← Chapters

မှန်ကန်သွားတယ်၊ မာနထောင်လွှားမှု

Vol. 27 Ch. 401

မှန်ကန်သွားတယ်၊ မာနထောင်လွှားမှု

Vol. 27 Ch. 401

“မှန်တယ်။ အားလုံး တိုက်ခိုက်ပြီး ဆွေးနွေးကြမယ်ဆိုရင် အဆင့်အတန်းခွဲခြားနိုင်သလို အချင်းချင်း လက်တွေ့တိုက်ပွဲအတွေ့အကြုံတွေပါ တိုးစေနိုင်တာ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲ...”

လျူရီဖုန်းသည် ပထမဆုံး ထရပ်ကာ ရှောင်လျဲ့ကို ထောက်ခံလိုက်သည်။

ရှောင်လျဲ့က အခုလေးတင်က ဒေါသတစ်ခုကို ဖောက်ခွဲထုတ်ဖို့ ကြိုးစားနေသည်ကို သူ သဘာဝအတိုင်း မြင်နိုင်ခဲ့သည်။

သူ၏အတွေးနှင့် လုံးဝတူနေသည်။

“ကောင်းပြီ...”

“ဟားဟား... ငါ့ လက်တွေတောင် ယားလာပြီ...”

ပွဲရှိလူများအားလုံး တစ်ဖက်နယ်မြေမှ ပါရမီရှင်များဖြစ်သည်။ အသက်ငယ်စဉ်မှာပင် စိတ်အားထက်သန်မှုရှိကြသည်။ တစ်ဦးကိုတစ်ဦး မယုံကြည်ကြချေ။

ရှောင်လျဲ့၏ အဆိုပြုချက်ကို ကြားသည်နှင့် တစ်ဦးချင်းစီ သွေးများဆူပွက်လာသည်။ လက်များကို ဆုပ်နယ်ကာ အစွမ်းကုန် လက်စွမ်းပြသရန် မစောင့်နိုင်တော့ချေ။ကိုယ်ရည်သွေးကာ မိမိဂုဏ်ကို ဖော်လိုကြသည်။

ကျင်းထျန်တူသည် လူတိုင်း၏ဆန္ဒကို မြင်သည်နှင့် ထရပ်ကာ ညင်သာစွာ ပြုံးလိုက်သည်။

“အားလုံး ဒီလောက် စိတ်ဝင်စားနေရင်တော့ စိတ်မပျက်စေတော့ပါဘူး...”

“ဒါပေမဲ့ ဒါက ချစ်ခင်ရင်းနှီးမှု တိုးပွားစေဖို့အတွက်ပဲ။ အားလုံး သိုင်းပညာ ဖလှယ်ရုံပဲ လုပ်ကြပါ။ အချင်းချင်း ထိခိုက်အောင် မလုပ်ကြနဲ့...”

“နောက်ပြီး နှစ်ဦးနှစ်ဖက် ဆန္ဒရှိပြီး သဘောတူညီမှု ရရှိရမယ်။ အတင်းအကျပ် မလုပ်ရဘူး...”

ကျင်းထျန်တူ စကားပြောပြီးသည်နှင့် ဝန်ထမ်းအချို့သည် ပန်းခြံထဲသို့ ချက်ချင်းဝင်လာကြသည်။ စားပွဲများကို ဖယ်ရှားကာ ကြီးမားသော နေရာလွတ်တစ်ခုကို ရှင်းလင်းပေးလိုက်သည်။

လော့ယောင်သည် လော့ချန် အမူအရာတည်ငြိမ်နေသည်ကို မြင်သောအခါ ရယ်လိုက်သည်။

“ဟို လျှပ်ယွမ်ဂိုဏ်းတပည့်အချို့ မင်းကို အမြဲတမ်း အာရုံစိုက်နေတာ... မင်းကို ဒုက္ခပေးဖို့ အခွင့်အရေးရှာနေတာ သေချာတယ်...”

လော့ချန်သည် လက်ဖက်ရည်တစ်ခွက် သောက်လိုက်သည်။ ဂရုမစိုက်ချေ။

“သူတို့ မလာမှာကိုပဲ ငါ စိုးရိမ်တယ်...”

အမှန်အတိုင်း ပြောရရင် အကယ်၍ ပထမမင်းသား ပေါ်မလာခဲ့ပါက သူ အခုလေးတင် အချို့လူတွေကို သင်ခန်းစာပေးပြီး လောက်ပေပြီ။

ဤမျှများပြားသော ကိစ္စများကို ဖြတ်သန်းပြီးနောက် လော့ချန်သည် သဘောတရားတစ်ခုကို နားလည်ခဲ့သည်။ ဒုက္ခဆိုသည်မှာ ရှောင်လွှဲစရာမဟုတ်၊ ပြေးတွေ့လိုက်ရုံသာ။ လာမည့်ဘေး ပြေးတွေ့လိုက်ခြင်းက ဓားသွေးသကဲ့သို့ပင် မိမိကိုယ်ကိုယ် ထက်မြက်လာစေနိုင်သည်။

လက်သီးတစ်ချက် ထိုးချလိုက်မှ ရာပေါင်းများစွာသော လက်သီးဒဏ်ကို လွတ်ကင်းနိုင်စေမည်။

ထို့အပြင် ဆွန်ယင်ယန်ကြောင့်လည်း လော့ချန်သည် လျှပ်ယွမ်ဂိုဏ်းမှ လူများကို ကြည့်မရခဲ့ချေ။

ဤလူများ သူ့အား လာရောက်မနှောင့်ယှက်ပါက ကိစ္စမရှိချေ။ သို့သော် သူ့ကို လာရောက်နှောင့်ယှက်သည်နှင့် တန်ရာတန်ကြေး ပေးစေရမည်။

လော့ချန်၏ ထက်မြက်သောစကားကို ကြားသောအခါ လော့ယောင်၏ လှပသောမျက်လုံးများတွင် ထူးခြားသောအလင်းတစ်ခု ဖြတ်ပြေးသွားသည်။ နီမြန်းသော နှုတ်ခမ်းကလေးက အနည်းငယ်ကွေးညွတ်သွားသည်။ သွေးနံ့ကို ရလိုက်သော ကြောင်တစ်ကောင်နှင့်တူ၏။

နေရာကို ရှင်းလင်းပြီးနောက် ပထမမင်းသား ကျင်းထျန်တူက ကျယ်လောင်စွာ ရယ်လိုက်သည်။

“ဟဲဟဲ... ဘယ်သူ ဦးဆောင်မလဲ...”

ရှောင်လျဲ့သည် ရှေ့သို့ တက်ရန် ကြိုးစားနေစဉ် လူရိပ်တစ်ခုသည် တစ်လှမ်းမျှသာလှမ်းလိုက်ပြီး ရှေ့သို့ ရောက်သွားသည်။ ကွင်းလယ်တွင် ချက်ချင်း ရပ်တည်လိုက်သည်။

သူမသည် ခါးတွင် ဓားရှည်ကို ချိတ်ထားသော အသက်တစ်ဆယ့်ခြောက်နှစ်ခန့်ရှိသည့် အမျိုးသမီးချောလေးဖြစ်သည်။

မိန်းကလေး၏မျက်နှာသည် လှပသည်။ တစ်ကိုယ်လုံး အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသည်။ လှပသောကိုယ်ခန္ဓာသည် လေတွင်လွင့်နေသော မိုးမခပန်း ပမာဖြစ်သည်။ မျက်လုံးပြာများသည် ထိုင်နေသော မျက်နှာဖြူလူငယ်တစ်ဦးကို အေးစက်စွာ စိုက်ကြည့်နေသည်။ နှုတ်ခမ်းကိုက်ကာ ဒေါသတကြီး အော်ဟစ်သည်။

“ကျောက်ချင်... ဖောက်ပြန်တဲ့ကောင်... ထွက်လာပြီး ငါနဲ့ တိုက်စမ်း...”

ဤစကားထွက်လာသည်နှင့် လူအများ၏မျက်နှာများ ပြုူံးရွှင်လာကြကာ အားလုံး၏ အကြည့်များက ထိုနှစ်ဦးပေါ်သို့ ဦးတည်လိုက်ကြသည်။

မျက်နှာဖြူလူငယ်သည် ရှက်ရွံ့စွာ ထရပ်လိုက်ပြီး ကွင်းထဲသို့ လျှောက်လာသည်။ မိန်းကလေးကို ကြည့်ရင်း ညင်သာစွာ ဆိုသည်။

“ယွမ်မေ့... မင်း ငါ ရှင်းပြတာကို နားထောင်ပါဦး...”

“ဓားကို ကြည့်...”

ယွမ်မေ့၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လျှံထွက်နေသည်။ လက်ကောက်ဝတ်တစ်ခု လှုပ်ရှားသွားသည်။ ငွေရောင်ဓားသည် ဓားအိမ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ ကောင်းကင်ပြည့် ဓားစွမ်းအင်သည် မျက်နှာဖြူလူငယ်ကို ဖုံးလွှမ်းသွားသည်။

မျက်နှာဖြူလူငယ် နောက်သို့ ဆုတ်သွားသည်။ လက်ဖဝါးဖြင့် ဆက်တိုက် ပုတ်ခတ်လိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ချီစွမ်းအင်ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ မျက်နှာဖြူလူငယ်၏ လက်ဖဝါးများသည် လေကဲ့သို့ လှုပ်ရှားနေသည်။ လက်ဖဝါးမှ စွမ်းအင်အလွှာသည် ပတ်ပတ်လည်ကို ရေပက်မဝင်အောင် ကာကွယ်ထားသည်။ ရိုက်ခတ်လာသော ဓားအလင်းများကို ပုတ်ထုတ်လိုက်၏။ တစ်ချိန်တည်းတွင် နှုတ်ခမ်းကို ညင်သာစွာ ဖွင့်ထားသည်။ ယွမ်မေ့ကို တစ်စုံတစ်ရာ တိတ်တဆိတ် ပြောနေသည်မှာ ထင်ရှားသည်။

လူနှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ကွင်းပေါ်ရှိ ဆွေးနွေးသံများလည်း တစ်ယောက်တစ်လှည့် အလှည့်ကျ ပြောနေကြသည်။

လူအများ၏ တိုးတိုးတိတ်တိတ် ဆွေးနွေးသံများမှ လော့ချန် အခြေအနေကို နားလည်သွားသည်။

ယွမ်မေ့သည် တာချူမင်းဆက်မှ ဂိုဏ်းငယ်လေးတစ်ခု၏ အတွင်းစည်း ဂိုဏ်းတပည့်ဖြစ်သည်။

မျက်နှာဖြူလူငယ် ကျောက်ချင်သည် တာချီမင်းဆက်မှ အကြီးဆုံးဂိုဏ်းဖြစ်သည့် ရီလိုဂိုဏ်းမှ တပည့်ဖြစ်သည်။

နှစ်ဦးစလုံးသည် ယခင်က ချစ်သူများဖြစ်ခဲ့ကြသည်။

သို့သော် ကျောက်ချင်က မပြောဘဲ ထွက်ခွာသွားခဲ့သည်။ မမျှော်လင့်ဘဲ ယနေ့ ဧည့်ခံပွဲတွင် တွေ့ဆုံမိကြသည်။ ထို့ကြောင့် ဤပြဿနာ ဖြစ်လာခြင်းပင်။

“တာချီမင်းဆက် ရီလိုဂိုဏ်း...”

လော့ချန်သည် သူ သိမ်းဆည်းထားသော ကာမစွမ်းအင်ကျင့်စဉ် ကျမ်းကို သတိရလိုက်သည်။

ကာမစွမ်းအင်ကျင့်စဉ်သည် သူ ယခင်က အရိပ်မဲ့သူခိုး ထံမှ ရရှိခဲ့သော ရီလိုဂိုဏ်း၏ ထိပ်တန်းကျင့်စဉ်ဖြစ်သည်။ ကြယ်လေးပွင့်ကျင့်စဉ်ဖြစ်ပြီး တွဲဖက်ထားသောကိုယ်ရိပ်နှင့် သိုင်းပညာပါ ပါဝင်သည်။

ဤကျင့်စဉ်သည် ယင်နှင့်ယန် ပေါင်းစပ်မှုဖြင့် အမျိုးသမီး၏ ချီစွမ်းအင်အနှစ်သာရကို စုပ်ယူနိုင်သည်။ ကျင့်ကြံမှုနယ်ပယ်ကို အမြန်ဆုံး မြှင့်တင်နိုင်သည်။ စွမ်းအင်စုပ်ယူခံရသော အမျိုးသမီး၏ ကျင့်ကြံမှုနယ်ပယ် မလုံလောက်ပါက စွမ်းအင်အနှစ်သာရ ဆုံးရှုံးရုံသာမက ချက်ချင်း သေဆုံး နိုင်သည်။

ဤကျင့်စဉ်သည် အလွန် ရိုင်းစိုင်းသောကြောင့် လော့ချန်သည် မိသားစုကိုပင် မပေးဘဲ သူ့ကိုယ်၌ ဆောင်ထားခဲ့ခြင်း ဖြစ်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ကွင်းထဲတွင် ယွမ်မေ့၏ ဓားသိုင်းက ပို၍ ပို၍ လျင်မြန်လာသည်။ ကျောက်ချင်ကို ဆက်တိုက် နောက်သို့ ဆုတ်သွားစေသည်။

လော့ယောင်က မေးသည်။

“လော့ချန်... သူတို့ထဲက ဘယ်သူ အနိုင်ရမယ် ထင်လဲ...”

လော့ချန် ခေါင်းခါလိုက်သည်။

“သရေဖြစ်မယ် ထင်တယ်...”

“သရေ...”

လော့ယောင်သည် ဤသို့သော အဖြေကို မမျှော်လင့်ခဲ့ချေ။ အလွန် အံ့အားသင့်သွားသည်။

မလှမ်းမကမ်းမှ ထိုင်နေသော လျူရီဖုန်းသည် လော့ချန်ကို အမြဲတမ်း အာရုံစိုက်နေသည်။ ဤစကားကို ကြားသောအခါ မထိန်းနိုင်ဘဲ လှောင်ပြောင်လိုက်သည်။

“ရယ်စရာပဲ... ဒီလို အဆင့်အတန်း ကွာခြားတဲ့ တိုက်ပွဲကို ခင်ဗျားက သရေဖြစ်မယ် ပြောတယ်...”

“သွေးကြောနိုးကြားမှုနယ်ပယ် တိုက်ပွဲက ခင်ဗျား ဆွေးနွေးနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ကျွန်တော့် အထင်တော့ ခင်ဗျား ဘာမှ မပြောတာ ကောင်းမယ်။ မဟုတ်ရင် လူတွေရဲ့ ပြက်ရယ်ပြုတာကို ခံရလိမ့်မယ်...”

လော့ချန်သည် မျက်ခုံးပင့်လိုက်ကာ တည်ငြိမ်စွာ ဆိုသည်။

“အိုး... ခင်ဗျားရော ဘယ်လိုမြင်လဲ...”

လျူရီဖုန်းသည် အစကတည်းက စွမ်းရည်ပြသချင်နေသည်။ တိုက်ခိုက်နေသော နှစ်ဦးကို ကြည့်လိုက်ပြီး ဂုဏ်ယူစွာ ဆိုသည်။

“ကျောက်ချင်က သွေးကြောနိုးကြားမှုနယ်ပယ် ပထမအဆင့် အထွတ်အထိပ် နယ်ပယ်ပဲ။ ယွမ်မေ့ကတော့ သွေးကြောနိုးကြားမှုနယ်ပယ် ပထမအဆင့် အလယ်ပိုင်း နယ်ပယ်ပဲရှိတယ်။ အဆင့်နှစ်ဆင့် ကွာခြားနေတယ်...”

“နောက်ပြီး အားလုံး သိတဲ့အတိုင်းပဲ။ ကြာကြာ ကာကွယ်ရင် ဆုံးရှုံးမယ်။ ကျောက်ချင်က ဒီလောက်ကြာအောင် ကာကွယ်ထားပေမဲ့ အနည်းငယ်မျှတောင် အားနည်းခြင်းမရှိဘူး။ ဒါက သူ့ရဲ့စွမ်းအား ယွမ်မေ့ထက် အများကြီး သာလွန်တယ် ဆိုတာ ပြသနေတယ်။ ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် ယွမ်မေ့ရဲ့ ထိုးနှက်မှုတွေ အားနည်းသွားတာနဲ့ ကျောက်ချင် အနိုင်ရလိမ့်မယ်...”

အနီးရှိလူများ ခေါင်းညိတ်လိုက်ကြသည်။ လျူရီဖုန်း၏ ခွဲခြမ်းစိတ်ဖြာမှုသည် ကျိုးကြောင်းဆီလျော်သည်။ လူအများစုသည်လည်း ဤတိုက်ပွဲတွင် ယွမ်မေ့ ရှုံးနိမ့်လိမ့်မည်ဟု ယူဆကြသည်။

လော့ချန်ကတော့ ပြန်လည် ငြင်းခုံခြင်းမပြုဘဲ တစ်ချက်သာ သဘောကျစွာ ရယ်လိုက်သည်။

“ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့...”

လျူရီဖုန်း၏ ခွဲခြမ်းစိတ်ဖြာမှုသည် အမှန်တကယ် ကျိုးကြောင်းဆီလျော်သည်။

သို့သော် ဤသည်မှာ အပေါ်ယံမျှသာ ဖြစ်သည်။

အားပြင်းသော ဝိညာဉ်စွမ်းအင်ခံစားမှု အောက်တွင် လော့ချန်သည် အခြားသူများ မမြင်နိုင်သောအရာများကို များစွာမြင်ခဲ့သည်။

ယွမ်မေ့၏ ထိုးနှက်မှုများသည် ပြင်းထန်သော်လည်း သူမ၏ သတ်ဖြတ်လိုစိတ် ပို၍ ပို၍ အားနည်းလာသည်။ လှုပ်ရှားမှုတိုင်းတွင် စွမ်းအင် သုံးပုံတစ်ပုံခန့် ချန်ထားသည်။ ကျောက်ချင်ကို မထိခိုက်စေလိုသည်မှာ ထင်ရှားသည်။

ကျောက်ချင်ကတော့ လျူရီဖုန်း ပြောသည့်အတိုင်းပင် စွမ်းရည်သည် ယွမ်မေ့ထက် အများကြီး သာလွန်သည်။ အကယ်၍ အနိုင်ယူချင်ရင် နှစ်ကွက်သုံးကွက်နှင့် ပြီးနိုင်သည်။ သို့သော် သူသည် တစ်လျှောက်လုံး ပြန်မတိုက်ခိုက်ခဲ့ချေ။

သူတို့နှစ်ဦး ချစ်ခင်ရင်းနှီးစွာ စကားပြောနေကြသည်ကို ပြော၍မရတော့ဘဲ စကားများနေကြသည်ဟုသာ ဆိုရမည်။

လော့ချန်၏အမြင်တွင် နှစ်ဦးစလုံး သရေဖြစ်ရန် အခွင့်အရေးမှာ ခြောက်ဆယ် ရာခိုင်နှုန်းမှ ခုနစ်ဆယ် ရာခိုင်နှုန်း ရှိသည်။ ကျန်သော သုံးဆယ် ရာခိုင်နှုန်းမှာ ယွမ်မေ့ အနိုင်ရရှိမည့်အခွင့်အရေး ဖြစ်သည်။

လျူရီဖုန်း ပြောသည့်အတိုင်း ကျောက်ချင် အနိုင်ရမည့်အခွင့်အရေးမှာ တစ်ရာခိုင်နှုန်းမျှပင် မရှိချေ။

လော့ချန် သူ့စကားကို အလေးမထားသည်ကို မြင်သောအခါ လျူရီဖုန်း၏မျက်နှာ အနည်းငယ် ညိုမည်းသွားသည်။

“ဟဲဟဲ... ဘယ်လို သရေဖြစ်မလဲ ငါ ကြည့်ရသေးတာပေါ့...”

ကျောက်ချင် အနိုင်ရသည်နှင့် လော့ချန်ကို ကောင်းကောင်း အရှက်ခွဲပစ်မည်ဟု သူ တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

လော့ယောင် မျက်လုံးမှိတ်လိုက်သည်။ သူမသည် လျူရီဖုန်း၏အမြင်ကို ပို၍ သဘောတူသော်လည်း လော့ချန်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။

ထိုအချိန်တွင် ကွင်းထဲတွင် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။

“နွေဦးလေပြည်...”

ယွမ်မေ့သည် သတ်ဖြတ်နည်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ ဓားအလင်းသည် နွေဦးလေနှင့် မိုးဖွဲဖွဲကဲ့သို့ ကျောက်ချင်ဆီသို့ အနုစိတ်ပြီး နက်ရှိုင်းစွာ ဆက်တိုက် ထိုးနှက်လာသည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

လေထုသည် အက်ကွဲကြောင်းများအဖြစ် ဆုတ်ဖြဲသွားသည်။ ကျောက်ချင်၏ကိုယ်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။

ရုတ်တရက်...

“အား...”

ကျောက်ချင်သည် ဓားအလင်းတစ်ချက် ထိမှန်ခံရသည်။ ရင်ဘတ်ကိုကိုင်ကာကိုယ်ရိပ်သည် တုန်ယင်လျက် နောက်သို့ ဆုတ်သွားသည်။

ယွမ်မေ့ မျက်နှာပြောင်းလဲသွားသည်။ အလျင်စလို ဓားကို ရုပ်သိမ်းလိုက်ပြီး ရှေ့သို့ သွား၍ ကြည့်လိုက်သည်။

“မင်း... မင်း ဘာဖြစ်သွားသေးလဲ...”

“ဟဲဟဲ... ငါ ဘာမှမဖြစ်ပါဘူး...”

ကျောက်ချင် ရုတ်တရက် ထရယ်လိုက်သည်။ ညာဘက်လက်ကို ဖယ်လိုက်ရာ ရင်ဘတ်သည် ဘာဒဏ်ရာမျှ ရှိမနေချေ။ ထိုဓားအလင်းကို သူ ဖိနှိပ်ထားခဲ့ပြီး ဖြစ်သည်။

“မင်း... ငါ မင်းကို စိတ်မဆိုးတော့ဘူး...”

ယွမ်မေ့ ရှက်လည်းရှက်၊ ဒေါသလည်းထွက်ကာ မျက်နှာတစ်ခုလုံး နီမြန်းနေသည်။ သူက ချက်ချင်းလှည့်ကာ ပန်းခြံမှ ထွက်ခွာသွားသည်။

“အားလုံးပဲ... ငါ့ကို ခွင့်ပြုပါအုံး...”

ကျောက်ချင်လည်း အလျင်အမြန် လိုက်သွားသည်။

လူအများ အံ့အားသင့်ကုန်ကြသည်။ ဤတိုက်ပွဲသည် ဤမျှ ပြဇာတ်ဆန်စွာ ပြီးဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

“ဒါ... တကယ်ပဲ သရေပဲ...”

လော့ယောင်သည် အံ့အားသင့်စွာ လော့ချန်ကို ကြည့်လိုက်သည်။

အခုလေးတင် ဆွေးနွေးနေသူများသည်လည်း မျက်နှာများ အံ့အားသင့်နေသည်။ ဤသို့သော မဖြစ်နိုင်ဆုံး အဆုံးသတ်သည် လော့ချန်ပြောသည့်အတိုင်း ဖြစ်သွားခဲ့သည်။

လျူရီဖုန်း၏မျက်နှာသည် တဖြည်းဖြည်း နက်မှောင်ကာ ပြာနှမ်းလာသည်။ သူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်ပင် ရုတ်တရက် ကြေမွသွားလေသည်။

လော့ချန် ဤမျှ ကံကောင်း လိမ့်မည်ဟု သူ မထင်ခဲ့ချေ။ ဤသို့သော အခြေအနေမျိုးကိုပင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

လော့ချန်ကို အရှက်ခွဲရန် ကြံစည်ခဲ့သော်လည်း မမျှော်လင့်ဘဲ အမှန်တကယ် အရှက်ကွဲခဲ့သည်မှာ သူသာလျှင် ဖြစ်သွားသည်။ အခြားနေရာမှာသာ ဆိုလျှင် လော့ချန်အား အနားသွားပြီး ပြင်းပြင်းထန်ထန် သေလုမျောပါး ဖြစ်အောင် ရိုက်နှက်ပစ်လိုက်မည်ဖြစ်သည်။

ထိုအချိန်တွင် လူတစ်ဦး ကွင်းထဲသို့ ဝင်လာ၏။

သူသည် လျှပ်ယွမ်ဂိုဏ်းမှ အတွင်းစည်းဂိုဏ်းတပည့် ရှောင်လျဲ့ ဖြစ်သည်။ သူသည် ဦးခေါင်းကို လော့ချန်ဆီသို့ လှည့်လိုက်ကာ လှောင်ပြောင်စွာ ရယ်လိုက်သည်။

“ဟဲဟဲ... အခုလေးတင် တစ်ဦးဦးက မာနထောင်လွှားစွာနဲ့ ငါတို့ လျှပ်ယွမ်ဂိုဏ်းတပည့်တွေကို အသုံးမကျတဲ့ကောင်တွေလို့ ပြောသွားတာ ကြားလိုက်သလိုပဲ... အဲ့ဒါ ဘယ်သူပါလိမ့်...”

အခန်း ၄၀၁ ပြီးပါပြီ။

All Chapters