းစားနေခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုအတွေးကို လျင်မြန်စွာပင် စွန့်လွှတ်လိုက်သည်။ ယခုအချိန်တွင် သူလှုပ်ရှားလိုက်ပါက သတိထား ခံရနိုင်ခြေ အလွန် များသည်။ ထိုဧကရာဇ်တစ်ပိုင်း၏ အာရုံစိုက်မှုကို ခံရပါက ဆုံးရှုံးရမည့်အရာက ရရှိမည့်အကျိုးအမြတ်ထက် များစွာသာလွန်နေလိမ့်မည်။
ဤတစ်ကြိမ် တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ သူ လာရသည့် အရေးကြီးဆုံး ရည်ရွယ်ချက်သည် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ရန် ဖြစ်သည်။ ကိစ္စများကို မလိုအပ်ပဲ ရှုပ်ထွေးအောင် မလုပ်ခြင်းက အကောင်းဆုံး ဖြစ်သည်။
ထိုအတွေးနှင့်အတူ လုချန်း နတ်လှေပေါ်မှ မဆင်းတော့ပေ။ ထို့ကြောင့် နတ်လှေသည် ကောင်းကင်မီးကမ္ဘာဆီသို့ ဆက်လက်ခရီးနှင်ခဲ့သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေသည် အလွန် ကျယ်ပြောလှ၏။ အလင်းနှစ်သန်းပေါင်းများစွာ ကျယ်ဝန်းနိုင်သည်။ အာရုံစိုက်မခံရစေရန်အတွက် နတ်လှေ၏ အရှိန်ကို တမင်နှေးထာရန် ထျန်းဟုန်ဧကရီကို လုချန်း မှာထား၏။ ထို့ကြောင့် ကောင်းကင်မီးကမ္ဘာသို့ ခရီးစဉ်က ရှည်ကြာသွားခဲ့သည်။
သို့သော် လုချန်း၏ နည်းလမ်းက တကယ်အသုံးဝင်၏။ သူတို့၏ နတ်လှေသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေအတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများ၏ အာရုံစိုက်မှုကို တကယ် မခံရခဲ့ရပေ။ ဖေးဟုန်နတ်လှေဘေးမှ ဖြတ်သွားသူများသည် ဟောင်းနွမ်းပြီး နှေးကွေးသော လှေပုံစံကို မြင်သည်နှင့် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြသည်။
ထိုသို့ဖြင့် ဖေးဟုန်နတ်လှေသည် ကောင်းကင်မီးကမ္ဘာသို့ ချောမွေ့စွာ ရောက်ရှိလာခဲ့တော့သည်။
ကောင်းကင်မီးကမ္ဘာ၏ အပြင်ဘက်သို့ ဝင်ရောက်ပြီးနောက် ဂြိုဟ်ရံလ တစ်ခုနှင့် တူသော ကမ္ဘာတစ်ခု အနီးနားတွင် ပျံဝဲနေသည်ကို လုချန်း သတိပြုမိလိုက်သည်။
ထိုအချိန်တွင် တံခါးပိတ် ကျင့်စဉ်စခန်းမှ မုချင်းလန် ထွက်လာပြီး လုချန်းဘေးသို့ ရောက်လာသည်။ လုချန်းက စူးစမ်းလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။
“ကိုယ်တို့ဘေးက ကမ္ဘာကလည်း သက်ရှိကမ္ဘာပဲလား။”
မုချင်းလန်က
“ဟုတ်ပါတယ်... အဲ့ဒါက အခြားကြယ်နယ်မြေတွေကနေ ကောင်းကင်ဧကရာဇ် ယူလာခဲ့တဲ့ သက်ရှိကမ္ဘာတစ်ခုပါ... ဒီကမ္ဘာကို အာကာသဆိပ်ကမ်းအဖြစ် ပြောင်းလဲပြီး ကောင်းကင်မီးကမ္ဘာကို ဝင်ရောက်မယ့် နတ်လှေတိုင်း စစ်ဆေးခံဖို့ ဆိုက်ကပ်ရမယ်လို့ မင်းကြီး ပြောခဲ့ဖူးပါတယ်။”
ထိုအရာကို ကြားသောအခါ လုချန်း ခဏမှင်တက်သွားသည်။
အာကာသဆိပ်ကမ်း...
ကောင်းကင်ဧကရာဇ်ဘဝတုန်းက အာကာသဆိပ်ကမ်းတွေအကြောင်း သူ သိခဲ့တာလား။ ဒါက မြေကမ္ဘာမှ အသုံးအနှုန်းနှင့် တူနေသည်။ ဤစကြာဝဠာတွင် အာကာသဆိပ်ကမ်းများ မရှိချေ။ ကောင်းကင်ဧကရာဇ်ဘဝက သူ မြေကမ္ဘာတွင် သေဆုံးပြီး ရရှိတဲ့ ပထမဆုံးဘဝလား။
လုချန်း အကြာကြီး တွေးမနေတော့ပဲ
“ကောင်းပြီလေ... ဆိုက်ကပ်လိုက်ကြတာပေါ့။”
သူတို့ နီးကပ်လာသည်နှင့်အမျှ အာကာသဆိပ်ကမ်းဆီသို့ ဖေးဟုန်နတ်လှေ ဖြည်းညှင်းစွာ တိုးကပ်သွားသည်။ အာကာသဆိပ်ကမ်း၌ စစ်ဆေးခြင်း လုပ်ငန်းစဉ်သည် ရိုးရှင်း၏။ နတ်လှေ ဘယ်ကလာသည် မည်သူပါလာသည်ဆိုတာလောက်သာ စစ်ဆေးခြင်း ဖြစ်သည်။
ဆိုက်ကပ်ရာ အာကာသဆိပ်ကမ်းသို့ ဖေးဟုန်နတ်လှေ ဝင်ရောက်လာသောအခါ ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူနှစ်ဦး နတ်လှေရှေ့သို့ ရောက်လာသည်။
ဟောင်းနွမ်းနေသော နတ်လှေ ဝင်ရောက်လာသည်ကို မြင်သောအခါ ကံမကောင်းသော အင်အားစုတစ်ခုမှ ပိုင်ဆိုင်သည်ဟု သူတို့ ထင်မှတ်လိုက်ကြသည်။
စစ်ဆေးရေးဂိတ်မှ ကျင့်ကြံသူတစ်ဦးက ကုန်းပတ်ပေါ်ရှိ လုချန်းကို မြင်လိုက်ပြီး
“ကောင်းကင်မီးကမ္ဘာကို ဝင်ရောက်ဖို့အတွက် ဝင်ကြေးအနေနဲ့ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်း ပေးဆောင်ရမယ်။”
ထိုစကားကို ကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။ အာကာသဆိပ်ကမ်းက အခကြေးငွေ ကောက်ခံတာ မဆန်းပေ။ ထိုကဲ့သို့ ကြီးမားသော ဆိပ်ကမ်းကြီးကို ထိန်းသိမ်းရန်ဖို့ စရိတ်စက မနည်းတာက အမှန်ပင်ဖြစ်သည်။
သို့သော် ဆိုက်ကပ်ရုံသက်သက်အတွက် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းဆိုတာက အတော်လေး လွန်ကဲနေသည်။
မုချင်းလန်လည်း မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့သည် ကောင်းကင်မီးမျိုးနွယ်ဝင်များ မဟုတ်ကြပေ။
လုချန်းက ချက်ချင်း ပြန်မပြောပေ။ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ပေးဆောင်ရန် တကယ် လိုအပ်ခြင်း ရှိမရှိ သူ သိချင်နေသည်။
ထို့နောက် မျက်မှောင်ကြုတ်ကာ လေးနက် သော အမူအရာ ဖြစ်နေသည့် မုချင်းလန်၏ မျက်နှာပေါ်သို့ လုချန်း၏ အကြည့် ကျရောက်သွားသည်။
သူမသည် ကောင်းကင်မီးကမ္ဘာတွင် တံခါးပိတ် ကျင့်စဉ်စခန်းဝင်ကာ အချိန်အများစုကုန်ဆုံးလေ့ ရှိသော်လည်း သူတော်စင်တစ်ဦးအနေနှင့် ကောင်းကင်မီးကမ္ဘာမှ လှုပ်ရှားမှုတိုင်းကို သူမ ကောင်းစွာ သိထားသည်။ သူမသည် ပြင်ပ ဗဟုသုတ မရှိသူတစ်ဦးတော့ မဟုတ်ပေ။
အာကာသဆိပ်ကမ်းက အခကြေးငွေ ကောက်ခံရမှာ မှန်သော်လည်း ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို ကောက်ခံရန် မဖြစ်နိုင်ပေ။
ဤလူတွေ ဘာကြံစည်နေတာလဲ ဆိုတာကို မုချင်းလန် ချက်ချင်း ရိပ်မိလိုက်သည်။
ထို့ကြောင့် ထိုကျင့်ကြံသူနှစ်ဦးကို မုချင်းလန်က အေးစက်စွာဖြင့်
“အာကာသဆိပ်ကမ်းရဲ့ ဆိုက်ကပ်ခက အရင်တုန်းက ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ပဲ မဟုတ်ဘူးလား။”
နတ်လှေပေါ်မှလူများက အာကာသဆိပ်ကမ်း၏ ဆိုက်ကပ်ခကို တကယ် သိနေသည်ကို မြင်သောအခါ ထိုကျင့်ကြံသူနှစ်ဦး ခဏခန့် မှင်တက်သွားသည်။ သို့သော် လျင်မြန်စွာပင် ပုံမှန်ပြန်ဖြစ်သွားသည်။
ထို့နောက် ကျင့်ကြံသူတစ်ဦးက မောက်မာစွာဖြင့်
“ကျုပ်တို့ ပေးခိုင်းရင် ပေးလိုက်။ ဘာတွေ လာရှည်နေတာလဲ... ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆိုတာ ဈေးနှုန်းအဟောင်း...... အခု နှစ်သောင်း ဖြစ်သွားပြီ။”