← Chapters

တစ်ဦးတည်း ခုခံတိုက်ခိုက်ခြင်း

Vol. 46 Ch. 634

တစ်ဦးတည်း ခုခံတိုက်ခိုက်ခြင်း

Vol. 46 Ch. 634

ကန်ရွှမ်းကလန်၏ အခြေချစခန်းဖြစ်သော တောင်တန်းအပြင်ဖက်၌

ကျန်းထိုက်ချင်မှာ ထွက်ခွာသွားသော ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် မထီမဲ့မြင်ပြုံးကာ လီချင်းချန်အား စကားဆိုလိုက်သည်။ " နင်တို့ကန်ရွှမ်းကလန်ရဲ့ တပည့်ခေါင်းဆောင်က တကယ်မလွယ်ဘူးပဲ။"

လီချင်းချန်၏ အမူအရာမှာ အေးစက်ခက်ထန်နေလျက် ရှိသည်။ ဇူယွမ်သည် အမှန်တကယ်ပင် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းလှ၏။ မြင့်မြတ်သောနန်းတော်မှာ စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းအား စောင့်ကြပ်ရန်အတွက် ရွေးချယ်ခံနှစ်ဦးကိုပင် စေလွှတ်ထားခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ မည်သည့်အရာကိုမျှ ပြန်လည်ပြင်ဆင်နိုင်တော့မည် မဟုတ်သောကြောင့် လီချင်းချန်မှာ ကျန်းထိုက်ချင်အားကြည့်ကာ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။ "ဇူယွမ်က အဲ့နေရာကို သွားရဲတယ်ဆိုထဲက သူတစ်ခုခု ပြင်ဆင်ထားတယ်ဆိုတာ သေချာတယ်။ အဲ့ဒါကြောင့် နင်အပျော်စောမနေနဲ့ဦး။"

လက်ရှိအချိန်၌ လီချင်းချန်မှာ ဇူယွမ်၏စွမ်းရည်ကိုသာ ယုံကြည်မှုထားရန် ရှိတော့သည်။

"အဲ့လိုလား...ဟင်းဟင်း..."

ကျန်းထိုက်ချင်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ကြေးမုံပြင်တစ်ချက်အားထုတ်ယူကာ ချီစွမ်းအင်များ ဖြည့်တင်းပေးလိုက်သည်။ ကြေးမုံပြင်ပေါ်၌ ပုံရိပ်အချို့ ပေါ်ပေါက်လာလေသည်။

ကြေးမုံပြင်ထက်၌ ဇူယွမ်၊ လိန်ကြွင်းနှင့် ထျယ်မိုတို့၏ပုံရိပ်အား မြင်တွေ့နေရသည်။

ကျန်းထိုက်ချင်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "နင်ကသူ့ကို အရမ်းယုံကြည်ချက် ရှိနေမှတော့ ဒီပွဲကို ငါတို့အတူတူ ကြည့်ရအောင်လေ။ နင်ငါနဲ့တိုက်ချင်တယ်ဆိုလည်း ငါကအသင့်ပဲနော်။ ဘာပဲဖြစ်ဖြစ် နင်နဲ့ငါနဲ့ တိုက်ခိုက်တာက ချီစွမ်းအင်ကို ဖြုန်းတီးနေသလိုပဲ ဖြစ်လိမ့်မယ်ဆိုတာတော့ နင်လည်းသိနေတာပဲမလား။"

လီချင်းချန်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ကျန်းထိုက်ချင်အား ကြည့်ရှုလိုက်သည်။ ကျန်းထိုက်ချင်သည် အနောက်တွင် စောင့်ကြည့်နေကြသော ကန်ရွှမ်းကလန်မှ တပည့်များအား ဇူယွမ်၏တိုက်ပွဲကို ကြည့်ရှုစေလိုသည့်အတွက် ရည်ရွယ်ချက်ရှိစွာဖြင့် ယခုကဲ့သို့ ကြေးမုံပြင်ကို ပြသနေခြင်းဖြစ်ကြောင်း လီချင်းချန်မှ ကောင်းစွာသိရှိထားသည်။ ကျန်းထိုက်ချင်သည် ဇူယွမ်၏ ကူကယ်ရာမဲ့စွာ ရှုံးနိမ့်ခြင်းအား ပြသစေကာ ကန်ရွှမ်းကလန်မှ တပည့်များ၏ စိတ်ဓာတ်များအား ရိုက်ချိုးပစ်လိုခြင်းပင် ဖြစ်သည်။

လီချင်းချန်မှာ ထိုအချက်အား ကောင်းစွာသိရှိနေပါသော်လည်း လက်ရှိအချိန်၌ ကျန်းထိုက်ချင်အား တားဆီး၍ရနိုင်မည် မဟုတ်ပါချေ။

ကံကောင်းထောက်မစွာဖြင့် လီချင်းချန်မှာ ယောင်ယောင် ထောင်ချောက်မိနေသော အဖြစ်အပျက်အား ချူချင်း၊ ထန်ထန်နှင့် အခြားသော ရွေးချယ်ခံများထံ သတင်းပို့ပြီးဖြစ်သည်။ ၎င်းတို့အား တက်နိုင်သမျှ စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းထံသို့ အမြန်ဆုံးသွားရောက်ကာ ယောင်ယောင်အား ကယ်ဆယ်လာရန် မှာကြားထားပြီး ဖြစ်၏။

လီချင်းချန်မှာ ကြေးမုံပြင်ထက်ရှိ ဇူယွမ်၏ပုံရိပ်အားကြည့်ကာ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ဇူယွမ်....နင်ခဏလောက်တော့ တောင့်ခံထားရမယ်နော်။"

..........

လိန်ကြွင်းနှင့် ထျယ်မိုမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ဇူယွမ်၏ မျက်ဝန်းများအား ကြည့်ရှုလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

လိန်ကြွင်းနှင့် ထျယ်မိုနှစ်ဦးစလုံးမှာ တပည့်ခေါင်းဆောင် အဆင့်သာရှိသော ဇူယွမ်သည် ၎င်းတို့အား ထိုကဲ့သို့ စူးရဲစွာ ပြောဆိုဆက်ဆံရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ချိုင်ယင်းအား အနိုင်ရရှိသွားပြီးနောက် ဇူယွမ်မှာ  ဘဝင်မြင့်သွားကာ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများအားလုံးကို အထင်အမြင်သေးသွားဟန် ရှိသည်။

လိန်ကြွင်းနှင့် ထျယ်မို နှစ်ဦးစလုံးမှာ ချိုင်ယင်းထက် အဆင့်သတ်မှတ်ချက်မြင့်မားသော ရွေးချယ်ခံများ ဖြစ်သည်။ ချိုင်ယင်းကဲ့သို့သော ရွေးချယ်ခံ တစ်ဦးအား အနိုင်ရရှိရုံမျှဖြင့် ဇူယွမ်မှာ အောက်ခြေလွတ်ကာ လိန်ကြွင်းနှင့် ထျယ်မိုတို့နှစ်ဦးအား ရိုင်းပြစွာ ဆက်ဆံရဲနေခြင်းပင် ဖြစ်သည်။

ဇူယွမ်မှာ အမှန်တကယ်ပင် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းရုံမျှမက ရူးမိုက်လွန်းလှပေသည်။

လိန်ကြွင်းနှင့် ထျယ်မိုတို့နှစ်ဦးမှာ အချိန်အတန်ကြာအောင် အော်ဟစ်ရယ်မောလိုက်ပြီးနောက် တစ်ဦးကိုတစ်ဦးကြည့်ကာ မထီမဲ့မြင်ပြုစွာဖြင့် ပြုံးလိုက်ကြသည်။

"ဦးနှောက်မရှိတဲ့ အရူးကောင်ပါလား။ မင်းဘယ်လိုတွေ မိုက်မိုက်မဲမဲ တိုက်ခိုက်ဦးမလဲဆိုတာ ငါတို့တကယ် မြင်ချင်မိတယ်။"

ဝုန်း.....

လိန်ကြွင်းနှင့် ထျယ်မိုနှစ်ဦးစလုံးမှာ ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။ ကြမ်းတမ်းခက်ထန်လှသော စွမ်းအင်ဖိအားများကြောင့် ၎င်းတို့ခြေဖဝါးအောက်ရှိ မြေပြင်များသည်ပင် အက်ကွဲကုန်ရ၏။

ပြင်းထန်ကြမ်းတမ်းလွန်းလှသော စွမ်းအင်ဖိအားများမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား လျင်မြန်စွာဖြင့် လွှမ်းခြုံခြယ်လှယ်သွားသည်။

လိန်ကြွင်းနှင့် ထျယ်မိုတို့ထံမှ ထွက်ပေါ်လာသော ချီစွမ်းအင်များမှာ ဝေဟင်ထက်၌ ချီကြယ်ပွင့်ကောင်းကင်ယံအဖြစ်သို့ ပြောင်းလဲသွားလေသည်။

တောင်တန်း၏ အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသော ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့၏ အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။ ဝေဟင်ထက်၌ မြင်တွေ့နေရသော ချီကြယ်ပွင့်ကောင်းကင်ယံ၏ လင်းလက်တောက်ပမှုအရ လိန်ကြွင်းနှင့် ထျယ်မိုတို့၏ ချီကြယ်ပွင့်များမှာ လေးသောင်းငါးထောင်ခန့်မျှပင် ရှိနေနိုင်ပေသည်။

လိန်ကြွင်းနှင့် ထျယ်မိုနှစ်ဦးစလုံးမှာ အမှန်တကယ်ပင် ချိုင်ယင်းထက် အဆပေါင်းများစွာ သာလွန်ကြသူများ ဖြစ်၏။

ဝုန်း......

လိန်ကြွင်းနှင့် ထျယ်မိုတို့၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ ၎င်းတို့နှစ်ဦးလုံးမှာ ဇူယွမ်ရှိရာသို့ တစ်ပြိုင်နက်တည်း ရွေ့လျားလိုက်ကြသည်။

လိန်ကြွင်းနှင့် ထျယ်မိုနှစ်ဦးစလုံးမှာ ဇူယွမ်အား ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်လိုက်ရန် တွေးတောနေခြင်းပင် ဖြစ်သည်။

ချိုင်ယင်းမှ ရှုံးနိမ့်ခဲ့ရပြီးသည့်နောက် မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများအားလုံးမှာ ကန်ရွှမ်းကလန်၏ ဇူယွမ်ဟူသော တပည့်ခေါင်းဆောင်အား အချိန်ဆွဲတိုက်ခိုက်ရန် မသင့်တော်ကြောင်း သိရှိသွားခဲ့ကြသည်။

လိန်ကြွင်းနှင့် ထျယ်မိုတို့မှာ အရပ်မျက်နှာနှစ်ဖက်မှ လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ပျံဝဲလာကြသည်။

ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်ပင် အရပ်မျက်နှာနှစ်ဖက်မှ တစ်ပြိုင်နက်တည်း ပျံဝဲလာနေကြသော လိန်ကြွင်းနှင့် ထျယ်မိုအား ကြည့်ရှုလိုက်သည်။ ဇူယွမ်၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်လာပြီးနောက် ရွှေရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဇူယွမ်၏ အမူအရာမှာ လေးနက်ခက်ထန်နေလျက် ရှိ၏။ သူသည် လိန်ကြွင်းနှင့် ထျယ်မိုတို့အား တစ်ပြိုင်နက်တည်း တိုက်ခိုက်မည့်ဟန် ရှိသည်။

တောင်တန်း၏ အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသော ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ လက်ရှိအခြေအနေအရ ဇူယွမ်မှာ ခုခံတိုက်ခိုက်ရမည့်အစား ပုန်းကွယ်နေရန်သာ ရွေးချယ်သင့်သည်။ လိန်ကြွင်းနှင့် ထျယ်မိုတို့၏ တိုက်ခိုက်မှုအား ပြန်လည်ခုခံတိုက်ခိုက်ရန် မည်သို့မျှ မပြုလုပ်သင့်ပေ။

"ဟာ....ဇူယွမ်က ဘယ်တုန်းက အဲ့လိုဦးနှောက်မရှိတဲ့ အရူးကောင် ဖြစ်သွားရတာလဲ။" ကျိုးချူးချင်ယုမှာ စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် ​ဒေါသကြီးစွာ စကားဆိုလိုက်သည်။

မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ယခင်ချိုင်ယင်းနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရစဉ်ကထက် အဆပေါင်းများစွာ ဆိုးရွာလိမ့်မည်မှာ မုချပင် ဖြစ်သည်။

ကျိုးချူးချင်ယုတို့ စောင့်ကြည့်နေစဉ်မှာပင် လိန်ကြွင်းနှင့် ထျယ်မိုတို့မှာ ပြင်းထန်စွာဖြင့် ဇူယွမ်အား ထိုးချလိုက်ကြသည်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် မလှုပ်မယက်ပင် ရှိနေဆဲဖြစ်ပြီး မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

"ဘဝင်မြင့်နေတဲ့ အရူးကောင်....."

တစ်ချိန်တည်းမှာပင် လိန်ကြွင်းနှင့် ထျယ်မိုတို့၏ လက်သီးများမှာ ဇူယွမ်ထံသို့ ရောက်ရှိလာကြသည်။

ဇူယွမ်မှာ လက်နှစ်ဖက်အား ဆန့်ထုတ်လျက် ပြင်းထန်သောအရှိန်ဖြင့် ဝင်ရောက်လာကြသော လက်သီးနှစ်လုံးအား ကာဆီးရန် ပြင်ဆင်လိုက်သည်။

လိန်ကြွင်းနှင့် ထျယ်မိုတို့မှာ ဇူယွမ်၏ အပြုအမူအား မထီမဲ့မြင်ပြုစွာဖြင့် ပြုံးလိုက်ကြသည်။ ဇူယွမ်၏လုပ်ရပ်မှာ ကိုယ့်သေလမ်းကိုယ်ရှာနေသကဲ့သို့ပင် ရူးမိုက်လွန်းလှသည်။

လိန်ကြွင်းနှင့် ထျယ်မိုနှစ်ဦးစလုံးမှာ ၎င်းတို့၏ ထိုးနှက်ချက်များသည် ဇူယွမ်၏ အရိုးများကိုပင် ကျိုးကြေသွားစေလိမ့်မည်ဟု ပြင်းထန်စွာ ယုံကြည်ထားကြသည်။

ဝုန်း.....

ကျိုးချူးချင်ယုတို့မှ စောင့်ကြည့်နေစဉ်မှာပင် လိန်ကြွင်းနှင့် ထျယ်မိုတို့၏ လက်သီးများမှာ ကာဆီးထားသော ဇူယွမ်၏လက်ဝါးများဖြင့် ထိတွေ့သွားကြသည်။

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွား၏။

စွမ်းအင်လှိုင်းဂယက်များ၏ ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် တောင်တန်းတဝက်ခန့်မှာ ပြိုကျပျက်စီးသွားရသည်။

တောင်တန်း၏ အဝေးဖက်တွင်ရှိနေသော ကျိုးချူးချင်ယုတို့ စောင့်ကြည့်နေသည့် နေရာသည်ပင် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် သစ်ပင်များ ပြိုကျပျက်စီးကုန်ရသည်။ ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့မှာလည်း ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ စွမ်းအင်လှိုင်းဂယက်များနှင့်အတူ လွင့်မျောမသွားစေရန် ခြေကုပ်ယူထားကြရသည်။

ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့၏ မျက်ဝန်းများမှာ တိုက်ပွဲဖြစ်ပွားရာနေရာထံ၌သာ အကြည့်မလွှဲနိုင်ပဲ ရှိနေကြသည်။

လေပြေများနှင့်အတူ ဖုန်မှုန့်များလည်း လွင့်ပါသွားရပြီးနောက် စွမ်းအင်လှိုင်းဂယက်များလည်း လျော့ပါးလာကာ ကောင်းကင်မှာလည်း ဖြည်းညင်းစွာဖြင့် တစ်ဖန်ပြန်လည် ကြည်လင်လာရသည်။

ကျိုးချူးချင်ယုတို့ သုံးဦးလုံးမှာ ကြည်လင်လာသော ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ပြီးနောက် အလွန်ပင် အံ့အားသင့်သွားကြရ၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ အနည်းငယ်မျှပင် ရွေ့လျားသွားခြင်းမရှိပဲ လိန်ကြွင်းနှင့် ထျယ်မိုတို့၏ လက်သီးများအား တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ဇူယွမ်မှာ အကောင်းပကတိအတိုင်းပင် ရှိနေပြီး သူ၏ အဝတ်စလေး တစ်စမျှပင် ဆုတ်ပြဲနေခြင်း မရှိပါချေ။

လိန်ကြွင်းနှင့် ထျယ်မိုတို့၏ မျက်ဝန်းများမှာ မယုံကြည်နိုင်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေရသည်။

ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်ပင် ရွှေရောင်ချီစွမ်းအင်များအား ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ဝေဟင်ထက်၌ ချီကြယ်ပွင့်ကောင်းကင်ယံအား ဖြစ်ပေါ်စေလိုက်သည်။

ချီကြယ်ပွင့်ကောင်းကင်ယံမှာ တလက်လက်ဖြင့် လင်းလက်တောက်ပနေလျက် ရှိသည်။

သုံးသောင်းကိုးထောင်မျှသော ချီကြယ်ပွင့်ပမာဏပင် ဖြစ်လေတော့သတည်း.....

All Chapters