ရှင်းပြချက် မပေးဘဲ ဒီတိုင်းကြီး လှည့်ထွက်သွားချင်တာလား
Vol. 74 Ch. 1461
~ဆိုဖာပေါ်တွင် ထိုင်နေသောသူမှာ သာမန်လူ တစ်ယောက် မဟုတ်ပေ။ ဇာမဏီသုံးကောင် ဂိုဏ်း၏ နံပါတ်တစ် စစ်ဗိုလ်ချုပ် လိုက်ကျီချန်းပင် ဖြစ်လေသည်။
တောင်နက်ဂိုဏ်းနှင့် ဇာမဏီသုံးကောင် ဂိုဏ်းတို့သည် မကြာခဏ ပဋိပက္ခ ဖြစ်လေ့ ရှိရာ သူတို့နှစ်ဦးမှာလည်း သူစိမ်းများ မဟုတ်ကြချေ။ သို့သော် ဤနေရာတွင် လာဆုံမိကြလိမ့်မည်ဟုတော့ နှစ်ဖက်စလုံး ထင်မှတ်မထားခဲ့ကြပေ။
လိုက်ကျီချန်းသည် ခပ်ဖြည်းဖြည်း မတ်တတ်ထရပ်လိုက်ရာ သူနှင့်အတူ ဘေးရှိ ဇာမဏီ သုံးကောင် ဂိုဏ်းမှ လူများလည်း ဝုန်းခနဲ ထရပ်လိုက်ကြလေသည်။
ထိုအခါ၊ လော့ဝေလီ၏ နောက်လိုက်များကလည်း အသင့်အနေအထား ပြင်လိုက်ကြ၏။
တစ်ဖက်နှင့် တစ်ဖက် ရန်လိုမုန်းတီးသော အငွေ့အသက်များ ရုတ်ချည်း ပေါက်ကွဲထွက်လာတော့၏။
လိုက်ကျီချန်းသည် လော့ဝေလီကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"လော့... မင်း ဘာသဘောလဲ။ ငါ့လူကို လာလုတာလား။ ဂိုဏ်းနှစ်ခုကြားမှာ သွေးချောင်းစီးတဲ့ တိုက်ပွဲဖြစ်အောင် မင်း ဖန်တီးချင်နေတာလား"
လော့ဝေလီ မျက်မှောင်ကြုတ်သွားလေသည်။
အကယ်၍ အခြားလူသာ ဆိုလျှင် သူက မိန်းကလေးကို ဆွဲခေါ်သွားရုံသာ ရှိမည် ဖြစ်ပြီး၊ တစ်ဖက်လူကလည်း တောင်နက်ဂိုဏ်းကို စိန်ခေါ်ရဲမည် မဟုတ်ပေ။
သို့သော် တစ်ဖက်လူက ဇာမဏီသုံးကောင် ဂိုဏ်းမှ ဖြစ်နေခြင်းက ကိစ္စကို ရှုပ်ထွေးသွားစေ၏။
အကယ်၍ ကောင်းကောင်း မကိုင်တွယ်နိုင်ပါက ဂိုဏ်းနှစ်ခုကြား အမှန်တကယ်ပင် သွေးချောင်းစီးသွားနိုင်ချေ ရှိနေ၏။
‘မိန်းမပျက် တစ်ယောက်အတွက်နဲ့တော့ ဒီလောက်အထိ ရင်းနှီးရတာ မတန်ဘူး...’
လော့ဝေလီ စိတ်ထဲတွင် ဆုတ်ခွာရန် တွေးလိုက်မိသော်လည်း နောက်လိုက်အများအပြား၏ ရှေ့မှောက်တွင် သူ့သိက္ခာကို အကျခံ၍ မဖြစ်ပေ။ ထို့ကြောင့် သူက ဟန်ကိုယ့်ဖို့ လုပ်လိုက်လေသည်။
"ဪ... ဇာမဏီသုံးကောင် ဂိုဏ်းက လူတွေ ဖြစ်နေတာကိုး။ ဟားဟား... ထားလိုက်ပါတော့ကွာ။ ဘာပဲဖြစ်ဖြစ် ဒါက ငါ စားပြီးသား အကြွင်းအကျန်ပဲဟာ... မင်းတို့ပဲ ယူလိုက်ကြတော့"
ပြောပြီးသည်နှင့် သူက လူများကို ခေါ်၍ ထွက်သွားရန် ပြင်လိုက်သည်။
သာမန် အခြေအနေမျိုးတွင် ဆိုလျှင် ပြဿနာ ပိုမကြီးထွားစေရန် နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်လေ့ရှိကြစမြဲ ဖြစ်သည်။
သို့သော် လိုက်ကျီချန်းကမူ ရည်ရွယ်ချက်ရှိရှိဖြင့် ပြဿနာကို မီးလောင်ရာ လေပင့် လုပ်လိုပုံရသည်။
"ဘာသဘောလဲ။ မင်းက ငါ့နေရာကို လာပြီး ရမ်းကားချင်တိုင်း ရမ်းကားသွားတယ်... ပြီးတော့ ငါ့ကို ဘာရှင်းပြချက်မှ မပေးဘဲ ဒီတိုင်းကြီး လှည့်ထွက်သွားချင်တာလား"
"ဝုန်း... ဒုန်း..."
ထိုစကားသံ ဆုံးသည်နှင့် ဇာမဏီသုံးကောင် ဂိုဏ်းသားများအားလုံး လှုပ်ရှားလာကြတော့၏။
တချို့က ဝိုင်ပုလင်းများကို ကိုင်ဆောင်လိုက်ကြပြီး၊ တချို့က ခါးပတ်များကို ဖြုတ်လိုက်ကြသလို၊ တချို့ကလည်း ကုလားထိုင်များကို ဆွဲယူလိုက်ကြကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြလေ၏။
လော့ဝေလီသည် လှည့်ကြည့်လိုက်ပြီး လိုက်ကျီချန်းကို မထီမဲ့မြင် ပြုံးလိုက်သည်။
"မင်းက ဘာလိုချင်လို့လဲ"
လိုက်ကျီချန်းက စားပွဲပေါ်ရှိ ဘီယာပုလင်းကို လက်ညှိုးထိုးပြလိုက်ကာ
"ဒီဘီယာပုလင်းကို ကုန်အောင် သောက်သွား... ဒါဆိုရင် မင်းကို သွားခွင့် ပြုမယ်"
လော့ဝေလီ ဘီယာပုလင်းကို တစ်ချက်ကြည့်လိုက်သည်။
အမှန်တကယ်တော့ သူ့လို အရက်သမား တစ်ယောက်အတွက် ဘီယာတစ်ပုလင်းမက၊ လေးငါးပုလင်းဆိုလျှင်တောင် အပျော့သာ ရှိသေး၏။
သို့သော် ဤကိစ္စသည် ဘီယာသောက်ရုံ သက်သက် မဟုတ်ပေ။ ဒါသည် သူ့မျက်နှာ၊ ဆရာချန်း၏ မျက်နှာနှင့် တောင်နက်ဂိုဏ်းတစ်ခုလုံး၏ သိက္ခာနှင့် သက်ဆိုင်နေ၏။
အကယ်၍ သူသာ ဒီဘီယာကို သောက်လိုက်ပါက တောင်နက်ဂိုဏ်းသည် ဇာမဏီသုံးကောင် ဂိုဏ်းလောက် အဆင့်မရှိဟု ဝန်ခံလိုက်ခြင်း မဟုတ်ပါလော။
သူသည် ဘီယာပုလင်းကို ဆတ်ခနဲ လှမ်းယူလိုက်ပြီး ခပ်ဖြည်းဖြည်း လှည့်လိုက်သည်။
"ဂလု... ဂလု... ဂလု..."
ဘီယာပုလင်းထဲမှ အရည်များကို ကြမ်းပြင်ပေါ်သို့ အကုန် သွန်ချလိုက်ပြီးနောက်၊ ပုလင်းခွံကို ကြမ်းပြင်ပေါ်သို့ 'ခွမ်း' ခနဲ ပစ်ပေါက်ခွဲလိုက်လေသည်။
ထို့နောက် သူက လူရွှင်တော် တစ်ကောင်ကို ကြည့်သကဲ့သို့ ရိုင်းစိုင်းသော အပြုံးဖြင့် လိုက်ကျီချန်းကို ကြည့်လိုက်သည်။
"မင်းက ငါ့ကို ဘီယာ သောက်ပြီး အပြစ်ဝန်ခံခိုင်းတာလား... မင်းက အဲ့ဒီလောက် တန်လို့လား"
"ခွေးကောင်... မင်းက ငါတို့ အစ်ကိုကြီးချန်းကို မျက်နှာမပေးဘူးပေါ့လေ"
ဇာမဏီသုံးကောင် ဂိုဏ်းဘက်မှ လူတစ်ယောက် ရုတ်တရက် ခုန်ထွက်လာပြီး လော့ဝေလီ၏ မျက်နှာကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်သည်။
ထိုအခါ၊ လော့ဝေလီသည် လည်ပင်းကို ဘယ်ပြန်ညာပြန် လှည့်လိုက်ရာ 'ကျွတ်... ကျွတ်' ဟူသော အသံများ ထွက်ပေါ်လာသည်။ ထို့နောက် သူက လိုက်ကျီချန်းကို ရက်စက်သော အပြုံးဖြင့် ကြည့်လိုက်လေသည်။
"အားချန်... မင်းရဲ့ တပည့်လေးက တော်တော် ရိုင်းတာပဲ။ ဒီနေရာမှာ သူ စကားဝင်ပြောခွင့် ရှိလို့လား"
လိုက်ကျီချန်းကမူ ခေါင်းငုံ့ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး မီးခိုးငွေ့များကို ခပ်ဖြည်းဖြည်း မှုတ်ထုတ်လိုက်သည်။
"ငါက အခုမှ တပည့် လက်ခံထားတာဆိုတော့ စည်းကမ်းတွေကို သိပ်နားမလည်သေးဘူး။ အစ်ကိုဝေလီ... ခွင့်လွှတ်ပေးပါကွာ"
"သူက စည်းကမ်း နားမလည်ဘူးဆိုရင်လည်း စည်းကမ်းရှိအောင် သင်ပေးရမှာပေါ့။ မင်းလို ခေါင်းဆောင် လုပ်တဲ့ ကောင်က မသင်ပေးဘူး ဆိုရင်တော့ ငါကပဲ ကိုယ်တိုင်ကိုယ်ကျ ကူပြီး ဆုံးမပေးရတော့မှာပေါ့"
လော့ဝေလီ စကားပြောနေရင်းမှ ရုတ်တရက် သတိပေးခြင်းမရှိဘဲ အလစ်ဝင် ကန်ထည့်လိုက်လေသည်။
"ဝုန်း"
ထိုကန်ချက်သည် တပည့်ဖြစ်သူ၏ ရင်ဘတ်တည့်တည့်သို့ ထိမှန်သွားပြီး တည်ငြိမ်ခြင်း၊ တိကျခြင်းနှင့် ရက်စက်ခြင်းတို့ အပြည့်အဝ ပါဝင်နေချေသည်။
ထိုနောက်လိုက်မှာ စက္ကူရုပ်လေးလို လွင့်စင်သွားပြီး နံရံနှင့် ဝင်ဆောင့်ကာ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေသည်။
သီးသန့်ခန်းထဲတွင် ထိုင်သောက်နေကြသော မိန်းကလေးအချို့မှာ ကြောက်လန့်တကြား အော်ဟစ်ကာ ဖရိုဖရဲ ထွက်ပြေးကြကုန်၏။
"ခွေးသား... မင်းက ငါ့လူကို ထိရဲတယ်ပေါ့။ ချကွာ"
လိုက်ကျီချန်းသည် စီးကရက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီးနောက်၊ သူ့နောက်ရှိ နောက်လိုက်တစ်ယောက်ကို မျက်ရိပ်ပြလိုက်ကာ ပုလင်းတစ်လုံးကို ကောက်ကိုင်လျက် ရှေ့သို့ ပြေးဝင်သွားလေသည်။
ကျန်သော နောက်လိုက်များကလည်း လက်နက်များ ကိုယ်စီဖြင့် တောင်နက်ဂိုဏ်းသားများဆီသို့ ဝင်ရောက် စီးနင်းကြတော့၏။
သီးသန့်ခန်း တစ်ခုလုံး ပွက်လောရိုက်သွားတော့၏။
လိုက်ကျီချန်း မျက်ရိပ်ပြလိုက်သော နောက်လိုက်သည် ကုလားထိုင် တစ်လုံးကို ရုတ်တရက် ဆွဲယူကာ မျက်နှာကြက်ရှိ မီးသီးများအားလုံးကို ရိုက်ခွဲပစ်လိုက်လေသည်။
"ခွမ်း ခွမ်း ခွမ်း"
အခန်း တစ်ခုလုံး ချက်ချင်းပင် အမှောင်ကျသွားတော့၏။
တောင်နက်ဂိုဏ်းမှ လူများမှာ ထိတ်လန့်သွားကြပြီး ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။
သို့သော် ဇာမဏီသုံးကောင် ဂိုဏ်းသားများကမူ ရပ်တန့်မနေဘဲ ဘီယာပုလင်းများကို ဆက်လက် ရိုက်ခွဲနေကြ၏။
ဘီယာပုလင်းကွဲသံများနှင့်အတူ နာကျင်စွာ အော်ဟစ်သံများလည်း သီးသန့်ခန်းထဲမှ ထွက်ပေါ်လာတော့၏။
တောင်နက်ဂိုဏ်းသားများလည်း ဒေါသထွက်လာကြပြီး ရူးသွပ်စွာ ပြန်လည် တိုက်ခိုက်ကြလေသည်။
အမှောင်ထုထဲတွင် ရန်သူနှင့် မိတ်ဆွေကို ခွဲခြားမရတော့ပေ။ လူ မိသည်နှင့် အသေအကြေ ချကြတော့၏။
အခန်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေတော့၏။
လော့ဝေလီသည် အတွင်းအား ကျင့်စဉ် အစပျိုးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သာမန်လူများထက် အခြေအနေ ကောင်းမွန်နေသေးသည်။ အမှောင်ထဲတွင် ဖြစ်သော်လည်း သူ၏ အမြင်အာရုံက အခြားသူများထက် ပိုမို ကြည်လင်နေ၏။
သူ့လမ်းကို ပိတ်ရပ်နေသော ဇာမဏီသုံးကောင် ဂိုဏ်းသားတစ်ယောက်ကို ကန်ထုတ်လိုက်ပြီးနောက်၊ ရှုပ်ထွေးနေသော လူအုပ်ကြားထဲတွင် လိုက်ကျီချန်းကို ဝေဝါးဝါး လှမ်းမြင်လိုက်ရသည်။
ထိုအချိန်တွင် လိုက်ကျီချန်းသည် တောင်နက်ဂိုဏ်းဝင် တစ်ယောက်ကို လက်တစ်ဖက်ဖြင့် ဆွဲထားပြီး၊ ကျန်လက်တစ်ဖက်ဖြင့် ဘီယာပုလင်းကို ရိုက်ခွဲနေ၏။
"သေလိုက်တော့"
လော့ဝေလီသည် ကြမ်းပြင်ပေါ်မှ ပုလင်းလွတ် တစ်လုံးကို ကောက်ယူလိုက်ပြီး စားပွဲခုံနှင့် ရိုက်ခွဲလိုက်သည်။ ထို့နောက် လက်ကျန်ပုလင်းကွဲကို ကိုင်ဆောင်ကာ လိုက်ကျီချန်း၏ ကျောဘက်သို့ ထိုးစိုက်ရန် ပြေးဝင်သွားလိုက်လေသည်။
ဤထိုးချက်သာ ထိသွားပါက လိုက်ကျီချန်းတစ်ယောက် မသေလျှင်တောင် ဒုက္ခိတ ဖြစ်သွားနိုင်၏။
သို့သော်... သူ ခြေလှမ်း နှစ်လှမ်းခန့်သာ လှမ်းလိုက်ရသေးချိန်တွင် ရုတ်တရက် လူတစ်ယောက်က သူ့ရှေ့မှ ပိတ်ရပ်လိုက်လေသည်။
အမှောင်ထဲတွင် ထိုလူမှာ လူငယ် တစ်ယောက် ဖြစ်ကြောင်း ဝေဝါးဝါးသာ မြင်လိုက်ရသည်။ ပုံပန်းသဏ္ဍာန်အရ ရုပ်ရည် ချောမောသော လူငယ် တစ်ယောက် ဖြစ်ပုံရသည်။
သို့သော် တစ်ဖက်လူ၏ ရုပ်ရည်ကို သေချာ မမြင်ရသေးမီမှာပင် ထိုလူငယ်က သူ့ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။
လေတိုးသံကို နားထောင်ကြည့်ရုံဖြင့် ထိုလက်သီးချက်မှာ မပေါ့တန်ကြောင်း သူ သိလိုက်သည်။
လော့ဝေလီသည် ရက်စက်စွာ ပြုံးလိုက်ပြီး နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်လိုက်၏။
သူက အတွင်းအား ကျင့်စဉ် ကနဦး အဆင့် ရှိသူ ဖြစ်သည်။ ဤကဲ့သို့သော အင်အားမျိုးသည် ကျန်းကော မြေအောက်လောကတစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။
ဒီကောင်လေးက သူ့ကို အနီးကပ် လာတိုက်ရဲသည်မှာ သေလမ်းရှာနေခြင်းသာ ဖြစ်၏။
သူသည် ပြိုင်ဘက်၏ လက်သီးကို ကာကွယ်ရန် ဘယ်လက်ကို မြှောက်လိုက်ပြီး၊ ညာလက်ဖြင့် 'ကျားနက် နှလုံးနှိုက်ကွက်'ကို အသုံးပြုကာ တစ်ဖက်လူ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်လေသည်။
"ဒုတ်"
တစ်ဖက်လူ၏ လက်သီးက သူ၏ ဘယ်လက်ပေါ်သို့ အကြီးအကျယ် ကျရောက်သွားပြီး တိုးအစ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
လော့ဝေလီ၏ ခန္ဓာကိုယ်သည် သိုင်းပညာကို အလွန်အမင်း လေ့ကျင့်ထားသူ ဖြစ်သည်။
"ဝဇီရ ခန္ဓာကိုယ်" အဆင့်သို့ ရောက်သည်ဟု မပြောရဲသော်လည်း၊ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သာမန်လူများ၏ စိတ်ကူးယဉ်မှုကို ကျော်လွန်နေပြီ ဖြစ်သည်။
လက်မောင်းခန့် တုတ်သော သစ်သားတုတ်ဖြင့် ရိုက်လျှင်ပင် သူ့ကို ထိခိုက်စေမည် မဟုတ်ပေ။ သစ်သားတုတ်သာ ကျိုးသွားလိမ့်မည်။
သို့သော်... တစ်ဖက်လူ၏ ပေါ့ပါးပုံရသော လက်သီးချက် သူ့လက်မောင်းပေါ် ကျရောက်လာချိန်တွင် အရိုးထဲထိ စိမ့်ဝင်သွားသော နာကျင်မှုကို ခံစားလိုက်ရလေသည်။
"ဂျွတ်..."
ကြည်လင်ပြတ်သားသော အရိုးကျိုးသံ တစ်သံ ထွက်ပေါ်လာသည်။ သူ၏ လက်မောင်းမှာ တစ်ဖက်လူ၏ လက်သီးချက်ကြောင့် အမှန်တကယ်ပင် ကျိုးသွားခဲ့ပြီ ဖြစ်သည်။
သူ၏ 'ကျားနက် နှလုံးနှိုက်ကွက်' မှာ တစ်ဖက်လူ၏ ရင်ဘတ်နားသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ဆက်လက် တိုးဝင်နိုင်ခြင်း မရှိတော့ပေ။
လော့ဝေလီ ထိတ်လန့်တုန်လှုပ်သွားလေသည်။
သူသည် သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ကျွမ်းကျင်သူပေါင်း များစွာနှင့် တွေ့ဆုံခဲ့ဖူးသည်။ သူ့ထက်သာသော လူများကို မတွေ့ဖူးသည်တော့ မဟုတ်။
သို့သော်... ဤမျှ ကြောက်မက်ဖွယ် ကောင်းသော အင်အားမျိုးရှိသည့် လူကိုတော့ သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူ့ရင်ထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပျံ့နှံ့လာတော့၏။
ဇာမဏီသုံးကောင် ဂိုဏ်းထဲမှာ ဒီလို ကျွမ်းကျင်သူမျိုး ဘယ်တုန်းက ပေါ်လာတာပါလိမ့်။
သူ ဤမျှသာ တွေးချိန်ရလိုက်ပြီး တံခါးပေါက်ဆီသို့ အပြေးလှမ်းလိုက်တော့၏။
သူ့စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ရလိုက်ပြီဖြစ်သည်။ အကယ်၍ အခုချက်ချင်း မပြေးလျှင် သူ့အသက် ဒီနေရာမှာတင် ပျောက်သွားနိုင်လေသည်။