တစ်မိသားစုလုံးကို သတ်ပစ်မယ်
Vol. 1 Ch. 318
"ကောင်းပြီ"
ကျန်းရီသည် တွေဝေနေခြင်းမရှိဘဲ ခေါင်းငြိမ့်လိုက်သည်။ သူသည် ချက်ချင်းထွက်မသွားသေးဘဲ အလေးအနက် ပြောလိုက်သည်။
"လောရွှယ်...ငါလုပ်ပေးမယ်လို့ ကတိပေးတယ်၊ မင်းရဲ့ဦးရီးတော် နှစ်ယောက်လုံးကို ဖမ်းပေးပြီး မင်းကို အပြစ်ပေးခွင့်ပေးမယ်။ ဒါပေမယ့်...မင်းဒီမှာပဲ နာနာခံခံနေပြီး ဘာမှလျှောက်မလုပ်ဘူးလို့ ငါ့ကို ကတိပေး...ဟုတ်ပြီလား"
စုလောရွှယ်သည် ခေါင်းသာငြိမ့်လိုက်ပြီး ဘာမှ မပြောတော့ချေ။ သူမသည် မောပန်းစွာ မျက်လုံးများကို မှိတ်ချလိုက်သည်။ ကျန်းရီသည် သူမကို တစ်ချက်ကြည့်လိုက်ပြီးမှ လှည့်ထွက်လာခဲ့သည်။
စစ်သူကြီးလုသည် ကျန်းရီနောက် ခပ်သွက်သွက်လိုက်လာကာ လမ်းပြရန် ပြင်လိုက်သည်။ သို့သော် ကျန်းရီ၏ အေးစက်နေသော မျက်နှာသည် သူ့ဘက်လှည့်လာကာ စကားပြောလာလေ၏။
"ခင်ဗျား ဒီမှာနေခဲ့ပြီး ရွှယ်လော့နန်းဆောင်ကို သေချာစောင့်ကြပ်ဖို့ စစ်သည်တွေခေါ်လိုက်...လောရွှယ်၊ ရှောင်နူနဲ့ ရှောင်ဖေးတို့ရဲ့ ဆံပင်တစ်မျှင်လျော့သွားတယ်ဆိုရင်တောင် ခင်ဗျားတို့ကို ရှားနိုင်ငံက စစ်သည်တွေအကုန်လုံးကို သတ်ပစ်မယ်...နားလည်လား "
"နားလည်ပါပြီ...နားလည်ပါပြီ"
စစ်သူကြီးလုသည် ကြက်ကလေး အစာကောက်သည့်အလား ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ သူသည် ကျန်းရီ၏ ရင်ထဲမှ ဒေါသကိုရော၊ စုလောရွှယ်အပေါ် ထားရှိသည့် အချစ်တို့ကိုပါ ခံစားမိနေသည်။ သူသည် ချက်ချင်း စစ်တပ်ကို ဆင့်ခေါ်ကာ ရွှယ်လော့နန်းဆောင်အား တင်းတင်းကြပ်ကြပ် စောင့်ကြပ်ရန် အမိန့်ပေးလိုက်ပြီး သူ့နောက်လိုက်အချို့ကို ကျန်းရီနောက် လိုက်သွားရန် မြို့ထဲသို့ စေလွှတ်လိုက်သည်။
တကယ်တမ်းတွင် ဘယ်သူကမှ လမ်းပြပေးစရာ မလိုချေ။
ကျန်းရီ နန်းတော်အပြင်သို့ ထွက်လိုက်သည်နှင့် မြို့ထဲမှ တိုက်ခိုက်နေသံများကို ကြားနေရလေသည်။ မြို့သည် ရုန်းရင်းဆန်ခတ် ဖြစ်နေပြီး ပြည်သူများမှာ ဤကဲ့သို့သော ဘဝမျိုးကို မကြုံချင်တော့သည့် မျက်နှာများနှင့် သူရှိရာဘက်သို့ ပြေးလာနေကြသည်။ ကလေးငိုသံများကလည်း နေရာအနှံ့မှ ထွက်ပေါ်နေသည်။
"ချီးတဲ့မှ"
ကျန်းရီသည် အသံထွက်၍ ဆဲရေးလိုက်ပြီး တိုက်ပွဲဖြစ်နေရာအရပ်ဆီ တည့်တည့်ပြေးသွားလိုက်သည်။ သူသည် ရှေ့တွင် လမ်းမရှိတော့သည်ကို မြင်သောအခါ မျောက်လွှဲကျော်တစ်ကောင်ပမာ အိမ်အမိုးများထက် ခုန်ပျံကျော်လွှား၍ ထွက်လာခဲ့သည်။
ကျန်းရီ၏ ဒန်တျန်းထဲမှ ကြယ်တစ်လုံးသည် အသွင်ပြောင်းသွားသဖြင့် မီးနဂါးဓား၏ စွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် သူ့အင်အား စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်နှင့် တူနေပြီဖြစ်သည်။ သူ၏ အမြန်နှုန်းမှာ အနည်းငယ်နိမ့်ကျနေပြီး စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် ပထမအဆင့်ခန့်တွင်သာ ရှိသည်။ သို့သော်လည်း ထိုအမြန်နှုန်းကပင် အလွန်မြန်နေပြီး တိုက်ပွဲအနီးသို့ လေးဆယ့်ငါးမိနစ်အတွင်း သူရောက်သွားခဲ့သည်။
သူသည် စားသောက်ဆိုင်တစ်ခု၏ ခေါင်မိုးထက်တွင် ရပ်၍ အောက်ရှိမြေကွက်လပ်ထဲမှ လူများ အစုလိုက်ကို ငုံ့ကြည့်နေခဲ့သည်။ အနီးပတ်ဝန်းကျင်ရှိ အိမ်ခြေရာဂဏန်းခန့်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသော ပြည်သူတို့၏ အလောင်းများမှာလည်း အရေအတွက် တစ်ထောင်ပင် မကလောက်ချေ။ ကျန်းရီသည် ချက်ချင်း ဒေါသတို့ လျှံထွက်လာကာ အသံကို အတွင်းအားဖြင့်မြှင့်၍ အော်ဟစ်လိုက်သည်။
"အားလုံး...အခုရပ်လိုက်ကြ၊ မရပ်ရင် ငါဘယ်သူ့ကိုမှ မညှာဘဲ အကုန်လုံးကို သတ်ပစ်မယ်"
ကျန်းရီ၏ အော်သံသည် အလွန်ကျယ်လောင်လှပြီး လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။ သို့သော် သူ့အော်သံတွင် မည်သည့်အစွမ်းအစမှ မရှိသည့်အလား လူတိုင်းက ခဏသာရပ်သွားကြပြီး ဆက်လက်တိုက်ခိုက်နေကြသည်။ အချို့သည် ကျန်းရီကို စိုက်ကြည့်ပြီးနောက် ပို၍ သွေးဆူလာသယောင် ရှိလေသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်ဆိုလျှင် ကျန်းရီထံ အတွင်းအားလှိုင်းတစ်ခုကို လှမ်းပစ်လိုက်သည်။
"မင်းက အသက်ရှင်ရတာကို ငြီးငွေ့နေတာပဲ"
ကျန်းရီသည် အလွန်ဒေါသထွက်ပြီဖြစ်ပြီး မြင်း့မားလှသော အဆောက်အဦး တစ်ခုထက် ခုန်တက်လိုက်သည်။ သူသည် လေထဲသို့ ခုန်လိုက်ချိန်တွင် သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ဖြာထွက်လာသည်။ သူ့လက်ထဲမှ မီးနဂါးဓား၏ ပတ်လည်တွင်လည်း နဂါးနှစ်ကောင် ပေါ်ထွက်လာခဲ့ပြီး အေးစက်စက် အရှိန်အဝါများ ထွက်လာခဲ့သည်။ ကျန်းရီသည် နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။
"ငါမင်းတို့ အားလုံးကို သတ်ပစ်မယ်ဆို ယုံမလား"
ဤတစ်ကြိမ်တွင် ကျန်းရီသည် အပိုစကားများ မပြောတော့ပေ။ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာသည်နှင့် အောက်မှလူများသည် မလှုပ်ရှားနိုင်ကြတော့ပေ။ သူတို့သည် အောက်သို့ခုန်ဆင်းလာသော ကျန်းရီအား ထိတ်လန့်စွာ ကြည့််နေကြသည်။ ကျင့်ကြံဆင့်နိမ့်သော သူများသည် တဆတ်ဆတ် တုန်ယင်နေပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေကြရသည်။
"ကျန်းရီလား"
"ကျန်းရီ"
"အရှင်ကျန်း..."
အော်သံများ ထွက်ပေါ်လာလျှင် စုဟမ်နှင့် စုယွိတို့၏ မျက်နှာများမှာ ချက်ချင်းပျက်ယွင်းသွားကြသည်။ သူတို့ဘေးမှ စစ်သူကြီးများသည်လည်း သုန်မှုန်နေကြသည်။ ရှားနိုင်ငံတွင် စွမ်းအားကြီးသူများ သိပ်မကျန်ခဲ့ပေ။ ကျန်းရီ တိုက်ခိုက်လျှင် မြို့တစ်မြို့လုံးကို အသာလေး ဖျောက်ပစ်နိုင်သည့် အနေအထားဖြစ်သည်။
"ဘန်း"
ကျန်းရီသည် စစ်သည်များ၏ အလယ်သို့ ခုန်ဆင်းလိုက်သည်။ သူ့အနီးရှိ စစ်သည်များမှာ ဖိအားကြောင့် ဒူးထောက်နေကြရသည်။ အလွန်ဆူညံနေသော မြို့လယ်သည် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ မလှမ်းမကမ်းမှ ကလေးငိုသံများပင် ရပ်တန့်သွားလေသည်။
လူတိုင်း၏ အကြည့်များသည် ကျန်းရီထံတွင် ရောက်ရှိနေသည်။ ပြေးလွှားနေကြသော သာမန်ပြည်သူများသည်ပင် သူတို့ပြေးနေကြောင်း မေ့လျော့၍ ရပ်တန့်နေကြသည်။ လေထုတစ်ခုလုံးသည် အလွန်ထူးဆန်းနေခဲ့သည်။
"အရှင်ကျန်း...ခင်ဗျား အချိန်မီ ရောက်လာတာပဲ"
စုဟမ်သည် ချက်ချင်း သရုပ်ဆောင်ကာ အော်ပြောလာခဲ့သည်။
"အရှင်...ဒီပုန်ကန်သူတွေကို သတ်ဖို့ ကျွန်တော်တို့ကို ကူညီပေးပါ၊ စုယွိက ထီးနန်းလိုချင်တာနဲ့ ကျွန်တော့်ကိုရော မင်းသမီးလောရွှယ်ကိုပါ သတ်ချင်နေပါတယ်။ သူ့ရဲ့ အကြံအစည်တွေက ဆိုးဝါးလွန်းတာကြောင့် အပြစ်ပေးခံရသင့်ပါတယ်"
"သောက်အဓိပ္ပာယ် မရှိတာတွေ"
စုယွိသည် စုဟမ်နှင့် ရုပ်ချင်းဆင်သည်။ သူသည် ဒေါသထွက်လွန်း၍ ရှူးရှူးရှဲရှဲ ဖြစ်နေပြီး ဆဲရေးလိုက်သည်။
"စုဟမ်...မင်း သိပ်ပြီး နန်းတက်ချင်နေရင် သွားတက်...."
"ဝှစ်"
စုယွိ စကားပင် မဆုံးလိုက်သေး၊ ကျန်းရီသည် သူ့ထံလျှပ်စီးအလျင်နှင့် ပြေးဝင်လာခဲ့သည်။ ကျန်းရီ ဖြတ်သန်းလာသော နေရာတိုင်းမှ စစ်သည်များသည် သူ့ကိုယ်မှ ဖိအားဒဏ်ကြောင့် ဒူးထောက်ကျကုန်ကြသည်။
စစ်သည်သုံးသောင်းခန့်ရှိသော စစ်တပ်အတွင်းတွင် မည်သူကမှ သူ့အား မခုခံနိုင်ကြပေ။ သူသည် မလှမ်းမကမ်းမှ စုယွိအား မီးနဂါးဓားဖြင့်ချိန်ရွယ်ကာ အော်ဟစ်လိုက်သည်။
"ခင်ဗျား မသေချင်သေးရင် ပါးစပ်ကိုပိတ်ထား...မခုခံနဲ့"
စုယွိသည် ထိတ်လန့်သွားပြီး သူ့ဘေးမှ စစ်သူကြီးအား အသနားခံသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့ဘေးမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် စစ်သူကြီးသည် မျက်မှောင်ကျုံ့လိုက်သော်လည်း အလျင်စလို မတိုက်ခိုက်လာခဲ့ပေ။ သူသည် ပြေးလာနေသော ကျန်းရီအား ကြည့်နေခဲ့သည်။
ဝှစ်...
သူတို့ကြားတွင် မီတာတစ်ထောင်မက ဝေးသော်လည်း ကျန်းရီအတွက် အနီးသို့ရောက်ရန် တဒင်္ဂလေးသာ ကြာမြင့်ခဲ့သည်။ သူ၏ အေးစက်စက် မျက်လုံးများသည် စုယွိ၏ဘေးမှ စစ်သူကြီးထံ ရောက်ရှိသွားပြီး အော်ပြောလိုက်သည်။
"ထွက်သွား...မသွားရင် သေလိုက်"
ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် လူတိုင်းအပေါ် ကျဆင်းလာခဲ့သည်။ စုယွိသည် စကားပြောချင်သော်လည်း မပြောနိုင်တော့၍ စစ်သူကြီးများကို တောင်းပန်သလို ကြည့်လိုက်သည်။
"နောက်ဆုတ်ကြ..."
စုယွိ၏ဘေးမှ စိတ်ဝိဉာဉ် မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် စစ်သူကြီးသည် အော်ဟစ်၍ နောက်ဆုတ်လိမ့်မည်ဟု မည်သူကမှ ထင်မထားကြပေ။ လှုပ်ရှားရခက်နေသော ကျန်စစ်သူကြီးများသည်လည်း အံကြိတ်၍ ကြိုးစားနောက်ဆုတ်ကြသည်။
ဝှစ်...
ကျန်းရီသည် အလွန်လျင်မြန်သော အရှိန်နှင့် ပျံသန်းလာခဲ့ပြီး စုယွိ၏ လည်ပင်းကို ဖမ်းကိုင်၍ လေပေါ်မြှောက်လိုက်သည်။ ထို့နောက် ကျန်းရီသည် သူအစောပိုင်းက ရပ်နေခဲ့သော နေရာဆီ ပြန်သွားခဲ့သည်။ မြို့စားစုယွိတွင် သက်တော်စောင့် အမြောက်အများ ရှိသော်လည်း ဘယ်သူကမှ မလှုပ်ရှားရဲကြပေ။ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိအားအောက်မှ သူတို့သည်လည်း မလှုပ်နိုင်ကြချေ။
ဝှစ်...ဝှစ်...ဝှစ်
စုဟမ်နှင့် သူ့ဘက်မှ စစ်သူကြီးများ၏ မျက်လုံးများမှာ ကြယ်များအလား တလက်လက် တောက်ပလာခဲ့သည်။ စုဟမ်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများ ပေါ်ထွက်နေပြီး သူ့ကိုယ်မှာ ပျော်လွန်း၍ တုန်ယင်နေသည်။ တစ်ဖက်တွင်တော့ စုယွိဘက်မှ စစ်သူကြီးများ၊ စစ်သည်များသည် မျက်နှာများ ပျက်နေကြသည်။ ကျန်းရီသည် အားအလွန်ကောင်းလှ၍ သူသာ စုဟမ်ဘက်မှနေလျှင် စုယွိဘက်မှ ရှုံးမည်မှာ သေချာသည်။
"ကောင်းတယ်"
စုဟမ်သည် သူ့ကိုယ်သူ ထိန်းရန် အကောင်းဆုံးကြိုးစားလိုက်ပြီး စိတ်လှုပ်ရှားနေသော အသံဖြင့် အော်ဟစ်လိုက်သည်။
"အရှင်ကျန်းက ပုန်ကန်သူ အပြစ်သားကို ဖမ်းဆီးပေးခဲ့တယ်၊ ဒီမြို့စား နန်းတက်တဲ့အခါ အရှင်ကျန်းက နိုင်ငံရဲ့ စစ်သေနာပတိချုပ် ဖြစ်စေရမယ်"
"ပါးစပ်ပိတ်ထား"
ကျန်းရီသည် မူလရပ်နေရာသို့ ပြန်ရောက်သော်လည်း မရပ်တန့်ခဲ့ပေ။ သူသည် စုယွိကို တစ်ဖက်မှ ကိုင်ထားရင်းနှင့် စုဟမ်ထံ ပျံသန်းသွားခဲ့သည်။ ထို့နောက် ယခင်နည်းတူ စုဟမ်၏ဘေးမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်များအား စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
"ခင်ဗျားတို့အားလုံး ထွက်သွားကြ၊ မသွားရင် အကုန်သတ်ပစ်မယ်"
"အာ..."
လူတိုင်းသည် မှင်သက်နေကြသည်။ ကျန်းရီ ဘာလုပ်ရန် ကြိုးစားနေသနည်း။
သူသည် မြို့စားနှစ်ယောက်အား သတ်၍ ကိုယ်တိုင် ဘုရင်လုပ်တော့မည်လော။ ထိုဘက်မှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်များသည် တွေဝေနေကြသည်။ ကျန်းရီသာ ထိုသို့ကြံစည်နေလျှင် သူတို့အသက်ကိုရင်း၍ တိုက်ခိုက်ရမည်။
ကျန်းရီသည် ထိုသူတို့၏ မျက်လုံးများထဲမှ စိုးရိမ်မှုများကို မြင်သောအခါ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
"မစိုးရိမ်ကြနဲ့၊ ငါသူတို့နှစ်ယောက်လုံးကို မသတ်ဘူး။ မင်းတို့ရှားနိုင်ငံရဲ့ မဖြစ်စလောက် ဘုရင်ရာထူးလေးကိုလည်း ငါစိတ်မဝင်စားဘူး...အကူအညီတောင်းတဲ့သူက လောရွှယ်သာမဟုတ်ရင် မင်းတို့အားလုံး သေသေကြေကြေ ငါဂရုတောင်မစိုက်ဘူး"
"မင်းသမီးလောရွှယ်"
လူတိုင်းသည် ထိတ်လန့်အံ့အားသင့်သွားကြသည်။ မင်းသမီးလောရွှယ်သည် ရှားနိုင်ငံ၏ နတ်ဘုရားမလေးဖြစ်ပြီး စစ်သူကြီးအများစုကလည်း စုဂိုဏ်း၏ ရာစုနှစ်တစ်ခုမှ တစ်ကြိမ်သာ ပေါ်ထွက်လာသည့် ရှားပါးပါရမီရှင် ထိုမင်းသမီးအား လေးစားကြသည်။ စစ်ပွဲအတွင်းတွင် စုလောရွှယ်သည် စုတိဝမ်၏ကိုယ်စား အမိန့်ပေးခဲ့ပြီး သူမသည် စစ်သူကြီးတစ်ဦးပမာ တည်ငြိမ်စွာ ဦးဆောင်တိုက်ခိုက်ခဲ့သည်။ စုလောရွှယ်ကြောင့်သာမဟုတ်လျှင် ကျန်းရီ လာရောက်ကူညီမည် မဟုတ်ပေ။ စုလောရွှယ်သည် ရှားနိုင်ငံကို ကယ်တင်လိုက်သည်ဟုတောင် ပြော၍ရလေသည်။
စုဟမ်၏ဘေးမှ လူများသည် ချက်ချင်းနောက်ဆုတ်ကြသည်။ ကျန်းရီသည် ပျံသန်းလာခဲ့ပြီး မီးနဂါးကို သိမ်းဆည်း၍ ကျန်လက်တစ်ဖက်ဖြင့် စုဟမ်အား ကိုင်မြှောက်လိုက်သည်။ ထို့နောက် သူသည် စကားတစ်ခွန်းကို ချန်ရစ်၍ နန်းတော်ထံ ပြန်လည်ထွက်ခွာသွားခဲ့သည်။
"အကုန်လုံး တပ်ဆုတ်ကြ...ရှားနိုင်ငံမှာ လက်တစ်ဆုပ်စာ စစ်တပ်လေးပဲ ကျန်ခဲ့တာကို အချင်းချင်း ပြန်သတ်ချင်နေကြတယ်။ ဒီသတင်းထွက်သွားမှာကို ခင်ဗျားတို့ မရှက်ကြဘူးလား...တစ်ယောက်ယောက်က အရူးထပြီး တိုက်ခိုက်ရဲရင် အဲ့လူရဲ့ တစ်မိသားစုလုံးကို ငါသတ်ပစ်မယ် "
*****