ကဲ... ခင်ဗျားရဲ့ ဖျော်ဖြေမှုကို စလိုက်ပါတော့
Vol. 74 Ch. 1474
~ယဲ့ဖန် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး လက်ကာပြလိုက်သည်။
"ကဲ... ခင်ဗျားရဲ့ ဖျော်ဖြေမှုကို စလိုက်ပါတော့"
"ဒါဆို သေချာကြည့်ထား"
ကျင်းရှန်း ပြောပြီးသည်နှင့် ကြက်ဥကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် ဘေးနားရှိ ဖန်ခွက်အကြည်တစ်လုံးကို ယူလိုက်ပြီး၊ အထဲကရေကို ကုန်အောင် မော့သောက်လိုက်သည်။ နောက်ဆုံးတွင် ခွက်ကို ကြက်ဥပေါ်သို့ မှောက်ချလိုက်လေသည်။
စားပွဲဝိုင်းရှိ လူအားလုံး သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြ၏။ မျက်တောင်တစ်ခတ်စာ အသေးစိတ်အချက်အလက်ကို လွတ်သွားမှာစိုးလို့ မျက်တောင်တောင် မခတ်ရဲကြပေ။
ချက်ချင်းပင် ကျင်းရှန်းသည် ဖန်ခွက်ကို ခပ်ဖြည်းဖြည်း လှုပ်ခါလိုက်ရာ၊ အတွင်းမှ ကြက်ဥသည် စတင် လည်ပတ်လာတော့၏။
သူက ခွက်ကို ပိုမိုမြန်ဆန်စွာ လှုပ်ခါလိုက်သည်။ နောက်ဆုံးတွင် ခွက်က စားပွဲနှင့် လွတ်သွားသော်လည်း၊ ကြက်ဥကတော့ ခွက်ထဲတွင် လည်ပတ်နေဆဲပင်။
ကြက်ဥခွံများ ကြေမွသွားပြီး စားပွဲပေါ်သို့ တဖွဲဖွဲ ကျဆင်းလာသည်။
ကျင်းရှန်းက ဒီနည်းလမ်းကိုသုံးပြီး ကြက်ဥခွံခွာနေခြင်း ဖြစ်သည်။ သူ၏အင်အားထိန်းချုပ်မှုက ပြီးပြည့်စုံသော အဆင့်ကို ရောက်နေပြီဆိုတာ သိသာထင်ရှားလှသည်။
ဒါက ယဲ့ဖန်နှင့် ယွီဖုန်းရှန်းတို့ကိုပါ စိတ်ဝင်စားသွားစေ၏။
တခြားလူတွေကတော့ ဝိုင်းပြီး အားပေးကြတော့၏။
"ဦးလေးကျင်းရဲ့ စွမ်းရည်က တကယ့်ကို အံ့မခန်းပါပဲဗျာ။ အင်အားထိန်းချုပ်နိုင်မှုက ဒီအဆင့်ထိ ရောက်နေပြီဆိုတော့ လေးစားစရာပဲ"
"ဟုတ်တယ်... ဖန်ခွက်တစ်ခုတည်းနဲ့ ကြက်ဥကို မထိခိုက်စေဘဲ အခွံခွာနိုင်တာ တကယ့်ကို အံ့ဖွယ်ပဲ"
"ဦးလေးကျင်းက ကျန်းကောရဲ့ နာမည်ကြီး သူခိုးဘုရင် ဖြစ်ရတာ မဆန်းပါဘူး။ ဒီပညာတစ်ခုတည်းနဲ့တင် ငါတို့ ဆယ်စုနှစ်ချီ လိုက်သင်ရင်တောင် မီမှာ မဟုတ်ဘူးဟ"
"ဒီလောကကြီးမှာ ဒီလိုလုပ်နိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိမှာလဲဗျာ..."
အားလုံးက ကျင်းရှန်၏ စွမ်းရည်ကို အံ့ဩတကြီး ချီးကျူးနေကြ၏။
သို့သော် အားချန်ကတော့ သဘောမကျသည့် အမူအရာ၊ အထင်သေးသည့် အမူအရာမျိုးတောင် ပြနေသေးသည်။
"ဒုတ်"
မကြာမီ ကျင်းရှန်းသည် ဖန်ခွက်ကို စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး ခပ်ဖြည်းဖြည်း မလိုက်သည်။ စားပွဲပေါ်တွင် အခွံနွှာပြီးသား ဖြူဖွေးနေသော ကြက်ဥတစ်လုံး ထွက်ပေါ်လာလေသည်။
"ဖြောင်း... ဖြောင်း... ဖြောင်း..."
အခန်းထဲတွင် လက်ခုပ်သံများ ဆူညံသွားတော့၏။
အရှိန်အဝါ ဖန်တီးပေးချင်လို့ပဲ ဖြစ်ဖြစ်၊ တကယ် လေးစားလို့ပဲ ဖြစ်ဖြစ်... ဒီလူတွေက တော်တော် အားကြိုးမာန်တက် လက်ခုပ်တီးပေးကြ၏။
ယွီဖုန်းရှန်းလည်း ဒီမြင်ကွင်းကို ကြည့်ပြီး အတော်လေး အံ့ဩသွားမိသည်။
သူမ သိုင်းလောကထဲ ရောက်နေတာ ကြာပြီ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် သူခိုးတွေ အများကြီး မြင်ဖူးသည်။
သို့သော်၊ ကျင်းရှန်း၏ နည်းစနစ်က သူမ မြင်ဖူးသမျှထဲမှာ ‘အကောင်းဆုံးပဲ’ဆိုတာ ဝန်ခံရပေမည်။
‘ဖန်ခွက်တစ်လုံးတည်းနဲ့ ကြက်ဥခွံခွာနိုင်တယ် ဆိုတာ ယုံချင်စရာတောင် မကောင်းဘူး။’
၊ ကျင်းရှန်းသည် ကျောက်စိမ်းတုံးလေးလို ဖြူဖွေးနေသော ကြက်ဥကို ကြည့်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်သည်။
ကျန်းကောတစ်ခုလုံးမှာ သူ့လို စွမ်းရည်မျိုး ဘယ်သူမှ မရှိချေ။
ဒါက သူခိုးဘုရင် တစ်ဆူ၏ ယုံကြည်မှုပင်။
"ဆရာယဲ့... ခင်ဗျားအလှည့်ပဲ"
သူက ပွဲကောင်းကြည့်ဖို့ စောင့်နေသည့်ပုံနှင့် ယဲ့ဖန်ဘက် လှည့်ကြည့်လိုက်သည်။
ယဲ့ဖန် ဘာမှ မပြောရသေးမီ မတ်တတ်ထရပ်လိုက်သည်က အားချန်ပါ။
"ဒါလေးများ အထင်ကြီးနေကြတာလား။ ဒီလောက် စွမ်းရည်လေးနဲ့များ ဆရာယဲ့ကို စိန်ခေါ်ရဲသေးတယ်။ ကျွန်တော့်စွမ်းရည်က ဆရာယဲ့ရဲ့ ဆယ်ပုံ တစ်ပုံလောက်ပဲ ရှိတာ။ ကျွန်တော်နဲ့ပဲ ယှဉ်လိုက်ပါ"
ပထမဆုံးအကြိမ်အဖြစ် အားလုံးက အားချန်ကို ပြူးပြဲကြည့်လိုက်ကြ၏။
ဒီလူက ယဲ့ဖန်၏ နောက်မှ တကောက်ကောက် လိုက်နေတာ မြင်တော့ နောက်လိုက် တစ်ယောက်ပဲဟု ထင်ပြီး အဖက်မလုပ်ခဲ့ကြပေ။
အခု သူက ရှေ့ထွက်လာပြီး ကျင်းရှန်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတော့ အားလုံး ဒေါသထွက်ကုန်ကြ၏။
"ဒီကောင်က ဘယ်ကလဲ။ ဘာကောင်မို့လို့ ဦးလေးကျင်းကို စိန်ခေါ်ရဲတာလဲ"
"ဦးလေးကျင်းရဲ့ စွမ်းရည်ကို အထင်သေးရဲတယ်ပေါ့။ မင်းက တော်တော် မောက်မာပါလား"
"တကယ်ပါပဲ... ဆရာတူတော့ တပည့်တူတာပေါ့။ ဆရာက မောက်မာတော့ တပည့်ကလည်း မောက်မာတာပဲ"
"မင်းက ဦးလေးကျင်းနဲ့ ယှဉ်ဖို့ တန်လို့လား"
လူတိုင်းက ယဲ့ဖန်ကို ရင်ဆိုင်ရလျှင် ယွီဖုန်းရှန်း၏ မျက်နှာကို ထောက်ပြီး နည်းနည်းတော့ ထိန်းသိမ်းကြသေးသည်။ အားချန်ကိုကျတော့ ဘာမှ ငဲ့ညှာမနေတော့ဘဲ ပက်ပက်စက်စက် လှောင်ပြောင်ကြတော့၏။
သူတို့၏ လှောင်ပြောင်သံတွေကို ကြားတော့ အားချန်၏ အပြုံးက ပိုမို ပီပြင်လာသည်။
"တန်မတန်... ခဏနေရင် သိရမှာပေါ့"
ထိုစဉ်၊ ကျင်းရှန်းလည်း ယဲ့ဖန်ကို လှည့်ကြည့်လိုက်ရသည်။
"ဒီလူက ဆရာယဲ့ကို ကိုယ်စားပြုလို့ ရလား"
ယဲ့ဖန် တွေဝေခြင်း မရှိဘဲ သူ့အား ခေါင်းညိတ်ပြလိုက်သည်။
"ရတယ်"
"ကောင်းပြီ... ဒါဆို လက်ခံလိုက်မယ်။ စလိုက်တော့"
ကျင်းရှန်းက ပြောရင်း ပြုတ်ပြီးသား ကြက်ဥပန်းကန်ကို အားချန်ရှေ့ တွန်းပို့လိုက်သည်။
အားချန် တစ်ချက်သာ ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။
"ကြက်ဥပြုတ် ဟုတ်လား။ ကျွန်တော်ကတော့ သိက္ခာကျမခံနိုင်ဘူး"
ပြောပြီးသည်နှင့် အားချန်က အခန်းတံခါးကို ဖွင့်ကာ အပြင်ဘက်တွင် စောင့်နေသော စားပွဲထိုးကို ခေါ်လိုက်သည်။ ပြီးတော့ နားနားကပ်ပြီး တစ်ခုခု မှာကြားလိုက်သည်။
စားပွဲထိုးက ခဏတာ ကြောင်သွားသော်လည်း အမြန် ထွက်ခွာသွားသည်။
ခဏကြာတော့ ကြက်ဥတစ်ပန်းကန်နှင့်အတူ ပြန်ရောက်လာသည်။
အားချန်သည် ကြက်ဥပန်းကန်ကို ယူပြီး အခန်းထဲ ပြန်ဝင်လာသည်။
"အခွံခွာချင်ရင်... ကြက်ဥစိမ်းကို ခွာမှပေါ့"
အားချန် စကားကြောင့် အားလုံး မျက်လုံးပြူးသွားကြ၏။
‘ကြက်ဥစိမ်းက ကြက်ဥပြုတ်ထက် အများကြီး ပိုခွာရခက်တာ။ နည်းနည်းလေး မှားလိုက်တာနဲ့ အထဲက အမြှေးပါး ပေါက်ပြီး ကြက်ဥရည်တွေ ထွက်ကျလာမှာလေ။’
"ဟွန်း... ဘာတွေ လေကြီးနေတာလဲ။ မင်းသာ ကြက်ဥစိမ်းကို တကယ် ခွာပြနိုင်ရင် ငါ ဒီကြက်ဥစိမ်း ပန်းကန်လိုက် စားပြမယ်ကွာ"
"ဟုတ်တယ်... ကြက်ဥစိမ်းခွာဖို့က ကြက်ဥပြုတ်ထက် အဆပေါင်းများစွာ ပိုခက်တာ။ လုံးဝ မဖြစ်နိုင်ဘူး"
"ဖြည်းဖြည်းချင်း ခွာရင်တော့ မဖြစ်နိုင်တာ မဟုတ်ဘူး။ ဒါပေမဲ့ အချိန် ကန့်သတ်ချက် ထားရမယ်။ မဟုတ်ရင် မနက်ဖြန် မိုးလင်းတဲ့အထိ စောင့်နေရမှာလား"
"ဟုတ်တယ်... အချိန် (၅) မိနစ် ပေးမယ်။ (၅) မိနစ်အတွင်း မပြီးရင် ရှုံးပြီလို့ သတ်မှတ်မယ်"
အားချန်က သူတို့ရဲ့ ဆူညံသံတွေကို ကြားတော့ ရယ်ချင်သွားမိသည်။
"၅ မိနစ်တောင် မလိုပါဘူး။ ၁ မိနစ်အတွင်း မပြီးရင် ကျွန်တော် ရှုံးပါစေ"
ကျင်းရှန်း ခေါင်းခါပြီး ပြုံးလိုက်သည်။
‘သူ့အမြင်မှာတော့ ဒါက အရူးတစ်ယောက်ရဲ့ အိပ်မက်ပဲ။
ကြက်ဥစိမ်း ခွာရတာ ဘယ်လောက်ခက်လဲ။ ဘယ်လိုလုပ် ၁ မိနစ်နဲ့ ပြီးမှာလဲ။’
သို့သော်၊ သူ ချက်ချင်း စကားမပြောသေးဘဲ ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။ ယဲ့ဖန် ဘာပြောမလဲ သိချင်ရပင်။
ယဲ့ဖန်လည်း အားချန် လေကြီးနေတယ်လို့ ထင်ပေမဲ့၊ အခုလို လူရှေ့သူရှေ့ ပြောပြီးမှတော့ ဆက်ပြီး ထောက်ခံပေးရုံပဲ ရှိတော့၏။
"သူ ၁ မိနစ်အတွင်း မပြီးရင်... ဒီပွဲကို ကျွန်တော် အရှုံးပေးမယ်"
"ကောင်းပြီ... ခင်ဗျား ကိုယ်တိုင် ပြောတာနော်"
ကျင်းရှန်းက ယဲ့ဖန်ကို စကားပြန်ပြင်ဖို့ အခွင့်အရေး မပေးတော့ဘဲ၊ အားချန်ဘက် လှည့်ပြီး လက်ကာပြလိုက်သည်။
"စလို့ ရပြီ"
ထိုအခိုက်အတန့်မှာ၊ အားချန်သည် ပန်းကန်ထဲမှ ကြက်ဥစိမ်း တစ်လုံးကို ယူလိုက်ပြီး လက်မနှင့် လက်ခလယ်ကြားတွင် ညှပ်လိုက်သည်။ ထို့နောက်မှာတော့ ကျန်လက်တစ်ဖက်နှင့် ကြက်ဥကို ပွတ်လိုက်ရာ ကြက်ဥက လျင်မြန်စွာ လည်ပတ်လာတော့၏။
ထို့နောက် အားလုံး မယုံနိုင်စရာ မြင်ကွင်းကို တွေ့လိုက်ရသည်။
အားချန်၏ လက်ညှိုးက လျင်မြန်စွာ လှုပ်ရှားနေပြီး၊ ကြက်ဥခွံ အပိုင်းအစများ စားပွဲပေါ်သို့ တဖွဲဖွဲ ကျဆင်းလာသည်။
အားလုံး၏ မျက်နှာထားများ တဖြည်းဖြည်း ပြောင်းလဲလာသည်။ နောက်ဆုံးတွင် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့၏။
ယဲ့ဖန်တောင် စိတ်ထဲကနေ ချီးကျူးလိုက်မိသည်။
‘အားချန်က တကယ်ပဲ လောင်းကစားဝိုင်းက သူခိုးဘုရင် ဖြစ်ရတာ မဆန်းပါဘူး။ တကယ့် အစစ်အမှန် စွမ်းရည် ရှိတာပဲ။
ကြက်ဥစိမ်းကို ဒီလိုနည်းနဲ့ ခွာနိုင်ဖို့ဆိုတာ အင်အားထိန်းချုပ်မှုက လူမဆန်တဲ့ အဆင့် ရောက်နေမှ ရမှာ။
မဟုတ်ရင် နည်းနည်းလေး မှားတာနဲ့ အကုန် သဲထဲရေသွန် ဖြစ်သွားမှာ။
ဒီစွမ်းရည် တစ်ခုတည်းနဲ့တင် သူက သူခိုးဘုရင်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါတယ်။’
"ရွှပ်..."
အားချန် နောက်ဆုံးကျန်သည့် အခွံကို ခွာလိုက်ပြီး၊ အခွံလွတ်နေသည့် ကြက်ဥစိမ်းကို လက်ဝါးပေါ် တင်ပြလိုက်သည်။
ကြက်ဥအမြှေးပါးက အကောင်းအတိုင်း ရှိနေသေးသည်။
ကြာချိန်က စက္ကန့် (၅၀) တောင် မပြည့်လိုက်ပါချေ။
"ဘုရားရေ... သူ တကယ် ခွာလိုက်တာလား"
"ငါ အခု သိုင်းကား ကြည့်နေတာ မဟုတ်ပါဘူးနော်။ သူ တကယ် လုပ်လိုက်တာလား"
"ဒီအခက်အခဲက နည်းနည်းတော့ မလွန်လွန်းဘူးလား။ ဦးလေးကျင်းတောင် လုပ်နိုင်ပါ့မလား မသိဘူး"
"ဒီလူက ဘယ်က ထွက်လာတာလဲ။ အရင်က တစ်ခါမှ မကြားဖူးပါလား”