မြင့်မြတ်သောနန်းတော်၏ကလဲ့စား
Vol. 46 Ch. 632
သူရိယနေမင်းကြီးမှာ ဖြည်းညင်းစွာဖြင့် အနောက်အရပ်ဆီသို့ ရွေ့လျားနေပြီဖြစ်ကာ နူးညံ့ထည်ဝါသော တိမ်စိုင်များအား ပုစွန်ဆီရောင် ဆည်းဆာအလင်းတန်းများ ဖြန့်ကျက်ပေးနေလျက် ရှိသည်။
လီချင်းချန်မှာ ကန်ရွှမ်းကလန်မှ တပည့်များအားလုံးအား တစ်ယောက်မကျန် တာဝန်ယူထိန်းချုပ်ရသော နေရာအား ရယူနေရဆဲပင် ဖြစ်သည်။ သူမသည် အဝေးတစ်နေရာအား လှမ်းမြော်ကြည့်လျက် မျက်မှောင်ကျုံ့ကာ စကားဆိုလိုက်သည်။ "ယောင်ယောင်က ဘာလို့ အခုချိန်ထိ ပြန်မလာသေးတာပါလိမ့်။"
ယောင်ယောင်၏ ထူးချွန်ထက်မြက်မှုအရ ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာတစ်ခုအား သွားရောက်သိမ်းယူရန်မှာ ယခုမျှထိ ကြာမြင့်ခြင်း မရှိသင့်ပေ။ ပုံမှန်အားဖြင့်ဆိုလျှင် ယောင်ယောင်မှာ နေ့တဝက်မျှသော အချိန်အတွင်းမှာပင် ရတနာတည်နေရာထံမှ ပြန်လည်ရောက်ရှိလာလေ့ ရှိသည်။
"ကိစ္စတစ်ခုခုကြောင့်များ နောက်ကျနေတာလား။" လီချင်းချန်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လီချင်းချန်မှာ ယောင်ယောင်အား စိတ်ပူခြင်း အလျှင်းမရှိပါချေ။ ယောင်ယောင်မှာ ချီစွမ်းအင် မရှိသလောက် လွန်စွာအားနည်းသူ ဖြစ်ပါသော်လည်း သူမ၏စိတ်ဝိဉာဉ်မှာမူ ရွေးချယ်ခံတစ်ယောက်ထက်ပင် သာလွန်ရလောက်အောင် စွမ်းအင်မြင့်သူ ဖြစ်သည်။
ယောင်ယောင်၏ စိတ်ဝိဉာဉ်မှာ ချူချင်းနှင့် စွမ်းအင်ချင်း နှိုင်းယှဉ်နိုင်လောက်သည်အထိပင် ကောင်းမွန်ပေသည်။
ထို့ကြောင့် အခက်အခဲ တစ်စုံတစ်ရာဖြင့် ကြုံတွေ့ရမည် ဆိုလျှင်ပင် ယောင်ယောင်မှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပဲ ပြန်လည်လွတ်မြောက်နိုင်လိမ့်မည် ဖြစ်သည်။
ထိုသို့သော အကြောင်းအရာများကြောင့် လီချင်းချန်မှာ ယောင်ယောင်အား အလွန်အမင်း စိတ်ပူခြင်း မဖြစ်မိပဲ တစ်နေ့ပတ်လုံး အခြားသော အကြောင်းအရာများကိုသာ ပြုလုပ်နေခြင်း ဖြစ်သည်။
"ဂီး...."
ကျယ်လောင်သော အော်ဟစ်သံတစ်ခုအား ကြားလိုက်ရသည့်အတွက် လီချင်းချန်မှ ကြည့်ရှုလိုက်သောအခါတွင် အဝေးတစ်နေရာမှ ပျံသန်းလာနေသော ကြီးမားသည့် အပြာရောင် ရေခဲငှက်ကြီးအား တွေ့ရှိလိုက်ရသည်။
ဝှစ်...
ရေခဲငှက်ကြီးမှာ တောင်ထိပ်ပေါ်သို့ ဆင်းသက်ရန် ပျံဝဲလာလျက် ရှိသည်။ များပြားလှသော ကန်ရွှမ်းကလန်မှ တပည့်များမှာ ကောင်းကင်ထက်သို့ ထိုးတက်ပျံဝဲလျက် ၎င်းရေခဲငှက်ကြီးအား တားဆီးရန် ပြင်ဆင်လိုက်ကြသည်။
လီချင်းချန်မှ ထိုတပည့်များအား တားဆီးကာ မျက်မှောင်ကျုံ့လျက် ရေခဲငှက်ကြီးအား ကြည့်ရှုလိုက်သောအခါတွင် ယင်းငှက်အား စီးနင်းလိုက်ပါလာသော အစိမ်းရောင်ဆံနွယ်များဖြင့် မိန်းမလှလေးတစ်ဦးအား တွေ့ရှိလိုက်ရသည်။ ထိုမိန်းမငယ်လေး၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။
"အလှပန်းတစ်ရာနန်းတော်က တပည့်တစ်ယောက် ထင်တယ်။" လီချင်းချန်မှာ ထိုမိန်းမငယ်လေး၏ အဝတ်အစားပေါ်မှ အလှပန်းတစ်ရာနန်းတော် အမှတ်တံဆိပ်အား သတိပြုမိလိုက်သည်။
"ကျွန်မက အလှပန်းတစ်ရာနန်းတော်က လုလျိုပါ။ ဇူယွမ်နဲ့ ယောင်ယောင်တို့ရဲ့ သူငယ်ချင်းပါ။ အခုဒီမှာ ဘယ်သူရှိလဲဟင်။ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိလို့ပါ။" လုလျိုမှ အော်ဟစ်ပြောဆိုလိုက်သည်။
ကန်ရွှမ်းကလန်မှ တပည့်များမှာ လီချင်းချန်အား ကြည့်ရှုလိုက်ကြသည်။
လီချင်းချန်မှ အရှေ့သို့ထွက်ကာ စကားဆိုလိုက်သည်။ "ငါက ကန်ရွှမ်းကလန်က လီချင်းချန်ပဲ။ ဘာပြောစရာရှိလို့လဲ။"
လုလျိုမှာ ကောင်းကင်ထက်မှနေ၍ လီချင်းချန်၏အနီးသို့ လျင်မြန်စွာပင် ဆင်းသက်လိုက်သည်။ "ယောင်ယောင့်ကို မြန်မြန်သွားကယ်ပေးပါ။ သူမ ဒုက္ခရောက်နေပြီ။"
လီချင်းချန်မှာ လုလျို၏စကားအား မယုံကြည်နိုင် ဖြစ်နေရသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ယောင်ယောင်၏ စွမ်းရည်ဖြင့်သာဆိုပါက ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်း မည်သူကမှ သူမအား ထိပါးနှောင့်ယှက်ရဲလိမ့်မည် မဟုတ်ချေ။
"ယောင်ယောင်သွားတဲ့ ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာဆိုတာ မြင့်မြတ်သောနန်းတော်က လုပ်ထားတဲ့ ထောင်ချောက်ပဲ။ အဲ့တောင်တန်းမှာရှိတဲ့ ကျောက်တုံးကျောက်ဆောင်တွေက စိတ်ဝိဉာဉ်ကို ဖိနှိပ်နိုင်စွမ်း ရှိတယ်။ ယောင်ယောင်ရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကလည်း အဲ့နေရာမှာ ဖိနှိပ်ခံနေရတယ်။" လုလျိုမှ အလောတကြီး ရှင်းပြပြောဆိုလိုက်သည်။
လုလျိုမှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဆက်လက်စကားဆိုလိုက်သည်။ "ဒီသတင်းက ကောင်းကင်တစ္ဆေကလန်မှာရှိတဲ့ ကျွန်မရဲ့ သူငယ်ချင်းဆီကနေ ကြားလာခဲ့တာ။ တကယ်ဆိုရင် ကျွန်မလည်း ကြားကြားချင်း ယောင်ယောင့်ကို သွားကယ်လိုက်ချင်ပေမယ့် မြင့်မြတ်သောနန်းတော်က အဲ့တောင်တန်းကို စောင့်ကြပ်ဖို့ ရွေးချယ်ခံနှစ်ယောက်တောင် လွှတ်ထားတာမို့ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။"
လီချင်းချန်၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် တိုးညင်းစွာ ပြောလိုက်သည်။ "စိတ်ဝိဉာဉ်ကို ဖိနှိပ်နိုင်စွမ်းရှိတဲ့ တောင်တန်းလား။"
ထို့နောက် လီချင်းချန်မှာ အံကိုကြိတ်ကာ စကားဆိုလိုက်သည်။ "မြင့်မြတ်သောနန်းတော်က အရမ်းတရားလွန်လွန်းတယ်။"
လီချင်းချန်မှ ကန်ရွှမ်းကလန်၏ တပည့်များအားကြည့်ကာ ပြောလိုက်သည်။ "ရွေးချယ်ခံတွေ အကုန်လုံးကို ယောင်ယောင် ထောင်ချောက်မိနေတဲ့အကြောင်း သတင်းပို့လိုက်။"
လက်ရှိအချိန်၌ ချူချင်း၊ ခုန်းရှန်နှင့် ထန်ထန်တို့မှာ အခြားရတနာတည်နေရာတစ်ခုထံသို့ သွားရောက်နေကြခြင်း ဖြစ်သည်။
ကန်ရွှမ်းကလန်မှ တပည့်များမှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေပဲ ဆက်သွယ်ရေးကြေးမုံများအားထုတ်ယူကာ ချီစွမ်းအင်များ ဖြည့်တင်းလျက် သတင်းစကား ပေးပို့လိုက်ကြသည်။
သို့သော် မကြာမီမှာပင် သတင်းစကား ပြန်လည်လက်ခံရယူပြီးသည့်နောက် တပည့်များ၏ အမူအရာမှာ ပြောင်းလဲသွားရ၏။
"စီနီယာအမတော်လီ အခုအချိန်မှာ တခြားရွေးချယ်ခံတွေ အကုန်လုံးက မြင့်မြတ်သောနန်းတော်က တပည့်တွေနဲ့ တိုက်ခိုက်နေရလို့ လာဖို့အဆင်မပြေသေးဘူးလို့ ပြောတယ်။"
"ပြီးတော့ ကောင်းကင်တစ္ဆေကလန်ဖက်မှာလည်း ပြောင်းလဲမှုတချို့ကို တွေ့နေရတယ်တဲ့။ ကျွန်တော်တို့ ကန်ရွှမ်းကလန်ဖက်ကို မြှားဦးလှည့်လာမလားမသိဘူးလို့ ပြောတယ်။"
လီချင်းချန်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။
ကောင်းကင်တစ္ဆေကလန်မှာ မြင့်မြတ်သောနန်းတော်နှင့် ပူးပေါင်း၍ ကန်ရွှမ်းကလန်အား တိုက်ခိုက်တော့မည့်ဟန် ရှိနေ၏။
မြင့်မြတ်သောနန်းတော်မှာ ထိုမျှသော အချိန်တိုလေးအတွင်း ကန်ရွှမ်းကလန်အား လက်စားချေရန် စီစဉ်လိမ့်မည်ဟု လီချင်းချန်မှာ မမျှော်လင့်ထားခဲ့ပေ။
ကျောင်းထိုက်ရှင်းမှာ အမှန်တကယ်ပင် ခန့်မှန်းရန် မလွယ်ကူသူတစ်ဦးပင် ဖြစ်သည်။
"စီနီယာအမတော်လီ ကျွန်မဒီကိုလာတုန်းက အလှပန်းတစ်ရာနန်းတော်က အမတော်ကုံဝမ်က ကောင်းကင်တစ္ဆေကလန်ကို ကိုင်တွယ်ထားပေးမယ်လို့ပြောတယ်။ အဲ့ဒါကြောင့် ကောင်းကင်တစ္ဆေကလန်ကိုတော့ စိတ်ပူစရာ မလိုသေးဘူး။" လုလျိုမှ ပြောလိုက်သည်။
လီချင်းချန်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားရ၏။ "ကုံဝမ်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ။"
အလှပန်းတစ်ရာနန်းတော်မှ ကန်ရွှမ်းကလန်အား အကူအညီပေးလာသည်မှာ ထူးခြားသော ကိစ္စရပ်တစ်ခု မဟုတ်ပါချေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်တစ္ဆေကလန်နှင့် အလှပန်းတစ်ရာနန်းတော်တို့၏ ဆက်ဆံရေးမှာ ကောင်းမွန်ပြေလည်သော အခြေအနေ၌ မရှိနေသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် မြင့်မြတ်သောနန်းတော်နှင့် ကောင်းကင်တစ္ဆေကလန်တို့ ပူးပေါင်းကာ ကန်ရွှမ်းကလန်အား တိုက်ခိုက်ရန် ပြင်ဆင်နေကြချိန်တွင် အလှပန်းတစ်ရာနန်းတော်မှလည်း ထိုင်ကြည့်နေမည် မဟုတ်ပေ။ ကန်ရွှမ်းကလန်သာ အခြေအနေ ဆိုးရွားသွားခဲ့ပါက အလှပန်းတစ်ရာနန်းတော်၏ အခြေအနေမှာလည်း ဆိုးရွားလာနိုင်သောကြောင့်ပင် ဖြစ်သည်။
"ယောင်ယောင်အတွက် ဘယ်လိုလုပ်ကြမလဲ။ ဇူယွမ်ကရော ဘယ်မှာလဲ။" လုလျိုမှ မေးမြန်းလိုက်သည်။
"ဇူယွမ်က အခုထိ သီးခြားကျင့်ကြံနေတုန်းပဲ ရှိသေးတယ်။ အဲ့လိုမဟုတ်ရင်တောင် အဲ့နေရာကို သူသွားလို့ ရမှာမဟုတ်ဘူး။ မြင့်မြတ်သောနန်းတော်ရဲ့ ရွေးချယ်ခံ နှစ်ယောက်တောင် တောင်တန်းကို စောင့်ကြည့်နေတာဆို။ ဇူယွမ်က ဘယ်လိုလုပ် သွားလို့ရမှာလဲ။" လီချင်းချန်မှ ပြောလိုက်သည်။
"အဲ့လိုဆို ဘယ်လိုလုပ်ကြမလဲ။" လုလျိုမှ ပြောလိုက်သည်။
သတင်းများအရ စိတ်ဝိဉာဉ်အား ဖိနှိပ်နိုင်စွမ်းရှိသော တောင်တန်းသည် အဆိပ်ချီများနှင့်ပါ ပြည့်နှက်နေသောကြောင့် ယောင်ယောင်အတွက် လွန်စွာပင် အန္တရာယ် ရှိလေသည်။
ယောင်ယောင်မှာ စိတ်ဝိဉာဉ်စွမ်းအင် အားကောင်းသော်လည်း ချီစွမ်းအင် မရှိသလောက် အားနည်းသည်ကို ၎င်းတို့အားလုံး သိရှိထားကြသည်။ ထို့ကြောင့် အလွန်ပြင်းထန်သော အဆိပ်ချီများအား သူမမည်သို့မျှ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
လီချင်းချန်မှ လုလျိုအားကြည့်ကာ ပြောလိုက်သည်။ "အဲ့နေရာကို ငါသွားမယ်။"
ပုံမှန်အားဖြင့်ဆိုလျှင် လီချင်းချန်မှာ တပည့်များအား စောင့်ကြပ်ပေးရမည်ဖြစ်သော်လည်း ယခုအခြေအနေအရ ထိုနေရာသို့ သွားရောက်နိုင်သောသူမှာ သူမသာ ရှိသည်။
လုလျိုမှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ လီချင်းချန်သည် အလွန်ပင် ထူးချွန်ထက်မြက်သူ တစ်ဦးဖြစ်သောကြောင့် တောင်တန်းအား စောင့်ကြပ်နေသော မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံနှစ်ယောက်သည်ပင် သူမအား တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
လီချင်းချန်မှာ တပည့်အချို့အား တာဝန်များကို ခွဲဝေချမှတ်ပေးပြီးသည့်နောက် ကောင်းကင်ထက်သို့ ထိုးတက်ကာ ယောင်ယောင် ထောင်ချောက်မိနေရာ အရပ်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
ဝှစ်.....
သို့သော် ထိုအချိန်မှာပင် တောင်ထိပ်တစ်ခုထံမှ များပြားလှသော သွေးနီရောင်ချီစွမ်းအင်များ ထွက်ပေါ်လာလေသည်။
ရုတ်တရုက် ရရှိလိုက်သော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကြောင့် လီချင်းချန်၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ရရှိနေသော စွမ်းအင်ဖိအားမှာ အလွန်ပင် ပြင်းထန်လွန်းလှသဖြင့် လီချင်းချန်မှ လက်လွတ်စပယ် တုံ့ပြန်ရဲခြင်း မရှိပေ။ လီချင်းချန်မှာ ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် သွေးနီရောင်ချီစွမ်းအင်များ၏ စွမ်းအင်ဖိအားများအား ပျက်ပြယ်စေလိုက်သည်။
လီချင်းချန်မှာ အဝေးရှိ တောင်ထိပ်တစ်ခုပေါ်မှ ရှေးဟောင်းသစ်ပင်ကြီးပေါ်တွင် ပြုံးလျက်ထိုင်နေသော အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားလျက်ရှိသည့် အမျိုးသမီးငယ်တစ်ဦးအား တွေ့ရှိလိုက်ရသည်။
"လီချင်းချန် ဘာတွေအလျင်လိုနေတာလဲ။" ထိုမိန်းမငယ်လေးမှ လီချင်းချန်အားကြည့်ကာ မေးမြန်းလိုက်သည်။
လီချင်းချန်မှ အေးစက်ခက်ထန်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ထိုမိန်းမငယ်လေးအားကြည့်ကာ ပြောလိုက်သည်။ "ကျန်းထိုက်ချင်...."
အနက်ရောင် အဝတ်အစားများ ဆင်မြန်းထားသော ထိုမိန်းမငယ်လေးမှာ မြင့်မြတ်သောနန်းတော်မှ ကျန်းထိုက်ချင်ပင် ဖြစ်သည်။
"ကြည့်ရတာ နင်တို့မြင့်မြတ်သောနန်းတော်က သေချာစီစဉ်ပြီး အကွက်ချထားတဲ့ပုံပဲ။" လီချင်းချန်မှ အေးစက်စွာ စကားဆိုလိုက်သည်။ ကျန်းထိုက်ချင် ရောက်ရှိလာမှုမှာ လီချင်းချန်အား တားဆီးရန် ဖြစ်ပေလိမ့်မည် ဖြစ်သည်။
ကျန်းထိုက်ချင်မှ ခါးကြောလေးကိုဆန့်ထုတ်လျက် သမ်းဝေကာ ပြောလိုက်သည်။ "နင်တို့ရဲ့ ကန်ရွှမ်းကလန်က ငါတို့မြင့်မြတ်သောနန်းတော်ကို အရှက်ကွဲစေခဲ့တယ်လေ။ အဲ့ဒါကို ငါတို့က ဘာမှပြန်မလုပ်ဘူးလို့ ထင်လို့လား။"
"ဒီနေ့တော့ နင်တို့ကန်ရွှမ်းကလန်က တစ်ယောက်မှ မလွတ်စေရဘူး။"
"ပြီးတော့ ဇူရှောင်ယိုလည်း နင့်မျက်စိရှေ့မှာပဲ သေသွားစေရမယ်။"
ကျန်းထိုက်ချင်၏ မျက်ဝန်းများမှာ ရက်စက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။
လီချင်းချန်မှာ အံကြိတ်လိုက်ပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ယခုအချိန်၌ မည်သည့်စကားကိုဆိုပါစေ ထူးခြားမှုရှိလာလိမ့်မည် မဟုတ်တော့ပေ။ ထို့ကြောင့် ကျန်းထိုက်ချင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရုံသာ ရှိတော့၏။
သို့သော် ယခုတိုက်ပွဲသည် လွန်စွာခက်ခဲလိမ့်မည်ဖြစ်ကြောင်း လီချင်းချန်မှ ကောင်းစွာသိရှိထားသည်။ အဘယ့်ကြောင့်ဆိုသော် ရှန်ဇူတိုက်ကြီး၏ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် ကျန်းထိုက်ချင်သည် သူမထက်ပို၍ အဆင့်မြင့်သောကြောင့်ပင် ဖြစ်သည်။
မည်မျှပင်ခက်ခဲစေကာမူ လီချင်းချန်မှာ အတက်နိုင်ဆုံး ကြိုးစားကြည့်ရမည်ပင် ဖြစ်၏။
ကျန်းထိုက်ချင်မှ ပြုံးကာပြောလိုက်သည်။ "ဟင်းဟင်း.....လီချင်းချန် နင်ကငါ့ကို တိုက်မလို့လား။ အရင်က နင်ငါ့ဆီမှာရှုံးခဲ့ဖူးတာကို မေ့များသွားပြီလား။"
ဝုန်း.....
ထိုအချိန်မှာပင် ကန်ရွှမ်းကလန်မှ တပည့်များ စုဝေးနေရာ တောင်ထွတ်ဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်လာကာ နဂါးတစ်ကောင်၏အသွင်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ကျယ်လောင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ "စီနီယာအမတော်လီ သူမနဲ့ ရင်ဆိုင်လိုက်ပါ။ ကျွန်တော် ယောင်ယောင့်ကို သွားရှာလိုက်မယ်။"
လီချင်းချန်မှာ ခေတ္တမျှ အံ့အားသင့်သွားရပြီးနောက် အော်ဟစ်လိုက်သည်။
"မသွားနဲ့ ဇူယွမ်...အဲ့နေရာမှာ ရွေးချယ်ခံ နှစ်ယောက်တောင် ရှိတယ်။"
သို့သော် လီချင်းချန်၏စကား မဆုံးသေးခင်မှာပင် ရွှေရောင်အလင်းတန်းမှာ မိုးကုပ်စက်ဝိုင်းအား ဖြတ်ကျော်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီပင် ဖြစ်သည်။ လီချင်းချန်မှာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်မိ၏။
"ဒီကောင်လေးကတော့ အဓိပ္ပါယ်မရှိတာတွေ လုပ်နေပြန်ပြီ။"