← Chapters

အရေးကြီးတဲ့ သတင်းတစ်ပုဒ်

Vol. 74 Ch. 1469

အရေးကြီးတဲ့ သတင်းတစ်ပုဒ်

Vol. 74 Ch. 1469

~ယဲ့ဖန် စိတ်မရှည်တော့ပေ။

"ကဲ... အချိန်ဆွဲမနေနဲ့တော့။ ခင်ဗျားမှာ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိတယ်။ ကျွန်တော့်မေးခွန်းကို ရိုးရိုးသားသား ဖြေမလား၊ ဒါမှမဟုတ် အရာရှိတွေဆီ သွားပြီး အဖမ်းခံမလား။ စဉ်းစားဖို့ (၁၀) စက္ကန့် အချိန်ပေးမယ်"

သီးသန့်ခန်းတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ချန်းရှောင်ရှုံး၏ မျက်လုံးများ လှုပ်ရှားသွားပြီး၊ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို ချိန်ဆနေပုံရသည်။

"အချိန်ပြည့်ပြီ"

ယဲ့ဖန်သည် နာရီကို ကြည့်နေရင်း (၁၀) စက္ကန့် ပြည့်သည်နှင့် ချက်ချင်း ပြောလိုက်သည်။

"ကောင်းပြီ... ကျွန်တော် ဖြေပါ့မယ်။ ခင်ဗျား ဘာမေးချင်တာလဲ"

ချန်းရှောင်ရှုံးတွင် ရွေးချယ်စရာ လမ်းမရှိတော့ပေ။ အဲဒီတုန်းက သူ ကိုယ်တိုင်ကိုယ်ကျ သတ်ခဲ့တဲ့လူ အနည်းဆုံး တစ်ဒါဇင်လောက် ရှိသည်။

အကယ်၍သာ အဖမ်းခံလိုက်ရရင် သူ သေချာပေါက် သေမိန့်ကျမှာ။

"အဲဒီ ဂိုဏ်းနာမည်က ဘာလဲ"

ယဲ့ဖန် ပထမဆုံး မေးခွန်းကို မေးလိုက်သည်။

သူသည် ထိုဂိုဏ်းနှင့် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့သော်လည်း၊ အခုထက်ထိ ထိုဂိုဏ်း၏ နာမည်ကို မသိသေးပေ။

"ကျွန်တော် မသိဘူး"

ချန်းရှောင်ရှုံးသည် ယဲ့ဖန် မယုံမည်ကို စိုးရိမ်သဖြင့် အမြန်ထပ်ပြောလိုက်သည်။

"ကျွန်တော် တကယ် မသိတာပါ။ သူတို့ ကျွန်တော့်ကို မပြောပြဘူး"

ယဲ့ဖန် အံ့ဩသွားသည်။

"ခင်ဗျားက အဲဒီဂိုဏ်းက လူ မဟုတ်ဘူးလား"

ချန်းရှောင်ရှုံး ခေါင်းခါပြီး ခါးသီးစွာ ပြုံးလိုက်သည်။

"မဟုတ်ပါဘူးဗျာ။ အလွန်ဆုံးရှိမှ ကျွန်တော်က ပြင်ပဝန်ထမ်း အဆင့်ပဲ ရှိတာပါ။ သူတို့က ကျွန်တော့်ကို အဖွဲ့ဝင်အဖြစ် ဝင်ခိုင်းဖူးပေမဲ့... ကျွန်တော်... ကျွန်တော်က သေမှာကြောက်လို့လေ"

"သေမှာကြောက်တယ် ဟုတ်လား။ ဘာသဘောလဲ"

"အဲဒီဂိုဏ်းထဲ ဝင်ချင်ရင် အရင်ဆုံး မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲတဲ့ ခွဲစိတ်မှု ခံယူရတယ်။ ဒါပေမဲ့ အဲဒီ ခွဲစိတ်မှုရဲ့ ကျရှုံးနိုင်ချေက (၈၀) ရာခိုင်နှုန်းလောက် ရှိတယ်။ တစ်ခါ ကျရှုံးသွားရင် သေချာပေါက် သေပြီပဲ။ အဲဒါကြောင့် ကျွန်တော် စဉ်းစားပြီး လက်လျှော့လိုက်တာ"

"ကျရှုံးနိုင်ချေက (၈၀) ရာခိုင်နှုန်းတောင် ရှိတယ် ဟုတ်လား"

ယဲ့ဖန်သည် နောက်ဆုံးတော့ အသုံးဝင်သော သတင်းအချက်အလက် အချို့ကို ရရှိလိုက်သဖြင့် စိတ်နည်းနည်း အေးသွားရသည်။

သူ စိုးရိမ်နေတာက ထိုဂိုဏ်းက မျိုးရိုးဗီဇ ပြုပြင်ထားသော စူပါလူသားတွေကို အမြောက်အမြား ထုတ်လုပ်နိုင်မှာကိုပါ။

အကယ်၍သာ တကယ် ထိုသို့ဆိုလျှင် သူတို့ ကမ္ဘာကြီးကို အုပ်စိုးဖို့ သိပ်မလိုတော့ပေ။

ခုခံနေ၍လည်း ဘာထူးမည်လဲ။

သို့ရာတွင်၊ ခွဲစိတ်မှု ကျရှုံးနိုင်ချေက (၈၀) ရာခိုင်နှုန်းအထက် ရှိသည်ဆိုလျှင်တော့... ရိုးရာသိုင်းလောကသားတွေအတွက် မျှော်လင့်ချက် ရှိသေးသည်ပေါ့။

သို့သော်လည်း၊ စမ်းသပ်မှုတွေ များလာသည်နှင့်အမျှ အောင်မြင်မှုနှုန်းကလည်း တက်လာမည်ပင်။

တစ်ချိန်ချိန်မှာ အောင်မြင်မှုနှုန်းက (၅၀) ရာခိုင်နှုန်းကျော် ရောက်သွားပြီဆိုလျှင်တော့... သိုင်းလောကတစ်ခုလုံးအတွက် ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မည်။

သို့ကြောင့် အဲဒီနေ့ မရောက်ခင် သူတို့ကို အမြစ်ပါမကျန် ဆွဲထုတ်ပြီး ချေမှုန်းပစ်ရမည်။

သို့သော်လည်း၊ သူတို့ကို ဆွဲထုတ်ဖို့ဆိုတာတောင် တော်တော် ခက်ခဲနေပါသည်။ ချေမှုန်းဖို့ဆိုတာ ပြောမနေနှင့်တော့။

အနည်းဆုံးတော့ အခု သူ၏ အင်အားနှင့် သူ စုစည်းနိုင်သော အင်အားလောက်နှင့် မလုံလောက်သေးပေ။

ဒါက ခရီးရှည်ကြီး တစ်ခုပင်။

ယဲ့ဖန်သည် နောက်ထပ် မေးခွန်းအနည်းငယ် ထပ်မေးလိုက်ရာ၊ ချန်းရှောင်ရှုံးက ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ပြီး ဖြေကြားပေးသည်။

သူ့ပြောပြချက်အရ လွန်ခဲ့သော အနှစ် (၂၀) လောက်က သင်္ချိုင်းဖောက်ပြီး ပထမဆုံး ရွှေအိုးကို ရခဲ့၏။ သူ နည်းနည်း အောင်မြင်လာသည့် အချိန်မှာ အဲဒီဂိုဏ်းက သူ့ကို စပြီး ဆက်သွယ်လာသည်။

ထိုဂိုဏ်းမှ ပေးပို့လိုက်သော သတင်းအချက်အလက်များနှင့် အရင်းအမြစ်များကြောင့်သာလျှင် သူသည် ကျန်းကောနယ်မြေ၌ အရှိန်အဟုန်ဖြင့် ကြီးထွားလာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအရာများကို အခြေပြု၍ ချန်းရှောင်ရှုံးသည် တောင်နက်ဂိုဏ်းအား ကျန်းကော၏ အကြီးဆုံးဂိုဏ်းကြီးအဖြစ် အခိုင်အမာ တည်ဆောက်နိုင်ခဲ့လေသည်။

ယဲ့ဖန်က အဲဒီဂိုဏ်း၏ တည်နေရာ အတိအကျကို မေးကြည့်သည်။

သို့သော် ချန်းရှောင်ရှုံးက ဒီကိစ္စကို ဘာမှ မသိကြောင်း၊ သူက ပြင်ပဝန်ထမ်း အဆင့်သာရှိသဖြင့် အတွင်းရေး အချက်အလက်များကို သိခွင့်မရှိကြောင်း ပြောဆိုသည်။

ကြည့်ရတာ ထိုလူ လိမ်နေပုံမရသဖြင့်

ယဲ့ဖန် ဆက်မမေးတော့ပေ။

အမှန်စင်စစ်တွင်မူ ဤကဲ့သို့သော ဂိုဏ်းမျိုးသည် လျှို့ဝှက်ချက်များကို တိကျစွာ ထိန်းသိမ်းလေ့ရှိပေသည်။

ပြင်ပလူများအား သူတို့၏ အတွင်းရေးကိစ္စများကို အလွယ်တကူ အသိပေးလိမ့်မည် မဟုတ်ချေ။

"ဒါဆို... ဒီတစ်ခါ အဲဒီဂိုဏ်းက ခင်ဗျားကို ဘာတာဝန် ပေးထားလဲ"

ယဲ့ဖန်သည် ယွီဖုန်းရှန်း ကမ်းပေးသော လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံ သောက်လိုက်သည်။

"ဒီတစ်ခါ သူတို့ ကျွန်တော့်ကို အမိန့်နှစ်ခု ပေးထားတယ်။ တစ်ခုက ခင်ဗျားကို အချိန်ဆွဲထားပြီး အာရုံလွှဲထားဖို့။ နောက်တစ်ခုက သတင်းတစ်ခု လွှင့်ပေးဖို့"

"ဘာသတင်း လွှင့်ပေးရမှာလဲ"

"မြစ်အနောက်ဘက်ကမ်းမှာ ရှေးဟောင်း ဂူသင်္ချိုင်းကြီး တစ်ခု ပွင့်တော့မယ်ဆိုတဲ့ သတင်း"

ချန်းရှောင်ရှုံး အမှန်အတိုင်း ပြောပြလိုက်သည်။

ယဲ့ဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"သူတို့က ဘာလို့ ခင်ဗျားကို ဒီသတင်း လွှင့်ခိုင်းရတာလဲ"

ချန်းရှောင်ရှုံး ခေါင်းခါလိုက်သည်။

"သူတို့က တာဝန်ရဲ့ ရည်ရွယ်ချက်ကို ဘယ်တော့မှ ရှင်းမပြဘူး။ သတင်းလွှင့်ပေးဖို့ပဲ ပြောတယ်။ ဒီရက်ပိုင်း ကျန်းကောမှာ သင်္ချိုင်းဖောက်တဲ့ ဂိုဏ်းတွေ အများကြီး ရောက်နေကြတယ်။ အားလုံးက ဒီသတင်းကြားလို့ ရောက်လာကြတာ"

ယဲ့ဖန် ကြားပြီးနောက် မျက်မှောင်ကြုတ်သွားသည်။

‘ဒီဂိုဏ်းက ဘာလုပ်ချင်နေတာလဲ။

သူတို့က လူလွှတ်ပြီး သူ့နောက်ယောင်ခံ လိုက်ခိုင်းတယ်ဆိုတော့ ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာကို လိုချင်လို့ဆိုတာ သိသာတယ်။

ဒါပေမဲ့ သူတို့က ရှန်ဘုရင်ရဲ့ ရတနာကို လိုချင်တာဆိုရင်... ဘာလို့ သတင်းကို ဖွပြီး လူတွေ အများကြီး ရောက်လာအောင် လုပ်နေရတာလဲ။

ရေကို နောက်အောင်လုပ်ပြီးမှ ငါးဖမ်းချင်တဲ့ သဘောလား။’

"ခင်ဗျား သူတို့ကို ဆက်သွယ်လို့ရလား"

ယဲ့ဖန် နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ အကယ်၍ ချန်းရှောင်ရှုံးသာ သူတို့ကို ဆက်သွယ်နိုင်ရင် ထောင်ချောက်ဆင်ပြီး မျှားခေါ်လို့ ရနိုင်သည်လေ။

သို့သော် စိတ်ပျက်စရာကောင်းသည်မှာ ချန်းရှောင်ရှုံးက ခေါင်းခါလိုက်သည်။

"သူတို့ကပဲ ကျွန်တော့်ကို အမြဲ ဆက်သွယ်တာ။ ကျွန်တော့်မှာ သူတို့ရဲ့ ‘ဆက်သွယ်ရန် လိပ်စာ’ မရှိဘူး"

ယဲ့ဖန် သံသယဖြစ်စွာဖြင့် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်သည်။

ချန်းရှောင်ရှုံးက ယဲ့ဖန် မယုံမှန်း သိသဖြင့် ထပ်ပြောလိုက်သည်။

"ကျွန်တော် သိသမျှ အကုန် ပြောပြပြီးပါပြီ။ ဘာမှ ဖုံးကွယ်မထားပါဘူး။ ဒါပေမဲ့ ဆရာယဲ့သာ အဲဒီ သင်္ချိုင်းဖောက်တဲ့ ကောင်တွေကို ရှင်းချင်တယ်ဆိုရင်တော့... ကျွန်တော် အစွမ်းကုန် ကူညီပေးပါ့မယ်"

ပြောရင်းဖြင့် သူ့မျက်နှာပေါ်တွင် ဖားလိုသော အပြုံးတစ်ခု ပေါ်လာသည်။

ကျန်းကော မြေအောက်လောက၏ ဧကရာဇ်ကြီး၌ ဤမျှအထိ နှိမ့်ချတတ်သော အခြမ်းတစ်ခု ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ အခြားလူများသာ ဤအဖြစ်အပျက်ကို သိရှိသွားပါက အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြမည်မှာ မလွဲဧကန်ပင်။

ယွီဖုန်းရှန်းသည်လည်း ယဲ့ဖန်အား လှမ်းကြည့်လိုက်ရင်း စိတ်ထဲမှ တိတ်တခိုး အံ့ဩနေမိလေ၏။

ကျန်းကော၏ မြေအောက်ဘုရင်တစ်ပါးကို ဤမျှအထိ မျက်နှာလိုမျက်နှာရ ပြုမူလာအောင် စွမ်းဆောင်နိုင်သူမှာ ဆရာယဲ့ တစ်ယောက်သာ ရှိပေလိမ့်မည်။

ယဲ့ဖန်သည် ချန်းရှောင်ရှုံး၏ ဖားစကားကို လျစ်လျူရှုလိုက်ပြီး၊ လျှို့ဝှက်ဂိုဏ်းနှင့် ပတ်သက်သော မေးခွန်းအချို့ ထပ်မေးလိုက်သည်။

သူ တကယ် ဘာမှ ထပ်မပြောနိုင်တော့မှန်း သေချာမှ ယဲ့ဖန် ပြုံးလိုက်သည်။

"ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးပါ ဆရာချန်း။ ကျွန်တော် မေးချင်တာတွေ ကုန်ပါပြီ"

ချန်းရှောင်ရှုံး သက်ပြင်းချလိုက်သည်။

"ဒါဆို... အဲဒီ သက်သေပစ္စည်း နှစ်ခုကို ကျွန်တော့်ဆီ ပြန်ပေးလို့ ရမလား"

ယဲ့ဖန် ဘာမှ မပြောရသေးခင် ဘေးနားက အဘိုးအို စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"ပေးလို့မဖြစ်ဘူး... အဲဒါတွေက သူ ငါ့မိန်းမနဲ့ သားကို သတ်ခဲ့တဲ့ သက်သေတွေ။ မင်း ငါ့မိန်းမနဲ့ သားအတွက် လက်စားချေပေးမယ်လို့ ကတိပေးထားတယ်လေ"

ချန်းရှောင်ရှုံးသည် ယဲ့ဖန်ရှေ့တွင် ရိုသေပြနေသော်လည်း၊ ဒီအဘိုးကြီးရှေ့ ရောက်သောအခါ တောင်နက်ဂိုဏ်း ခေါင်းဆောင်ကြီး၏ စရိုက် ပြန်ပေါ်လာသည်။

"အဘိုးကြီး... ထပ်ပြောရဲရင် ကျုပ် ခင်ဗျားကို ခင်ဗျားမိန်းမနဲ့ သားဆီ အခုချက်ချင်း လိုက်ပို့လိုက်မယ်..."

"ဖြောင်း"

သူ့ခြိမ်းခြောက်သံ မဆုံးသေးခင်မှာပင် သူ့ပါးကို တစ်စုံတစ်ယောက်က ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။

သူ လှည့်ကြည့်လိုက်တော့ ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေ၏။

"မင်း... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့"

ချန်းရှောင်ရှုံး၏ ရင်ဘတ်ထဲတွင် ဒေါသမီးများ တောက်လောင်လာသည်။

ကျန်းကော မြေအောက်လောက၏ ဧကရာဇ်တစ်ပါး ဖြစ်လာချိန်မှစ၍ သူ့ကို မြင်တွေ့ရသူတိုင်းမှာ ရိုသေလေးစားကြပြီး ဖိနပ်ကိုပင် လာရောက်လျက်လိုကြသည်အထိ ခယဝပ်တွား ပြုမူတတ်ကြလေသည်။

ယခုမူ သူသည် ယဲ့ဖန်၏ ပါးရိုက်ခြင်းကို ခံလိုက်ရလေပြီ။

သူ၏ ဘဝသက်တမ်းတစ်လျှောက်တွင် ဤမျှ အရှက်ခွဲခံရမှုမျိုးကို တစ်ခါဖူးမျှ ကြုံတွေ့ခဲ့ဖူးပါ၏လော။

ယွီဖုန်းရှန်းလည်း ယဲ့ဖန်၏ လုပ်ရပ်ကြောင့် ကြောင်သွားမိသည်။

ကျန်းကော မြေအောက်လောက၏ ဂေါ့ဖာသားကြီးမှာ လူအများရှေ့မှောက်တွင် ပါးရိုက်ခံလိုက်ရလေသည်။

ဤသတင်းသာ ပေါက်ကြားသွားပါက ကြားသိရသူတိုင်း မေးရိုးပြုတ်ကျသွားကြမည်မှာ သေချာလှ၏။

[ဒီနေရာမှာ "Godfather" (ဂေါ့ဖာသား) ဆိုတာ မြေအောက်လောကရဲ့ အကြီးဆုံးခေါင်းဆောင် (သို့မဟုတ်) သြဇာအကြီးဆုံး အာဏာရှင် ကို ဆိုလိုတာပါ။

အနောက်တိုင်း မာဖီးယားရုပ်ရှင်တွေ (ဥပမာ - The Godfather) မှာ ပါလေ့ရှိတဲ့ အားလုံးက လေးစားကြောက်ရွံ့ရတဲ့၊ အမိန့်ပေးလို့ရတဲ့ "ခေါင်းကိုင်ဖခင်ကြီး" အဆင့်မျိုး ဖြစ်ပါတယ်။]

ယဲ့ဖန်သည် သူ့လက်ကို ချန်းရှောင်ရှုံး၏ အင်္ကျီဖြင့် သုတ်လိုက်သည်။

"ဆရာချန်း... ဒေါသ မထွက်ပါနဲ့။ ခင်ဗျားက သူ့ဆီမှာ အသက်ပေါင်းများစွာ အကြွေးတင်နေတာနော်။ နောင်တမရတဲ့အပြင် သူ့ကိုပါ ထပ်သတ်ချင်နေသေးတယ်... ခင်ဗျား လူရော ဟုတ်သေးရဲ့လား”

All Chapters