ရှဲ့ယန်နှင့် ပြန်လည်တွေ့ဆုံခြင်း၊ ဓားထွက်ပေါ်လာခြင်း
Vol. 27 Ch. 394
လေညှင်းသည် ဖြည်းညင်းစွာ တိုက်ခတ်နေသည်။ သစ်ရွက်များ လှုပ်ခတ်သံ သဲ့သဲ့လေး ထွက်ပေါ်နေသည်။ သစ်တောအပေါ်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဘေးချင်းယှဉ်၍ ပျံသန်းနေကြသည်။
သူတို့သည် အကြီးအကဲရှဲ့ယန်နှင့် အကြီးအကဲဖုန်းချန်တို့ ဖြစ်ကြသည်။
“ဟွန်း... တစ်လကျော်တောင် ကြာခဲ့ပြီ။ အဲ့ဒီကောင်လေးရဲ့ အရိုးတွေတောင် သားရဲတွေစားပြီး လုံးဝပျောက်ကွယ်နေလောက်ပြီ။ သူ့သဲလွန်စကို ကျွန်မတို့ ဆက်လက်ရှာဖွေခိုင်းနေတုန်းပဲ။ အပေါ်ကလူတွေ ဘာတွေးနေတယ် မသိဘူး...”
“ပြောရရင် အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ ဂိုဏ်းတပည့်တစ်ဦးပဲ။ နောက်ဆုံးတော့ အသုံးမဝင်တဲ့သူ ဖြစ်လာမှာပဲ။ သေတော့လည်း အေးတာပဲ။ ဒီလောက်ကြီး အပင်ပန်းခံရလောက်အောင် တန်လို့လား...”
ရှဲ့ယန်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူက စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။
လော့ချန် ပျောက်ဆုံးသွားသည့်အချိန်မှစ၍ သူတို့သည် လော့ချန်၏သဲလွန်စကို ရှာဖွေရန် အမိန့်ပေးခံထားရပြီး အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
အကြီးအကဲဖုန်းချန်က ဆိုသည်။
“ဒါက ယွမ်မန်လီရဲ့ အမိန့်ပါ...”
ရှဲ့ယန်၏မျက်လုံးထဲတွင် မနာလိုစိတ်တစ်ခု ဖြတ်ပြေးသွားပြီး အေးစက်သောလေသံဖြင့် ဆိုသည်။
“သူ့အမိန့်ဆိုတော့ရော ဘာဖြစ်လဲ။ လော့ချန်က သွေးလင်းယုန်ရဲ့ လိုက်လံသတ်ဖြတ်မှုကို ခံရတာတောင် အသက်ရှင်နိုင်ဦးမယ်လို့ သူက ထင်နေတာလား... ဟွန့် ရယ်စရာပဲ...”
အကြီးအကဲဖုန်းချန် သက်ပြင်းချလိုက်သည်။
“ယန်အာ... မင်း နည်းနည်းတော့ လေးစားမှု ရှိသင့်တယ်။ ယွမ်မန်လီက အခုဆို မြေကမ္ဘာအဆင့် သိုင်းဝိညာဉ်ကို နိုးကြားပြီး ကျင့်ကြံမှုအဆင့် တိုးတက်လာပြီ။ သူနဲ့ နန်ကုန်းကျွယ်က နောက်တစ်ကြိမ် ဂိုဏ်းချုပ်နေရာအတွက် ယှဉ်ပြိုင်မယ်လို့တောင် သတင်းတွေ ထွက်နေပြီ။ တာချူမင်းဆက် ကျိတော့ဂိုဏ်းက သူတော်စင်မင်းသားကတောင် သူ့ကို နှစ်သက်နေတယ်...”
“အခု ဂိုဏ်းအတွင်းမှာ ယွမ်မန်လီရဲ့ အဆင့်အတန်းက အရင်ကနဲ့ မတူတော့ဘူး။ သူမအမြင်ကို ဂိုဏ်းချုပ်ကတောင် သေသေချာချာ စဉ်းစားနေရပြီ...”
ဤစကားကို ကြားသောအခါ ရှဲ့ယန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ စိတ်ထဲတွင် ကျေနပ်မှုမရှိချေ။
သူတို့နှစ်ဦးလုံး အမျိုးသမီးဖြစ်ပြီး သူမသည်လည်း အတော်အတန် လှပသည့်တိုင် အဘယ်ကြောင့် ယွမ်မန်လီကသာ ကောင်းကင်မှ ဂုဏ်ယူဖွယ်မင်းသမီး ဖြစ်နေရသနည်း။ ယခင်က တာယွဲ့မင်းဆက်မှ မင်းသားများနှင့် ပါရမီရှင်များစွာက သူ့ကိုမြှောက်ပင့်ခဲ့ကြသည်။
ယခုတွင် ကျိတော့ဂိုဏ်းမှ သူတော်စင်မင်းသားကတောင် သူ့ကို အလေးထားနေသည်တဲ့လား။
သူမကတော့ ဂိုဏ်းပြင်ပစည်း သာမန်အကြီးအကဲအဖြစ်သာ ရှိနေရသည်။ သူမ၏ဘေးတွင်ရှိသော လူများမှာလည်း မျက်စိထဲ မထည့်ချင်သည့်သူများသာ ဖြစ်သည်။
ရှဲ့ယန်က အကြီးအကဲဖုန်းချန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ရင်ထဲတွင် ဒေါသများပြည့်နှက်နေပြီး ပို၍ပင် မပျော်မရွှင်ဖြစ်လာသည်။
အကြီးအကဲဖုန်းချန်က နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့။ ဒီလောက်ကြာတဲ့အထိ သတင်းမရတော့ နောက်ရက်အနည်းငယ်ကြာရင် ကျွန်တော်တို့ ပြန်လို့ရမှာပါ...”
ရှဲ့ယန်က နှာမှုတ်လိုက်သည်။
“ပြန်ရောက်ရင်ရော ဘာထူးလဲ။ ဂိုဏ်းပြင်ပစည်း သာမန်အကြီးအကဲအဖြစ်နဲ့သာ ဆက်နေရပြီး သူများခိုင်းတာကို နားထောင်ရဦးမှာပဲ...”
အကြီးအကဲဖုန်းချန် မျက်မှောင်ကြုတ်လိုက်သည်။ “မင်း တောင်းဆိုတဲ့အတိုင်း မင်းသားတန်းကို ဝင်ခွင့်ရခဲ့ပြီ မဟုတ်လား...”
“ဒီကိစ္စကို မင်း ပြောရဲသေးတယ်...”
ရှဲ့ယန်၏ မျက်ခုံးများသည် ထောင်မတ်သွားသည်။
မူလက ကျင်းမင်က ဒီကိစ္စပြီးမြောက်လျှင် မင်းသားတန်းသို့ ဝင်ခွင့်ရရုံသာမက သွေးကြောဖွင့်ဆေးလုံးသုံးလုံးအပါအပြင် အကျိုးကျေးဇူးများစွာ ရရှိမည်ဟု ကတိပြုခဲ့သည်။
သွေးကြောဖွင့်ဆေးလုံးသုံးလုံးသာ ရှိခဲ့လျှင် သူမသည်လည်း သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့်ကို ထိုးဖောက်ရန် အခွင့်အရေးရှိသည်။
မမျှော်လင့်ဘဲ ကျင်းမင်က လော့ချန်သည် သွေးလင်းယုန်၏ သတ်ဖြတ်မှုကို ခံရခြင်းဖြစ်သဖြင့် သူမနှင့်မသက်ဆိုင်ဟု ဆိုသည်။ သူတို့နှစ်ဦးကို မင်းသားတန်းသို့ ဝင်ခွင့်သာ ပေးခဲ့သည်။
အခြားကတိပြုထားသည့် အကျိုးကျေးဇူးများ တစ်ခုမျှ မပေးခဲ့ချေ။ စဉ်းစားလေ ဒေါသထွက်လေဖြစ်သည်။ ရှဲ့ယန်သည် ဖုန်းချန်ကို စိုက်ကြည့်ကာ ဒေါသတကြီးဆိုသည်။
“ဒီကိစ္စအားလုံး မင်းကြောင့်ပဲ။ အကယ်၍ မင်းသာ ငါ့စကားနားထောင်ပြီး အစကတည်းက လော့ချန်ကိုကိုယ်တိုင်သတ်ပစ်ခဲ့ရင် ကျင်းမင်က ဒီလိုဆင်ခြေပေးဖို့ အကြောင်းရှာတွေ့မှာ မဟုတ်ဘူး။ အခုတော့ အလုပ်ကပြီးသွားပြီ။ အကျိုးရလဒ်က လုံးဝမရှိဘူး...”
ဖုန်းချန် ပတ်ဝန်းကျင်ကို တင်းမာစွာကြည့်လိုက်ပြီး အသံကို နှိမ့်လိုက်သည်။
“တိတ်စမ်း။ တိတ်စမ်း။ ဒီကိစ္စမှာ ငါနဲ့မင်း ပါဝင်ပတ်သက်နေတာကို တခြားသူတွေသိသွားရင် ငါတို့ လုံးဝပျက်စီးသွားလိမ့်မယ်။ ယွမ်မန်လီက မျက်စိထဲမှာ သဲတစ်ပွင့်တောင် မခံတဲ့သူပဲ...”
ရှဲ့ယန် အကြီးအကဲဖုန်းချန်ကို အေးစက်စွာလှမ်းကြည့်လိုက်သည်။
“ဟွန်း... ရှေ့တိုးလည်း ထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းတုတ်နဲ့ ဒီပုံတိုင်းသာ ဆက်သွားရင် အသုံးမကျသူအဖြစ်နဲ့ပဲ နိဂုံးချုပ်ရလိမ့်မယ်။ ငါကတော့ မင်းလို တစ်သက်လုံး ဂိုဏ်းပြင်ပစည်း အကြီးအကဲပဲ လုပ်နေချင်တဲ့သူ မဟုတ်ဘူး...”
“တောက်...”
လှည့်လိုက်ပြီး ရှဲ့ယန်သည် အရှိန်ကို မြှင့်လိုက်သည်။
ထိုအချိန်တွင် ရှေ့မှ ရှင်းလင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
“ငါ့ကိုကိုယ်တိုင်မသတ်လိုက်ရတဲ့အတွက် မင်း တော်တော်နောင်တရနေပုံပဲ...”
အသံကို ကြားလိုက်သည်နှင့် ရှဲ့ယန်တို့နှစ်ဦး၏ မျက်နှာများသည် ရုတ်တရက်ပြောင်းလဲသွားပြီး အသံလာရာဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ရှေ့တွင် စိမ်းလန်းသော တောင်ထိပ်တစ်ခု ရှိနေသည်။
ချောက်ကမ်းပါးပေါ်တွင် လူရိပ်တစ်ခု ငြိမ်သက်စွာ ရပ်တည်နေ၏။
အပြာရောင်ဝတ်ရုံကို ဝတ်ထားပြီး ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ထားသည်။ ဓားအိမ်သည် ရှေးဟောင်းပုံစံဖြစ်ပြီး မီးလျှံပုံစံလေးများ ထွင်းထားသည်။ တစ်ကမ္ဘာလုံးကို စွန့်ခွာထားသူကဲ့သို့ တစ်ကိုယ်တော် ရပ်တည်နေသည်။ ထိုရုပ်ဆင်းသဏ္ဌာန်လှပသော လူငယ်သည် အကြီးအကဲရှဲ့ယန်တို့နှစ်ဦးကို တည်ငြိမ်သောအကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။
“လော့ချန်...”
အကြီးအကဲရှဲ့ယန်နှင့် အကြီးအကဲဖုန်းချန်တို့ အကြီးအကျယ် အံ့အားသင့်သွားကြသည်။
ရှဲ့ယန်သည် တစ္ဆေကို မြင်လိုက်ရသည့်နှယ် ထိတ်လန့်သော အမူအရာဖြင့် ဆိုသည်။
“မင်း... မင်း အသက်ရှင်နေတုန်းပဲလား။ မင်း သွေးလင်းယုန်ရဲ့ လိုက်လံသတ်ဖြတ်မှုကို ခံရတာတောင် ဘယ်လိုလုပ် အသက်ရှင်နိုင်တာလဲ။ သွေးလင်းယုန် လမ်းပျောက်သွားတာလား...”
“ဒါ မဖြစ်နိုင်ဘူး...”
စကားပြောပြီးသည်နှင့် ရှဲ့ယန် ချက်ချင်းပင် စိတ်ထဲတွင် ငြင်းဆန်လိုက်သည်။
သွေးလင်းယုန်သည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်အထွတ်အထိပ် သန်မာသူဖြစ်သည်။ လမ်းပျောက်သွားစရာ အကြောင်းမရှိချေ။
“သွေးလင်းယုန်လား... သူ့ကို ငါ သတ်လိုက်ပြီ...”
လော့ချန်၏လေသံသည် တည်ငြိမ်နေသည်။
ဤစကားကို ကြားလိုက်သောအခါ ရှဲ့ယန်၏ လှပသောမျက်နှာပေါ်တွင် ပြက်ရယ်ပြုသောအပြုံးတစ်ခု ပေါ်လာသည်။
“ဟဲဟဲ... မင်း သွေးလင်းယုန်ကို သတ်လိုက်တယ်လို့ ပြောလိုက်တာလား... သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်အထွတ်အထိပ် သန်မာသူကို သတ်လိုက်တယ်ပေါ့... မင်းကိုယ့်ကိုယ်ကိုယ် တကယ် အထင်ကြီးတာပဲ... ဟားဟားဟား... အတော်လည်း လေလုံးထွားတဲ့ကောင်...”
လော့ချန် သဘောကျစွာ ရယ်လိုက်သည်။
“ဒီအကြောင်းပြောရရင် မင်း ငါ့ကို ပေးခဲ့တဲ့ ချင်းယွမ်သွေးရွှင်ဆေးလုံးကို ကျေးဇူးတင်ရမှာပဲ...”
ရှဲ့ယန် မျက်နှာထား လုံးဝပြောင်းလဲသွားသည်။
“မင်း... မင်း ချင်းယွမ်သွေးရွှင်ဆေးလုံးအကြောင်းကို သိတယ်။ မဖြစ်နိုင်ဘူး။ မင်း ဘယ်လိုလုပ် သိနိုင်မှာလဲ...”
ရှဲ့ယန် အံ့အားသင့်သွားသည်။ ထို့နောက် ရုတ်တရက် သဘောပေါက်သွားသည်။
“သြော်... မဆန်းပါဘူး။ မင်း တစ်ချိန်လုံး အဆိပ်မသင့်တာ... မင်း စောစောကတည်းက သိနေခဲ့တာလား။ ဘယ်တုန်းကလဲ။ ဘယ်လိုလုပ် သိတာလဲ...”
“အိုး... လူမသိစေချင်ရင် အစကတည်းက မလုပ်နဲ့ပေါ့... အင်း... ဒီအချိန်မှာ ဒါတွေက အရေးမကြီးတော့ပါဘူး...”
လော့ချန် ညင်သာစွာ ခေါင်းခါလိုက်သည်။ ထို့နောက် ညာဘက်လက်ဖဝါးကို ဓားရိုးပေါ်တွင် တင်လိုက်ပြီး တည်ငြိမ်စွာ ဆိုသည်။
“မင်း ငါ့ကိုကိုယ်တိုင်မသတ်ရတဲ့အတွက် နောင်တရနေတယ် မဟုတ်လား။ ငါ မင်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်...”
ဤစကားကို ကြားသောအခါ ရှဲ့ယန်၏မျက်နှာသည် တဖြည်းဖြည်း ကြောက်မက်ဖွယ်ကောင်းလာသည်။ မျက်လုံးအိမ်အတွင်းတွင် သတ်ဖြတ်လိုစိတ်တစ်ခုသည် မုန်တိုင်းကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
“ဟဲဟဲ... ငါ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်ပေါ့။ စကားကြီးစကားကျယ် ပြောတာပဲ။ မင်း သုံးဂိုဏ်းပြိုင်ပွဲမှာ ပထမရခဲ့တဲ့အတွက် ဘယ်သူ့ကိုမှ မျက်စိထဲ မထည့်တာလား။ စစ်မှန်တဲ့ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူကို မင်း ယှဉ်ပြိုင်နိုင်ပါ့မလား...”
“ကောင်းပြီလေ။ ဒီနေ့ ငါကိုယ်တိုင် မင်းကို လမ်းပြပေးမယ်။ ပြီးတော့ မင်းရဲ့ ဦးခေါင်းကို ကျင်းမင်ဆီ ပို့ပေးမယ်။ ဒီတစ်ခါ ကျင်းမင် ဘာပြောဦးမလဲ ကြည့်ရသေးတာပေါ့...”
ရှဲ့ယန်၏မျက်လုံးထဲတွင် လော့ချန်သည် သေလူ တစ်ဦးသာ ဖြစ်သည်။
သူမနှင့် ဖုန်းချန်တို့သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်သုံး ကျင့်ကြံသူများဖြစ်သည်။ မည်သူမဆို လော့ချန်ကို အလွယ်တကူ သတ်ဖြတ်နိုင်မည်မှာ ဧကန်ပင်။
“သတိထားအုံး... ဒီကောင်လေးက ထူးဆန်းတယ်...”
အကြီးအကဲဖုန်းချန် မျက်လုံးများ တင်းမာနေသည်။
လော့ချန်သည် ချင်းယွမ်သွေးရွှင်ဆေးလုံးကိစ္စကို သိပြီးကိုယ်တိုင် ရင်ဆိုင်ရဲခြင်းက သူ့ကို အလွန်ထူးဆန်းသည်ဟု ခံစားရစေသည်။ သို့သော် လော့ချန်သည် ချင်းယွမ်သွေးရွှင်ဆေးလုံးကိစ္စကို သိရှိသွားပြီဖြစ်သဖြင့် နောက်ထပ် လမ်းမရှိတော့ချေ။ အကြီးအကဲဖုန်းချန်သည် ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ရှဲ့ယန်နှင့် လက်တွဲရန် ကြိုးစားသည်။
“ဟွန်း... မင်း ဝင်ပါစရာ မလိုဘူး။ ငါကိုယ်တိုင် သူ့ကို ရှင်းမယ်...”
ရှဲ့ယန်သည် ဖုန်းချန်၏ ကြောက်ရွံ့တတ်သည့် စိတ်ဓာတ်ကို မထီမဲ့မြင်ပြုသည်။
သူမသည် ယနေ့မှစ၍ မင်းသားတန်းတွင် တစ်ဆင့်ပြီးတစ်ဆင့် အပေါ်သို့ တက်လှမ်းရန် ဆုံးဖြတ်ထားသည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ရှဲ့ယန်၏နောက်တွင် ကြယ်ငါးလုံးတောက်ပနေသော နက်မှောင်သည့် ငါးကြီးတစ်ကောင် ပေါ်လာသည်။
“ဘုန်း...”
တစ်ကိုယ်လုံး ချီစွမ်းအင်များ လှိုင်းထနေသည်။ ရှဲ့ယန်သည် လော့ချန်ကို ကြည့်နေသော အကြည့်များက အလွန်အေးစက်နေသည်။
“လော့ချန်... မင်း ကံကောင်းတယ်။ ချင်းယွမ်သွေးရွှင်ဆေးလုံးက မင်းကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ သွေးလင်းယုန်ရဲ့ လိုက်လံသတ်ဖြတ်မှုကနေတောင် လွတ်မြောက်နိုင်ခဲ့တယ်။ စိတ်မကောင်းစရာက ဒီတစ်ခါတော့ မင်း ကံကောင်းမှာ မဟုတ်တော့ဘူး။ သေလိုက်တော့...”
“ကျောက်စိမ်းလှိုင်းဖြတ်တောက်ခြင်း...”
ရှဲ့ယန်သည် သူ၏ အစွမ်းအားလုံးကို တစ်ပြိုင်နက် ထုတ်သုံးလိုက်သည်။ လက်ဖဝါးပေါ်တွင် ပြင်းထန်သော နက်မှောင်သည့်ချီစွမ်းအင်များ တောက်ပလာသည်။ ချက်ချင်းပင် သတ်ဖြတ်သည့်သိုင်းကွက်ကို အသုံးပြုလိုက်သည်။ လက်ဖဝါးဖြင့် လေဟာနယ်တွင် ခုတ်ပိုင်းလိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
လေထုသည် အဆမတန် တုန်ခါသွားပြီးနောက် အနက်ရောင်လှိုင်းများ အလွှာလိုက် အလွှာလိုက် ပေါက်ကွဲ ထွက်ပေါ်လာသည်။ လှိုင်းတစ်ခုချင်းစီသည် ထက်မြက်သော ခုတ်ပိုင်းမှုစွမ်းအားကို ဖြစ်ပေါ်စေသည်။ အလွှာလိုက် အလွှာလိုက် ထွက်ပေါ်လာသော စွမ်းအားအလင်းတန်းများက ကောင်းကင်အလင်းကိုပင် ဖုံးအုပ်ထားသည်။ လော့ချန်ဆီသို့ အင်အားကြီးမားသော လှိုင်းလုံးများ အဆမတန် ခုတ်ပိုင်းချလာသည်။
“ချပ်...”
မီးလျှံဓား ဓားအိမ်မှ ထွက်ပေါ်လာသည်။
ဓားတစ်ချက်ထွက်ပေါ်လာသည်နှင့် ကောင်းကင်တစ်ခွင်လုံး ညှို့မှိုင်းလာကာ မိုးသားတိမ်လိပ်တို့ ရုတ်ချည်းတက်လာပြီး လောကကြီး ရုတ်တရက် မည်းမှောင်သွား၏။ ဝင်းခနဲ တစ်ချက် လက်သွားပြီးနောက် မိုးကြိုးသံ ထွက်ပေါ်လာခဲ့သည်။
“ဂျိမ်း...”
အလွန်အံ့ဩဖွယ်ကောင်းသော ထက်မြက်သည့်ဓားရောင်သည် မနက်ခင်း၏ပထမဆုံး နေရောင်ခြည်ကဲ့သို့ အမှောင်ကို ပျောက်ကွယ်စေသည်။ အလွှာလိုက်ခုတ်ပိုင်းမှုများသည် ချက်ချင်းပင် ရုတ်ချည်း ပျောက်ကွယ်သွား၏။
“ဖူး...”
ရှဲ့ယန် တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ဓားစွမ်းအင်သည် သူမ၏ ကာကွယ်ရေးချီစွမ်းအင်ကို ထိုးဖောက်ကာ သူမ၏လက်ဖဝါးကို ဖောက်ထွင်းပြီး လက်မောင်းနှင့် ပခုံးတစ်ခုလုံးကို ကြေမွသွားစေသည်။ သွေးများပန်းထွက်ကာ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံနှင့်အတူ နောက်သို့ တည့်တည့်လွင့်ထွက်သွားသည်။
အခန်း ၃၉၄ ပြီးပါပြီ။