ကျန်းကောမှာ မိုးပြောင်းသွားပြီ
Vol. 74 Ch. 1471
~အဘိုးအိုသည် ရယ်တစ်လှည့် ငိုတစ်လှည့်ဖြင့် အရူးတစ်ယောက်လို ဖြစ်နေရှာသည်။
သို့သော် ယဲ့ဖန်ကတော့ သူ့ခံစားချက်ကို နားလည်ပေးနိုင်၏။
နှစ်ပေါင်း (၂၀) ကျော်ကြာ ရင်ထဲတွင် မြိုသိပ်ထားခဲ့ရသော သွေးကြွေးကို ဒီနေ့မှ ပြန်ဆပ်နိုင်ခဲ့သည် မဟုတ်ပါလော။ မည်သူမျှ တည်တည်ငြိမ်ငြိမ် နေနိုင်မှာ မဟုတ်ပေ။
ယဲ့ဖန် လှည့်ကြည့်လိုက်သောအခါ ယွီဖုန်းရှန်း တစ်ယောက် ကြောင်တောင်တောင် ဖြစ်နေသေးသည်ကို တွေ့လိုက်ရသဖြင့် သတိပေးလိုက်ရသည်။
"ဟေ့... ဘာလုပ်နေတာလဲ။ အခု ဘာဆက်လုပ်ရမလဲ မသိတော့ဘူးလား"
ယွီဖုန်းရှန်း အသိပြန်ဝင်လာပြီး သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်၏။
"ကျွန်မ ဘာလုပ်ရမှာလဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖန် မျက်လုံးလှန်ကြည့်လိုက်မိသည်။
"လုံခြုံရေးအဖွဲ့က ချန်းရှောင်ရှုံးကို ခေါ်သွားပြီလေ။ အခု တောင်နက်ဂိုဏ်းက ခေါင်းဆောင်မရှိ ဖြစ်နေပြီ။ ခင်ဗျား ဘာလုပ်သင့်တယ် ထင်လဲ"
အဲဒီကျမှ ယွီဖုန်းရှန်း သဘောပေါက်သွားတော့၏။ သို့သော် သူမ ချက်ချင်း မလှုပ်ရှားသေးဘဲ ယဲ့ဖန်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
"ရှင်က လုံခြုံရေးအဖွဲ့က လူ မဟုတ်ဘူးလား။ ကျွန်မကို တောင်နက်ဂိုဏ်းကို သိမ်းပိုက်ခိုင်းနေတာလား"
မည်သို့ပင်ဆိုစေကာမူ ဇာမဏီသုံးကောင် ဂိုဏ်းဆိုတာ "လူဆိုးဂိုဏ်း" သာ ဖြစ်လေသည်။
‘လုံခြုံရေးအဖွဲ့ဆိုတာ "အရာရှိ" တွေ။
အခုတော့ "အရာရှိ" က သူမလို "လူဆိုး" ကို နောက်ထပ် "လူဆိုးဂိုဏ်း" တစ်ခုကို သွားသိမ်းပိုက်ခိုင်းနေတယ်။
ဒါက နည်းနည်းတော့ ဟာသဆန်မနေဘူးလား။’
"ဘယ်သူက ပြောလဲ၊ ကျွန်တော်က လုံခြုံရေးအဖွဲ့ကလို့"
ယဲ့ဖန် ပြန်မေးလိုက်သည်။
သူက လုံခြုံရေးအဖွဲ့၏ အထူးအဖွဲ့ဝင် တစ်ယောက်သာ ဖြစ်ပြီး၊ သူတို့ဆီက အမိန့်နာခံစရာ မလိုပေ။ ထို့ကြောင့်၊ တိတိကျကျ ပြောရလျှင် သူက လုံခြုံရေးအဖွဲ့ဝင် မဟုတ်ပါချေ။
"ဒါဆို ရှင်က.. ဘယ်လိုလုပ် လုံခြုံရေးအဖွဲ့ကို ခိုင်းစေနိုင်တာလဲ"
ယွီဖုန်းရှန်း ပို၍ စိတ်ဝင်စားသွားသည်။
"ဇာတ်လမ်းက ရှည်တယ်ဗျာ။ ခင်ဗျား ထိုင်ပြီး နားထောင်ဦးမလား"
ယဲ့ဖန် မနေနိုင်ဘဲ လှောင်ပြောင်လိုက်သည်။
ဒီမိန်းမက ဘယ်အရာက အရေးကြီးသည် ဆိုတာကို တကယ် ခွဲခြားတတ်ပုံ မရပါ။
"မလိုတော့ဘူး။ မသိတာပဲ ကောင်းပါတယ်"
ယွီဖုန်းရှန်း စကားရှည်မနေတော့ဘဲ၊ တောင်နက်ဂိုဏ်း၏ လက်ကျန်အင်အားများကို ရှင်းလင်းရန် အလျင်အမြန် ထွက်ခွာသွားလေသည်။
ဒီည ကျန်းကောကြီး သွေးစွန်းတော့မယ်ဆိုတာ သူမ ကြိုမြင်နေမိ၏။
ယဲ့ဖန်ကတော့ ဒါတွေကို သိပ်ဂရုမစိုက်ပေ။ သူက အဘိုးအိုကို အိမ်ပြန်ပို့ပေးပြီး၊ အဘိုးအို၏ ကျေးဇူးတင်စကားများကို လက်ခံကာ ထွက်ခွာလာခဲ့လိုက်သည်။
*
တစ်ချိန်တည်းမှာပင် ဇာမဏီသုံးကောင် ဂိုဏ်းသည် သူတို့ကို ဖိနှိပ်ထားခဲ့သော တောင်နက်ဂိုဏ်းကို အကြီးစား သန့်စင်ရေး စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။
ဇာမဏီသုံးကောင် ဂိုဏ်းသားများသည် တောင်နက်ဂိုဏ်း လက်အောက်ခံ ဂိုဏ်းခွဲအသီးသီးသို့ ဝင်ရောက် စီးနင်းကြ၏။ ဘာစကားမှ မပြောဘဲ တွေ့သည်နှင့် ဝင်ချကြ၊ ရိုက်ကြ နှက်ကြတော့၏။
ယွီဖုန်းရှန်းကတော့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး တောင်နက်ဂိုဏ်း ဌာနချုပ်သို့ သွားရောက် စီးနင်းလေသည်။
တောင်နက်ဂိုဏ်း၏ ခေါင်းဆောင်ပိုင်းများသည် ဌာနချုပ်တွင် ချန်းရှောင်ရှုံး၏ သတင်းကို စောင့်မျှော်နေကြစဉ်၊ အားလုံး အသတ်ခံလိုက်ကြရသည်။
ခေါင်းဆောင်ပိုင်း နှစ်ယောက်ကတော့ အခုတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြကာ၊ ကျန်လူများမှာ ဆေးရုံရောက်ကုန်ကြ၏။
ခေါင်းဆောင်ပိုင်း အကုန် ပြုတ်သွားသဖြင့် တောင်နက်ဂိုဏ်းဘက်မှ ပြန်လည် တိုက်ခိုက်မည့်သူ မရှိတော့ပေ။ ဇာမဏီသုံးကောင် ဂိုဏ်းသည် တစ်ချက်တည်းနှင့် အကုန်သိမ်းပိုက်လိုက်နိုင်၏။
ကျန်းကောဒေသ၏ အကြီးဆုံး မြေအောက်ဂိုဏ်းကြီး ဖြစ်သော တောင်နက်ဂိုဏ်း နိဂုံးချုပ်သွားပြီ ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။
ဒီနေ့ကစပြီး ဇာမဏီသုံးကောင် ဂိုဏ်းသည် တောင်နက်ဂိုဏ်း နေရာတွင် အစားထိုးဝင်ရောက်ကာ ကျန်းကော၏ စစ်မှန်သော မြေအောက်အရှင်သခင် ဖြစ်လာတော့မည်။
ယွီဖုန်းရှန်းသည်လည်း ကျန်းကော သမိုင်းတစ်လျှောက် ပထမဆုံးသော မြေအောက်ဘုရင်မ ဖြစ်လာခဲ့လေသည်။
သတင်းပြန့်သွားသောအခါ ကျန်းကောရှိ မြေအောက်ဂိုဏ်းအားလုံး တုန်လှုပ်သွားကြ၏။
တောင်နက်ဂိုဏ်းနှင့် ဇာမဏီသုံးကောင် ဂိုဏ်း တစ်နေ့နေ့တော့ တိုက်ကြမည်ဆိုတာ သူတို့ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း...
ထိုတိုက်ပွဲက သည်လောက် မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ထိုမျှမကသေး၊ မောက်မာလွန်းလှသော တောင်နက်ဂိုဏ်းကြီးက ဇာမဏီသုံးကောင် ဂိုဏ်း၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး အကြီးအကျယ် ရှုံးနိမ့်သွားသည်ဆိုတာ... သူတို့ လုံးဝ ထင်မှတ်မထားခဲ့သော အရာပင်။
သို့ရာတွင်၊ သူတို့ ရှင်းရှင်းလင်းလင်း သိလိုက်ရသည့် အချက်တစ်ချက် ရှိလေ၏။
ကျန်းကောမှာ မိုးပြောင်းသွားပြီ ဖြစ်သတည်း။
*
နောက်တစ်နေ့တွင် ယဲ့ဖန်သည် နေဖင်ထိုးသည်အထိ အိပ်နေလိုက်သည်။ ယွီဖုန်းရှန်း၏ ဖုန်းခေါ်သံကြောင့်သာ သူ နိုးလာရခြင်း ဖြစ်သည်။
"တောင်နက်ဂိုဏ်း ပျက်စီးသွားပြီ"
ယွီဖုန်းရှန်း၏ အသံမှာ အလွန် စိတ်လှုပ်ရှားနေပုံရသည်။
မည်သို့ပင် ဖြစ်စေ၊ သူမ အမြဲ အိပ်မက်မက်ခဲ့ရသည်က တောင်နက်ဂိုဏ်းကို ဖြိုချဖို့ပါပင်။
ယခုတော့ ယဲ့ဖန်၏ အကူအညီနှင့် ဒီအိပ်မက်က လွယ်လွယ်ကူကူပင် လက်တွေ့ ဖြစ်လာရ၏။ သူမ ယခုထိ အိပ်မက်မက်နေသလို ခံစားနေရဆဲပင်။
ယဲ့ဖန်က အိပ်မှုန်စုန်ဝါး မျက်လုံးများကို ပွတ်သပ်ရင်း ထထိုင်လိုက်သည်။
"ဘယ်လိုလဲ... အမြတ်တွေ အများကြီး ရလိုက်တယ်မလား"
"ဟုတ်တယ်... တောင်နက်ဂိုဏ်း ပိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေက ကျွန်မ ထင်ထားတာထက် အများကြီး ပိုကြီးတယ်။ အနည်းဆုံး ယွမ် သန်းနှစ်ထောင်လောက် တန်ဖိုးရှိမယ်"
ယွီဖုန်းရှန်း စကားပြောနေရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"စိတ်မပူပါနဲ့... ကျွန်မ လောကစည်းကမ်းကို နားလည်ပါတယ်။ ဒီစီးပွားရေးတွေကို တစ်ဝက်စီ ခွဲယူကြတာပေါ့"
ယဲ့ဖန်ကတော့ ဒါကို စိတ်မဝင်စားပေ။
"မလိုပါဘူးဗျာ... ခင်ဗျားပဲ ယူထားလိုက်ပါ။ ကျွန်တော်က ရိုးရိုးသားသား စီးပွားရှာတဲ့ လူကောင်းလေးပါ။ ဒီလို ညစ်ပတ်တဲ့ ပိုက်ဆံတွေကို မထိတာ ပိုကောင်းပါတယ်"
"ပိုက်ဆံမှာ ညစ်ပတ်တာနဲ့ သန့်ရှင်းတာ ရှိလို့လား"
ယွီဖုန်းရှန်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကောင်းပြီလေ... ရှင် ပိုက်ဆံမလိုချင်ဘူး ဆိုတော့လည်း ကျွန်မ ရှင့်ကို အကြွေးကြီးကြီး တစ်ခု တင်သွားပြီလို့ သဘောထားလိုက်မယ်။ ကျွန်မဆီက လိုချင်တာ ရှိရင် ဘာမဆို ပြောပါ"
"အချိန်ကိုက်ပဲ... ကျွန်တော် ခင်ဗျားအကူအညီ လိုနေတာ တစ်ခုတော့ ရှိတယ်"
"ရှင်က တကယ်ပဲ အားမနာတတ်ဘူးနော်"
ယွီဖုန်းရှန်း မထိန်းချုပ်နိုင်ဘဲ လှောင်လိုက်မိသည်။
"ပြောပါ... ဘာကိစ္စလဲ"
"ဒီတစ်ခါ ကျန်းကောကို ရောက်နေတဲ့ ဂိုဏ်းတွေက ဘယ်သူတွေလဲ၊ ဘယ်ဂိုဏ်းက အင်အားအကြီးဆုံးလဲ ဆိုတာ စုံစမ်းပေးပါ"
"အမယ်... ဘာများလဲလို့။ ဒီကိစ္စလေးများ။ ကျွန်မ လိုက်စုံစမ်းမနေတော့ဘူး။ ပွဲလေးတစ်ခု ဖန်တီးပြီး အကြီးဆုံးဂိုဏ်း ခေါင်းဆောင်တွေကို ဖိတ်လိုက်မယ်လေ။ ရှင် ပြောစရာရှိရင် သူတို့ရှေ့မှာ တန်းပြောလိုက်လို့ ရတာပဲ မဟုတ်လား"
"အင်း... အဲဒါလည်း ဟုတ်တာပဲ။ ကောင်းပြီလေ... ဒါဆို စီစဉ်လိုက်ပါတော့"
ယဲ့ဖန် စဉ်းစားကြည့်လိုက်တော့ ဒါက ရလဒ် ချက်ချင်း ထွက်မည့် နည်းလမ်းကောင်း တစ်ခုပင်။
ရှန်ဘုရင်၏ လျှို့ဝှက်ရတနာကို သွားရှာသည့်အခါ ဘယ်သူ့နှောင့်ယှက်မှုမှ မလိုချင်ပေ။ အကောင်းဆုံးကတော့ ဒီလူတွေကို အခက်အခဲတွေနှင့် ရင်ဆိုင်ရမည်ဆိုပြီး ခြိမ်းခြောက်ပြီး ပြန်ခိုင်းလိုက်ခြင်းပင်။ သို့မှ သူတို့ ပြဿနာ မရှာတော့မှာ ဖြစ်၏။
သို့ရာတွင်၊ ဒီ ငွေမက်သည့် လူတွေကို လက်လျှော့သွားအောင် ပြောဖို့ဆိုတာ သိပ်တော့ မလွယ်လှပါ။
အကောင်းဆုံးကတော့ အားချန်ကိုပါ ခေါ်သွားတာပဲ။ လောင်းကစားဝိုင်းက ဘုရင်တစ်ဆူဖြစ်တဲ့ ဒီကောင်က မထင်မှတ်ထားတဲ့ ခြိမ်းခြောက်မှုမျိုး ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်။
နေ့လယ်ပိုင်း ရောက်ခါနီးတွင် ယွီဖုန်းရှန်းဆီမှ သတင်းကောင်း ရောက်လာသည်။
‘သူမက ဝမ်ကျန်းတာဝါ မှာ စားပွဲဝိုင်း စီစဉ်ထားပြီးပြီတဲ့။ ကျန်းကောကို ရောက်နေသည့် အကြီးဆုံး သင်္ချိုင်းဖောက်ဂိုဏ်း ခေါင်းဆောင်တွေကို ဖိတ်ထားပြီး၊ သူတို့အားလုံး လာမည်ဟု ကတိပေးထားကြသည်တဲ့။’
ယဲ့ဖန် တွေဝေမနေတော့ဘဲ အားချန်ကို ခေါ်ပြီး ဝမ်ကျန်းတာဝါသို့ ထွက်လာခဲ့လိုက်သည်။
ဝမ်ကျန်းတာဝါ ဆိုတာ ကျန်းကောမှာ အလွန် နာမည်ကြီးသော စားသောက်ဆိုင် တစ်ဆိုင်ဖြစ်သည်။ နှစ်ပေါင်း (၃၀၀) သက်တမ်း ရှိပြီဟု ဆိုကြ၏။
တရုတ်ရှေးဟောင်း စတိုင်လ် အဆောက်အအုံ ဖြစ်ပြီး စုစုပေါင်း သုံးထပ် ရှိသည်။ တစ်ဖက်က မြစ်ဘက်သို့ မျက်နှာမူထားပြီး မြစ်တစ်ခုလုံးကို စီးမိုးကြည့်ရှုနိုင်သဖြင့် ဒီနာမည် ရလာခြင်း ဖြစ်၏။
["ဝမ်ကျန်းတာဝါ" ရဲ့ တရုတ် မူရင်းစာလုံးနဲ့ အဓိပ္ပာယ်ကတော့ ဒီလိုပါ -
望江楼 (Wàng Jiāng Lóu)
အဓိပ္ပာယ်ခွဲကြည့်မယ်ဆိုရင် -
* Wang (望 - ဝမ်) = လှမ်းမျှော်ကြည့်သည်၊ စီးမိုးကြည့်သည် ။
* Jiang (江 - ကျန်း) = မြစ်
ဒါကြောင့် စုပေါင်းလိုက်ရင် "မြစ်ကို လှမ်းမျှော်ကြည့်ရှုနိုင်သော တာဝါ" လို့ အဓိပ္ပာယ်ရပါတယ်။ ]
ယဲ့ဖန်နှင့် အားချန်တို့ ဝမ်ကျန်းတာဝါသို့ ရောက်လာပြီး ယွီဖုန်းရှန်း နာမည်ကို ပြောလိုက်ကြ၏။
ဧည့်ကြိုဝန်ထမ်းက ချက်ချင်းပင် အမူအရာ ပြောင်းသွားပြီး အများကြီး ပိုမို ရိုသေသွားလေသည်။
သူတို့က သတင်းစုံသည်လေ။ မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာ သဘာဝကျကျ သိထားပြီးသားပင်။
ယွီဖုန်းရှန်းက ယခုဆိုလျှင် ကျန်းကော မြေအောက်လောက၏ ဘုရင်မ ဖြစ်နေပြီဟု ပြော၍ ရပါသည်။
‘လူကြီးတွေ ပြောသလိုပဲ... ငရဲမင်းကို ဆက်ဆံရတာ လွယ်ပေမဲ့၊ တစ္ဆေလေးတွေကို ဆက်ဆံရတာ ခက်တယ်တဲ့။’
ကျန်းကောမှာ စီးပွားရှာချင်လျှင် ဥပဒေကို လိုက်နာရုံဖြင့် မပြီးပါ။ သည်လို အမှောင်အင်အားစုတွေကိုလည်း သတိထား ဆက်ဆံရသေးသည်။
သူက နှစ်ယောက်သားကို သီးသန့်ခန်းရှေ့အထိ ရိုသေစွာ လိုက်ပို့ပေးလိုက်သည်။ စားပွဲထိုးက တံခါးကို ဂရုတစိုက် ခေါက်လိုက်သည်။
"မစ္စစ်ယွီ... ဧည့်သည် ရောက်ပါပြီခင်ဗျာ"
မကြာမီ ယွီဖုန်းရှန်း တံခါးလာဖွင့်ပေးသည်။ သူမက ယဲ့ဖန်ကို အားတက်သရော ကြည့်လိုက်သည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့။ တခြားလူတွေ အကုန်ရောက်နေပြီ။ ရှင့်ကိုပဲ စောင့်နေကြတာ။ လာ... အထဲဝင်"
ပြောရင်းဆိုရင်း သူမက ယဲ့ဖန်၏ လက်ကောက်ဝတ်ကို ရင်းနှီးစွာ ဆွဲကိုင်ပြီး အခန်းထဲသို့ ဆွဲခေါ်သွားလေသည်။
အခန်းထဲရှိ စားပွဲဝိုင်းကြီးတွင် လူများ ပြည့်နှက်နေပြီ ဖြစ်သည်။
ဒီလူတွေအားလုံးက ယွီဖုန်းရှန်းကို မျက်နှာထောက်ပြီး လာကြခြင်း ဖြစ်သည်။
ဒီမိန်းမက သိုင်းလောကကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်လိုက်ပြီဆိုတာ သူတို့ သိကြ၏။ သူမကို မျက်နှာပေးမှ ဖြစ်မည်။ မဟုတ်လျှင် နောင်အခါမှာ၊ ကျန်းကောမှာ ခြေချဖို့ ခက်လိမ့်မည်။
ဒီအချိန်မှာတော့... ကျန်းကော မြေအောက်လောက၏ ဘုရင်မအသစ်က ယောကျ်ား တစ်ယောက်ကို ရင်းနှီးစွာ ဆွဲခေါ်လာတာ မြင်လိုက်ရသောအခါ...
အားလုံး အံ့ဩသွားကြသလို၊ ယဲ့ဖန်ကိုလည်း စူးစမ်းလိုစိတ်ဖြင့် ဝိုင်းကြည့်နေကြလေသည်။
သူက ဘယ်သူလဲဆိုတာ ခန့်မှန်းနေကြမှန်း သိသာထင်ရှားလှသည်။