← Chapters

အမှန်အတိုင်း ပြောရရင် ကျွန်တော်က ခင်ဗျားတို့ထက် သာတယ်ဗျ

Vol. 74 Ch. 1473

အမှန်အတိုင်း ပြောရရင် ကျွန်တော်က ခင်ဗျားတို့ထက် သာတယ်ဗျ

Vol. 74 Ch. 1473

~ဒီလူအုပ်ကြီးကို သူက ဗုံးခွဲလိုက်သလို ရန်စလိုက်တော့... ဂုဏ်သိက္ခာအတွက်ပဲ ဖြစ်ဖြစ်၊ သူတို့က ယဲ့ဖန်ကို အဆုံးထိ တိုက်ခိုက်ကြတော့မှာပဲ။

ယွီဖုန်းရှန်းတစ်ယောက် ယဲ့ဖန် ဘာတွေးနေလဲဆိုတာ တကယ် နားမလည်တော့ပေ။

ယဲ့ဖန်၏ အတွေးကတော့ အရမ်း ရိုးရှင်းပါသည်။

ဘာကြောင့်လဲဆိုတော့ သူ သိနေသည်လေ။ သူက ဘယ်လောက်ပင် ခေါင်းငုံ့ခံ ခံ၊ အကျိုးအမြတ်တွေ ဘယ်လောက်ပဲ ပေးပေး... ဒီကောင်တွေက လွယ်လွယ်နှင့် နောက်ဆုတ်ကြမည် မဟုတ်ပေ။

ဘာပဲပြောပြော ရှန်ဘုရင်၏ လျှို့ဝှက်ရတနာသိုက် ဆိုတာ ခန့်မှန်း၍ မရနိုင်လောက်အောင် ကြီးမားသော ပိုင်ဆိုင်မှုတွေ ရှိနေမည်ကိုး။

ဘယ်သူကမှ ကြည်ကြည်ဖြူဖြူ လက်လွှတ်ခံမှာ မဟုတ်ပေ။

သူ ဒူးထောက်ပြီး တောင်းပန်လျှင်တောင်မှ သည်လူတွေ စိတ်ပြောင်းမှာ မဟုတ်ပါ။

ထိုသို့ ဖြစ်နေမှတော့... မာကျောသော နည်းလမ်းသုံးပြီး သူတို့ကို အတင်း အကြပ် ဒူးထောက်ခိုင်းတာက ပိုကောင်းသည်လေ။

"အားလုံးပဲ နားလည်မှု လွဲနေကြပြီ။ ကျွန်တော်က ခင်ဗျားတို့ကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ အသက်အန္တရာယ် ရှိတယ်ဆိုတာက... ဒီသင်္ချိုင်းထဲမှာ ထောင်ချောက်တွေ အများကြီး ရှိနေလို့ပါ။ ခင်ဗျားတို့ရဲ့ အရည်အချင်းလောက်နဲ့ဆိုရင် အထဲရောက်တာနဲ့ သေဖို့များတယ်"

သူသာ ဒီလို ရှင်းမပြခဲ့လျှင် တော်သေး၏။ ယခုလို ရှင်းပြလိုက်တော့ အားလုံးက ပိုလို့တောင် ဒေါသထွက်ကုန်ကြ၏။

ဒီနေ့ ဖိတ်ကြားခံရသူတွေက နာမည်ကြီး သူခိုးဂိုဏ်း ခေါင်းဆောင်တွေသာတည်း။ အားလုံးက သူတို့၏ ဖောက်ထွင်းခိုးယူသော ပညာရပ်မှာ ဆရာတစ်ဆူဟူ၍ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားကြသူတွေပင်။

ဒီလို အထင်သေးခံရသည်ကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။

"ဒီကောင်လေးက တော်တော် မောက်မာပါလား။ ငါတို့ အရည်အချင်း မမီဘူးလို့ ပြောရဲတယ်ပေါ့"

"ငါ သင်္ချိုင်းဖောက်နေတုန်းက မင်းက နှပ်စားနေတုန်း ရှိသေးတာကွ။ ငါ့ရှေ့မှာ ဆရာလာလုပ်ရအောင် မင်းက ဘယ်အဆင့် ရှိလို့လဲ"

"ဟဲဟဲ... ဒီကောင်လေးက ဘယ်က ထွက်လာတာလဲ။ ခိုးသားဂိုဏ်းထဲမှာ ဒီလိုလူရှိတာ ငါ ဘာလို့ မသိရတာလဲ"

"ဘယ်က ထွက်လာမှန်း ဘယ်သူသိမှာလဲကွ။ ခေါင်းမကျက်သေးတဲ့ ကောင်လေးက လေကြီးမိုးကြီးနဲ့..."

စိတ်ဆတ်သော ခေါင်းဆောင်တချို့ဆိုလျှင် လက်မောင်းတောင် ပင့်နေကြပြီ ဖြစ်သည်။ ယဲ့ဖန်နှင့် အသေအကြေ ချမည့်ပုံ ပေါက်နေ၏။

အားချန်လည်း ချက်ချင်း သတိထားလိုက်ပြီး အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်သည်။

ယဲ့ဖန်ကတော့ ဒီလူတွေ၏ ဒေါသကို ဂရုမစိုက်ဘဲ၊ ဦးလေးကျင်း၏ မျက်နှာအမူအရာကိုသာ အချိန်ပြည့် စောင့်ကြည့်နေ၏။

သူ အံ့ဩတာက... ဒီလူက တခြားလူတွေလို စိတ်လှုပ်ရှားမနေပါချေ။ မျက်လွှာချပြီး ငြိမ်ငြိမ်လေး ထိုင်နေတုန်းပင်။

တခြားလူတွေ ဆဲဆိုပြီးသည့်နောက် အားလုံးက ကျင်းရှန်းကို ဝိုင်းကြည့်လိုက်ကြ၏။

"ဦးလေးကျင်း... တစ်ခုခု ပြောပါဦး။ သူတို့က ကျွန်တော်တို့ခေါင်းပေါ် တက်ပြီး အရိုးဟင်းရည် သောက်တော့မယ်"

"ဟုတ်တယ် ဦးလေးကျင်း... ခင်ဗျားက ဒီမှာ ဝါအရင့်ဆုံးပဲ။ ခင်ဗျား ပြောတာ နားထောင်ပါမယ်"

"ကျွန်တော် ဘဝမှာ အလေးစားဆုံးလူက ဦးလေးကျင်းပဲ။ ဦးလေးကျင်း ဦးဆောင်သလို လိုက်မယ်"

ကျင်းရှန်းလည်း ရှောင်နေလို့ မရတော့သဖြင့် ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဆရာယဲ့ရဲ့ လေသံကို နားထောင်ရတာ... ဒီသင်္ချိုင်းအကြောင်း တော်တော်လေး သိထားပုံ ရတယ်"

ဒီမေးခွန်းကို ကြားလိုက်တာနဲ့တင် ယဲ့ဖန်က သူနှင့် တခြားလူတွေ၏ ကွာခြားချက်ကို သိလိုက်သည်။

တခြားလူတွေက ဒေါသထွက်ဖို့သာ အာရုံစိုက်နေကြပေမဲ့၊ သူကတော့ အဓိကကျသည့် မေးခွန်းကို မေးတတ်လေ၏။

အားလုံးက ယဲ့ဖန်ကို ပြိုင်တူ ကြည့်လိုက်ကြ၏။

ယဲ့ဖန်က ကျင်းရှန်းကို လေးလေးနက်နက် ကြည့်လိုက်သည်။

"အမှန်အတိုင်း ပြောရရင်... ကျွန်တော့်မှာ သင်္ချိုင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ ရှိပါတယ်"

"ဝုန်း..."

သူ့စကားက ရေကန်ထဲသို့ ကျောက်ခဲ ပစ်ချလိုက်သလိုပင် ဂယက်ထသွားစေ၏။ အားလုံး စိတ်လှုပ်ရှားသွားကြ၏။

ထိုသင်္ချိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်က သူတို့ အလိုချင်ဆုံး အရာ ဖြစ်သည်လေ။

သင်္ချိုင်းပွင့်တော့မည် ဆိုသော သတင်းကြား၍သာ သူတို့ ကျန်းကောကို အပြေးအလွှား ရောက်လာကြခြင်း ဖြစ်ပါ၏။

သို့ရာတွင်၊ ရှာလိုက်ရတာ အတော်ကြာခဲ့၏။ ဘာသဲလွန်စမှ မတွေ့သေးချေ။ သင်္ချိုင်းရှိသည့် နေရာ အနီးစပ်ဆုံးကိုတောင် ရှာမတွေ့သေးပါ။

ဒီအချိန်မှာ သင်္ချိုင်းနှင့် ပတ်သက်သော ဘယ်သတင်းမဆို သူတို့အတွက် တန်ဖိုးဖြတ်မရနိုင်အောင် အရေးကြီးလေ၏။

အားလုံးက ယဲ့ဖန်ကို စူးစိုက်ကြည့်နေကြ၏။ သူ့ဦးနှောက်ကို ခွဲပြီး အထဲက သတင်းအချက်အလက်တွေကို ဆွဲထုတ်ကြည့်ချင်နေကြသည့်နှယ်။

"ခင်ဗျားက သင်္ချိုင်းအကြောင်း ဘယ်လိုလုပ် သိတာလဲ"

ကျင်းရှန်းကတော့ တခြားလူတွေလောက် စိတ်မလှုပ်ရှားဘဲ ယဲ့ဖန်ကို စူးစမ်းသလို မေးလိုက်သည်။

"ဒါတော့ ပြောပြဖို့ အဆင်မပြေဘူးဗျ။ ကျွန်တော်က စေတနာနဲ့ အကြံပေးတာပါ။ အားလုံး စောစောစီးစီး နောက်ဆုတ်လိုက်တာ ကောင်းမယ်။ ကိုယ့်အသက်ကို ဉာဏ်စောင့်တာ ပိုအရေးကြီးတယ်လေ"

ယဲ့ဖန်က တမင် လျှို့ဝှက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ကျင်းရှန်းက သူ့ကို စိုက်ကြည့်နေ၏။ သူ ပြောတာ အမှန်လား အလိမ်လား ဆိုတာကို ခွဲခြားဖို့ ကြိုးစားနေပုံရသည်။

တခြားလူတွေကတော့ ကျင်းရှန်းနှင့် ယဲ့ဖန်ကို မျက်လုံးကစားပြီး ကြည့်နေကြ၏။

သီးသန့်ခန်းတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြန်သည်။

အချိန်အတော်ကြာမှ ကျင်းရှန်းက ပြန်ပြောလိုက်သည်။

"ထားပါတော့... ဒီသင်္ချိုင်းထဲမှာ အန္တရာယ်တွေ ရှိတယ်... ကျွန်တော်တို့ရဲ့ ပညာနဲ့ ဝင်ရင် သေလမ်းပဲ ရှိတယ် ဆိုပါစို့။ ဒါဆို ခင်ဗျားကရော ဘာကို အခြေခံပြီး ဝင်နိုင်မယ်လို့ ထင်နေတာလဲ။ ဒါမှမဟုတ် ခင်ဗျားရဲ့ အရည်အချင်းက ကျွန်တော်တို့ထက် သာတယ်လို့ ထင်နေတာလား"

ထိုမေးခွန်းကို ကြားသောအခါ၊ ယဲ့ဖန်၏ မျက်နှာပေါ်တွင် ခပ်ရေးရေး အပြုံးတစ်ပွင့် ပေါ်လာသည်။

"ကျွန်တော်က နှိမ့်ချချင်ပေမဲ့... အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော့် အရည်အချင်းက ခင်ဗျားတို့ထက် သာတယ်ဗျ"

သူ့စကားက ဒီမှာ ရှိသမျှ လူတိုင်းဟာ အမှိုက်တွေပါဟု ပြောလိုက်သလို ဖြစ်သွားသည်။ အလွန် မောက်မာလွန်းသော စကားပင်။

လူအုပ်ကြီး ထပ်မံ ဒေါသထွက်ကုန်ကြပြန်သည်။

သည်တစ်ခါတော့ သင်္ချိုင်းသတင်းက သူတို့ကို ပိုဆွဲဆောင်နေသဖြင့် ဘယ်သူမှ ပါးစပ်ဟပြီး မဆဲကြတော့ပေ။

ကျင်းရှန်းက ယဲ့ဖန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးမှ ရုတ်တရက် ရယ်မောလိုက်သည်။

"ဟားဟား.. ကျွန်တော်တို့အားလုံးက သိုင်းလောကမှာ ဩဇာရှိတဲ့ လူတွေချည်းပါပဲ။ ခင်ဗျားလို ကလေး တစ်ယောက်ရဲ့ ခြိမ်းခြောက်စကားလေး တစ်ခွန်းနဲ့ နောက်ဆုတ်လိုက်ရရင်... သိက္ခာကျလွန်းတယ် မထင်ဘူးလား"

သူ ခဏရပ်ပြီး ဆက်ပြောလိုက်၏။

"ဒီလိုလုပ်ဗျာ... ကျွန်တော်တို့ အရည်အချင်းချင်း ယှဉ်ပြိုင်ကြမယ်။ အကယ်၍ ခင်ဗျားက ကျွန်တော့်ကို နိုင်ရင်... ကျွန်တော်တို့ နောက်ဆုတ်ပေးမယ်"

ယဲ့ဖန် နှာခေါင်းကို ပွတ်လိုက်သည်။

"ဒါဆို ကျွန်တော် ရှုံးရင်ရော"

ထိုအခါ၊ ကျင်းရှန်း၏ မျက်လုံးထဲတွင် မီးတောက်တစ်ခု လက်သွားသည်။

"ခင်ဗျား ရှုံးရင်... သင်္ချိုင်းနဲ့ ပတ်သက်ပြီး သိထားသမျှ အကုန် ပြောပြရမယ်"

‘ဟားဟား ၊ ငါ .. ဒီစကားကို စောင့်နေတာ။’

ယဲ့ဖန်မျက်နှာပေါ်က အပြုံးက ချက်ချင်း ပိုမို ပီပြင်လာသည်။

"ကောင်းပြီ... သဘောတူတယ်"

ယဲ့ဖန်က ဒီစကားကိုသာ စောင့်နေခြင်းပါ။ ဒီလူတွေကို အင်အားနှင့် အနိုင်ယူမှသာ သူတို့ နောက်ဆုတ်သွားမည် ဖြစ်၏။

ကျင်းရှန်းနှင့် တခြားလူတွေ အားလုံး ဝမ်းသာသွားကြ၏။

သူတို့မျက်လုံးထဲမှာတော့ ယဲ့ဖန်က ငယ်ငယ်လေး ရှိသေးသည်။

‘ ဘယ်လောက် စွမ်းရည်ရှိမှာမို့လို့လဲ။

သူ့ကို အနိုင်ယူဖို့ဆိုတာ လွယ်လွယ်လေး မဟုတ်လား။’

"ပြော... ဘယ်လို ယှဉ်ပြိုင်ချင်လဲ"

ကျင်းရှန်းက လူကြီး တစ်ယောက်လို အမူအရာဖြင့် ယဲ့ဖန်ကို မေးလိုက်သည်။

ယဲ့ဖန်က ဘောလုံးကို ပြန်ကန်ပေးလိုက်ကာ၊

"ခင်ဗျား သဘောပဲ... ကျွန်တော်က ဘာဖြစ်ဖြစ် အဆင်ပြေတယ်”

( အီဒီယံပါ။ ဒီနေရာမှာ "ဘောလုံးကို ပြန်ကန်ပေးလိုက်တယ်" ဆိုတာက တကယ့်ဘောလုံးကို ကန်တာမဟုတ်ဘဲ "ဆုံးဖြတ်ခွင့်ကို တစ်ဖက်လူဆီ ပြန်လွှဲပေးလိုက်တာ" ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ Idiom ပါ။ )

ကျင်းရှန်း နှာခေါင်းရှုံ့လိုက်သည်။

‘သူ့အမြင်မှာတော့ ကောင်ကလေးရဲ့ လုပ်ရပ်က သက်သက်မဲ့ မောက်မာနေတာပဲ။

သူ့လို ကျန်းကောရဲ့ သူခိုးဘုရင်တစ်ဆူ ရှေ့မှာတောင် ဒီလောက် မောက်မာရဲတယ်ဆိုတော့... တကယ့်ကို ရယ်စရာကောင်းလွန်းတယ်။

ဒါပေမဲ့လည်း ကောင်းပါတယ်။ ကောင်လေးကို သင်ခန်းစာ ပေးလိုက်တာပေါ့။’

"ကောင်းပြီ... ဒါဆို ကျွန်တော်တို့ နှစ်ပွဲ ယှဉ်မယ်။ ပထမပွဲက လက်စွမ်းပြိုင်မယ်။ ဒုတိယပွဲက သိုင်းပညာ ပြိုင်မယ်။ လက်စွမ်းပြိုင်တယ် ဆိုတာက ရှင်းပါတယ်။ ကျွန်တော်တို့ ခိုးသားဂိုဏ်းသားတွေက လက်ကို အားကိုးပြီး အသက်မွေးကြတာ။ ဒါကြောင့် လက်က အရမ်း သွက်လက်နေမှ ဖြစ်မယ်"

ကျင်းရှန်း ပြောရင်း ပန်းကန်ထဲမှ ကြက်ဥ တစ်လုံးကို ကောက်ယူလိုက်သည်။

"ကြက်ဥခွံခွာ ပြိုင်ကြမယ်။ ဘယ်သူ ပိုကျွမ်းကျင်လဲ ကြည့်ကြတာပေါ့။ ကျွန်တော် အရင် စမယ်"

ပြောရင်းဖြင့် သူက လှုပ်ရှားတော့မည့် ဟန်ပြင်လိုက်သည်။

"နေပါဦး..."

ယဲ့ဖန် ရုတ်တရက် လှမ်းတားလိုက်သည်။

"ခင်ဗျားက တခြားလူတွေကို ကိုယ်စားပြုလို့ ရတာ သေချာရဲ့လား။ တော်ကြာ ကျွန်တော်က ခင်ဗျားကို နိုင်သွားပြီးမှ တခြားလူတွေက မကျေနပ်လို့ တစ်ယောက်တစ်လှည့် လာစိန်ခေါ်နေရင်... ကျွန်တော့်မှာ အသက် (၈) ချောင်း ရှိရင်တောင် မောသေသွားလိမ့်မယ်ဗျ"

ကျင်းရှန်း သူ့စကားကြောင့် ရယ်ချင်သွားမိသည်။ သူ ချက်ချင်း လှည့်ပြီး တခြားလူတွေကို မေးလိုက်သည်။

"ကဲ... ကျွန်တော် မေးမယ်။ ကျွန်တော်က ခင်ဗျားတို့ အားလုံးကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်လို့ ရမလား"

သူ့မေးခွန်းကို အားလုံးက တခဲနက် ထောက်ခံကြ၏။

"ရတာပေါ့... ဒီမှာ ဦးလေးကျင်းက အတော်ဆုံးပဲလေ။ ဦးလေးကျင်းက ကိုယ်စားမပြုရင် ဘယ်သူက ပြုမှာလဲ"

"ဦးလေးကျင်းတောင် ကိုယ်စားမပြုနိုင်ရင် တခြားဘယ်သူမှ အရည်အချင်း မရှိတော့ဘူး"

"ကျွန်တော်တို့ ဦးလေးကျင်းရဲ့ စွမ်းရည်ကို ယုံတယ်။ ဦးလေးကျင်း ရှုံးရင် ကျွန်တော်တို့အားလုံး အရှုံးပေးမယ်"

"ဟုတ်တယ်... ဟုတ်တယ်ဗျာ..."

အားလုံး၏ သဘောတူညီချက် ရပြီးနောက် ကျင်းရှန်းက ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။

"ကြားတယ်မလား။ ကျွန်တော် ရှုံးရင်... ကျွန်တော်တို့ အားလုံး ဒီပြိုင်ပွဲကနေ နုတ်ထွက်ပေးမယ်”

All Chapters