← Chapters

တစ်ချက်တည်းဖြင့်အသေသတ်ခြင်း

Vol. 46 Ch. 637

တစ်ချက်တည်းဖြင့်အသေသတ်ခြင်း

Vol. 46 Ch. 637

ဇူယွမ်မှာ ကောင်းကင်ထက်တွင်ရှိနေပြီး ထူးခြားဆန်းကြယ်သော ပုံရိပ်ကြီးတစ်ခုမှ ယင်းအားကာကွယ်ပေးထားလျက် ရှိသည်။ ထိုပုံရိပ်ကြီးထံမှ လင်းလက်တောက်ပနေသော အတောင်ပံတစ်စုံ ထွက်ပေါ်နေလျက် ရှိလေသည်။

ထိုပုံရိပ်ကြီးထံမှ ထူးခြားဆန်းကြယ်သော ရောင်ရှိန်ရောင်ဝါတစ်မျိုး ထွက်ပေါ်နေပေသည်။

"ဘယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...." လိန်ကြွင်းမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေမိသည်။

ဇူယွမ်မှာ ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် လိန်ကြွင်းအား ကြည့်ရှုလိုက်သည်။ ဇူယွမ်အား ကာကွယ်ပေးထားသော ထူးခြားဆန်းကြယ်သည့် ပုံရိပ်ကြီးမှာ ပြီးပြည့်စုံသော အသွင်သဏ္ဍာန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ပင် ဖြစ်သည်။

ထန်ထန်၏ သွေးအဆီအနှစ်အား ရရှိခဲ့ပြီးနောက် ဇူယွမ်မှာ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့အား ပြီးပြည့်စုံအောင် ပေါင်းစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်အား အထွတ်အထိပ်အဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီပင် ဖြစ်သည်။

လိန်ကြွင်းမှာ ဇူယွမ်ထံမှ အလွန်ပင် အန္တရာယ်ရှိသော အငွေ့အသက်အား ခံစားနေရသည်။ ထို့ကြောင့် လိန်ကြွင်းမှာ အသိစိတ်ဝင်လာသည်နှင့်တစ်ပြိုင်နက် လျင်မြန်စွာ ဆုတ်ခွာထွက်ပြေးတော့သည်။

လိန်ကြွင်း၏ စိတ်နှလုံးထဲ၌ ဇူယွမ်အား တိုက်ခိုက်ရန် သတ္တိအနည်းငယ်မျှပင် မကျန်ရှိတော့ပေ။

ဇူယွမ်မှာ ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် လိန်ကြွင်းအား ကြည့်ရှုလိုက်ပြီးနောက် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ယောင်ယောင်အား အကွက်ချကြံစည်ကာ အန္တရာယ်အတွင်း ကျရောက်စေခဲ့ခြင်းက ဇူယွမ်အား အမှန်တကယ်ပင် အမျက်ဒေါသထွက်စေသည်။ ထို့ကြောင့် ယခုအချိန်၌ ဇူယွမ်မှာ မြင့်မြတ်သောနန်းတော် တစ်ခုလုံးအား အမှုန့်ကြိတ်ပစ်ချင်ရသည်အထိပင် ဖြစ်နေရသည်။

ယောင်ယောင်အား ဒုက္ခတွေ့စေခဲ့သော မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံနှစ်ဦးမှာ ယနေ့တွင် ဤနေရာ၌ သေကိုသေဆုံးစေရမည်။

ယင်းတို့နှစ်ဦးအနက် မည်သူကမျှ လွတ်​မြောက်ခြင်း မရှိစေရ.....

ဝုန်း.....

သူတော်စင်စိတ်ဝိဉာဉ်ပုံရိပ်မှာ အတောင်ပံခတ်လိုက်သကဲ့သို့ ဇူယွမ်မှာလည်း ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားကာ လိန်ကြွင်းအနီးသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားလေသည်။

ဇူယွမ်၏ အမူအရာမှာ မာကြောလှသော ရေခဲတောင်ထုကြီး တစ်ခုကဲ့သို့ပင် အေးစက်ခက်ထန်နေလျက် ရှိသည်။

ဇူယွမ်၏ ချီပင်လယ်အတွင်းမှ သုံးသောင်းကိုးထောင်သော ချီကြယ်ပွင့်တို့ လင်းလက်တောက်ပလာကာ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ခန္ဓာကိုယ်တလျှောက်လုံးသို့ ပျံ့နှံ့စီးဝင်သွားသည်။

ထိုအချိန်မှာပင် ဇူယွမ်၏ နှလုံးသားအတွင်း ရှိနေသော ရွှေအိုရောင်သွေးစက်မှာလည်း ပြင်းထန်စွာ တုန်ခါလာပြီးနောက် ဆံချည်မျှင်သွေးကြောများမှတဆင့် အသွေးအသားများထဲသို့ စီးဆင်းသွားသည်။

ဇူယွမ်မှာ သုံးသောင်းကိုးထောင်သော ချီကြယ်ပွင့်များ၏ စွမ်းအင်များသာမက ရွှေအိုရောင်သွေးစက်၏ စွမ်းအင်များအပြင် ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်၏ စွမ်းအင်များကိုပါ ပေါင်းစည်းကာ လိန်ကြွင်းအား ထိုးနှက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

လိန်ကြွင်းမှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ "ကျေး...ကျေးဇူးပြုပြီး...ငါက အမိန့်တွေကို နာခံရုံပါပဲ။ ငါ့...ငါ့ကို သနားပါဦး...."

ဇူယွမ်မှာ အနည်းငယ်မျှပင် အလေးမထားဟန်ဖြင့် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် လိန်ကြွင်းအား ပြင်းထန်စွာ ထိုးနှက်ချလိုက်သည်။

ဝုန်း....

ဇူယွမ်၏ အဖျက်စွမ်းအင်များ ပြည့်ဝစွာ ပါဝင်နေသော ထိုးနှက်ချက်မှာ လိန်ကြွင်း၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ထိခိုက်သွားစေပြီးနောက် ချက်ချင်းဆိုသလိုပင် သွေးစများဖြင့် ရဲတွတ်သွားရသည်။

ဇူယွမ်၏ ထိုးနှက်ချက်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

အဝေးမှ စောင့်ကြည့်နေကြသော ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့မှာ မည်သည့်စကားမှပင် မဆိုနိုင်လောက်အောင် အံ့အားသင့်နေရသည်။ ဇူယွမ်သည် ရွေးချယ်ခံတစ်ဦးအား လက်သီးတစ်ချက်တည်းဖြင့် ထိုသို့သွေးအလိမ်းလိမ်းဖြစ်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ပေ။

ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ သွေးအလိန်းလိန်းဖြင့် ပေကျံနေသော လိန်ကြွင်းအား အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။ ဇူယွမ်မှ လက်ဖြောက်တစ်ချက်တီးလိုက်သည်နှင့်တစ်ပြိုင်နက် လိန်ကြွင်းမှာ အမှုန်အမွှားအဖြစ် လွင့်စင်ပျောက်ကွယ်သွားပြီး ရောင်စဉ်ခြောက်သွယ် ရတနာတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

ဇူယွမ်မှာ ထိုရောင်စဉ်ခြောက်သွယ် ရတနာအား ရယူလိုက်သည်။ ထို့နောက် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ထျယ်မို၏ရုပ်အလောင်းအား ကြည့်ရှုလိုက်ပြီးနောက် ယင်းရုပ်ကလာပ်ထံမှ ရောင်စဉ်ခြောက်သွယ် ရတနာအား ထပ်မံရယူလိုက်သည်။

လိန်ကြွင်းနှင့် ထျယ်မိုတို့၏ ရောင်စဉ်ခြောက်သွယ် ရတနာမှာ အလွန်ပင် သန့်စင်လွန်းလှပြီး ရောင်စဉ်ခုနစ်သွယ် ရတနာအဖြစ်သို့ ရောက်ရှိရန် အစပျိုးနေပြီပင် ဖြစ်သည်။

လိန်ကြွင်းနှင့် ထျယ်မို နှစ်ဦးစလုံးမှာ ၎င်းတို့၏ နတ်ဘုံခန်းဝါ ရတနာများအတွက် အလွန်အမင်း ကြိုးစားထားကြသည်မှာ ထင်ရှားလှသည်။

ဇူယွမ်မှာ ရောင်စဉ်ခြောက်သွယ် ရတနာများအား ကြည့်ရှုလိုက်ပြီးနောက် တောင်ကုန်းတစ်နေရာအား သတိပြုမိလိုက်သည်။ ထို့နောက် ချီစွမ်းအင်အမျှင်တန်းတစ်ခုအား ထုတ်လွှတ်ကာ ထိုနေရာတွင် ရှိနေသော အရာဝတ္ထုအား ယူဆောင်လိုက်၏။

"ပုံရိပ်ဖမ်းကြေးမုံပြင်လား..." ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်၏ အမှတ်တံဆိပ် ခတ်နှိပ်ထားသော ကြေးမုံပြင်အား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်ပြီးနောက် စကားဆိုလိုက်သည်။ " အဟက်...မင်းတို့ကြည့်လို့ဝပြီလား...အခု မင်းတို့မြင့်မြတ်သောနန်းတော်မှာ ရွေးချယ်ခံ နှစ်နေရာ လွတ်သွားပြီ။"

ဇူယွမ်မှာ ထိုစကားအား ဆိုလိုက်ပြီးနောက် ကြေးမုံပြင်အား အပိုင်းပိုင်းအစစ ဖျက်စီးပစ်လိုက်တော့သည်။

..........

ကျန်းထိုက်ချင်၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေရပြီ ဖြစ်သည်။ ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံ နှစ်ဦးအား တစ်ပြိုင်နက်တည်း သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု သူမ အနည်းငယ်မျှပင် မျှော်လင့်မထားခဲ့ပေ။ ထွက်ပေါ်လာသော တိုက်ပွဲရလဒ်အားလည်း သူမ အနည်းငယ်မျှပင် လက်မခံနိုင် ဖြစ်နေရလေသည်။

တစ်ဖက်တွင်လည်း လီချင်းချန်မှာ မည်သည့်စကားမှ မဆိုနိုင်ပဲ ပါးစပ်အဟောင်းသား ဖြစ်နေရ၏။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်၌ ဇူယွမ်မှာ ချိုင်ယင်းအား အနိုင်ရရှိနိုင်ရန်အတွက် စွမ်းအင်အကန့်အသတ်အထိရောက်အောင်ပင် အသုံးပြုခဲ့ရကြောင်း လီချင်းချန်ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သို့သော် ယခုအခါတွင် ချိုင်ယင်းထက် အဆင့်မြင့်သော ရွေးချယ်ခံ နှစ်ဦးအား တစ်ပြိုင်နက်တည်း သတ်ဖြတ်ပစ်လိုက်၏။

ယခုတိုက်ပွဲရလဒ်နှင့်ပင် ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ ထပ်သီးရွေးချယ်ခံလေးဦးအတွင်း ပါဝင်ရန် အဆင့်အတန်းမှီနေပြီ ဖြစ်သည်။

ဇူယွမ်မှာ အလွန်တိုတောင်းလှသော အချိန်အတွင်းမှာပင် ထိုအဆင့်အထိ ​ရောက်ရှိလာလိမ့်မည်ဟု လီချင်းချန်မှ ထင်မှတ်မထားခဲ့ပေ။

လီချင်းချန်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ကျန်းထိုက်ချင်အားကြည့်ကာ ပြောလိုက်သည်။ " ကျန်းထိုက်ချင် ဒီတစ်ခါတော့ နင်တို့က ကိုယ့်ခြေထောက်ကိုယ် ခဲနဲ့ထုမိသလို ဖြစ်သွားတာပဲ။"

ရွေးချယ်ခံ နှစ်ဦး သေဆုံးသွားရခြင်းမှာ မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာအား ဆိုးရွားစွာ ကျဆင်းစေလိမ့်မည်ပင် ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်ခဲ့ရခြင်းအတွက် မြင့်မြတ်သောနန်းတော်မှာ ကိုယ့်ကိုယ်ကိုသာ ပြန်လည်အပြစ်တင်ရလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည်သာ ယောင်ယောင်အား ထောင်ချောက်ဆင်ရန် မကြံစည်ခဲ့ပါက ဇူယွမ်၏ သတ်ဖြတ်လိုသော စိတ်ရိုင်းများမှာလည်း ထိုမျှထကြွလာလိမ့်မည် မဟုတ်ပါချေ။

ကျန်းထိုက်ချင်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် လီချင်းချန်အားကြည့်ကာ ပြောလိုက်သည်။ "အဲ့ကောင်လေးက မဆိုးဘူးပဲ။ ငါတို့မြင့်မြတ်သောနန်းတော်ကို အကြိမ်ကြိမ်အခါခါ ဒုက္ခရောက်စေတယ်။"

"လီချင်းချန်...နင်အဲ့ကောင်လေးကို သတိထားဖို့ ပြောထားလိုက်။ ဘာလို့လဲဆိုတော့ ငါနဲ့သာတွေ့ခဲ့ရင် ငါကသူ့ရဲ့ အသွေးအသားတွေကအစ တစ်စစီ ဖျက်စီးပစ်မှာ မို့လို့ပဲ။"

လီချင်းချန်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ " ငါ့အနေနဲ့ကတော့ ဒီစကားတွေ ကြားရတာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ယောင်ယောင့်နားထဲ ဒီစကားတွေ ပြန်မရောက်ရင် နင်ကံကောင်းတယ်မှတ်ထားလိုက်။"

"ဇူရှောင်ယိုကို ပြောတာလား။" ကျန်းထိုက်ချင်မှ မေးမြန်းလိုက်သည်။

"နင်တို့ကန်ရွှမ်းကလန်မှာ ချူချင်းကလွဲပြီး ဘယ်သူ့ကိုငါက ဂရုစိုက်နေရဦးမှာလဲ။ ဇူရှောင်ယိုကို ငါ့ဆီလာရှာဖို့သာ ပြောလိုက်စမ်းပါ။"

လီချင်းချန်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "အခုလို ပြောခဲ့တာတွေအတွက် နင်နောင်တရမယ်ဆိုတာ ငါအာမခံတယ်။"

ကျန်းထိုက်ချင်မှာ အလေးပင်မထားဟန်ဖြင့် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ငါကလည်း နောင်တရချင်လွန်းလို့ကို စောင့်ကြည့်နေဦးမှာ။"

All Chapters