ဒေါသထွက်သွားသော မုချင်းလန်
Vol. 81 Ch. 1215
ထိုကျင့်ကြံသူက ဆိုက်ကပ်ခကို မောက်မာစွာ ကောက်ခံနေသည်ကို မြင်သောအခါ မုချင်းလန်၏ မျက်နှာတွင် အမည်းရောင်သန်းသွားသည်။
ထိုကဲ့သို့သော ကိစ္စများ မလွဲမသွေ ဖြစ်ပျက်နေမည်ကို သူမ သိသည်။ သို့သော် ယခုကိစ္စက သူမ၏ မျက်စိရှေ့မှောက်တွင်သာ မဟုတ် ကောင်းကင်ဧကရာဇ်၏ ရှေ့မှောက်တွင်လည်း ဖြစ်နေသည်။
ဤကိစ္စက ကောင်းကင်မီးကမ္ဘာအပေါ် ကောင်းကင်ဧကရာဇ်၏ အမြင်ကို မည်သို့ဖြစ်စေမည်နည်း။
ကောင်းကင်ဧကရာဇ်က သူတို့ကောင်းကင်မီးမျိုးနွယ်ကို ကောင်းကင်မီးကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သည်။ သို့သော် သူတို့သည် ကောင်းကင်မီးကမ္ဘာတစ်ခုလုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်း မရှိခဲ့ပေ။ ယခု ကောင်းကင်ဧကရာဇ်၏ ရှေ့မှောက်တွင်ပင် ဝိညာဉ်ကျောက်တုံးများ ခြိမ်းခြောက်ငွေညှစ်ခံရမှုနှင့် ရင်ဆိုင်နေရသည်။
ဤလူများသည် ကောင်းကင်မီးမျိုးနွယ်ဝင်များ မဟုတ်ကြသော်လည်း ကောင်းကင်မီးနိုင်ငံသားများ ဖြစ်ကြသဖြင့် ဤကိစ္စအားလုံးက သူတို့နှင့် မသက်ဆိုင်ကြောင်း ကောင်းကင်မီးမျိုးနွယ်ဝင်များ အနေနှင့် ငြင်းဆိုရန် မဖြစ်နိုင်ပေ။
မုချင်းလန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျင့်ကြံသူတစ်ဦးက ပြတ်သားစွာ ပြောလိုက်သည်။
“ဝိညာဉ်ကျောက်တုံး မရှိရင် လာခဲ့တဲ့နေရာကို ပြန်ကြ..... ကောင်းကင်မီးကမ္ဘာက တွေ့ကရာလူ လာလို့ရတဲ့နေရာ မဟုတ်ဘူး။”
ထိုကျင့်ကြံသူနှစ်ဦး၏ စကားကို ကြားသောအခါ မုချင်းလန်၏ မျက်လုံးထဲတွင် လူသတ်လိုသော အရိပ်တစ်ခု ဖြတ်သန်းသွားသည်။ သို့သော် သူမက ချက်ချင်း မလှုပ်ရှားပဲ အေးစက်စွာ မေးလိုက်သည်။
“ရှင့်တို့ အမြဲ ဒီလိုပဲ တောင်းတတ်လား”
မုချင်းလန်က ဝိညာဉ်ကျောက်တုံး ထုတ်မပေးသည့်အပြင် သူတို့ကို စစ်ဆေးမေးမြန်းသည့် လေသံဖြင့် ပြန်ပြောသည်ကို မြင်သောအခါ ကျင့်ကြံသူနှစ်ဦးက ပြန်လည်ပျက်စီးခြင်းအဆင့်၏ ဖိအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
“ငါတို့ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ မေးခွန်းထုတ်ဖို့ မင်းမှာ အခွင့်အရေးမရှိဘူး..... ဝိညာဉ်ကျောက်တုံး မရှိရင် အခုချက်ချင်း ထွက်သွား..... ငါတို့အချိန်တွေကို ဖြုန်းမနေနဲ့။”
တစ်ဖက်လူ၏ နတ်လှေမှာ အလွန် ဟောင်းနွမ်းနေသဖြင့် သူတို့၏ အင်အားမှာလည်း ကြီးလှမည် မဟုတ်ဟု ထိုကျင့်ကြံသူနှစ်ဦး၏ ထင်မှတ်နေကြခြင်းဖြစ်သည်။ သူတို့သည် မည်သူမှ ပြဿနာမရှာရဲသော ကောင်းကင်မီးကမ္ဘာမှ လူများဖြစ်ကြသည့်အပြင် ပြန်လည်ပျက်စီးခြင်းအဆင့်၏ ဖိအားဖြင့် တစ်ဖက်လူကို ခြောက်လှန့်ရန် လုံလောက်သည်ဟု သူတို့ ယုံကြည်နေကြသည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် ကောင်းကင်မီးနိုင်ငံတော်ကို အင်အားကြီးနိုင်ငံအဖြစ် သတ်မှတ်ကြသည်။ သူတော်စင်နှစ်ဦး၊ သူတော်စင်တစ်ပိုင်း သုံးဦးနှင့် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ ရာကျော်က ကျောထောက်နောက်ခံ ပြုထားသော နိုင်ငံဖြစ်သည်။
ဤပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးမှာ ကောင်းကင်မီးမျိုးနွယ်ဝင်များ မဟုတ်ကြသော်လည်း သူတို့၏ အင်အားကြောင့် ကောင်းကင်မီးနိုင်ငံတော်အတွင်း သူတို့၏ အဆင့်အတန်းက နိမ့်ကျမနေပေ။
ယခု အခြေအနေမကောင်းသော အင်အားစုတစ်ခုမှ လူတစ်ယောက်၏ မေးခွန်းထုတ်ခြင်းကို ခံရသည့်အတွက် ဤကျင့်ကြံသူများ အလွန် မကျေမနပ် ဖြစ်နေကြသည်။
သူတို့သည် ကောင်းကင်မီးကမ္ဘာတွင်ပင် အဆင့်အတန်းတစ်ခု ရှိသူများဖြစ်သည်။ အခု ဤအမျိုးသမီးက သူတို့ကို ဘယ်လိုပုံစံနဲ့ ပြောနေတာလဲ။
သူတို့၏ စကားကို ကြားပြီးနောက် မုချင်းလန်၏ မျက်ဝန်းထဲတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာပြီး သူတော်စင်အဆင့်၏ ကြီးမားသော ဖိအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
နောက်တစ်ခဏတွင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးလည်း ဟင်းလင်းပြင်ထဲတွင် ဖိချခံလိုက်ရသည်။ သူတို့ လွင့်စင်မသွားစေရန် သူတို့၏ ခြေထောက်အောက်၌ မြေပြင်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွားသည်။
သူတော်စင်အဆင့်၏ လွှမ်းမိုးထားသော ဖိအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး လူနှစ်ဦးစလုံးကို သွေးများ ချက်ချင်း အန်ထွက်လာစေသည်။
သို့သော်လည်း သူတို့ ကြောက်ရွံ့ခြင်း မရှိကြပေ။ ဖိအားအောက်တွင် ကျင့်ကြံသူတစ်ဦးက
“ကောင်းကင်မီးနိုင်ငံတော်မှာ ပြဿနာလာရှာရဲအောင် မင်းက ဘယ်သူမို့လို့လဲ... သူတော်စင်အဆင့် ဖြစ်ရုံနဲ့ ပြိုင်ဘက်ကင်းပြီလို့ တကယ်ထင်နေတာလား။”
ကောင်းကင်မီးကမ္ဘာ၌ သူတော်စင်နှစ်ဦးနှင့် သူတော်စင်တစ်ပိုင်း သုံးဦး ရှိနေသည်။
ဤမိန်းမက သူတော်စင်ဖြစ်နေရင်လည်း ဘာအရေးလဲ။
ဤသူတော်စင်၏ အငွေ့အသက်ကို အာရုံခံမိသည်နှင့် မီးဧကရာဇ်နှင့် ကောင်းကင်မီးနိုင်ငံတော်၏ တော်ဝင်အကြီးအကဲတို့ ကျိန်းသေ ရောက်ရှိလာမည်ဖြစ်သည်။ ထိုအခါ သူတို့ အလိုလို လွတ်မြောက်သွားမည်ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူတို့၏ မျှော်လင့်ချက် ပြည့်ဝမည့်ပုံ မပေါ်ပေ။
မုချင်းလန်က မထီမဲ့မြင် ပြုံးလိုက်ပြီး တော်ဝင်မျိုးနွယ် အမှတ်အသား ကျောက်စိမ်းပြားတစ်ခုကို အာကာသလက်စွပ်ထဲမှ ထုတ်ယူကာ ကျင့်ကြံသူနှစ်ဦး၏ ရှေ့သို့ ပစ်ချလိုက်သည်။
ထိုကျောက်စိမ်းပြားကို မြင်လိုက်ရသည်နှင့် ကျင့်ကြံသူနှစ်ဦး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကာ ယခင်က မောက်မာမှုများ အားလုံး ပျောက်ကွယ်သွားသည်။
ဤလူများသည် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်သောကြောင့် ထိုကဲ့သို့သော အမှတ်အသားများနှင့် ရင်းနှီးပြီးသား ဖြစ်သည်။
ထိုတော်ဝင်မျိုးနွယ် ကိုယ်ပိုင်အမှတ်အသား ကို ပိုင်ဆိုင်နိုင်ပြီး သူတော်စင်အဆင့် အင်အားရှိသူ နှစ်ဦးသာ ရှိသည်။ တစ်ဦးမှာ မီးဧကရာဇ်ဖြစ်ပြီး အခြားတစ်ဦးမှာ ကောင်းကင်မီးနိုင်ငံတော်၏ တော်ဝင်အကြီးအကဲ ဖြစ်သည်။
မီးဧကရာဇ်သည် အမျိုးသားဖြစ်သည်။ သူတို့ရှေ့မှ လူမှာ အမျိုးသမီးဖြစ်နေသဖြင့် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း အလိုလို နားလည်သွားကြတော့သည်။
သူတို့နှစ်ဦးလည်း အလျင်အမြန် ဒူးထောက်တောင်းပန်လိုက်ကြတော့သည်။
“ကျွန်တော်တို့ မှားသွားပါတယ် ဝါစဉ်ကြီးသူ။”
“ကျွန်တော်တို့ရဲ အသက်ကို ချမ်းသာပေးပါ ဝါစဉ်ကြီးသူ... ကောင်းကင်မီးနိုင်ငံတော်အတွက် ကြိုးစားအလုပ်လုပ်ခဲ့တာကို ထောက်ထားပြီး ဒီတစ်ကြိမ် ခွင့်လွှတ်ပေးပါ။နောက်ဘယ်တော့မှ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်။”
ယခု သူတို့နှစ်ဦးစလုံး ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကြပြီဖြစ်သည်။ အမြဲတမ်း တံခါးပိတ် ကျင့်စဉ်စခန်းဝင်နေတတ်သော တော်ဝင် အကြီးအကဲက ဤနေရာတွင် အဘယ်ကြောင့် ပေါ်လာမှန်း သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။
တော်ဝင် အကြီးအကဲ၏ အဆင့်အတန်းနှင့်ဆိုလျှင် အနည်းဆုံးတော့ ခမ်းနားထည်ဝါသော နတ်လှေတစ်စင်း ရှိသင့်သည်။
တော်ဝင်အကြီးအကဲတစ်ဦးက ဤမျှဟောင်းနွမ်းနေသော နတ်လှေကို စီးနင်းလာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။
ကောင်းကင်မီးနိုင်ငံတော်၏ တော်ဝင် အကြီးအကဲကို သူတို့ ပြစ်မှားခဲ့မိသည်မှာ မှန်သော်လည်း သူတို့သည် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း ရုတ်တရက် ထိုအချိန်တွင် သတိရလိုက်ကြသည်။ ကောင်းကင်မီးနိုင်ငံတော်တွင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ တစ်ရာကျော်သာ ရှိပြီး တစ်ဦးချင်းစီသည် ကောင်းကင်မီးနိုင်ငံတော်အတွက် အလွန် တန်ဖိုးရှိသူများ ဖြစ်ကြသည်။
ထို့ပြင် တော်ဝင်အကြီးအကဲကသာ သူတို့ကို လက်လွတ်စပယ် သတ်လိုက်ပါက အခြားသော ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူများ၊ အထူးသဖြင့် ကောင်းကင်မီးမျိုးနွယ်ဝင် မဟုတ်သူများ သိသွားလျှင် မကျေနပ်မှုများ ဧကန်မုချ ဖြစ်ပေါ်လာကြပေလိမ့်မည်။
နှစ်များတစ်လျှောက် ကောင်းကင်မီးနိုင်ငံတော်၏ တော်ဝင်မိသားစုနှင့် ကောင်းကင်မီးမျိုးနွယ်ဝင် မဟုတ်သူများကြားတွင် နိုင်ငံရေးအရ အပေးအယူ အမြဲရှိခဲ့ကြသည်။ ထို့ကြောင့်သာ ကောင်းကင်မီးနိုင်ငံတော်၌ အင်အားကြီး ပုဂ္ဂိုလ်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။
ယခုအခါ ကောင်းကင်မီးနိုင်ငံတော်သည် တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်းထံမှ ကြီးမားသော ဖိအားနှင့် ရင်ဆိုင်နေရသဖြင့် သူတို့အနေဖြင့် လက်လွတ်စပယ် သတ်ဖြတ်ရန် ပို၍ပင် မဖြစ်နိုင်ပေ။ ယခုအချိန်တွင် ကောင်းကင်မီးနိုင်ငံတော်၌ ပြည်တွင်းမငြိမ်မသက်မှုများ ဖြစ်ပေါ်ပြီး ကောင်းကင်မီးမျိုးနွယ်ဝင် မဟုတ်သော အင်အားကြီး ပုဂ္ဂိုလ်များ စုပေါင်း၍ ထွက်ခွာသွားကြပါက ကောင်းကင်မီးနိုင်ငံတော်တစ်ခုလုံး လျင်မြန်စွာ အင်အားကျဆင်းသွားပေလိမ့်မည်။
ထိုအချက်ကို တွေးမိပြီး ကျင့်ကြံသူနှစ်ဦး သက်ပြင်းချလိုက်ကြသည်။
ထို့ပြင် တော်ဝင်အကြီးအကဲက သူတို့ကို ချက်ချင်း သတ်ခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် သူမတွင် သတ်ဖြတ်လိုသော ဆန္ဒမရှိကြောင်း ပြသနေသည်။ ဤမျှအဆင့်မြင့်သော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးအနေနှင့် သတ်ဖြတ်ရန် တုံ့ဆိုင်းနေစရာ အကြောင်းမရှိပေ။ တုံ့ဆိုင်းနေခြင်းက သူမစိတ်ထဲ သတ်လိုခြင်း မရှိကြောင်း ပြသနေသည်။
မုချင်းလန် ချင့်ချိန်နေသေးသည်ကို သတိပြုမိသဖြင့် တစ်ဦးက
“အကြီးအကဲ ..... ကျွန်တော်တို့ ပြန်ရောက်ရင် ဒီရာထူးကနေ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် နှုတ်ထွက်ပြီး အပြစ်ပေးတာကို ခံယူပါ့မယ်။”
မုချင်းလန်သည် ဘာမှထပ်မပြော တော့သလို လှုပ်ရှားခြင်းလည်း မရှိပေ။ သူမ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရသည်။
မုချင်းလန်က တိတ်ဆိတ်နေပြီး သူတို့ကို မတိုက်ခိုက်သေးတာကို မြင်သောအခါ မုချင်းလန် သူတို့ကို မထိခိုက်ရဲကြောင်း ကျင့်ကြံသူနှစ်ဦး စိတ်ထဲ ပို၍ယုံကြည်လာကြသည်။
သို့သော် မကြာမီတွင် အခြား ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု အနီးနား၌ ပေါ်လာသည်။ ထိုဖိအားကို အာရုံခံမိလိုက်သဖြင့် သူတို့နှစ်ဦး အံ့အားသင့်သွားကြသည်။
ကောင်းကင်မီးနိုင်ငံတော်တွင် သူတော်စင်နှစ်ဦးသာ ရှိသည်။ တစ်ဦးမှာ ကောင်းကင်မီးနိုင်ငံတော်၏ တော်ဝင်အကြီးအကဲဖြစ်ပြီး အခြားတစ်ဦးမှာ မီးဧကရာဇ် ဖြစ်သည်။ တော်ဝင်အကြီးအကဲပင် ဤနေရာတွင် ရောက်ရှိနေပြီဖြစ်ရာ ယခုပေါ်ထွက်လာသော သူတော်စင်အဆင့်ဖိအားမှာ မီးဧကရာဇ်သာ ဖြစ်နိုင်သည်။
ထိုအချိန်တွင် သူတို့ လုံးဝ သက်ပြင်းချလိုက်ကြသည်။ တော်ဝင်အကြီးအကဲနှင့် ယှဉ်လျှင် မီးဧကရာဇ်သည် ကောင်းကင်မီးမျိုးနွယ်ဝင် မဟုတ်သူများအပေါ် အမြဲတမ်း ညှာတာလေ့ရှိသည်။ ယခု မီးဧကရာဇ် ရောက်ရှိလာပြီဖြစ်သဖြင့် တော်ဝင်အကြီးအကဲက သူတို့ကို သတ်ချင်လျှင်ပင် မီးဧကရာဇ်က သူတို့ကို ကာကွယ်ရန် သေချာပေါက် ဝင်ရောက်စွက်ဖက်ပေလိမ့်မည်။
မုကျန့်ချင်း ဟင်းလင်းပြင်ထဲသို့ ရောက်ရှိလာပြီး ဒူးထောက်နေသော ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဘာဖြစ်ပျက်ခဲ့သည်ကို သူ မသိပေ။ သို့သော် မုချင်းလန်၏ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ကောင်းသောကိစ္စ မဟုတ်ကြောင်း သူသိလိုက်သည်။
မုကျန့်ချင်းက လုချန်း၏ ဘေးနားသို့ အလျင်အမြန် တိုးကပ်သွားသည်။ သူ လုချန်းကို ဦးညွှတ်တော့မည့် ဆဲဆဲတွင်
“မုကျန့်ချင်း..... မင်းရဲ့ လက်အောက်ငယ်သားတွေက ငါ့ဆီကနေ ငွေညှစ်ဖို့ လုပ်နေကြတယ်။”
ဟု မုချင်းလန် ပြောလိုက်သံကို သူကြားလိုက်ရသည်။
ထိုစကားကို ကြားသောအခါ မုကျန့်ချင်း မှင်တက်သွားပြီး လုချန်းအပေါ် သူ၏ အကြည့်ကျရောက်သွားသည်။ ထို့နောက် သူသဘောပေါက်သွားပြီး ကျင့်ကြံသူနှစ်ဦးကို တဖန်ပြန်ကြည့်လိုက်သည်။
ထိုကျင့်ကြံသူနှစ်ဦးမှာ ကောင်းကင်မီးမျိုးနွယ်ဝင်များ မဟုတ်ကြကြောင်း မြင်သောအခါ မုကျန့်ချင်းလည်း သူတို့ရှေ့တွင် လုချန်းကို ဦးမညွှတ်တော့ပေ။ စိတ်အာရုံမှတစ်ဆင့်သာ လုချန်းထံ သတင်းစကား ပေးပို့လိုက်သည်။
“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”