← Chapters

ဒီလူကို မြင်ဖူးသလို နေနေလား

Vol. 74 Ch. 1467

ဒီလူကို မြင်ဖူးသလို နေနေလား

Vol. 74 Ch. 1467

~ချန်းရှောင်ရှုံးသည် သူမ၏ အကြံအစည်ကို သဘောမတူပေ။

"ဥက္ကဋ္ဌယွီ... ဒီစိတ်ကူးက လှပေမဲ့ လက်တွေ့မကျလွန်းဘူးဗျ"

"ဟင်... ဘာသဘောလဲ"

ယွီဖုန်းရှန်း စူးစမ်းသလို မေးလိုက်သည်။

"ခိုးသားက ခိုးသားပါပဲဗျာ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပဲ ဆေးကြော ဆေးကြော သွေးနံ့က ပျောက်သွားမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ပထမဆုံး ရခဲ့တဲ့ ရွှေအိုးက သွေးမစွန်းခဲ့ဘူးလို့ ပြောရဲလား။ တစ်ခါလောက် စွန်းခဲ့ပြီဆိုတာနဲ့ တသက်လုံး ပြန်ဆေးလို့ မရတော့ဘူး"

ချန်းရှောင်ရှုံးက တစ်စုံတစ်ခုကို ရည်ညွှန်းပြောဆိုနေပုံရသည်။

ယွီဖုန်းရှန်း မျက်နှာ အနည်းငယ် ပျက်သွားပြီး လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းနားသို့ ခပ်ဖြည်းဖြည်း မယူလိုက်သည်။

"ဒါဆို ဆရာချန်းရဲ့ ပထမဆုံး ရွှေအိုးက ဘယ်လိုရခဲ့သလဲ သိချင်မိသား"

ချန်းရှောင်ရှုံး၏ မျက်နှာပေါ်တွင် မှေးမှိန်သော အပြုံးတစ်ခု ပေါ်လာပြီး လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။

"ဥက္ကဋ္ဌယွီ သိပြီးသား မဟုတ်ဘူးလား။ သိရက်နဲ့ ဘာလို့ မေးနေတာလဲဗျာ"

"ကျွန်မ မသိလို့ ဆရာချန်းကို မေးနေတာပေါ့"

ယွီဖုန်းရှန်းက မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

ချန်းရှောင်ရှုံးသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး၊ ပြုံးလျက် ခပ်ဖြည်းဖြည်း မော့ကြည့်လိုက်သည်။

"ကျွန်တော့်ရဲ့ ပထမဆုံး ရွှေအိုးက သင်္ချိုင်းဖောက်ပြီး လူသတ်ရာကနေ ရခဲ့တာဗျ"

"ဒုတ်..."

အကာအရံ၏ နောက်ကွယ်မှ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

ချန်းရှောင်ရှုံးက ဂရုမစိုက်သလို တစ်ချက်လှမ်းကြည့်လိုက်ပြီး ယွီဖုန်းရှန်းကို ပြုံးပြသည်။

"ဒီလက်ဖက်ရည်ဆိုင်မှာ ကြွက်တွေ ရှိနေတာလား"

ယွီဖုန်းရှန်း၏ မျက်နှာ အနည်းငယ် အနေရခက်သွားသည်။

ထိုအချိန်တွင် ခြေသံများ ထွက်ပေါ်လာပြီး ယဲ့ဖန်သည် အကာအရံနောက်မှ ထွက်လာခဲ့လေသည်။

"မင်္ဂလာပါ ဆရာချန်း... ကျွန်တော်က ယဲ့ဖန်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်"

ချန်းရှောင်ရှုံးသည် ခပ်ဖြည်းဖြည်း မတ်တတ်ထရပ်ပြီး ယဲ့ဖန်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ပထမဆုံးအကြိမ် တွေ့ဖူးတာ ဆိုပေမဲ့၊ ခင်ဗျားအကြောင်း တော်တော်များများ ကြားဖူးထားပါတယ်"

"လူချင်းတွေ့တော့ စိတ်ပျက်မသွားဘူးလို့ မျှော်လင့်ပါတယ်ဗျာ"

ယဲ့ဖန်၏ မျက်နှာပေါ်တွင် အန္တရာယ်ကင်းသော အပြုံးတစ်ခု ပေါ်လာပြီး၊ မည်သည့် လှည့်ကွက်မှ မရှိသည့် သာမန် တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်နှင့် တူနေ၏။

"ဟားဟား... ဘယ်လိုလုပ် စိတ်ပျက်ရမှာလဲဗျာ။ ဆရာယဲ့က ဒီည ပွဲကြီးပွဲကောင်းကို ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကပြသွားတာပဲ။ ကျွန်တော် ထင်ထားတာထက်တောင် ပိုမိုက်သေးတယ်။ လူငယ်လူရွယ်တွေက တော်တော် စွမ်းတာပဲ"

ချန်းရှောင်ရှုံးက ချီးကျူးစကား ပြောရန် ဝန်မလေးခဲ့ပေ။

သူတို့ သုံးဦး ပြန်ထိုင်လိုက်ကြပြီး ဟိုဟိုဒီဒီ စကားစမြည် ပြောနေကြ၏။

ရုတ်တရက် ချန်းရှောင်ရှုံးသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူတို့နှစ်ဦးကို မကျေမနပ် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ဆရာယဲ့... ဥက္ကဋ္ဌယွီ... ခင်ဗျားတို့နှစ်ယောက် ပေါင်းပြီး ဒီည ကျွန်တော်တို့ တောင်နက်ဂိုဏ်းကို ဆက်တိုက် ရန်စခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ တပည့်ကျော်ကိုတောင် ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ကျွန်တော် ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှလည်း ကျွန်တော် ပြန်ရောက်ရင် တောင်နက်ဂိုဏ်းက ညီအစ်ကို သောင်းချီရဲ့ ဒေါသကို ဖြေလျှော့ပေးလို့ ရမှာ"

သူ့စကားများက တည်ငြိမ်သော်လည်း ခြိမ်းခြောက်မှုအရိပ်အယောင်များ သိုဝှက်ပါဝင်နေ၏။

ယွီဖုန်းရှန်းသည် စောစောကမှ သူတို့နှင့် ရယ်မောပြောဆိုနေသော ချန်းရှောင်ရှုံးတစ်ယောက် ချက်ချင်းကြီး ရန်သူလို ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားခဲ့မိ။ သူမ ခဏတာ ကြောင်သွားရသည်။

သို့သော် ယဲ့ဖန်က ပြုံးပြီး ဆက်ပြောလိုက်သည်။

"ဆရာချန်း... စိတ်မဆိုးပါနဲ့ဗျာ။ ကျွန်တော်တို့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ။ ကျွန်တော်က ခင်ဗျားကို လက်ဖက်ရည် တိုက်ချင်တာ။ ဒါပေမဲ့ ခင်ဗျားက မျက်နှာမပေးမှာ စိုးလို့ ဒီလို လုပ်လိုက်ရတာပါ"

"ငါ့လူကို ဒဏ်ရာရအောင် လုပ်တာနဲ့ လက်ဖက်ရည်တိုက်တာ ဘာဆိုင်လို့လဲ"

ချန်းရှောင်ရှုံး အေးစက်စွာ မေးလိုက်သည်။

"ဆိုင်တာပေါ့... အရမ်းဆိုင်တာပေါ့။ ဒါပေမဲ့ ခဏလောက် သည်းခံပြီး စောင့်ပေးပါဦး။ နောက်ဆုံးကျမှ အဖြေကို ဖွင့်ပြပါ့မယ်"

ယဲ့ဖန်၏ အပြုံးတွင် လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေ၏။

ချန်းရှောင်ရှုံး နှာခေါင်းရှုံ့လိုက်သည်။

"တောင်နက်ဂိုဏ်းကို ရန်စခဲ့တာ မင်းတို့ပါလို့ ဝန်ခံမှတော့ ရှင်းပြချက် ပေးပါတော့။ အကယ်၍ မင်းတို့ရဲ့ အကြောင်းပြချက်က ငါ့ကို မကျေနပ်စေဘူး ဆိုရင်တော့... တောင်နက်ဂိုဏ်းအနေနဲ့ ပြန်ပြီး လက်တုံ့ပြန်ရုံပဲ ရှိတော့တာပေါ့"

ယဲ့ဖန် လက်ကာပြလိုက်သည်။

"ဆရာချန်း... စိတ်လျှော့ပါဗျာ။ ရှင်းပြချက် မပေးခင် ခင်ဗျားကို လူတစ်ယောက်နဲ့ အရင် မိတ်ဆက်ပေးချင်လို့ပါ"

"ဘယ်သူလဲ"

ချန်းရှောင်ရှုံး မျက်မှောင်ကြုတ်လိုက်သည်။

"ခုနက ခင်ဗျား ဥက္ကဋ္ဌယွီကို ပြောခဲ့တယ်လေ။ ခင်ဗျားရဲ့ ပထမဆုံး ရွှေအိုးက သင်္ချိုင်းဖောက်ပြီး လူသတ်ရာက ရခဲ့တာဆို...။ အဲဒါ ခင်ဗျား သူ့ကို မှတ်မိသေးလားလို့ပါ"

ယဲ့ဖန်က ပြောရင်း လက်ခုပ် နှစ်ချက် တီးလိုက်သည်။

ထိုအခါ အကာအရံနောက်မှ အဘိုးအို ထွက်လာလေသည်။

ချန်းရှောင်ရှုံးကို မြင်လိုက်ရသည်နှင့် အဘိုးအို၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။

"ချန်းရှောင်ရှုံး... မင်း ငါ့ကို မှတ်မိသေးလား"

ချန်းရှောင်ရှုံးသည် အဘိုးအိုကို မြင်လိုက်ရချိန်တွင် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

ဖူရှန် ပြောပြခဲ့သော နေ့ခင်းက အဖြစ်အပျက်ကို ကြားပြီးကတည်းက သူ့စိတ်ထဲတွင် မကောင်းသော နိမိတ်ကို ခံစားနေရသည်။

အခုတော့ ထိုနိမိတ်က လက်တွေ့ ဖြစ်လာရ၏။

‘ဒီအဘိုးကြီးက တကယ်ပဲ ယဲ့ဖန်လက်ထဲ ရောက်သွားခဲ့တာကိုး။

သူ တွက်ချက် မှားသွားရပြီ။

ဒီလိုဖြစ်မယ်မှန်းသာ သိရင် ဒီအဘိုးကြီးကို ရှင်းပစ်ဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့မိမှာ။’

ယဲ့ဖန်သည် ချန်းရှောင်ရှုံးကို ပြုံးပြီး ကြည့်လိုက်သည်။

"ဆရာချန်း... သူ့ကို မြင်ဖူးသလို နေနေလား"

အဘိုးအို ပေါ်လာခြင်းက ချန်းရှောင်ရှုံးကို ခဏတာ ထိတ်လန့်သွားစေခဲ့၏။

သို့သော် သူ အမြန်ပြန်လည် တည်ငြိမ်အောင် လုပ်ယူလိုက်ပြီး ပြုံးလိုက်ပြန်သည်။

"ကျွန်တော် မသိဘူး"

"ချန်းရှောင်ရှုံး... မင်းက ငါ့ကို မသိဘူးလို့ ပြောရဲတယ်ပေါ့။ အဲဒီတုန်းက မင်းက ကျေးဇူးကန်းပြီး ငါ့မိန်းမနဲ့ သားကို သတ်ခဲ့တာလေ။ မင်းရဲ့ အသားကိုစားပြီး မင်းရဲ့ သွေးကို သောက်ချင်လိုက်တာကွာ..."

အဘိုးအိုသည် စိတ်ထိန်းမရတော့ဘဲ ချန်းရှောင်ရှုံးထံသို့ ပြေးဝင်ကိုက်မတတ် ဖြစ်သွားသည်။

ယဲ့ဖန် အမြန်ထပြီး တားဆီးလိုက်ရသည်။ ထို့နောက် ချန်းရှောင်ရှုံးဘက် လှည့်ကြည့်လိုက်သည်။

"ဆရာချန်းကို လုပ်ရဲရင် ခံရဲတဲ့ ယောက်ျားကောင်းတစ်ယောက်လို့ ကျွန်တော် အမြဲ ထင်ခဲ့တာ။ ဒီနေ့ လူချင်းတွေ့မှပဲ... လုပ်တော့ လုပ်ရဲတယ်၊ ဝန်မခံရဲတဲ့ သူရဲဘောကြောင်သူ ဖြစ်နေမှန်း သိလိုက်ရတော့တယ်"

ချန်းရှောင်ရှုံး ဒေါသထွက်မသွားပေ။ လက်ဖက်ရည်ကိုသာ ခပ်ဖြည်းဖြည်း သောက်လိုက်သည်။

"မင်း ဘာပြောနေလဲ ငါ နားမလည်ဘူး"

ယဲ့ဖန်သည် အဘိုးအိုကို စိတ်လျှော့ရန် အမူအရာပြလိုက်ပြီး ပြန်ထိုင်လိုက်သည်။

"ကျွန်တော် သိထားသလောက်ဆိုရင်... ခင်ဗျား တောင်ပေါ်မှာ သင်္ချိုင်းဖောက်နေတုန်း ဒီအဘိုးရဲ့ မိန်းမက မတော်တဆ တွေ့သွားခဲ့တယ်။ အဲဒါနဲ့ ခင်ဗျားက သတင်းပေါက်ကြားမှာ ကြောက်လို့ ရွာထဲက လူ (၅၀-၆၀) လောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ဒီလို လုပ်ရပ်မျိုးက တိရစ္ဆာန်နဲ့ ဘာမှ မခြားဘူးဗျ"

ချန်းရှောင်ရှုံး အေးစက်စွာ ကြည့်လိုက်သည်။

"မောင်ရင်... ထမင်းကို ကြိုက်သလောက် စားလို့ရတယ်၊ စကားကိုတော့ ကြိုက်သလောက် ပြောလို့မရဘူး။ အဘိုးကြီးတစ်ယောက်ရဲ့ စကားကို နားထောင်ပြီး ဒီလောက် ကြီးမားတဲ့ ရာဇဝတ်မှုကြီးကို ငါ့ခေါင်းပေါ် လာပုံချတာတော့ ငါ.. သည်းမခံနိုင်ဘူးနော်"

သူ့အကြည့်က အလွန် ရက်စက်ကြမ်းကြုတ်ပြီး လူကို တုန်လှုပ်စေ၏။

တခြားသူသာဆိုလျှင် ကြောက်လန့်သွားလောက်ပြီ ဖြစ်သည်။

သို့သော် ယဲ့ဖန်ကတော့ ထိုခြိမ်းခြောက်နေသော အကြည့်ကို ဂရုမစိုက်ဘဲ အေးဆေးစွာ ထိုင်နေဆဲပင်။

"လူမသိစေချင်ရင် မလုပ်နဲ့လေဗျာ။ အဘိုးကြီး ပြောပြချက် အရဆိုရင်... ခင်ဗျားက ကြေးဗုဒ္ဓရုပ်တုနဲ့ သူ့မိန်းမရဲ့ ခေါင်းကို ရိုက်ခွဲခဲ့တယ်။ ပြီးတော့ သွေးတွေက ပန်းချီကား တစ်ချပ်ပေါ် စွန်းထင်းသွားခဲ့တယ်။ အကယ်၍သာ ကျွန်တော်တို့က အဲဒီ ပစ္စည်းနှစ်ခုကို ရှာတွေ့ခဲ့မယ်ဆိုရင်... ခင်ဗျားရဲ့ ရာဇဝတ်မှုကို သက်သေပြနိုင်မလား"

ယဲ့ဖန် ပြောရင်း ချန်းရှောင်ရှုံး၏ မျက်နှာကို ရှုတည်တည် ကြည့်လိုက်သည်။

"ဟားဟား... ကောင်းပြီလေ။ မင်းမှာ သက်သေရှိရင် ထုတ်ပြလိုက်၊ ငါ လူသတ်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ရင် ငါ အပြစ်ကို ဝန်ခံပါ့မယ်။ ဒါပေမဲ့ မထုတ်ပြနိုင်ဘူး ဆိုရင်တော့ ငါ ရိုင်းပြမိတယ်လို့ သဘောမထားနဲ့"

ချန်းရှောင်ရှုံးက ခြိမ်းခြောက်ဖို့ မမေ့ပေ။

ထိုပစ္စည်း နှစ်ခုက သူ့အိမ်က မီးခံသေတ္တာထဲမှာ လုံလုံခြုံခြုံ ရှိနေသည်။

သူက လွဲပြီး ဘယ်သူမှ ဖွင့်‌၍ မရပေ။

သည်ယုံကြည်မှုကြောင့်သာ ယဲ့ဖန်က ဟန်ရေးပြနေသည်၊ သက်သေပြနိုင်မှာ မဟုတ်ဘူးဟု သူ ယူဆထားလိုက်၏။

ယဲ့ဖန် သက်သေ မပြနိုင်သည်နှင့် သူ့ဘက်က လက်တုံ့ပြန်ဖို့ အကြောင်းပြချက် ကောင်းကောင်း ရသွားလေ၏။

"သက်သေ လိုချင်တာမလား။ ရတာပေါ့"

ထိုအခိုက်အတန့်၌၊ ယဲ့ဖန်က ပြုံးရင်း လက်ခုပ် နှစ်ချက် တီးလိုက်သည်။

ချက်ချင်းပင် အားချန်သည် သစ်သားဗန်း တစ်ခုကို ကိုင်လျက် အကာအရံနောက်မှ ထွက်လာသည်။ သစ်သားဗန်းကို အနီရောင် အဝတ်စဖြင့် အုပ်ထားသဖြင့် အတွင်းမှ ပစ္စည်းကို မမြင်ရပေ။

"ဆရာယဲ့... ခင်ဗျား ဘာလုပ်ချင်တာလဲ"

ချန်းရှောင်ရှုံး နားမလည်နိုင်စွာ ကြည့်လိုက်သည်။

ယဲ့ဖန် ခပ်ဖြည်းဖြည်း မတ်တတ်ထရပ်ပြီး အားချန်ဘေးသို့ လျှောက်သွားလိုက်၏။

"ခင်ဗျား သက်သေ လိုချင်တယ်ဆို...။ ကဲ... သက်သေ ပေးလိုက်မယ်လေ"

ပြောရင်းဖြင့် ဗန်းပေါ်မှ အနီရောင် အဝတ်စကို လှန်လိုက်ရာ ပန်းချီကားနှင့် ကြေးဗုဒ္ဓရုပ်တု ပေါ်ထွက်လာတော့၏။

All Chapters