ခင်ဗျားမှာ အဲဒီအခွင့်အရေး ရမယ် မထင်ဘူး
Vol. 74 Ch. 1470
~ချန်းရှောင်ရှုံး ဘာမှ ပြန်မပြောရဲတော့ပေ။ ရင်ထဲက ဒေါသကို ခဏတာ မြိုသိပ်ထားလိုက်ရသည်။ သက်သေပစ္စည်း နှစ်ခုကို အရင် ပြန်ယူပြီးမှ ဒီနေ့ကိစ္စကို နောက်မှ ပြန်လက်စားချေမည်။
"ဆရာယဲ့ ပြောတာ မှန်ပါတယ်။ ကျွန်တော် ဒီအဘိုးကြီးကို တောင်းပန်ပါတယ်။ ကျွန်တော် လျော်ကြေးပေးပါ့မယ်။ ကျွန်တော် တတ်နိုင်သလောက် ဘာမဆို တောင်းဆိုနိုင်ပါတယ်"
သူသည် အဘိုးအိုကို ရိုးရိုးသားသား တောင်းပန်လိုက်ပြီးနောက် ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။
"ဒါဆို... အခု သက်သေပစ္စည်း နှစ်ခုကို ကျွန်တော့်ဆီ ပြန်ပေးလို့ ရပြီလား"
"ဒီပစ္စည်းနှစ်ခုကို ပြန်ပေးမယ်လို့ ကျွန်တော် ဘယ်တုန်းက ပြောလိုက်လို့လဲ"
ယဲ့ဖန် နားမလည်နိုင်စွာ မေးလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား"
ချန်းရှောင်ရှုံး မျက်နှာပျက်သွားပြီး၊ ပြင်းထန်သော လူသတ်လိုစိတ်များ ထွက်ပေါ်လာသည်။
ယဲ့ဖန် မနေနိုင်ဘဲ လှောင်ပြောင်လိုက်မိသည်။
"ပထမအချက်... သက်သေတွေကို ပြန်ပေးမယ်လို့ ကျွန်တော် ကတိမပေးခဲ့ဘူး။ ဒုတိယအချက်... ကျွန်တော် ခင်ဗျားကို လှည့်စားလိုက်တယ်ဆိုရင်ရော ဘာဖြစ်လဲ။ ခင်ဗျားလို လူမဆန်တဲ့ တိရစ္ဆာန်မျိုးကို သတ်ပစ်ပိုင်ခွင့် လူတိုင်းမှာ ရှိတယ်။ ခင်ဗျားကို ဒီအတိုင်း လွှတ်ပေးလိုက်ရင် ခင်ဗျားအတွက် အရမ်း သက်သာလွန်းနေမှာပေါ့"
ချန်းရှောင်ရှုံး၏ မျက်လုံးများ လျင်မြန်စွာ လှုပ်ရှားသွားသည်။
သူ သက်သေပစ္စည်း နှစ်ခုကို လုယူချင်သော်လည်း ယဲ့ဖန်၏ အစွမ်းအစကို သူ သိသည်။
ယဲ့ဖန်ရှေ့မှာ ဒီလိုလုပ်ဖို့ မဖြစ်နိုင်ပေ။
အခုတော့ နည်းလမ်းတစ်ခုပဲ ရှိတော့သည်။
အဲဒါက ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာပြီး မိန်းမနှင့် သားသမီးတွေကို ခေါ်ကာ နိုင်ငံခြားကို ထွက်ပြေးဖို့ပဲင်။
ကံကောင်းစွာဖြင့် လွန်ခဲ့သည့် နှစ်တွေအတွင်း သူ ပိုင်ဆိုင်မှုအတော်များများကို နိုင်ငံခြားကို လွှဲပြောင်းထားခဲ့ပြီးသား ဖြစ်၏။ နိုင်ငံခြားရောက်လျှင်တောင် သူတို့မိသားစု တသက်လုံး စည်းစိမ်ယစ်ပြီး နေ၍ ရသေးသည်။
"ကောင်းပြီ... ဒီနေ့တော့ ကျွန်တော် အရှုံးပေးပါတယ်။ သက်သေတွေကို အရာရှိတွေလက်ထဲ အပ်လိုက်ပါ။ ဒါပေမဲ့ ကျွန်တော့်ကို အိမ်ပြန်ပြီး မိသားစုကို နှုတ်ဆက်ခွင့် ပေးနိုင်မလား"
သူသည် အရှုံးပေးလိုက်သည့် ပုံစံမျိုး လုပ်ပြပြီး သူတို့နှစ်ဦးကို တောင်းပန်လိုက်သည်။
ယွီဖုန်းရှန်းကတော့ ဒါကို လူ့သဘာဝပဲဟု ထင်မြင်မိသည်။
ယဲ့ဖန်က တစ်ဖက်လူကို သတ်ချင်တယ် ဆိုလျှင်တောင်မှ၊ မိသားစုကို နှုတ်ဆက်ခွင့်လေးတော့ ပေးသင့်သည် မဟုတ်လား။
သို့သော် သူမ ဘာမှ မပြောနိုင်သေးခင် ယဲ့ဖန်က အေးစက်စွာ ပြောလိုက်သည်က ၊
"ခင်ဗျားမှာ အဲဒီအခွင့်အရေး ရမယ်မထင်ဘူး"
ချန်းရှောင်ရှုံး မျက်နှာပျက်သွားသည်။
သူ ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော ချန်းဖေးအယ်သည် အကာအရံနောက်မှ ထွက်လာပြီး သူမ၏ သက်သေခံကတ်ပြားကို ထုတ်ပြလိုက်သည်။
"ချန်းရှောင်ရှုံး... ကျွန်မက လုံခြုံရေးအဖွဲ့ကပါ။ ရှင်ဟာ ကြီးလေးတဲ့ လူသတ်မှုနဲ့ သံသယရှိသူ ဖြစ်တဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ကျွန်မနဲ့ လိုက်ခဲ့ပါ"
ချန်းရှောင်ရှုံး "လုံခြုံရေးအဖွဲ့" ဆိုသော စကားလုံးကို ကြားလိုက်ရချိန်တွင် လုံးဝ ပြာယာခတ်သွားတော့၏။
သာမန်လူတွေအတွက်တော့ "လုံခြုံရေးအဖွဲ့" ဆိုတာ စိမ်းနေကောင်း စိမ်းနေလိမ့်မည်။
သို့သော် သူ့လို သိုင်းလောကထဲ ကျင်လည်ခဲ့ပြီး၊ ဂိုဏ်းခေါင်းဆောင်ကြီး ဖြစ်လာသူတစ်ယောက်အတွက်တော့ မိုးကြိုးပစ်ချလိုက်သလိုပါပင်။
တစ်ချိန်တည်းမှာပင် လုံခြုံရေးအဖွဲ့ လက်ထဲ ရောက်သွားရင် သူ့ဘဝ ဘာဖြစ်သွားမလဲဆိုတာ သူ ကောင်းကောင်း သိသည်။
သူ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
သတိပေးခြင်း မရှိဘဲ ချန်းဖေးအယ်၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ကန်ထည့်လိုက်လေသည်။
သူ ကျန်းကော၏ ဒေသခံအာဏာရှင် ဖြစ်လာနိုင်တာ ဦးနှောက်နှင့် ပိုက်ဆံကြောင့်တင် မဟုတ်၊ ကိုယ်ခံပညာ ကောင်း၍လည်း ပါသည်။
အတွင်းအား ကျင့်စဉ် ကနဦး အဆင့်ရှိသော လော့ဝေလီကို မမီသော်လည်း၊ သူက အလင်းကျင့်စဉ် အလယ်အလတ်အဆင့်တော့ ရှိသေးသည်။
ထို့ပြင်၊ အလစ်ဝင်တိုက်တာ ဖြစ်တော့ သာမန် သိုင်းပညာရှင်တွေဆိုရင် ကာကွယ်နိုင်မည် မဟုတ်ပေ။
ဒါ့အပြင် သူက လူသတ်ချင်တာ မဟုတ်။ ချန်းဖေးအယ်ကို နောက်ဆုတ်သွားအောင် လုပ်ပြီး အခွင့်ကောင်းယူ ထွက်ပြေးချင်ရုံသာ။
သို့သော် သူ့ရှေ့က မိန်းမ၏ အစွမ်းအစကို သူ လျှော့တွက်မိသွားသည်။
ချန်းဖေးအယ်က သူ့ကို စောစောကတည်းက သတိထားနေခဲ့ဧ။်။
သူ၏ အလစ်တိုက်ကွက်ကို မြင်တော့ သူမ ပါးနပ်စွာ ပြုံးလိုက်ပြီး၊ နောက်မဆုတ်သည့်အပြင် ရှေ့ကို တိုးဝင်လိုက်သေးသည်။
ပထမဆုံး သူ့ကန်ချက်ကို ရှောင်လိုက်၏။ ထို့နောက် အနားကပ်သွားပြီး 'ကျားနက် နှလုံးနှိုက်ကွက်' နှင့် ချန်းရှောင်ရှုံး၏ ရင်ဘတ်ကို ထိုးချလိုက်သည်
"ဝုန်း"
ချန်းရှောင်ရှုံး၏ ခန္ဓာကိုယ်ကြီး ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။
သူ ပြန်မထနိုင်သေးခင်မှာပင် ချန်းဖေးအယ်က အပေါ်မှ ထပ်ပြီး ရင်ဘတ်ကို ဖိနပ်နှင့် နင်းချလိုက်ပြန်သည်။
ထို့နောက် ကျွမ်းကျင်သော ဖမ်းချုပ်နည်းဖြင့် သူ့လက်နှစ်ဖက်ကို နောက်ပြန်လိမ်ပြီး လက်ထိပ်ခတ်လိုက်တော့၏။
ဒီဖြစ်စဉ်တစ်ခုလုံးက ပြောရရင် ကြာသလိုလို ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ မျက်တောင်တစ်ခတ်စာသာ ကြာလိုက်သည်သာ။
ချန်းဖေးအယ် သက်သေခံကတ်ပြား ထုတ်ပြသည်မှ ချန်းရှောင်ရှုံး အဖမ်းခံလိုက်ရသည်အထိ (၃) စက္ကန့်တောင် မပြည့်လိုက်ပေ။
အခန်းထဲရှိ လူများထဲတွင် ယဲ့ဖန်မှလွဲ၍ ကျန်လူများမှာ ဘာဖြစ်သွားမှန်းတောင် သေချာ မမြင်လိုက်ကြပေ။
ချန်းရှောင်ရှုံး လက်ထိပ်ခတ်ခံလိုက်ရတော့မှ သူတို့ အသိပြန်ဝင်လာကြ၏။
နှိုင်းယှဉ်ကြည့်လျှင်တော့ အားချန်က ပိုပြီး တည်ငြိမ်နေသေးသည်။
ဘာပဲပြောပြော သူက လောင်းကစားဝိုင်းက ဘုရင်တစ်ဆူ ဖြစ်ခဲ့ဖူးသလို၊ နောက်ပိုင်းမှာလည်း ယဲ့ဖန်နှင့်အတူ ဂျပန်မှာ စီးပွားရေးအကြီးကြီးတွေ သွားလုပ်ဖူးတော့ လောကအမြင် ကျယ်နေပြီ ဖြစ်ပါသည်။
သည်လောက် မြင်ကွင်းသေးသေးလေးလောက်ကတော့ ဆရာချန်၏ မျက်လုံးထဲ ဝင်မှာ မဟုတ်ပေ။
အဘိုးအိုကတော့ သားနှင့် မယား ဆုံးရှုံးရသော အမုန်းတရားတွေထဲမှာ နစ်မြောနေတုန်းမို့ ဒါတွေကို သိပ်ဂရုမစိုက်နိုင်ပါ။
ယွီဖုန်းရှန်း တစ်ယောက်သာ ကြောင်အမ်းအမ်း ဖြစ်နေ၏။
သူမ ချန်းဖေးအယ် ဘယ်သူလဲဆိုတာ အရင်က မသိခဲ့ပါ။ ယခုမှပဲ သိလိုက်ရတာ... သူမရှေ့က ရယ်စရာကောင်းလောက်အောင် လှပသော မိန်းကလေးက တကယ့် လုံခြုံရေးအဖွဲ့ဝင် တစ်ယောက် ဖြစ်နေသည်လား။
လုံခြုံရေးအဖွဲ့ ဆိုတာကို သူမ သဘာဝကျကျ သိပါ၏။ နိုင်ငံတော်၏ ထက်မြသော ဓားသွားပဲလေ။ အမှုကြီးတွေကိုပဲ ကိုင်တွယ်တတ်လေ၏။
သူမတို့လို လမ်းဘေးလူမိုက် အဆင့်လောက်က လုံခြုံရေးအဖွဲ့ကို အသိပေးပိုင်ခွင့်တောင် ရှိတာမဟုတ်ပေ။
ချန်းရှောင်ရှုံးက ဘယ်လောက်ကြီးသော ရာဇဝတ်မှု ကျူးလွန်ခဲ့၍ ဒီအဖွဲ့က လူတွေ ဆင်းလာရသနည်း။
ဒါ့အပြင်... ယဲ့ဖန်က လုံခြုံရေးအဖွဲ့ကိုတောင် ခိုင်းစေနိုင်သည့် ပုံ ပေါက်နေသည်။
သည်အဖြစ်က ယွီဖုန်းရှန်းကို ပိုပြီး တုန်လှုပ်သွားစေ၏။
သူမသည် ယဲ့ဖန်အား အထင်ကြီးလေးစားပြီးသား ဖြစ်လေသည်။ သူသည် ဉာဏ်ပညာ ထက်မြက်ကာ စွမ်းရည်ရှိပြီး၊ ရှားပါးလှသော မိတ်ဖက်ကောင်း တစ်ဦးဟုသာ ထင်မှတ်ထားခဲ့မိ၏။
သို့သော် သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟုမူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
ဒါဆို သူမက ကျားကို အလကားရမယ် ထင်ပြီး အရေခွံ လာတောင်းနေမိတာများလား။
ဒီအတွေးက သူမကို နေမထိထိုင်မသာ ဖြစ်စေ၏။
"အား... မုန်းတယ်..."
ချန်းရှောင်ရှုံး အဖမ်းခံလိုက်ရပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဒီည သူဟာ ယဲ့ဖန်၏ ထောင်ချောက်ထဲသို့ တောက်လျှောက် ဝင်ခဲ့မိသည်ပဲ။
လော့ဝေလီ ဒုက္ခိတ ဖြစ်သွားသည်မှစ၊ လက်ဖက်ရည်ဆိုင်ကို ရောက်လာသည့်အထိ... သူဟာ ယဲ့ဖန် ရေးဆွဲထားသော ဇာတ်သိမ်းခန်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့မိသည်။
"ငါ သရဲ ဖြစ်ရင်တောင် မင်းကို အလွတ်မပေးဘူး"
သူ ယဲ့ဖန်ကို ဒေါသတကြီး ကြည့်လိုက်သည်။
သူ သည်လိုအဖြစ်မျိုး ရောက်သွားရတာ ဒီကောင်ကြောင့်ပင်။
အခုအချိန်မှာ သူ ပြေးသွားပြီး ယဲ့ဖန်၏ အသားကို ကိုက်ဖဲ့စားချင်စိတ် ပေါက်နေမိသည်။
ယခုအခါ ယဲ့ဖန် သူ့ရှေ့ကို လျှောက်သွားပြီး မျက်လုံးချင်း ဆုံကြည့်လိုက်သည်။
"ကျွန်တော်နဲ့ ရန်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ခင်ဗျားရဲ့ ဇာတ်သိမ်းက သေချာနေပြီးသားပါ။ ကိုယ့်မျက်လုံး ကန်းတာကိုပဲ ကိုယ်အပြစ်တင်လိုက်ပါ"
"ဟား..."
ချန်းရှောင်ရှုံး ဒေါသတကြီး အော်ဟစ်လိုက်သည်။
အရင်တုန်းက ထို လျှို့ဝှက်ဂိုဏ်းက ယဲ့ဖန်ကို သတိထားဖို့ သူ့ကို သတိပေးဖူးသည်။
‘ဒီကောင်က ငယ်ပေမဲ့ နည်းလမ်းတွေက အရမ်း ပြောင်မြောက်တယ်တဲ့။’
အဲဒီတုန်းက သူက ဟာသတစ်ခုလိုပဲ သဘောထားခဲ့သည်။
‘အသက် (၂၀) ကျော် လူငယ်လေး တစ်ယောက်က ဘယ်လောက် စွမ်းနေလို့လဲပေါ့။’
အခုတော့ ယဲ့ဖန် ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ သူ ကိုယ်တိုင် ကြုံတွေ့လိုက်ရလေ၏။ သို့သော်၊ နောက်ကျသွားချေ၏။
ဆယ်စုနှစ်များစွာ သူ စုဆောင်းလာခဲ့သော ပိုင်ဆိုင်မှုတွေအားလုံး တစ်ညတည်းနှင့် ပျက်စီးသွားတော့မည်။
ဆယ်စုနှစ်များစွာ ကြံစည်အားထုတ်ခဲ့သမျှ အရာအားလုံးက နောက်ဆုံးကျတော့ သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။
သူ့ကို စောင့်ကြိုနေတာကတော့ နောက်ဆုံး တရားစီရင်မှုသာ။
"မင်း... မင်း သိပ်မပျော်နဲ့ဦး။ အဲဒီလူတွေက မင်းထင်ထားတာထက် အဆပေါင်း ရာချီ၊ ထောင်ချီ၊ သောင်းချီ ပိုကြောက်စရာကောင်းတယ်။ မင်းရဲ့ ဇာတ်သိမ်းက ငါ့ထက် အများကြီး ပိုဆိုးလိမ့်မယ် နော်"
ချန်းရှောင်ရှုံးကို ချန်းဖေးအယ် ခေါ်ထုတ်သွားချိန်တွင် ချန်းရှောင်ရှုံးက ဒီစကားကို ချန်ထားခဲ့လေသည်။
ယဲ့ဖန်ကတော့ အေးဆေးစွာ ပြန်ပြောလိုက်သည်။
"ကံဆိုးစွာနဲ့ပဲ... ခင်ဗျား အဲဒီနေ့ကို မြင်တွေ့ခွင့် ရမှာ မဟုတ်တော့ဘူး"
ချန်းရှောင်ရှုံး ပါသွားသည်ကို ကြည့်ပြီး အဘိုးအို စိတ်မထိန်းနိုင်တော့ပေ။ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး အော်ဟစ်ငိုကြွေးတော့၏။
"မိန်းမရေ... သားရေ... ကောင်းကင်ဘုံကနေ မြင်ကြရဲ့လား။ မင်းတို့ကို သတ်ခဲ့တဲ့ လူယုတ်မာကြီး နောက်ဆုံးတော့ ဝဋ်လည်ပြီကွ... ဟားဟားဟား…”