← Chapters

ဘာလို့ ငါ့ကို စောစော သတင်းမပို့တာလဲ

Vol. 74 Ch. 1465

ဘာလို့ ငါ့ကို စောစော သတင်းမပို့တာလဲ

Vol. 74 Ch. 1465

~ချန်းရှောင်ရှုံး၏ ဘေးတွင် ထိုင်နေသော စုရှန်ဟယ်သည် ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲတွင် လွန်စွာ လေးစားသွားမိသည်။

လွန်ခဲ့သော နှစ်များအတွင်း သူသည် ဂိုဏ်းကိစ္စများကို ကိုင်တွယ် ဖြေရှင်းခဲ့သော်လည်း၊ ဤခေါင်းမာသော ခေါင်းဆောင်များကို စည်းရုံးရန် အလွန် ခက်ခဲခဲ့၏။ ကိစ္စ တစ်ခုခု လုပ်ချင်တိုင်း အပြန်ပြန်အလှန်လှန် ငြင်းခုန်နေရပြီး ဘာအဖြေမှ ထွက်လေ့မရှိ။

သို့သော် ချန်းရှောင်ရှုံးကတော့ သူတို့ကို အလွယ်တကူ ငြိမ်ဝပ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။

ဒါက ကွာခြားချက်ပင်။

"ဇာမဏီသုံးကောင် ဂိုဏ်းက ဒီည ဘာရည်ရွယ်ချက်နဲ့ပဲ ငါတို့ကို လာစိန်ခေါ်ပါစေ... ငြင်းလို့ မရတဲ့ အမှန်တရားတစ်ခု ရှိတယ်။ ငါတို့ တောင်နက်ဂိုဏ်းက လူတစ်ယောက် သူတို့လက်ချက်နဲ့ ဒုက္ခိတဖြစ်သွားခဲ့ပြီ"

ချန်းရှောင်ရှုံးသည် ကုလားထိုင်ကို နောက်သို့မှီချလိုက်သည်။ သူ့အသံမှာ အလွန် တည်ငြိမ်နေသော်လည်း၊ ထိုအသံ၏ နောက်ကွယ်တွင် လူသတ်လိုသော အငွေ့အသက်များကို လူတိုင်း ခံစားလိုက်ရသည်။

"အခု ကျန်းကောတစ်ခုလုံး ငါတို့ကို စောင့်ကြည့်နေကြတယ်။ ငါတို့သာ ကြောက်ပြီး ငြိမ်နေလိုက်ရင် နောင်ကျရင် တောင်နက်ဂိုဏ်းဆိုတာ ဟာသတစ်ခု ဖြစ်သွားလိမ့်မယ်"

သူ့စကားကို စစ်လိုလားသူများက ချက်ချင်း ထောက်ခံလိုက်ကြ၏။

"ဟုတ်တယ်... သူဌေးချန်း ပြောတာ မှန်တယ်။ ချီးပဲ... ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ"

"ငါတို့ တောင်နက်ဂိုဏ်းက တိုက်ခိုက်ရင်းနဲ့ ဒီနေရာကို ရောက်လာတာကွ။ စကားတွေ ဖောင်ဖွဲ့နေလို့ ဘာမှ ဖြစ်မလာဘူး"

"သူတို့က ငါတို့မျက်နှာကို အိမ်သာခွက်ထဲ နှစ်ပြနေပြီ... အခုထိ သွားဆွေးနွေးဦးမယ် ဟုတ်လား။ ငါတို့ တောင်နက်ဂိုဏ်းရဲ့ မျက်နှာ ဘယ်နားသွားထားရမလဲ"

"သူဌေးချန်း... အမိန့်သာ ပေးလိုက်ပါ။ သူဌေး အမိန့်ပေးတာနဲ့ ကျွန်တော်တို့ ညီအစ်ကို သောင်းချီပြီး ဇာမဏီသုံးကောင် ဂိုဏ်းရဲ့ ခြေကုပ်စခန်းကို ဒီညပဲ ဝင်စီးပြီး ယွီဖုန်းရှန်းကို အရှင်ဖမ်းခဲ့မယ်"

"ယွီဖုန်းရှန်းကို အရှင်ဖမ်းပြီး သူဌေးချန်းကို ဆက်သမယ်။ ဟဲဟဲ... အဲဒီမိန်းမက တော်တော် ဆွဲဆောင်မှုရှိသား"

"အဲဒီမိန်းမက တော်တော် ရက်စက်တဲ့ စရိုက် ရှိတာနော်။ အဲဒီကိစ္စမှာ သူဌေးချန်းကို ပင်ပန်းအောင် လုပ်မှာပဲ စိုးတယ်"

"ဟားဟားဟား... ယွီဖုန်းရှန်းဆိုတဲ့ ခွေးမက သူဌေးအပိုင် ဖြစ်သွားပြီဆိုတော့ ဇာမဏီသုံးကောင် ဂိုဏ်းပိုင်တဲ့ လော့ထျန်းဘားကတော့ ငါ့အပိုင်ပဲနော်"

"ဇာမဏီသုံးကောင် ဂိုဏ်းပိုင်တဲ့ အင်တာနက် အနုပညာရှင် ကုမ္ပဏီကိုတော့ ငါယူမယ်။ အဲဒီထဲမှာ ရုပ်ချောတဲ့ Streamer မလေးနှစ်ယောက် ရှိတယ်ကွ... ဟဲဟဲ..."

အစည်းအဝေးခန်းမတွင်း အခြေအနေမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ဇာမဏီသုံးကောင် ဂိုဏ်းကို လက်တုံ့ပြန်မလား ဆိုသည့် ခေါင်းစဉ်မှနေ၍၊ ဇာမဏီသုံးကောင် ဂိုဏ်းကို ဘယ်လို ခွဲဝေယူကြမလဲ ဆိုသည့် ခေါင်းစဉ်သို့ ရောက်ရှိသွားပြီ ဖြစ်လေ၏။

လူတိုင်း၏ မှတ်ချက်စကားများကို ကြည့်ခြင်းအားဖြင့် တောင်နက်ဂိုဏ်းသားများသည် ဇာမဏီသုံးကောင် ဂိုဏ်းကို လုံးဝ အထင်မကြီးကြောင်း သိသာထင်ရှားလှသည်။

အမှန်တကယ်လည်း ကျန်းကောတွင် နှစ်ပေါင်း (၃၀) ကျော် အခြေချခဲ့သော တောင်နက်ဂိုဏ်းနှင့် ယှဉ်လျှင်၊ ဇာမဏီသုံးကောင် ဂိုဏ်းသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်းမှ ထွက်ပေါ်လာသော အင်အားစုသစ်တစ်ခုသာ ဖြစ်သည်။

အင်အားချင်းယှဉ်လျှင်သော်လည်းကောင်း၊ အစဉ်အလာချင်း ယှဉ်လျှင်သော်လည်းကောင်း တောင်နက်ဂိုဏ်းကို ယှဉ်နိုင်ရန် အလှမ်းဝေးပါသေးသည်။

ထို့ကြောင့် တောင်နက်ဂိုဏ်း၏ ခေါင်းဆောင်များသည် ဇာမဏီသုံးကောင် ဂိုဏ်းနှင့် ရင်ဆိုင်ရတိုင်း အမြဲတမ်း အထက်စီးမှ ဆက်ဆံလေ့ ရှိကြ၏။

လူတိုင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ်မှာပင်၊ လက်အောက်ငယ်သားတစ်ယောက် အစည်းအဝေးခန်းမထဲသို့ အပြေးဝင်လာပြီး စုရှန်ဟယ်၏ နားနားကပ်၍ တီးတိုး သတင်းပို့လိုက်သည်။

စုရှန်ဟယ် မျက်မှောင်ကြုတ်သွားပြီး ချန်းရှောင်ရှုံးဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဆရာချန်း... ဇာမဏီသုံးကောင် ဂိုဏ်းက လူလွှတ်လိုက်တယ်။ ယွဲ့ရိ လက်ဖက်ရည်ဆိုင်ကို လာဖို့ ဖိတ်ခေါ်နေပါတယ်"

ချန်းရှောင်ရှုံး ဘာမှ မပြောနိုင်သေးခင်မှာပင် တောင်နက်ဂိုဏ်း ခေါင်းဆောင်များ ပေါက်ကွဲသွားကြတော့၏။

"ဟဲဟဲ... ဒီ ယွီဖုန်းရှန်းက မောက်မာလွန်းတာလား၊ ဒါမှမဟုတ် တုံးလွန်းတာလား။ ဒီလိုအချိန်မျိုးမှာ သူဌေးချန်းကို သူ့နယ်မြေထဲ လာဖို့ ဖိတ်ရဲသေးတယ်ပေါ့"

"သူ ယွဲ့ရိ လက်ဖက်ရည်ဆိုင်မှာ လူတွေ ဝှက်ထားမှာ သေချာတယ်။ သူဌေးသာ သွားလိုက်ရင် ကျော့ကွင်းထဲ တန်းဝင်သွားသလို ဖြစ်မှာပေါ့"

"လက်ခံလို့ မဖြစ်ဘူး။ ဒီလိုအချိန်မျိုးမှာ သူတို့နဲ့ ဘာစကား ပြောနေစရာ လိုလို့လဲ။ ငါတို့ ညီအစ်ကိုတွေကို လွှတ်ပြီး သတ်ခိုင်းလိုက်ရုံပဲ"

"သူဌေး ..လုံးဝ သွားလို့ မဖြစ်ပါဘူး..."

ဒီတစ်ကြိမ်တွင်တော့ တောင်နက်ဂိုဏ်း ခေါင်းဆောင်များအားလုံး သဘောထား တိုက်ဆိုင်သွားကြပြီး၊ ချန်းရှောင်ရှုံး သွားရောက်တွေ့ဆုံမည့် ကိစ္စကို တညီတညွတ်တည်း ကန့်ကွက်ကြလေသည်။

ဒါက ထောင်ချောက်ပဲ။ အရူးမှသာ ဒီထောင်ချောက်ထဲ ဝင်မိမှာ။

ချန်းရှောင်ရှုံးလည်း သူတို့နှင့် ထပ်တူပင် တွေးမိပြီး ယွီဖုန်းရှန်း၏ လုပ်ရပ်မှာ ရယ်စရာကောင်းလွန်းသည်ဟု ထင်မြင်မိသည်။

‘အရင်ဆုံး ငါ့ရဲ့ အတော်ဆုံး စစ်ဗိုလ်ချုပ်ကို ဒုက္ခိတ ဖြစ်အောင် လုပ်တယ်... ပြီးတော့မှ လက်ဖက်ရည်သောက်ဖို့ လာဖိတ်တယ်။ တကယ့်ကို နားလည်ရခက်တဲ့ လုပ်ရပ်ပဲ။’

"ဘာမှ ဆွေးနွေးစရာ မရှိဘူး... တိုက်ပွဲအတွက် ပြင်ဆင်တော့လို့ ပြန်ပြောလိုက်"

သူသည် သတင်းလာပို့သူကို မှာကြားလိုက်ပြီး စစ်ပွဲကိစ္စ ဆက်လက်ဆွေးနွေးရန် ပြင်လိုက်သည်။

သို့သော် ဤအချိန်တွင် စုရှန်ဟယ်က ဖြည့်စွက်ပြောလိုက်သည်။

"ယွီဖုန်းရှန်းက လူလွှတ်ပြီး စကားပါးလိုက်ပါသေးတယ်"

"ဘာစကားလဲ"

ချန်းရှောင်ရှုံးက သိပ်အရေးမလုပ်ဘဲ မေးလိုက်သည်။ သူ ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။ တစ်ဖက်လူ ဘာပြောပြော သူ ယွဲ့ရိ လက်ဖက်ရည်ဆိုင်ကို လုံးဝ သွားမည်မဟုတ်။

"အဘိုးအို၊ ဗုဒ္ဓရုပ်တု၊ ပန်းချီကား"

စုရှန်ဟယ်သည် ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း၊ ဒီအတိုင်း ပြန်ပြောပြလိုက်သည်။

သို့သော်... ချန်းရှောင်ရှုံး ထိုစကားလုံးများကို ကြားလိုက်ရချိန်တွင် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူ့မျက်နှာထားသည် အလွန် အရုပ်ဆိုး အကျည်းတန်သွားတော့၏။

ဒီကိစ္စသည် သူ့ရင်ထဲတွင် သိမ်းဆည်းထားသော လျှို့ဝှက်ချက် တစ်ခု ဖြစ်သည်။ သူနှင့်အတူ ရှေးဟောင်းဂူသင်္ချိုင်းသို့ လိုက်ပါသွားခဲ့သူ အနည်းငယ်မှလွဲ၍ ကျန်ဘယ်သူမှ မသိနိုင်ပေ။

နောက်ပိုင်း နှစ်များတွင် ထိုလူများထဲမှ တချို့က ရောဂါဖြင့် သေဆုံးသွားပြီး၊ တချို့က ကားတိုက်မှုဖြင့် သေဆုံးကုန်ကြ၏။

အတိုချုပ်ပြောရလျှင် ဒီကိစ္စကို သိသူ ဘယ်သူမှ မကျန်တော့ပေ။

‘ယွီဖုန်းရှန်းက ဘယ်လိုလုပ် သိတာလဲ။

မဟုတ်ဘူး... သိတဲ့လူ တစ်ယောက် ရှိနေသေးတယ်။’

သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အစည်းအဝေးစားပွဲ အစွန်ဆုံးတွင် ထိုင်နေသော ဖူရှန်ကို အမြန် လှမ်းကြည့်လိုက်သည်။

"ငါ မင်းကို စောင့်ကြည့်ခိုင်းထားတဲ့ အဘိုးကြီးလေ... မကြာသေးခင်က ထူးခြားတာ တစ်ခုခု လုပ်သေးလား"

ဖူရှန်သည် အဘိုးအိုအကြောင်း ပြောလာမှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလေသည်။

"ဒီနေ့တော့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်..."

သူသည် နေ့ခင်းပိုင်းက ယဲ့ဖန်နှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခအကြောင်းကို သူဌေးအား ပြောပြလိုက်လေသည်။

ချန်းရှောင်ရှုံးသည် ယဲ့ဖန် ပါဝင်ပတ်သက်နေကြောင်း ကြားလိုက်ရသည်နှင့် မျက်နှာပျက်သွားတော့၏။

ဇာမဏီသုံးကောင် ဂိုဏ်းက ဘာကြောင့် ရုတ်တရက် တောင်နက်ဂိုဏ်းကို တိုက်ခိုက်လာသလဲ ဆိုသည်ကို သူ နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။

ဒါတွေအားလုံးက ယဲ့ဖန်၏ မြှောက်ပင့်မှုကြောင့်ပင်။

‘သူ့အကူအညီ ရထားလို့သာ ဇာမဏီသုံးကောင် ဂိုဏ်းက ဒီလောက် မိုက်ရူးရဲဆန်ဆန် လုပ်ရဲတာကိုး။’

ဖော်ပြ၍ မရနိုင်သော ဒေါသများ ချန်းရှောင်ရှုံး၏ ရင်ဘတ်ထဲတွင် တောက်လောင်လာတော့၏။

"ဒီလောက် အရေးကြီးတဲ့ ကိစ္စကို… ဘာလို့ ငါ့ကို စောစော သတင်းမပို့တာလဲ"

သူသည် လူသားစားတော့မည့် ဝံပုလွေ တစ်ကောင်ကဲ့သို့ ဖူရှန်ကို စူးစူးရဲရဲကြည့်ကာ မေးလိုက်သည်။

အကယ်၍သာ ဒီကိစ္စကို စောစောသိခဲ့လျှင် သူ ကြိုတင်ပြင်ဆင်မှုများ လုပ်ထားနိုင်မည် ဖြစ်ပြီး၊ အခုလို တစ်ဖက်သတ် အကျပ်ရိုက်နေရမည့် အခြေအနေမျိုး ကြုံရမည် မဟုတ်ပေ။

အစည်းအဝေးခန်းထဲရှိ ခေါင်းဆောင်များအားလုံး ချန်းရှောင်ရှုံး၏ ပုံစံကြောင့် လန့်ဖျပ်သွားကြ၏။

သူဌေးချန်းသည် သူတို့ရှေ့တွင် အမြဲတမ်း တည်ငြိမ်ခန့်ညားနေလေ့ ရှိပြီး၊ တိုင်စန်းတောင်ကြီး ပြိုကျလာလျှင်တောင် မျက်တောင်ခတ်မည့်သူ မဟုတ်သည့်ပုံစံ ရှိသည်။

ဒီလိုမျိုး ပြာယာခတ်ပြီး ဒေါသထွက်နေသော ပုံစံမျိုးကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

လူတိုင်း ကျောထဲတွင် ဓားနှင့် ထောက်ထားခံရသလို ခံစားနေကြရသည်။

ဖူရှန်သည် ချန်းရှောင်ရှုံး၏ အကြည့်နှင့် ဆုံမိရာ တုန်လှုပ်သွားမိသည်။

"ကျွန်... ကျွန်တော်က ကိစ္စသေးလေးလို့ ထင်လို့ပါ... အဲဒါကြောင့်... အဲဒါကြောင့်..."

"မင်းထင်တယ် ဟုတ်လား... သောက်ရူး..မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ ငါ မင်းကို ဘာမှာထားသလဲ။ အဲ့ဒီအဘိုးကြီးကို မျက်ခြည်မပြတ် စောင့်ကြည့်... လှုပ်ရှားမှု တစ်ခုခုရှိတာနဲ့ ငါ့ဆီ ချက်ချင်း သတင်းပို့လို့ ပြောထားတယ် မဟုတ်လား။ မင်း စောင့်ကြည့်တာ ဒီလိုလား... ဟမ်"

ချန်းရှောင်ရှုံးသည် ဒေါသထွက်နေသော ခြင်္သေ့ကြီး တစ်ကောင်သဖွယ် ဟိန်းဟောက်လိုက်လေသည်။

တောင်နက်ဂိုဏ်း ခေါင်းဆောင်များအားလုံး ကြောက်လန့်တုန်လှုပ်နေကြ၏။ ဘယ်သူမှ ပါးစပ်မဟရဲကြ။ အသက်ရှူသံတောင် မထွက်ရဲဘဲ ငြိမ်နေကြရသည်၊ သူတို့ပါ ရောပြီး အဆဲခံရမည်ကို စိုးရိမ်နေကြ၏။

ဖူရှန် ခေါင်းငုံ့ထားလိုက်သည်။ ကျန်းကောတွင် လူအများအပြားကို ထိတ်လန့်စေခဲ့သော "ပြုံးပျော်နေသော ငရဲမင်း" သည် ချန်းရှောင်ရှုံး၏ ရှေ့မှောက်တွင် သိုးကလေးတစ်ကောင် ဖြစ်သွားရှာလေသည်။

["ပြုံးပျော်နေသော ငရဲမင်း" (Smiling Yama)]

ဒေါသတကြီး ပေါက်ကွဲပြီးနောက် ချန်းရှောင်ရှုံးသည် ကုလားထိုင်ပေါ်သို့ ခပ်ဖြည်းဖြည်း ပြန်ထိုင်လိုက်သော်လည်း၊ သူ့မျက်နှာကမူ သွေးဆုတ် ဖြူလျော်နေဆဲပင်။

စုရှန်ဟယ်သည် ချောင်းတစ်ချက် ဟလိုက်ပြီး သတ္တိမွေးကာ မေးလိုက်သည်။

"ဆရာချန်း... ယွီဖုန်းရှန်းရဲ့ ဖိတ်ကြားမှုကို လက်ခံမှာလား"

ချန်းရှောင်ရှုံး မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ရာ အေးစက်သော အလင်းတန်း တစ်ခု ဖြာထွက်လာသည်။ သူ အချိန်အတော်ကြာအောင် စကားမပြောဘဲ နေလိုက်သည်။

*

အခြားတစ်ဖက်၊ ယွဲ့ရိ လက်ဖက်ရည်ဆိုင်တွင်...

အဘိုးအိုကို ယွီဖုန်းရှန်း၏ လူများက ဖိတ်ခေါ်လာခဲ့ကြပြီ ဖြစ်သည်။

သူသည် သီးသန့်ခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ကြေးဗုဒ္ဓရုပ်တုနှင့် ပန်းချီကားကို မြင်လိုက်ရသည်။ သူသည် အချိန်အတော်ကြာအောင် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားရှာသည်။

"အဲ... အဲဒါ... ငါ့မိန်းမနဲ့ သားကို သတ်ခဲ့တဲ့ လက်နက်ပဲ... အဲဒါ ငါ့မိန်းမနဲ့ သားကို သတ်ခဲ့တဲ့ လက်နက်ပဲ…”

All Chapters