နယ်မြေအဆင့် ၉၃၊ လက်တွေ့ပြသခြင်း
Vol. 27 Ch. 400
လော့ချန်သည် ရှောင်လျဲ့တို့၏အကြည့်ကို ဂရုမစိုက်ချေ။ ကျင်းထျန်တူကို ယဉ်ကျေးစွာ တောင်းပန်လိုက်သည်။
“ပထမမင်းသား... ခင်ဗျားကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်...”
ဤသည်က ပထမမင်းသားကျင်းထျန်တူ ကျင်းပသည့်ဧည့်ခံပွဲဖြစ်သော်လည်း သူကြောင့် ပြဿနာဖြစ်ရသည်။
“မဟုတ်ပါဘူး၊ ဒါ ကျွန်တော့်ရဲ့ စိတ်ရင်းအမှန်ပါ။ ခင်ဗျား နန်းတော်မြို့ကို ရောက်နေတယ်ဆိုတာ သိရင် ကျွန်တော်ကိုယ်တိုင် မဖြစ်မနေ လာတွေ့မှာပါ...”
ကျင်းထျန်တူ နွေးထွေးစွာ ပြုံးလိုက်သည်။ လော့ချန်ကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးများက တောက်ပနေသည်။ ထို့နောက် သူက ရယ်ကာ ရင်းရင်းနှီးနှီး ပြောလိုက်သည်။
“ပထမဆုံးတွေ့တဲ့အချိန်ကတည်းက ခင်ဗျား သာမန်လူမဟုတ်ဘူးဆိုတာ ကျွန်တော် ခံစားမိတယ်။ အခုကြည့်ရင်လည်း ကျွန်တော် မမှားဆိုတာ သေချာသွားပြီ...”
ဤစကားသည် ချီးမြှောက်ပြောဆိုခြင်း မဟုတ်ပေ။
လင်ကျန်းမြို့တွင် ပထမဆုံးတွေ့ဆုံစဉ်ကပင် ကျင်းထျန်တူသည် လော့ချန်ကို ငယ်ရွယ်သော်လည်း သတ်ဖြတ်လိုစိတ် ရှိသူ၊ ထူးခြားသောအရည်အချင်းရှိသူဟု ထင်ခဲ့သည်။
မမျှော်လင့်ဘဲ ထိုလူသည် ရွှမ်ယွမ်ဂိုဏ်းတွင် အဋ္ဌမမင်းသား ကျင်းမင်ကိုပင် ဆန့်ကျင်ရဲသည့် လော့ချန်ဖြစ်နေသည်။ နဝမမင်းသမီး ကျင်းယွီရှီ၏ ပါးစပ်မှ လော့ချန်၏အဆင့်အတန်းကို သိရှိသောအခါ ကျင်းထျန်တူ အလွန်အံ့အားသင့်ခဲ့ရသည်။
ထို့အပြင် လော့ချန်သည် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ပြီး ပထမနေရာကိုပင် ရယူနိုင်ခဲ့သည်ကို သိရသောအခါ ပို၍ပင် အံ့အားသင့်ခဲ့ရသည်။
လော့ချန် သွေးလင်းယုန်၏ လိုက်လံသတ်ဖြတ်မှုကို ခံရပြီး အသက်ရှင်ခြင်း၊ သေခြင်း မသေချာကြောင်း သိရသောအခါ ကျင်းထျန်တူသည်ပင် လူလွှတ်၍ စုံစမ်းခဲ့သေးသည်။
သို့သော် သတင်းမရရှိသဖြင့် နောက်ဆုံးတွင် လက်လျှော့ခဲ့ရသည်။
လော့ချန်က ဆိုသည်။
“ပထမမင်းသား ချီးမွမ်းလွန်းပါတယ်...”
ကျင်းထျန်တူ ခေါင်းညိတ်လိုက်သည်။
“တစ်ဦးတည်းသောစွမ်းအားနှင့် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ အခြေအနေကို ကယ်တင်နိုင်ခဲ့ပြီး ရွှမ်ယွမ်ဂိုဏ်းအတွက် ပထမနေရာကို ရယူပေးနိုင်တာဟာ သာမန်လူတိုင်း လုပ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး...”
“ကံမကောင်းစွာနဲ့ ဒီအချိန်မှာ ညီမငယ်က အနားမှာ မရှိပေမဲ့ ခင်ဗျား နန်းတော်မြို့ကို ရောက်လာတာကိုသာ သိရင် သူ အရမ်းပျော်မှာ သေချာတယ်...”
ထိုအချိန်တွင် လူရိပ်တစ်ခု လျှောက်လာသည်။
“ဟဲဟဲ... ကျင်းထျန်တူ... ခင်ဗျားသူငယ်ချင်းကို ကျွန်တော့ကို မိတ်ဆက်ပေးမယ်ဆို...”
လာသူသည်ကိုယ်ခန္ဓာပြေပြစ်သည်။ ခါးတွင် ရတနာဓားကိုချိတ်ထား၏။ ဓားသွားကဲ့သို့မျက်ခုံးရှိပြီး မျက်နှာသည် ကျောက်စိမ်းကဲ့သို့ လှပသည်။ မျက်လုံးများသည် ကောင်းကင်မှကြယ်များကဲ့သို့ တောက်ပနေသည်။ သူသည် ကျင်းထျန်တူ၏ဘေးတွင် ထိုင်နေသောလူငယ် ဖြစ်သည်။
ကျင်းထျန်တူ ပြုံးလိုက်ကာ မိတ်ဆက်ပေးသည်။
“သူက တာချူမင်းဆက် ကျိတော့ဂိုဏ်းကတပည့် လီရှောင်ဖုန်းပါ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉၊ နယ်မြေအဆင့် ၉၃ နေရာမှာ ရှိတဲ့သူပါ...”
“သူကတော့ ဒီနှစ် တာယွဲ့မင်းဆက် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ ပထမနေရာ ရခဲ့တဲ့ လော့ချန်ပါ။ စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်နိုးကြားသူ ဟွာကျင်းယန်တောင် သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့တယ်။ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့်သန်မာသူရဲ့ လိုက်လံသတ်ဖြတ်မှုအောက်ကနေ အသက်ချမ်းသာစွာ လွတ်မြောက်ခဲ့သေးတယ်...”
ကျင်းထျန်တူသည် လော့ချန်ကို အလေးအနက်ထားပြီး မိတ်ဆက်ပေးသည်။
လီရှောင်ဖုန်းကတော့ လော့ချန်ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဂရုမစိုက်ဟန် ပြုလိုက်သည်။
သူသည် လော့ချန်အကြောင်းကို အခုလေးတင် ကြားခဲ့ရသည်။
ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ၏ ပထမနေရာကဲ့သို့ အဓိပ္ပာယ်မရှိသော အဆင့်သတ်မှတ်ချက်သည် သူ၏မျက်လုံးထဲတွင် အလေးထားစရာ မရှိချေ။ အသုံးမကျသည့်သိုင်းဝိညာဉ် နိုးကြားထားသော အသုံးမဝင်သူသည် သူ့နှင့် အဆင့်အတန်းတူ စကားပြောရန် အရည်အချင်းမရှိချေ။
ကျင်းထျန်တူက ဤသို့သောလူကို သူ့အား မိတ်ဆက်ပေးသည်ကို သူ နားမလည်နိုင်ချေ။ သူတို့သည် လုံးဝ ကမ္ဘာမတူသူများ ဖြစ်ကြသည်။
ဤသို့ဖြစ်သည်ကို မြင်သောအခါ ကျင်းထျန်တူ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
သူသည် လော့ချန်၏စိတ်ဓာတ်ကို အလွန်နှစ်သက်သည်။ လော့ချန်နှင့် လီရှောင်ဖုန်းတို့ အချင်းချင်း သိကျွမ်းစေလိုသော်လည်း ယခုကြည့်လျှင် သူ၏ဆန္ဒက တစ်ဖက်သတ်သာ ဖြစ်သည်။
“သူကတော့ လင်ယွမ်ပြတိုက်က သခင်မလေး လော့ယောင်ပါ... ဗဟိုနယ်မြေ လော့မိသားစုကလေ...”
ကျင်းထျန်တူသည် လော့ယောင်ကိုမူ အများကြီး မိတ်ဆက်မပေးချေ။
ဗဟိုနယ်မြေ လော့မိသားစု ဟူသော စကားလုံးလေးလုံးသည် လုံလောက်သည်။
လီရှောင်ဖုန်း၏အကြည့်သည် လော့ချန်ထံမှ လော့ယောင်ဆီသို့ ရွှေ့သွားပြီးနောက် အနည်းငယ်ပြုံးလိုက်သည်။
“သခင်မလေးလော့ယောင်... အဓိကထိုင်ခုံမှာ ထိုင်ပါဦး...”
လီရှောင်ဖုန်းသည် ညာဘက်လက်ကို ဆန့်တန်းလိုက်သည်။
“မလိုပါဘူး၊ ငါ ဒီမှာပဲ ထိုင်လိုက်ပါ့မယ်...”
လော့ယောင် ချိုသာစွာ ပြုံးလိုက်ပြီးနောက် လော့ချန်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
ထိုအခါ လီရှောင်ဖုန်း၏မျက်နှာ တင်းမာသွားသည်။ သူသည်လည်း အတင်းအကျပ် ဆက်ဆံတတ်သူမဟုတ်ချေ။ လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။
“ငါ့ကို ခွင့်ပြုပါအုံး...”
ကျင်းထျန်တူ နောက်က လိုက်သွားသည်။
လော့ချန်သည် လီရှောင်ဖုန်း၏ကျောဘက်ကို ကြည့်ရင်း လော့ယောင်ကို မေးလိုက်သည်။
“နယ်မြေအဆင့် ၉၃ နေရာက အရမ်းသန်မာတာလား...”
“ဟဲဟဲ... မင်း နယ်မြေအဆင့်အကြောင်းတောင် မသိဘူးပေါ့...”
လျူရီဖုန်းက ဘေးတွင် ထိုင်နေသည်။ ဤစကားကို ကြားသောအခါ မထိန်းနိုင်ဘဲ လှောင်ပြောင်ရယ်လိုက်သည်။ ရေတွင်းထဲမှ ဖားကဲ့သို့သော အကြည့် ဖြင့် လော့ချန်ကို ကြည့်သည်။
“နယ်မြေအဆင့်ဆိုတာ နယ်မြေတစ်ခုအတွင်း တူညီတဲ့နယ်ပယ်အဆင့်အောက်မှာ တိုက်ခိုက်ရေးစွမ်းရည် အသန်မာဆုံး ထိပ်ဆုံးလူတစ်ရာကို ပြောတာ။ ယွမ်လန်နယ်မြေတစ်ခုလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ်သန်မာသူတွေ မရေမတွက်နိုင်အောင် များတယ်။ လီရှောင်ဖုန်းရဲ့ အဆင့်ကတော့ ၉၃ နေရာမှာ ရှိနေတာ သန်မာတယ် မထင်ဘူးလား...”
လော့ချန် တိတ်ဆိတ်သွားသည်။
ယွမ်လန်နယ်မြေတစ်ခုလုံးတွင် မင်းဆက်ကြီးသုံးခု၊ အလယ်အလတ်မင်းဆက် ခြောက်ခု၊ နိုင်ငံငယ်လေး ဒါဇင်ပေါင်းများစွာ ရှိသည်။ လူဦးရေ သန်းပေါင်းများစွာရှိသည်။ ပါရမီရှင်များ မြစ်ရေကဲ့သို့ များပြားလှသည်။
၉၃ နေရာ မဆိုထားနှင့် နောက်ဆုံးနေရာ၌ပင် ရှိနေပါစေ၊ လူအများအကြားမှ ခက်ခဲစွာ တက်လှမ်းလာရခြင်း ဖြစ်သည်။
လျူရီဖုန်းသည် လော့ချန်၏အမူအရာကို ကျေနပ်နေသည်။ သူက ဆက်ပြောသည်။
“နယ်မြေအဆင့်အပေါ်မှာ ပိုပြီးအံ့ဩစရာကောင်းတဲ့ ကုန်းမြေကြီးအဆင့်လည်း ရှိသေးသည်။ အဲ့ဒီစာရင်းမှာ ပါတဲ့သူတွေက သန်းပေါင်းများစွာထဲက တစ်ယောက်သာ ဖြစ်တယ်။ တစ်ဦးစီတိုင်းက ကမ္ဘာကိုတုန်လှုပ်စေမဲ့ ပါရမီရှင်တွေချည်းပဲ။ ရှင်ဘုရင်ဖြစ်ဖို့၊ သူတော်စင်ဖြစ်ဖို့ အလားအလာရှိသူတွေပဲ...”
ပြောရင်း လျူရီဖုန်းသည် လက်ဖက်ရည်ခွက်ကို လှည့်နေသည်။ ခေါင်းညိတ်လိုက်ပြီး လှောင်ပြောင်ရယ်မောကာ ဆက်ဆိုလိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စတွေက ခင်ဗျားနဲ့မဆိုင်ပါဘူး... ခင်ဗျား သိထားလည်း အသုံးမဝင်ပါဘူး... ခင်ဗျား ကျင့်ကြံ ကြိုးစားပြီး သွေးကြောနိုးကြားမှုနယ်ပယ်ကို အမြန်ဆုံး ထိုးဖောက်နိုင်ဖို့သာ အရင်လုပ်ပါ...”
လော့ချန်သည် သူ့အား တည်ငြိမ်စွာပင် တစ်ချက်ကြည့်လိုက်ပြီး ပြန်ပက်လိုက်သည်။
“ဒီလိုဆိုရင် နယ်မြေအဆင့်နဲ့ ကုန်မြေကြီးအဆင့်က ခင်ဗျားနဲ့ရော ဆိုင်လို့လား...”
“ခင်ဗျား...”
လျူရီဖုန်း မျက်နှာ ပြာနှမ်းသွားသည်။
သူသည် သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့်အထွတ်အထိပ် နယ်ပယ်ဖြစ်သည်။ ကြယ်ခုနစ်ပွင့်သိုင်းဝိညာဉ် နိုးကြားထားသည်။ ဤသို့သောပါရမီသည် တာယွဲ့မင်းဆက်တွင် ကောင်းမွန်သော်လည်း ယွမ်လန်နယ်မြေထဲတွင်တော့ အထူးအဆန်းမဟုတ်ချေ။
နယ်မြေအဆင့်နှင့် ကုန်းမြေကြီးရှိ ထိုထူးချွန်သူများနှင့် နှိုင်းယှဉ်၍မရသည်မှာ သေချာသည်။
ဤသည်မှာ အမှန်တရားဖြစ်သော်လည်း လော့ချန်၏ပါးစပ်မှ ထွက်လာသည့်အခါ နားထောင်ရသည်မှာ အလွန်နာကျင်စေသည်။
လော့ယောင်၏ နီရဲသော နှုတ်ခမ်းသည် အနည်းငယ်ကွေးညွတ်သွားသည်။
လော့ချန်၏ အရှုံးမပေးတတ်သောစိတ်ဓာတ်ကို သူမ အကြိမ်များစွာ မြင်တွေ့ခဲ့ရသည်။
သူ့ဆီမှ အမြတ်ထုတ်ချင်သူတိုင်းသည်ကိုယ့်ဘာသာ ဒုက္ခရှာခြင်းသာ ဖြစ်သွားကြရသည်။
လျူရီဖုန်းသည် လော့ယောင်၏အမူအရာကို သတိပြုမိသည့်အခါ လက်သီးကို တင်းတင်းဆုပ်ထားပြီး မျက်လုံးများ ပို၍အေးစက်လာသည်။
“ဒီကောင်လေး အရမ်းမာနကြီးတာပဲ၊ ကျိတော့ဂိုဏ်းက လျူရီဖုန်းကိုတောင် မျက်စိထဲ မထည့်ဘူး...”
“တာယွဲ့မင်းဆက် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲရဲ့ ပထမနေရာရသူတစ်ဦးပဲ ရှိတာကို။ကိုယ့်ကိုယ်ကိုယ် ဘာအဆင့်ရှိတယ်လို့ ထင်နေတာလဲ။ ဒီမှာရှိသည့်သူတွေထဲက ဘယ်သူက သူ့ကို လွယ်လွယ်ကူကူ မရှင်းနိုင်ဘဲ ရှိမှာလဲ...”
“ဟဲဟဲ... နွားပေါက်က ကျားကို မကြောက်ဘူး။ လျူရီဖုန်းက အရှုံးခံမဲ့လူ မဟုတ်ဘူး။ ခဏနေရင် ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ် ထင်တယ်...”
လော့ယောင် ပေါ်ထွက်လာမှုကြောင့် ပွဲ၏အငွေ့အသက်သည် အနည်းငယ်ပြောင်းလဲနေ၏။
အလှပဂေးများနှင့် သူရဲကောင်းများ ဆုံစည်းကြသည်။ ပွဲရှိလူငယ်များသည်ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူများဖြစ်ကြသည်။ လော့ချန်နှင့် လော့ယောင်တို့ ဤမျှနီးကပ်သည်ကို မြင်သောအခါ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေကြသည်။
သူတို့သည် ကျင်းထျန်တူ၊ လီရှောင်ဖုန်း၊ လျူရီဖုန်းတို့ကို မယှဉ်နိုင်သော်လည်း ရွှမ်ယွမ်ဂိုဏ်းမှ ပြင်ပစည်းဂိုဏ်းတပည့်တစ်ဦး၊ အသုံးမကျသည့်သိုင်းဝိညာဉ် နိုးကြားထားသူကိုတော့ ထိုအခွင့်အရေးပေးမည် မဟုတ်ချေ။
လော့ချန်၏မျက်နှာတွင် တည်ငြိမ်သောအမူအရာရှိသည်။ လျူရီဖုန်း၏စကားများသည် ကျိယွမ်ဟောင်ကို သတိရစေသည်။
ကျိယွမ်ဟောင်သည် ကျိမိသားစု၏ နတ်သား တစ်ဦးဖြစ်သဖြင့် စွမ်းရည်သည် အလွန်အမင်း သန်မာမည်မှာ သေချာသည်။ သူ စာရင်းတွင် ပါမပါ မသိချေ။
နယ်မြေအဆင့်လား၊ ကုန်းမြေကြီးလား၊ မည်သည့်နေရာတွင် ရှိနေမည်နည်း...။
ပထမမင်းသား ကျင်းထျန်တူသည် အဓိကထိုင်ခုံသို့ ပြန်ရောက်လာပြီးနောက် ဧည့်ခံပွဲစတင်ကြောင်း ကြေညာလိုက်သည်။
ချက်ချင်းပင် ပတ်ဝန်းကျင်မှ တေးသံများ ထွက်ပေါ်လာသည်။ အရသာရှိသော အစားအစာများနှင့် ဝိုင်များ ဆက်တိုက်ချပေးသည်။
ထို့အပြင် လူငယ်အမျိုးသမီးချောများသည် ပန်းခြံအတွင်းရှိ နေရာလွတ်တွင် ဓားရေးပြကာ ကခုန်ကြသည်။ လှပသောကိုယ်ခန္ဓာဟန်ပန်နှင့် အနုစိတ်သောဓားကွက်များ ပေါင်းစပ်နေခြင်းက လူငယ်ပါရမီရှင်များအား လက်ခုပ်တီး၍ ချီးကျူးစေသည်။
လော့ချန်သည် သွေးလင်းယုန်၏ လိုက်လံသတ်ဖြတ်မှုအောက်တွင် တောနက်မုန်တိုင်းသို့ ရောက်ကတည်းက ဘာမှမစားခဲ့ရချေ။ ဤအခိုက်အတန့်တွင် စိတ်ဖိစီးမှုများ လျော့ကျသွားသည်။ စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကို မြင်သောအခါ ချက်ချင်းပင် စားချင်စိတ်ဖြစ်ပေါ်လာသည်။ သူသည် ဖြည်းဖြည်းချင်း မြည်းစမ်းရင်း စားသောက်လိုက်သည်။
အစားအစာများသည် ယခင်ကထက် ပို၍ကောင်းမွန်နေသည်။ ပါဝင်သည့်ပစ္စည်းများမှာ ချီစွမ်းအားဖြည့် သွေးအားကောင်းစေသော နတ်ဆိုးသားရဲ အသားများ ဖြစ်သည်။ လော့ချန်သည် အရသာရှိစွာ စားသောက်နေသည်။
ဤမြင်ကွင်းကို မြင်သောအခါ လူအချို့သည် မထီမဲ့မြင်ပြုသောအမူအရာကို ပြသကြ၏။
ပထမမင်းသား ကျင်းထျန်တူ၏ ဖိတ်ကြားမှုကို ခံရသောသူများစွာသည် မြင့်မြတ်သောမျိုးရိုးမှ ဆင်းသက်လာကြသူများပင် ဖြစ်သည်။
ဤတောင်ပေါ်အစားအစာနှင့် ပင်လယ်အစားအစာများသည် သူတို့အတွက် အထူးအဆန်းမဟုတ်ချေ။
ထို့အပြင် ကျင့်ကြံမှုနယ်ပယ် သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိလျှင် သာမန်အသားအစားအစာများသည် သွေးကြောနိုးကြားမှုနယ်ပယ်သန်မာသူ၏ စားသုံးမှုကို မဖြည့်ဆည်းနိုင်တော့ချေ။ အစားအစာအစား ဝိညာဉ်ဆေးလုံးကို အဓိကထား၍ စားသုံးကြသည်။ တစ်ခါတစ်ရံ ပါးစပ်အရသာအတွက်သာ အနည်းငယ်စားသုံးကြသည်။
ဤသည်မှာ ခန္ဓာကိုယ်သန့်စင်မှုနယ်ပယ်သားများသည် အသားစားကြပြီး၊ သွေးကြောနိုးကြားမှုနယ်ပယ်သားများသည် ဆေးလုံးစားကြသည် ဟူသော ဆိုရိုးစကား၏ မူလအစ ဖြစ်သည်။
ဆေးလုံးသည် ချီစွမ်းအင်ဆေးလုံး ဖြစ်သည်။
လော့ချန်မှလွဲ၍ ပွဲရှိလူအများစုသည် စားပွဲပေါ်မှ အစားအစာများကို အနည်းငယ်သာ စားသုံးကြသည်။ ဤသည်က လော့ချန်ကို ထူးခြားသောသူတစ်ဦးအဖြစ် ဖော်ပြနေသည်။ အမျိုးသမီးအချို့သည် ပါးစပ်ကို လက်ဖြင့်ပိတ်၍ ညင်သာစွာ ရယ်လိုက်ကြသည်။
လော့ချန်သည် ဤအရာများကို ဂရုမစိုက်ချေ။ သူ့ဘာသာ အရသာရှိစွာ စားသောက်နေသည်။
သူ အရသာရှိစွာ စားသောက်နေသည်ကို မြင်သောအခါ လော့ယောင်နှင့် အားမူ တို့သည်လည်း စားချင်စိတ်ဖြစ်ပေါ်လာသည်။ နောက်ထပ် အနည်းငယ်စားသုံးလိုက်ကြသည်။
ပွဲအတွင်း လူအများစုသည် သူတို့၏အတွေ့အကြုံများနှင့် ကျင့်ကြံမှုအတွေ့အကြုံများကို အချင်းချင်း ဆွေးနွေးကြသည်။
ဤသူများသည် နိုင်ငံအသီးသီးမှ လာကြသည်။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများလည်း ဖြစ်ကြသဖြင့် လော့ချန် အကျိုးများစွာ ရခဲ့သည်။
ဝိုင်သုံးခွက်နှင့် အစားအစာငါးမျိုးခန့် စားသောက်ပြီးနောက် လူအများ၏စကားဝိုင်းသည် သူတို့၏စွမ်းရည်နှင့် သိုင်းပညာများဆီသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ ပို၍ပြင်းထန်လာသည်။
လျှပ်ယွမ်ဂိုဏ်းတပည့် ရှောင်လျဲ့သည် လော့ချန်ကို မည်သို့အပြစ်ပေးရမည်ကို စဉ်းစားနေခဲ့သည်။ အချိန်ရောက်ပြီဟု ခံစားရသောအခါ တူများကို ချလိုက်သည်။ အသံကျယ်ကျယ်ဖြင့် ဆိုသည်။
“စကားနဲ့ပြောတာက ပါးစပ်နဲ့လုပ်တဲ့ အလုပ်ပဲ... ဓားအစစ်၊ လက်နက်အစစ်နဲ့ လက်တွေ့ တိုက်ခိုက်တာကမှ စစ်မှန်တဲ့ သိုင်းပညာ ဆွေးနွေးမှုပဲ... အားလုံးပဲ လက်တွေ့ ဖလှယ်လိုက်ကြရအောင်...”
အခန်း ၄၀၀ ပြီးပါပြီ။