← Chapters

မိတ်ဆွေ... အေးဆေး ဆွေးနွေးကြရအောင်

Vol. 74 Ch. 1462

မိတ်ဆွေ... အေးဆေး ဆွေးနွေးကြရအောင်

Vol. 74 Ch. 1462

~သို့သော် လော့ဝေလီသည် တံခါးပေါက်ဆီသို့ အသက်လုပြေးပြီး တံခါးလက်ကိုင်ကို ဆွဲလှည့်လိုက်သောအခါ... တံခါးမှာ သော့ခတ်ထားပြီး ဖြစ်နေသည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်ရလေသည်။

သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သော ခံစားမှု တစ်ခု ဖြတ်စီးသွားတော့၏။

ဒီည ဖြစ်ပျက်ခဲ့သမျှ ပဋိပက္ခအားလုံးသည် တစ်စုံတစ်ယောက်က သူ့ကို ကျော့ကွင်းထဲ ဝင်လာစေရန် တမင်ကြံစည်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာပြီ ဖြစ်လေ၏။

ဇာမဏီသုံးကောင် ဂိုဏ်းက တောင်နက်ဂိုဏ်းနဲ့ အဆက်အသွယ်ဖြတ်ပြီး စစ်ခင်းဖို့ ပြင်ဆင်ထားပြီးသားများ ဖြစ်နေမလား။

သူ့ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေစဉ်မှာပင်၊ သူ့အား ကြောက်ရွံ့တုန်လှုပ်စေခဲ့သော လူငယ်သည် သူ့နောက်ကျောဘက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုလူငယ်၏ ခြေလှမ်းများမှာ မြန်လွန်းခြင်းမရှိ၊ နှေးလွန်းခြင်းမရှိဘဲ လမ်းလျှောက်ထွက်လာသည့် လူတစ်ယောက်အလား အေးဆေးတည်ငြိမ်နေ၏။

လော့ဝေလီ၏ နှလုံးသားသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး ကတုန်ကယင်ဖြင့် အသနားခံလိုက်တော့၏။

"မိတ်ဆွေ... အေးဆေး ဆွေးနွေးကြရအောင်... ဇာမဏီသုံးကောင် ဂိုဏ်းက မင်းကို ပိုက်ဆံဘယ်လောက်ပေးထားလဲ... ငါ သုံးဆပေးမယ်... မဟုတ်ဘူး... ဆယ်ဆပေးမယ်... အဆတစ်ရာ ပေးမယ်ကွာ... မင်း လိုချင်တဲ့ ပမာဏသာပြောလိုက်... အခုချက်ချင်း ပိုက်ဆံလာပို့ခိုင်းလိုက်မယ်..."

အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် တစ်ဖက်လူကို ငွေဖြင့် ပေါက်ပြီး လာဘ်ထိုးခြင်းသည်သာ သူစဉ်းစားမိသော တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်။

သူ့အမြင်တွင် ဤလူသည် ဇာမဏီသုံးကောင် ဂိုဏ်းမှ ငှားရမ်းထားသော ကြေးစားလူသတ်သမားတစ်ယောက်သာ ဖြစ်တန်ရာ၏။

ထို့ကြောင့် လုံလောက်သော အကျိုးအမြတ် ပေးနိုင်သရွေ့ တစ်ဖက်လူက ညှာတာလိမ့်မည်ဟု မျှော်လင့်မိသည်။

သို့သော်... တစ်ဖက်လူက သူ့အကွက်ထဲ လုံးဝ ဝင်မလာခဲ့ပေ။

နောက်တစ်စက္ကန့်တွင် လော့ဝေလီ၏ ညာဘက်လက်ကောက်ဝတ်ကို တစ်ဖက်လူက ဖမ်းဆွဲလိုက်လေသည်။

သူ ထိတ်လန့်သွားပြီး ရုန်းကန်ရန် ကြိုးစားလိုက်သည်။

သို့သော် တစ်ဖက်လူက သူ့ကို အခွင့်အရေး မပေးခဲ့ချေ။ ထိုလူ၏ လက်သည် သံညှပ်တစ်ခုကဲ့သို့ သူ့လက်ကောက်ဝတ်ကို ပြင်းထန်စွာ ညှစ်ချလိုက်တော့၏။

"ဂျွတ်"

လော့ဝေလီ၏ ညာဘက်လက်ကောက်ဝတ် အရိုးများ ကြေမွသွားလေသည်။

"အား..."

သူ့တစ်ကိုယ်လုံးရှိ သွေးကြောများ ထောင်ထလာပြီး နာကျင်လွန်းလှသဖြင့် သတိလစ်မတတ် ဖြစ်သွားရသည်။

ဒါသည် အဆုံးသတ်ပြီဟု သူ ထင်မှတ်လိုက်သော်လည်း၊ တကယ်တမ်းတွင်မူ ဒါသည် အစပျိုးခြင်းသာ ရှိသေးကြောင်း သူ မသိခဲ့ရှာပေ။

နောက်တစ်စက္ကန့်တွင် တစ်ဖက်လူ၏ ခြေထောက်က သူ့ခြေမျက်စိပေါ်သို့ အားပါပါ ကျရောက်လာပြန်သည်။

"ဂျွတ်... ဂျွတ်..."

အရိုးကျိုးသံ နှစ်သံ ဆက်တိုက် ထွက်ပေါ်လာလေသည်။

လော့ဝေလီ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး တစ်ကိုယ်လုံး တုန်ခါနေတော့၏။

မျက်တောင်တစ်ခတ်စာ အချိန်တိုလေးအတွင်းမှာပင် သူ၏ ခြေလက်လေးဖက်စလုံး ရိုက်ချိုးခံလိုက်ရပြီ ဖြစ်လေ၏။

တောင်နက်ဂိုဏ်း၏ နံပါတ်တစ် လက်ရုံးတော်ကြီး... လုံးဝ ဒုက္ခိတဘဝသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေ၏။

ထိုအခိုက်အတန့်တွင် လော့ဝေလီ၏ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားတော့၏။

သူ့ဘဝတွင် ရှိသမျှ ဂုဏ်အရှိန်အဝါများ၊ သုံးမကုန်သော ငွေကြေးများနှင့် မရိုးနိုင်သော မိန်းမလှလေးများ အားလုံးသည် သူ့ခွန်အားအပေါ်တွင် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

ယခုမူ... သူသည် အသုံးမကျသော ဒုက္ခိတ တစ်ယောက် ဖြစ်သွားရ၏။

ခြေလက်များကို ဆေးရုံတွင် ပြန်ဆက်ပေးနိုင်လျှင်တောင်မှ သူ့စွမ်းရည်များက အကြီးအကျယ် ကျဆင်းသွားမည်ဖြစ်ပြီး နဂိုမူလ အထွတ်အထိပ် အခြေအနေသို့ ဘယ်တော့မှ ပြန်ရောက်နိုင်တော့မည် မဟုတ်ပေ။

တိုက်ခိုက်နိုင်စွမ်း မရှိတော့သော လော့ဝေလီ တစ်ယောက်သည် အေးစက်လွန်းလှသော ဂိုဏ်းချုပ်ချန်းအတွက်တော့ အသုံးမဝင်သော လူပို တစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။

‘မုန်းတယ်... ငါ့ကို ဒုက္ခိတ ဖြစ်အောင် လုပ်တဲ့ ဒီကောင်ကို သေလောက်အောင် မုန်းတယ်...’

ဒီလူက သူ့ဘဝမှာ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူကတော့ သူ့ကို အရေးလုပ်ပုံ မရပေ။ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်ရခြင်းသည် အမှိုက်တစ်စကို ကောက်ပစ်လိုက်ရသကဲ့သို့ ပေါ့ပါးလွန်းလှသည်။

ထိုလူငယ်သည် လက်ကို ခါလိုက်ပြီး လဲကျနေသော သူ့ဘေးမှ ဖြတ်ကျော်ကာ သီးသန့်ခန်း တံခါးကို ဖွင့်၍ ထွက်ခွာသွားလေသည်။

မှိန်ပျပျ အလင်းရောင်အောက်တွင် ထိုလူငယ်၏ ကျောပြင်ကိုသာ လော့ဝေလီ လှမ်းမြင်လိုက်ရ၏။

ပါးလျသော ကျောပြင်ကို ကြည့်ရသည်မှာ အသက်မကြီးသေးဘဲ သာမန် ကျောင်းသားလေး တစ်ယောက်နှင့် တူလှသည်။

သို့သော်... ဤလူငယ်လေးကပင် သူ့ဘဝ တစ်ခုလုံးကို ခြေမွပစ်လိုက်ခြင်း ဖြစ်သည်။

မကြာမီ အခန်းထဲမှ တိုက်ပွဲပြီးဆုံးသွားလေသည်။

တောင်နက်ဂိုဏ်းသားများအားလုံး သွေးအိုင်ထဲတွင် လဲကျနေကြပြီး နာကျင်စွာ ညည်းညူအော်ဟစ်နေကြ၏။

လိုက်ကျီချန်းသည် ဖုန်းမီးကိုဖွင့်လိုက်ပြီး လော့ဝေလီ၏ ရှေ့တွင် ထိုင်ချလိုက်သည်။ သူက ဖုန်းမီးရောင်ဖြင့် လော့ဝေလီ၏ မျက်နှာကို ထိုးလိုက်ပြီးနောက် သူ့နောက်လိုက်များကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။

"တွေ့ကြလားဟေ့... ဒါက တောင်နက်ဂိုဏ်းရဲ့ နံပါတ်တစ် လက်ရုံးတော်ကြီးတဲ့... ဘာလို့ အခုကျတော့ ခွေးတစ်ကောင်လို ဖြစ်နေရတာတုန်း"

"ဟားဟားဟား..."

ဇာမဏီသုံးကောင် ဂိုဏ်းသားများမှာ ဒဏ်ရာကိုယ်စီ ရထားကြသော်လည်း အားရပါးရ ရယ်မောလိုက်ကြလေသည်။

ကျန်းကောဒေသတွင် တောင်နက်ဂိုဏ်းသည် ဇာမဏီသုံးကောင် ဂိုဏ်းကို အမြဲတမ်း ဖိနှိပ်ထားလေ့ရှိသည်။

ထို့ကြောင့် ဇာမဏီသုံးကောင် ဂိုဏ်းသားများသည် တောင်နက်ဂိုဏ်းသားများရှေ့တွင် ခေါင်းမဖော်ဝံ့အောင် ဖြစ်ခဲ့ရသည်။

ယနေ့တွင်မူ မောက်မာလွန်းလှသော တောင်နက်ဂိုဏ်းကို သူတို့ ကိုယ်တိုင် မြေလှန်နိုင်ခဲ့ကြပြီ ဖြစ်ပါ၏။

တစ်ဖက်ဂိုဏ်း၏ နံပါတ်တစ် လက်ရုံးတော်ကြီးတောင်မှ ခြေလက်တွေ ကျိုးပြီး မြေကြီးပေါ်တွင် ခွေးသေ တစ်ကောင်လို ဝပ်နေရပြီ ဖြစ်လေ၏။

သည်အချိန်မှာတော့... အောင်ပွဲအလံက ဇာမဏီသုံးကောင် ဂိုဏ်းဘက်မှာ တလူလူ လွင့်ထူနေတော့၏။

လော့ဝေလီ၏ ရင်ထဲတွင် အမုန်းမီးများ တောက်လောင်နေ၏။

အရင်တုန်းကဆိုလျှင် ဒီကောင်တွေက သူ့မျက်လုံးထဲတွင် အမှိုက်သရိုက်လောက်သာ ရှိခဲ့ပြီး၊ သူ့ရှေ့ရောက်လျှင် ကြောက်လန့်တကြား ခေါင်းငုံ့နေခဲ့ရသူများ ဖြစ်သည်။

ယခုမူ ကျားမြေပြန့်ဆင်းတော့ ခွေးဟောင်ခံရသည့် ကိန်းဆိုက်နေချေ၏။

ဒီလို လူမိုက်လေးတွေ၏ လှောင်ပြောင်မှုကို သူ ခံနေရသည်မှာ နာကျည်းစရာ ကောင်းသလို ရယ်စရာလည်း ကောင်းလှသည်။

"ဟား..."

သူသည် လိုက်ကျီချန်းကို စိုက်ကြည့်ရင်း မျက်နှာ တစ်ခုလုံး နီရဲနေပြီး အော်ဟစ်လိုက်သည်။

"အမယ်... အမယ်... လူကိုများ စားချင်နေသေးသလား။ ဟဲဟဲ... ဒါက ငါတို့ ဇာမဏီသုံးကောင် ဂိုဏ်းကို ဆန့်ကျင်တဲ့ ရလဒ်ပဲကွ။ ပြန်ရောက်ရင် မင်းတို့ဆရာ ချန်းရှောင်ရှုံးကို လည်စင်းပြီး စောင့်နေဖို့ ပြောလိုက်ဦး။ နောက်ထပ်က သူ့အလှည့်ပဲ"

လိုက်ကျီချန်းက လော့ဝေလီ၏ ပါးကို ပုတ်လိုက်ပြီး ခပ်ဖြည်းဖြည်း မတ်တတ်ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

"အဲဒီလူက ဘယ်သူလဲ"

လော့ဝေလီ ရုတ်တရက် မေးလိုက်သည်။

"မင်းမေးနေတာ ဘယ်သူ့ကိုလဲ၊ ငါဘယ်သိမလဲကွ"

လိုက်ကျီချန်း ခြေလှမ်းတန့်သွားပြီး စီးကရက်တစ်လိပ် ထပ်မံ မီးညှိလိုက်သည်။

"ငါ့ကို ဒုက္ခိတဖြစ်အောင် လုပ်သွားတဲ့ကောင်လေ"

လော့ဝေလီက ထိုလူအကြောင်း ပြောရင်း အံကိုတင်းတင်း ကြိတ်ထားလိုက်သည်။

ထိုအခါ၊ လိုက်ကျီချန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပြုံးလိုက်သည်။

"အဲဒီလူက ဘယ်သူလဲဆိုတာ ငါ မင်းကို ပြောပြလို့ မရဘူး။ ဒါပေမဲ့ ငါ ပြောနိုင်တာ တစ်ခုက... သူ့လက်ချက်နဲ့ ဒုက္ခိတ ဖြစ်သွားရတာ မင်းဘဝအတွက် အကြီးမြတ်ဆုံး ဂုဏ်ယူစရာ တစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မယ်"

စကားပြောနေရင်း သူ့ခေါင်းထဲတွင် ယဲ့ဖန်၏ ပုံရိပ် ဖျတ်ခနဲ ပေါ်လာသည်။

ဒီအဖြစ်အပျက် ပြီးသွားသည့်နောက် သူသည် ယဲ့ဖန်၏ ပရိသတ်စစ်စစ် ဖြစ်သွားရ၏။

လော့ဝေလီသည် တောင်နက်ဂိုဏ်း၏ နံပါတ်တစ် လက်ရုံးတော် ဖြစ်သည်။ ဇာမဏီ သုံးကောင် ဂိုဏ်း တစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်သူ တစ်ယောက်မျှ မရှိပေ။

သို့သော်၊ ဒီလို အဆင့် ရှိသော သိုင်းပညာရှင် တစ်ယောက်က ဆရာယဲ့ ရှေ့ရောက်တော့ ကြက်ကလေး တစ်ကောင်လို လွယ်လွယ်ကူကူပင် အရိုးချိုးခံလိုက်ရသည်။

‘ငါသာ ဆရာယဲ့ရဲ့ အရည်အချင်း တစ်ဝက်လောက်... မဟုတ်ဘူး... ဆယ်ပုံ တစ်ပုံလောက်သာ ရခဲ့ရင် ကျန်းကောဒေသ တစ်ခုလုံး ငါ့ခြေထောက်အောက် ရောက်နေလောက်ပြီ...’

သူ လော့ဝေလီကို ဆက်မကြည့်တော့ပေ။ ဒုက္ခိတ တစ်ယောက်အတွက် သူ့အချိန်တွေကို မဖြုန်းတီးချင်တော့။

သူ လက်ဝှေ့ယမ်းပြလိုက်ပြီး နောက်လိုက်များနှင့်အတူ ထွက်ခွာသွားလေသည်။

ဆရာယဲ့၏ စီမံကိန်းက အခုမှ စတင်ခြင်း ဖြစ်သည်။ သူတို့ ဆက်လက် လုပ်ဆောင်ရမည့် အစီအစဉ်များ ကျန်ရှိနေသေး၏။

ဒီလို အသုံးမကျတဲ့လူအတွက် အချိန်ဖြုန်းနေဖို့ မလိုတော့ပေ။

*

ချန်းရှောင်ရှုံး တစ်ယောက် လော့ဝေလီ၏ သတင်းဆိုးကို ကြားလိုက်ရချိန်တွင်... သူသည် အိမ်၌ ဇနီး၊ သားသမီးများနှင့်အတူ "Pleasant Goat and Big Big Wolf" (သိုးကလေးများနှင့် ဝံပုလွေကြီး) ကာတွန်းကား ထိုင်ကြည့်နေလေသည်။

ကျန်းကောဒေသ၏ အကြီးဆုံး ဂိုဏ်းခေါင်းဆောင် တစ်ယောက်အနေဖြင့် သူ လိုချင်တာ မှန်သမျှ ရနိုင်၏။

သူ လိုချင်သည့် အရာဆိုလျှင် နှုတ်က ထုတ်ပြောစရာတောင် မလို၊ လာရောက်ဆက်သဖို့ အလုအယက် ကြိုးစားနေသူတွေ ဒုနှင့်ဒေး ရှိနေ၏။

သူသည် အသက် (၅၀) ကျော်အရွယ်၊ ယောကျ်ား တစ်ယောက်၏ အကောင်းဆုံး အရွယ်ရောက်နေပြီ ဖြစ်သော်လည်း ဂိုဏ်းကိစ္စများမှ တစ်ဝက်တစ်ပျက် အနားယူနေပြီ ဖြစ်သည်။

ဂိုဏ်းကိစ္စ အဝဝကို စုရှန်ဟယ်ကသာ တာဝန်ယူ စီမံခန့်ခွဲနေခြင်း ဖြစ်သည်။

သူကမူ ငါးမျှားလိုက်၊ ဘတ်စကက်ဘော ကစားလိုက်နှင့် မိသားစုကို အချိန်ပေးနေတတ်သည်။

သူ့တွင် ညောင်ညိုပင် အောက်က ပေါက်သည့် ပင်ပျိုပေါက်လေး ရှိသည်။ အသက် (၄၀) ကျော်မှ ရသော သား ဖြစ်ပြီး၊ ယခုနှစ်တွင် အသက် (၆) နှစ်သာ ရှိသေး၏။

သူ့သားလေးက ခေါင်းမော့ပြီး အင်မတန် ရိုးအသော မေးခွန်းကို မေးလိုက်သည်။

"ဖေဖေ... ဝံပုလွေကြီးက ဘာလို့ ဒီလောက် ဆိုးရတာလဲဟင်။ သိုးကလေးတွေကိုပဲ အမြဲ စားချင်နေတယ်"

ချန်းရှောင်ရှုံးက သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း -

"ဘာလို့လဲဆိုတော့ ဝံပုလွေကြီးကလည်း အသက်ရှင်ဖို့ လိုတယ်လေ၊ သားရဲ့"

ဖခင် ဖြစ်သူ၏ ရှင်းပြချက်ကို ကြားတော့ သားဖြစ်သူက ပို၍ မျက်လုံးဝိုင်းသွားသည်။

"ဒါဆို သူ ဘာလို့ မြက်မစားတာလဲ။ ဘာလို့ သိုးတွေကိုမှ စားချင်ရတာလဲ"

ချန်းရှောင်ရှုံး ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဘာလို့လဲဆိုတော့ သူက ဝံပုလွေ ဖြစ်နေလို့လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက အသားစားမှ ဖြစ်မှာကိုး"

"ဟွန်း... သားကတော့ ဝံပုလွေကြီးကို မကြိုက်ပါဘူး။ သူက အရမ်း ယုတ်မာတာပဲ"

သားဖြစ်သူက နှုတ်ခမ်းစူကာ စိတ်ဆိုးမာန်ဆိုး ပြောရှာသည်။

ချန်းရှောင်ရှုံးသည် သားဖြစ်သူ၏ ဖြူစင်မှုကို သဘောကျစွာ ရယ်မောလိုက်မိ၏။

"လူအများကြီးက ဝံပုလွေကို မုန်းကြတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ အဲဒီလူတွေအားလုံးက ဝံပုလွေ ဖြစ်သွားကြတာပါပဲကွာ။ သားလေး ကြီးလာရင် နားလည်လာပါလိမ့်မယ်"

သူ့သားကို ဘဝ အတွေ့အကြုံများ သင်ကြားပေးနေစဉ်မှာပင်၊ စားပွဲပေါ် တင်ထားသော သူ့ဖုန်း ရုတ်တရက် မြည်လာလေသည်။

All Chapters