အသုံးမကျသူများ
Vol. 27 Ch. 399
“ရှောင်လျဲ့... ဘာဖြစ်တာလဲ...”
လျူရီဖုန်းသည် လော့ချန်၏အဆင့်အတန်းကို တမင်တကာ ထုတ်ဖော်ခဲ့သည်။ မူလက ဤအခွင့်အရေးကိုယူ၍ လော့ချန်ကို မျက်နှာပျက်စေလိုသော်လည်း ဤမျှကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
မာနကြီးသောလူငယ်မှာ ရှောင်လျဲ့ ဖြစ်သည်။
သူသည် စိတ်ကိုထိန်းချုပ်လိုက်ကာ လော့ချန်ကို တစ်ချက်ကြည့်ပြီး ရယ်လိုက်သည်။
“ဘာမှ မဟုတ်ဘူး၊ ငါ လူမှားသွားတာ ဖြစ်မယ်...”
ထိုလော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့်သန်မာသူ၏ လိုက်လံသတ်ဖြတ်မှုကိုခံရသည့်အတွက် ဆယ်ခါသေမည့်အရေးမှ အသက်ရှင်စရာအကြောင်းမရှိချေ။
နာမည်တူရုံသာ ဖြစ်ရမည်။ ဤသို့တွေးမိသောအခါ ရှောင်လျဲ့သည် လော့ချန်ကို ဆိုသည်။
“ရွှမ်ယွမ်ဂိုဏ်းမှာ လော့ချန်ဆိုတဲ့ နာမည်နဲ့လူတွေ တော်တော်များတာပဲ မထင်မိဘူး။ ဒါပေမဲ့ ဒီနာမည်က သိပ်မကောင်းဘူး၊ ဘေးဒုက္ခတွေကိုပဲ ယူဆောင်လာလိမ့်မယ်။ နောက်ဆို ပြောင်းလိုက်ပါ...”
လော့ချန်၏ မျက်ဝန်းများတွင် လေးနက်မှုများ ဖြတ်သန်းသွားပြီး တည်ငြိမ်စွာဆိုသည်။
“အခုမှ တွေ့တာကို နာမည်ပြောင်းခိုင်းရအောင် လျှပ်ယွမ်ဂိုဏ်းတပည့်တွေက ဒီလောက်အထိ မယဉ်ကျေးကြတာလား...”
ရှောင်လျဲ့ မျက်ခုံးနှစ်ဖက် ပြင်းပြင်းထန်ထန် တွန့်လိုက်သည်။
“ငါက စေတနာနဲ့ မင်းအကျိုးအတွက် ပြောတာပါ...”
“မလိုပါဘူး...”
လော့ချန် ခေါင်းခါလိုက်ပြီး နှုတ်ခမ်းတစ်ချက် မဲ့ကာ တဲ့တိုး ပြောလိုက်သည်။
“အင်း... မင်းသိအောင် ငါ ထပ်ပြောရရင် မင်း လူမမှားဘူး...”
“လူမမှားဘူး...”
ရှောင်လျဲ့၏ မျက်လုံးအိမ် ရုတ်တရက်ကျုံ့သွားသည်။
“မင်းက ရွှမ်ယွမ်ဂိုဏ်းမှ ဂိုဏ်းပစည်းတပည့်ကြီး လော့ချန်ဆိုတာလား...”
“အမှန်ပဲ... နာမည်ကို ပြောင်းမှာမဟုတ်သလို နေရာကိုလည်း ပြောင်းမှာမဟုတ်ဘူး...”
“မင်း... မင်း... ဒါဆို မသေသေးဘူးပေါ့။ မင်း ဘယ်လိုလုပ် သွေးလင်းယုန်လက်ကနေ ထွက်ပြေးနိုင်ခဲ့တာလဲ...”
ရှောင်လျဲ့၏မျက်လုံးထောင့်များ ဆတ်ခနဲလှုပ်သွားသည်။ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းနေ၏။
တစ်ချိန်တည်းမှာပင် လျှပ်ယွမ်ဂိုဏ်းမှ အတွင်းစည်းဂိုဏ်းတပည့်နှစ်ဦးသည်လည်း ထွက်လာကြသည်။ ဘယ်ဘက်နှင့် ညာဘက်တွင် ရပ်၍ လော့ချန်ကို မကျေမနပ် စူးစိုက်ကြည့်နေကြသည်။
ဤ လှုပ်ရှားမှုသည် လူများစွာ၏အာရုံကို ဆွဲဆောင်ခဲ့သည်။ အကြည့်အားလုံးသည် လော့ချန်ဆီသို့ စုစည်းလာသည်။
“ရွှမ်ယွမ်ဂိုဏ်း ပြင်ပစည်းဂိုဏ်းတပည့်ကြီး လော့ချန်... ဒီလူ အရမ်း နာမည်ကြီးတာလား...”
ပွဲရှိ လူငယ်ပါရမီရှင်များသည် ဂိုဏ်းအသီးသီးမှ လာကြသည်။ တစ်ဝက်ကျော်သည် အခြားမင်းဆက်များမှပင် ဖြစ်သဖြင့် လော့ချန်အကြောင်းကို မကြားဖူးကြချေ။
မှန်ပေသည်၊ ကြားဖူးခဲ့လျှင်တောင် စိတ်ထဲတွင် မှတ်ထားမည်မဟုတ်ပေ။
“သူက ဒီနှစ် တာယွဲ့မင်းဆက် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲရဲ့ ပထမနေရာရသူပဲ။ အသုံးမကျတဲ့သိုင်းဝိညာဉ် နိုးကြားထားပြီး ဟွာကျင်းယန်ကို အနိုင်ယူခဲ့တဲ့သူ။ သူ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်သန်မာသူရဲ့ လိုက်လံသတ်ဖြတ်မှုကိုခံရတယ်လို့ လူတွေက ထင်ခဲ့ကြတာ၊ သူ သေပြီလို့ အားလုံးက ယူဆခဲ့ကြတာ၊ မမျှော်လင့်ဘဲ အသက်ရှင်နေသေးတယ်...”
သတင်းသိသူတစ်ဦးက ရှင်းပြလိုက်သည်။
သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်အထွတ်အထိပ်သန်မာသူ၏ လိုက်လံသတ်ဖြတ်မှုအောက်မှ အသက်ချမ်းသာစွာ လွတ်မြောက်လာခြင်း...။
လူအများ၏ အမူအရာများ တုန်ယင်သွားကြသည်။ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေကြသည်။
လျူရီဖုန်း၏မျက်လုံးထဲတွင် ထူးခြားသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ မျက်နှာသည် တည်ငြိမ်သော်လည်း စိတ်ထဲတွင် အေးစက်စွာ ရယ်နေသည်။
လော့ချန်သည် ယခုနှစ် သုံးဂိုဏ်းပြိုင်ပွဲ၏ ပထမနေရာရသူဖြစ်မည်ဟု သူ မထင်ခဲ့ချေ။
သို့သော် ဤသည်မှာ ကောင်းမွန်သောကိစ္စဖြစ်သည်။
ရှောင်လျဲ့သည် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်သန်မာသူဖြစ်သည်။ စိတ်ဓာတ်သည် ကြမ်းတမ်းသည်။ လော့ချန်သည် ရှောင်လျဲ့ကို ဒေါသထွက်စေခဲ့သည်။ ဤသည်က ကောင်းမွန်သောအကျိုးရမည် မဟုတ်ချေ။
လူအများ၏အကြည့်ကို ရင်ဆိုင်နေရသော်လည်း လော့ချန်သည် အမူအရာမပြောင်းလဲချေ။ ရှောင်လျဲ့တို့အချို့ကို ကြည့်လိုက်ပြီး သူ့ဘာသာ အလွတ်နေရာတစ်ခု ရှာ၍ ထိုင်လိုက်သည်။
လော့ချန် အားလုံးကို ဂရုမစိုက်ကြောင်းကို တွေ့မြင်သောအခါ ရှောင်လျဲ့ မျက်နှာပျက်သွားသည်။
ဘေးမှ နောက်ထပ်အရပ်ရှည်သော လျှပ်ယွမ်ဂိုဏ်းတပည့်တစ်ဦးသည် ရှေ့သို့ တက်လာကာ မထိန်းနိုင်ဘဲ ဒေါသတကြီး အော်ဟစ်သည်။
“အစ်ကိုကြီးရှောင်က မင်းကို မေးနေတာ။ မင်း နားပင်းနေတာလား...”
လော့ချန် ထိုသူအား အေးစက်သောအကြည့်ဖြင့် တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ကာ ဟောက်လိုက်၏။
“ထွက်သွား...”
“မင်း သေချင်တာလား...”
မထင်မှတ်ဘဲ အဟောက်ခံလိုက်ရသဖြင့် အရပ်ရှည်သောလူငယ်သည် ဒေါသအလွန်ထွက်လာ၏။ တစ်ကိုယ်လုံး ပြင်းထန်သောအငွေ့အသက်များ ထွက်ပေါ်လာသည်။ သွေးကြောနိုးကြားမှုနယ်ပယ် ပထမအဆင့်အထွတ်အထိပ်သန်မာသူ၏ ကြီးမားသောအရှိန်အဝါသည် တောင်များကို ဖြိုချနိုင်သည့်အရှိန်ဖြင့် လော့ချန်ကို ဖိအားပေးလာသည်။
“သခင်မလေး...”
အားမူသည် လော့ယောင်ကို စိုးရိမ်တကြီး ဆွဲလိုက်သည်။
လော့ယောင်သည် ဤအရာအားလုံးကို စိတ်ဝင်တစား ကြည့်နေပြီး ချိုသာစွာရယ်လိုက်သည်။
“စိတ်မပူနဲ့... ဘာမှဖြစ်မှာ မဟုတ်ဘူး။ မင်းလည်း လော့ချန်ရဲ့စွမ်းရည်ကို သိချင်နေတယ် မဟုတ်လား...”
“ရပ်လိုက်...”
ထိုအချိန်တွင် ရွှမ်ယွမ်ဂိုဏ်းမှ အတွင်းစည်းဂိုဏ်းတပည့်နှစ်ဦး ထရပ်လိုက်ကြသည်။
နှစ်ဦးစလုံးသည် မင်းသားတန်းမှလူများ ဖြစ်ကြသည်။ လော့ချန်အပေါ် စိတ်ထဲတွင် ကောင်းမွန်သော ခံစားချက်မရှိချေ။ သို့သော် မည်သို့ပင်ဖြစ်စေ သူသည် ရွှမ်ယွမ်ဂိုဏ်းတပည့်ဖြစ်သည်။
လျှပ်ယွမ်ဂိုဏ်းတပည့်၏ ရှေ့တွင် မျက်နှာလွှဲကာ ကြည့်နေပါက သူတို့ကိုယ်တိုင်သာ မျက်နှာပျက်ရမည်။
“ဟွန်း... ရွှမ်ယွမ်ထောင်... မင်း ဝင်ပါချင်တာလား...”
ရှောင်လျဲ့သည် ပိန်သွယ်သော ရွှမ်ယွမ်ဂိုဏ်းမှ အတွင်းစည်းဂိုဏ်းတပည့် ရွှမ်ယွမ်ထောင်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်များက အေးစက်နေသည်။
ရွှမ်ယွမ်ထောင်သည် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်အလယ်ပိုင်း နယ်ပယ်ဖြစ်သည်။ ရှောင်လျဲ့ထက် အနည်းငယ်နိမ့်သည်။ ရန်ပွဲဖြစ်ရန် မလိုချင်ချေ။ သူက လေးနက်သောလေသံဖြင့် ဆိုသည်။
“ရှောင်လျဲ့... အားလုံးက ပထမမင်းသား ဖိတ်ကြားလို့ လာတာ။ ဒီနေ့ ဧည့်သည်တွေပဲ။ မင်း ဒီလို အနိုင်ကျင့်တာ မကောင်းဘူး ထင်တယ်...”
“ဧည့်သည်...”
ရှောင်လျဲ့ အေးစက်စွာရယ်လိုက်သည်။
“ဒီနေ့ ပထမမင်းသားက လီရှောင်ဖုန်းကို ဖိတ်ကြားတာ။ ဒီမှာရှိတဲ့လူတွေက ဂိုဏ်းအသီးသီးက လူငယ်ပါရမီရှင်တွေချည်းပဲ။ အနည်းဆုံး သွေးကြောနိုးကြားမှုနယ်ပယ်ရှိရမယ်။ ရွှမ်ယွမ်ဂိုဏ်း ဂိုဏ်းပြင်ပစည်းတပည့်တစ်ဦးက ဝင်ထိုင်ဖို့ ဘာအရည်အချင်းရှိလို့လဲ...”
အရပ်ရှည်သော လျှပ်ယွမ်ဂိုဏ်းတပည့်က ဝင်ပြောသည်။
“ဟဲဟဲ... ဒါက ရွှမ်ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းပြင်ပစည်း တပည့်ကြီးလား။ ရွှမ်ယွမ်ဂိုဏ်းတပည့်တွေက အမြဲတမ်း အကျိုးအမြတ်သေးသေးလေးကို လိုချင်တတ်တယ်လို့ ကြားဖူးတယ်။ တကယ်ပဲ တွေ့ရတော့ နာမည်နဲ့တောင် မလိုက်ဘူး...”
“မင်းတို့...”
ရွှမ်ယွမ်ဂိုဏ်းမှ အတွင်းစည်း ဂိုဏ်းတပည့်နှစ်ဦးသည် မျက်နှာပူသွားသော်လည်း ငြင်းခုံစရာမရှိသဖြင့် ရင်ထဲတွင် ဒေါသများပြည့်နှက်နေသည်။ စိတ်ထဲတွင် ဒေါသထွက်ရင်း လော့ချန်ကိုပါ မကျေနပ်ကြချေ။
စွမ်းရည်မရှိဘဲ ဘာလို့ အပျော်သက်သက် ပွဲလာတက်ရတာလဲ။ကိုယ့်အဆင့်အတန်းကိုယ် မသိဘဲ ယခုကဲ့သို့ ပွဲလာတက်ပြီး သူတို့အားလုံးကိုပါ မျက်နှာပျက်စေသည်လား။
အခြားသူများသည် တိတ်ဆိတ်စွာ လက်ဖက်ရည်သောက်နေကြသည်။
ပါရမီရှင်တိုင်းတွင်ကိုယ်ပိုင်မာနရှိကြသည်။ ရှောင်လျဲ့၏စကားများသည် အဆင့်အတန်းမြင့်သူကို ချီးမြှောက်၍ အဆင့်အတန်းနိမ့်သူကို နင်းချေသည့်စကားများ ဖြစ်သည်။ သူတို့စိတ်ထဲတွင်လည်း ရွှမ်ယွမ်ဂိုဏ်းမှ ဂိုဏ်းပြင်ပစည်း တပည့်တစ်ဦးသည် သူတို့နှင့် တန်းတူထိုင်ရန် အရည်အချင်းမရှိဟု ထင်မြင်ကြသည်။
ထို့အပြင် ပျော်စရာမြင်ကွင်းရှိနေသည်ကို အဘယ့်ကြောင့် မကြည့်ရမည်နည်း... လျူရီဖုန်း၏မျက်နှာတွင်တော့ ပျော်ရွှင်သော အမူအရာရှိနေသည်။
ရှောင်လျဲ့၏စကားများသည် သူ့စိတ်ထဲကို ထိမှန်သွားသည်။ လော့ချန် ဘယ်လိုအဆုံးသတ်မလဲ ကြည့်ချင်နေသည်။ လော့ချန်ကတော့ တည်ငြိမ်စွာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်သည်။ ရှောင်လျဲ့တို့အား ကြည့်လိုက်သည်။
“အသုံးမကျတဲ့ကောင်တွေ...”
ဤစကားထွက်လာသည်နှင့် လူအများ မျက်မှောင်ကြုတ်သွားကြသည်။
လျှပ်ယွမ်ဂိုဏ်းတပည့်သုံးဦးစလုံးသည် သွေးကြောနိုးကြားမှုနယ်ပယ်အဆင့်ရှိသည်။ ရှောင်လျဲ့သည် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်အထွတ်အထိပ် သန်မာသူပင် ဖြစ်သည်။
ရွှမ်ယွမ်ဂိုဏ်းမှ ဂိုဏ်းပြင်ပစည်းတပည့်တစ်ဦးက ထိုသုံးဦးကို ‘အသုံးမကျတဲ့ကောင်တွေ’ ဟု ဆိုသည်။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတွင် ပထမရသူဖြစ်သော်လည်း ဤသည်မှာ အလွန်ရိုင်းစိုင်းလွန်းလှသည်။
“သေချင်နေတယ်ပေါ့...”
ရှောင်လျဲ့ ဒေါသအလွန်ထွက်လာသည်။ လက်ပါ တိုက်ခိုက်ရန် ပြင်နေစဉ်...
ထိုအချိန်တွင် ခြေသံများ ထွက်ပေါ်လာသည်။ မမြင်ရသော စွမ်းအင်တစ်ခုသည် ပန်းခြံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ပထမမင်းသား ကျင်းထျန်တူ လျှောက်လာသည်။ သူ၏ကိုယ်သည် မြင့်မားသွယ်လျသည်။ မွေးရာပါ မြင့်မြတ်သောအသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ ကြီးမား၍ တည်ငြိမ်သည်။ ခြေလှမ်းတိုင်းသည် မျက်စိနှင့် မမြင်ရသော မှော်စွမ်းအင်ရှိသည်။ လူအများ၏ နှလုံးခုန်သံကြားတွင် နင်းလိုက်သည်။ လူတိုင်းက သူ့ကို လှည့်ကြည့်ကြသည်။
“လော့ချန်နဲ့ သခင်မလေးလော့ယောင်က ငါ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေပါ... အရင်က မင်းတို့ကို အသိပေးဖို့ မေ့ခဲ့လို့ ဒီလို နားလည်မှုလွဲတာတွေ ဖြစ်ပေါ်စေတာ ငါ့အမှားပဲ။ ငါကိုယ့်ဘာသာ ဝိုင်တစ်ခွက် သောက်ပြီး အပြစ်ပေးပါ့မယ်...”
ကျင်းထျန်တူသည် လော့ချန်၏စားပွဲဆီသို့ တည့်တည့်လျှောက်သွားသည်။ကိုယ့်ဘာသာ ဝိုင်တစ်ခွက်ငှဲ့လိုက်ပြီး တစ်ငုံတည်း သောက်လိုက်သည်။ ထို့နောက် ဆက်ရယ်လိုက်၏။
“ဒီပွဲကို လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီစုဝေးပွဲရဲ့ ရည်ရွယ်ချက်က အချင်းချင်း အပြန်အလှန် ဆွေးနွေးပြီး ခံစားချက်နဲ့ ကျင့်ကြံမှုအတွေ့အကြုံတွေ တိုးပွားစေဖို့ပဲ။ ငါ အားလုံးအတွက် ကောင်းမွန်တဲ့ အစားအစာနဲ့ ဖျော်ဖြေရေးတွေ ပြင်ဆင်ထားတယ်။ အားလုံး နေရာယူကြပါ...”
ကျင်းထျန်တူ၏စကားများ ပြီးဆုံးသည်နှင့် အဝတ်အစားများ လေတွင်လွင့်နေသော အလှဆုံးအမျိုးသမီးငယ်များအုပ်စုသည် ကျောက်စိမ်းခွက်များကိုကိုင်၍ ရောက်ရှိလာကြသည်။ ကျောက်စိမ်းခွက်ပေါ်တွင် စားစရာနှင့် လက်ဖက်ရည်အမျိုးမျိုးရှိသည်။
ပန်းခြံတစ်ခုလုံး မွှေးပျံ့သောရနံ့များ လွင့်ပျံနေသည်။ လူအများ၏အာရုံသည် ချက်ချင်းပြောင်းလဲသွားသည်။
“ဟွန်း...”
ရှောင်လျဲ့သည် ကျင်းထျန်တူကိုယ်တိုင် လော့ချန်အတွက် ကြားဝင်ဖြေရှင်းပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကျင်းထျန်တူ၏မျက်နှာကို မထောက်ဘဲနေ၍မဖြစ်သဖြင့် လော့ချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ဒေါသကို မြိုသိပ်ကာ သူ့နေရာသို့ ပြန်သွားသည်။
“စီနီယာရှောင်၊ ဒီလော့ချန်က တကယ်ကို မောက်မာတာ၊ စီနီယာမျက်နှာကိုတောင် မကြည့်ဘူး။ ငါတို့ကိုလည်း အသုံးမကျသူတွေ လို့ ဆဲသေးတယ်... မဖြစ်မနေ သင်ခန်းစာပေးရမယ်...”
အရပ်ရှည်သောလူငယ်သည် လော့ချန်ကို ကြည့်ကာ မြေပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်သည်။ လော့ချန်ကို တစ်စစီ ပိုင်းဖြတ်ပစ်ချင် နေသည်။
ရှောင်လျဲ့ မျက်လုံးများ လော့ချန်ကို စူးစိုက်ကြည့်နေပြီး အေးစက်စွာ ရယ်လိုက်သည်။
“ဟွာကျင်းယန်တစ်ယောက်ကို အနိုင်ယူနိုင်တာနဲ့ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အဆင့်ရှိတယ် မသိတော့ဘူး။ ကိစ္စမရှိပါဘူး။ ခဏလောက် မာနထောင်လွှားပါစေ။ ခဏနေမှ သူ့ကို နာမည်ပျက်ပြီး ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ရမယ်...”
အခန်း ၃၉၉ ပြီးပါပြီ။