← Chapters

ကြောက်မက်ဖွယ်ခွန်အား

Vol. 46 Ch. 635

ကြောက်မက်ဖွယ်ခွန်အား

Vol. 46 Ch. 635

ကောင်းကင်ထက်၌

ဇူယွမ်မှာ လိန်ကြွင်းနှင့် ထျယ်မိုတို့၏ လက်သီးများအား တစ်ပြိုင်နက်တည်း ဖမ်းဆုပ်ထားလျက် ရှိသည်။

ယင်းတို့သုံးဦး၏ အနေအထားမှာ အဝေးမှ အမှတ်မထင်ကြည့်လျှင် မိတ်ဆွေများ လက်ဆွဲနှုတ်ဆက်နေသကဲ့သို့ပင် ထင်မှတ်ရသည်။

ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့မှာ ဇူယွမ်၏ ဦးခေါင်းထက်တွင် ဖြစ်ပေါ်နေလျက်ရှိသော တလက်လက်တောက်ပနေသည့် ချီကြယ်ပွင့်ကောင်းကင်ယံအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိကြသည်။

တလက်လက်ဖြင့် ထွန်းလင်းတောက်ပနေလျက်ရှိသော ဇူယွမ်၏ ရွှေရောင်ချီကြယ်ပွင့်ကောင်းကင်ယံတွင် ချီကြယ်ပွင့် သုံးသောင်းကိုးထောင်ပမာဏမျှပင် ရှိလေသည်။

"ဇူ...ဇူယွမ်က ကျင့်ကြံရေးအဆင့် တစ်ဆင့်ထပ်တက်သွားပြီပဲ။" ကျိုးချူးချင်ယုမှ ရေရွတ်လိုက်သည်။ ချိုင်ယင်းနှင့် ရင်ဆိုင်တိုက်ခိုက်နေစဉ်က ဇူယွမ်၏ ချီကြယ်ပွင့်ပမာဏမှာ ယခုထက် အဆပေါင်းများစွာ နည်းပါးနေခဲ့ကြောင်း ကျိုးချူးချင်ယုမှ ကောင်းစွာမှတ်မိနေသေးသည်။

ထိုစဉ်အချိန်၌ ဇူယွမ်၏ ချီကြယ်ပွင့် ပမာဏမှာ တစ်သောင်းကျော်မျှသာ ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ သုံးဆခန့်မျှပင် တိုးတက်လာခဲ့ပြီ ဖြစ်သည်။

အနည်းငယ်မျှသော ရက်အတွင်း၌ပင် ဇူယွမ်၏ စွမ်းရည်မှာ အံ့အားသင့်စရာကောင်းလောက်အောင် တိုးတက်ပြောင်းလဲသွားပြီပင် ဖြစ်လေသည်။

ယခုဆိုလျှင် ဇူယွမ်မှာ မူလစဦး အဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသော်လည်း သူ၏ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ မူလစဦး အဋ္ဌမအဆင့်ဟု ထင်မှတ်မထားရလောက်အောင် ကျစ်လစ်ခိုင်မာလွန်းလှသည်။ သုံးသောင်းကိုးထောင်မျှသော ချီကြယ်ပွင့် ပမာဏမှာ အချို့သော ရွေးချယ်ခံများပင် ရောက်ရှိရန် မဖြစ်နိုင်သေးသော ပမာဏဖြစ်သည်။

"သူတစ်ယောက်တည်း ဒီကိုလာရဲတာ မထူးဆန်းတော့ပါဘူး။" နင်ကျန်းမှ သက်ပြင်းချကာ ပြောလိုက်သည်။ "သူကတကယ် မိစ္ဆာတစ်ကောင်လိုပဲ။"

နင်ကျန်းမှာ လက်မောင်းပေါ်မှ အနက်ရောင်မြွေနဂါး ဆေးမှင်ကြောင်အားပွတ်ကာ စကားဆိုလိုက်သည်။ "ဒီချိပ်စည်းကို ဖျက်လိုက်ရင်တောင် ငါသူ့ကိုနိုင်မယ်မထင်တော့ဘူး။"

လီချွမ်းကျင်မှ ခေါင်းညိတ်ထောက်ခံကာ ပြောလိုက်သည်။ " ဟုတ်တယ်။ ငါလည်းသူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူကငါတို့ထက် အဆပေါင်းများစွာ သာနေပြီ။ ကြည့်ရတာ ငါ့ရဲ့ကျင့်ကြံရေးက မလုံလောက်သေးတဲ့ပုံပဲ။ ကလန်ကို ပြန်ရောက်တဲ့ အချိန်ကြရင်တော့ အခုထက်ပိုပြီး များများလေ့ကျင့်ရမယ်။"

လီချွမ်းကျင်မှာ ထိုစကားလုံးများအား အလေးအနက် ပြောကြားနေခြင်းပင် ဖြစ်သည်။

သို့သော် ဓားလမ်းစဉ်ကလန်မှ တပည့်များမှာ ထိုစကားအား ကြားလိုက်ရပါက အလွန်ပင် အံအားသင့်သွားကြလိမ့်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လီချွမ်းကျင်မှာ ကျင့်ကြံရေး၌ မည်မျှပင် အပြင်းအထန် ကြိုးစားလှသူဖြစ်ကြောင်း ဓားလမ်းစဉ်ကလန် တစ်ခုလုံးမှ သိရှိထားကြသောကြောင့်ပင် ဖြစ်သည်။ လီချွမ်းကျင်မှာ အမြဲတစေ အပြင်းအထန် လေ့ကျင့်ကြိုးစားနေသူဖြစ်ပြီး သာမာန်သူတစ်ယောက် မည်သို့မျှ ခံနိုင်ရည်ရှိမည်မဟုတ်သော အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်လေ့ရှိသူ ဖြစ်သည်။

လိန်ကြွင်းနှင့် ထျယ်မိုတို့မှာလည်း ဇူယွမ်၏ ချီကြယ်ပွင့်ကောင်းကင်ယံအား တွေ့ရှိလိုက်ရပြီးနောက် အမူအရာများ ပြောင်းလဲသွားကြရသည်။

"ဘယ်လိုလုပ် ရက်နည်းနည်းလေးအတွင်း သူ့ရဲ့ကျင့်ကြံရေးက အဆင့်တက်သွားရတာလဲ။" လိန်ကြွင်းနှင့် ထျယ်မိုတို့မှာ စိတ်နှလုံးထဲမှ အော်ဟစ်လိုက်မိကြသည်။

လိန်ကြွင်းနှင့် ထျယ်မိုနှစ်ဦးစလုံးမှာ ဇူယွမ်နှင့် ချိုင်ယင်းတို့၏ တိုက်ပွဲအား မျက်မြင်ကိုယ်တွေ့  ကြည့်ရှုခဲ့ဖူးသူများ ဖြစ်သည်။ ထိုစဉ်အချိန်၌ဇူယွမ်၏ ချီကြယ်ပွင့်ပမာဏမှာ တစ်သောင်းကျော်မျှသာရှိပြီး ချိုင်ယင်းအား အနိုင်ရနိုင်ရန် စွမ်းအင် အကန့်အသတ်အထိရောက်အောင် အသုံးပြုခဲ့ရသည်။

သို့သော် လက်ရှိအချိန်၌ ဇူယွမ်၏ ချီကြယ်ပွင့်ပမာဏမှာ သုံးသောင်းကိုးထောင်မျှပင် ရှိနေသည်။

လိန်ကြွင်းနှင့် ထျယ်မိုတို့၏ အမူအရာမှာ ပျက်ယွင်းနေရသည်။ ၎င်းတို့နှစ်ဦးလုံးမှာ ဇူယွမ်ထံမှ ထွက်ရှိနေသော ပြင်းထန်လှသည့် အဖျက်စွမ်းအင်အား ခံစားနေမိ၏။

လိန်ကြွင်းနှင့် ထျယ်မိုတို့၏ ထိုးနှက်ချက်များမှာ တောင်တန်းများကိုပင် ဖြိုခွင်းနိုင်လောက်အောင် ပြင်းထန်လှပေသည်။

သို့သော် ဇူယွမ်၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှပင် ထိခိုက်သွားခြင်းမရှိပဲ အကောင်းပကတိအတိုင်းပင် ရှိနေသည်။ ပြောရမည်ဆိုလျှင် ဇူယွမ်မှာ ၎င်းတို့နှစ်ဦးလုံး၏ ထိုးနှက်ချက်စွမ်းအင်များအား ပြယ်ပျက်စေနိုင်သည်အထိ သန်မာနေပြီပင် ဖြစ်သည်။

ဆုတ်ခွာမှရမယ်......

လိန်ကြွင်းနှင့် ထျယ်မိုတို့မှာ တူညီသော အတွေးအား တွေးတောလိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ဆုတ်ခွာရန် ပြင်ဆင်လိုက်ကြသည်။

လိန်ကြွင်းနှင့် ထျယ်မိုနှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားကြရန် ပြင်ဆင်လိုက်စဉ်မှာပင် ဇူယွမ်မှ အေးစက်စွာ ရယ်မောလိုက်၏။ ဇူယွမ်မှာ လိန်ကြွင်းနှင့် ထျယ်မိုတို့၏ ထိုးနှက်ချက်များအား ပြယ်ဖျက်ရန် ချီစွမ်းအင်သာမက ပြင်ပခန္ဓာသန်မာမှုနှင့် စိတ်ဝိဉာဉ်စွမ်းအင်တို့ပါ ရှိနေခြင်းဖြစ်သည်။

တိုက်ပွဲတစ်ခုအား အစပြုခဲ့ပြီဖြစ်သောကြောင့် ဇူယွမ်မှာ ယခုအချိန်မှ လိန်ကြွင်းနှင့် ထျယ်မိုတို့အား မည်သည့်အကြောင်းနှင့်မှ ထွက်ခွာခွင့်ပြုစရာ အကြောင်းမရှိပေ။

ဇူယွမ်မှာ အားသုံးကာ လိန်ကြွင်းနှင့် ထျယ်မိုတို့၏ လက်သီးများအား ပြင်းပြင်းထန်ထန် ညှစ်ထားလိုက်သည်။ ထို့နောက် ဇူယွမ်မှာ ရွှေရောင်ချီစွမ်းအင်များအား ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ဇူယွမ်မှာ လိန်ကြွင်းနှင့် ထျယ်မိုတို့၏ လက်သီးများအား လွှတ်ပေးလိုက်ခြင်းမရှိပဲ သူ၏ခန္ဓာကိုယ်အား လေဒလက်တစ်ခုကဲ့သို့ ဝေ့ယမ်းစေလိုက်သည်။ လိန်ကြွင်းနှင့် ထျယ်မိုတို့မှာ လေပွေတစ်ခုကဲ့သို့ ဇူယွမ်လည်ပတ်စေသည့်အတိုင်း လိုက်ပါဝေ့ယမ်းနေရသည်အတွက် အမူအရာများ ​ပြောင်းလဲသွားရသည်။

ဝှစ်.....ဝှစ်.....

ပြင်းထန်စွာ လည်ပတ်နေရခြင်းကြောင့် လိန်ကြွင်းနှင့် ထျယ်မိုတို့မှာ မူးဝေလာရသည်။ ဇူယွမ်မှာ လည်ပတ်နေရင်းမှ လိန်ကြွင်းနှင့် ထျယ်မိုတို့အား ခါယမ်းပစ်လိုက်၏။ လိန်ကြွင်းနှင့် ထျယ်မိုတို့မှာ ကောင်းကင်ထက်သို့ လွင့်စင်သွားရပြီးနောက် ကြီးမားလှသော တောင်တန်းနှစ်ခုပေါ်သို့ ပြုတ်ကျသွားရလေသည်။

ဝုန်း....

တောင်တန်းများမှာ ချက်ချင်းဆိုသလို ပြိုကျသွားရပြီးနောက် ကျောက်တုံးကျောက်ဆောင်များမှာ လိန်ကြွင်းနှင့် ထျယ်မိုတို့၏ ခန္ဓာကိုယ်များအား ဖုံးလွှမ်းသွားသည်။

လိန်ကြွင်းနှင့် ထျယ်မိုတို့၏ အဝတ်အစားများမှာ ဆုတ်ပြဲနေလျက်ရှိပြီး သွေးစများဖြင့် ပေကျံနေကာ လူရုပ်ပင်မပေါက်တော့ချေ။

ဇူယွမ်မှာ လိန်ကြွင်းနှင့် ထျယ်မိုတို့အား ပြင်းထန်စွာ ခါယမ်းလိုက်ခြင်း ဖြစ်သည့်အတွက် ၎င်းတို့၏ ချီစွမ်းအင်များမှာလည်း ကမောက်ကမ ဖြစ်ကုန်ကြရပြီး အချိန်တစ်ခုကြာသည့်တိုင်အောင် နာလန်မထူ ဖြစ်သွားကြရသည်။

ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် လိန်ကြွင်းနှင့် ထျယ်မိုတို့အား ကြည့်ရှုလိုက်သည်။

ဖြောက်....

ဇူယွမ်မှာ လက်ဖြောက်တစ်ချက်တီးကာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ချီစွမ်းအင်များ သွန်းလောင်းလိုက်သည်။ ကောင်းကင်ဘုံယွမ်စုတ်တံမှာ လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် ထျယ်မိုထံသို့ ပျံဝဲသွားသည်။

"ချီဖြိုခွဲခြင်း....."

ကောင်းကင်ဘုံယွမ်စုတ်တံထိပ်ရှိ နှင်းမြူကဲ့သို့ ဖြူဖွေးနေသော အမွှေးများမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထျယ်မို၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် ခန္ဓာကိုယ်အတွင်း ကမောက်ကမဖြစ်နေသော ချီစွမ်းအင်များအား ဂရုစိုက်နိုင်ခြင်း မရှိတော့ပဲ ကောင်းကင်ဘုံယွမ်စုတ်တံအား တားဆီးနိုင်ရန်အတွက် အလျင်အမြန် မတ်တပ်ရပ်ကာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ချပ်....

သို့သော် ထျယ်မို ပြုလုပ်လိုက်သော ကာကွယ်ရေးချီစွမ်းအင်အလွှာများအား ကောင်းကင်ဘုံယွမ်စုတ်တံမှ စက္ကူစလေးများကို ထိုးဖောက်နေသည့်အလား လွယ်ကူစွာပင် ဖြိုခွင်းသွားလေသည်။

ထျယ်မိုမှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ "အား..."

ဇွတ်.....

ကောင်းကင်ဘုံယွမ်စုတ်တံမှာ အညှာအတာကင်းမဲ့စွာဖြင့် ထျယ်မို၏ ခန္ဓာကိုယ်အား ထုတ်ချင်းပေါက်ဖြတ်သန်းသွားပြီးနောက် မြေပြင်ပေါ်သို့ ထိုးစိုက်သွားသည်။

ထျယ်မို၏ ရင်ဘတ်ပေါ်၌ သွေးများချင်းချင်းနီနေသော အပေါက်တစ်ခု ဖြစ်ပေါ်နေကာ သူ၏အသက်စွမ်းအင်မှာလည်း ကုန်ခမ်းလာလျက် ရှိသည်။ ထျယ်မိုမှာ ရင်ဘတ်အား လက်ဖြင့်ဖိထားလျက် ကူကယ်ရာမဲ့စွာဖြင့် အသက်သေဆုံးမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရတော့သည်။

ဇူယွမ်မှာ ကြောက်ရွံ့ထိတ်လန့်မှုများစွာဖြင့် ရှိနေသော ထျယ်မိုအား ခံစားချက်ကင်းမဲ့သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။ ထျယ်မိုမှာ စိတ်နှလုံးထဲ၌ အဆုံးမသတ်နိုင်သော နောင်တတရားများဖြင့် ပြည့်နှက်နေရ၏။ သူသည် ဤတာဝန်အား လာရောက်ပေးအပ်ခြင်း ခံရစဉ်ကတည်းက ငြင်းပယ်ခြင်းပြုခဲ့သင့်ပေသည်။

ထျယ်မို၏ မြင်ကွင်းများမှာ အမှောင်တရားများ ကြီးစိုးလာပြီးနောက် အသက်စွမ်းအင်မှာလည်း ဖြည်းညင်းစွာဖြင့် ကုန်ခမ်းသွားရလေတော့သည်။

မြင့်မြတ်သောနန်းတော်၏ ဂုဏ်သရေရှိ ရွေးချယ်ခံ တစ်ဦးဖြစ်ခဲ့သော ထျယ်မိုမှာ ဇူယွမ်၏ လက်အတွင်း သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

အဝေးမှ စောင့်ကြည့်နေကြသော ကျိုးချူးချင်ယုတို့မှာ ထိုမြင်ကွင်းအား ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုနေမိကြသည်။ ဇူယွမ်သည် ထိုမျှလောက်ထိ အညှာအတာမဲ့စွာ တိုက်ခိုက်ခြင်းပြုလိမ့်မည်ဟု သူမတို့မည်သူမှ ထင်မှတ်မထားခဲ့ပေ။

ဇူယွမ်သည် တစ်ချက်တည်းဖြင့် မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံ ထျယ်မိုအား အသက်သေဆုံးစေခဲ့သည်။

ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ သေဆုံးသွားသော ထျယ်မိုအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ကြောက်ရွံ့ထိတ်လန့်နေသော လိန်ကြွင်းအား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်သည်။

လိန်ကြွင်းမှာ ကြက်သီးမွှေးညှင်းများပင် ထလာရပြီးနောက် ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်သို့ ပျံသန်းကာ ထွက်ပြေးရန် ပြင်ဆင်လေတော့သည်။

လက်ရှိအချိန်၌ ဇူယွမ်မှာ လွန်စွာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။

ဇူယွမ်မှာ ထွက်​ပြေးရန် ကြံစည်နေသော လိန်ကြွင်းအား ကြည့်ရှုလိုက်ပြီးနောက် အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။ "ထွက်ပြေးဖို့ စဉ်းစားနေတာလား။ ငါပြောခဲ့တယ်လေ။ ဒီနေ့ မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ နှစ်ယောက် သေကိုသေရမယ်ဆိုတာ...."

"မင်းတို့နှစ်ယောက် ဒီနေရာကို တူတူလာခဲ့မှတော့ သေရင်လည်း တူတူပဲ သေသင့်တာပေါ့။"

ထျယ်မိုမှာ သတ်ဖြတ်ပြီးသည့်တိုင်အောင် ဇူယွမ်၏ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ အနည်းငယ်မျှပင် လျော့နည်းသွားခြင်းမရှိပဲ ပြည့်နှက်နေဆဲပင် ဖြစ်လေတော့သတည်း...

All Chapters