← Chapters

အဘိုးအို၊ ဗုဒ္ဓရုပ်တု၊ ပန်းချီကား

Vol. 74 Ch. 1464

အဘိုးအို၊ ဗုဒ္ဓရုပ်တု၊ ပန်းချီကား

Vol. 74 Ch. 1464

~"ဒီနေ့တော့ ကျွန်မတို့ ချန်းရှောင်ရှုံးနဲ့ မျက်နှာဖုံး စုတ်ပြဲသွားပြီ။ အကယ်၍သာ ပြဿနာရဲ့ အမြစ်ကို မဖြတ်နိုင်ရင် တောင်နက်ဂိုဏ်းရဲ့ တန်ပြန်တိုက်စစ်ကို ခံရလိမ့်မယ်"

ယွီဖုန်းရှန်းသည် စိတ်မပါ့တပါဖြင့် ပြောဆိုလိုက်ပြီး သဘောထားကွဲလွဲမှုကို တင်ပြလေသည်။

"မပူပါနဲ့... ဒီညပြီးရင် ကျန်းကောမှာ တောင်နက်ဂိုဏ်းဆိုတာ ရှိတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် အာမခံတယ်"

ယဲ့ဖန်၏ မျက်နှာပေါ်တွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။

ယွီဖုန်းရှန်းကမူ ရယ်ချင်နေ၏။

"တောင်နက်ဂိုဏ်းက ဘယ်လောက် အင်အားကြီးလဲဆိုတာ ရှင် သိရဲ့လား။ ရှင် ဘာကိုအခြေခံပြီး အာမခံတာလဲ"

အရင်တုန်းကဆိုလျှင် တောင်နက်ဂိုဏ်းကို တစ်ညတည်းနှင့် ပျောက်ကွယ်သွားအောင် လုပ်နိုင်သည်ဟု ဘယ်သူမှ ပြောရဲခဲ့ကြသည် မဟုတ်။

အကယ်၍ သူ့စကားကိုသာ လူတွေကြားသွားခဲ့လျှင် သွားကျိုးမတတ် ရယ်မောကြပေလိမ့်မည်။

"ခင်ဗျား ကျွန်တော့်ကို ယုံရင် ကျွန်တော်ပြောတဲ့အတိုင်း လုပ်။ ခင်ဗျားလူတွေကို ခဏလောက် အနားယူခိုင်းထားပြီး အမိန့်စောင့်ခိုင်းလိုက်ပါ"

"မယုံရင်တော့ ကျွန်တော်တို့ လမ်းခွဲကြတာပေါ့။ ခင်ဗျားလမ်း ခင်ဗျားလျှောက်၊ ကျွန်တော့်လမ်း ကျွန်တော်လျှောက်မယ်"

ယဲ့ဖန်သည် လက်ဖက်ရည်ခွက်ကို ဘုန်းခနဲ ချလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

ယွီဖုန်းရှန်း မျက်မှောင်ကြုတ်သွားပြီး ဘာမှ ပြန်မပြောပေ။ သူမ၏ ဦးနှောက်ထဲတွင် အကောင်းနှင့် အဆိုးကို လျင်မြန်စွာ ချိန်ဆနေမိသည်။

အမှန်အတိုင်း ပြောရလျှင် သူမသည် ယဲ့ဖန်နှင့် သိပ်မရင်းနှီးသေးသဖြင့် (၁၀၀) ရာခိုင်နှုန်း အပြည့်အဝ ယုံကြည်ရန် ခက်ခဲနေ၏။

အကယ်၍ ယဲ့ဖန်၏ လှည့်စားမှုကို ခံလိုက်ရပြီး တောင်နက်ဂိုဏ်းသာ ဒီညကို ကျော်ဖြတ်သွားနိုင်ခဲ့လျှင်... နောက်ဆက်တွဲ အကျိုးဆက်များကို တွေးကြည့်ရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှသည်။

ယဲ့ဖန်က ပြင်ပလူ တစ်ယောက် ဖြစ်သဖြင့် သူက လွယ်လွယ်ကူကူ ထွက်သွားနိုင်၏။

သို့သော် ဇာမဏီသုံးကောင် ဂိုဏ်းကမူ ပြောင်းရွှေ့၍ မရပေ။ ထိုအချိန်ကျလျှင် တောင်နက်ဂိုဏ်း၏ ဒေါသကို သူတို့တစ်ဖွဲ့တည်း ခါးစည်းခံရပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် လမ်းခွဲလိုက်မည်ဆိုလျှင်လည်း သူမ စိတ်ထဲတွင် လုံခြုံမှုမရှိသလို ခံစားနေရသည်။

ဘာပဲပြောပြော ဒီည တောင်နက်ဂိုဏ်းကို ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့ခြင်းမှာ ယဲ့ဖန်၏ အခန်းကဏ္ဍက အဓိက ကျခဲ့သည် မဟုတ်ပါလော။

သူသာ မပါဝင်ခဲ့လျှင် ဇာမဏီသုံးကောင် ဂိုဏ်းအနေဖြင့် တောင်နက်ဂိုဏ်းကို ဒီလောက်လွယ်လွယ်ကူကူ ချေမှုန်းနိုင်မည် မဟုတ်ပေ။

သူမ ဗျာများနေချိန်မှာပင် ယဲ့ဖန်၏ ဖုန်း ရုတ်တရက် မြည်လာလေသည်။

သူ ထုတ်ကြည့်လိုက်သောအခါ အားချန် ဖြစ်နေ၏။

သူ ဖုန်းကို အမြန်ကိုင်လိုက်ရာ အားချန်၏ မောဟိုက်နေသော အသံကို ကြားလိုက်ရသည်။

"ဆရာယဲ့... ကျွန်တော် ချန်းရှောင်ရှုံးအိမ်ထဲ ခိုးဝင်ပြီး ဆရာပြောတဲ့ ရှေးဟောင်းပစ္စည်း နှစ်ခုကို ခိုးလာခဲ့ပြီ"

ယဲ့ဖန် ဝမ်းသာသွားသော်လည်း၊ တစ်ဖက်လူ၏ ပြင်းထန်သော အသက်ရှူသံကို ကြားရသဖြင့် စိုးရိမ်စိတ် ဝင်သွားရသည်။

“မင်း အဆင်ပြေရဲ့လား... အန္တရာယ် တစ်ခုခုနဲ့ တွေ့ခဲ့သေးလား”

"ဟူး... ချန်းရှောင်ရှုံးအိမ်က လုံခြုံရေး တော်တော်တင်းကျပ်တာပဲ။ တော်သေးတာက ဆရာ လှည့်ကွက်သုံးပြီး ချန်းရှောင်ရှုံးကို အပြင် ခေါ်ထုတ်လိုက်လို့ လုံခြုံရေးအင်အား အများစု ပါသွားတာပဲ။ ဒါပေမဲ့ အထဲမှာ ကျန်ခဲ့တဲ့ ကောင်တွေက ကျွန်တော့်ကို လိုက်နေကြတယ်။ မပူပါနဲ့... ကျွန်တော် လွတ်အောင် ပြေးနိုင်ပါတယ်။ ခဏနေရင် ဆရာနဲ့ လာတွေ့မယ်"

"ကောင်းပြီ... မင်း လွတ်အောင် ပြေးပြီးရင် ယွဲ့ရိ လက်ဖက်ရည်ဆိုင်ကို လာခဲ့..."

ယဲ့ဖန်သည် နောက်ထပ် မှာကြားစရာများကို မှာကြားပြီးနောက် ဖုန်းချလိုက်လေသည်။

အားချန်၏ စွမ်းရည်ဖြင့်ဆိုလျှင် ရန်သူများကို လွတ်အောင် ရှောင်တိမ်းနိုင်မည်ဟု သူ ယုံကြည်သည်။

ယခုအခါ သက်သေပစ္စည်း နှစ်ခု လက်ထဲရောက်နေပြီ ဖြစ်ရာ၊ လုံခြုံရေး အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်လာပြီ ဖြစ်သည်။

သူသည် ချန်းဖေးအယ် ထံသို့ ချက်ချင်း ဖုန်းဆက်ပြီး လုံခြုံရေးအဖွဲ့မှ ခြေရာခံ ကျွမ်းကျင်သူကို ခေါ်လာရန် မှာကြားလိုက်သည်။

အခြေအနေ အရပ်ရပ်သည် သူ၏ စည်းချက်ဝါးချက်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖြစ်ပေါ်နေပြီ ဖြစ်လေ၏။

ယွီဖုန်းရှန်းသည် ယဲ့ဖန် တစ်ယောက် ရယ်မောပြောဆိုရင်းဖြင့် အခြေအနေ အရပ်ရပ်ကို စနစ်တကျ စီမံခန့်ခွဲနေသည်ကို ငေးကြည့်နေမိသည်။ ထိုကဲ့သို့ တည်ငြိမ်သော၊ အခြေအနေကို ထိန်းချုပ်နိုင်သော စရိုက်သဘာဝက သူမကို အထင်ကြီး လေးစားသွားစေ၏။

ဒီလူက တကယ်ပဲ တောင်နက်ဂိုဏ်းကို တစ်ညတည်းနဲ့ ဖျက်ဆီးနိုင်မလား။

ဒီအချက်ကို တွေးမိသည်နှင့် သူမကိုယ်တိုင်ပင် တုန်လှုပ်သွားရသည်။

‘ငါ တကယ်ပဲ ရူးပြီး သူ့ရဲ့ ပေါက်ကရ စကားတွေကို ယုံမိနေတာလား... တောင်နက်ဂိုဏ်းကို ဖျက်ဆီးမယ်တဲ့လား... ဒီအကြံအစည်က ရူးသွပ်လွန်းတယ်...’

သူတို့ သိပ်ကြာကြာ စောင့်စရာ မလိုလိုက်ပေ။ ဆယ်မိနစ်ခန့် အကြာတွင် အားချန် အရင် ရောက်ရှိလာလေသည်။

သူ့ကျောပေါ်တွင် အထည်အိတ်ကြီး တစ်လုံးကို လွယ်ထားပြီး ပုံစံမှာ သင်္ချိုင်းဖောက်ထွင်းရေးသမား တစ်ယောက် အလုပ်က ပြန်လာသည့် အတိုင်းပင်။

"ဆရာယဲ့..."

အားချန်သည် ယဲ့ဖန်ကို ရိုသေစွာ နှုတ်ဆက်လိုက်ပြီး၊ ဘေးနားရှိ ယွီဖုန်းရှန်းကိုမူ လုံးဝ လျစ်လျူရှုထားလိုက်သည်။

ထို့နောက် ကျောပေါ်မှ အိတ်ကို ချလိုက်၏။ အတွင်းမှ ပစ္စည်းများကို ချက်ချင်း ထုတ်မပြသေးဘဲ၊ အိတ်ကပ်ထဲမှ လက်အိတ်ဖြူတစ်စုံကို ပရော်ဖက်ရှင်နယ် ပီသစွာ ထုတ်ယူ ဝတ်ဆင်လိုက်သေးသည်။

လက်အိတ်ဝတ်ပြီးမှ အိတ်ကိုဖွင့်ကာ ကြေးဗုဒ္ဓ ရုပ်တု တစ်ဆူကို ထုတ်ယူလိုက်လေသည်။

ထို ကြေးဗုဒ္ဓရုပ်တုသည် တစ်ပေခန့်ရှည်ပြီး လက်ရာမြောက်စွာ ထုလုပ်ထားသည်။

ယဲ့ဖန်သည် စနစ်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်ရာ တောင်ပိုင်းနှင့် မြောက်ပိုင်း မင်းဆက်များခေတ်က ရုပ်တုဖြစ်ပြီး တန်ဖိုးဖြတ်မရနိုင်ကြောင်း သိလိုက်ရ၏။

အားချန်သည် ရုပ်တုကို စားပွဲပေါ်သို့ ဂရုတစိုက် တင်လိုက်ပြီးနောက် ပန်းချီကားလိပ် တစ်ခုကို ထပ်မံ ထုတ်ယူလိုက်၏။

သို့သော် ပန်းချီကားလိပ်၏ တစ်ဝက်ခန့်မှာ အနီရောင်များ စွန်းထင်းနေ၏။ သွေးစွန်းနေကြောင်း သိသာထင်ရှားလှသည်။

"ဒါက ဘာတွေလဲ"

ယွီဖုန်းရှန်းသည် ရှေးဟောင်းပစ္စည်း နှစ်ခုကို ကြည့်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

အထူးသဖြင့် ဒီပစ္စည်းနှစ်ခုကို မြင်ပြီးနောက် ယဲ့ဖန်တစ်ယောက် အလွန်ပျော်ရွှင်သွားသည်ကို သတိထားမိသောအခါ သူမ ပို၍ သိချင်စိတ် ပြင်းပြလာသည်။

ယဲ့ဖန် ဒီလောက် တန်ဖိုးထားသော ပစ္စည်းဆိုလျှင် သေချာပေါက် သာမန်ပစ္စည်း မဖြစ်နိုင်ပေ။

"ခဏနေရင် သိရလိမ့်မယ်"

ယဲ့ဖန်က တမင်တကာပင် စိတ်ဝင်စားအောင် လုပ်လိုက်သည်။

"ဟွန့်.."

ယွီဖုန်းရှန်းသည် သူ တမင် လျှို့ဝှက်နေသည်ကို မြင်သောအခါ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့၏။

သူတို့ သုံးယောက် ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ချန်းဖေးအယ်နှင့် လုံခြုံရေးအဖွဲ့မှ လူများ အပြေးအလွှား ရောက်ရှိလာကြ၏။

ယဲ့ဖန်သည် သူတို့နှင့် စကားပြောပြီး အချိန်ဖြုန်းမနေဘဲ စားပွဲပေါ်ရှိ ပစ္စည်းနှစ်ခုကို ညွှန်ပြလိုက်သည်။

"ဒီပစ္စည်းနှစ်ခုကို စစ်ဆေးပေးပါ။ တစ်နာရီအတွင်း အဖြေထွက်နိုင်မလား"

ချန်းဖေးအယ်နှင့်အတူ ပါလာသော မျက်မှန်နှင့် လူက ရှေးဟောင်းပစ္စည်းနှစ်ခုကို ဂရုတစိုက်ကြည့်လိုက်သည်။

"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"

ထို့နောက် မျက်မှန်နှင့် လူသည် ပါလာသော စစ်ဆေးရေး ကိရိယာများနှင့် အလုပ်ရှုပ်သွားတော့၏။

"ဒါက ဘာတွေလဲ"

ချန်းဖေးအယ်ကလည်း ယွီဖုန်းရှန်း မေးသကဲ့သို့ မေးခွန်းထုတ်လိုက်သည်။

ယဲ့ဖန်က ဒီလောက်အထိ အကြီးအကျယ် လုပ်နေပြီး၊ ခြေရာခံ ကျွမ်းကျင်သူကိုပါ ခေါ်ခိုင်းမှတော့ ဒီပစ္စည်းနှစ်ခုက အလွန် အရေးကြီးမှန်း သိသာနေ၏။

ယဲ့ဖန်က အဖြေဟောင်းကိုသာ ထပ်ပေးလိုက်သည်။

"ခဏနေရင် ခင်ဗျား သိရလိမ့်မယ်"

ချန်းဖေးအယ်လည်း သူ့ကို ကြည့်ပြီး မကျေမနပ် ဖြစ်သွားသည်။ ဒီလို..လျှို့ဝှက်ပြီး လူကို မျှော်လင့်ချက် ပေးထားသည့် ပုံစံမျိုးကို သူမ အမုန်းဆုံးပင်။

ယဲ့ဖန်သည် အချိန်တန်ပြီဟု ယူဆသဖြင့် ယွီဖုန်းရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"ခင်ဗျားလူတွေကို ပြောပြီး အဲဒီ အဘိုးအိုကို ဖိတ်ခေါ်ခိုင်းလိုက်တော့"

ဒီနေ့ စစ်ဆင်ရေး မစတင်မီကပင် ထိုအဘိုးအိုကို လူလွှတ်ပြီး ကာကွယ်ထားရန် ယွီဖုန်းရှန်းကို သူ ကြိုတင် မှာကြားထားခဲ့ပြီး ဖြစ်သည်။

ယွီဖုန်းရှန်းသည် သူ ဘာလုပ်ချင်မှန်း မသိသော်လည်း၊ ဒီအဆင့်ထိ ရောက်လာမှတော့ သူ့အစီအစဉ်အတိုင်း လိုက်လုပ်ရုံသာ ရှိတော့၏။ သူမ ချက်ချင်းပင် စီစဉ်ခိုင်းလိုက်သည်။

"ဪ... နေဦး... ချန်းရှောင်ရှုံးကိုပါ ဖိတ်လိုက်"

ယဲ့ဖန် ရုတ်တရက် ထပ်ဖြည့်ပြောလိုက်သည်။

"ချန်းရှောင်ရှုံး… ဟုတ်လား"

ယွီဖုန်းရှန်း နားမလည်နိုင် ဖြစ်သွားသည်။

"သူက ဘယ်လိုလုပ် လာမှာလဲ"

တောင်နက်ဂိုဏ်းနှင့် ဇာမဏီသုံးကောင် ဂိုဏ်းတို့သည် လုံးဝ ကွဲပြဲသွားပြီ ဖြစ်ပြီး၊ အချိန်မရွေး စစ်ပွဲကြီး ဖြစ်ပွားနိုင်သည့် အခြေအနေ ဖြစ်သည်။

ဒီလို အခြေအနေမျိုးမှာ ချန်းရှောင်ရှုံးက ဇာမဏီသုံးကောင် ဂိုဏ်းဆီ ဘယ်လိုလုပ် လာမည်နည်း။

ယဲ့ဖန်၏ မျက်နှာပေါ်တွင် နက်နဲသော အပြုံး တစ်ခု ပေါ်လာသည်။

"ခင်ဗျားလူတွေကို ပြောပြီး သူ့ဆီ စကားပါးလိုက်ပါ... သူ သေချာပေါက် ရောက်လာလိမ့်မယ်"

"ဘာစကား ပါးရမှာလဲ"

ယွီဖုန်းရှန်း အလွန် သိချင်သွားသည်။

"အဘိုးအို၊ ဗုဒ္ဓရုပ်တု၊ ပန်းချီကား"

ယဲ့ဖန်က စကားငါးလုံးတည်းသာ ပြောလိုက်သည်။

ယွီဖုန်းရှန်း ခေါင်းရှုပ်သွားတော့၏။

ဒီစကားလုံးတွေ ပြောလိုက်ရုံနဲ့ ချန်းရှောင်ရှုံးက ရောက်လာမယ် ဟုတ်လား။

ဘာလို့ ကြားရတာ ယုတ္တိမရှိသလို ခံစားနေရပါလိမ့်။

*

တောင်နက်ဂိုဏ်း ဌာနချုပ်...

ဂိုဏ်း၏ အထက်ပိုင်း ခေါင်းဆောင်များအားလုံး စုဝေးနေကြ၏။

ရုံးခန်း တစ်ခုလုံး ပွက်လောရိုက်နေပြီး ခေါင်းဆောင်များအားလုံး အငြင်းပွားနေကြ၏။

တချို့က ဇာမဏီသုံးကောင် ဂိုဏ်းကို လက်တုံ့ပြန်ရန် အလုံးအရင်းနှင့် တိုက်ခိုက်သင့်ကြောင်း အကြံပြုကြ၏။

တချို့ကတော့ တစ်ဖက်လူ ဘာလုပ်ချင်မှန်း သိရအောင် ယွီဖုန်းရှန်းနှင့် အရင် ညှိနှိုင်းသင့်ကြောင်း၊ ပြီးမှ နောက်တစ်ဆင့် စဉ်းစားသင့်ကြောင်း အကြံပြုကြ၏။

အတိုချုပ်ပြောရလျှင် သူတို့ ငြင်းခုန်နေကြသည်မှာ နာရီဝက်ခန့် ရှိပြီဖြစ်သော်လည်း ဘာသဲလွန်စမှ မရသေးပေ။

"ဝုန်း... ဒုန်း... ဒုန်း..."

ချန်းရှောင်ရှုံးသည် သူတို့၏ ဆူညံသံများကို နားငြီးလာသဖြင့် လက်ကိုဆန့်ကာ စားပွဲခုံကို ရိုက်ချလိုက်လေသည်။

ဆူညံပွက်လောရိုက်နေသော အစည်းအဝေးခန်းမကြီး ချက်ချင်း တိတ်ဆိတ်သွားတော့၏။ အားလုံးက သူ့ကို ပြိုင်တူကြည့်လိုက်ကြပြီး၊ ဆရာ့ထံမှ ဆုံးမစကားကို စောင့်မျှော်နေကြလေ၏။

All Chapters