← Chapters

မိတ်ဆွေများ

Vol. 46 Ch. 633

မိတ်ဆွေများ

Vol. 46 Ch. 633

စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်း၏ အပြင်ဖက်၌

ချုံနွယ်များဖြင့် ကာရံထားသော တောအုပ်တစ်ခုအတွင်းတွင် ပုံရိပ်အချို့ စုဝေးနေလျက် ရှိသည်။  ၎င်းတို့မှာ လေးနက်ထက်ရှသော မျက်ဝန်းများဖြင့် စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းအား စောင့်ကြည့်နေလျက် ရှိ၏။

စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းတလျှောက် အစိမ်းရောင် အဆိပ်ချီများ ပျံ့နှံ့လွှမ်းခြုံနေကြသည်။ အဝေးမှပင် ထိုအဆိပ်ချီများထံမှ စွမ်းအင်ဖိအားများအား ခံစားသိရှိနေရသည်။

"နေ့တဝက်တောင် ရှိပြီဆိုတော့ ယောင်ယောင် တစ်ခုခုများ ဖြစ်နေပြီလား။" ပုံရိပ်များအကြားရှိ ညှို့ငင်အားပြင်းလှသော မိန်းမငယ်လေးတစ်ဦးမှ ရေရွတ်လိုက်သည်။

ထိုမိန်းမငယ်လေးမှာ ကျိုးချူးချင်ယုပင် ဖြစ်သည်။

ကျိုးချူးချင်ယု၏ဘေးတွင်မူ မျက်ကန်းဓား လီချွမ်းကျင်နှင့် နင်ကျန်းတို့ ရှိနေသည်။

"လုလျိုကရော ပြန်မလာသေးဘူးလား။" နင်ကျန်းမှ စကားဆိုလိုက်သည်။

ကျိုးချူးချင်ယုမှ ခေါင်းအားခါယမ်းပြလိုက်သည်။ ယင်းတို့သုံးဦးလုံး ဤနေရာသို့ ရောက်ရှိနေကြခြင်းမှာ ကောင်းကင်တစ္ဆေကလန်၏ ကျိန်းရွှီးထံမှ လျှို့ဝှက်သတင်းစကားအား ရရှိခဲ့သောကြောင့် ဖြစ်သည်။

လက်ရှိအချိန်၌ ကောင်းကင်တစ္ဆေကလန်နှင့် မြင့်မြတ်သောနန်းတော်တို့မှာ မိတ်ဖက်အဖြစ် အတူတကွ ပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ယောင်ယောင် ထောင်ချောက်မိနေသော နေရာမှာလည်း ကောင်းကင်တစ္ဆေကလန်၏ ပိုင်နက်အနီးတွင်ပင် ဖြစ်၏။

မြင့်မြတ်သောနန်းတော်နှင့် ကောင်းကင်တစ္ဆေကလန်တို့ ပူးပေါင်းလုပ်ဆောင်နေမှုကြောင့် ကျိန်းရွှီးမှာ ကလန်မှ ထွက်ခွာလာ၍ မရနိုင်ပဲ ကျိုးချူးချင်ယုတို့ထံသာ လျှို့ဝှက်သတင်းစကား ပါးခဲ့ရခြင်း ဖြစ်သည်။

ကျိုးချူးချင်ယုတို့မှာလည်း ယောင်ယောင်အား လာရောက်ကယ်တင်ခြင်း မပြုနိုင်သော ကျိန်းရွှီးအား အပြည့်အဝ နားလည်ပေးကြ၏။ ကျိန်းရွှီး၏ အနေအထားအရ ကောင်းကင်တစ္ဆေကလန်တွင် လုပ်ဆောင်၍မရနိုင်သော အရာများစွာ ရှိနိုင်ပေသည်။ ထို့အပြင် အေးစက်စက်နိုင်လှသော ကျိန်းရွှီးမှာ အန္တရာယ်အား စွန့်စားကာ ကျိုးချူးချင်ယုတို့ထံ သတင်းစကား ပါးပေးခဲ့ခြင်းကပင် သူသည် ဇူယွမ်နှင့် ခင်မင်ရင်းနှီးမှုဆက်ဆံရေးအား အရေးထားကြောင်း ထင်ရှားနေသည်။

"နောက်နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်။"

လီချွမ်းကျင်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ပြောလိုက်သည်။ " ကန်ရွှမ်းကလန်က ဘယ်သူမှမလာဘူးဆိုရင်တော့ ငါတို့ပဲ တောင်တန်းပေါ်ကိုသွားဖို့ ပြင်ဆင်ထားရမယ်။"

ကျိုးချူးချင်ယုမှ လျင်မြန်စွာ ပြောလိုက်သည်။ "နင်ရူးနေပြီလား။ အဲ့နေရာကို စောင့်ကြည့်နေတာ မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ နှစ်ယောက်တောင်လေ။"

"အဲ့တော့ရော ဘာဖြစ်လို့လဲ။" လီချွမ်းကျင်မှာ သူ၏နောက်ကျောတွင် စလွယ်သိုင်းထားသော ဓားကြီးအားပုတ်ကာ ပြောလိုက်သည်။ " ဓားလမ်းစဉ်ကလန်မှာ ဓားချီကို ကျင့်ကြံလာခဲ့တာ အခြေအနေတစ်ခုကို ရောက်နေပြီ။ အဲ့ဒါကြောင့်မို့လို့ ငါလည်းရွေးချယ်ခံတစ်ယောက်လောက်နဲ့ လက်ရည်စမ်းကြည့်ချင်တယ်။"

"ဘယ်လိုပဲဖြစ်ဖြစ် နင်လက်လွတ်စပယ် လုပ်လို့မရဘူးလေ။ မဟုတ်ရင် အရာအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်။" ကျိုးချူးချင်ယုမှ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

လီချွမ်းကျင်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်းမရှိပဲ နှုတ်ခမ်းကိုသာ အနည်းငယ် တွန့်ကွေးလျက် ပြုံးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏အပြုံးမှာ ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် ပြည့်နှက်နေကြောင်း ထင်ရှားလှသည်။

နင်ကျန်းမှာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် အင်္ကျီလက်အားမတင်ကာ အနက်ရောင်မြွေနဂါးတစ်ကောင်၏ အမှတ်အသားအား ပြသလိုက်သည်။ ထိုအမှတ်အသားထံမှ ကြောက်မက်ဖွယ်ရာကောင်းပြီး ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။

"မျက်ကန်းဓားက အရမ်းစိတ်အားထက်သန်နေမှတော့ ငါလည်းအဲ့လိုလုပ်ရမှာပေါ့။" နင်ကျန်းမှ စကားဆိုလိုက်သည်။

"ငါ့ရဲ့ဆရာသခင်က ဒီအနက်ရောင်မြွေနဂါးရဲ့ စိတ်ဝိဉာဉ်ကို ငါ့လက်မောင်းမှာ အမှတ်အသားအဖြစ် ချိပ်ပိတ်ပေးထားတာ။ ဒီမြွေနဂါးစိတ်ဝိဉာဉ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်နဲ့ ယဉ်ပါးလာအောင်လို့။ ဒီအမှတ်အသားကို ငါ့ခန့်မှန်းထားတာထက်စောပြီး ချိပ်ဖြည်ရလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။"

ယင်းအနက်ရောင်မြွေနဂါး၏ စိတ်ဝိဉာဉ်အား အချိန်မတိုင်မှီ ချိပ်စည်းဖြည်ခဲ့ပါက ထိုမှထွက်လာသော စွမ်းအင်ဖိအားများအား နင်ကျန်းမှ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပါချေ။ ထို့အပြင် မြွေနဂါးစိတ်ဝိဉာဉ်အား ချိပ်စည်းဖြည်ခဲ့ပါက ထိုစိတ်ဝိဉာဉ်သည် လွတ်မြောက်သွားမည်ဖြစ်ပြီး နင်ကျန်းမှာလည်း စွမ်းအင်အလုံအလောက် မပြည့်ဝသောကြောင့် ပြန်လည်ဖမ်းယူနိုင်မည် မဟုတ်ပေ။ ယခုအချိန်၌ နင်ကျန်းအား ကူညီဆောင်ရွက်ပေးမည့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမမှ အကြီးအကဲများလည်း မရှိနေပါချေ။

မြောက်ပိုင်းနဂါးပင်လယ်ခန်းမသို့ ပြန်လည်ရောက်ရှိသောအခါ နင်ကျန်းမှာ ယခုလုပ်ရပ်အတွက် အတော်ပင် ပြန်လည်​ဖြေရှင်းရလိမ့်မည် ဖြစ်သည်။

လီချွမ်းကျင်မှာ အဝတ်နက်စည်းထားသော မျက်ဝန်းများဖြင့် နင်ကျန်းဖက်သို့လှည့်ကာ ပြုံး၍မေးလိုက်သည်။ "နောင်တမရဘူးလား။"

နင်ကျန်းမှ ခေါင်းကိုခါယမ်း၍ ပြုံးကာပြောလိုက်သည်။ "ငါက ဘယ်သူ့ကို ကြောက်နေရဦးမှာလဲ။"

ကျိုးချူးချင်ယုမှာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမသည် လီချွမ်းကျင်နှင့် နင်ကျန်းတို့ထံ၌ ဝှက်ဖဲများရှိနေသည်ကို သိရှိထားပါသော်လည်း ၎င်းတို့နှစ်ဦးစလုံးမှာ ရွေးချယ်ခံများနှင့် တိုက်ခိုက်ရလောက်သည်အထိ စွမ်းအင်ပြည့်ဝခြင်း မရှိကြသေးချေ။ လီချွမ်းကျင်နှင့် နင်ကျန်းတို့နှစ်ဦးသည်လည်း ထိုအချက်အား ကောင်းမွန်စွာ သိရှိနေကြသည်။ သို့သော် ၎င်းတို့နှစ်ဦးမှာ မိတ်ဆွေကောင်းဖြစ်သူ ယောင်ယောင်အတွက် ရူးမိုက်စွာ ရှေ့ဆက်တိုးလိုဆဲ ဖြစ်၏။ ထိုကဲ့သို့သော အပြုအမူမှာ ကျိုးချူးချင်ယု၏ စိတ်နှလုံးကိုပင် အနည်းငယ်မျှ နွေးထွေးသွားစေလေသည်။ ကန်းမင်တိုက်ကြီးထံမှ အတူတကွ လာရောက်ခဲ့ကြသော မိတ်ဆွေသူငယ်ချင်းများသည် ရှန်ဇူတိုက်ကြီးထံသို့ ရောက်ရှိပြီးသည့်နောက် ဂိုဏ်းကလန်တစ်နေရာစီ ဝေးကွာသွားကြပါသော်လည်း ခင်မင်ရင်းနှီးမှုများမှာ နွေးထွေးနေကြဆဲ ဖြစ်သည်။

"နင်တို့နှစ်ယောက် သူတို့တွေနဲ့ ရင်ဆိုင်နေတုန်း ငါကစိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းကိုသွားပြီး ယောင်ယောင်ကို ခေါ်ထုတ်လာဖို့ ကြိုးစားမယ်။" ကျိုးချူးချင်ယုမှ ပြောလိုက်သည်။

လီချွမ်းကျင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် နင်ကျန်းဖက်သို့လှည့်ကာ ပြောလိုက်သည်။ "အဆင်သင့်ဖြစ်ပြီလား။"

နင်ကျန်း၏ မျက်ဝန်းများမှာ တိုက်ပွဲဆာလောင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။

"စလိုက်ကြရအောင်။"

မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများနှင့် ရင်ဆိုင်ရမည့်ကိစ္စရပ်သည် အစပြုပြီးသည်နှင့် နောက်ပြန်လှည့်၍မရနိုင်သော အရာမှန်း ၎င်းတို့အားလုံး သိရှိထားကြသည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ အခြားသော ရွေးချယ်စရာများ မကျန်ရှိတော့ပေ။

ဝုန်း.....

သို့သော် ထိုအချိန်မှာပင် ကောင်းကင်နှင့်ပထဝီမြေကြီး တုန်ဟီးရလောက်အောင် နားစည်များပင် ကွဲထွက်နိုင်လောက်သည့် ကျယ်လောင်သည့် အသံတစ်ခုအား ကြားလိုက်ကြရသည်။ ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့မှ ကြည့်ရှုလိုက်သောအခါတွင် စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းပေါ်သို့ ဆင်းသက်လာသော ရွှေရောင်အလင်းတန်းတစ်ခုအား တွေ့ရှိလိုက်ကြရသည်။

ကျိုးချူးချင်ယုတို့သုံးဦးလုံးမှာ ခေတ္တမျှ အံ့အားသင့်သွားရပြီးနောက် ပြိုင်တူရေရွတ်လိုက်ကြသည်။ "ဇူယွမ်လား...."

"ကန်ရွှမ်းကလန်ကလူတွေ ရောက်လာကြပြီလား။" ကျိုးချူးချင်ယုမှ စကားဆိုလိုက်သည်။

"သူတစ်ယောက်တည်းလား။ ကန်ရွှမ်းကလန်က ဘယ်ရွေးချယ်ခံတွေ ပါသေးလဲ။ ဒီတောင်ကို စောင့်ကြည့်နေတာက မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ နှစ်ယောက်တောင်ဆိုတော့။" လီချွမ်းကျင်မှ ပြောလိုက်သည်။

ကျိုးချူးချင်ယုတို့မှာ ဇူယွမ်တစ်ဦးတည်း ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

လီချွမ်းကျင်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ပြောလိုက်သည်။ "သူလာတာလည်း ကောင်းတာပဲ။ ငါတို့အတွက် ဖိအားလျော့တာပေါ့။"

ဇူယွမ်မှာ ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့အား တစ်ချက်မျှ လှမ်း၍ကြည့်ရှုလိုက်ပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် ချီစွမ်းအင်အား အသုံးပြုကာ လျှို့ဝှက်စွာ ဆက်သွယ်စကားဆိုလိုက်၏။

"မင်းတို့က တခြားကလန်က တပည့်တွေပဲ။ မင်းတို့ကူညီပေးစရာ မလိုပါဘူး။ မဟုတ်ရင် မင်းတို့ပြဿနာတက်နေရလိမ့်မယ်။"

လီချွမ်းကျင်နှင့် နင်ကျန်းတို့မှာ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့၏ ပဋိပက္ခများတွင် တစ်ခါမျှပင် ဝင်ရောက်ပါဝင်ခဲ့ဖူးခြင်းမရှိသော ဓားလမ်းစဉ်ကလန်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့မှ ဖြစ်သည်။

ထို့ကြောင့် လီချွမ်းကျင်နှင့် နင်ကျန်းတို့သာ ယခုကိစ္စရပ်တွင် ပါဝင်လာခဲ့ပါက မလိုလားအပ်သော ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်ပေသည်။

"ဒီကိစ္စကို ငါနဲ့ထားခဲ့လိုက်ပါ။ ဘာပဲပြောပြော မင်းတို့ကို ကျေးဇူးတင်ပါတယ်။" ဇူယွမ်၏အသံမှာ နူးညံ့ပျော့ပြောင်းနေလျက် ရှိသည်။

ကျိုးချူးချင်ယုတို့ ကူညီရန်အတွက် ရောက်ရှိလာခြင်းကပင် ဇူယွမ်၏နှလုံးသားအား နွေးထွေးစေနေပြီ ဖြစ်သည်။

လီချွမ်းကျင်နှင့် နင်ကျန်းတို့မှာ နားမလည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ "ဇူယွမ်က ရွေးချယ်ခံ နှစ်ယောက်လုံးကို တစ်ယောက်ထဲချဖို့ တွေးနေတာလား။"

ကျိုးချူးချင်ယုမှ တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ "ဟုတ်မယ်ထင်တာပဲ။"

"ဇူယွမ်က ဒေါသထွက်လွန်းလို့ အသိစိတ်များ ပျောက်သွားတာလား။" နင်ကျန်းမှ ခေါင်းကိုကုတ်ကာ စကားဆိုလိုက်သည်။

"အရင်ဆုံး အခြေအနေကို စောင့်ကြည့်ကြရအောင်။ ဇူယွမ် တစ်ခုခုဖြစ်တာနဲ့ ငါတို့ဝင်ကူညီကြမယ်။" လီချွမ်းကျင်မှ ပြောလိုက်သည်။

ကျိုးချူးချင်ယုနှင့် နင်ကျန်းတို့မှ ခေါင်းညိတ်ပြလိုက်ကြသည်။

ဇူယွမ်မှာ တည်ငြိမ်သွားဟန်ရှိသော ကျိုးချူးချင်ယုတို့အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်း၏ တောင်ထိပ်တစ်နေရာအား ကြည့်ရှုလိုက်သည်။ ထိုနေရာ၌ ပုံရိပ်နှစ်ခုမှာ လှောင်ပြောင်သရော်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေလျက် ရှိလေသည်။

"ငါကတော့ ကန်ရွှမ်းကလန်က ဘယ်သူ့ကိုများ လွှတ်လိုက်မလဲလို့ စောင့်ကြည့်နေလိုက်ရတာ။ အခုတော့ ဘဝင်မြင့်ပြီး အောက်ခြေလွတ်နေတဲ့ ဘာမဟုတ်တဲ့ ဟာလေးပါပဲလား။" ထျယ်မိုမှ ရယ်မောကာ ပြောလိုက်သည်။

လိန်ကြွင်းမှာလည်း ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ချိုင်ယင်းကို နိုင်သွားတော့ ကိုယ့်ကိုယ်ကို တော်တော်အထင်ကြီးသွားတဲ့ပုံပဲ။ ငါတို့နှစ်ယောက်လုံးက ချိုင်ယင်းထက် အဆင့်မြင့်တယ်ဆိုတာကိုရော သေချာသိရဲ့လား။"

ဇူယွမ်၏အမူအရာမှာ လေးနက်တည်ကြည်နေလျက် ရှိသည်။ သူသည် ဖိနှိပ်ခြင်းတောင်တန်းတလျှောက် ပျံ့နှံ့နေသော အဆိပ်ချီများအား လေ့လာလိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

"မင်းတို့တွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို ငါစိတ်မဝင်စားဘူး။ ငါသိတာက ဒီနေ့ပြီးရင် မင်းတို့မြင့်မြတ်သောနန်းတော်မှာ ရွေးချယ်ခံနှစ်နေရာ လွတ်သွားလိမ့်မယ်ဆိုတာပဲ။"

All Chapters