မြေအောက်ကမ္ဘာကိုးခု၏မိုးကြိုးလျှပ်စီး
Vol. 46 Ch. 636
ဝှစ်.....
လိန်ကြွင်းမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာမှ လျင်မြန်စွာ ဆုတ်ခွာထွက်ပြေးသွားသည်။ ထျယ်မို သေဆုံးသွားရခြင်းကို မြင်တွေ့လိုက်ရသည့်အတွက် အလွန်ပင် သွေးပျက်ခြောက်ခြားသွားခြင်း ဖြစ်သည်။
ထျယ်မို၏ ချီစွမ်းအင်များ ဖောက်လွဲဖောက်ပြန် ဖြစ်နေသည်ကို အမိအရ အခွင့်အရေးယူကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိနေပါသော်လည်း လိန်ကြွင်းမှာ ဇူယွမ်အပေါ် များစွာအထင်သေးခဲ့မိကြောင်း ထင်ရှားနေသည်။
ဇူယွမ်မှာ ချိုင်ယင်းအား အနိုင်ရရှိနိုင်ရန်အတွက် စွမ်းအင်အကန့်အသတ်အထိ အသုံးပြုကာ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း မြင်တွေ့ခဲ့ရပါသော်လည်း ယခုအချိန်တွင် ထိုစဉ်အချိန်ကထက် အဆပေါင်းများစွာ သန်မာနေပြီ ဖြစ်သည်။
ယခုအချိန်၌ ဇူယွမ်နှင့် တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်ရပါက အသာစီးရနိုင်မည်မဟုတ်ဟုပင် ခံစားနေရသဖြင့် လိန်ကြွင်းမှာ ပြန်လည်ဆုတ်ခွာရန် ရွေးချယ်လိုက်ရခြင်း ဖြစ်သည်။
ဝုန်း....
သို့သော် ထိုအချိန်မှာပင် ကျယ်လောင်လွန်းလှသော ချီစွမ်းအင် ပေါက်ကွဲသံများအား ကြားလိုက်ရသည်။
လိန်ကြွင်းမှ လျင်မြန်စွာ လှည့်ကြည့်လိုက်သောအခါတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေဟန်ရှိသော ဇူယွမ်အား တွေ့ရှိလိုက်ရသည်။
"မင်းကဘယ်သွားမလို့လဲ။" ဇူယွမ်၏အသံမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။ ထို့နောက် လက်ဖြောက်တစ်ချက်တီးကာ ကောင်းကင်ဘုံယွမ်စုတ်တံအား လိန်ကြွင်းထံသို့ ဦးတည်ပျံဝဲစေလိုက်သည်။
လိန်ကြွင်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ကောင်းကင်ဘုံယွမ်စုတ်တံ၏ စွမ်းအင်အား အစောပိုင်းကပင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ယင်းစုတ်တံသည် ချီစွမ်းအင်အား ဖြိုခွဲနိုင်သော ထူးခြားသည့် အစွမ်းသတ္တိတစ်မျိုး ရှိနေဟန်တူသည်။
ဇူယွမ်၏ ကောင်းကင်ဘုံယွမ်စုတ်တံမှာ အခြားသော လက်နက်များနှင့်မတူပဲ တစ်မူထူးခြားနေသည်မှာ အမှန်ပင် ဖြစ်သည်။
လိန်ကြွင်းမှာ အနည်းငယ်မျှပင် သတိလက်လွတ် ပြုမူရဲခြင်းမရှိပဲ ချက်ချင်းဆိုသလို ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ လျှပ်စီးဓားသွားတစ်ခုအား ဆင့်ခေါ်လိုက်သည်။
လျှပ်စီးဓားသွားမှာ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များအား စုပ်ယူလျက် မိုးကြိုးလျှပ်စီးများ စုဝေးစေလိုက်သည်။ ယင်းသည် အဆင့်နိမ့် ကောင်းကင်လက်နက်တစ်မျိုးပင် ဖြစ်သည်။
ဝုန်း.....
လျှပ်စီးဓားသွားနှင့် ကောင်းကင်ဘုံယွမ်စုတ်တံတို့ တွေ့ဆုံသွားကြပြီး ကျယ်လောင်ပြင်းထန်လှသော အသံများစွာ ထွက်ပေါ်လာသည်။
လျှပ်စီးဓားသွားမှာ ဖိနှိပ်ခြင်းခံနေရပါသော်လည်း နောက်ဆုံး၌ ကောင်းကင်ဘုံယွမ်စုတ်တံအား တားဆီးလိုက်နိုင်ပေသည်။
လိန်ကြွင်းမှ ဇူယွမ်အားကြည့်ကာ အံကိုကြိတ်လျက် စကားဆိုလိုက်သည်။ "ဇူယွမ် မင်းတရားမလွန်လာနဲ့နော်။ မင်းငါတို့မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ တစ်ယောက်ကို အခုလေးတင် သတ်ပစ်ပြီးသွားပြီ။ ဒီထက်ပိုဆိုးလာရင် ငါတို့မြင့်မြတ်သောနန်းတော်က မင်းရဲ့လုပ်ရပ်တွေကို ခွင့်လွှတ်တော့မှာ မဟုတ်ဘူး။"
ဝုန်း......
ဇူယွမ်မှာ လိန်ကြွင်းအား အနည်းငယ်မျှပင် အလေးထားခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် တစ္ဆေတစ်ကောင်အလား လျင်မြန်စွာပင် လှုပ်ရှားလိုက်သည်။
လိန်ကြွင်းမှာလည်း အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေရဲပဲ လျှပ်စီးချီများကို လျင်မြန်စွာပင် ပေါက်ကွဲထွက်ပေါ်စေလျက် ဇူယွမ်၏ ရွှေရောင်ချီစွမ်းအင်များအား တားဆီးလိုက်သည်။
ဝုန်း...ဝုန်း....ဝုန်း....
အဆုံးမသတ်နိုင်သော ကျယ်လောင်လှသည့် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
လိန်ကြွင်းမှာ သူ၏လျှပ်စီးချီများ အဆက်မပြတ် ဖျက်စီးခံနေရသောကြောင့် တုန်လှုပ်ထိတ်လန့်လာရသည်။
ဝုန်း....
ရွှေရောင်ချီစွမ်းအင်မှာ လျှပ်စီးချီများအား ဖြိုခွင်းလျက် လိန်ကြွင်း၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ထိမှန်သွားသည်။ လိန်ကြွင်းမှာ ကောင်းကင်ထက်သို့ လွင့်စင်သွားကာ ပါးစပ်အပြည့် သွေးတစ်လုတ်အား အန်ထုတ်လိုက်ရသည်။
"ဘယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." လိန်ကြွင်းမှာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ ဇူယွမ်၏ ချီကြယ်ပွင့်ပမာဏမှာ သုံးသောင်းကိုးထောင်သို့ ရောက်ရှိနေပြီ ဖြစ်ပါသော်လည်း လိန်ကြွင်း၏ ချီကြယ်ပွင့် ပမာဏမှာ လေးသောင်းငါးထောင်ခန့်ပင် ရှိလေသည်။
ထို့ကြောင့် လိန်ကြွင်းမှာ ယခုကဲ့သို့ ဇူယွမ်နှင့် ချီစွမ်းအင်ချင်း မယှဉ်ပြိုင်နိုင်ရခြင်းကို မယုံကြည်နိုင်ဖြစ်ကာ တုန်လှုပ်ထိတ်လန့်နေမိသည်။
အစောပိုင်း ယှဉ်ပြိုင်တိုက်ခိုက်မှု၌ ဇူယွမ်မှာ ချီစွမ်းအင် တစ်မျိုးတည်းကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပြင်ပခန္ဓာသန်မာမှုစွမ်းရည်အား အနည်းငယ်မျှပင် အသုံးပြုခဲ့ခြင်း မရှိပါချေ။ ထိုသို့သာ အသုံးပြုခဲ့ပါက လိန်ကြွင်းမှာ ဇူယွမ်အား မည်သို့မျှပင် ယှဉ်ပြိုင်နိုင်မည် မဟုတ်တော့ပေ။
ဝှစ်....
လိန်ကြွင်းမှာ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် ဇူယွမ်မှာ အရိပ်တစ်ခုအလား လိန်ကြွင်းအနီးသို့ ရောက်ရှိလာကာ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ထိုးချလိုက်သည်။ ဇူယွမ်၏ အသားအရေမှာ ကျောက်စိမ်းရောင်များဖြင့် လင်းလက်နေပြီး အသွေးအသားမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် တောက်ပနေလျက် ရှိသည်။
ဝုန်း.....
ထိုးနှက်ချက်မှာ ပြင်းထန်လွန်းလှသောကြောင့် အနီးအနားရှိ လေထုသည်ပင် ဆုတ်ပြဲကုန်ရသည်။
လိန်ကြွင်း၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် ထိုးနှက်ချက်အား တားဆီးနိုင်ရန်အတွက် လျှပ်စီးများအား အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။
ဘန်း....ဘန်း....ဘန်း....
သို့သော် လျှပ်စီးများအားလုံး ဖြိုခွင်းခံလိုက်ရကာ ဇူယွမ်၏ ထိုးနှက်ချက်အား ခံစားလိုက်ရပြီး ကောင်းကင်ထက်သို့ နောက်ထပ်တစ်ကြိမ် လွင့်စင်သွားရကာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။
ကောင်းကင်ထက်တွင် ပုံရိပ်နှစ်ခု ရှိနေပြီး လိန်ကြွင်းမှာ ဇူယွမ်၏ ဖိနှိပ်ခြင်းအား ခံထားရသည်မှာ အလွန်ပင် သိသာလွန်းလှသည်။ သွေးများကို တစ်လုတ်ပြီးတစ်လုတ် အန်ထုတ်ထားရသော လိန်ကြွင်း၏ပုံစံမှာ သနားစရာပင် ဖြစ်နေလေသည်။
စောင့်ကြည့်နေကြသော ကျိုးချူးချင်ယုတို့မှာ ပါးစပ်အဟောင်းသားဖြင့် အလွန်ပင် အံ့အားသင့်နေကြရသည်။ "ဇူယွမ်က အရမ်းကိုမိုက်တာပဲ။"
ဝုန်း.....
သွေးအလိန်းလိန်း ပေကျံနေသော လိန်ကြွင်းမှာ လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မြေအောက်ကမ္ဘာကိုးခု၏မိုးကြိုးလျှပ်စီး...."
ဝုန်း....
ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်၌ တိမ်မည်းများ စုဝေးလာသည်။ ပေရာကျော်ခန့်ရှိသော မိုးကြိုးလျှပ်စီးများ စုဝေးနေသည့် တိမ်ထုကြီးမှာ ဇူယွမ်ထံသို့ ဦးတည်ဝေ့ဝဲလာသည်။
ထိုအနက်ရောင် မိုးကြိုးလျှပ်စီးတိမ်ထုကြီးမှာ ပြင်းထန်လှသော အဖျက်စွမ်းအင်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
"ဇူယွမ် ဒီကျင့်စဉ်က ငါ့ရဲ့မြင့်မြတ်သောမိုးကြိုးခန်းမက အပြင်းထန်ဆုံး ကျင့်စဉ်ပဲ။ မင်းသေဖို့သာ ပြင်ထားတော့။" လဲ့ကျွမ်းမှ အော်ဟစ်ကြိမ်းဝါးလိုက်သည်။
ဇူယွမ်မှာ မိုးကြိုးတိမ်ထုကြီးအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် လျင်မြန်စွာပင် လှုပ်ရှားဆုတ်ခွာလိုက်သည်။
"အဟက်....ထွက်ပြေးဖို့ စဉ်းစားနေတာလား။ ဇူယွမ်...မင်းငါ့လက်ထဲက မလွတ်တော့ပါဘူးကွာ။" လိန်ကြွင်းမှ စကားဆိုလိုက်သည်။
ဇူယွမ်မှာ ဆုတ်ခွာနေခြင်းအား ရပ်တန့်လိုက်ပြီးနောက် လိန်ကြွင်းအားကြည့်ကာ ပြောလိုက်သည်။ "ရှောင်လို့မလွတ်ဘူးဆိုတော့လည်း ရင်ဆိုင်ရုံပဲ ရှိတာပေါ့။"
ဇူယွမ်မှာ မျက်ဝန်းများအား ဖြည်းညင်းစွာပိတ်လျက် လက်များကို ဆန့်ထုတ်လိုက်သည်။
"အပိုတွေ လုပ်ပြမနေနဲ့တော့။" လိန်ကြွင်းမှ အံကိုကြိတ်ကာ ပြောလိုက်သည်။
ဝုန်း....
အနက်ရောင် မိုးကြိုးတိမ်ထုကြီးမှာ ဇူယွမ်ထံသို့ ဦးတည်ဝင်ရောက်သွားသည်။ ကျယ်လောင်ပြင်းထန်လှသော အသံမှာလည်း ပတ်ဝန်းကျင်တစ်ခွင်လုံးအား ဖုံးလွှမ်းသွားလေသည်။
စောင့်ကြည့်နေကြသော ကျိုးချူးချင်ယုတို့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ လိန်ကြွင်း၏ တန်ပြန်တိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်လွန်းလှ၏။ သူသည် ဤတိုက်ခိုက်မှုအပေါ် စွမ်းအင်အပြည့်အဝ အသုံးပြုထားခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
လျှပ်စီးအလင်းတန်းများ ကောင်းကင်တစ်ခွင် ပျံ့နှံ့နေသကဲ့သို့ လိန်ကြွင်း၏ ရယ်သံမှာလည်း ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေလေသည်။
ကျိုးချူးချင်ယုတို့မှာ တိုက်ပွဲဖြစ်ပွားရာနေရာအား အကြည့်ပင်မလွှဲပဲ စောင့်ကြည့်နေကြသည်။
အလင်းတန်းများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ထက်၌ ခံစားချက်ကင်းမဲ့နေသော မျက်နှာတစ်ခုအား မြင်တွေ့လိုက်ရသည်။
လိန်ကြွင်း၏ အော်ဟစ်ရယ်မောသံမှာလည်း ပျောက်ကွယ်သွားရ၏။
လိန်ကြွင်းမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်မိသည်။ ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်၏နောက်တွင် ကြီးမားလှသော ပုံရိပ်ကြီးတစ်ခုရှိနေပြီး အတောင်ပံများဖြင့် ဇူယွမ်အား ကာကွယ်ပေးထားလျက် ရှိသည်။
ထိုထူးခြားလှသည့် ပုံရိပ်ကြီးထံမှ ဆန်းကြယ်လှသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်နေလျက် ရှိသည်။
ဇူယွမ်မှာ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပဲ အကောင်းပကိအတိုင်း ရှိနေဆဲပင် ဖြစ်သည်။
"ဘယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." လိန်ကြွင်းမှ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
ဇူယွမ်မှာ ပိတ်ထားသော မျက်ဝန်းများ ပြန်လည်ပွင့်ဟလာပြီးနောက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လိန်ကြွင်းအားကြည့်ကာ အေးစက်ခက်ထန်စွာဖြင့် မေးမြန်းလိုက်သည်။ "မင်းတို့ မြင့်မြတ်သောမိုးကြိုးခန်းမရဲ့ အပြင်းထန်ဆုံး ကျင့်စဉ်က ဒီလောက်ပဲစွမ်းတာလား။"