လက်သီးနဲ့ပဲ စကားပြောကြတာပေါ့
Vol. 74 Ch. 1475
~"ခုနက သူပြောတာ တကယ်ပဲလား။ သူ့စွမ်းရည်က ဆရာယဲ့ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတယ်ဆိုတာလေ"
"ဒီလောက်စွမ်းတာတောင် ဆယ်ပုံတစ်ပုံဆိုရင်... ဆရာယဲ့က ဘယ်လောက်တောင် ကြောက်စရာကောင်းနေမလဲ။ မဖြစ်နိုင်ပါဘူးကွာ"
အားလုံးက အားချန် ပြသခဲ့သော စွမ်းရည်ကြောင့် မှင်သက်နေကြပြီ ဖြစ်သည်။
သည်လောက် တိုတောင်းသော အချိန်အတွင်းမှာ ကြက်ဥစိမ်း အခွံကို အမြှေးပါး မပေါက်အောင် ခွာပြနိုင်တယ်ဆိုတာ... တစ်ခါမှ မကြားဖူးလောက်အောင် အံ့သြစရာ ကောင်းလွန်းသည်လေ။
ကျင်းရှန်းတောင်မှ စိတ်ထဲမှာ တုန်လှုပ်သွားမိသည်။
သူ့ကိုယ်သူ နည်းပညာပိုင်းမှာ ဆရာတစ်ဆူဟု အမြဲ ယုံကြည်ခဲ့သည်။ နိုင်ငံအနှံ့ ကြည့်လျှင်တောင် သူ့လက်စွမ်းကို ယှဉ်နိုင်မည့်သူ လက်ချိုးရေ၍ ရသည်ဟု ထင်ခဲ့၏။
အခုမှပဲ သူသိလိုက်ရသည်။ ကောင်းကင်ထက် မြင့်သည့် ကောင်းကင် ဆိုတာ ရှိသေးပါလား။
အားချန် ပြသသွားသည့် စွမ်းရည်မျိုးကို သူ လုံးဝ လိုက်မလုပ်နိုင်ပေ။
အားချန်က အခွံခွာပြီးသား ကြက်ဥစိမ်းကို သူ့မျက်နှာရှေ့မှာ တမင် ဝှေ့ယမ်းပြလိုက်သည်။
"သေချာကြည့်ထား... ဒါ ကြက်ဥအစစ်နော်"
ပြောပြီးသည်နှင့် သူက ကြက်ဥကို ညှစ်လိုက်ပြီး အနှစ်ကို ကျင်းရှန်းရှေ့က ဖန်ခွက်ထဲ ထည့်ပေးလိုက်သည်။ အမြှေးပါး ပေါက်သွားပြီး ကြက်ဥအနှစ်များ ဖန်ခွက်ထဲသို့ စီးကျသွားလေသည်။
ကျင်းရှန်း မျက်နှာတစ်ခုလုံး ပူထူသွားပြီး ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
‘သူ့လို ကျန်းကောရဲ့ သူခိုးဘုရင်တစ်ဆူက... ဘယ်ကမှန်း မသိတဲ့ ကောင်လေး တစ်ယောက်ရဲ့ လက်ချက်နဲ့၊ သူ အကျွမ်းကျင်ဆုံး နည်းပညာမှာ ရှုံးနိမ့်သွားခဲ့ရပြီ။
အကယ်၍ အမြန် ပြန်မတုံ့ပြန်ရင် သူ့သိက္ခာတွေ ရေစုန်မျောကုန်တော့မယ်။’
"ဆရာယဲ့က တကယ် ပြင်ဆင်ပြီး လာခဲ့တာကိုး။ ဒီလို ကျွမ်းကျင်တဲ့ ဆရာ တစ်ယောက်ကိုတောင် ခေါ်ထားနိုင်တယ်ဆိုတော့... ကျွန်တော် အထင်သေးမိသွားပြီ။ ဒီတစ်ပွဲတော့ ကျွန်တော် ရှုံးပါတယ်"
သူက အရှုံးကို ဝန်ခံလိုက်သော်လည်း ဆရာကြီးတစ်ယောက်၏ အမူအရာမျိုး ဖမ်းထားဆဲပင်။
"အလျှော့ပေးတဲ့အတွက် ကျေးဇူးပါ"
အားချန်က လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သော်လည်း မျက်လုံးထဲတွင် အထင်သေးမှုများ ရှိနေဆဲပင်။
ယဲ့ဖန်ကလွဲလျှင် သူ ဘယ်သူ့ကိုမှ ဂရုစိုက်နေမှာ မဟုတ်ပေ။
ထို့ပြင်၊ သူ့မှာ အဲဒီလို မောက်မာနိုင်သော အရည်အချင်းလည်း ရှိနေသည်ကိုး။
ကျင်းရှန်း စဖွင့်ဖွင့်ချင်း ရှုံးသွားသည်က အားလုံးကို မျက်နှာပျက်စေခဲ့၏။
အကယ်၍ သူသာ ဝှက်ဖဲကို ထုတ်မသုံးလျှင် သင်္ချိုင်းထဲဝင်ဖို့ အခွင့်အရေး ဆုံးရှုံးရုံသာမက၊ ကျန်းကော သူခိုးဘုရင်ဆိုသော ဘွဲ့ပါ ပျောက်သွားနိုင်ကြောင်း ကျင်းရှန်း သိနေ၏။
"နောက်တစ်ပွဲကတော့... လက်သီးချင်း ယှဉ်ကြမယ်။ သိုင်းလောကထဲမှာ ကျင်လည်နေရင် လက်စွမ်းရှိရုံနဲ့ မရဘူး၊ လက်သီးလက်မောင်းလည်း သန်မာမှ ဖြစ်မယ်။ မဟုတ်ရင် အသက်တိုသွားလိမ့်မယ်"
ကျင်းရှန်း ပြောရင်း အားချန်ကို လက်သီးဆုပ်ပြလိုက်သည်။
"ကဲ... ခင်ဗျားရဲ့ သိုင်းပညာကို ပြပါဦး။ ကျွန်တော် စလိုက်တော့မယ်"
စကားဆုံးသည်နှင့်၊ သူက အားချန်ကို ပြင်ဆင်ချိန်တောင် မပေးဘဲ ချက်ချင်း ပြေးဝင် တိုက်ခိုက်လိုက်သည်။
နှစ်ယောက်ကြားက အကွာအဝေးက တစ်မီတာတောင် မပြည့်ချေ။ အားချန် ချက်ချင်း အငိုက်မိသွားသည်။
ယွီဖုန်းရှန်း စားပွဲကို ရိုက်ပြီး မတ်တတ်ထရပ်လိုက်၏။
"ယှဉ်ပြိုင်မယ် ဆိုရင်လည်း တရားမျှတမှု ရှိရမယ်လေ။ အလစ်ဝင်တိုက်တာက ဘာပညာလဲ"
သူခိုးဂိုဏ်း ခေါင်းဆောင် တစ်ယောက်က ချက်ချင်း ဝင်ပြောလိုက်၏။
"ဒါက အလစ်တိုက်တယ် မခေါ်ပါဘူး။ ဦးလေးကျင်းက ဒုတိယပွဲက လက်သီးချင်း ယှဉ်မယ်လို့ ပြောပြီးပြီပဲဟာ။ ဘယ်လိုလုပ် အလစ်တိုက်တယ် ပြောလို့ရမလဲ"
"ဟုတ်တယ်... ဘယ်သူက တိုက်ခိုက်ခါနီး ကြိုပြောနေမှာလဲ။ အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် သတိမရှိတာကိုပဲ အပြစ်တင်ရမယ်"
"ဦးလေးကျင်း လုပ်တာ မှန်ပါတယ်..."
ဒီပြိုင်ပွဲ၏ ရလဒ်က သင်္ချိုင်းသတင်း ရမရ ဆိုတာနှင့် တိုက်ရိုက် သက်ဆိုင်နေတာမို့၊ သူတို့က ယွီဖုန်းရှန်းနှင့် ရန်ဖြစ်ရမှာလည်း ဝန်မလေးကြတော့ပေ။
နိုင်ဖို့သာ အဓိကပဲ။ ယုတ်မာသည့် နည်းလမ်းသုံးလျှင်လည်း ကိစ္စမရှိပေ။
သူတို့လို သူခိုးတွေအတွက် ဒါမျိုးက စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါ။
ယွီဖုန်းရှန်း ဆက်ပြောမည် လုပ်နေတုန်း ယဲ့ဖန်က လက်ကာပြလိုက်သည်။
‘သူခိုးတွေနဲ့ ဘာလို့ အကျိုးအကြောင်း သွားပြောနေမှာလဲ။ သူတို့သာ အကျိုးအကြောင်း နားလည်ရင် သူခိုးဖြစ်လာစရာ အကြောင်းမရှိဘူး။
ဒီလိုလူတွေကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။
အဲဒါက လက်သီးနဲ့ စကားပြောတာပဲ။’
ကျင်းရှန်း၏ အင်အားက အလင်းကျင့်စဉ် အဆင့်မြင့်သို့ ရောက်နေလေပြီ ဖြစ်၏။
သူခိုး တစ်ယောက်အနေနှင့် ဒီလောက် အဆင့်မြင့်တာ ရှားပါး၏။
သူ ကျန်းကော သူခိုးဘုရင် ဖြစ်လာသည်က မဆန်းပါချေ။ လက်စွမ်းကောင်းရုံတင် မက၊ သိုင်းပညာလည်း တော်တော် ကောင်းသည်ကိုး။
ဒါကို ယဲ့ဖန် ထင်မထားမိလိုက်ပါ။
တကယ်တော့ အားချန်ရဲ့ အင်အားက မနည်းပါ။ သူလည်း အလင်းကျင့်စဉ် အလယ်အလတ်အဆင့်လောက် ရှိသည်။
ထို့အပြင် သူ၏ ကိုယ်ဖော့ပညာက အရမ်း ကောင်းတယ်။ သာမန် အလင်းကျင့်စဉ် အလယ်အလတ်အဆင့်တွေထက် အများကြီး သာလေသည်။
ပုံမှန် တိုက်ပွဲဆိုလျှင်၊ ကျင်းရှန်းကို မနိုင်လျှင်တောင် အနည်းဆုံး (၁၀) မိနစ်လောက်တော့ တောင့်ခံထားနိုင်သေးသည်။
သို့ရာတွင်၊ အခုက အစကတည်းက ဦးဆောင်ခွင့် ဆုံးရှုံးသွားသည်။ ထို့အပြင် အခန်းကျဉ်းလေးထဲမှာဆိုတော့ သူ၏ လျှပ်စီးလို လှုပ်ရှားမှုတွေကို သုံး၍ မရတော့ချေ။ အင်အား အများကြီး လျော့ကျသွား၏။
နှစ်ယောက်သား တိုက်ခိုက်နေတာ (၂) မိနစ်တောင် မပြည့်သေး၊... အားချန် အခြေအနေက မဟန်တော့ပေ။
နောက်ဆုံးတော့ ကျင်းရှန်း၏ 'ကျားလက်သီး' က အားချန်၏ ဘယ်ဘက်ပခုံးကို ထိမှန်သွားပြီး၊ အားချန် ဒယိမ်းဒယိုင် လဲကျသွားသည်။
"ရပ်လိုက်..."
ကျင်းရှန်းက နောက်ထပ် လက်သီးတစ်လုံး ထပ်ထိုးမည် အပြု၊ ယဲ့ဖန်က လှမ်းအော်လိုက်သည်။
"ရွှစ်..."
ကျင်းရှန်း၏ လက်သီးက အားချန်၏ မျက်နှာနားကပ်ပြီး ရပ်တန့်သွားသည်။ တစ်လက်မလောက် ရှေ့တိုးလိုက်လျှင် နှာခေါင်းရိုး ကျိုးသွားလောက်လေပြီ။
"ကျေးဇူးပါ"
ကျင်းရှန်းက အောင်နိုင်သူအပြုံးနှင့် အားချန်ကို လက်ကမ်းပေးလိုက်သည်။
အားချန် သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး မတ်တတ်ထရပ်ကာ ယဲ့ဖန်ရှေ့သို့ လျှောက်သွားသည်။ မျက်နှာတွင် မျက်နှာပူနေသည့် အမူအရာ ပေါ်နေ၏။
"တောင်းပန်ပါတယ် ဆရာယဲ့... ကျွန်တော် ရှုံးသွားတယ်"
သူ ဒီလောက်မြန်မြန် ရှုံးသွားရတာက ကျင်းရှန်း၏ အလစ်တိုက်ကွက်ကြောင့်ရယ်၊ နေရာကျဉ်း၍ ကိုယ့်စွမ်းရည် အပြည့်အဝ မသုံးနိုင်တာကြောင့်ရယ် ဆိုသော်လည်း...
အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ရှုံးတာက ရှုံးသည်ပင်။ ဆင်ခြေပေးနေ၍ အပိုသာ။
ဆရာယဲ့က သူ့ကို ဒီလောက် အရေးကြီးသော တာဝန် ပေးအပ်ထားတာကို သူက ရှုံးနိမ့်ခဲ့သည်။ သူ ရှက်မိပါသည်။
ထိုအခါမှာ၊ ယဲ့ဖန် မတ်တတ်ထရပ်ပြီး သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
"မင်း တော်တော် ကောင်းခဲ့ပါတယ်"
အားချန်က ယဲ့ဖန်၏ အားပေးစကားကို ကြားတော့ ပိုလို့တောင် ရှက်သွားမိသည်။ ခေါင်းငုံ့ပြီး ဘာမှ ပြန်မပြောတော့ပေ။
ယဲ့ဖန် ကျင်းရှန်းဘက် လှည့်ကြည့်လိုက်၏။
"ဒီတစ်ပွဲ ခင်ဗျား နိုင်တယ်"
"ဟေးးးး..."
အခန်းထဲမှာ အောင်ပွဲခံသံတွေ ဆူညံသွားတော့၏။ အားလုံး စိတ်လှုပ်ရှားနေကြပြီး၊ သင်္ချိုင်းကြီးက သူတို့ကို လက်ယပ်ခေါ်နေသလို ခံစားလိုက်ကြရသည်။
ကျင်းရှန်းကတော့ ယဲ့ဖန်က အလစ်တိုက်သည့် ကိစ္စကို အကြောင်းပြပြီး ငြင်းဦးမယ် ထင်နေသည်။
အခုလို အလွယ်တကူ အရှုံးပေးလိုက်တော့ စိတ်အေးသွားရသည်။
"ဆရာယဲ့ အရှုံးပေးပြီဆိုတော့... သင်္ချိုင်းအကြောင်း ပြောပြလို့ ရပြီမလား"
သူ့အသံတွေ တုန်ယင်နေ၏။ အရမ်း စိတ်လှုပ်ရှားနေကြောင်း သိသာနေ၏။
တောင်နက်ဂိုဏ်းက ဖွလိုက်သော သတင်း အရဆိုလျှင်... ဒီသင်္ချိုင်းက ရှန်ဘုရင်၏ သင်္ချိုင်း ဖြစ်ဖို့ များ၏။
ရှန်ဘုရင် ဆိုတာ ဘယ်သူလဲ...။ ရာဇဝင်တွင်သည့် ချူဘုရင်လေ။
သူ့သင်္ချိုင်းထဲမှာ တန်ဖိုးဖြတ်မရနိုင်သော ရတနာတွေ အများကြီး ရှိနေမှာ သေချာလေသည်။
ဒီသင်္ချိုင်းကိုသာ အောင်မြင်စွာ ဖွင့်နိုင်ခဲ့လျှင်... သူတို့ သားစဉ်မြေးဆက် စည်းစိမ်ယစ်ပြီး နေ၍ ရပြီ ဖြစ်၏။
ဒီလောက်ကြီးမားသည့် ပိုင်ဆိုင်မှုကြီးကို ရတော့မည်ဆိုတော့ မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မည်လဲ။
သူတောင် ဒီလောက်ဖြစ်နေလျှင် တခြားလူတွေဆို ပြောမနေနှင့်တော့။ အားလုံးက ယဲ့ဖန်ကို မျှော်လင့်ချက် မျက်လုံးတွေနှင့် ကြည့်နေကြ၏။
"ကျွန်တော် ထင်တာကတော့... ကျွန်တော်တို့ နောက်တစ်ပွဲ ထပ်ယှဉ်ပြိုင်ဖို့ လိုသေးတယ်"
ယဲ့ဖန်က အားလုံး၏ မျှော်လင့်ချက်တွေကို လျစ်လျူရှုပြီး ရုတ်တရက် အကြံပြုလိုက်သည်။
"ဘာသဘောလဲ။ ခင်ဗျား ကတိဖျက်ချင်တာလား"
ကျင်းရှန်း မျက်နှာ မည်းမှောင်သွားပြီး ဒေါသထွက်လာသည်။
ယဲ့ဖန် အသာအယာ ပြုံးပြီး လက်ကာပြလိုက်၏။
"ဦးလေးကျင်း နားလည်မှုလွဲနေပြီ။ ကျွန်တော် ကတိဖျက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ယောက်တစ်ပွဲစီ နိုင်ထားကြတာလေ။ ဘယ်လိုလုပ် အဖြေထွက်မှာလဲ။ နောက်ထပ် အဆုံးအဖြတ်ပွဲ တစ်ပွဲ ယှဉ်မှ ရမှာပေါ့"
ကျင်းရှန်း မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။
‘ယဲ့ဖန် ပြောတာလည်း ဟုတ်နေသလိုပဲ။’
"ဒါဆို ခင်ဗျားက ဘယ်လို အဆုံးအဖြတ် ယူချင်တာလဲ"
ယဲ့ဖန် စားပွဲပေါ်က ကြက်ဥတွေကို လက်ညှိုးထိုးပြလိုက်ရင်း၊
"ကြက်ဥခွံခွာ ပြိုင်မယ်..."
"ကြက်ဥခွံခွာ ပြိုင်မယ် ဟုတ်လား။ ခင်ဗျား..."
ကျင်းရှန်း ..အလျင်စလို ငြင်းမည် ပြင်လိုက်သည်။
‘ ပထမပွဲတုန်းက သူ ရှုံးထားပြီးသားလေ။ နောက်တစ်ခေါက် ထပ်ပြိုင်ရင် ထပ်ရှုံးမှာ သေချာတယ်။’
သို့သော်ငြား၊ ယဲ့ဖန်က ဆက်လက် ရှင်းပြလိုက်သည်က….
"ကြက်ဥခွံလည်း ခွာမယ်... တစ်ချိန်တည်းမှာ တိုက်လည်း တိုက်ခိုက်ကြမယ်”